အခန်း(၁၀၉)《 မြို့တော်အခြေစိုက်စခန်း 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
မကြာခင်မှာပင် ကားသည် သူတို့အဖွဲ့သားများ ပုန်းနေသည့် စတိုးဆိုင်သို့ ရောက်လာလေသည်။ ဖုတ်ကောင်အတော်များများသည် သွေးနံ့ကြောင့် ဆွဲဆောင်ခံနေရပြီး စတိုးဆိုင်တွင် ၎င်းတို့အားလုံးစုအုံနေကြလေသည်။
စစ်သားများသည် ၎င်းကိုမြင်လိုက်ကြသောအခါ သူတို့ချက်ချင်းပင် စိုးရိမ်နေသည့်ပုံပြလာလေ၏။ ယန်ဖန်သည် အလျင်စလိုပြောလာလေ၏
“ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ။ ဆင်းပြီး ကျွန်တော်တို့ရဲဘော်တွေကို ခေါ်ထုတ်လာပါ့မယ်”
ယန်ဖန်သည် သူတို့ကိုကူညီဖို့ ကျန့်ယွင်အားမတောင်းဆိုခဲ့ချေ။ အဆုံးမှာတော့ ဒဏ်ရာများအတွက် ဆေးအခမဲ့ပေးလိုသည့် ကျန့်ယွင်၏ဆန္ဒနှင့် လှေကားတစ်ခုပေးခြင်းသည်ပင် သူတို့အားအများကြီးကူညီပေးခဲ့ပြီးဖြစ်လေသည်။ စတိုးဆိုင်ကို ခေါ်သွားပြီး သူတို့အသက်အန္တရာယ်ပေးစရာအကြောင်းမရှိတော့ပါချေ။
“မင်းတို့မှာ ကျည်ဆံတွေ အများကြီးမရှိဘူးမဟုတ်လား။ မင်းတို့မဆင်းနဲ့၊ အဲ့အစား ငါ့လူတွေကို သွားခိုင်းလိုက်”
ကျန့်ယွင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ချန်းချီ၊ ချန်းကျောင်းနှင့် စုန့်ချန်ရှုတို့အား ကားပေါ်မှဆင်းခိုင်းလိုက်ပြီး တခြားသူများကို ကားထဲတွင် နေပြီး စောင့်ခိုင်းလိုက်သည်။ မည်သို့ပင် ဆိုပါစေ ဖုတ်ကောင် 20 ကောင်မျှသာဖြစ်ကာ ချန်းချီ နှင့် အခြားနှစ်ယောက်သည် သူတို့၏ သွားကြားပင် မညှပ်လောက်ပါချေ။
“သူတို့ သုံးယောက်ပဲလား ”
ယန်ဖန်သည် မယုံနိုင်လောက်စွာ မေးလိုက်သည်။ ဖုတ်ကောင်များ အများကြီးနှင့် သူတို့သုံးယောက် ဘယ်လိုရင်ဆိုင်နိုင်ပါ့မလဲ။ ဝိုင်းရံခံရပါကအကျိုးဆက်များသည် မှန်းဆလို့ပင် မရနိုင်ချေ....။
ကျန့်ယွင်သည် ရှင်းပြဖို့ မလိုအပ်ဘူးဟု ခံစားရလေသည်။ သူသည် ပြတင်းပေါက်ကိုသာ ညွှန်ပြလိုက်ပြီး သူတို့ကိုယ်တိုင် မြင်စေလိုက်သည်။
ချန်းချီနှင့် တခြားနှစ်ယောက် ကားပေါ်မှ သေနတ်များကိုင်ပြီး ဆင်းသွားကြသည်နှင့်တပြိုင်နက် သူတို့သည် ဆိုင်ထဲရှိဖုတ်ကောင်များကို ဆွဲဆောင်မိလိုက်ကြလေသည်။ ၎င်းတို့သည် ဆိုင်ထဲမှ အပြေးအလွှားထွက်လာကြပြီး နောက် သူတို့သုံးယောက်ထံမှ သုတ်သင်ခံလိုက်ကြရလေသည်။ ဒိုမီနိုများလို တစ်လှိုင်းပြီးတစ်လှိုင်း လဲကျသွားကြလေသည်။
ယန်ဖန်နှင့် တခြားသူများသည် ကြက်သေ သေသွားကြလေ၏။ ဒီဖုတ်ကောင်တွေက သူတို့ခေါင်းကို ပစ်မှ သေကြတာမဟုတ်ဘူးလား။ ဒီလူတွေရှေ့မှာကျတော့ ဘာကြောင့် တို့ဟူးနဲ့တူနေရတာလဲ။
ဖုတ်ကောင် 20 ကျော်ကို သတ်ပြီးနောက် သူတို့သည် စတိုးဆိုင်ထဲသို့ တိုက်ရိုက်ဝင်သွားကြလေသည်။ တံခါးကိုပိတ်ဆို့ရန် ယန်ဖန်အသုံးပြုခဲ့သော သံသေတ္တာကို ဖုတ်ကောင်များစွာက တွန်းဖယ်ခဲ့ပြီး ဂိုဒေါင်၏သစ်သားတံခါးသည်လည်း ဖုတ်ကောင်များကြောင့် အပေါက်ကြီး ကျိုးပဲ့သွားခဲ့လေသည်။ သူတို့ရောက်လာသည်မှာ အနည်းငယ်သာနောက်ကျသွားပါက ဒဏ်ရာရစစ်သားနှစ်ဦးသည် အန္တရာယ်ထဲကျရောက်သွားကြလိမ့်မည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့အချိန်မှီ ရောက်လာခဲ့ကြသည်။
ချန်းချီသည် ကျိုးနေသည့်သစ်သားတံခါးကို ကန်ဖွင့်လိုက်ရာ ဂိုဒေါင်ကျဉ်းကျဉ်းလေးထဲတွင် ဒဏ်ရာရထားသူနှစ်ယောက်သည် မေ့မြောနေသည်ကိုမြင်လိုက်ရသည်။ စုန့်ချန်ရှုသည် သူ့ကျောပိုးအိတ်ထဲမှ ဆေးပစ္စည်းများကို ချက်ချင်းထုတ်ပြီး အရင်ဆုံး သူတို့၏ဒဏ်ရာများကို အရေးပေါ် ကုသပေးပြီးနောက် ချန်ကျောင်း၏ အကာအကွယ်အောက်တွင် သူနှင့် ချန်းချီတို့၏နောက်ကျောတွင် တစ်ယောက်စီသယ်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့ကြလေသည်။
လူအများအပြားဖြင့် နှင်းခရူဇာသည် အနည်းငယ်ကျပ်ညပ်နေလိမ့်မည်ဖြစ်သည်။ သို့သော်လည်း သူတို့သည် မြို့တော်တွင်ရောက်နေကြပြီဆိုကတည်းက မြို့တော်အခြေစိုက်စခန်းနှင့် သိပ်မဝေးတော့ဟု ယုံကြည်ကြသည်။ သူတို့သည် စုရွေ့ကျယ်နှင့် ကျန်းရှို့လျန်တို့ကို ဆင်းခိုင်းပြီး မောင်းနှင်သွားနိုင်ရန် ပိုင်ရှင်မဲ့ကားတစ်စီးကို ရှာခိုင်းလိုက်သည်။
စုရွေ့ကျယ်နှင့် ကျန်းရှို့လျန်တို့သည် ကားပေါ်မှ ဆင်းကာ အတုအယောင် ဟန်ဆောင်လမ်းပတ်လျှောက်ကြပြီးနောက် စုရွေ့ကျယ်၏နေရာလွတ်ထဲမှ ကားအသစ်အသုတ်၏ တစ်စီးဖြစ်သော Off Road ကားတစ်စီးကို ပြန်မောင်းလာခဲ့ကြလေသည်။ သူသည် ကျန်းရှို့လျန်အား သူ့စွမ်းအားကို အသုံးပြု၍ ဖုန်မှုန့်များကိုပစ်တင်ရန်နှင့် ကျောက်ခဲအနည်းငယ်ဖြင့် ခြစ်ခိုင်းလိုက်ပြီး အချိန်အတော်ကြာ တစ်စီးတည်းကျန်နေခဲ့သည့်ပုံရအောင် ပြုလုပ်ခိုင်းလိုက်လေသည်။
ကျန့်ကျားဟယ်၊ ချန်းချီ၊ ချန်းကျောင်း၊ဝူကျင်း နှင့်ကျောက်ပင်းတို့ အားလုံးသည် ဤယူလာသော Off road ကားပေါ်တက်ကြပြီး မကြာမီ လေအေးပေးစက် လုံလုံလောက်လောက်ဖြင့် ပူနွေးလာလေသည်။ ထိုအထဲတွင် နေရာကျယ်ပြီး လူငါးယောက် အလွန် သက်တောင့်သက်သာ ရှိကြလေသည်။
ကျန်းရှို့လျန် နှင့်ဝူကျင်းတို့သည် နှင်းခရူဆာ၏ အရှေ့သို့ ဝင်ရောက်ခဲ့ကြပြီး ကျန်းရှို့လျန်သည် မောင်းနှင်ရန် တာ၀န်ယူကာ ဝူကျင်းသည် လမ်းညွှန်ရန်တာဝန်ယူခဲ့ကြပြီး အခြားသူများသည် သိုလှောင်ခန်းထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။
ဒဏ်ရာရသူနှစ်ဦးသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူတို့သည် ညစ်ပတ်သောအဝတ်အစားများကို ချွတ်လိုက်ကြသည်။ စုန့်ချန်ရှုသည် သူတို့၏ ဒဏ်ရာများကို ရေနွေးနွေးဖြင့် သုတ်ပြီးနောက် သူတို့၏ဒဏ်ရာများကို ပိုဂရုတစိုက်ဖြင့် ကုသပေးလေသည်။ သူတို့နှစ်ဦး၏ ဒဏ်ရာများသည် မကြာမီ သွေးထွက်ခြင်း ရပ်တန့်သွားခဲ့လေသည်။
ဆယ်ကီလိုမီတာခန့်အကြာတွင် မြို့တော်အခြေစိုက်စခန်းအပြင်ဘက်ခံတပ်တစ်ခုတွင် ရပ်တန့်လိုက်ကြလေသည်။ မြို့တော်အခြေစိုက်စခန်းအပြင်ဘက်တွင် ခံတပ်ကြီးကြီး သေးသေး ဆယ်ခုထက်မနည်းရှိလေသည်။ ထိုခံတပ်များအားလုံးကို ခိုင်ခံ့ထူထဲသော အုတ်များဖြင့် ပြုလုပ်ထားပြီး ကွန်ကရစ်ဖြင့်အားဖြည့်ထားလေသည်။
ထိုခံတပ်များ၏ ပုံသဏ္ဍာန်သည် စစ်တပ်တွင် အသုံးများသော ပုံစံနှင့်အနည်းငယ် ဆင်တူသည်။ အချို့သော ခံတပ်များသည် မြေကြီးထဲတွင် မြှုပ်နှံထားပြီး မြို့တော်အတွင်းပိုင်းကို ဥမင်လိုဏ်ခေါင်းများဖြင့် ချိတ်ဆက်ထားလေသည်။ သူတို့သည် တိုက်ခိုက်၊ ခုခံ၊ ကြိုတင်ကာကွယ်ပြီး ဆုတ်ခွာသွားနိုင်သည်။
ကျန့်ယွင်သည် စုရွေ့ကျယ်ကို သူ့လက်ကိုင်ဖုန်းနှင့်ခံတပ်ကို ဓာတ်ပုံရိုက်ခိုင်းလိုက်၏။ သူတို့ တောင်အခြေစိုက်စခန်းကို ပြန်သွားပြီးနောက် ကျန်းရွှီကျိုး အား ပုံများအတိုင်းလိုက်ပြီး အခြေစိုက်စခန်းအပြင်ဘက်တွင် ပိုလုံခြုံစေမည့် ခံတပ်တချို့ပြင်ဆင်ခိုင်းနိုင်မည်ဖြစ်သည်။
မြို့တော်အခြေစိုက်စခန်းမှ စစ်သားများအတွက် နှင်းခရူဇာကဲ့သို့ ကြီးမားသည့်အရာကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်လေကာ ခံတပ်ရှိ စစ်သားတစ်ဦး နှင်းခရူဇာကိုတွေ့လိုက်သောအခါ ရပ်တန့်ရန် သတိပေးသေနတ်ဖြင့် ချက်ချင်းပစ်ခတ်ခဲ့သည်။
ကျန့်ယွင်သည် ချက်ခြင်း ကားပေါ်မှဆင်းပြီး သူ့အထောက်အထားကို သူတို့အားပြလိုက်လေသည်။ ယန်ဖန်လည်း ကားပေါ်မှဆင်းပြီး ခံတပ်တွင်ရှိသည့် စစ်သားများကို နှုတ်ဆက်လိုက်၏။ တူညီသည့်တပ်ထဲမှ ရဲဘော်များသည် ယန်ဖန်ကို သိကြသည်မှ ထင်ရှား၏။ သူပေါ်လာပြီးနောက် သူတို့အနည်းငယ် စိတ်လျှော့လိုက်ကြလေသည်။
ကျန့်ယွင်သည် ကားခေါင်မိုးပေါ်တွင် အုပ်ပတ်ထားသော ရေစိုခံအ၀တ်ကို ရုတ်သိမ်းပြီးနောက် ကားသည် ရိက္ခာအပြည့်ဖြင့်တင်ထားကြောင်း သက်သေပြလိုက်ကာ ခံတပ်ရှိစစ်သားများသည် သူတို့သေနတ်များကို ချလိုက်ကြပြီး အခြေစိုက်စခန်းထဲမှစစ်သားများကို ဝေါ်ကီတော်ကီနှင့် ဆက်သွယ်မေးမြန်းပြီးနောက် သူတို့အားလွှတ်ပေးလိုက်သည်။
နောက်ဆုံး၌ လူတစ်စုသည် မြို့တော်အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သည်။ မြို့တော်အခြေစိုက်စခန်းသည် နိုင်ငံ၏နိုင်ငံရေးဗဟိုချက်ဖြစ်ထိုက်သည်။ ဧရိယာကျယ်ဝန်းသည့်အပြင် ဤနေရာ၌ ကာကွယ်ရေးများသည် အလွန်တင်းကြပ်လေသည်။ အစွန်အဖျားတွင် သုံးထပ်တိုက်လောက်မြင့်သော မြို့ရိုးတစ်ခုရှိသည်။ နံရံပေါ်တွင် သိသာထင်ရှားသည့်စတုရန်းပုံအပေါက်များအများအပြားရှိပြီး ထိုအပေါက်များမှတဆင့် အနက်ရောင်သေနတ်ပြောင်း၀များကို တွေ့နိုင်သည်။
ခံတပ်ရှိ ကင်းစောင့်များသည် မြို့စောင့်တပ်သားများအား သူတို့အကြောင်း သိစေရန်ဆက်သွယ်ပြီးနောက် ကျန့်ယွင်အား ပိတ်ဆို့ခြင်းမရှိဘဲ အခြေစိုက်စခန်းထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်လေသည်။
ဆီးနှင်းများ ထူထပ်နေသောကြောင့် အခြေစိုက်စခန်းသည် လူသူကင်းမဲ့နေပြီး အခြေစိုက်စခန်းတွင် သွားလာသူမရှိသလောက်ပင်ဖြစ်နေသည်။ သို့သော်လည်း အခြေစိုက်စခန်းရှိ အိမ်များသည် အလွန်သပ်ရပ်ပြီး ဒေသဆိုင်ရာဌာနခွဲသည်လည်း အလွန်ရှင်းလင်းသည်။ ဥပမာအားဖြင့် အခြေစိုက်စခန်း၏ ပထမတစ်ဝက်မှာ အများအားဖြင့် ကားပါကင်နှင့် စီမံခန့်ခွဲရေးအဆောက်အအုံများဖြစ်ပြီး ဒုတိယတစ်ဝက်လောက်သည် လူနေဧရိယာတစ်ခုဖြစ်ကာ ဆယ်ထပ်လောက်ရှိတဲ့ အထပ်မြင့် အဆောက်အအုံများဖြစ်လေသည်။ နောက်ပိုင်းမှ အသစ်တည်ဆောက်ထားသည့်ပုံရလေသည်။
စစ်သားများ၏ လမ်းညွှန်မှုဖြင့် သူတို့ယာဉ်များကို ကားပါကင်တွင် ရပ်ထားလိုက်ပြီး မြို့တော်အခြေစိုက်စခန်း၏ စီမံခန့်ခွဲရေးစင်တာထဲသို့၀င်ရန် ဆင်းလိုက်ကြသည်။ ယန်ဖန်သည် သူ့အဖော်များကို ဒဏ်ရာရထားသည့်ရဲဘော်များကို အခြေစိုက်စခန်း၏ ဆေးဘက်ဆိုင်ရာစင်တာထဲသို့ ကူညီပေးဖို့ တောင်းဆိုလိုက်ပြီး သူကိုယ်တိုင်သည် သူတို့နှင့်အတူ အဖော်ပြုလိုက်သွားခဲ့ကာ တစ်စုံတစ်ရာအကူအညီလိုပါက ကူညီပေးရန်ဖြစ်သည်။
တောင်ပိုင်းအခြေစိုက်စခန်းနှင့် နှိုင်းယှဉ်ပါက မြို့တော်အခြေစိုက်စခန်း၏ စီမံခန့်ခွဲရေးစင်တာတွင် ကြီးမားသောအတိုင်းအတာနှင့် ပိုများသော၀န်ထမ်းများရှိလေ၏။
“ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ”
စစ်သားတစ်ဦးသည် စီမံခန့်ခွဲရေးစင်တာ၏ ဒုတိယထပ်သို့ သူတို့အားခေါ်ဆောင်ကာ ညွှန်ကြားရေးမှူးရုံးခန်းသို့ သွားခဲ့သည်။
“မင်္ဂလာပါ မင်းတို့ရဲဘော်တွေက တောင်ပိုင်းအခြေစိုက်စခန်းကလား။ ငါက ပိုင်ကျန်း။ မင်းတို့ ငါ့ကို ဒါရိုက်တာပိုင်လို့ ခေါ်လို့ရတယ်”
စီမံခန့်ခွဲရေးဌာန၏ ဒါရိုက်တာသည် အသက်ငါးဆယ်လောက်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးအရာရှိတစ်ဦးဖြစ်ပြီး ရွှေဘောင်ခတ်ထားသည့် မျက်မှန်တစ်လက်ကိုတပ်ထားပြီး ဆံပင်ဖြူအချို့ရှိသော်လည်း သူမသည်အလွန်ရည်မွန်သည့်ပုံရသည်။
“မင်္ဂလာပါ ဒါရိုက်တာပိုင်။ ကျွန်တော်က ကျန့်ယွင်ပါ။ ကျွန်တော်က တောင်ပိုင်းအခြေစိုက်စခန်းက စေလွှတ်တဲ့ ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်ပါ ”
ကျန့်ယွင်သည်လည်း ယဉ်ကျေးစွာဖြင့် တစ်ဖက်ပါတီနှင့်လက်ဆွဲနှုတ်ဆက်ပြီး “ဒီတစ်ခါတော့ ဆန်စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဝါဂွမ်းအပါအဝင် ရိက္ခာပစ္စည်းဆယ်တန်ကျော်ကို ကျွန်တော်ပို့ သယ်ယူပို့ဆောင်လာခဲ့ပါတယ်။ အရေးပေါ်အခြေအနေကို ဖြေရှင်းဖို့ ခင်ဗျားတို့အခြေစိုက်စခန်းကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“ကောင်းလိုက်တာ၊ ကျေးဇူးအများကြီးတင်ပါတယ် ”
ဒါရိုက်တာပိုင်၏မျက်နှာသည် ချက်ချင်းကြည်လင်သွားလေ၏။ မြို့တော်အခြေစိုက်စခန်းသည် ယခုအချိန်တွင် ဤပစ္စည်းများကို အမှန်တကယ်လိုအပ်နေလေသည်။
၀မ်ချန်းအခြေစိုက်စခန်းနှင့် နှိုင်းယှဉ်ပါက မြို့တော်အခြေစိုက်စခန်း၏မြေဆီလွှာမဲ့စိုက်ပျိုးရေးနည်းပညာသည် ပိုမိုတိုးတက်ခဲ့သည်။ ထို့ကြောင့် အခြေစိုက်စခန်းကို တည်ထောင်ပြီးနောက် သူတို့သည် ဟင်းသီးဟင်းရွက်နှင့် စပါးများ စိုက်ပျိုးရန်အတွက် ဖန်လုံအိမ်များကို စတင်အသုံးပြုလာကြပြီး အများအပြား ရရှိခဲ့ကြသည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ဖန်လုံအိမ်အတွင်းရှိ ဟင်းသီးဟင်းရွက်များနှင့် ဆန်စပါးများအပေါ် အများအပြားသက်ရောက်ခဲ့ပြီး အေးခဲသွားခဲ့ကြသည်။ မြို့တော်အခြေစိုက်စခန်းသည် ဖန်လုံအိမ်များကို ပူနွေးသောတဲများအဖြစ်သို့ ချက်ချင်းပြောင်းလဲတည်ဆောက်ခဲ့သော်လည်း သီးနှံအားလုံး၏ ထက်ဝက်ခန့်သည် သေဆုံးသွားခဲ့လေသည်။ ထို့ကြောင့် သူတို့အနေဖြင့် ပြန်လည်စိုက်ပျိုးရမည်ဖြစ်ပြီး ၎င်းသည် မြို့တော်အခြေစိုက်စခန်း၌ စားနပ်ရိက္ခာပြတ်လပ်မှုကို ဦးတည်စေခဲ့သည်။
မြို့တော်အခြေစိုက်စခန်းအတွက် ဤတစ်ကြိမ်တောင်ပိုင်းအခြေစိုက်စခန်းမှ သယ်ယူလာသော ရိက္ခာပစ္စည်းဆယ်တန်သည် ပူပြင်းသောနေ့တွင် အချိန်မီ မိုးရွာလာသကဲ့သို့ဖြစ်လေသည်။ သူတို့အနေဖြင့် အခက်ခဲဆုံးကာလကို ဖြတ်ကျော်နိုင်သရွေ့ လမ်းမှန်ပေါ် ပြန်တက်နိုင်မည်ဖြစ်သည်။
နှစ်ဘက်စလုံးသည် စကားပြောကောင်းခဲ့ကြသည်။ ဒါရိုက်တာပိုင်သည် နှင်းခရူဇာဆီမှ ပစ္စည်းများကို လက်ခံဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ပြီး ကျန့်ယွင်နှင့် တခြားသူများကို ကောင်းကောင်းမွန်မွန်ဂရုစိုက်စေချင်ကြောင်း အခြေစိုက်စခန်းခေါင်းဆောင်ကို အကြောင်းကြားရန် တစ်ယောက်ကို စေလွှတ်လိုက်လေသည်။ သို့သော် အနောက်ဘက်တွင် ရပ်နေကြသောချန်းချီနှင့် ချန်းကျောင်း သူမ တွေ့လိုက်သောအခါ သူမ အံ့ဩသွားပြီး “မင်းတို့.....”
ကမ္ဘာပျက်ကပ်မတိုင်ခင်က ပျောက်သွားခဲ့သော ချန်းမိသားစု၏ ကျော်ကြားသောအမွှာများဖြစ်သည့် ချန်းချီနှင့် ချန်းကျောင်းတို့ကို သူမ မှတ်မိသွားလေ၏။ မမျှော်လင့်ဘဲ သူတို့သည် အသက်ရှင်လျက် မြို့တော်အခြေစိုက်စခန်းသို့ ပြန်ရောက်လာခဲ့သည်။
“အန်တီပိုင်”
ချန်းချီနှင့် ချန်းကျောင်းတို့သည် သူမကို ဖုံးကွယ်ထားလို့ မရသည့်အတွက် သူတို့နှစ်ယောက်သည် သူမအား ခေါ်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် မြို့တော်ဇာတိဖြစ်ပြီး သူတို့မိသားစုသည် စစ်တပ်မှ ဆင်းသက်လာသည်ဖြစ်သည်။ သူတို့အဖေသည် ရာထူးမြင့်သည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်လေသည်။ ဒါရိုက်တာပိုင်သည် သူတို့နှင့် အကြိမ်များစွာတွေ့ဖူးသောကြောင့် သူမသူတို့အား မှတ်မိလိုက်သည်။
“ကောင်းတယ်၊ မင်းတို့နေကောင်းလား။ လောင်ချန်းတစ်ယောက် ဘယ်လောက်စိတ်ပူနေလဲ မင်းတို့မသိဘူး။ မင်းတို့ အိမ်ပြန်ပြီး တစ်ချက်လောက်ကြည့်ချင်လား ”
ဒါရိုက်တာပိုင် ကမေးလာ၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော်တို့အရင်ညစာစားရင်ကောင်းမယ်။ မစ္စတာရှဲ့ကို ကျွန်တော်တို့ကိုစောင့်မနေခိုင်းပါနဲ့”
“ကောင်းတယ် ကောင်းတယ်”
သူတို့ ပြောတာကို နားထောင်ပြီး ဒါရိုက်တာပိုင်သည် သဘာဝကျကျ သဘောတူလိုက်၏။
မြို့တော်၏ လက်ရှိခေါင်းဆောင်သည် မျိုးရိုးရှဲ့ဖြစ်ကာ လူတိုင်းသည့် သူ့ကို လောင်ရှဲ့ဟု ခေါ်ကြလေသည်။ လောင်ရှဲ့သည် ထက်မြက်ပြီး ပညာရှိ၏။ သူသည် ကမ္ဘာပျက်ကပ်မတိုင်ခင်ကပင် ကမ္ဘာပျက်ပြီးနောက် လူအများသည် သူ့အား ပိုပြီးချစ်ခင်လာကြလေသည်။ ဤကဲ့သို့ လေးစားစရာလူအိုကြီးတစ်ယောက်သည် သူတို့နှင့်ညစာစားဖို့ ဆန္ဒရှိနေလေသည်။
ပုံမှန်အားဖြင့် သူတို့မငြင်းဆန်နိုင်ပါချေ။ ယန်ဖန်သည် သူတို့၏သြဇာလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရပြီး ညနေစာစားပွဲမှာ ပါဝင်ခွင့်ရရန် ကံကောင်းခဲ့လေသည်။
ညစာကို ကန်တွင်းတွင်စားကြပြီး ကမ္ဘာပျက်ကပ်အတွင်း၌ သူတို့အတွက် အရသာရှိသည့်အရာများမရှိသောကြောင့် သူတို့သည် အသီးအရွက်ကြော်၊ ကြက်ဥကြော်နှင့် ၀က်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ထမင်းနှင့် ပြောင်းဖူး tortilla များကဲ့သို့သာမာန်ဟင်းလျာများသာစားခဲ့ကြသည်။
🍒🍒