အခန်း(၁၁၁)
Viewers 12k

အခန်း(၁၁၁)《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


လူတစ်စုသည် ကိစ္စများဤသို့တိုးတက်သွားမည်ကို မမျှော်လင့်ထားခဲ့ကြပါချေ။ ချန်းချီသည် တံခါးကို နောက်တစ်ကြိမ်ထပ်ခေါက်ချင်သည့်အခါတွင် ကျန့်ယွင်သည် သူ့အားတားလိုက်၏။


“အောက်ထပ်ကို ဆင်းကြည့်ရအောင်”


ကျန့်ယွင်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။


အခြေစိုက်စခန်းမှ စာရင်းသွင်းထားသည့်စာရင်းတွင် ပြဿနာမရှိနိုင်ချေ။ အိမ်ကို သူ့အဖေအားပေးခဲ့သည်ဖြစ်သင့်သော်လည်း ပန်လီဟွားနှင့်သူ့အဖေ ခွဲခွာသွားရသည့် အဖြစ်အပျက်ကို မည်သူသိနိုင်မည်နည်း။ ထို့အပြင် ပန်လီဟွား၏ စကားများမှတဆင့် ပြဿနာတချို့ကိုလည်း သူကြားခဲ့ရသည်။ သူမ၏ စကားလုံးများသည် သူ့ဖခင်အပေါ် မုန်းတီးမှုကိုပြသနေပြီး သူ့အဖေနှင့် ပြဿနာမှာရှိသင့်သည်။ ထို့ကြောင့် သူ့ဖခင်ကို အရင်ဦးစွာရှာဖွေရန် လိုအပ်သည်။


ပန်လီဟွားပြောသည့် အောက်ထပ်သည် သူတို့အောက်ကအထပ်ဖြစ်လေသဖြင့် သူတို့လေးယောက်သည် အောက်ထပ်ကိုဆင်းသွားကြပြီး ပန်လီဟွာ၏အိမ်အောက်ရှိ တိုက်ခန်းတံခါးကို ခေါက်လိုက်၏။ ကျန်းချန်ဖုန်းကို ရှာနေကြောင်းကို ထိုမိသားစုကြားသည့်အခါတွင် ကျန့်ချန်ဖုန်းသည် ပထမထပ်ရှိ လှေကားနှင့် မျက်နှာချင်းဆိုင်တိုက်ခန်းသို့ ပြောင်းရွှေ့သွားပြီဟု ပြောခဲ့လေသည်။


သူအားလုံး ကျေးဇူးတင်ကြောင်းပြောပြီးနောက် ပထမထပ်သို့ အတူတူသွားကြလေသည်။


တံခါး ထပ်ခေါက်ပြီးနောက် တံခါးဖွင့်ရန် အချိန်အတော်ကြာခဲ့သည်။


“မင်းတို့ ဘယ်သူ့ကိုရှာနေတာလဲ....”


တံခါးနောက်ကွယ်တွင် အိုမင်းရင့်ရော်နေသည့်မျက်နှာတစ်ခုရှိနေသော်လည်း ကျန့်ယွင်၏အဖေတော့မဟုတ်ခဲ့ပါချေ။


“ကျေးဇူးပြုပြီး၊ ကျန့်ချန်ဖုန်း ဒီမှာနေပါသလား ”


“မင်းတို့က ဘယ်သူလဲ” 


လူအိုကြီးသည် ချက်ချင်းပြန်မဖြေဘဲ သတိထား၍ မေးလာလေသည်။


“ကျွန်တော်က သူ့သားပါ။ ကျွန်တော့်နာမည်က ကျန့်ယွင်ပါ ”


“သားလား၊ မင်းက အိမ်ကထွက်ပြေးသွားတဲ့ သားအကြီးဆုံးလား ”


လူအိုကြီးသည် ကျန့်ယွင်ရှိကြောင်းသိသည်မှာ သိသာထင်ရှားပြီး သူ့မျက်နှာသည် ချက်ချင်းရွှင်မြူးသွားလေ၏။


“အာ....”


ကျန့်ယွင်သည် ခဏလောက် လျှာလိပ်သွားလေ၏။ သူသည် အိမ်ကထွက်‌ပြေးသွားခြင်းမဟုတ်ဘဲ ကျန်းချန်ဖုန်းမှ အိမ်အပြင်သို့ နှင်ထုတ်ခဲ့ခြင်းဖြစ်လေသည်။


သို့သော် အရာအားလုံးသည် အတိတ်ပင်ဖြစ်ကာ မည်မျှပင်ရှုပ်ထွေးနေပါစေ ကျန့်ယွင်သည် ခေါင်းညိတ်ပြီး ဝန်ခံလိုက်၏။


“အရမ်းကောင်းတယ်၊ မင်းအဖေက မင်းအကြောင်းကို တွေးနေတာ။ သူ မင်းကို ဒီလိုရက်စက်တဲ့အမေနဲ့သားအတွက် လျစ်လျူမရှုလိုက်သင့်ဘူးလို့ အမြဲပြောနေခဲ့တာ။ ကံကောင်းလို့ မင်းဘေးကင်းကင်းနဲ့ ပြန်လာခဲ့တယ်....”


ထိုလူသည် ဝမ်းသာအားရဖြင့် တံခါးကိုဖွင့်ကာ သူတို့အား အထဲသို့ ခေါ်သွားခဲ့သည်။


မြို့တော်အခြေစိုက်စခန်းတွင် ဆောက်လုပ်ထားသော တိုက်ခန်းများသည် ကမ္ဘာပျက်ကပ်မတိုင်မီက တည်ဆောက်ခဲ့သော တိုက်ခန်းများနှင့် ကွဲပြားလေသည်။ အပြင်ဘက်မှကြည့်လျှင် ၎င်းတို့အားလုံးသည်တူညီကြသော်လည်း တက္ကသိုလ်အဆောင်များကဲ့သို့ပင်ဖြစ်လေ၏။ မိသားစုတစ်စုစီသည် ရိုးရိုးအိမ်သာနှင့် ရေချိုးခန်းပါရှိသည့် အခန်းတစ်ခုတည်းတွင် နေထိုင်ကြသည်။


မည်သို့ပင်ဖြစ်စေ ယခုအချိန်သည် နှင်းကျသည့်နေ့ဖြစ်လေသည်။ အပြင်ထွက်ပြီး နှင်းပုံးတစ်ပုံးပြန်ယူလာ၊ ရေအဖြစ်ပြောင်းပြီး အိမ်သာကို ရေဆေးချလိုက်ပြီး တစ်ကိုယ်လုံးကို သုတ်သင်သန့်ရှင်းလိုက်ဖို့ ပြဿနာမရှိပါချေ။


လေးယောက်သားသည် အခန်းထဲသို့ဝင်လာပြီးနောက် ကျန့်ယွင်သည် အခန်းထောင့်တွင်လဲလျောင်းနေသော ကျန့်ချန်ဖုန်းကိုတွေ့လိုက်ရလေသည်။ သူသည် ဆံပင်ဖြူများ၊ ကိုင်းနေသောနောက်ကျောနှင့် ချိုင့်ကျနေသောပါးပြင်များရှိလေသည်။ သူသည် အသက် 70 နှင့် 80 နှစ်အရွယ် လူအိုကြီးတစ်ယာက်နှင့် တူနေလေ၏။ ကျန့်ယွင်သည် သူသည် သူ့အဖေဖြစ်ကြောင်းကို မယုံနိုင်ခဲ့ပေ။


“လောင်ကျန့်၊ မင်းတွေးနေတဲ့ သားအကြီးဆုံး ပြန်ရောက်လာပြီကွ ”


“ဘာလဲ ”


ကျန့်ချန်ဖုန်းသည် မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး


“ရှောင်ယွင်...”


“ပါး...”


ကျန့်ယွင်လည်း အံ့သြသွားလေသည်။


“ပါး...”


ဖေဖေချန်းနှင့် မတူသည်မှာ ကျန့်ချန်ဖုန်းသည် အလွန်စောစီးစွာ လက်ထပ်ခဲ့ခြင်းဖြစ်လေသည်။ ယခု သူသည် အသက် 60 သာရှိသေးသော်လည်း ယခုမူတော့ သူသည် ဖေဖေချန်းထက် အသက်ကြီးပုံပေါ်နေလေသည်။


ကျန့်ချန်ဖုန်းသည် သက်ပြင်းရှိုက်လိုက်ပြီး ဖြည်းညှင်းစွာထထိုင်ရန် ရုန်းကန်ရင်းနှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ စောင်ပါးပါးလေးသည် အောက်သို့ လျှောကျလာလေသည်။ ထိုအချိန်တွင် သူသည် ဖာထေးထားသော ချည်သားအင်္ကျီဟောင်းတစ်ထည်ကိုသာ၀တ်ထားပြီး သူ့အောက်ပိုင်းကိုယ်တွင် အနက်ရောင်ဘောင်းဘီတိုကိုသာ၀တ်ထားသည်ကို ကျန့်ယွင်တွေ့လိုက်ရလေသည်။ ခြေထောက်နှစ်ခြောင်းသည် စောင်အစွန်းမှ ပေါ်လာပြီး အထူအပါးမတူညီနေခဲ့ပေ။


“ပါး.... ပါးခြေထောက်တွေ ဘာဖြစ်နေတာလဲ”


ကျန့်ယွင်သည် ပြဿနာကို ရှာတွေ့ခဲ့လေသည်။ ကျန့်ချန်ဖုန်း၏ ခြေထောက်များကြောင့် ပန်လီဟွားသည် သူ့ကိုထားခဲ့ပြီး သားဖြစ်သူ ကျန်းပေါ်ကို ခေါ်သွားခဲ့ခြင်း ဖြစ်နိုင်သည်။


“အာ...”


ကျန့်ချန်ဖုန်း သက်ပြင်းချလိုက်၏။


မြို့တော်တွင် လူများ များပြားလွန်းသည်။ ကမ္ဘာပျက်ကပ်ပေါက်ကွာလာပြီးနောက် ဖုတ်ကောင် အရေအတွက်သည်လည်း ပေါက်ကွဲထွက်လာသကဲ့သို့ပင်ဖြစ်၏။ ထို့ကြောင့် မြို့တော်အခြေစိုက် စခန်းသည် အမှန်တကယ်ပင် မြို့ပြနှင့်ဝေးကွာသော ကျေးလက်ဒေသများတွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။


ကျန့်ချန်ဖုန်းသည် သူ့ဇနီးနှင့်သားကို လမ်းတ‌လျှောက်လုံးကာကွယ်ရန် တပ်ဖွဲ့ဝင်များနှင့်အတူ ပြေးထွက်လာခဲ့သည်။ သို့သော်လည်း လမ်းပေါ်ရှိ မော်တော်ကားတန်းကို ဖုတ်ကောင်များထံမှဝင်တိုက်ခံရကာ တိမ်းမှောက်သွားခဲ့ရသည်။ ကျန့်ချန်ဖုန်း၏ခြေထောက်ကို ကားဖြင့်ကြိတ်မိသွားခဲ့ပြီး ကျိုးကြေသွားခဲ့ရလေသည်။


ထို့နောက် သူ့အား တစ်စုံတစ်ဦးမှ ကယ်ဆယ်ခဲ့ပြီး ကားအသစ်တစ်စီးဖြင့် ကာကွယ်ရေး အဆောက်အအုံများ တည်ဆောက်ပြီးဖြစ်သောမြို့တော်အခြေစိုက်စခန်းသို့ အောင်မြင်စွာရောက်လာခဲ့‌လေသည်။ ထိုအချိန်၌ အခြေစိုက်စခန်းတစ်ခုလုံးသည် ပရမ်းပတာဖရိုဖရဲဖြစ်နေခဲ့ကာ ဆေးဘက်ဆိုင်ရာအခြေအနေမှာ အလွန်ချို့တဲ့နေခဲ့လေသည်။ ဆရာဝန်များသည် သူ့အား အရိုးထောင့်ညီစွာကျိုးသွားခဲ့ကြောင်း သတ်မှတ်ခဲ့လေသည်။


တကယ်တမ်း ဤကဲ့သို့သောအရိုးကျိုးခြင်းမျိုးသည် အရေးကြပုံပေါ်ရုံသာဖြစ်၏။ အင်္ဂတေကိုသုံးပြီး သုံးလကြာအောင်တည့်မတ်ထားပြီး ကုတင်ပေါ်လှဲပြီးအနားယူနေသရွေ့ အရိုးများပြန်လည်ကောင်းမွန်လာပေမည်ဖြစ်သည်။ သို့သော် ထိုအချိန်တုန်းက အင်္ဂတေမရှိခဲ့ဘဲ ရိုးရှင်းစွာပင်ပတ်တီးများဖြင့်စည်းရုံသာစည်းပြီး ပြုပြင်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ ကျန့်ချန်ဖုန်းသည် နောက်သုံးလကြာအောင် အိပ်ရာထဲတွင်နေပြီး ဘာမှမလုပ်ရချေ။


မြို့တော်အခြေစိုက်စခန်းကလည်း အလုပ်အလိုက် ပစ္စည်းများဖြန့်ဝေပေးသော်လည်း ကျန့်ချန်ဖုန်းသည် အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး ဒဏ်ရာရနေသဖြင့် အခြေစိုက်စခန်းမှ သူ့အား ဆေးကုသမှုပေးသဖြင့် အဆင်ပြေလေသည်။


သူ့ကို နေ့စဉ်‌နေ့တိုင်း ရေနှင့်အစားအသောက်အချို့ ပေးလိမ့်မည်ဖြစ်သော်လည်း မိသားစုဝင်များဖြစ်သည့် ပန်လီဟွားနှင့်ကျန်းပေါ်တို့သည် ထိုကဲ့သို့သောဆက်ဆံ‌ပေးမှုမခံကြရပေ။ ပန်လီဟွားနှင့်ကျန်းပေါ်တို့သည် အပြင်ထွက် အလုပ်လုပ်ဖို့ ဆန္ဒမရှိကြသောကြောင့် သူတို့သည် ကျန့်ချန်ဖုန်းကိုပြုစုစောင့်ရှောက်ရန် ဆေးဘက်ဆိုင်ရာစင်တာတွင်သာ နေထိုင်ခဲ့ကြလေသည်။


သို့သော် ကျန့်ချန်ဖုန်း၏ဝေစုသည် သိပ်မများလှချေ။ လူသုံးယောက်အတွက် ခွဲရဖို့ခက်ခဲ့‌လေသည်။ကျန့်ချန်ဖုန်းစိတ်ထဲတွင် စိတ်ထဲတွင်မပျော်ရွှင်နေသော်လည်း လင်နှင့်မယားကြား ဆက်ဆံရေးရှိနေသည်ဆိုကတည်းက သူဆက်သည်းခံခဲ့လေသည်။သူသည် သူ့ဇနီးနှင့်သားအတွက် စားစရာများ အမြဲချန်ထားပေးလေသည်။ သို့သော် ပန်းလီဟွားနှင့် ကျန်းပေါ်တို့သည် သူ့အား သိပ်ဂရုမစိုက်ပေးခဲ့ချေ။


ပန်လီဟွားသည် မူလက အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး သူမသည်အရာရှိ၏ဇနီးတစ်ယောက်ဖြစ်ခဲ့ဖူးသူဖြစ်သည်။ သူမသည် နေ့တိုင်းအဝတ်အစားများနှင့် အစားအစာများ ကြွယ်ဝခဲ့ပြီး အလုပ်လုပ်ရန် အဒေါ်တစ်ဦးအားခိုင်းစေခဲ့သည်။ သယမအနေဖြင့် ဤကဲ့သို့သောအလုပ်ကို ဘယ်အချိန်က စလုပ်ရမည်နည်း။ ကျန်းပေါ်သည် ပန်လီဟွားထံမှ အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့လေသည်။


သူသည် သူနာပြုအလုပ်လုပ်ရန် ငယ်လွန်းနေသေးသည်။ သူတို့၏ ဂရုစိုက်မှုအောက်တွင် ကျန့်ချန်ဖုန်း၏ဒဏ်ရာသည် အမှန်တကယ် ဆိုး၀ါးပြီးရင်း ဆိုးဝါးလာခဲ့ရလေသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးသည် သူခံစားနေရသည်ကိုမြင်နေရသည်ကို သည်းမခံနိုင်သော ဆရာဝန်များထံမှ မောင်းထုတ်ခံခဲ့ရလေသည်။


နောက်ပိုင်း၌ အခြေစိုက်စခန်းအိမ်များတည်ဆောက်ပြီးနောက် သူ့ကိုလည်းပေးအပ်ခြင်းခဲ့‌လေသည်။ ဆရာဝန်သည် သူပိုကောင်းလာသည်ကိုတွေ့ရသဖြင့် ကျန့်ချန်ဖုန်းကို ပြန်ခေါ်ရန် ပန်လီဟွားနှင့်ကျန်းပေါ်တို့ထံ အသိပေးခဲ့သည်။ သို့သော်လည်း သူတို့သည် ပန်လီဟွားထံမှ ငြင်းပယ်ခံလိုက်ရလေသည်။ သူမသည် အခြေစိုက်စခန်းမှ ကျန့်ချန်ဖုန်းအားပေးအပ်ခဲ့သောအိမ်၌ နေထိုင်ရန် ကျန်းပေါ်ကိုခေါ်သွားပြီးနောက် သူမသည် ဆေးရုံသို့ ဘယ်တော့မှ ထပ်မလာတော့ချေ။ ၎င်းသည် သူရှိတော့သလိုပင်။ ကျန့်ချန်ဖုန်း၏နှလုံးသားသည် တနေ့ထက်တနေ့ အေးခဲလာခဲ့လေသည်။


ပြင်းထန်သောဆောင်းရာသီ ရုတ်တရက်ရောက်ရှိလာပြီးနောက် အခြေစိုက်စခန်းသည် အစားအသောက်နှင့် ဆောင်းတွင်းပစ္စည်းများ ချို့တဲ့မှုအခြေအနေသို့ ကျရောက်သွားခဲ့လေသည်။ ဆေးဘက်ဆိုင်ရာဌာန၏ အပူအအေးအခြေအနေသည် အလွန်ညံ့ဖျင်းသောကြောင့် ရွှေ့ပြောင်းနိုင်သည့်လူနာများကိုသာ ရွှေ့ပြောင်းနိုင်ခဲ့သည်။ သို့သော်လည်း ပန်လီဟွားသည် ကျန့်ချန်ဖုန်းအားလက်ခံရန် ငြင်းဆန်နေဆဲဖြစ်လေသည်။


ကျန့်ချန်ဖုန်းသည် သူ့လောက်နီးနီးမသက်သာသည့် ရဲဘော်ရဲဘက်ဟောင်းအနည်းငယ်ဖြင့်သာ လက်ရှိအိမ်တွင်သာ နေထိုင်နိုင်ခဲ့လေသည်။ အစားအသောက်သည် နေရာတိုင်းတွင် ပြတ်လပ်နေဆဲဖြစ်လေသည်။ ကျန့်ချန်ဖုန်း၏ အစားအစာသည် နည်းပြီးရင်း နည်းလာပြီး သူတို့တွင်စားစရာမရှိလောက်အောင် ဖြစ်နေသည့်အခြေအနေသို့ရောက်နေကာ နေ့တိုင်းနီးပါး အစာငတ်ပြီးသေလုနီးပါးဖြစ်နေ‌ခဲ့လေသည်။


ကျန့်ချန်ဖုန်း၏ခြေထောက်များသည် ကောင်းမွန်စွာပြုစုစောင့်ရှောက်မှုမရှိခြင်းနှင့် အာဟာရချို့တဲ့မှုကြောင့် အလွန်ကောင်းမွန်စွာ ပြန်လည်ကောင်းမွန်လာခြင်းမရှိချေ။ ထို့အပြင် ယခုအခါ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့လေသည်။


“ရှောင်ယွင်၊ ပြန်လာခဲ့ပါ။ ပြန်လာခဲ့ပါ၊ အားလုံးက ဒီအဖေရဲ့အမှားပါ....”


ကျန့်ချန်ဖုန်းသည် မျက်ရည်များဖြင့်ပြည့်နှက်နေလေ၏။ သူသည် သူ့မိန်းမနှင့်လက်ထပ်ပြီးနောက် သားငယ်လေးကိုမွေးဖွားခဲ့ပြီး သူသည်ကျန့်ယွင်ကို အမှန်တကယ့် လျစ်လျူရှုခဲ့လေသည်။ ကျန့်ယွင်သည် ယောက်ျားများကို သဘောကျကြောင်းကို ရှာတွေ့ပြီးနောက် သူအလွန်ဒေါသထွက်သွားခဲ့လေသည်။ ထိုအချိန်က ကျန့်ယွင်သည်လည်း အလွန်ငယ်ရွယ်နေသေးသည်။


သူတို့နှစ်ယောက်သည် စကားများရန်ဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ကျန့်ယွင်သည် နှစ်ပေါင်းများစွာကြာအောင် အိမ်မှထွက်ခွာသွားခဲ့ခြင်းကို ဦးတည်ခဲ့လေသည်။ ကမွဘာပျက်ကပ်ကြီးဖြစ်ပွားလိမ့်မည်ဖြစ်ပြီး နေ့ရက်တိုင်း အသက်ရှင်နေထိုင်ဖို့ ခက်ခဲလိမ့်မည်ဆိုသည်ကိုသာ သူသိခဲ့ပါက သူ့သားသဘောကျသည်မှာ ယောက်ျားဖြစ်‌စေ မိန်းမဖြစ်‌စေ ဘာအရေးဖြစ်လိမ့်မည်နည်း။


“ပါး၊ သားလည်းမှားသွားပါတယ်”


ကျန့်ယွင်သည် သူ့အဖေ၏ နောင်တရနေသည့်ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရလေသည်။ မူလကရှိနေသည့်နာကြည်းမှုများ လုံးဝပျောက်ကွယ်သွားခဲ့ပြီး သူ့မျက်လုံးများ တဖြည်းဖြည်းနီရဲလာခဲ့လေသည်။ သူ ပြန်လာဖို့ တွန့်ဆုတ်မနေသင့်ခဲ့ဘူး။


သူသာ စောစောပြန်လာပါက သူ့အဖေ ဒီလောက်စိတ်ဆင်းရဲရလိမ့်မည်မဟုတ်။ သူ့အဖေသည်အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး စစ်တပ်၏ကာကွယ်ရေးဖြင့် သူအာမခံယုံကြည်နေခဲ့သော်လည်း သူ့အဖေ ဒီလိုဖြစ်လာခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါချေ။


နောက်ဆုံးတွင် ဖခင်နှင့်သားတို့သည် သူတို့၏အငြင်းပွားမှုကို ပြေလည်စေခဲ့သည်။


“ပါး၊ ဒါက စုရွေ့ကျယ်တဲ့။ သူ့ကိုရှောင်ကျယ်လို့ ခေါ်လို့ရတယ် ”


ကျန့်ယွင်သည် စုရွေ့ကျယ်ဆွဲထုတ်လိုက်ပြီး ကျန့်ချန်ဖုန်းနှင့် မိတ်ဆက်ပေးလိုက်သည်။


“မင်္ဂလာပါ ဦးလေးကျန့်...”


စုရွေ့ကျယ်သည် လိမ္မာနာခံစွာ ခေါ်လိုက်၏။


“ကောင်းတယ်။ တော်တဲ့ ကောင်လေး”


ကျန့်ချန်ဖုန်းသည် ပြုံးပြီး သူ့အိတ်ကပ်ကိုလှန်ကြည့်လိုက်သော်လည်း ဘာမှရှာမတွေ့ခဲ့ချေ။ နောက်ဆုံး၌ ကို့ယို့ကားယား ပြုံးရုံသာ ပြုံးလိုက်ပြီး

 

“မင်းဦးလေးဆီမှာ ဘာမှမရှိတာ သနားစရာပဲ။ ငါ မင်းကို ပထမဆုံး လက်ဆောင်ပေးမှာပါ ”


“ဦးလေး အရမ်းကြင်နာတတ်တာပဲ”


စုရွေ့ကျယ်သည် အမှန်တကယ်ကို လက်ဆောင်များအား လုံး၀စိတ်ထဲမထားပါချေ။ ကျန့်ချန်ဖုန်း သူ့ကိုလက်ခံဖို့ ဆန္ဒရှိနေပါက ၎င်းသည်ပင် အကောင်းဆုံး လက်ဆောင်ဖြစ်နေပြီဖြစ်သည်။


ထို့နောက် ကျန့်ယွင်သည် သူ့အတွေ့အကြုံကို သူ့အဖေကို ပြောပြပြီးနောက်


“ပါး ဘာလို့ သားတို့နဲ့အတူ တောင်ပိုင်းအခြေစိုက်စခန်းကို ပြန်မလိုက်တာလဲ”


“မဟုတ်ဘူး...အဖေက အခုဒီလိုဖြစ်နေပြီ၊ ပြီးတော့ မင်းကိုပဲ ဆွဲချနေရုံပဲရှိမယ်။ မင်း ကောင်းကောင်း‌နေရတာ မြင်နေရသရွေ့တော့ အဖေ စိတ်ချလက်ချနေနိုင်မှာပါ”


ကျန့်ချန်ဖုန်းသည် သူ့လက်ရှိအခြေအနေကို သိထားပြီးဖြစ်ကာ သားဖြစ်သူကို ဆွဲချဖို့ ဆန္ဒမရှိသောကြောင့် သူ့အဆိုပြုချက်ကို ငြင်းဆိုခဲ့လေသည်။


“ပါး၊ ဘာပြောနေတာလဲ”


ကျန့်ယွင် မျက်မှောင်ကြုတ်လိုက်၏။


“ဦးလေးကျန့်၊ ဦးလေး ကျွန်မတို့ကို နှိမ့်ချနေတာ မဟုတ်ဘူးလား။ အားကျန့်က အခု အရမ်းစွမ်းအားကြီးတာနော်။ ကျွန်မတို့ လေးယောက်စလုံးက စွမ်းရည်ရှိတဲ့ သူတွေဖြစ်နေကြပါပြီ။ ဦးလေး ကျွန်မတို့နဲ့အတူ တောင်ပိုင်းအခြေစိုက်စခန်းကို သွားနေသရွေ့ ဒီထက် ပိုကောင်းတဲ့ဘဝ ရလိမ့်မယ်နော်”


ချန်းကျောင်းသည် ကူညီစကားပြောပေးဖို့ ထွက်လာခဲ့လေသည်။


“ဟုတ်တယ်၊ ဦးလေးကျန့်၊ ဦးလေး ကျွန်တော်တို့နဲ့ လိုက်ခဲ့လို့ရမလား”


ချန်းချီလည်း တိုက်တွန်းဖြောင့်ဖျဖို့ ထွက်လာလေ၏။


“ဦးလေးမသွားရင် ကျွန်တော့်အဖေနဲ့အမေကို ဘယ်လိုခေါ်သွားရမလဲ”


ချန်းချီနှင့်ချန်းကျောင်းတို့သည် မြို့တော်တွင်မနေချင်ကြချေ။ မြို့တော်သည် အာဏာ၏ဗဟိုချက်ဖြစ်သည်။ အမျိုးမျိုးသော လှည့်စားမှုများကို ရှောင်လွှဲလို့မရသည့်အပြင် သူတို့သည်စစ်တပ်၏ထိန်းချုပ်မှုအောက်တွင်ရှိကြသည်။ သူတို့သည် တောင်ပိုင်းအခြေစိုက်စခန်းမှလူများလို လူသားမဆန်ပေ။ ထို့အပြင် သူတို့၏မိဘများသည် အသက်ကြီးပြီဖြစ်ကာ တိုက်ခိုက်ရေး စွမ်းအားမရှိကြတော့ချေ။ ဤနေရာတွင်နေရန် အဆင်မပြေပေ။ သူတို့နှင့်အတူ တောင်ပိုင်းအခြေစိုက်စခန်းကို ပြန်သွားသည်က ပိုကောင်းလေသည်။


“ဟုတ်တယ်၊ လောင်ကျန့်၊ မင်းရဲ့သားက အရမ်းသိတတ်တယ်။ မင်းသူတို့နဲ့လိုက်သွားနိုင်တယ်လေ”


အစပိုင်း၌ သူတို့ကို တံခါးဖွင့်ပေးခဲ့သည့် လူအိုကြီးကတောင် ကျန့်ချန်ဖုန်းကို ဆွဲဆောင်ခဲ့လေသည်။


“ဒါက...အဆင်‌ပြေပါတယ်....”


ကျန့်ချန်ဖုန်းသည် သဘောတူရန် ဖြောင့်ဖျခံလိုက်ရ၏။


“လောင်ချောင်၊ မင်းကောဘာလို့ ငါတို့နဲ့အတူ မလိုက်လဲ။ မင်းသာ ငါ့ကိုပြုစုဖို့ မခေါ်ခဲ့ဘူးဆိုရင် ငါ ဒီအချိန်ထိ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး”


“ဒါက မသင့်တော်ဘူး..”


လောင်ချောင်ကျိုးသည် သူ့လက်ကိုဝှေ့ယမ်းပြလိုက်သည်။


“ဦးလေးချောင် ဦးလေးက ကျွန်တော့်အဖေကို အကြာကြီး ပြုစုစောင့်ရှောက်ထားခဲ့တာ။ ဦးလေးကို ကျွန်တော်တို့နောက်မှာ ဘယ်လိုထားခဲ့နိုင်မလဲ။ဦးလေး ကျွန်တော်တို့နဲ့ လိုက်ခဲ့သင့်တယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော့အဖေက စိတ်ပြန်ပြောင်းသွားလိမ့်မယ်”


ကျန့်ယွင် အကြံပေးလိုက်သည် ။


“မဟုတ်ဘူး၊မဟုတ်ဘူး.... မင်းတို့မှာလူများရင် စားဖို့ပိုကုန်ကျလိမ့်မယ်။ ဒီကမ္ဘာကြီးမှာ အာ...”


လောင်ချောင်သည် သူတို့အား ဒုက္ခမပေးချင်ပေ။


“ဦးလေးချောင် ကျွန်တော်တို့မှာ ရိက္ခာတွေအများကြီးရှိပါတယ်။ ဦးလေး ကျွန်တော်တို့အတွက် စိတ်ပူစရာ မလိုပါဘူး”


“ဟုတ်တယ်၊ လောင်ချောင်၊ မင်းငါနဲ့မလိုက်ရင် ငါလည်းမသွားတော့ဘူး”


လောင်ချောင်သည် ကတိပေးရုံမှတပါး ရွေးချယ်စရာမရှိတော့ချေ။




စာရေးသူမှာ ပြောစရာရှိပါတယ်။


【လမ်းမပေါ်ကပြဇာတ်ငယ်လေး】


ကျန့်ကျားဟယ် : ဒီမှာပဲ၊ ဇာတ်ဆောင်ရဲ့ ဖွဲ့စည်းပုံအဆင့်အတန်း- အဖေနဲ့ မိထွေးကို ရိုက်နှက်ပစ်။


ချန်း‌ကျောင်း : ငါ ကျန့်ယွင်ကို မနာလိုမဖြစ်ဘူး။ သူက လုံး၀ သနားစရာကောင်းတယ်။ မား၊ သမီး နံရိုး၊ အမဲသား၊ ကြက်တောင်ပံ စားချင်တယ်....။


ကျန့်ရှောင်ယွင် : အို့၊ အရူးတစ်အုပ်ပဲ။


စုရှောင်ကျယ် : ဘာဖြစ်လို့လဲ။


ကျန်ရှောင်ယွင် : ဇနီးလေး၊ ကိုယ်က အရမ်းသနားစရာကောင်းတယ်။ ကိုယ့်အဖေက ကိုယ့်ကိုမနမ်းဘူး ပြီးတော့ ကိုယ့်အမေက ကိုယ့်ကိုနာကျင်စေတယ်။ ဒီကလေးလေးရဲ့ နှလုံးသားက ခါးတယ်။


စုရှောင်ကျယ် : လိမ္မာတဲ့ကောင်လေး။ ငါ မင်းကို အမြအမြဲလိုချင်နေမှာပါ။


ဒေါက်တာစုန့် : ရုပ်ရှင်ဘုရင်ပဲ။


ချန်းချီ : ဒရာမာရဲ့ အနှစ်သာရပဲ။


ချန်ကျောင်း : အရှက်မရှိ။


ကျန့်ကျားဟယ် : နတ်ဘုရားမ၊ ကိုယ်မင်းကို ယောက်ျားတစ်ယောက်လို လေးစားပါတယ်။

🍒🍒