Ch-20
Viewers 9k

Chapter-20


ချန်ချီခေါင်းလှည့်ကြည့်လိုက်တော့ သူ့ညီလေးက အသံတိတ်နေလျက် ခေါင်းငုံ့ထားသည်ကို တွေ့လိုက်ရ၏။ 


ချန်ချီလည်း သူ့လက်ထဲက ပေါက်ပြားကိုချလိုက်ပြီး ချန်ဟုန်ဆီကို အမြန်လျှောက်သွားကာ သူ့ညီလေးရဲ့ခေါင်းကိုမော့လိုက်တော့ မျက်ရည်စိုရွှဲနေတဲ့မျက်လုံးတွေကို တွေ့လိုက်ရလေသည်။ 


"မင်းဘာလို့ငိုနေတာလဲ!?" 


ချန်ချီက ချန်ဟုန်ရဲ့မျက်ရည်တွေကို သုတ်ပေးတော့မလို့ပင်။ သို့သော် သူ့လက်က ပေါက်ပြားပြင်နေ၍ ရွှံ့တွေနှင့်ဖြစ်နေတာကို သတိပြုမိသွား၏။ သူ ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး ပြောလေသည်။ "မငိုပါနဲ့! မငိုပါနဲ့! အဲ့ဒါက အစ်ကိုကြီးအမှားပါကွာ။ ငါတို့ညီငယ်လေးက အရမ်းတော်တာနော်၊ အကောင်းဆုံးပါတနာရမှာပါ!" 


ချန်ဟုန်သည် သူ့ကိုဂရုစိုက်ပေးသောအစ်ကိုကြီးကို ပြုံးပြချင်ပေမယ့် ဘယ်လောက်ပဲသူကြိုးစားနေပါစေ သူ့နှုတ်ခမ်းကို အပေါ်ဘက်မကွေးနိုင်ဘူး။ သူ့စိတ်ထဲမှာ လီချန်ဖုန်း၏လက်ထပ်ပွဲအကြောင်းသာပြည့်နေပြီး မျက်ရည်တွေက ရပ်တန့်လို့မရအောင် ဆက်တိုက်ကျနေခဲ့သည်။ 


"အစ်ကိုကြီး... ကျွန်တော် ကျွန်တော်အဆင်ပြေပါတယ်..." 


ချန်ဟုန် ငိုနေရင်း စကားပြောလိုက်ပေမယ့် အငိုမရပ်နိုင်သေး... 


ချန်ချီလည်း စိတ်မသက်မသာခံစားရပြီး စိတ်ထဲမှာ သူ့ကိုယ်သူ ကျိန်ဆဲနေမိ၏။ အရမ်းစကားများလွန်းတဲ့ ငါ့အပြစ်တွေပဲကွာ! 


"အိုး ဘာဖြစ်တာလဲ! ဘေးဖယ်စမ်း၊ လာပါဦး ကလေးရယ် ဘာဖြစ်တာလဲဆိုတာမင်းရဲ့အစ်ကို့ကိုပြောပါဦး။ မင်းအစ်ကိုကြီးက မင်းကိုအနိုင်ကျင့်လို့လား!!" 


ဝက်စာမြက်ဖြတ်ပြီး အခုလေးတင် အိမ်ပြန်ရောက်လာသော ချန်ချီရဲ့ဇနီးက ခြံဝန်းထဲမှာ ချန်ဟုန်ကငိုနေပြီး သူ့ခင်ပွန်းကတော့ တွေဝေငေးငိုင်ရင်း မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ 


သူက ချန်ဟုန်ကို မနှစ်သိမ့်ပေးရင်တောင် မျက်ရည်လေးတော့ သုတ်ပေးသင့်တယ်လေ။ ချန်ချီရဲ့ဇနီးမှာ ချန်ချီကို တွန်းဖယ်လျက် ဒေါသထွက်ထွက်နဲ့ စဥ်းစားနေမိ၏။ 


ချန်ချီရဲ့ဇနီးက ချန်ချီကို လက်ထပ်တုန်းက ချန်ဟုန်မှာ ၇နှစ်/၈နှစ်သာရှိသေးသည်။ နှစ်တွေကြာလာတော့ သူကိုယ်တိုင်ကလည်း ကလေးတစ်ယောက်မှမရသေး၍ လိမ္မာရေးခြားရှိတဲ့ချန်ဟုန်ကို သူ့ကိုယ်ပိုင်ကလေးလိုသာ ဆက်ဆံခဲ့လေ၏။ အမြဲပြုံးရွှင်ရွှင်မျက်နှာလေးရှိတဲ့ချန်ဟုန်မှာ မျက်ရည်စိုရွှဲနေအောင်ငိုထားသည်ကို တွေ့လိုက်ရတော့ သူ့နှလုံးသားလေးမခံနိုင်ဘဲ ဝမ်းနည်းမိသည်။ 


"မဟုတ်ပါဘူး အစ်ကို၊ ကျွန်တော့်ဘာသာ၊ ကျွန်တော်လည်း ဘာလို့မှန်းမသိပါဘူး ရုတ်တရက်ကြီး ငိုချင်လာလို့! အဲ့ဒါက အစ်ကိုကြီးနဲ့ ဘာမှမဆိုင်ပါဘူး!" 


ချန်ဟုန်က ချန်ချီရဲ့ဇနီးလက်ကိုကိုင်၍ ချန်ချီအပြစ်ကင်းကြောင်း အာမခံနေခဲ့သည်။ ချန်ချီရဲ့ဇနီးလည်း အပြစ်ရှိတဲ့မျက်နှာနှင့် ချန်ချီကို စိုက်ကြည့်ပေးလိုက်ပြီး ငိုရှိုက်နေဆဲချန်ဟုန်ကို သူ့အခန်းဆီ ဆွဲခေါ်သွားလေသည်။ 


ချန်ချီအမူအရာကို ကြည့်လိုက်တာနဲ့ သူ့ညီငယ်လေးငိုရတာ အကြောင်းအရင်းရှိကိုရှိမယ်ဆိုတာ ပြောနိုင်ပေသည်။ 


ချန်ချီလည်း စိတ်မသက်မသာဖြစ်နေပြီး သူမတွေးဘဲ ပြောလိုက်တဲ့စကားက အခုတော့...! ချန်ဟုန်ထွက်သွားသောအခါ မြေကြီးပေါ်ကျနေသော ပန်းထိုးခြင်းကို ကောက်ယူကာ ဖုန်သုတ်ပေးလိုက်ပြီး ပင်မခန်းထဲ ပြန်ထားပေးလိုက်သည်။ ခဏတွေးကြည့်ပြီးနောက် ချန်ချီက ခြေဖော့၍ ပင်မခန်းနံရံ၏တစ်ဖက်ခြမ်းကို မှီလျက် အခန်းထဲက အသံကိုနားထောင်ကြည့်လိုက်သည်။ 


"ခင်ဗျားဘာလုပ်နေတာတုန်း! ထွက်သွား! ထွက်သွား! ပရမ်းပတာဖြစ်အောင်လုပ်တာ မလုံလောက်သေးဘူးလား!" 


ချန်ချီရဲ့ဇနီး တံခါးဖွင့်လိုက်သည်နှင့် ခိုးကြောင်ခိုးဝှက်နားထောင်နေသော ချန်ချီကို တွေ့လိုက်ရသည်။ 


"အာ၊ ငါတို့ညီလေး ငိုနေသေးလားလို့။ ကိုယ့်အတွက် တောင်းပန်ပေးပါဦးကွာ၊ ကိုယ်...ကိုယ်အခု လယ်ထဲသွားတော့မှာ..." 


ပင်မခန်းထဲက ကယောင်ကတမ်းထွက်သွားသော ချန်ချီကို ကြည့်ရင်း ချန်ချီရဲ့ဇနီးမှာ ကူကယ်ရာမဲ့စွာဖြင့် တံခါးပိတ်လိုက်၏။ 


ထိုအချိန်တွင် ရွှီချင်းက ဝက်ကလေးများကို အစာကျွေးပြီးနောက် သစ်သားရေပုံးကိုယူ၍ မြစ်ဆီသွားလိုက်သည်။ ယခုတစ်ကြိမ်လည်း ငါးကိုဆွဲဆောင်ရန် ဝိဥာဥ်စမ်းရေကို သုံးထားပေ၏။ နောက်ဆုံးတွင် သူက ဆေးဆိုင်မှ ဆေးဖက်ဝင်ဆေးတစ်ချို့ကို ဝယ်ခဲ့သောကြောင့် ဝိဥာဥ်စမ်းရေသုံးထားသည့် ငါးများများစားပါက အာနိသင်ပိုကောင်းပေမည်။ ဒီတစ်ကြိမ်ဆို ဖမ်းမိတာ ၆ကောင်ရှိပြီ! 


သူ အိမ်ပြန်ရောက်တော့ တစ်စုံတစ်ယောက်က ခြံတံခါးကို လာခေါက်၏။ 


ရွှီချင်း တွေးတောင်မတွေးဘဲ ရေတွင်းနဲ့ မနီးမဝေးမှာ ရေပုံးကိုထားပြီး ခြံတံခါးကိုဖွင့်လိုက်သည်။ 


"အိုး!" 


ရွှီချင်းက သူ့အရှေ့မှာ အဒေါ်ရှဲ့ကိုင်ထားသည့်အရာကိုတွေ့လိုက်တော့ လန့်သွားပေသည်။ 


"မင်း၊ ဒီကလေးကတော့ ဆေးလည်းမယူသွားဘူး!" 


ရွှီချင်းက သူ့ရင်ဘတ်သူ ပုတ်နေတာကိုမြင်တော့ အဒေါ်ရှဲ့ပြုံးလျက် "ကြောက်သွားတယ်မလား ဟမ်! ဟားဟားဟား!" 


ရွှီချင်းက စိတ်ထဲမှာတော့ မျက်လုံးလှိမ့်နေမိပြီ။ သူတို့ရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့အရာကို ဘယ်သူကမလန့်ဘဲနေပါ့မလဲလို့! သို့သော် ဤအချိန်ကာလမှာ ရက်တော်တော်များများနေပြီးသည့်နောက် သူကျင့်သားရသွားပြီဖြစ်ပြီး သူ့ရဲ့သတိတွေလည်း လျော့ကျလာခဲ့ပြီ! (T/N: အရင်က ကမ္ဘာပျက်ကပ်မှာဆိုတော့ သတိအမြဲထားပြီးနေရတယ်လေ၊ အခုတော့ ကျေးလက်တောရွာမှာ ဘာအန္တာရာယ်မှမရှိတော့ စိတ်လျော့ထားလိုက်တာပေါ့)


"အိုး အဒေါ်ရှဲ့ကလည်း ပြန်ဖို့မလောပါနဲ။ မြန်မြန်ဝင်လာခဲ့လေ။ အခုလေးတင် ငါးတွေသွားဖမ်းထားတာ! အဒေါ်ယူသွားလိုက်ဦး!" ရွှီချင်းသည် ပြန်ဖို့ပြင်နေသည့် အဒေါ်ရှဲ့ကို ပြောလိုက်သည်။ 


ဒါကိုကြားတော့ အဒေါ်ရှဲ့လည်း ပြန်လှည့်လာပြီး ခြံဝင်းတွင်းသို့ ရွှီချင်းနောက်လိုက်သွားတော့သည်။ 


"ငါပြောပါဦးမယ်၊ အဲဒီနေ့က မင်းလုပ်ထားတဲ့ငါးကိုစားပြီးတော့ ကိုယ်တိုင်စမ်းချက်ကြည့်ချင်ပေမယ့် ငါးဖမ်းဖို့မေ့နေတာလေ! မင်းဦးလေးရှဲ့လည်းအတူတူပဲ။ အဒေါ်က ငါးဖမ်းဖို့မပြောရင် သူက မသိသလိုဟန်ဆောင်နေတာတော်!" အဒေါ်ရှဲ့သည် ရေပုံးထဲမှ တဖျတ်ဖျတ်လူးနေတဲ့ငါးတွေကိုကြည့်ရင်း ပြုံးမိသည်။ သူ့နှလုံးသားထဲမှာ ကျေနပ်အားရသလို ခံစားရသည်။ ဒါက အသားပဲကွ! 


"ကျွန်တော်ပြောတဲ့အတိုင်းလုပ်ရင် အရသာကောင်းမှာ အသေအချာပါပဲ။ ကျွန်တော်ပေးထားတဲ့ စီချွမ်ငရုတ်ကောင်းထည့်ဖို့လည်းသတိရနော်။ အိုး ပြီးတော့ အဒေါ်အိမ်မှာအရက်ရှိရင် နည်းနည်းထည့်လို့ရတယ်။ အများကြီးမဟုတ်ဘူးနော်၊ ငါးညှီနံ့ဖယ်ရုံဘဲဆိုတော့ နည်းနည်းဆိုရတယ်!" ရွှီချင်းသည် နေ့ခင်းက အဒေါ်ရှဲ့အိမ်မှာစားခဲ့သည့် နေ့လည်စာစားနေတုန်း အရက်သောက်ရတာနှစ်သက်ကြောင်း ဦးလေးရှဲ့ပြောတာကို စဥ်းစားမိသွားသည်။ အရက်ကလည်း ငါးညှီနံ့ကို ဖယ်ရှားပေးနိုင်တယ်ဆိုတာ သူမေ့နေခဲ့တာပဲ။ ကံမကောင်းစွာဖြင့် အိမ်မှာ အရက်မရှိပေ။ ဒါပေမယ့် သူကိုယ်တိုင်လုပ်နိုင်တာပဲလေ! 


ရွှီချင်းရဲ့မျက်လုံးများမှာ စိတ်လှုပ်ရှားမှု​ဖြင့် တောက်ပနေ၏။ ဒါက စီးပွားရေးအခွင့်အလမ်းတစ်ခုလေ! 


"ကောင်းပါပြီ၊ ကောင်းပါပြီ။ မင်းဦးလေးရှဲ့ဖွက်ထားတဲ့ရတနာကို နာနာခံခံထုတ်ခိုင်းလိုက်မယ်!" 


အဒေါ်ရှဲ့က အရက်နံ့ကို မကြိုက်သော်လည်း ကံမကောင်းစွာပင် ဦးလေးရှဲ့က သောက်ရတာကြိုက်၏။ အဒေါ်ရှဲ့အမြင်မှာ မရှုပ်စေအောင်လို့ ဦးလေးရှဲ့က သူသာသိတဲ့နေရာတစ်ခုမှာ အရက်ကိုသိမ်းထားပြီး ရံဖန်ရံခါသာ သောက်လေ့ရှိသည်။ 


"ချင်းကောအာရေ အိမ်မှာရှိလား" 


အဒေါ်ရှဲ့နှင့် ရွှီချင်းတို့ ပျော်ရွှင်စွာ စကားပြောနေကြစဉ် ခြံထဲမှာ ချွဲပျစ်ပျစ်အမျိုးသားအသံ ပေါ်ထွက်လာပြီး သူတို့စကားဝိုင်းမှာ ရုတ်ချည်းတိတ်ဆိတ်သွားရသည်။ 


အဒေါ်ရှဲ့ဝင်လာသောအခါ ခြံဝင်းတံခါးကို မပိတ်ထားခဲ့၍ အလွယ်တကူတွန်းရုံနဲ့ ပွင့်လာနိုင်၏။ 


"ကျွန်တော်ဒီမှာပါ၊ ဘယ်သူလဲ" 


ရွှီချင်းမှာ ထိုအသံကြောင့် သူ့လက်မောင်းပေါ်မှာ ကြက်သီးထလာခဲ့ပြီး လည်ချောင်းကိုရှင်းလျက် မေးလိုက်သည်။ 


အဒေါ်ရှဲ့က အနှီအသံကို ရင်းနှီးနေသလိုခံစားရပေမယ့် ဘယ်သူမှန်းတော့ မမှတ်မိပေ။ 


ခြံဝင်းတံခါးအပြင်ဘက်ရှိ ထိုလူမှာ ရွှီချင်း၏တုံ့ပြန်မှုကို ကြားလိုက်၍ တံခါးကိုသာသာလေးတွန်းဖွင့်လိုက်သည်။ ထိုအချိန်မှ ရွှီချင်းမြင်လိုက်ရသည်မှာ တောင်အသေးစားလေးပင်! အဟမ်း ငါဆိုလိုတာက တောင်အသေးစားနဲ့တူတဲ့ လူတစ်ယောက်ပေါ့။ 


အဒေါ်ရှဲ့က ခြံဝင်းအဝင်ဝမှာ ပေါင်၂၀၀ကျော်ရှိသည့် လူတစ်ယောက်ကိုတွေ့လိုက်ရာ မျက်စိမှေးကြည့်လိုက်၏။ 


တောင်အသေးစားနဲ့ဆင်တူတဲ့လူကတော့ အဒေါ်ဟွမ်ပါပဲ။ သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကြီးကို ထုတ်လိုက်ကာ သူ့မျက်နှာပေါ်က ချွေးတွေကိုသုတ်လိုက်ပြီးမှ ရွှီချင်း၏ခြံဝင်းထဲသို့ သူ့ခန္ဓာကိုယ်ကြီးဖြင့် ဂရုတစိုက်ဝင်လိုက်၏။ 


"ဟေ့ ဒါက ရွာထဲက အဒေါ်ရှဲ့မဟုတ်လား။ မင်းလည်း ဒီမှာစကားစမြည်လာပြောနေတာလား" အဒေါ်ဟွမ်က ရွှီချင်းနှင့် အဒေါ်ရှဲ့ဆီ ချဥ်းကပ်လာခဲ့သည်။ အဒေါ်ဟွမ်က စနောက်ဟန်ဖြင့် အဒေါ်ရှဲ့ကို နှုတ်ဆက်လိုက်သောကြောင့် ရွှီချင်းကိုကြက်သီးထစေသည့် ထိုအသံကို ကြားလိုက်ရပြန်သည်။ 


"ချင်းကောအာကို ဒီလိုမျိုး'ဆွဲဆောင်'တဲ့အသံနဲ့ ခေါ်လိုက်တာက ဘယ်သူများလဲလို့ ကျုပ်သိချင်နေတာ။ ဒီတော့ အဒေါ်ဟွမ်ဖြစ်နေတာကိုး။ မင်းက လက်မထပ်ရသေးတဲ့စုံတွဲတွေကို အောင်သွယ်လုပ်ရမယ့်အစား ဒီကိုဘာလို့ရောက်လာရတာတုန်း။ ဘာလို့ ကျုပ်တူအိမ်ကိုရောက်လာတာလဲ" အဒေါ်ရှဲ့၏စကားလုံးများသည် ကြောင်အအဖြစ်နေတဲ့ရွှီချင်းကို နိုးထစေသည်။ ဒီတော့ ဒီလူက အောင်သွယ်ပေါ့လေ! 


"မင်းပြောတာကိုကြည့်ပါဦး၊ ငါဒီကိုလာတာ အောင်သွယ်လုပ်ဖို့ပဲလေ!" အဒေါ်ဟွမ်ရဲ့မျက်လုံးသေးသေးလေးတွေက အသားတွေထဲမှာ ပျောက်လုနီးနီးပင်။ သူ့မျက်လုံးတွေက ရွှီချင်းရဲ့ခြံဝင်းကို အမြန်အကဲခတ်လိုက်ပြီး လောဘတကြီးဖြင့် တောက်ပနေလျက်။ မင်းကြည့်စမ်းပါဦး၊ အကယ်၍ သူသာ ရုပ်ဆိုးဆိုးကောအတွက် လက်ထပ်ပွဲကို အောင်အောင်မြင်မြင်စီစဥ်ပေးနိုင်ခဲ့ရင် ရနေကျစာအိတ်နီထက် နှစ်ဆတောင်ရမှာပဲ! 


"ဟမ့် ဒါဆိုရင်တော့ မင်းနေရာမှာလာမိပြီပဲ! နောက်ကျသွားပြီဟယ်။ ချင်းကောအာက မင်းကိုထိုင်ဖို့မဖိတ်ခေါ်ဘူးလေ။ သွားတော့၊ ကိုယ့်ကိစ္စပဲ ကိုယ်အာရုံစိုက်!" အဒေါ်ရှဲ့သည် အထင်အမြင်သေးသည့်အသံဖြင့်ပြောဆိုသည်။ 


အဒေါ်ရှဲ့သည် ရွှီချင်းဆီကို စိတ်အေးအေးထားရန် အကြည့်တချက်ပို့လိုက်ပြီး အဒေါ်ဟွမ်ကို မောင်းထုတ်လိုက်သည်! ဤအဒေါ်ဟွမ်သည် အရာရာတိုင်းကို ငွေလို့သာမြင်တဲ့သူတစ်ယောက်ဖြစ်လေသည်။ စာအိတ်အနီသာ လုံလောက်နေသရွေ့ ဘာမဆိုလုပ်မည့်သူဖြစ်ပြီး လက်မထပ်ရသေးတဲ့ကောကို မုဆိုးဖိုနဲ့တောင် အောင်သွယ်ပေးမည့်သူပင်! သူ့မှာ အသိတရားနည်းနည်းလေးတောင်မရှိဘူး! အဒေါ်ရှဲ့လည်း သူ့ကို မျက်နှာသာလုံးဝမပေးချင်ပါဘူး! 


ရွှီချင်းက အဒေါ်ရှဲ့၏စကားကိုကြားပြီးနောက် နားလည်သွားခဲ့သည်။ ဒီလူက အောင်သွယ်လာလုပ်တာပေါ့လေ! ဟုတ်တာပေါ့! ရွှီချင်းဆိုတာက ဆုံးဖြတ်ချက်ချပေးမည့် အကြီးအကဲတွေမရှိတော့တဲ့ ကောငယ်ငယ်လေးတစ်ယောက်ဆိုတော့ သူ့ကိုသာလက်ထပ်နိုင်ခဲ့ရင် ဒီမြေအကြီးကြီးကို ပိုင်ဆိုင်ရမည်ဟု ဆိုလိုခြင်းပင်။ 


ယေဘုယျအားဖြင့်ပြောရလျှင် အမျိုးသားတစ်ယောက်က ကောတစ်ယောက်ကို လက်ထပ်ချင်ပါက လျို့ဝှက်ထားရပေမည်။ ထို့ကြောင့် အဒေါ်ရှဲ့မိသားစုနှင့် လျိုမိသားစုတို့သာ လီချန်ဖုန်းနှင့်ရွှီချင်းတို့ စေ့စပ်ထားသည့်ကိစ္စကို သိထားပေသည်။ တခြားသူတွေကတော့ မင်္ဂလာပွဲပြီးမှ ရွှီချင်း၏အထောက်အထားကို သိကြပေလိမ့်မည်။ 


အမျိုးသားတစ်ယောက်က ကောတစ်ယောက်ကို လက်ထပ်လိုလျှင် ကောရဲ့အိမ်သို့ အောင်သွယ်တစ်ယောက်ပို့ရမည်။ ထိုအောင်သွယ်က စကားလှလှသုံး၍ တွဲဖက်စီစဥ်ပေးရန် ကြိုးစားရပေမည်။ အကယ်၍ အောင်မြင်ခဲ့ပါက အမျိုးသားရဲ့မိသားစုဘက်မှ အောင်သွယ်ကို စာအိတ်နီပေးလိမ့်မည်ဖြစ်သည်။ မအောင်မြင်ခဲ့ပါက သူတို့က ခရီးစရိတ်တော့ပေးရဦးမည်ပင်။ 


"ဟေ့ ဟေ့! မင်းက ဘာလို့ ငါ့ကိုမောင်းထုတ်နေရတာတုန်း။ အာ! ငါးတွေလား! ချင်းကောအာရေ မင်းဒီဟာတွေကိုဘာလို့စားနေတာတုန်း" အဒေါ်ဟွမ်သည် စိတ်မသက်မသာဖြစ်သွားခဲ့သည်။ သူစကားပြောလို့တောင်မပြီးသေးဘူးလေ! သူတို့က ငါ့ကို ဘယ်လိုတောင်ဒီလိုမောင်းထုတ်နိုင်ရတာလဲ။ သူ့ကိုမောင်းထုတ်နေရင် ဘယ်လိုလုပ်အောင်သွယ်ပေးလို့ရတော့မှာလဲ! 


အဒေါ်ရှဲ့နှင့် အဒေါ်ဟွမ်တို့ အားပြိုင်မှုကြားတွင် သူတို့သည် ငါးထည့်ထားသောသစ်သားပုံးကို မတော်တဆကန်မိသွား၍ ပုံးမှောက်သွားရာ ရေတွေနေရာအနှံ့စင်ကုန်ပြီး ငါးတွေလည်း မြေကြီးပေါ်မှာ တဖျတ်ဖျတ်လူးနေလျက်။ 


ရွှီချင်းက အဒေါ်ရှဲ့လက်မှာ ငါးညှီနံ့စွဲမသွားစေချင်သောကြောင့် မထိခိုင်းပေ။ သူက သစ်သားပုံးကို ရေပြန်ဖြည့်လိုက်ပြီး ဖျတ်ဖျတ်လူးနေတဲ့ငါးတွေကို တစ်ကောင်ချင်းစီ ဂရုတစိုက်ဖမ်း၍ ပုံးထဲပြန်ထည့်လိုက်ပေသည်။ အဒေါ်ဟွမ်၏စကားကို စိတ်ဆိုးဆိုးဖြင့် ပြန်ပြောလိုက်၏။ "ကျွန်တော်တို့ ဘာလို့စားလို့မရတာလဲ!" 


အကယ်၍ အဒေါ်ရှဲ့သာ သူ့ကိုမတားထားလျှင် ဒီအောင်သွယ်ကို အစောကြီးကတည်းက ကန်ထုတ်ပစ်ပြီးနေပြီ။ သို့သော် အဒေါ်ရှဲ့၏ရည်ရွယ်ချက်ကိုလည်း နားလည်ပါသည်။ ဒီအဒေါ်ဟွမ်က သဘောထားသေးတဲ့သူဆိုတာ သိသာလေ၏။ ရှေးဆိုရိုးစကားအတိုင်း သဘောထားသေးသိမ်တဲ့သူကို စော်ကားသည်ထက် လူကြီးလူကောင်းတစ်ယောက်ကိုပဲ စော်ကားလိုက်တာ ပိုကောင်းတယ်ဆိုပဲ! 


အဒေါ်ဟွမ်ရဲ့မျက်လုံးအစုံမှာ တောက်ပလာလျက် "မင်းမြင်လား၊ တစ်ယောက်ထဲနေလို့ ဒီလိုဖြစ်နေတာပေါ့၊ အိမ်ထောင်မပြုရင် ဘဝကောင်းရမှာမဟုတ်ဘူးနော်။ ငါ့မှာ မင်းအတွက် သတင်းကောင်းပါလာတယ်! ရွာထဲက စွင်းမိသားစုက သူတို့ရဲ့ဒုတိယသားအတွက် မင်းနှင့်လက်ထပ်​ကြောင်းလမ်းဖို့ ငါ့ကိုဖိတ်ထားတာလေ!" 


ထိုစကားပြောပြီးနောက် ရွှီချင်း၏အံ့သြသွားမည့်တုံ့ပြန်မှုကို မျှော်လင့်စောင့်စားနေခဲ့သည်။ သူတို့က ဤ"ရုပ်ဆိုးဆိုးကော"ကို လက်ထပ်မယ်ဆိုလျှင် အောင်မြင်မှာပဲဟုယူဆထားပြီး ရွှီချင်းကလည်း ကျေးဇူးတင်နေမည်ဟု မျှော်လင့်ထားခဲ့တာဖြစ်သည်။ မဟုတ်ရင် အစိုးရက စီစဥ်ပေးတဲ့လက်ထပ်ပွဲကို ကြုံရတော့မှာလေ! သို့သော်လည်း သူမျှော်လင့်ထားသလို ရွှီချင်းဆီမှ ကျေးဇူးတင်စကားမကြားရသောကြောင့် အဒေါ်ဟွမ်မှာ ပဟေဠိဖြစ်နေခဲ့ရသည်။ သူက ရွှီချင်းကို သံသယဖြင့် ကြည့်လိုက်၏။ 


ရွှီချင်းကတော့ ငါးတွေဆီမှ ဆူးတွေကိုဖယ်ရင်း အလုပ်များနေသည်ကြောင့် အဒေါ်ဟွမ်လည်း အံ့သြသွားရသည်။ 


"ကောင်းပြီ၊ အဲ့ဒီစွင်းမိသားစုက ရိုးသားရည်မွန်ကြတယ်။ သူတို့မိသားစုထဲ လက်ထပ်လိုက်တာက ဒီလိုငါးတွေစားနေရတဲ့ မင်းရဲ့နေ့ရက်တွေထက် ပိုကောင်းလာမှာပါ!" 


ရွှီချင်းသည် အဒေါ်ရှဲ့ပြန်တဲ့အခါ ယူသွားလို့ရအောင် ပိုကြီးတဲ့ငါးသုံးကောင်ကို မြက်ကြိုးဖြင့်ချည်လိုက်လေသည်။


"အဲ့ဒီစွင်းမိသားစုကိုပြောလိုက်၊ ကျွန်တော် ရွှီချင်းက ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပြီးသားလို့။ ကျွန်တော်စားဖို့လုံလောက်တာ မလုံလောက်တာတွေကို သူတို့စိတ်ပူနေစရာမလိုဘူး။ ကျွန်တော့်ခင်ပွန်းကို ကိုယ်တိုင်ရှာမှာ။ သူတို့ပူပန်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ အဒေါ်ဟွမ် နောက်ကျနေပြီ၊ ခင်ဗျားလည်း အလုပ်များနေတယ်ထင်တယ်! ကျွန်တော်လိုက်မပို့တော့ဘူး။ နှုတ်ဆက်ပါတယ်!" 


ရွှီချင်းက တင်းမာနေသော်လည်း ယဥ်ကျေးသည့်အသံဖြင့် မနားတမ်းပြောနေတဲ့အဒေါ်ဟွမ်အား ခြံတံခါးဆီသို့ "ယဥ်ကျေးပျူငှာစွာ" ညွှန်ပြလိုက်သည်။ ထို့နောက် အဒေါ်ဟွမ်က ပြန်ဝင်လာရန် ကြိုးစားနေသေးသည်ကြောင့် ဒုတ်ခနဲအသံမြည်အောင် ခြံတံခါးကိုပိတ်လိုက်တော့သည်။

xxx