Ch-19
Viewers 9k

Chapter-19


မွန်းတည့်ချိန်ဖြစ်၍ ရွာထဲရှိအိမ်တိုင်းမှ မီးခိုးငွေ့များတလူလူထွက်နေကြရာ လေထဲတွင် တိမ်မျှင်တိမ်စိုင်လေးတွေလိုမျိုး လွင့်မျော့နေကြလျက်။ 


ရွှီချင်းလည်း ဦးလေးရှဲ့တို့အိမ်မှာ နေ့လည်စာစားပြီးနောက် သူ့လက်ထဲတွင် အသစ်စက်စက်သတို့သမီးဝတ်စုံကိုကိုင်လျက် အိမ်ပြန်သွားလေသည်။ 


ရွှီချင်း ရွာအစွန်အဖျားဆီ လမ်းလျှောက်သွားရင်း တောင်ခြေရှိ တစ်လုံးတည်းသောသူ့အိမ်လေးကို မြင်နေရပြီ။ ခြံတံခါးကိုဖွင့်လိုက်သည့်အခါ ဝက်ခြံထဲမှ ဝက်ကလေးအော်သံကို ကြားနေရ၏ "ဟုတ်သား၊ နေ့ခင်းမှာ ငါဝက်စာမြက်တွေစုဆောင်းဖို့ လိုနေပြီ။ ဝက်ကလေးကို အစာခံစေပြီး ပိန်သွားအောင်လုပ်လို့မဖြစ်ပါဘူး!" 


ရွှီချင်းက ဗီရိုထဲမှာ သတို့သမီးဝတ်စုံကို သပ်သပ်ရပ်ရပ်သိမ်းထားလိုက်ပြီး ညင်ညင်သာသာလေးထိကြည့်လိုက်ပြန်သည်။ ရက်အနည်းငယ်အတွင်းမှာ သူဝတ်ရတော့မှာပဲ။ ဗီရိုတံခါးကိုပိတ်လိုက်၍

"နေက ပိုပူလာတာပဲကွာ။ ကြည့်ရတာ နွေဦးထွန်ယက်မယ့်ရာသီ နီးကပ်လာပြီပဲ။" 


ရွှီချင်းက နောက်ကျောတွင် အိတ်ကိုလွယ်လျက် ဓားကိုယူလိုက်ပြီး ခြံဝင်းတံခါးပိတ်ကာ ဝက်စာမြက်ဖြတ်ရန် ဟင်းရွက်ခင်းဆီ သွားတော့သည်။ ရက်အနည်းငယ်အကြာမှာ သူမြေစတူးရတော့မည်ဖြစ်သည်ကြောင့် အဆင်ပြေချောမွေ့စေရန်အတွက် ပေါင်းပင်တွေရှင်းဖို့ မြန်မြန်လေးလုပ်ဖို့လိုနေပြီ။ 


*** 


"စကားစမြည်ပြောဖို့ ကျန်းမိသားစုရောက်လာပါပြီ!" 


ရှာရှိသစ်ပင်ကြီးတစ်ပင်အောက်တွင် လူလတ်ပိုင်းအရွယ်ကောများစွာ အတူတူထိုင်နေကြပြီး စကားစမြည်ပြောနေကြ၏။ (Me: ပြောရရင်တော့ အတင်းထိုင်တုပ်ကြတာပေါ့နော် 😆) 

သူတို့ထဲမှ မီးခိုးရောင်ဝတ်ထားသည့်တစ်ယောက်က တစ်ဖက်ခြမ်းမှရောက်လာသောကောကို အလျင်အမြန်နှုတ်ဆက်လေသည်။ 


"ဟေး ဒီမှာ ဒီကိုလာ!" ကျန်းလို့ခေါ်တဲ့ကောမှာ ရွှင်ရွှင်မြူးမြူးပြုံးလျက် ယနေ့ကြားခဲ့ရသည့် အရေးပါလှတဲ့သတင်းတစ်ခုသတိရသွား၏။ ဒီအကြောင်းကို အားလုံးနဲ့ဆွေးနွေးချင်နေပါပြီနော်! 


ဤအဒေါ်ကျန်းမှာ တခြားသူမဟုတ်၊ ဒီနေ့အစောပိုင်းက ရွှီချင်းနှင့် ဆေးဆိုင်မှာဆုံခဲ့တဲ့သူပင်။ 


အဒေါ်ကျန်းဟာ မီးခိုးရောင်ဝတ်ကောဘေးမှာ ထိုင်လိုက်ပြီး တခြားသူတွေကိုကြည့်ရင်း သာမန်ကာလျှံကာမေးလိုက်၏ "မင်းတို့ စားပြီးကြပြီလား" 


ကောတွေက တစ်ခုခုကို ဘဝင်မကျသလိုခံစားနေရပေမယ့် ယဥ်ကျေးစွာခေါင်းညိမ့်လိုက်ကြသည်။ ကျန်းမိသားစုမှခင်ပွန်းက လက်သမားအတတ်မှာ ထူးချွန်ပြီး ရွာထဲတွင် သစ်သားလိုတဲ့အချိန် သို့မဟုတ် ပွဲလမ်းသဘင်အမျိုးမျိုးအတွက် မကြာခဏ ထိုသူ့ကိုရှာရလေသည်။ ထို့ကြောင့် အဒေါ်ကျန်းရဲ့ဘဝသည် သူတို့နှင့်ယှဥ်လျှင် ပို၍သက်တောင့်သက်တာရှိပေသည်။ သို့ရာတွင် အဒေါ်ကျန်းမှာ အရာရာတိုင်းကို ချဲ့ကားပြောတတ်လေ၏။ 


အဒေါ်ကျန်းတို့ အနီးမှာထိုင်နေသော မီးခိုးရောင်ဝတ်ကောမှာ အဒေါ်စွင်းဖြစ်ပြီး သူ့ကိုယ်သူ ပျော်ရွှင်ဖို့နှင့် တခြားသူတွေစိတ်ဝင်စားစေရန် သူများတွေရဲ့အရေးကိစ္စကို စပ်စုရတာ ကြိုက်နှစ်သက်ပေသည်။ 


"ကျစ် ကျစ်၊ မင်းခေါင်းပေါ်က အဲ့ဒီဆံညှပ်က ငွေနဲ့လုပ်ထားတာလားဟယ်!" အဒေါ်စွင်းက သူ့ဘေးမှာ အဒေါ်ကျန်းထိုင်လိုက်သည်နှင့် သူ့ခေါင်းပေါ်ကငွေဆံညှပ်ကို သတိပြုမိသွားပြီး စိတ်ထဲမှာအချဥ်ဓာတ်စူးသွားရ၏။ သူ့ခင်ပွန်းမှာ အထူးကျွမ်းကျင်မှုတစ်ခုမှမရှိဘဲ ရိုးရိုးလယ်သမားတစ်ယောက်ပင်။ သူတို့ရဲ့ဘဝမှာ ကြွယ်ဝလှတဲ့ကျန်းမိသားစုနှင့်မတူဘဲ စားနိုင်သောက်နိုင်ရုံသာ။ 


လူတိုင်းက သူ့ခေါင်းပေါ်ကိုကြည့်ရင်း မနာလိုဖြစ်နေကြသည်ကို မြင်တော့ အဒေါ်ကျန်းမှာ ဂုဏ်ယူစွာဖြင့် သူ့ခါးကို​ကွေးလိုက်ပြီး ခေါင်းပေါ်ကငွေဆံညှပ်ကို ဂရုတစိုက်ထိလိုက်သည်။ 


"ဒါပေါ့! ဒီရက်ပိုင်းမှာ ငါ့ခင်ပွန်းက ခန်းဝင်ပစ္စည်းတွေနဲ့ ဆက်စပ်တဲ့အလုပ်တွေအများကြီးရထားတာလေ။ ဒါကြောင့် အပိုငွေလေးတွေလည်းရလာတာပေါ့ဟယ်။ ဒီနေ့ ငါဝတ်ဖို့အတွက်သွားဝယ်ဆိုပြီး သူပြောလို့သာ!" 


တခြားသူတွေရဲ့နှလုံးသားမှာ စိတ်ထိခိုက်နာကျင်သွားရပါပြီ။ 


"ငါဆိုလိုတာက ငါလည်းအသက်၄၀ထဲရောက်နေပြီ၊ ပြီးတော့ ငါတို့သားလည်း အိမ်ထောင်ကျပြီးတာ နှစ်တွေကြာနေပြီလေ။ ဒါတွေဝတ်ဖို့မလိုတော့ပါဘူးလို့ပြောပေမယ့် ငါ့ခင်ပွန်းက နားမထောင်ဘူးလေဟယ်! သူကတော့ ငါကငယ်သေးလို့ ကိုယ့်ဘာကိုယ် လှလှပပနေသင့်တယ်လို့ ဆက်တိုက်ပြောနေတာ!" 


အဒေါ်စွင်းသည် အဒေါ်ကျန်းရဲ့ခေါင်းဆီမှ သူ့အကြည့်တွေကို အဝေးရွှေ့ဖို့ သူ့ကိုယ်သူတွန်းအားပေးလိုက်ရင်း "မနေ့က သမားတော်ပြဖို့ စျေးသွားဖို့စီစဥ်ထားတာမဟုတ်ဘူးလား" ဒီတော့ သူတို့သာမကျန်းမာရင် ပိုက်ဆံရှိတော့ရော ဘာလုပ်ရမှာလဲ! 


"အို ဟုတ်တာပေါ့! ဒီနေ့ ဆေးဆိုင်မှာ ငါဘယ်သူနဲ့တွေ့လာတယ်ထင်လဲ။ လာပါ မှန်းကြည့်ကြ!" အဒေါ်ကျန်း၏မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် နီရဲလာ၏။ သူ့ခေါင်းပေါ်ကဆံညှပ်ကို ထိနေရာမှရပ်လိုက်ပြီး သူ့ရှေ့ကလူတွေကို စိုက်ကြည့်၍ သူတို့စိတ်အားထက်သန်စွာ မေးလာရန် မျှော်လင့်နေလျက်။ 


သို့ရာတွင် အဒေါ်ကျန်း၏ခေါင်းပေါ်ကငွေဆံညှပ်ကြောင့် စိတ်ထိခိုက်နေသော လူတစ်စုကတော့ စိတ်ဝင်စားမှုအနည်းငယ်သာရှိပေသည်။ 


"ဘယ်သူများလဲ" 


"ဆေးဆိုင်မှာ သမားတော်ကလွဲပြီးတော့ ဘယ်သူနဲ့တွေ့နိုင်မှာလဲ!" 


"မဟုတ်ဘူးလေ၊ သမားတော်ဆီသွားပြဖို့ ငွေကုန်တဲ့ တခြားလူနာတွေလည်းရှိတာပေါ့ဟ!" အဒေါ်စွင်းမှာ "ပိုက်ဆံကုန်" "သမားတော်ပြ" "လူနာတွေ"ဆိုတဲ့စကားလုံးတွေကို အသားပေးပြောလိုက်ရာ တခြားသူတွေက ပါးစပ်ကိုကာရင်း ရယ်နေတော့သည်။ 


"မဟုတ်ဘူး၊ သူတို့မဟုတ်ဘူး! တစ်ယောက်မှမဟုတ်ဘူးဟဲ့! သေချာနားထောင်နော်! ဒီနေ့ ဆေးဆိုင်မှာ ရွှီမိသားစုက အဲ့ဒီ'ရုပ်ဆိုးဆိုးကော'နဲ့တွေ့ခဲ့တာ!" အဒေါ်ကျန်းက အဒေါ်စွင်းရဲ့ စကားတွေကို လုံးဝလျစ်လျူရှုထားပြီး သူမမျှော်လင့်ဘဲဆုံခဲ့ရသည့်လူအကြောင်းကို ကျယ်လောင်စွာထုတ်ပြောလိုက်ပေသည်! 


ထိုစကားကိုကြားလိုက်ရ၍ အားလုံးမှာ တက်တက်ကြွကြွစတင်ဆွေးနွေးကြတော့၏။ 


"ရုပ်ဆိုးဆိုးကောလား!" 


"သူက ရွှီမိသားစုက အဲ့ဒီကလေးဖြစ်ရမယ်" 


"ဟုတ်တယ်လေ။ သူပဲပေါ့။ သူ့ကို မတွေ့ရတာ နှစ်အတော်ကြာပြီ" 


"အာ၊ တကယ်သနားစရာကောင်းတာပဲနော်။ သူ့အမေရော အဖေပါနှစ်ယောက်လုံး ဆုံးပါးသွားခဲ့ပြီးတော့ ဒီသနားစရာကလေး တစ်ယောက်တည်းကျန်ခဲ့ရှာတာ" 


"ဟုတ်ပါ့ ဒါက အမှန်..." 


"အဟမ်း ငါ့စကားမပြီးသေးဘူးလေဟယ်!" အဒေါ်ကျန်းသည် လူတိုင်းက သူ့ကိုလျစ်လျူရှုနေသည်ကိုမြင်၍ သူတို့၏အာရုံကိုပြန်ယူရန် အကြိမ်အနည်းငယ်ချောင်းဟန့်လိုက်လေသည်။ 


"ရုပ်ဆိုးဆိုးကောရဲ့မျက်နှာကလေ၊ ကျစ် ကျစ်၊ အရင်တုန်းကထက် အများကြီးပိုကောင်းလာတာ။ အခုဆို ဝက်ခြံအစက်သေးသေးလေးတွေနည်းနည်းပဲရှိတော့တာဟ!" 


အဒေါ်ကျန်း ထိုသို့ပြောရင်း "ဝက်ခြံ"များရဲ့အရွယ်အစားကို ဖော်ပြရန်လည်း လက်ဖြင့်အမူအရာလုပ်ပြလိုက်သည်။ သူက ခင်ပွန်းဖြစ်သူနှင့်အတူ ထင်းခုတ်ရန် တောင်ခြေအစွန်ပိုင်းသို့ မကြာခဏသွားလေ့ရှိသောကြောင့် ရွှီချင်းကို ရံဖန်ရံခါမြင်ဖူးပေမယ့် ဖျတ်ခနဲသာ။ ဒီနေ့ကတော့ မြင်ဖူးသမျှထဲမှာ အရှင်းလင်းဆုံးပင်။ 


"နောက်ဆုံးတော့ သူ သက်သာလာပြီပေ့ါ" 


ကောတစ်ယောက်က စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။ ထိုက​လေးက ကောတစ်ယောက်ဖြစ်နေသည်မှာ အလွန်သနားစရာပင်။ သူသာ ​ယောက်ျားတစ်​​ယောက်​ဖြစ်​ရင်​ ​ဒီလောက်ခံစားရမှာမဟုတ်​ဘူး။ 


အဒေါ်ကျန်းက သူ့ပေါင်ကို ရိုက်လိုက်ရင်း "ဟုတ်တာပေါ့၊ သက်သာလာရုံတင်မကဘူးနော်! သမားတော်က သောက်ဖို့ဆေးတွေ ညွှန်းပေးလိုက်သေးတယ်။ သူ့မျက်နှာပြန်ကောင်းလာဖို့ သိပ်မကြာတော့ဘူးတဲ့!" 


"ဒါပေမယ့် ဘာလို့ ရွှီစုံတွဲက ရုပ်ဆိုးဆိုကောကို စောစောသမားတော်မပြပေးခဲ့တာလဲ။ သိပ်မကြာခင်ပြန်ကောင်းလာရင် ကောင်းမယ့်ဟာကို!" 


"မင်းက ငါတို့ရွာကိုနောက်ကျမှရောက်လာတော့ မသိဘူးပဲ! အဲ့ဒီကလေးက အိမ်အပြင်ထွက်ဖို့ငြင်းဆန်နေပြီးတော့ ဘယ်သူ့ကိုမှအတွေ့မခံဘူးလေ! ပြီးတော့ ငါမှတ်မိပါသေးတယ် ရမ်းကုတွေကလည်း သူ့ရောဂါကို အဖြေမရှာနိုင်ကြဘူး။ ဒီတော့ အခြေအနေတွေက အဲ့လိုပဲဖြစ်ခဲ့တာပေါ့ဟယ်။" ထိုအချိန်တုန်းက အဲ့ဒီအဖြစ်အပျက်ကလည်း အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားတာပဲလေ။ 


အဒေါ်ကျန်းက သူ့လက်ကို ဟိတ်ဟန်ဖြင့်ဝှေ့ယမ်းရင်း "အဲ့ဒီကိစ္စတွေက အရေးမကြီးပါဘူးလေ၊ ဒါပေမယ့် ရုပ်ဆိုးဆိုးကောက ဒီနှစ်မှာ အိမ်ထောင်ပြုဖို့အရွယ်ရောက်ပြီမဟုတ်လား!" 


အဒေါ်စွင်းရဲ့နှလုံးသားလည်း လှုံ့ဆော်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အဲ့ဒီရုပ်ဆိုးဆိုးကောရဲ့မိသားစုမှာ အကြီးတွေမရှိတော့ဘူး! အဲ့ဒီအိမ်! အဲ့ဒီလယ်မြေတွေ! ရုပ်ဆိုးဆိုးကောကိုလက်ထပ်လိုက်ရုံနဲ့ အဲ့ဒါတွေကိုရမှာပဲဟ! 


"အိုး! ငါလုပ်စရာရှိနေတာကို အခုမှသတိရတယ်! ငါအရင်ပြန်တော့မယ်။ နင်တို့စကားပြောကြ! နင်တို့ပြောကြ!" 


အဒေါ်စွင်းက အဒေါ်ကျန်းနှင့်တခြားသူတွေကို အမြန်နှုတ်ဆက်လိုက်ပြီး အိမ်အမြန်ပြန်ပြေးတော့သည်။ သူ့အချိန်တွေကို ကောင်းတဲ့ကိစ္စမှာ အသုံးချရမှာပေါ့! 


တခြားကောတွေကလည်း ၄င်းကိုသဘောပေါက်သွားကြပြီး အခြေအနေကို သဘောမပေါက်သေးသောအဒေါ်ကျန်းကို အမြန်နှုတ်ဆက်၍ ပြန်သွားကြတော့သည်။ 


"ဟဲ့ နင်တို့အားလုံးဘာလို့ပြန်ကုန်ကြတာတုန်း။ ငါပြောတာမပြီးသေးဘူးလေဟယ်! ရုပ်ဆိုးဆိုးကောက ဘယ်သူ့ကိုလက်ထပ်တော့မလဲဆိုတဲ့အကြောင်းတောင် အတင်းမပြောရသေးဘူးဟာ!" 


အဒေါ်လျိုမိသားစု ထမင်းစားပြီးသည်နှင့် လီချန်ဖုန်း၏သတို့သားဝတ်စုံကို လာပေးသည့် ဦးလေးရှဲ့ရောက်လာခဲ့သည်။ မင်္ဂလာရက်သတ်မှတ်လိုက်ပြီဖြစ်ကြောင်းလည်း ရှင်းပြလိုက်၏။ ထို့နောက် ဦးလေးရှဲ့လည်း ရွာသို့ပြန်လာခဲ့ပြီး ငှားထားတဲ့မြည်းလှည်းကို ပြန်ပို့ခဲ့သည်။ 


အဒေါ်လျိုသည် ပထမဆုံးအောင်သွယ်လုပ်ခဲ့သူဖြစ်၍ ဤတစ်ကြိမ်လည်း လီချန်ဖုန်းရဲ့အိမ်ဆီ သတို့သားဝတ်စုံသွားပို့ရမည်ဖြစ်သည်။ ထို့နောက် ကောင်းချီးမင်္ဂလာများဆက်လက်တည်မြဲစေသည့်နိမိတ်ဆောင်ရန် လီချန်ဖုန်းကို မင်္ဂလာရက်အကြောင်း လက်ဆင့်ကမ်းပြောပြရပေမည်။ 


"၂၈ရက်နေ့က နေ့ကောင်းပဲကွ!" ရွာရှိစုံတွဲတော်တော်များများက သူတို့ရဲ့မင်္ဂလာရက်ကို ၂၈ရက်နေ့ရွေးထားကြောင်းကို သားသတ်သမားလျိုကြားထားပြီးပြီဖြစ်လေသည်။ 


"ရက်ကောင်းတစ်ရက်မဟုတ်ရင် သူတို့ ဘာ​လို့ရွေးမှာတုန်း။ ဘာမှထပ်မပြောနဲ့တော့၊ ခင်ဗျားက လူတွေကိုစိတ်တိုအောင်လုပ်နေတာပဲ!" 


အဒေါ်လျိုက ပစ္စည်းကိုထုပ်ပိုး၍ လီချန်ဖုန်းကိုရှာရန် လီအိမ်သို့ သွားလိုက်သည်။ 


"ဟေ့ အိမ်မှာလူရှိလားဗျို့" 


အဒေါ်လျိုအတွက် တံခါးလာဖွင့်ပေးသူမှာ တခြားသူမဟုတ်၊ လီချန်ဖုန်းကိုယ်တိုင်ပင်။ နေ့လည်စာစားပြီးနောက် လူတိုင်းကထွက်သွားကြသောအခါ ရွှီချင်းဆီက ရောက်လာမည့်သတင်းကို လွှဲသွားမှာကြောက်၍ အိမ်မှာထိုင်စောင့်နေခဲ့တာဖြစ်သည်။ 


"မြန်မြန်ဝင်လာပါ အဒေါ်လျို။ ဒါက...?" လီချန်ဖုန်းသည် အဒေါ်လျိုသယ်လာသောအထုပ်ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။ လူတစ်ယောက်တည်းကပဲ စုံတွဲအတွက် မင်္ဂလာဝတ်စုံလုပ်ထားတာပဲဖြစ်ရမယ်၊ မဟုတ်ရင် ကွဲကွာခြင်းသဘောဆောင်လိမ့်မယ်! အဲ့ဒါက အတိတ်နိမိတ်မကောင်းဘူးလေ! 


"အမှန်ပဲ! မှတ်ထားဦး ဒီလရဲ့ ၂၈ရက်ပဲ။ မင်းလက်ထပ်ဖို့ အရာအားလုံးအဆင်သင့်ဖြစ်ရမယ်နော်! ဒါဆို မင်္ဂလာနေ့ကျမှ အဒေါ်မင်္ဂလာအရက်လာသောက်မယ်နော်!" 


အဒေါ်လျိုလည်း ပျော်ရွှင်နေပြီး အိမ်မပြန်ခင် လီချန်ဖုန်းနှင့် စကားနည်းနည်းပြောသွားသေးသည်။ 


"ဒါပေါ့ဗျာ! ဒါပေါ့ဗျာ! အဒေါ်ရဲ့အားထုတ်မှုအတွက်ကျေးဇူးတင်ပါတယ်ဗျာ။ အဒေါ်လျိုရေ ဂရုစိုက်သွားဦး!" 


လီချန်ဖုန်းသည် မင်္ဂလာဝတ်စုံကို သူ့အခန်းဆီ ယူသွားကာ စမ်းဝတ်ကြည့်တော့ လုံးဝကွက်တိကျနေသည်ကို သိလိုက်ရ၏! အရမ်းကိုသက်တောင့်သက်တာရှိတာပဲကွာ! ထို့နောက် မတော်တဆပျက်စီးသွားမည်ကို စိုးရိမ်၍ ဂရုတစိုက်ချွတ်လိုက်ကာ သေချာသိမ်းဆည်းခဲ့သည်။ 


စိတ်လှုပ်ရှားမှုကြောင့် သူပျံသန်းနေရသလို ခံစားနေရတယ်! ရက်အနည်းငယ်အတွင်းမှာ ရွှီချင်းကိုထပ်တွေ့ရတော့မယ်၊ သူတို့ပြန်တွေ့တဲ့အခါ စုံတွဲတွေဖြစ်နေပြီပေါ့! 


လီချန်ဖုန်းက ဗီရိုကို နောက်တစ်ခါထပ်ဖွင့်လိုက်ပြီး အမေလီပေးထားသော ငွေ ၇လျန်ကိုယူလိုက်ကာ ခြံဝင်းတံခါးပိတ်၍ အိမ်မှအမြန်ထွက်သွားတော့သည်။ 


ချန်ချီက သူ့အိမ်ခြံဝင်းထဲမှာ ပေါက်ပြားကိုပြင်နေခဲ့သည်။ ဤပေါက်ပြားမှာ အချိန်အကြာကြီးသုံးထားခဲ့သည်ဖြစ်၍ မခိုင်တော့သဖြင့် မြေတူးတဲ့အခါ အဆင်မပြေပေ! မကြာခင်မှာ ကောက်စိုက်ရတော့မှာဖြစ်လို့ အနှီပေါက်ပြားကြောင့် နောက်ကျတာမျိုးမရှိရအောင် ကြိုပြင်ထားရမှာပေါ့! 


ချန်ဟုန်က ပန်းထိုးခြင်းကိုကိုင်ထားရင်း ချန်ချီနှင့် သိပ်မဝေးသောနေရာတွင် သစ်သားခုံယူပြီး ထိုင်လိုက်၏။ 


"အစ်ကိုကြီး!" 


"ဘာလဲ" 


ချန်ဟုန် သူ့လက်ထဲမှာပန်းထိုးလက်ကိုင်ပုဝါအစကို ကိုင်ထားရင်း ခေါင်းငုံထားလျက် "မေးစရာတစ်ခုရှိလို့" 


"မေးလေ! ဒီနှစ်တွေထဲ စစ်တပ်စခန်းမှာ တောက်တိုမည်ရပဲ လုပ်ခဲ့ရတယ်ဆိုပေမယ့် ဗဟုသုတလည်းအများကြီးရထားပါတယ်! မေးချင်တာမေး!" 


"အစ်ကို့အကြောင်းတော့မဟုတ်ပါဘူး" 


ချန်ဟုန်မှာ သူရဲ့ကျွမ်းကျင်သောလက်ချောင်းတို့ဖြင့် မပြီးသေးသောပုံစံကို ဆက်ထိုးနေရင်း ပြောလိုက်ရာ သူ့စကားလုံးတွေက ချန်ချီရဲ့နှလုံးသားလေးကို နာကျင်သွားစေလျက်။ 


"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဘာမေးချင်လို့လဲ မေးလေ!" မူလက ဟန်ဆောင်ပန်ဆောင်လုပ်ချင်နေတဲ့ချန်ချီမှာ သူ့ပါးစပ်မှထွက်မလာသေးသည့်စကားလုံးတွေကို အင်တင်တင်ဖြင့် မျိုချလိုက်ရသည်။ 


"အစ်ကိုချန်ဖုန်းလက်ထပ်မယ့်သူက ဘယ်သူလဲဆိုတာ အစ်ကိုသိလား" ချန်ဟုန်က အတတ်နိုင်ဆုံးလေသံကိုတည်ငြိမ်ရန် ကြိုးစား၍ ချန်ချီကိုမေးလိုက်သည်။ ချန်ချီကတော့ မြေကြီးပေါ်က ပေါက်ပြားကို အကြိမ်များစွာ အားသုံးဖိနေ၏။ သူ့အဖြေကိုစောင့်နေတဲ့အချိန်တစ်လျှောက်လုံး ချန်ဟုန်ရဲ့နှလုံးသားလေးမှာ တုန်ယင်နေလျက်။ 


"ငါလည်းမသိဘူးလေ။ အဲ့ဒီကလေးက သူ့ပါးစပ်ကို တင်းတင်းပိတ်ထားတာ!" ဒီလောက်မေးနေတာကို ဘာလို့နည်းနည်းလေးတောင်မပြောပြတာပါလိမ့်။ 


ချန်ဟုန် သူ့နှုတ်ခမ်းကိုကိုက်၍ နှလုံးသားထဲမှာ ဗြောင်းဆန်နေသလို ခံစားနေရသည်။ 


"သူ့အကြောင်းမပြောနဲ့တော့၊ ငါ့ကိုဖုံးကွယ်ထားချင်ရင်တောင် သူ့မင်္ဂလာပွဲနေ့ရောက်တဲ့အခါ ဘယ်သူ့သားနဲ့လက်ထပ်လိုက်သလဲဆိုတာ ငါသိမှာပဲ!" 


ချန်ဟုန်က ခါးသီးစွာဖြင့် သူ့ပါးစပ်ထောင့်ကို မြင့်လိုက်၏။ (အားတင်းပြုံးလိုက်တာကိုပြောတာပါ) အဲ့ဒီအချိန်သာရောက်သွားရင် အချိန်နှောင်းသွားပြီလေ။ နောက်ကျလွန်းသွားပြီ။ 


"မင်းလည်း မင်းမင်္ဂလာပွဲအတွက် ပြင်ဆင်သင့်ပြီ။ မင်းနဲ့သက်တူရွယ်တူ ကျန်းအိမ်ကသားလည်း ဒီလ ၂၈ရက်မှာ လက်ထပ်တော့မှာတဲ့!" ချန်ဟုန်သည် ရုပ်ရည်ကြည့်ကောင်းပြီး ပန်းထိုးရာလည်းထူးချွန်၏။ သူ့ကို လိုက်နေတဲ့သူတွေများပေမယ့် သူ့ညီလေးကတော့ တစ်ယောက်မှကို ပြန်မကြိုက်ဘူး။ 


"ဘာဖြစ်လို့လဲ။ ကျွန်တော်လက်မထပ်နိုင်မှာကို အစ်ကိုကြီးကြောက်လို့လား!"


xxx