Chapter-18
"ကျွန်တော်သိပါပြီ ကျေးဇူးတင်ပါတယ်ဗျာ အဒေါ်ရှဲ့!"
"မင်းဘာလို့ဒီလောက်အားနာနေရတာတုန်း။ ဟိုဟာလည်းကျေးဇူးတင်ပါတယ်၊ ဒီဟာလည်းကျေးဇူးတင်ပါတယ်လုပ်နေတာ" အဒေါ်ရှဲ့သည် စိတ်လှုပ်ရှားနေတဲ့ရွှီချင်းကို ထိုင်ရန်ဆွဲလိုက်ပြီး စနောက်နေတော့၏။
"ဒါနဲ့ စကားမစပ် ဒီနေ့ လီချန်ဖုန်းရဲ့မိသားစုအကြောင်း ရွာမှာဆွေးနွေးနေကြတာ အဒေါ်ကြားလိုက်တယ်။ လီမိသားစုက လီချန်ဖုန်းနဲ့ မိသားစုခွဲပြီးကြပြီတဲ့။ သူမင်းကို သတင်းပို့ပြီးပြီလား" အဒေါ်ရှဲ့သည် ဟင်းရွက်ထွက်ရှာတုန်း ကျိရှန်းရွာမှ ပြန်လာတဲ့တစ်ယောက်က အဒေါ်ဝေ့နဲ့ ပြောနေသောစကားဝိုင်းကို နားစွန်နားဖျားကြားလိုက်ရတာဖြစ်သည်။ အဒေါ်ရှဲ့လည်း လီမိသားစုအကြောင်းကြားလိုက်သည်နှင့် နားထောင်ရန် ထိုစကားဝိုင်းဆီသွားပူးပေါင်းလိုက်ပြီး ဘာကြားခဲ့တာလဲလို့ စပ်စုလိုက်လေ၏။ "လီချန်ဖုန်းက မိသားစုဆီက ကန်ထုတ်ခံရတယ်ဆိုပဲ!"
ရွှီချင်းသည် အဒေါ်ရှဲ့၏စကားတွေကို တိတ်တဆိတ်နားထောင်နေရင်း "သူပြောထားပါတယ်"
အဒေါ်ရှဲ့မှာ မနေနိုင်တော့ဘဲ ရွှီချင်းပုခုံးအား မချင့်မရဲပုတ်လိုက်ကာ "မင်းဘာတွေတွေးနေတာတုန်း! မိသားစုကခွဲထွက်တာဆိုဟုတ်သေးတယ်၊ ဒါပေမယ့် ကန်ထုတ်ခံရတယ်ဆိုတာက မကောင်းဘူးလေ။ ဒါ့အပြင်" အဒေါ်ရှဲ့က တိုးတိုးလေးပြောလာ၏ "လီလောင်စန်းကလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်တယ်ဆိုပဲ"
စိတ်ရှုပ်ဟန်ဆောင်နေသောရွှီချင်းက မေးလိုက်၏ "လီလောင်စန်းက ဘယ်လိုပတ်သတ်နေတာလဲ"
အဒေါ်ရှဲ့က သက်ပြင်းချလိုက်ရင်း "အဲ့ဒီလီလောင်စန်းက ဒီနေရာတစ်ဝိုက်မှာ လူသိများတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်က ပညာရှိစာမေးပွဲကို သူအောင်ခဲ့တာလေ! အား အဲ့ဒါကလည်း အတော်လေးမော်ကြွားစရာပဲကိုး ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတစ်ခုဆိုတော့လေ!"
"ကျွန်တော်တို့မြို့မှာ ပညာတတ်တွေများလား"
အဒေါ်ရှဲ့က စိုက်ကြည့်လျက် "ပညာတတ်တွေကို တွေ့နေကြဂေါ်ဖီထုပ်တွေလို့များ မင်းထင်နေတာလား။ နေရာတိုင်းမှာရှိမလား? ရှားပါးနေတာကို!"
"ဟီးဟီး ကျွန်တော်က အခြေအနေတွေသိပ်မသိလို့ပါဗျာ။ ကျေးဇူးပြုပြီး ဆက်ပြောပါဦး! ဆက်ပြောပါဦးဗျာ!" ရွှီချင်း၏ပြုံးဖြဲဖြဲနဲ့ ရယ်စရာအမူအရာက အဒေါ်ရှဲ့ကို ရွှင်မြူးစေ၏။
လီလောင်စန်းကလည်း အရေးပါတဲ့လူတွေထဲက တစ်ယောက်ပါပဲ။ ရှင်းဖူရွာ၊ ကျိရှန်းရွာနှင့် အန်းလဲ့ရွာတို့ သုံးရွာစလုံးမှာ ပညာတတ် ၆ယောက်သာရှိ၏။ သူတို့ထဲတွင် ရှင်းဖူရွာမှာ ၂ယောက်၊ အန်းလဲ့မှာ ၃ယောက်၊ ကျိရှန်းရွာမှာ လီလောင်စန်းတစ်ယောက်သာရှိလေသည်။ "ငါဝန်ခံပါတယ်၊ လီလောင်စန်း စာမေးပွဲအောင်ခဲ့တုန်းက ရွာတွေအားလုံးထဲမှာ သူကအသက်အငယ်ဆုံးပဲ!"
"တစ်ယောက်ယောက်အတွက် ပညာတတ်စာမေးပွဲအောင်ဖို့ အကြီးဆုံးအသက်အရွယ်က ဘယ်လောက်လဲ"
အဒေါ်ရှဲ့က သူ့လက်ဝါးကိုဖြန့်ပြ၍ ရွှီချင်း၏မျက်လုံးရှေ့မှာ ဝှေ့ယမ်းနေလိုက်သည် "အဲ့ဒါက...?" အသက်၅၀နှစ်တော့ မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မဟုတ်လား!
"အသက်၅၀လေ! အန်းလဲ့ရွာကပဲ။ နောက်တော့ သူမအောင်နိုင်တော့မှန်း သဘောပေါက်သွားတဲ့အခါ အန်းလဲ့ရွာမှာပဲ ကျောင်းတစ်ကျောင်းဖွင့်လိုက်ပြီး ဆရာလုပ်လိုက်တာလေ။ ယုံယုံမယုံယုံ၊ သူက အရမ်းအောင်မြင်နေတာနော်! ပြီးခဲ့တဲ့စာမေးပွဲကို အောင်သွားတဲ့ ပညာတတ်နှစ်ယောက်က သူ့ကျောင်းသားတွေလေ!"
"အဲ့ဒီလူက ရွာသားတွေကို တကယ်အကျိုးပြုတာပဲ!" ရှင်းဖူရွာမှာ ကျောင်းတစ်ကျောင်းမရှိဘူးဆိုတာကို ရွှီချင်းသိသည်။ အကယ်၍ တစ်စုံတစ်ယောက်က စာသင်ချင်လျှင် အန်းလဲ့ရွာသို့ ၁နာရီခွဲလောက်သွားရပေမည်။
အဒေါ်ရှဲ့က လေးစားသည့်အသံဖြင့် ပြောလာ၏။ "အတိအကျပဲ။ ဒါပေမယ့် လီလောင်စန်းက စာမေးပွဲအောင်ထားပြီးဆိုပေမယ့် ပိုမြင့်တဲ့စာမေးပွဲဖြေဖို့ အကြိမ်များစွာကြိုးစားနေတာ၊ ဒါပေမယ့် မအောင်မြင်ပါဘူး။ မြို့ထဲက နယ်ခံဆရာက သူ့ကို ကြင်နာစွာအကြံပေးခဲ့သေးတယ်" အဒေါ်ရှဲ့သည် သူ့အမူအရာကိုပြင်လျက် ထိုဆရာ၏လေသံအတိုင်းတုပ၍ "လူငယ်လေး မင်းမှာ တခြားအရာတွေကြိုးစားကြည့်ဖို့ အချိန်အများကြီးရှိပါတယ်။ ဒီနယ်ပယ်မှာ လူတိုင်းက မထူးချွန်ကြပါဘူးကွာ!"
ထိုသို့ပြောပြီးနောက် အဒေါ်ရှဲ့နှင့် ရွှီချင်းတို့ နှစ်ယောက်လုံး အားပါးတရရယ်မောလိုက်ကြ၏။ "နောက်တော့ အဲ့ဒီမှတ်ချက်က ပျံ့သွားတယ်လေ၊ လီလောင်စန်းလည်း စာဆက်လေ့လာဖို့ ရှက်သွားတယ်။ သူစာဆက်လေ့လာချင်ရင်တောင်မှ သူ့မိသားစုက သူ့ကိုထောက်ပံ့ဖို့ အပိုငွေမရှိတော့ဘူးလေ"
လီလောင်စန်းမှာ အရှက်ကွဲသလိုခံစားရ၍ ပညာတတ်ဆိုသောဂုဏ်ပုဒ်ကို သယ်ဆောင်ရင်း ကျိရှန်းရွာသို့ပြန်ရောက်လာခဲ့သည်။ သို့သော် သူက သဘာဝအားဖြင့် ကျေးလက်တောရွာသားတစ်ယောက်ပင်။ ပညာတတ်ဆိုတာ နာမည်ခံအဖြစ်သာ။ ပြီးတော့ သူက သာမန်ယောကျ်ားတစ်ယောက်လိုမျိုး ရုပ်ပိုင်းဆိုင်ရာလည်းသန်မာမနေဘူး။
"နောက်ပိုင်းမှာ ရွာသားတွေရဲ့တောင်းဆိုချက်အရ ကျိရှန်းရွာရဲ့ရွာလူကြီးက အန်းလဲ့ရွာက ပညာတတ်တစ်ယောက်လိုမျိုး ရွာမှာကျောင်းတစ်ကျောင်းဖွင့်ဖို့ လီလောင်စန်းကိုမေးတယ်လေ။ ကျူရှင်ဖိုးမတတ်နိုင်တဲ့သူတွေကတော့ ငွေအစား အစားအစာတွေပေးမယ်ပေါ့။ သူတို့က သူတို့ရဲ့ကလေးတွေကို အခြေခံဗဟုသုတတချို့ရကြဖို့ ရိုးရိုးလေးပဲမျှော်လင့်ထားတာ! ဒါပေမယ့် လီလောင်စန်းက သူ့ကိုယ်သူသွေးကြီးနေပြီးတော့ ဆရာဖြစ်ဖို့ငြင်းလိုက်တယ်။ သူက တစ်နေ့ကျရင် မမျှော်လင့်ဘဲ စာမေးပွဲအောင်သွားမယ်လို့ ယုံနေတာ!"
"ဒါဆို ရွာသားတွေက သူ့ကို မကြည်ကြဘူးပေါ့" ဒီလိုမှမဟုတ်ရင် ဒီနေ့ဈေးမှာတွေ့ခဲ့တဲ့ ကောနှစ်ယောက်က လီလောင်စန်းအကြောင်းကို ဒီလောက်အထင်အမြင်သေးပြီး ပြောဆိုနေကြမှာမဟုတ်ဘူး။ ပညာတတ်ဂုဏ်ပုဒ်ရထားတဲ့သူကို ဒီလိုဆက်ဆံကြတာ သိပ်မမှန်ဘူးလို့ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် သူက ပညာတတ်ဂုဏ်ရှိတယ်လေ!
အဒေါ်ရှဲ့က လှောင်ပြုံးပြုံးလျက် "အသေအချာပဲ။ လီမိသားစုက စာသင်နေတဲ့နှစ်တွေတစ်လျှောက်လုံး သူ့ကို ထောက်ပံ့လာခဲ့တာကို သူကထည့်မစဥ်းစားချင်ဘူးလေ။ သူက ဆရာလုပ်ဖို့ငြင်းလိုက်သလို ကာယလုပ်သားလည်းမလုပ်နိုင်ပြန်ဘူးလေ။ သူက စိတ်ကူးနဲ့ရူးနေပြီးတော့ လီချန်ဖုန်းရဲ့ ဝေစုတစ်ပိုင်းကိုယူဖို့တောင် ရဲတင်းနေသေးတာ။ သူကတော့ တစ်ခုခုပဲ!"
လီလောင်စန်းက တကယ်ပဲ လီချန်ဖုန်းကို လီမိသားစုကခွဲထွက်ဖို့ အတင်းတွန်းအားပေးခဲ့တာများလား။ ဒါပေမယ့် ရွှီချင်း၏စိတ်ထဲတွင် တခြားထင်ကြေးတွေရှိသေးသည်။
အဒေါ်ရှဲ့က စိုးရိမ်နေဆဲ "လီချန်ဖုန်းက အားလုံးကောင်းပေမယ့် သူကအရမ်းရိုးသားလွန်းတယ်! သူက မင်းမိသားစုထဲဝင်ပြီး လက်ထပ်လို့ တော်ပါသေးရဲ့။ မဟုတ်ရင် တခြားသူတွေဆီက ဘယ်လောက်တောင် အနိုင်ကျင့်ခံရမလဲဆိုတာ ဘယ်သူသိမှာလဲ!"
ရွှီချင်းလည်း စိတ်ထဲကနေ ခေါင်းခါလိုက်၏။ ကြည့်ရတာ လူတော်တော်များများက အဲ့ဒီလူဆီကနေ လှည့်စားခံခဲ့ရတာပဲ။ မူလက ထိုလူသည် ရိုးရှင်းပြီး အပြစ်ကင်းသည့် ရွှေရောင်အမွှေးထူခွေး(Golden Retriever)လို့ ထင်ခဲ့ပေမယ့် ရက်စက်တဲ့အမဲလိုက်ခွေးမှန်း နည်းနည်းသိသွားပါပြီနော်!
***
မွန်းတည့်နေပြီဖြစ်သော်လည်း တောအုပ်ထဲမှာ ခါတိုင်းလိုနွေဦးအပူရှိန်မရှိတော့။ ထိုအစား သူတို့မျက်နှာဆီ သဘာဝလေအေးအေးလေးက တိုးဝှေ့လျက်။ ချန်ချီနှင့် လီချန်ဖုန်းသည် ထင်းစည်းကိုသယ်ရင်း ရွာဆီပြန်လျှောက်လာခဲ့သည်။
ချန်ချီလည်း စိတ်အေးသလိုဟန်ဆောင်ရင်း သာမန်ကာလျှံကာမေးမြန်းလိုက်၏ "မင်းက ရုတ်တရက်ကြီး သူများအိမ်မှာသားမက်အဖြစ်လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ ငါ့ကိုလန့်သွားစေတယ်ကွ! ငါ့ကို ကြိုပြောထားရင်တော့ ပိုကောင်းတာပေါ့။ အဲ့ဒါဆို ငါလည်း စိတ်ပိုင်းဆိုင်ရာကြိုပြင်ဆင်ထားနိုင်တာပေါ့ကွာ!"
လီချန်ဖုန်းသည် ထင်းစည်းများသယ်ထားရင်း တောတောင်ရှိ သစ်ပင်များနှင့် ခြုံပုတ်များကိုဖြတ်၍ အေးအေးဆေးဆေး ဆက်သွားနေခဲ့၏။ တစ်ချို့အရွက်တွေဆို သူ့ခြေထောက်နားမှာ ကပ်နေသေးသည်။
"မင်းက ဘာအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့လိုတာလဲ။ ငါတို့အတူတူနေမှာမှ မဟုတ်တာကို!"
ချန်ချီက မကျေမနပ်ဖြင့် "ဘာပဲဖြစ်ဖြစ် ငါတို့အတူတူ ရွှံ့နဲ့ကစားရင်း ကြီးပြင်းလာခဲ့ကြတာ! တခြားကိစ္စတွေမပြောနဲ့ဦး!"
ချန်ချီရဲ့မိသားစုတွင် သူမှလွဲ၍ ညီလေး(ကော)တစ်ယောက်သာရှိ၏။ ချန်ချီက ၁၇/၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုခဲ့ပေမယ့် သူတို့မှာ ကလေးမရှိသေးချေ။ ကံကောင်းစွာဖြင့် ချန်ချီမိဘတွေက တွန်းအားပေးသည့်သူများမဟုတ်တာကြောင့် သူတို့ဘဝမှာ ချောချောမွေ့မွေ့ပင်။ လွန်ခဲ့သော၅နှစ်က စစ်မှုထမ်းဆောင်ရန်သွားရမည့်သူမှာ ချန်ချီဖြစ်၏။
"ငါသူ့ကို သဘောကျတယ်။ ပြီးတော့ ငါလည်းအသက်ကြီးလာပြီကွာ။ တကယ်လို့ အိမ်ထောင်မပြုရသေးရင် အစိုးရကစီစဥ်ပေးတဲ့သူကို လက်ထပ်ရမှာပဲလေ"
လီချန်ဖုန်းသည် သူ့နှလုံးသားထဲမှာ ရွှီချင်းကို သတိရနေမိသည်။ အခုချိန်ထိ သူ့ဆီကနေ ဘာသတင်းမှမကြားရသေးဘူး။ ပြီးတော့ ရွှီချင်းဘာလုပ်နေလဲဆိုတာလည်း သူမသိဘူး။ ဤလ၏ ၂၈ရက်နေ့က ရက်ကောင်းတစ်ရက်လို့ သူကြားထား၏။ အဲ့ဒီနေ့ကို အတွဲတွေအများကြီး ရွေးထားကြတယ်ဆိုပဲ!
"ဒါဆို မင်းသူ့ကိုကြိုက်တယ်ပေါ့? သူက ဘယ်လိုလူမျိုးလဲ"
ချန်ချီသည် လမ်းဘေးက သစ်ကိုင်းတစ်ခုကို ကောက်၍ လီချန်ဖုန်းသယ်လာသည့် ထင်းစည်းကို ဆက်တိုက်ရိုက်နေရာ 'တက်ခ် တက်ခ်' အသံများ အဆက်မပြတ်ထွက်လာနေသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စေ၏။
"မင်းလိုမျိုး လုံးဝမဟုတ်ဘူး!" လမ်းဆုံသို့ရောက်သည်နှင့် လီချန်ဖုန်းသည် မျက်နှာထားမည်းမှောင်နေတဲ့ချန်ချီကို အရေးစိုက်မနေတော့ဘဲ သူ့လမ်းဆီသာလျှောက်သွားတော့သည်။
"ဒီကလေးကတော့!"
ချန်ချီသည် သစ်ကိုင်းတစ်ချို့ဖြင့် ညှိသွားခဲ့သော သူ့အင်္ကျီကို သပ်ရပ်အောင်လုပ်၍ ပခုံးတွန့်လျက် တခြားလမ်းကို ဦးတည်လိုက်၏။ သူတို့အိမ်တွေက လမ်းနှစ်သွယ်ဖြင့် ခြားနေသည်မှာ မနီးလွန်းမဝေးလွန်းတဲ့အကွာအဝေးပင်။
"ပြန်လာပြီလား။ မြန်မြန်လုပ် လက်ဆေးပြီး ညစာစားကြမယ်!"
သူ့ခြေသံကိုကြားတော့ ချန်ချီဇနီးက ခြံထဲမှာ ခြောက်နေပြီဖြစ်တဲ့စောင်တွေကို ရုတ်နေရင်း ခေါင်းပင်မလှည့်လာဘဲ ပြောလာသည်။ ချန်ချီရဲ့ဇနီးမှာ အန်းလဲ့ရွာမှဖြစ်ကာ သူက ပွင့်လင်းပြီး ကြင်နာတတ်သည့် စိတ်နေစိတ်ထားရှိသည်။ သို့ရာတွင် သူ့နှလုံးသားထဲမှာ အစိုင်အခဲတစ်ခုတော့ရှိနေ၏။ ထိုသည်မှာ ချန်ချီနှင့်လက်ထပ်ပြီးကတည်းက ဒီလောက်နှစ်တွေကြာလာတာတောင် ကလေးမရနိုင်သေးတာပဲ!
ချန်ချီလည်း အသံပြုလိုက်ပြီး ထင်းတဲနောက်မှာ ထင်းတွေကို ထားလိုက်၏။ သူလည်ပင်းဆန့်လျက် ပြောလိုက်သေးသည် "ဟေး ငါပြောရဦးမယ်ကွာ၊ ငါထင်းမခုတ်တော့တာ ဒီလောက်နှစ်တွေကြာသွားတော့ ဒီနေ့ ငါ့စကေးတွေ သံချေးတက်နေပြီလို့ ခံစားလိုက်ရတယ်!"
အမေချန်က စားပွဲဆီ အစားအသောက်တွေယူလာတော့ ခြံထဲက ချန်ချီရဲ့အသံပြဲကြီးကို ကြားလိုက်ရ၏။ ခန်းမထဲမှာ ဆေးပြင်းလိပ်ထိုင်သောက်နေတဲ့အဖေချန်ကို စိုက်ကြည့်၍ "သူက ဘယ်သူနဲ့တူနေလို့လဲမသိဘူး၊ တခြားသူတွေနားကန်းနေသလိုမျိုး အသံပြဲကြီးနဲ့အော်ဟစ်နေတာပဲ!"
အဖေချန်သည် သူ့မိန်းမ၏ညည်းညူနေခြင်းကို လျစ်လျူရှုထား၏။ ထိုအချိန်တွင် နားဝင်ပီယံရှိလှတဲ့အသံလေးထွက်လာသည် "အကိုကြီးက အဖေနဲ့ပိုပိုပြီးတူလာတယ်ဆိုပြီး အမေပြောနေတယ်!"
အရပ် ၁.၇မီတာခန့်ရှိသည့် ချောမောလှသောကောငယ်လေးတစ်ယောက်က ပန်းထိုးလက်ကိုင်ပုဝါတစ်ခြင်းကိုင်လျက် အခန်းထဲမှ ရုတ်တရက်ထွက်လာခဲ့သည်။ သူကတော့ ချန်ချီရဲ့ညီလေး ချန်ဟုန်ပင်။ ဒီနှစ်မှာ သူက ၁၅နှစ်ပြည့်တော့မှာဖြစ်ပြီး အိမ်ထောင်ပြုရမည့်အရွယ်ရောက်လာလေပြီ။
အဖေချန်သည် သူ့သားငယ်လေးထွက်လာတာမြင်တော့ သူစိတ်ပျက်နေရတာတွေအားလုံးပျောက်သွား၏။ ချန်ဟုန်က သူ့၏ဒုတိယကလေးဖြစ်ပြီး သူလေးက ရွာထဲ၌ အချောဆုံးကောငယ်ငယ်လေးတွေထဲက တစ်ယောက်ပင်။ သူက ပန်းထိုးရာ၌လည်း ထူးချွန်ပြီး မိဘတွေအပေါ်သိတတ်ပေသည်။ တကယ့်ရတနာလေးပါပဲ။
"အဲ့ဒါတွေအားလုံးက မင်းအစ်ကိုကြီးရဲ့အာပြဲသံကြောင့်လေ၊ ဆူညံပွတ်လောရိုက်နေတာပဲ!"
ချန်ဟုန် ခန်းမထဲရှိ ဗီရိုအသေးလေးပေါ်မှာ ပန်းထိုးခြင်းတောင်းကို တင်ထားလိုက်ပြီး ခြင်းအထဲမှ ထိုးပြီးသွားသော ပန်းထိုးလက်ကိုင်ပုဝါလေးကို ထုတ်လျက် အမေချန်ဆီကမ်းပေးလိုက်ရင်း ပြောလာ၏ "အမေ ဒါလေးက ကျွန်တော် အခုလေးတင်ထိုးထားတဲ့ အဆင်သစ်လေး။ တစ်ချက်ကြည့်ကြည့်ပါဦး။ အမေဘယ်လိုထင်လဲ"
"ဘယ်လိုထင်လဲ?" ခန်းမထဲသို့ဝင်လာသောချန်ချီမှာ ချန်ဟုန်စကား၏နောက်ဆုံးအပိုင်းကိုသာကြားလိုက်၏။ ချန်ဟုန်မှာ ပြုံးလျက် "အစ်ကိုရေ အစ်ကိုရေ အခုလေးတင်ထိုးပြီးသွားတဲ့ လက်ကိုင်ပုဝါအကြောင်း အမေ့ကိုပြောပြနေတာလေ။ အဲ့ဒါလေးက ကောင်းတယ်ဆိုရင် ကျွန်တော်ရောင်းမလို့"
ချန်ချီ သူ့အဖေနားမှီလျက် လက်ကိုင်ပုဝါကိုကြည့်လိုက်ပြီး "ငါ့ညီလေးပန်းထိုးတာက ရွာထဲမှာ အကောင်းဆုံးပဲကွ!"
အမေချန်က သူ့သားအမွှမ်းတင်နေတာကို ပျော်ပျော်ကြီးနားထောင်လိုက်ပြီး သူ့မျက်လုံးထဲမှာ ကျေနပ်အားရမှုအပြည့်ဖြင့် "အဲ့လိုပြောစရာမလိုပါဘူး။ ဟုတ်ပါပြီ၊ မြန်မြန်စားကြရအောင်။ မနက်ဖြန်မနက်ကျရင် ဒီလက်ကိုင်ပုဝါကို အမေသွားရောင်းပေးမယ်နော်။ ဒီဟာလေးက အဆင်သစ်ဆိုတော့ စျေးကောင်းရမှာပဲ!"
ချန်ချီက ပန်းကန်လုံးများနှင့်တူများကို နေရာချပြီးဖြစ်၍ သူ့အဖေနှင့် သူကိုယ်တိုင်အတွက် ယာဂုပန်းကန်တစ်ဝက်စီ ခပ်ထည့်လိုက်၏။ သူတို့မိသားစုမှာ မဆင်းရဲပေမယ့်လည်း လယ်သမားမိသားစုဖြစ်၍ အလျှံအပယ်တော့မရှိ။
ချန်ဟုန် သူ့ယာဂုကိုသောက်နေရင်း တစ်ဖက်ခြမ်းမှာ ပေါင်မုန့်ဝါးနေသော ချန်ချီကိုကြည့်လိုက်သည်။ "အစ်ကို၊ ဒီမနက်က အစ်ကိုချန်ဖုန်းဆီသွားတာလား"
ချန်ချီမှာ ဟင်းရွက်တွေကို ပါးစပ်အပြည့်စားနေလျက် မစဥ်းစားဘဲ ပြန်ဖြေလာ၏ "ဟုတ်တယ်၊ အဲ့ဒီကောင်က ငါတို့ကိုအသိမပေးဘဲနဲ့တောင် တခြားသူရဲ့မိသားစုထဲ လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချပြီးနေပြီလေ!"
ပန်းကန်လုံးကိုကိုင်ထားသည့် ချန်ဟုန်၏လက်မှာ အနည်းငယ်တင်းကျပ်သွားပြီး နှုတ်ခမ်းကိုစုဝိုင်းလိုက်၏။ အမေချန်မှာ ချန်ချီကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်၍ "ငါမင်းကိုဘာပြောထားလဲ!"
ချန်ချီလည်း သူ့အမေရော ဟိုကောင်လီချန်ဖုန်းကရော ဘာလို့ဒီလိုစကားတွေပဲပြောနေရတာလဲဆိုတာ နားမလည်တော့ချေ။ "တကယ်တော့ ကျွန်တော်တို့က အတူတူကြီးပျင်းလာကြတာလေ။ အချင်းချင်းဂရုစိုက်ပေးကြတာ ဘာမှားနေလို့လဲဗျာ"
ချန်ချီရဲ့ဇနီးမှာ ချန်ဟုန်စိတ်လွင့်နေပုံရသည်ကို သတိထားမိ၏။ သူက ခုခံပြောဆိုနေဆဲချန်ချီကိုကြည့်လိုက်ပြီး ဒီမနက်မှာ ချန်ဟုန်က အမေချန်အား လီမိသားစု၏ဒုတိယသား လီချန်ဖုန်း၏ မိသားစုခွဲထွက်သည့်သတင်းဟာ အမှန်ဟုတ်မဟုတ်မေးမြန်းနေသည်ကို သတိရသွားသည်။ ဒါဟာ ချန်ဟုန်ကစိုးရိမ်နေတာလို့ပဲ သူမျှော်လင့်ခဲ့ပေမယ့် ဖြစ်ချင်တော့ လီချန်ဖုန်းက တခြားကောငယ်လေးနှင့် စေ့စပ်ပြီးသွားပြီ။
ချန်ချီရဲ့ဇနီးက ဟင်းတစ်မျိုးကို သာမန်ကာလျှံကာယူ၍ အတွေးထဲလမ်းပျောက်နေတဲ့ချန်ဟုန်ပန်းကန်ထဲ ထည့်ပေးလိုက်ရင်း ညင်ညင်သာသာလေးပုတ်လျက် "ဒီမှာ နည်းနည်းထပ်စားဦးလေ၊ မဟုတ်ရင် မင်းအစ်ကို အကုန်စားသွားလိမ့်မယ်!"
ချန်ဟုန်လည်း သူ့အတွေးနယ်ချဲ့နေရာက ဆတ်ခနဲဖြစ်သွားပြီး သူ့ယောက်မစကားကို နားထောင်လိုက်သည်။ (T/N: ကောတွေရှိတဲ့ကမ္ဘာဆိုတော့လေ အစ်ကိုရဲ့မိန်းမကို ယောက်မပဲသုံးထားလိုက်တယ်နော်)
သူ နောက်ဟင်းတစ်မျိုးထပ်ယူလိုက်ပြီး ပြောလိုက်သည်။ "အများကြီးစားလိုက်ကြတာပေါ့၊ ဒါဆို အစ်ကိုကြီးလည်း စိတ်မရှည်ဘဲ စောင့်ဖို့မလိုတော့ဘူးလေ!"
အဖေချန်နှင့် အမေချန်တို့က ထိုစကားကိုကြားတော့ အားရပါးရရယ်လိုက်ကြလေသည်။ ချန်ချီလည်း စိတ်မဆိုးဘဲ သနားစရာကောင်းတဲ့ပုံစံကို ဆက်၍ပင် ဟန်ဆောင်ကစားလေရာ စားပွဲဝိုင်းရှိလူအားလုံးကို ပိုရယ်မောစေသွားပြန်သည်။ ချန်ဟုန်ရဲ့မျက်နှာလှလှလေးမှာ တောင်ပေါ်ရှိ ကမဲလီးယားပန်းကဲ့သို့ ပွင့်လန်းလှပနေလျက်။