Chapter-17
ယနေ့မှာ စျေးနေ့မဟုတ်သော်လည်း လမ်းပေါ်တွင် လူတွေပြည့်နေဆဲ။ နေရာတိုင်းမှာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချနေသော စျေးသည်တွေရှိနေပြီး ခါတိုင်းလို စားသောက်ဆိုင်များလည်း ဖွင့်ထား၏။ မြင်ကွင်းမှာ သက်ဝင်လှုပ်ရှားလှပေသည်။
"ဟေး ယန်မိသားစုကလား မင်းလည်း ဒီနေ့စျေးလာတာလား"
အနည်းငယ်ပိန်ပါးသောကောတစ်ယောက်ဟာ သူနှင့်သိပ်မဝေးတဲ့ တခြားကောတစ်ယောက်ကို ခေါ်လိုက်သည်။
"ဘယ်သူ့အသံက ဒီလောက်ကျယ်နေသလဲလို့ ငါသိချင်နေတာ! ဒီတော့ ကျန်းမိသားစုက တစ်ယောက်ဖြစ်နေတာပဲ။ အရင်တစ်ခေါက်ကထိုးပြီးသွားတဲ့ ပန်းထိုးလက်ကိုင်ပုဝါတွေ လာရောင်းတာလေ။ အိုး ငါမှတ်မိပြီ၊ မင်းလည်း အရင်တစ်ခေါက်က ငါ့နဲ့အတူတူဝယ်သွားတာပဲလေ။ မင်းရဲ့ဟာတွေရော ကောင်းကောင်းထွက်လာရဲ့လား"
ကျန်းမိသားစုမှ ကောသည် ရွှီချင်းကိုဖြတ်လျှောက်သွားခဲ့ပြီး ယန်မိသားစုမှ ကောနှင့် စကားစမြည်ပြောနေတော့သည်။
"ဟုတ်တယ်လေ၊ ငါလည်း ဒီမှာ လက်ကိုင်ပုဝါတွေလာရောင်းတာပဲ။ ဒီလိုဆိုမှတော့ အတူတူသွားကြတာပေါ့! ဒါနဲ့ စကားမစပ်" ကျန်းမိသားစု၏ ကောမှာ ဘေးဘီကြည့်ရင်း ရင်းနှီးတဲ့သူတွေကိုမတွေ့တော့မှ အသံတိုးတိုးလေးဖြင့် မေးလာခဲ့သည်။
"မနေ့ညက လီမိသားစုအိမ်ခွဲကြတဲ့ကိစ္စအကြောင်းသိလား"
ယန်မိသားစု၏ ကောသည်လည်း "မိသားစုခွဲထွက်တယ်"ဆိုတဲ့စကားလုံးတွေကို ကြားလိုက်သည်နှင့် ဒီအတင်းအဖျင်းတွေကို နားထောင်ရတာတန်မှန်း သိလိုက်ပြီ!
"အိုး ဘုရားရေ ငါတကယ်မသိသေးဘူး! ဘာဖြစ်သွားတာလဲဟ၊ ဘာလို့ သူတို့ မိသားစုခွဲကြတာတုန်း။ ငါ့ကိုပြောပြဦး!" စကော်လာစာမေးပွဲကို အောင်မြင်ထားသည့် လီမိသားစုရဲ့ တတိယသားဟာ ရွာထဲမှကလေးတွေကို စျေးပေါပေါနဲ့ စာသင်ပေးဖို့ဆန္ဒမရှိသည်ကြောင့် ရွာထဲရှိလူတော်တော်များများမှာ လီမိသားစုအကြောင်း ထင်မြင်ချက်တစ်ချို့ရှိနေကြလေသည်။
ကျန်းမိသားစု၏ကောသည် ယန်မိသားစု၏ကောရဲ့ စပ်စုစိတ်ကို ကျေနပ်စေရန် လက်ဟန်ခြေဟန်အမူအရာဖြင့် ရှင်းပြတော့သည်။
"ငါကြားတာတော့ ဒုတိယသားလီက တခြားမိသားစုမှာ လက်ထပ်တော့မှာတဲ့။ ဒီတော့ တတိယသားလီက မိသားစုကခွဲထုတ်ပစ်ချင်တာပေါ့! သူကဘာမှတောင်မရဘဲ ထွက်သွားရတာတဲ့! ကျစ် ကျစ် တတိယသားလီက အရမ်းအကြင်နာမဲ့လိုက်တာ!"
"တကယ်ကြီးလား? ဒါပေမယ့် တတိယသားလီက ပညာတတ်တစ်ယောက်လေ။ သူ့သိက္ခာကျမှာ မစိုးရိမ်ဘူးလားဟ။ အနာဂတ်မှာ သူဘယ်လိုလုပ် ပိုမြင့်တဲ့ရာထူးကို ဆက်တက်မှာတုန်း" သူ့စကားလုံးတွေက ဝမ်းနည်းနေသလိုဖြစ်နေပေမယ့် အမူအရာကတော့ဆန့်ကျင်ဘက်ပင်။ ရွှီချင်းမှာ ထိုလူကအရမ်းမော်ကြွားနေမည်ကိုသာ သူမကြောက်ပါက ထိုသူ့ကို ၁၀မှာ ၉.၉မှတ်တောင်ပေးလိုက်ချင်လေရဲ့!
"ဟန့် သူ့လိုလူမျိုးက ပညာတတ်ဖြစ်လာလည်း ဘာမှကြီးကျယ်မနေပါဘူး!"
ယန်မိသားစု၏ကောသည် သူ့ပါးစပ်ကိုကွယ်၍ ရယ်လိုက်ပြီး "ဒါပေမယ့် မင်းပြောတာကိုကြားရတာ လောင်လီတို့စုံတွဲကလည်း အဲ့ဒီကိစ္စကို သဘောတူတယ်ပေါ့လေ"
"သူတို့ သေချာပေါက် သဘောတူတာပဲပေါ့။ မနေ့ညကဖြစ်တာလေ။ လီကျန်းနဲ့ လီမျိုးနွယ်စုဦးလေးတွေ သူတို့ခြံဝင်းထဲ ဝင်သွားတာကို တစ်ယောက်ယောက်တွေ့လိုက်တာ!" ကျန်းမိသားစု၏ကောသည် သူ့ဆံပင်ကို သာမန်ကာလျှံကာပြင်လိုက်ပြီး အသေအချာဟန်ပန်ဖြင့် ပြောနေခဲ့ပေသည်။
"ငါယုံပါတယ်ဟယ်။ မင်းဆီကသတင်းကြားတိုင်း အမြဲမှန်တာပဲလေ!" ကျန်းမိသားစု၏ကောမှာ သူ့အဖော်ချီးမွှမ်းသည်ကို ကျေနပ်ပီတိဖြစ်လျက် ပျော်ပျော်ကြီးလျှောက်သွားတော့သည်။
ထွက်သွားကြသည့် သူတို့ပုံရိပ်တွေကိုကြည့်ရင်း ရွှီချင်းလည်း တစ်ခုခုကိုနားလည်သွားရ၏။
***
ကျိရှန်းရွာ၏ တောင်အနောက်ပေါ်တွင် လီချန်ဖုန်းက သူ့လက်ထဲက ဓားတစ်ချောင်းဖြင့် တောင်ပေါ်တက်နေ၏။ သူ့ဘေးတွင် သူနှင့်သက်တူရွယ်တူဖြစ်ပြီး အနက်ရောင်လက်တိုအင်္ကျီ၀တ်ထားသော အသားမည်တဲ့ အမျိုးသားတစ်ဦးရှိနေသည်။
ချန်ချီသည် ရွာထဲကကောလဟာလတွေကို တွေးလိုက်ပြီး လီချန်ဖုန်းထံမှ အတည်ပြုလိုက်တာကိုကြားတော့ သူ့နှလုံးသားထဲမှာ ဘဝင်မကျဖြစ်နေလျက်။
"ငါနားမလည်လို့၊ ဘာမှမရဘဲ မင်းဘာလို့ထွက်သွားချင်ရတာလဲကွာ။ တကယ်လို့ မင်းနေရာမှာ ငါသာဆိုရင်..."
လီချန်ဖုန်းက နောက်လှည့်မကြည့်ဘဲ ဆက်လျှောက်ရင်း "တကယ်လို့ မင်းက ငါဆိုရင်ကော မင်းဘာလုပ်မလဲ"
ချန်ချီက သူ့ဘောင်းဘီရှည်ကို လိပ်တင်လျက် သူ့ခြေထောက်နားက တောခုတ်ဓားကိုယူပြီး "တကယ်လို့ ငါသာ မင်းဆိုရင်! ငါ အဲ့ဒီမိသားစုမှာ မိသားစုမခွဲထွက်ဘဲနေမှာ! သူ့ကိုနေ့တိုင်း စိတ်အနှောင့်အယှက်ပေးပစ်မယ်ကွ!" စစ်တပ်မှာရှိနေတုန်းက လီချန်ဖုန်းက ဘယ်လိုတောင့်ခံပြီးနေခဲ့ရသလဲဆိုတာ သူမျက်မြင်ပဲ!
လီချန်ဖုန်း တိတ်ဆိတ်နေပြီး အရာရာတိုင်းကို လစ်လျူရှုလျက် လမ်းဆက်လျှောက်နေသည်ကိုမြင်တော့ ချန်ချီမှာ စိုးရိမ်ပူပန်လာ၍ သူ့ကိုအမှီလိုက်ကာ အရေးတကြီးလေသံနှင့်ပြောလိုက်သည်။ "ရွာထဲကလူတွေ ဘာတွေပြောနေကြလဲဆိုတာ မင်းမသိဘူးလား"
"သူတို့ဘာတွေပြောနေကြလို့လဲ"
လီချန်ဖုန်းဆီမှ တုံ့ပြန်မှုတစ်ခုခုပြလာသည်နှင့် ချန်ချီလည်း ရွာထဲက သူကြားခဲ့ရသော ကောလဟာလအားလုံးကို ချက်ချင်းပြန်ပြောတော့သည်။ ဒီလိုကောလဟာလတွေစစ်မှန်ကြောင်းကို အတည်ပြုဖို့ သူ့ရင်ဘတ်သူတောင် ပုတ်ပြခဲ့၏။
"ဒီမနက် ငါနိုးတာနှင့် ငါ့အမေနဲ့ ညီလေးတို့ ပြောနေကြတာကွာ။ ဝမ်မိသားစုရဲ့သားနှင့် အဲ့ဒီအဖြစ်အပျက်ကြောင့် မင်းရဲ့တတိယညီက မင်းကိုနားလည်မှုလွဲနေပြီး မင်းကိုမိသားစုကခွဲထုတ်ချင်တာတဲ့! မင်းကတော့သိမှာမဟုတ်ဘူးကွ! လူတိုင်းက မင်းတို့မိသားစုအကြောင်းပြောနေကြပြီ!"
ဤကောလဟာလများမှန်မမှန် အတည်ပြုချင်တာကြောင့် လီချန်ဖုန်းကို သူနှင့်အတူ တောင်ပေါ်မှာ ထင်းခုတ်ရန် ခေါ်ထုတ်ခဲ့၏။ တကယ်ပဲ လီလောင်စန်းက အဲ့ဒီလောက်အသည်းနှလုံးမရှိတဲ့သူလားဆိုတာကို သိချင်ရုံတင်!
"အဲ့ဒါတွေအားလုံးက အမှန်တွေပဲလား ငါ့ကိုပြောပြကွာ! ပြီးတော့ မင်းကိုယ်တိုင်ကိုက ဘာမှမယူဘဲ ထွက်သွားဖို့ အဆိုပြုတာဆို။ ငါတကယ်ပဲနားမလည်နိုင်တော့ဘူးကွာ"
လီချန်ဖုန်း သူ့ခေါင်းကိုလှည့်ကာ ချန်ချီကို တည်ငြိမ်စွာ ကြည့်နေ၍ ချန်ချီမှာ တုန်ယင်သွားရပြီး "မင်းဘာကြည့်တာတုန်း။ ငါပြောတာမှားသွားလို့လား"
"ငါနဲ့ တတိယညီရဲ့ဇနီးအကြောင်း ရွာမှာ အတင်းအဖျင်းတွေရှိနေတာ မဟုတ်ဘူးလား"
ချန်ချီ ခဏလောက်စဉ်းစားလိုက်ပြီး "ဝမ်လိရဲ့အခြေအနေကြောင့် လီလောင်စန်းရဲ့အပြုအမူတွေကိုထုတ်ပြောကြတယ်။ ဒါပေမယ့် သူတို့က မင်းနဲ့ဝမ်လိအကြောင်းကိုတော့ တမင်ရည်ရွယ်ပြီးမပြောကြပါဘူး"
လီချန်ဖုန်းရဲ့ မျက်လုံးတွေက တဖြည်းဖြည်းမည်းနက်လာလျက် "ပြီးတော့ သူတို့က ငါ့ဘာသာငါ ဘာမှမယူဘဲ မိသားစုကခွဲထွက်တဲ့ကိစ္စကိုလည်း ရည်ရွယ်ပြီးပြောတာမဟုတ်ဘူးပေါ့"
ချန်ချီ ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်လိုက်ပြီး "အဲ့လိုကြီးမဟုတ်ဘူးလေ၊ မင်းငါ့ကိုမပြောကတည်းက ငါကလည်း အတည်မယူဘူးလေ! ဘယ်သူက ဒီလိုကိစ္စတွေကို သူတို့ကိုယ်သူတို့အကြံပြုမှာတုန်းကွာ!"
"မိသားစုခွဲထွက်ဖို့ မင်းရဲ့အဆိုပြုချက်နှင့် ဘာဆိုင်လို့လဲ။ ခေါင်းစဥ်မပြောင်းလိုက်နဲ့! ပြောစမ်းပါကွာ၊ ငါရူးတော့မှာပဲ!"
"မသွားနဲ့ဦးလေ! မင်းငါ့ကို ဘာမှမဖြေရသေးဘူးကွ! လီလောင်အာ့! လီချန်ဖုန်း!!"
(စပ်စုစိန်ချန်ချီ 😅)
ရွှီချင်းက ရွာအစွန်၌ မြည်းလှည်းပေါ်မှဆင်းပြီးနောက် အိမ်သို့တိုက်ရိုက်မပြန်သေးဘဲ အဒေါ်ရှဲ့အိမ်သို့သွားခဲ့သည်။
"အဒေါ်ရှဲ့ရေ ဒါက ကျွန်တော်ဈေးကဝယ်လာတဲ့ ကွေ့ဟွားကိတ်မုန့်လေ၊ အဒေါ်နဲ့ဦးလေးလည်း စားကြည့်ပါဦး!"
ရွှီချင်းသည် အဒေါ်ရှဲ့ဘေးမှာ မထိုင်ချလိုက်ခင် သူ့လက်ထဲကအထုပ်ကို စားပွဲပေါ်တင်လိုက်သည်။
"ငါမင်းကိုပြောနေတာ၊ မကြာခင်မှာ မင်းမင်္ဂလာပွဲအတွက် ပိုက်ဆံတွေသုံးဖို့ရှိသေးတာကို။ ဒီလိုလက်ဖွာနေလိုမရဘူး! ဒီလိုတွေဆက်လုပ်နေရင် အဒေါ်လည်းပျော်မှာမဟုတ်ဘူး!" အဒေါ်ရှဲ့သည် နှလုံးသားထဲက နွေးထွေးမှုကိုခံစားရပေမယ့်လည်း ရွှီချင်းရဲ့အကျင့်ကို လက်မခံနိုင်ပေ။ သူက မိသားစုတစ်ခုစတင်တော့မှာဖြစ်ပြီး နောင်မှာ သူတို့တွေအကုန်အကျများနေတော့မှာပေါ့!
ရွှီချင်းသည် အဒေါ်ရှဲ့ရဲ့ ဒူးပေါ်က အနီရောင်ပွဲဝတ်စုံလေးကိုထိနေပြီး ပြုံးလျက် "သိပါတယ်၊ ကျွန်တော်သိပါတယ်ဗျာ! အခုကစပြီး အဒေါ်က ကျွန်တော့်ကို တစ်ခုခုဝယ်ခိုင်းရင်တောင်မှ ကျွန်တော်သေချာပြန်စဥ်းစားပါ့မယ်!"
အဒေါ်ရှဲ့ ပြုံးနေလျက် ရွှီချင်းဆီ ဆူပူချင်သည့်အကြည့်တစ်ချက်ပို့လိုက်ပေမယ့် ဆက်မငြင်းတော့ပေ။ ဒီကလေးက ကျေးဇူးသိတတ်တဲ့နှလုံးသားလေးရှိတာ၊ သူက အကူအညီတွေအကုန်လုံးသတိရနေတုန်းပဲ။
"အိုး မင်းဆေးဝယ်လာတယ်မလား။ အခြေအနေဘယ်လိုလဲ။ သမားတော်ဘာပြောလိုက်လဲ"
အဒေါ်ရှဲ့သည် ခုံပေါ်တင်ထားသော ရွှီချင်းရဲ့ ဆေးထုပ်ကိုတွေ့၍ စိတ်ပူစွာမေးမြန်းလိုက်သည်။
"အွန်း! သမားတော်က ကျွန်တော့်မှာ အပူဓာတ်လွန်ကဲနေတာမို့လို့ ဒီဝက်ခြံဖုတွေထွက်လာတာလို့ပြောတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင် ပိုကောင်းလာတော့မှာ! ဒီတော့ ဆေးအတွက် ကျွန်တော် ၂၀၀ယွမ်ပဲကုန်တာ၊ သမားတော်က ဆေးသောက်ပြီးတာနဲ့ ကောင်းသွားတော့မယ်တဲ့။ ကျွန်တော်ခန့်မှန်းရသလောက်တော့ လက်မထပ်ခင်အချိန်မှာ လုံးဝပြန်ကောင်းသွားတော့မှာ!"
ရွှီချင်း၏စကားတွေက အဒေါ်ရှဲ့ကို ဘာလုပ်ရမှန်းမသိအောင် ပျော်ရွှင်သွားစေ၏။
"အဲ့ဒါက! အရမ်းကောင်းတာပဲ! သိပ်ကောင်းတယ်!" မင်းတို့ကြည့်လိုက်စမ်းပါ၊ သူ့မျက်နှာပေါ်ကဒီဝက်ခြံဖုတွေကြောင့် ချင်းကောအာမှာ စိတ်ဆင်းရဲခဲ့ရတာ! လူတွေက သူ့ကို "ရုပ်ဆိုးဆိုးကော!"လို့ စနောက်သလိုလို လှောင်ပြောင်ခေါ်ကြသေးတယ်! ရွှီချင်းအဖေသည် မတတ်နိုင်ဘဲ တောင်ခြေကို အိမ်ပြောင်းရွှေ့ခဲ့ရပြီး ရွှီချင်းလည်း လက်ထပ်ဖို့တောင် အခုအချိန်ထိ အချိန်ဆွဲခဲ့ရတာ!
"ကောင်းလိုက်တာ! တမလွန်က မင်းအဖေနဲ့အမေသိရင် တကယ့်ကိုငြိမ်းချမ်းသွားကြမှာပဲ!" အဒေါ်ရှဲ့သည် မထိန်းနိုင်တော့ဘဲ မျက်ရည်ကျလာခဲ့၏။ ရွှီချင်းကိုကြည့်လိုက်ပြီး နောက်ဆုံးမှာ သူ့နှလုံးသားထဲက စိုးရိမ်ပူပန်မှုတွေကို လွှတ်ချလိုက်တော့သည်။ လက်ထပ်ပြီးနောက် လီချန်ဖုန်းက ရွှီချင်း၏ရုပ်ရည်နှင့်ပတ်သက်ပြီး မကျေနပ်တာ၊ မပျော်ရွှင်တာများဖြစ်လာမှာကို သူအမြဲကြောက်နေခဲ့ရတာ။ သို့ရာတွင် ယခုတော့ အရာအားလုံးပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ သူ့စိတ်သက်သာရာရသွားပြီ။
ရွှီချင်းက သူ့လက်ထဲမှ အနီရောင်မင်္ဂလာဝတ်စုံကို အမြန်အောက်ချလိုက်ပြီး အဒေါ်ရှဲ့ရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ သူ၏မူလရည်ရွယ်ချက်မှာ အဒေါ်ရှဲ့ကို စိတ်သက်သာရာရစေချင်ရုံတင်။ သို့သော် ယခု အဒေါ်ရှဲ့ အခြေအနေကို မြင်တော့ သူ့နှလုံးသားလေးမှာ တုန်လှုပ်သွားရသည်။
"ကျွန်တော်... ကျွန်တော်ပြန်ကောင်းသွားတော့မှာလေ နော်။ မငိုပါနဲ့တော့ အဒေါ်ရှဲ့ရယ် ကျေးဇူးပြုပြီးတော့ မငိုပါနဲ့ဗျာ..."
ရွှီချင်းရဲ့ အသံမှာလည်း မသိစိတ်က ဆို့နင့်လာလျက်။ သူက မိဘမဲ့တစ်ယောက်ဖြစ်ပြီး မိဘမဲ့ဂေဟာမှာ စိတ်ရင်းနဲ့ဆက်ဆံခံရတာပဲရှိခဲ့သည်။ သူဒီကိုရောက်လာပြီးနောက် အဒေါ်ရှဲ့နဲ့ဦးလေးရှဲ့ကပဲ သူ့ကို အရမ်းဂရုစိုက်ပေးကြတာဖြစ်၏။
အစတုန်းကတော့ အဒေါ်ရှဲ့၏ကြင်နာမှုတွေကို မူလပိုင်ရှင်ဆီက ခံစားရတဲ့ကျေးဇူးတင်စိတ်ကြောင့် သူက အဒေါ်ရှဲ့နှင့် နည်းနည်းပိုနီးစပ်သလိုပင်။ သို့ရာတွင် ဒီမှာအချိန်ကြာလာပြီးနောက် အဒေါ်ရှဲ့နှင့်ဦးလေးရှဲ့တို့က သူ့ကို အမှန်တကယ်ဂရုစိုက်ကြ၏။ မိသားစုမရှိ အပေါင်းအသင်းတွေမရှိတဲ့ တစ်ယောက်ယောက်အတွက်တော့ အရမ်းကိုအဖိုးတန်တယ်လေ!
"ဘာတွေဖြစ်နေတာလဲ? ဒီမှာဘာဖြစ်သွားလို့လဲ? မင်းတို့နှစ်ယောက်လုံး ဘာလို့ငိုနေကြတာလဲ"
ဦးလေးရှဲ့ အခန်းထဲဝင်လာသည်နှင့် တစ်ခုခုလွဲနေသည်ကို ခံစားလိုက်ရ၏။ ချင်းကောအာ ဘယ်အချိန်ကရောက်တာပါလိမ့်။ သူ့ဇနီးက ပျော်ပျော်ရွှင်ရွှင်ပြုံးနေသေးတာ ရုတ်တရက်ကြီး ဘာလို့ထငိုရတာတုန်း။
"ဟိုကောင်လေးလီက လက်ထပ်ဖို့ နောင်တရသွားလို့လား! ငါသူ့ကိုသွားရှာမယ်!"
အဒေါ်ရှဲ့သည် အမြန်ပြန်ပြောလိုက်၏။ "ခင်ဗျား ကောင်းတာလေးပြောလို့မရဘူးလား"
ရွှီချင်းမှာ နည်းနည်းရှက်သလိုခံစားရပြီး သူ့အမူအရာကိုပြင်ရန် ခေါင်းငုံ့ထားလိုက်၏။ အဆုံးမှာတော့ အဒေါ်ရှဲ့နှင့်အတူလိုက်ငိုမိသွားသည်ကို သူအံ့သြသွားရသည်။
ဦးလေးရှဲ့က ဒီအခြေအနေကို နားမလည်နိုင်စွာဖြင့် မေးလာသည်။ "ဒါဖြင့် မင်းတို့နှစ်ယောက်လုံးက ဘာလို့ငိုနေကြတာလဲကွာ"
ရွှီချင်းက အဒေါ်ရှဲ့ကိုပြောခဲ့သည့်အတိုင်း အမြန်ပြန်ပြောပြလိုက်၏။ ဦးလေးရှဲ့လည်း ထိုသတင်းကြားလိုက်ရတော့ အရမ်းပျော်သွားပေသည်။ "ဒါက တကယ့်ကို သတင်းကောင်းပဲ။ တခါတလေ မင်းမျက်နှာနီတာက ပြဿနာကြီးမဟုတ်ပေမယ့် မင်းတို့ကောတွေက မျက်နှာပေါ်မှာ နည်းနည်းလေးအပြစ်အနာဆာပေါ်လာတိုင်း အမြဲရေးကြီးခွင်ကျယ်လုပ်နေကြတာလေ! ဟားဟား!"
"ထွက်သွားပြီး ထမင်းသွားချက်တော့!"
ဦးလေးရှဲ့ရဲ့ အနှောင့်အယှက်ကြောင့် အဒေါ်ရှဲ့မှာ အောက်မေ့တမ်းတနေတဲ့ စိတ်ခံစားချက်တွေအားလုံးပျောက်ကုန်ကာ "ချင်းကောအာရေ ဒီနေ့ ဒီမှာပဲ ညစာစားသွားလိုက်တော့! မငြင်းနဲ့ မဟုတ်ရင် အဒေါ်ပျော်မှာမဟုတ်ဘူး!"
ရွှီချင်းသည် သဘောတူဖို့ကလွဲပြီး မတတ်နိုင်ပေ။ ဦးလေးရှဲ့၏ထွက်သွားသောကျောပြင်ကို ကြည့်ပြီး လေးစားစွာဖြင့် "အဒေါ်တို့နှစ်ယောက်က ဆက်ဆံရေးအရမ်းကောင်းကြတာပဲနော်!"
"အစတုန်းကတော့ ဘယ်လိုဖြစ်သွားမှန်း အဒေါ်လည်းမသိပါဘူး၊ ဒါပေမယ့် မင်းရဲ့ဦးလေးရှဲ့ကိုရွေးခဲ့တာပဲ။ ငါက တည့်တိုးသမားလေ၊ ကံကောင်းစွာနဲ့ သူက သင့်တော်တဲ့သူဖြစ်လာပေလို့ပေါ့" အဒေါ်ရှဲ့သည် အပ်ချည်ကိုဖြတ်ပြီး သတို့သားဝတ်စုံနဲ့တိုင်းကြည့်ဖို့ ရွှီချင်းကိုမတ်တပ်ရပ်ခိုင်းလိုက်၏။ "အင်း မဆိုးပါဘူး။ နည်းနည်းရှည်နေလို့ မစိုးရိမ်ပါနဲ့။ လီချန်ဖုန်းဝတ်လိုက်ရင် ကွက်တိကျသွားမှာပါ။ ဒီတစ်ထည်ပြီးသွားပြီ!"
ရွှီချင်းသည် ပျော်ရွှင်စွာ ရှေ့နောက်ကြည့်နေပေမယ့် ကံမကောင်းစွာဖြင့် မှန်မရှိတာကြောင့် သူ့ကိုယ်သူကြည့်လို့မရပေ။ "လီချန်ဖုန်းရဲ့ မင်္ဂလာဝတ်စုံကို အဒေါ်ဘယ်လိုလုပ်လိုက်တာလဲ" အဒေါ်ရှဲ့က လီချန်ဖုန်းအင်္ကျီအတိုင်းယူတာလည်း သူမတွေ့ဘူးလေ။
"အဲဒါကလွယ်ပါတယ်။ သားသတ်သမားလျိုရဲ့မိသားစုကို မေးလိုက်တာလေ။ ဒီအင်္ကျီက သူနဲ့တော်မယ်ဆိုတာသေချာပါတယ်။ ငါ့ကိုယ်ငါအရှက်ရအောင်မလုပ်ပါဘူးနော်" အဒေါ်ရှဲ့သည် သတို့သားဝတ်စုံကို အပြီးသတ်နေ၏။ ဤဝတ်စုံမှာ ရိုးရိုးရှင်းရှင်းလေးနှင့် ကြော့ရှင်းနေပြီး ရွှီချင်း၏ဝတ်စုံထက်တောင် ချုပ်ရတာပိုမြန်၍ ခဏလေးအတွင်းမှာ ပြီးသွားလေပြီ။
ရွှီချင်းသည် ထိုအင်္ကျီကိုယူ၍ သူ့ကိုယ်ပေါ်မှာ စမ်းဝတ်ကြည့်လိုက်တော့ "အား၊ အရမ်းရှည်တာပဲနော်!" အဒေါ်ရှဲ့သာ အင်္ကျီစကို အမြန်မကိုင်နိုင်ခဲ့ရင် ဝတ်စုံက မြေကြီးမှာ တရွတ်ဆွဲနေတော့မှာ။
အဒေါ်ရှဲ့က မင်္ဂလာဝတ်စုံနှစ်ထည်ကို သပ်သပ်ရပ်ရပ်ခေါက်လိုက်ပြီး "ဟုတ်ပါပြီ၊ လီချန်ဖုန်းက အရပ်ရှည်ပြီး တောင့်တင်းတဲ့ကိုယ်ခန္ဓာရှိတယ်လေ! မင်းနဲ့ယှဥ်ရင်တော့ သူကအရပ်ပိုရှည်ပြီးတော့ ပိုသန်မာတယ်လေ ကောင်စုတ်လေးရဲ့! စကားမစပ် ပြန်တဲ့အခါ ဒီဝတ်စုံကို မင်းပြန်ယူသွားဦး။ လီချန်ဖုန်းရဲ့ဝတ်စုံကိုတော့ ဦးလေးရှဲ့နဲ့ သားသတ်သမားလျိုကတစ်ဆင့် ပေးခိုင်းလိုက်မယ်"