Ch-16
Viewers 9k

Chapter-16 


အမေလီက ယနေ့ညတွင် လူတိုင်းရဲ့နှလုံးသားထဲမှာ မအေးချမ်းကြတာကိုသိ၍ ယခင်ကလိုမျိုး အဖေလီနှင့် မငြင်းခုံတော့ဘဲ အရက်ကို ထုတ်ပေးလိုက်သည်။ 


"အကြီးဆုံးသား၊ ဒုတိယသား၊ တတိယသား၊ လာကြလေ မင်းတို့ခွက်တွေဖြည့်လိုက်ကြ" 


လီချန်ဖုန်းနှင့် အခြားသူများသည် သူတို့၏ခွက်များကိုဖြည့်ရန် တစ်ယောက်ချင်းရှေ့တိုးလာကြပြီးမှ သူတို့ထိုင်ခုံမှာ ပြန်ထိုင်လိုက်ကြကာ အဖေလီပြောမည့်စကားကို စောင့်ဆိုင်းနေကြ၏။ အမေလီနှင့် သူ့ချွေးမတွေနဲ့ကလေးတွေကတော့ မစားကြသေးဘဲ စကားတစ်ခွန်းမှလည်းမပြောကြပေ။ 


"ဒီနေ့ ဒီညနေ! ငါအများကြီးမပြောတော့ပါဘူး၊ ဒါပေမယ့် မင်းတို့ ဒီဝိုင်သောက်ပြီးတာနဲ့ မင်းတို့သုံးယောက်ကြားက အတိတ်ကကိစ္စတွေကို မေ့လိုက်ကြတော့! မင်းတို့တွေက သွေးသားတော်စပ်ကြတဲ့ ညီအစ်ကိုတွေပဲ! ဒီစကားကို သတိရကြ! လာကြ သောက်လိုက်တော့!" 


အဖေလီ သူ့ခွက်ကိုကိုင်လျက် ရပ်ပင်မရပ်ဘဲ တစ်ခွက်လုံးသောက်ပစ်လိုက်၏! 


အဖေလီ သောက်ပြီးသွားသည်ကို ကြည့်ရင်း လီလောင်တက ဦးဆောင်၍ လီချန်ဖုန်းနှင့် လီလောင်စန်းတို့ရဲ့ ခွက်တွေကို တိုက်လျက် "လာကြ၊ ဒီနေ့ ငါတို့နှလုံးသားထဲမှာ အားရကျေနပ်တဲ့အထိသောက်ကြမယ်ကွာ!" 


"ကောင်းတယ်! ချီးယား!" 


"ချီးယား!" 


လီချန်ဖုန်း မျက်မှောင်မကြုတ်ဘဲ သူ့ခွက်ကိုသောက်ပြီး ပါးစပ်သုတ်လိုက်ရင်း "အဖေရဲ့ အရက်က အရသာရှိတုန်းပဲ၊ အရမ်းပြင်းလိုက်တာ!" 


လီလောင်စန်း စားစရာတစ်ချို့ကိုယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဒါကိုကြားတော့ သူက ပြုံးလျက် သဘောတူလာ၏။ "အဟုတ်ပဲ၊ အပြင်မှာရောင်းတဲ့အရက်တွေတောင် အဖေချက်ထားတဲ့အရက်လောက် အရသာမကောင်းကြဘူး!" 


လီချန်ဖုန်း ရယ်ပြုံးနေရင်း သူတို့ဝိုင်ခွက်တွေကိုထပ်ဖြည့်ကာ "တတိယညီရေ ငါတို့ခွက်တွေတိုက်ကြရအောင်။ ငါလက်ထပ်တဲ့အခါ ငါတို့မင်္ဂလာပွဲအတွက် ကာရန်တူနှစ်ကြောင်းစပ်ကဗျာအသစ်တစ်ခုရေးပေးဖို့ မင်းကိုအားကိုးမယ်ကွာ!" 


ခင်ပွန်းနှင့် ဇနီးတို့ လက်ထပ်ပြီးနောက် ဘဝသစ်တစ်ခုရဲ့ အစသင်္ကေတအဖြစ် သူတို့ရဲ့ အိမ်တံခါးတွင် တစ်စုံတစ်ယောက်ကို ကာရန်တူနှစ်ကြောင်းစပ်ကဗျာတစ်ပုဒ်ရေးရန် ဖိတ်ကြားရလိမ့်မည်! 


လီလောင်စန်းက အလျင်အမြန်တုံ့ပြန်လာခဲ့ပြီး "သေချာတာပေါ့ဗျာ! အနာဂတ်မှာ ဘယ်အထူးပွဲတွေဖြစ်ဖြစ် ရေးဖို့လိုရင် ကျွန်တော့်ကိုပြောလို့ရပါတယ်! ကျွန်တော်လုပ်ပေးမယ်!" 


အမေလီသည် အဖေလီကို တံတောင်နဲ့တွန်းတိုက်ရင်း "မိသားစုခွဲလိုက်တာလည်း ထင်ရသလောက်တော့ အဆိုးကြီးမဟုတ်ဘူးပဲ" 


အဖေလီသည် အချင်းချင်းလေးစားသမှုရှိနေသော သူ့သားသုံးယောက်ကိုကြည့်ပြီး ကလေးများကို ထမင်းကျွေးနေသော ဝမ်လိနှင့် အကြီးဆုံးချွေးမတို့ဆီ တစ်ချက်ကြည့်လိုက်ကာ ခေါင်းညိတ်ရင်း ပြောလာခဲ့၏။ "ဒုတိယကလေးရဲ့ဇနီးက ကောင်းတဲ့သူဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။" 


မှောင်စပြုလာပြီဖြစ်သော်လည်း လေထုမှာလေးလံခြင်းမရှိ။ လေသည် ညင်ညင်သာသာလေးတိုက်ခတ်လျက် ယခင်ရက်အနည်းငယ်ကလလောက်ထိ မအေးတော့ပေ။ နွေဦးရောက်လာပြီဖြစ်၏။ 


ရွှီချင်းက သူ့လက်ထပ်ပွဲအတွက် အဒေါ်ရှဲ့နှင့် နေ့ကောင်းရက်သာအကြောင်း ဆွေးနွေးနေကြလျက်။ ညစာစားပြီးသည်နှင့် ဦးလေးရှဲ့က အိမ်ကဝက်ကလေးတွေကို အစာကျွေးရန်ပြန်သွားခဲ့ပြီး အဒေါ်ရှဲ့ကတော့ ရွှီချင်းနှင့် ရက်ရွေးရန် ကျန်နေခဲ့ခြင်းပင်။ 


"ဒီလရဲ့ နှစ်ဆယ့်ရှစ်ရက်မြောက်နေ့က မင်္ဂလာဆောင်ဖို့ နေ့ရက်ကောင်းတစ်ရက်ပဲ။ အတိတ်နိမိတ်ကောင်းပြီးတော့ ရွာထဲက မိသားစုတော်တော်များများကလည်း အဲ့ဒီနေ့မှာ မင်္ဂလာဆောင်ဖို့ ရွေးချယ်ကြတာ!" အဒေါ်ရှဲ့က ထိုနေ့မှာသင့်တော်သည်ဟု ထင်သည်။ 


"ကျွန်တော်တို့ တခြားသူတွေကို မင်္ဂလာပွဲတက်ဖို့ ဖိတ်ဖို့လိုသေးလား ဒါမှမဟုတ် သူတို့ဘာသာသူတို့လာကြမှာလား" ရွှီချင်းက ဤကိစ္စတွေကို ပူပန်နေ၏။ သူက အဒေါ်ရှဲ့မိသားစုနှင့်ရင်းနှီးသည်မှလွဲပြီး အဒေါ်ဝေ့နှင့်လည်း တစ်ခါသာဆုံဖူးခဲ့ရာ တခြားလူတွေကိုလည်း သူမသိပေ။ သူတို့ပွဲကိုလာခဲ့ရင် သူ လူမှားမှာလည်း ကြောက်လန့်မိသည်။ 


"မလိုပါဘူး။ အဲ့ဒါတွေက မလိုတဲ့ကိစ္စတွေပဲ။ ယေဘူယျအားဖြင့် ပွဲလာတဲ့ဧည့်သည်တွေက သတို့သားကို သတို့သမီးအိမ်တံခါးဆီ လာပို့ပေးတဲ့သူတွေပဲလေ၊ ဟုတ်တယ် ပြီးတော့ မင်းမှာရင်းနှီးတဲ့သူတွေရှိရင်လည်း ဖိတ်လို့ရတာပေါ့" အဒေါ်ရှဲ့က ရွှီချင်းကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့သည်။ 


ရွှီချင်းက ၂၈ရက်နေ့ကို ကြည့်လျက် "ဒီနေ့က ၂၀ရက်နေ့ မဟုတ်လား? ဒါဆို ၈ရက်ပဲကျန်တော့တာပေါ့?" 


အဒေါ်ရှဲ့ ရယ်လိုက်ပြီး "ဟုတ်တာပေါ့၊ အချိန်ကုန်မြန်မှာပဲ!" 


ရွှီချင်း တုံ့ဆိုင်းနေသေးသည်ကိုမြင်၍ အဒေါ်ရှဲ့ အနည်းငယ်စိုးရိမ်သွားပြီး "မင်းသေချာစဥ်းစားကြည့်လေ၊ စစ်တပ်ကပြန်လာကြတဲ့ အမျိုးသားတွေက လူကြိုက်များနေကြတာ၊ တကယ်လို့ မင်းနောက်ကျနေရင်တော့ တခြားတစ်ယောက်ယောက်လည်း လီချန်ဖုန်းကို မျက်စိကျသွားနိုင်တယ်ဆိုတာ သတိထားဦး!" 


အဲ့ဒီအကြောင်းကိုကြားတော့ ရွှီချင်းလည်း နှစ်ခါပြန်မစဥ်းစားတော့ဘဲ ပြောလိုက်၏ "ဒါဆိုလည်း ၂၈ရက်နေ့ပေါ့ဗျာ!" 


မင်းကြိုက်တဲ့ တစ်ယောက်ယောက်ကို ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူးလေ၊ သူတို့က လက်တစ်ကမ်းအလိုမှာရှိနေတဲ့အခါ သူတို့ကို မင်းလက်လွတ်သွားလို့မဖြစ်ဘူးလေ! 


"ကောင်းပြီ! ဒါဆို ၂၈ရက်နေ့ပေါ့! အိုး စကားမစပ် မင်းရဲ့မင်္ဂလာဝတ်စုံကိုချုပ်လို့ ပြီးခါနီးနေပြီ။ နောက်ဆုံးအချောသတ်ဖို့ပဲလိုတော့တယ်၊ သန်ဘက်ခါ မင်းဆီယူလာပေးမယ်။" အဒေါ်ရှဲ့က ရွှီချင်းအတွက် ရက်တွေကို ပျော်ရွှင်စွာရေတွက်ရင်း "ဒါ့အပြင် မင်းလက်ထပ်တဲ့အခါ *လီကျန်းရဲ့မိသားစုကို ဖိတ်ရမယ်နော်!" 

(*လီကျန်း = ရွာလူကြီး) 


ရွှီချင်း လက်ခုပ်တီးလိုက်ပြီး "အဒေါ်ရှဲ့က အားလုံးစဉ်းစားပြီးနေပြီဗျာ!" လီကျန်းနှင့်ဆက်ဆံရေးကောင်းကောင်းရှိသည်မှာ ကောင်းတဲ့အချက်ဆိုတာ အသေအချာပဲ! 


"ဒါပေမယ့် အဲဒီနေ့မှာ လူတော်တော်များများက လက်ထပ်ကြမှာဆိုတော့ လီကျန်းက အရမ်းအလုပ်များနေမှာပေါ့!" ထိုနေ့တွင် အတွဲပေါင်းများစွာ လက်ထပ်ကြမည်ကို သူကြားထားသည့်အခါ အားလုံးကလည်း လီကျန်းကိုဖိတ်ထားကြမှာပင်။ 


အဒေါ်ရှဲ့က ရွှီချင်းကို စနောက်ဟန်ဖြင့် "မင်းဘာလို့များမိုက်မဲနေရပြန်တာတုန်း၊ မင်းသူ့ကိုဖိတ်တာမဖိတ်တာက မင်းရဲ့ကိစ္စ၊ သူလာတာမလာတာက သူ့ကိစ္စပဲလေ! ဘာလို့အရမ်းတွေးနေရတာတုန်းကွယ်!" 


ရွှီချင်း ပြန်မငြင်းတော့ဘဲ အပြုံးလေးနှင့် ခေါင်းညိတ်လာ၏ "ဒါဆိုလည်း ပွဲမှာ ကျွန်တော်တို့ ဘာဟင်းပွဲတွေဧည့်ခံရမလဲ၊ ကျွန်တော် ကြိုပြင်ဆင်ထားဖို့လိုတာပေါ့!" 


"ဧည့်သည်အများကြီးဖိတ်မှာမဟုတ်တော့ စားပွဲတစ်ခုံစီမှာ ဟင်းခြောက်မျိုးပေါ့၊ အသားတစ်မျိုး၊ ဟင်းသီးဟင်းရွက်လေးမျိုးနဲ့ ဟင်းချိုတစ်ခွက်ဆိုရပြီ!" 


"အသားတစ်မျိုးတည်းလား?!" ရွှီချင်းက ယုံပင်မယုံနိုင်ပေ၊ မင်္ဂလာပွဲအတွက် အသားဟင်းတစ်မျိုးပဲတဲ့! 


အဒေါ်ရှဲ့က ကြားဝင်စွက်ဖက်တော့မလိုဖြစ်ပြီးမှ သူ့ကိုယ်သူချူပ်တည်းလိုက်ကာ "နားထောင်ဦး၊ ငါတို့က သာမညရွာသားတွေပဲလေ။ အသားတစ်မျိုးစားရတယ်ဆိုတာက လက်ခံနိုင်စရာဖြစ်နေပြီးသား။ လီမိသားစုရဲ့ ကောင်လေးက မင်းကို ပိုက်ဆံတချို့ပေးလိုက်တုန်းက အဒေါ်ပြောဖူးတယ်လေ! မင်းသိထားရမှာက တစ်ချို့အိမ်ထောင်စုတွေဆို..." 


အဒေါ်ရှဲ့က ရွှီချင်းရဲ့ ပဟေဋ္ဌိအကြည့်အောက်မှာ ပွဲအတွက် ဟင်းပွဲစာရင်းကိုထုတ်ပြောလာခဲ့၏ "ဟင်းသီးဟင်းရွက်သုံးမျိုးနဲ့ စွပ်ပြုတ်တစ်ခွက်ပဲ!" 


ရွှီချင်းရဲ့ ပါးစပ်မှာ "O" ပုံသဏ္ဍာန် ဖြစ်သွားလုနီးပါးပင်။ အိုး မိုင်! ဒါတကယ်ကြီးလားဟ? 


"ဒါဆို အဒေါ်ပြောတဲ့အတိုင်း အသားဟင်းတစ်ပွဲပါတဲ့ ပွဲကျင်းပတဲ့သူဆိုရင် စားပွဲတစ်ဝိုင်းစီကို ဘယ်လောက်ကုန်နိုင်လဲ" သူခန့်မှန်းကုန်ကျစရိတ်သိဖို့လိုပါသည်။ သို့မှသာ သူ့မှာရှိသည့်ပိုက်ဆံတွေနှင့်မလောက်ရင် နည်းလမ်းတစ်ခုရှာရမည်။ 


"စားပွဲတစ်ဝိုင်းစီကို ဝမ်၃၀ပဲကုန်မှာပါ။ ဒီတော့ အရမ်းကြီးစိတ်ပူစရာမလိုဘူး။ အဲ့ဒီအချိန်ကျရင် ဝေ့မိသားစုက အဲ့ဒီလူကို ခေါ်လိုက်မယ်။ ပြီးတော့ အဒေါ့်အမေရဲ့ရွာက အဒေါ်လျိုကိုရောပဲ။ ငါတို့အတူတူချက်ပြုတ်ကြပြီးတော့ အရာအားလုံးအဆင်ပြေစေဖို့ မင်းအတွက် ကောင်းကောင်းလုပ်ထားပေးမှာပါ!"


ရွှီချင်းသည် ဝေ့မိသားစုအကြောင်းကြားသောအခါ ယနေ့ သူ့လက်ထဲသို့ ဘန်းမုန့်ထိုးထည့်ပေးသွားသည့် ခပ်ဝဝဦးလေးကို စဥ်းစားမိသွားသည်။ "အဲ့ဒီလူက ဝေ့မိသားစုကတစ်ယောက် ခပ်ဝဝအဒေါ်များလား?" 


အဒေါ်ရှဲ့ ခဏတစ်ဖြုတ် အံ့သြသွားပြီး "မင်း သူ့ကိုသိတာလား။ ဟုတ်တယ်လေ အဲ့ဒါသူပဲ။ သူက တည့်ပြောတတ်ပေမယ့် သူ့အလုပ်မှာတော့ ကျွမ်းကျင်ပြီး ယုံကြည်စိတ်ချရပါတယ်!" သူ့မိသားစုထဲက သူ့သားလေး(ကော)နှစ်ယောက်ကတောင် ရိုးသားကြပြီး ယဥ်ကျေးသိမ်မွေ့ကြ၏။ သူတို့အိမ်ထောင်မပြုရသေးခင်တုန်းကလည်း ချင်းကောအာကို အနိုင်ကျင့်ခြင်းမရှိခဲ့။ 


"ဟားဟား၊ သူ ဒီနေ့ ကျွန်တော့်ကိုတောင် ဘန်းမုန့်တွေ ပေးခဲ့သေးတာ။ ကြည့်ရတာ ကျွန်တော် ဒီငါးကိုစားဖို့လုပ်နေတာမြင်တော့ သနားသွားတာထင်တယ်!" ရွှီချင်းက အဒေါ်ဝေ့ရဲ့ အကြည့်ကို သတိရလိုက်တော့ မပြုံးဘဲမနေနိုင်တော့။ သူက အရမ်းချစ်စရာကောင်းတာပဲ!


"ဒါကြောင့်ကိုး၊ မင်း ဒီငါးတွေစားနေတာလို့ ငါ့ကို သူဒီနေ့ပြောလိုက်တာလေ။ ဒါပေမယ့် ငါးက အရမ်းကောင်းနေတာပဲ။ နောက်တစ်ခါ မင်းသင်ပေးတဲ့နည်းလမ်းကို ငါစမ်းချက်ကြည့်ရမယ်!" အဒေါ်ရှဲ့သည် သူ့လျှာပါမျိုချလုမတတ်ဖြစ်ခဲ့ရသောအရသာကို တွေးမိသွားရင်း စိတ်အားထက်သန်နေလျက်။ 


"ဟေး မလှုပ်နဲ့ဦး၊ မင်းမျက်နှာကို အဒေါ်ကြည့်မလို့" 


ရွှီချင်းရဲ့ မျက်နှာပေါ်ရှိ အနီစက်များ နည်းနည်းမှိန်ဖျော့သွားသည်ကို အဒေါ်ရှဲ့ သတိပြုမိသွားသည်။ "မင်းလက်ထပ်ရတော့မှာ၊ ဘာလို့သမားတော်ဆီသွားမပြတာလဲ။ ကြည့်ရတာ ပိုသက်သာလာတယ်နော်၊ သမားတော်ဆီသွားလိုက်ရင် လုံးဝကောင်းသွားနိုင်တယ်!" 


ထိုစကားကိုကြားပြီးနောက် ရွှီချင်းရဲ့ မျက်လုံးများ တောက်ပလာလျက်။ ဟုတ်သားပဲ၊ သူ ဒီအကြောင်းကို ဘာလို့များမတွေးမိရတာပါလိမ့်ကွာ။ သမားတော်ကိုအကြောင်းပြပြီး ဆေးတစ်ချို့ဟန်ဆောင်သောက်လိုက်မယ်၊ ပြီးတော့ ဆေးသောက်ပြီး ပြန်ကောင်းသွားသလို ဟန်ဆောင်လိုက်တာပေါ့။ 


"ဒါအကြံကောင်းပဲ။ ဒါဆို ကျွန်တော် မနက်ဖြန် သွားလိုက်မယ်လေ။" ရက်အနည်းငယ်ကြာတိုင်း သူသွားလေ့ရှိသည့် သူတို့ကိုယ်ပိုင်ဟင်းသီးဟင်းရွက်တွေရောင်းတဲ့ဆိုင်တွေနဲ့မတူဘဲ စျေးထဲကဆိုင်တွေက မပိတ်ဘူးလေ။ 


"ဒေါက် ဒေါက် ..." 


အဒေါ်ရှဲ့ မတ်တပ်ထရပ်ပြီး "မင်းရဲ့ဦးလေးရှဲ့ ငါ့ကိုလာကြိုပြီဖြစ်မယ်။ အဒေါ်သွားတော့မယ်နော်။ သမားတော်ဆီသွားပြီး ဆေးသောက်လိုက်ဦး။" 


"ဟုတ်ပါပြီဗျာ!" 


ရွှီချင်းသည် အဒေါ်ရှဲ့ကို ဝင်းတံခါးဝဆီ လိုက်ပို့ရင်း တံခါးဖွင့်ပေးလိုက်သည်။ မီးတုတ်ကိုင်လျက် ဦးလေးရှဲ့စောင့်နေ၏။ "ဟယ်လို ဦးလေးရှဲ့!" 


"ဟယ်လို ချင်းကောအာရေ! ငါတော့ ဒီည ညစာကို အရမ်းကျေနပ်တာပဲ။ မနက်ဖြန်ကျရင် မင်းရဲ့အဒေါ်ရှဲ့ သူ့စကေးတွေလေ့ကျင့်ဖို့အတွက် ငါးနည်းနည်းဖမ်းပေးလိုက်မယ်!" 


ဦးလေးရှဲ့သည် နောက်ဆုံးအခေါက်တုန်းက အဒေါ်ရှဲ့၏ဟင်းချက်စကေးကို လုံးဝဖော်ထုတ်လိုက်ပြီး ရွှီချင်းအား မနက်ဖြန်အတွက်အစီအစဉ်ကို ပြောပြခဲ့သည်။ 


"ကောင်းပြီ၊ ခင်ဗျားကြည့်နေလိုက်၊ မနက်ဖြန် ကျုပ်ဘာလုပ်နိုင်လဲဆိုတာပြမယ်!" အဒေါ်ရှဲ့သည် ဦးလေးရှဲ့ကို မကျေမချမ်းစွာစိုက်ကြည့်လိုက်၏။ 


ထို့နောက် သူသည် ရွှီချင်းဆီလှည့်ကြည့်ရင်း ပြောလိုက်သည် "မနက်ဖြန် လီချန်ဖုန်းဆီကို တစ်ယောက်ယောက်နဲ့ သတင်းပို့ပေးလိုက်မယ်။ ၂၈ရက်နေ့နော်။ စောစောအနားယူလိုက်၊ လိုက်မပို့နဲ့တော့" 


"ကောင်းပါပြီဗျာ ဦးလေးရှဲ့အဒေါ်ရှဲ့ ဖြည်းဖြည်းသွားကြနော်!" ရွှီချင်းသည် သူတို့ကို နှုတ်ဆက်လိုက်၏။ 


"ဟုတ်ပါပြီ သွားကြစို့၊​ ပြန်ကြမယ်!" 


ညအမှောင်ထဲတွင် ဦးလေးရှဲ့က လက်တစ်ဖက်မှာ မီးတုတ်ကိုင်ထားပြီး နောက်တစ်ဖက်က အဒေါ်ရှဲ့လက်ကိုကိုင်လျက် လမ်းအတိုင်း အေးအေးဆေးဆေးလျှောက်နေသည်မှာ နွေးထွေးမှုနှင့်ချစ်ခြင်းတို့ ထုံမွှမ်းလျက်။ 


"အဒေါ်ရှဲ့ကို အားကျလိုက်တာ၊ သူတို့ရဲ့ အချစ်စစ်ကိုရောပဲ" 


အနာဂတ်မှာ လီချန်ဖုန်းနှင့်သူလည်းပဲ အသက်ကြီးတဲ့အချိန်ထိ ဒီလိုမျိုးအတူတူ​ရှိကြပါ့မလား။ 


နောက်တစ်နေ့တွင် ရွှီချင်းသည် အေးအေးဆေးဆေးထုပ်ပိုးပြီး စျေးဆီကို မြည်းလှည်းနဲ့သွားလိုက်၏။ သူသည် နောက်ဆုံးအကြိမ်တုန်းက ဆေးဖက်ဝင်အပင်တွေရောင်းချခဲ့သည့်ဆေးဆိုင်ဆီသို့ သွားခဲ့သည်။ 


ဆေးဆိုင်ကိုရောက်သောအခါ သမားတော်ကြီးလင်းက သက်လတ်ပိုင်းကောတစ်ယောက်အတွက် ဆေးစပ်ပေးနေသည်။ ​​"မင်း ဒီဆေးကို အချိန်မှန်သောက်ရမှာ၊ မဟုတ်ရင် ရိုးရိုးအဖျားတောင် ပျောက်မှာမဟုတ်ဘူး!" 


"သမားတော်ကြီးလင်းရေ အမြဲအလုပ်ရှုပ်နေတာလား" 


သမားတော်ကြီးလင်းကြည့်လိုက်တော့ နောက်ဆုံးအကြိမ်တုန်းက ဆေးပင်တွေလာရောင်းခဲ့သော ကောလေးကိုတွေ့လိုက်၏။ ဆေးပင်ထပ်ရောင်းဖို့ ရောက်လာသည်ဟု ထင်လိုက်ပေမယ့် သူ့လက်ထဲမှာဘာမှမရှိ၊ သူ့နောက်ကျောမှာလည်း ဘာခြင်းမှလွယ်မထားသည်ကို တွေ့လိုက်ရ၍ ထူးဆန်းသွားရသည်။ ဆေးလာကုတာများလား?


"အိုး လူငယ်လေး မင်းပဲပေါ့! မင်းဘာဖြစ်လို့လဲ?" 


ရွှီချင်းက သူ့မျက်နှာကို ရှက်ရွံ့စွာ လက်ညှိုးထိုးပြလိုက်၏။ လူလတ်ပိုင်းအရွယ်ကောမှာ သူ့ကိုကြည့်ရင်း အံ့သြသွားပုံရသည်ကို သူသတိပြုမိတော့ အသံကျယ်ကျယ်ဖြင့် "သမားတော်ကြီးလင်းရေ ကျွန်တော့်မျက်နှာပေါ်က ဝက်ခြံအနီဖုတွေကို ကြည့်ပေးပါဦး။ အဲ့ဒါတွေက နီရဲရောင်ကိုင်းနေပြီး မျက်နှာအပြည့်ရှိနေတာ နှစ်တွေကြာလှပြီ။ ဒါပေမယ့် မကြာသေးခင်ကမှ ဝက်ခြံတွေက ပိုသေးပြီး အခြေအနေပိုကောင်းလာသလိုပဲ။ အဲ့ဒါတွေက ပိုကောင်းလာနိုင်မလား ဒါမှမဟုတ် ပြန်ဖြစ်နိုင်သေးလားဆိုတာ သမားတော်ကြီးကိုကြည့်ခိုင်းချင်လို့ပါ" 


သမားတော်ကြီးလင်းသည် သက်လတ်ပိုင်းအရွယ်ကောအတွက် ဆေးစပ်ပေးပြီးနောက် သူက ရွှီချင်းရဲ့သွေးခုန်နှုန်းကို စမ်းသပ်ပြီး သူ့လျှာကို ကြည့်ကာ ရွှီချင်းရဲ့ နေ့စဉ်ပုံမှန်စားသောက်နေထိုင်မှုအလေ့အထကို မေးမြန်းပြီးနောက် မှတ်ချက်ပြုခဲ့သည်။ 


"မင်းက အချိန်အတော်ကြာအောင် အစားအသောက်နှင့် အိပ်ချိန်မမှန်တာကြောင့် မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေတာ။ ​​အဲ့ဒါတွေက မင်းရဲ့မျက်နှာမှာ ဘာလို့ဝက်ခြံဖုတွေထွက်လာရတယ်ဆိုတဲ့အကြောင်းရင်းပဲ။ အခုတော့ ပိုကောင်းလာပုံရတယ်။ မင်းရဲ့နေ့စဥ်ဒူဝမှာ လတ်တလောပြောင်းလဲမှုတွေကြောင့်လည်းဖြစ်နိုင်တယ်။ အစပ်တွေရှောင်ရမယ်၊ အရသာ ခပ်ပေါ့ပေါ့ပဲစားဖို့ မှတ်ထားနော်။ ငါ မင်းအတွက် ဆေးနည်းနည်းပေးလိုက်မယ်၊ အစားအသောက်တွေနဲ့ အိပ်ချိန်မှန်အောင် ဂရုစိုက်ဦး။ ဒါဆို ဝက်ခြံတွေပြန်ဖြစ်နိုင်ခြေနည်းသွားမှာ!" 


ရွှီချင်းသည် ရှေးခေတ်တရုတ်ဆေးပညာရှင်တွေကို လျှော့တွက်မိခဲ့ကြောင်း သဘောပေါက်သွားသည်။ သမားတော်ကြီးလင်းရဲ့ စကေးတွေက တကယ်အထင်ကြီးစရာပဲ။ သမားတော်ကြီးဆီလာလိုက်တာက အကျိုးအမြတ်တစ်ခုထက် သူပိုရလိုက်ပုံရ၏။ 


"ကျေးဇူးအများကြီးတင်ပါတယ်ဗျာ သမားတော်ကြီးလင်း" 


သမားတော်ကြီးလင်းက ရွှီချင်းဝက်ခြံဖြစ်ရတဲ့အကြောင်းအရင်းကို ရှင်းပြပြီးနောက် သူတို့ဘေးမှာရှိနေသေးတဲ့ လူလတ်ပိုင်းအရွယ်ကောဆီ အကြည့်ပို့လိုက်မှသာ ဆေးဆိုင်မှ ထွက်သွားတော့သည်။ 


ရွှီချင်းသည် တမင်တကာ ကျယ်လောင်စွာပြောလိုက်သည်။ သူ့အိမ်ရှေ့က အကြိမ်ပေါင်းများစွာ ဖြတ်ဖြတ်သွားသည့်ထိုလူကို အရင်ကတည်းကမြင်ဖူး၏။ ကြည့်ရတာ အဲ့ဒီလူကလည်း ​ရွာကလူပဲဖြစ်ရမယ်။ ရွာသားတွေကြားထဲမှာ အတင်းပြောကြတဲ့အခါ အကျိုးသက်ရောက်မှုက အရမ်းကို သြချရလောက်တယ်လေ။ အခုတော့ ရွှီချင်းလည်း သူ့မျက်နှာအကြောင်းရှင်းပြဖို့ ရွာထဲကို တကူးတကသွားစရာမလိုတော့ဘူးပဲ!


xxx