Chapter-15
လီရှောင်းအာလည်း ရွေးချယ်စရာမရှိသောကြောင့် ရပ်တန့်လိုက်ရသည်။ သူအပြင်ထွက်ရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ။ အဖေက တတိယအစ်ကိုကိုရိုက်နေတာ၊ ဒုတိယအစ်ကိုဘက် သူစကားပြောပေးလိုက်တဲ့အခါ အဲ့ဒီအကြာင်းပျံ့သွားခဲ့ရင် သူ့နာမည်ပျက်သွားမှာပဲ။ လူကြီးတွေရဲ့ကိစ္စတွေကို ဝင်ပါတတ်တဲ့ကောကို ဘယ်သူမှသဘောကျမှာမဟုတ်ဘူးလေ။
"ပြန်ထိုင်တော့"
အမေလီသည် လီရှောင်းအာက ချီတုံချတုံဖြစ်နေပြီးတော့မှ နာနာခံခံပြန်ထိုင်လိုက်သည်ကိုကြည့်ပြီး သူ့အသားအရောင်မှာပြန်ကောင်းလာခဲ့၏။ အဖေလီက အကြီးဆုံးသား၏လက်ကိုခါထုတ်လိုက်ပြီး တတိယသားကိုအံကြိတ်ရင်းပြောလိုက်သည်။ "ဒီနေ့ မင်းငါ့ကို ရှင်းရှင်းလင်းလင်းပြောစမ်း။ မင်းရဲ့ ဒုတိယအစ်ကိုက အားနာရမယ့်သူ ဘာလို့ဖြစ်ရမှာလဲ။ အဲဒါကို ရှင်းအောင်လုပ်လိုက်။ ထုတ်ပြောလိုက်စမ်းပါ။ မဟုတ်ရင် ငါ မင်းကိုသတ်ပစ်မယ် သားရဲကောင်ရဲ့!"
လီလောင်စန်းက ခြံဝင်းအပေါက်ဝမှာရပ်နေသော လီချန်ဖုန်းကိုကြည့်ရင်း အသက်ရှူမဝတော့သလိုခံစားရသည်။ သူပါးစပ်ဖွင့်တော့မည့်အချိန်မှာပင် ဇနီးဖြစ်သူရဲ့ အသနားခံနေတဲ့မျက်လုံးတွေကို ဖျတ်ခနဲလှမ်းမြင်လိုက်တော့ သူ့စိတ်ထဲမှာ ဘာပြောရမှန်းတောင်မသိတော့ဘူး။
"ဒုတိယအစ်ကို ဒုတိယအစ်ကို... မင်းငါ့ကိုအပြစ်မတင်ဘူးဆိုတာ ငါသိပါတယ်"
လီလောင်စန်းသည် တွေဝေစွာဖြင့်ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ့ရဲ့ဒုတိယအစ်ကိုက သူ့မိန်းမနဲ့ပတ်သက်ပြီး တခြားအတွေးတွေရှိနေတယ်လို့ သူဘယ်လိုပြောနိုင်မှာလဲ။ တစ်ဖက်မှာလည်း ဒုတိယအစ်ကိုက သူ့ဇနီးကိုဘာမှမလုပ်ခဲ့ဘူးလေ၊ ဥပမာဆိုရသော် မိသားစုတွေထမင်းအတူစားကြတဲ့အခါ ဒုတိယအစ်ကိုက သံသယတွေကိုရှောင်ကွင်းဖို့အတွက် အဝေးဆုံးမှာထိုင်တယ်၊ ဒါမှမဟုတ် သူ့ဇနီးက လီချန်ဖုန်းအကြောင်း အတွေးရှိနေမှာလည်းစိုးရပြန်သေးတယ်။ သို့ရာတွင် ဝမ်လိက အိမ်ထောင်ကျပြီးလို့ ကလေးတစ်ယောက်မွေးထားပြီးပြီလေ။
ဒုတိယအစ်ကိုက သူ့အပေါ်ဘာအကြွေးမှတင်မနေဘူး။ သူငယ်ငယ်လေးကတည်းက ဒုတိယအစ်ကိုက သူ့ကိုထိန်းပေးခဲ့တာဖြစ်သည်။ ဒါပေမယ့် ခွင့်ပြုချက်မရှိဘဲ စစ်မှုထမ်းရန် အစီရင်ခံထားသည့်အမည်ကို ပြောင်းလဲပစ်လိုက်တဲ့သူက သူပါပဲ။ ပြီးတော့ ဝမ်မိသားစုဆီမှ လက်ထပ်ခွင့်တောင်းရန် ပညာတတ်ဂုဏ်ပုဒ်ကိုသုံးတာလည်း သူပဲလေ။ အားလုံးက သူလုပ်ခဲ့တာချည်းပဲ။ သူ့ဒုတိယအစ်ကိုကို အမှားလုပ်ခဲ့တာက သူပဲလေ။
လီလောင်စန်းမှာ စကားမပြောနိုင်တော့ဘဲ သူ့အမှားတွေကိုဝန်ခံချင်ပေမယ့် ဝန်ခံဖို့လည်းဆန္ဒမရှိပြန်ဘူး။ ဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာကို သူသိပေမယ့်လည်း သူ့အမှားကိုဝန်မခံချင်ရုံတင်။
အစ်ကိုကြီးလီက သူ့ညီရဲ့ပုံစံကိုကြည့်ပြီး သည်းမခံနိုင်တော့။ လီရှောင်းအာကိုမမွေးခင်က လီလောင်စန်းက အငယ်ဆုံးလေ။ သူတစ်နှစ်ခွဲလောက်အရွယ်တုန်းက မိသားစုမှာအလုပ်ရှုပ်နေသည်မို့ လီချန်ဖုန်းက သူ့ကိုယ်တိုင်ပျိုးထောင်ပေးခဲ့တာဖြစ်၏။
"အဖေရယ် တတိယညီက သူမှားမှန်းသိတာမို့လို့ စိတ်မဆိုးပါနဲ့ဗျာ"
သူ့အစ်ကိုကြီးဖြစ်သူက သူမှားတယ်လို့ပြောတာကိုကြားတော့ လီလောင်စန်းက သူ့ကိုယ်သူခုခံကာကွယ်ချင်ပေမယ့် သူ့ပါးစပ်ဖွင့်လိုက်သောအခါ စကားမပြောနိုင်တော့ဘဲ သူ့လည်ချောင်းမှာ တစ်ဆို့နေသလိုခံစားလိုက်ရသည်။
အဖေလီသည် သက်ပြင်းချလိုက်ပြီး အကြီးဆုံးသားပြန်ထားပေးသောထိုင်ခုံပေါ်တွင် ထိုင်ကာ အစမှအဆုံး စကားတစ်ခွန်းမှမပြောသည့်ဝမ်လိကို ကြည့်လိုက်သည်။ အိုး! ဘယ်လိုကပ်ဆိုးကောင်လဲကွာ! ပထမတော့ အဖေလီက တတိယသားနှင့် ဝမ်လိတို့၏အိမ်ထောင်ရေးကို ဖျက်စီးရန် ဝန်လေးနေခဲ့၍ ယခုအခါမှာတော့ သူ့မိသားစုတစ်ခုလုံး ကမောက်ကမဖြစ်နေရပြီ!
"ဒုတိယညီလေး၊ မင်းလည်းပြောဦးလေ။ မင်း ဘာလို့မိသားစုခွဲချင်ရတာလဲကွာ။"
လီလောင်စန်းက သူ့အပေါ်မှားခဲ့ပါသည်ဟုပြောတာကို လီချန်ဖုန်းကြားတော့ သူတို့သုံးယောက်ကြားရှိ အာဃာတတွေ၊ နာကျည်းမှုတွေကို လီချန်ဖုန်းက လုံးလုံးလွှတ်ချခဲ့ပြီးသားဖြစ်၏။
ယခင်က ဝမ်လိအတွက် သူ့ခံစားချက်တွေကိုလွှတ်ချခဲ့ပြီးဖြစ်ရာ ယခုတော့ ညီအစ်ကိုကြားက သစ္စာဖောက်ခြင်းနှင့် သဘောထားကွဲလွဲမှုတွေကို လွှတ်ချလိုက်တော့မည်။
"ကျွန်တော် မိသားစုခွဲချင်တာ အကြောင်းပြချက်နှစ်ခုရှိတယ်။" ယခုအချိန်မှာ အမေလီနှင့် လီရှောင်းအာတို့က အခန်းထဲတွင် သို့မဟုတ် အဖေလီက အပြင်ဘက်တွင်ရှိနေကြပါစေ၊ သူတို့အားလုံးသည် လီချန်ဖုန်းက မိသားစုခွဲထွက်ဖို့ ဘာလို့များပြောရသလဲဆိုတာကို နားလည်ရန် နားစွင့်နေကြလျက်။
"ပထမအချက်ကတော့ ကျွန်တော်က ဇနီးမိသားစုထဲ လက်ထပ်ဝင်ချင်တာလေ။ ဒီတော့ အနာဂတ်မှာ ကျွန်တော့်ဇနီးနဲ့ မလိုလားအပ်တဲ့အငြင်းပွားစရာတွေကို ရှောင်ရှားဖို့အတွက် ဘာအထုပ်အပိုးမှမယူဘဲ အိမ်ထောင်စုအသစ်ကို ဝင်ရမှာ။ ဒုတိယအကြောင်းအရင်းကတော့..." လီချန်ဖုန်းက လူတိုင်းကိုကြည့်လျက် "အဖေတို့အားလုံးလည်း ရွာကကောလဟာလတွေကြားမှာပေါ့။ ကျွန်တော် ဒီအိမ်ကမထွက်သွားသရွေ့တော့ အဲ့ဒါက အမြဲပြောစရာဖြစ်နေမှာပဲလေ"
အစ်ကိုကြီးလီက သိပ်နားမလည်ဘဲ "မှန်ကန်တဲ့သူက ကလိမ်ကကျစ်အရိပ်ကို ကြောက်နေစရာမလိုဘူး"
လီချန်ဖုန်းက ခေါင်းခါလိုက်ပြီး "ကျွန်တော်တို့မကြောက်ပါဘူး၊ ဒါပေမယ့် ညီလေးရှောင်းအာက အိမ်ထောင်မပြုရသေးဘူးလေ။ အစ်ကိုကြီးနဲ့ တတိယညီတို့နှစ်ယောက်လုံးမှာလည်း ကလေးတွေရှိနေပြီ၊ ကလေးတွေက စိတ်ထိခိုက်လွယ်ကြတယ်လေ၊ သူတို့မိသားစုအကြောင်း သူများတွေမကောင်းပြောတာတွေကို သူတို့လည်းနားလည်လာကြမှာပဲ။ ဒီတော့ ကျွန်တော် မိသားစုနဲ့ခွဲတယ်ဆိုပေမယ့် အဖေနဲ့အမေတို့ကို ထောက်ပံ့ဖို့တာဝန်ကိုတော့ယူမှာပါ။ အဲ့ဒီအကြောင်းကို မမေ့လိုက်ပါဘူးဗျာ!"
"အဲ့ဒါတော့မှန်တယ်။ ယန်မိသားစုရဲ့ ယန်ဟူဇီက အမြဲတမ်း ငါတို့မိသားစုကို လှောင်နေတာ၊ သူ့အမေက ငါတို့မိသားစုကို မကောင်းဘူးလို့အမြဲပြောနေတာလေ!"
လီလောင်ယီရဲ့ ဒုတိယသားဖြစ်သူက ရေရွတ်လိုက်ပြီး သူ့အဖွားနှင့် လီရှောင်းအာကို ညည်းညူပြလိုက်သည်။
"သူတို့ရဲ့ အပေါစားစကားလုံးတွေကို နားမထောင်နဲ့" အမေလီက ကလေးကိုဆူလိုက်တော့ ခြံဝင်းအတွင်းရှိ လူတိုင်းက ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။
ဝမ်လိက ခေါင်းငုံ့ကာ တိတ်တိတ်လေးမျက်ရည်ကျနေလျက်။ သူဘာလုပ်နိုင်မှာလဲ? အစပိုင်းမှာ လီချန်ဖုန်းက စစ်မှုထမ်းရန် ရုတ်တရက်ထွက်သွားရတော့ နှုတ်ဆက်ဖို့တောင်အချိန်မရလိုက်ဘူးလေ။ သူ့အသက်ကလည်း သိပ်မငယ်တော့လို့ သူသာ အိမ်ထောင်မပြုရသေးရင်...!
ဒုတိယနှစ်တွင် လီလောင်စန်းက အင်ပါယာစာမေးပွဲကိုအောင်ခဲ့ပြီး လက်ထပ်ဖို့ကမ်းလှမ်းဖို့ ဝမ်မိသားစုဆီ သိုသိုသိပ်သိပ်ရောက်လာခဲ့သည်။ ယခု သူက ပညာတတ်တစ်ယောက်ရဲ့ ဇနီးဖြစ်လာသောကြောင့် ဝမ်မိသားစုက အလွန်ပျော်ရွှင်ခဲ့ကြလေ၏!
ပထမဆုံးတော့ ဝမ်လိမှာ ချီတုံချတုံဖြစ်နေပေမယ့် လီလောင်စန်းရဲ့ ချိုမြန်တဲ့အပြောအောက်တွင် ခုခံမနိုင်တော့။ သူက တည်ကြည်တဲ့လီချန်ဖုန်းနှင့် မတူပါဘူး။ အချိန်ကြာလာတော့ ဝမ်လိဆီမှ တိတ်တဆိတ်သဘောတူညီမှုရခဲ့၍ လီလောင်စန်းမှာ ဝမ်မိသားစုဆီသွားပြီး လက်ထပ်ခွင့်တောင်းဖို့ အချိန်သိပ်မကြာလိုက်ပေ။ လီလောင်စန်းက အဖေလီနဲ့ အမေလီကို ဘာပြောလိုက်လဲဆိုတာတော့ သိပ်မရှင်းလိုက်ကြပေမယ့် လက်ထပ်ပွဲဖြစ်မြောက်သွားခဲ့လေသည်။
သူတို့လက်ထပ်ပြီးနောက် လီလောင်စန်းက ဝမ်လိအပေါ် ကောင်းကောင်းဆက်ဆံပါသည်။ လီလောင်စန်းက အလုပ်လုပ်ရာတွင် အရမ်းမတော်ပေမယ့်လည်း သူက ပညာတတ်အပြောအဆိုအပြုအမူရှိသည်မို့ ဝမ်လိလည်း ကျေနပ်ခဲ့တာဖြစ်သည်။ သို့ရာတွင် လီချန်ဖုန်း ရွာကိုပြန်ရောက်လာတော့ အရာအားလုံးဟာ ကိုးရိုးကားယားဖြစ်သွားရ၏။ သူအဝတ်လျှော်ဖို့မြစ်ဆီသွားရင်တောင် အရင်တုန်းကရင်းနှီးခင်မင်ခဲ့ဖူးတဲ့ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေရဲ့ အတင်းပြောတာကို နားနဲ့မဆံ့အောင်ကြားနေရသည်။
လီလောင်စန်းသည် ဝမ်လိရဲ့မူမမှန်မှုကို သတိပြုမိသွား၍ သူမတ်တပ်ထရပ်ပြီး ဇနီးဖြစ်သူဘေးသို့ လျှောက်သွားကာ သူ့ပခုံးကိုဖက်လိုက်ရင်း မျက်ရည်တွေကို သုတ်ပေးလိုက်သည်။
အမေလီသည် လီရှောင်းအာနှင့်မြေးတွေကို ပင်မခန်းထဲမှ ခေါ်ထုတ်လာကာ အဖေလီနှင့် အချင်းချင်းအကြည့်ဖလှယ်လိုက်ပြီး ခဏတိတ်ဆိတ်သွားပြီးနောက် အမေလီက စကားစပြောလာခဲ့သည်။
"အကြီးဆုံးသား ရွာသူကြီးနဲ့ မျိုးနွယ်စုဦးလေးတချို့ကို သွားဖိတ်လိုက်!"
အစ်ကိုကြီးလီသည် စကားပြောရန် ပါးစပ်ဖွင့်လိုက်ပေမယ့် သူ့အမေနောက်ရှိ လီရှောင်းအာနဲ့ကလေးတွေကို မြင်လိုက်တော့ သက်ပြင်းချလိုက်ပြီး ခြံဝင်းထဲကထွက်သွားတော့သည်။
"အကြီးဆုံးချွေးမနဲ့ တတိယချွေးမက အစားအသောက်တွေပြင်ထားလိုက်။ ရှောင်းအာက ကလေးတွေခေါ်ပြီး ဟင်းရွက်တွေသွားခူးလိုက်။ ဒုတိယသားနဲ့ တတိယသားက ခန်းမထဲလာခဲ့ကြ"
အမေလီ၏အမိန့်အတိုင်း လူတိုင်းက သူတို့တာဝန်ကိုယ်စီလုပ်ရန် ထွက်သွားကြ၏။ အချိန်က နောက်ကျနေပြီဖြစ်သည်။ ပုံမှန်ဆို ဒီအချိန်က သူတို့ထမင်းစားနေကြပြီဖြစ်၍ ကလေးတွေဗိုက်ဆာနေမှာကိုပဲ သူတို့စိုးရိမ်နေရသည်။
ခန်းမအတွင်း၌ အမေလီသည် သူ့အခန်းထဲဝင်သွားပြီး အဖေလီမှာ ထိပ်ဆုံးနေရာမှာထိုင်၍ တိတ်တဆိတ်ဆေးလိပ်သောက်နေလျက်၊ လီချန်ဖုန်းနှင့် လီလောင်စန်းကတော့ တိတ်ဆိတ်နေ၏။
ခဏအကြာတွင် အမေလီသည် လက်ထဲတွင် ပိုက်ဆံအိတ်ဟောင်းလေးကိုကိုင်လျက် ထွက်လာခဲ့ပြီး လီချန်ဖုန်းရဲ့လက်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်သည်။ "မင်းပြန်လာတုန်းကပေးထားတဲ့ ငွေ၁၀လျန်အပါအဝင် မိသားစုမှာ စုစုပေါင်း ငွေ ၄၅လျန်ရှိတယ်။ တကယ်လို့ မင်းပြတ်ပြတ်သားသားခွဲထွက်ချင်ရင်တော့ ဒီငွေတွေကိုလက်ခံရမယ်"
လီချန်ဖုန်းက အမေလီရဲ့စကားကြားတော့ ပိုက်ဆံအိတ်ကို ပြန်မတွန်းတော့ဘဲ လက်ခံရန်ဆုံးဖြတ်လိုက်၏။
လီချန်ဖုန်း လက်ခံလိုက်တာကိုမြင်တော့ အမေလီ၏အမူအရာမှာ နူးညံ့သွားခဲ့ပြီး ဆက်ပြောလာ၏ "ဒီငွေ၄၅လျန်ထဲက မင်းအဖေနဲ့အမေအတွက် ၈လျန်၊ မင်းတို့ညီအစ်ကို၄ယောက်အတွက် တစ်ယောက်ကို ငွေ၁၀လျန်စီပေါ့။ ဒါပေမယ့် အကြီးဆုံးသားမှာ ကလေးတွေရှိနေတော့ သူ့ကို ၁၂လျန်ပေးလိုက်မယ်၊ တတိယသားမှာလည်း ကလေးတစ်ယောက်ရှိတော့ သူ့ကိုလည်း ၁၀လျန်ပေးလိုက်မယ်။ ဆိုတော့ ကျန်တဲ့ငွေ ၈လျန်ကို ရှောင်းအာရဲ့ ခန်းဝင်ပစ္စည်းနဲ့ မင်္ဂလာစရိတ်အတွက်သုံးလိုက်မယ်။ ဒီတော့ ဒုတိယသားက ငွေ ၇လျန်ရမယ်၊ တတိယသား မင်းမှာပြောစရာရှိလား"
အမေလီစကားပြောပြီးနောက် နှုတ်ဆိတ်နေသောလီလောင်စန်းမှာ မေးလာ၏ "ဒုတိယအစ်ကိုတစ်ယောက်ပဲ မိသားစုခွဲချင်တာလေ၊ ဒါပေမယ့် အကြီးဆုံးအစ်ကိုနဲ့ ကျွန်တော်ကမလိုဘူးလေ မဟုတ်ဘူးလားဗျ"
"ဒါပေါ့။ ငါက မင်းတို့ရသင့်ရထိုက်တဲ့ငွေကို ပြောပြထားတာပါပဲ၊ မင်းတို့ရဲ့နှလုံးသားထဲမှာ အတွေးတွေရှိနေမှာလေ။ ပြီးတော့ မင်းတို့ရဲ့ဇနီးတွေကိုပြောပြလို့လည်းရတာပေါ့"
"အဖေ! အမေ! ရွာလူကြီးနဲ့ မျိုးနွယ်စုဦးလေးတွေရောက်လာကြပြီ!"
ခြံဝင်းမှ အစ်ကိုကြီးလီရဲ့အသံထွက်လာတော့ အဖေလီနှင့် အမေလီတို့က ဧည့်သည်တွေကို ကြိုဆိုရန် အမြန်ထရပ်လိုက်ကြသည်။
ရွာလူကြီးသည် အသက်၄၀အရွယ်ရှိ မုတ်ဆိတ်နည်းနည်းနှင့် ပိန်ပိန်ပါးပါးအမျိုးသားတစ်ဦးဖြစ်သည်။ မျိုးနွယ်စုဦးလေးသုံးယောက်စလုံးက အသက်၇၀ရှိကြပြီဖြစ်ပြီး လီမိသားစုတွင် သူတို့ကို အလေးစားရဆုံးအကြီးအကဲများအဖြစ် သတ်မှတ်ထားကြ၏။
ရွာလူကြီးနှင့် အကြီးအကဲတွေကို ကြိုဆိုနှုတ်ဆက်ပြီးနောက် ခန်းမဆီခေါ်သွားကြပြီး ဆီမီးထွန်းညှိကာ အိမ်လုပ်လက်ဖက်ရည်ဖြင့် ဧည့်ခံလိုက်သည်။
"ရွာလူကြီးနဲ့မျိုးနွယ်စုဦးလေးတွေကို အခုလိုနောက်ကျတဲ့အချိန်မျိုးမှာ ဒီကိုလာဖို့ဒုက္ခပေးရတာ တကယ်တောင်းပန်ပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ဒီကိစ္စကို ဒီနေ့မဖြေရှင်းရင် ကျွန်တော်တို့လီမိသားစုမျိုးနွယ်ကိုထိခိုက်စေမယ့် ကောလဟာလတွေ ရွာမှာထပ်များလာမှာစိုးလို့ပါ"
လီလောင်ယောင်သည် ဆေးပြင်းလိပ်ကို ရွာလူကြီးနှင့် မျိုးနွယ်စုဦးလေးတွေဆီကမ်းပေးရင်း စကားစတော့သည်။
ရွာလူကြီးသည် ရွာရှိကောလာဟလများကို သတိရလိုက်ပြီး အကြီးဆုံးသားလီ၏ အနောက်မှာ မတ်တပ်ရပ်နေသည့် လီချန်ဖုန်းနှင့် လီလောင်စန်းကို ကြည့်လိုက်ရင်း "ဒါဆို ဒီကိစ္စကို မင်းဘယ်လိုကိုင်တွယ်ဖို့စဥ်းစားထားလဲ"
"မိသားစုခွဲဖို့ပါ!" အဖေလီက အခိုင်အမာ ပြောလိုက်သည်။
မျိုးနွယ်စုဦးလေးများလည်း အချင်းချင်းအကြည့်တွေဖလှယ်လိုက်ရင်း တိတ်တဆိတ်ပင်ခေါင်းညိတ်ကြသည်။ ဒါက ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းပဲလေ။ အဖေလီ၏မိသားစုမပြောနဲ့၊ ဒီလိုကောလဟာလတွေသာပျံ့သွားရင်တော့ သူတို့မိသားစု၏ ဂုဏ်သိက္ခာပဲ ထိခိုက်မှာမဟုတ်ဘူး၊ လီမျိုးနွယ်တစ်ခုလုံးကိုထိခိုက်သွားမှာပဲ။ မျိုးနွယ်စုဦးလေးတွေမှာ မြေးတွေအများကြီးရှိပြီး သူတို့အများစုကတော့ အိမ်ထောင်မပြုရသေးတဲ့ မြေးယောကျ်ားသားတွေနှင့် ကောတွေပင်။
ရွာလူကြီးက သူ့မုတ်ဆိတ်မွှေးကိုပွတ်နေရင်း ခေါင်းညိတ်လိုက်၏။ တကယ်တော့ သူက အဖေလီနှင့် ဒီကိစ္စကို သီးသန့်ဆွေးနွေးရန် ရည်ရွယ်ထားပြီးသားပင်။ နောက်ဆုံးမှာတော့ ဒီလိုကောလဟာလတွေက ကြာလာရင် ရေရှည်မှာ တစ်ရွာလုံးအတွက်လည်းမကောင်းဘူးလေ။
ရွာလူကြီး၏ဘယ်ဘက်ခြမ်းမှာထိုင်နေတဲ့ မျိုးနွယ်စုဦးလေးတစ်ယောက်က အရင်ဆုံးမေးခွန်းထုတ်လာခဲ့သည်။ "ဒါဆို ဘယ်လိုခွဲဖို့ စီစဉ်ထားလဲ။ မင်းတို့ဘယ်လိုခွဲကြမှာလဲ"
ထိုမေးခွန်းကို လီချန်ဖုန်းကြားတော့ ရွာလူကြီးနှင့် အခြားသူများထံ လျှောက်သွားပြီး ဂျူနီယာတစ်ယောက်အနေနှင့် ရိုသေလေးစားစွာ ဂါဝရပြုလိုက်သည်။
"မိသားစုခွဲပြီး အိမ်ကထွက်သွားချင်တဲ့သူက ဒီဂျူနီယာပါ!" ဘယ်သူမှမမေးလာခင် လီချန်ဖုန်းက သူဘာကြောင့် မိသားစုကခွဲထွက်ပြီး ထွက်သွားချင်လဲဆိုတာကို ရွာလူကြီးနဲ့အကြီးအကဲတွေအား ရှင်းပြလိုက်သည်။
"... ဒါကြောင့် ကျွန်တော်က ဆန္ဒအလျောက် မိသားစုခွဲပြီး ထွက်သွားချင်တာပါ။ ရွာလူကြီးနဲ့မျိုးနွယ်စုဦးလေးတွေက နားလည်ပြီးလက်ခံပေးကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်ဗျာ!"
ရွာလူကြီးနှင့် မျိုးနွယ်စုဦးလေးတွေ သီးသန့်စကားပြောရုံသာမက အဖေလီနဲ့ အမေလီတို့နှင့် ဆွေးနွေးပြီးမှသာ အကြီးအကဲများသည် နောက်ဆုံးတွင် သူတို့မိသားစုခွဲခြင်းရဲ့ သက်သေများအဖြစ်ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ကြ၏။
လီလောင်စန်းသည် မိသားစုခွဲထွက်သည့်စာရွက်စာတမ်းကိုရေးခဲ့ပြီး ရွာလူကြီးနှင့်အကြီးအကဲများမှ လက်မှတ်ထိုးပေးခဲ့ကြကာ မိတ္တူနှစ်စုံပွားထားလိုက်ကြသည်။ အဆုံးမှာတော့ လီချန်ဖုန်းသည် လီလောင်စန်းကို အပိုဒ်ငယ်လေးတစ်ပိုဒ်ထပ်ထည့်ခိုင်းလိုက်၏။ "လီမိသားစု၏မိဘတွေ အသက်ရှင်နေသရွေ့ လီချန်ဖုန်းသည် သူတို့ကိုထောက်ပံ့တာဝန်ယူမှာဖြစ်ပြီး ငြင်းပယ်မှာမဟုတ်ပါဘူး!"
ဤလုပ်ရပ်မှာ ရွာလူကြီးနှင့် မျိုးနွယ်စုဦးလေးများကို အလွန်ကျေနပ်စေခဲ့သည်။ မိသားစုခွဲခြင်းကိုစောဒကတက်ခဲ့သော အဖေလီနှင့်အမေလီတို့ပင် စိတ်သက်သာရာရသွား၏။ ဒုတိယသားက စေတနာသဒ္ဓါတရားရှိပြီး ဖြောင့်မတ်သူပါပဲ။
ရွာလူကြီးနှင့်မျိုးနွယ်စုဦးလေးတွေက အမေလီရဲ့ထမင်းဖိတ်ကျွေးတာကို ယဥ်ယဥ်ကျေးကျေးငြင်းဆိုခဲ့ကြပြီး သူတို့အိမ်သို့ပြန်သွားကြ၏။ သူတို့ထွက်သွားပြီးသည်နှင့် လီမိသားစုရဲ့လေထုမှာ အနည်းငယ်ထူးဆန်းသွားလျက်။
"အစားအသောက်တွေအဆင်သင့်ဖြစ်ပြီလား စားပွဲဆီယူခဲ့တော့လေ။ ကလေးတွေ ဗိုက်ဆာနေကြပြီ!"
ထိုစကားကိုကြားတော့မှ အကြီးဆုံးချွေးမနဲ့ ဝမ်လိတို့သည် ထမင်းဟင်းတွေကို စားပွဲဆီယူလာပြီး သူတို့ကလေးတွေနဲ့ ခင်ပွန်းသည်ဘေးမှာထိုင်လိုက်ကြ၏။ အဖေလီသည် စားပွဲထိပ်မှာထိုင်နေလျက် ပြောလိုက်သည် "ငါ့အရက်ကို သွားယူလိုက်!"