Ch-14
Viewers 9k

Chapter-14


"အနံ့ပြင်းမှန်းသိတာတောင် စားချင်နေသေးတယ်ပေါ့" အဒေါ်ရှဲ့က ရွှီချင်းရဲ့ခန္ဓာကိုယ်မှ ငါးညှီနံ့ကိုမခံနိုင်ဘဲ နောက်ပြန်ဆုတ်သွားခဲ့၏။ 


"အဲ့ဒါက အဒေါ် တစ်ခါမှမစားဖူးလို့ပါဗျာ။ စားလို့အဆင်သင့်ဖြစ်ရင် တစ်ခါလောက်စမ်းစားကြည့်နော်၊ သဘောကျသွားမှာ သေချာတယ်။" ငါးစားရတာကို သူအကြိုက်ဆုံးပဲ။ နူးညံ့ပြီးတော့ အဆီမပါဘူးလေ။ 


အဒေါ်ရှဲ့က မယုံနိုင်စွာ ကြည့်နေသည်။ ရှဲ့အိမ်ကို သူလက်ထပ်ခဲ့စဥ် အစောပိုင်းကာလတွေမှာ အစားအသောက်မလုံလောက်လို့ နှစ်အတော်ကြာ အခက်တွေ့ခဲ့ရသည်။ ဆောင်းရာသီ၌ စားစရာသိပ်မရှိတာကြောင့် ခင်ပွန်းဖြစ်သူကို ငါးအနည်းငယ်ဖမ်းဖို့ နည်းလမ်းရှာခိုင်းလိုက်၏။ ထိုအချိန်တုန်းက ငါးရဲ့အရသာကိုတွေးပြီး ရွံရှာနေတုန်းပင်။ 


ရွှီချင်းသည် သူ့လက်များကို ကူကယ်ရာမဲ့ဖြန့်ကာ "ကျွန်တော် ဟင်းချက်ပြီးတာနဲ့ အဒေါ် အရင်ဆုံးအရသာမြည်းစမ်းကြည့်လေ။ မကြိုက်ဘူးဆိုရင်တော့ ကျွန်တော့်ကိုပါ အဒေါ့်အိမ်ဆီခေါ်သွားပေါ့ဗျာ။" 


အဒေါ်ရှဲ့ အနည်းငယ်စိတ်သက်သာရာရသွားပြီး "မင်းပြောသလိုပဲပေါ့။ ဟင်း! ငါးညှီနံ့ရနေသေးရင်တော့ ကျုပ်အချိန်တွေပုပ်ကုန်တော့မှာပဲ" 


ရွှီချင်းက အလျင်စလိုခေါင်းမော့ပြီး အဒေါ်ရှဲ့ကို ခြံဝင်းထဲဝင်စေပြီးနောက် သူကတော့ အခြားငါးတစ်ကောင်ကို သန့်စင်ရန် ရေတွင်းသို့သွားလေ၏။ 


အဒေါ်ရှဲ့ရောက်လာတာဆိုတော့ ငါးတစ်ကောင်နဲ့ မလောက်တော့ဘူးလေ။ နောက်ပိုင်းမှာ အဒေါ်ရှဲ့ကို သူ့ရဲ့ဟင်းချက်စကေးကိုပြပြီး အရသာမြည်းစမ်းကြည့်ခိုင်းရမှာပဲ။ အဲဒါကိုတွေးပြီးတာနဲ့ မလုံလောက်မှာကြောက်၍ နောက်တစ်ကောင်ကိုယူပြီး သန့်ရှင်းရေးထပ်လုပ်လိုက်ပြန်သည်။ 


အဒေါ်ရှဲ့သည် ရွှီချင်းက ဆူးထူငါးတွေကို ကျွမ်းကျင်စွာ သန့်ရှင်းရေးလုပ်နေသည်ကိုကြည့်ပြီး သူ့မျက်လုံးတွေကအနည်းငယ်စပ်ဖျင်းဖျင်းဖြစ်လာလျက်။ ဒီကလေးက ဒီလိုအရာတွေကို မကြာခဏစားနေရလို့ ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်တတ်​နေမှန်း သူသိသွားရပါပြီ။


"တကယ်တော့ ဒီငါးကိုသန့်ရှင်းပြီး သေချာချက်ပြုတ်တတ်ရင် အရမ်းစားလို့ကောင်းတာ။ ဒါက ငါးညှီနံ့နည်းနည်းပြင်းတာနဲ့ အရိုးတွေများတာလေးပဲရှိတာပါ" သေချာမကိုင်တွယ်တတ်သူတွေအတွက်ကတော့ ဒီလိုငါးမျိုးကိုစားဖို့ လက်ခံနိုင်မှာမဟုတ်ဘူး။ 


ရွှီချင်းက ခေါင်းငုံ့လျက် ငါးအကြေးခွံများကိုခြစ်ထုတ်ရန် ဓားတစ်ချောင်းကိုကိုင်ထားတော့ အဒေါ်ရှဲ့ရဲ့မျက်နှာကို မမြင်လိုက်ဘူးလေ။ 


အဒေါ်ရှဲ့က သူ့စိတ်ခံစားချက်တွေကို ချိန်ညှိလိုက်ပြီး သူ့အသံကို ပုံမှန်အတိုင်းဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားရင်း "တကယ်လား? အဒေါ်တစ်ခါစားကြည့်ဖူးတယ်။ တကယ့်ကို ရွံရှာစရာကြီးလိုပဲ။ အဲဒီနောက်ပိုင်းမှာ အဒေါ်တို့ မိသားစုဘဝက ပိုကောင်းလာတော့ ဒီလိုမျိုးတွေထပ်စားစရာမလိုတော့ဘူးလေ" 


"အဒေါ် ဘယ်လိုချက်တာလဲ" ထိုအကြောင်းကြားတော့ ရွှီချင်း နည်းနည်းစပ်စုမိသွား၏။ 


"ခေါင်းကိုဖြတ်၊ ဝမ်းဗိုက်ကိုရှင်းလိုက်ပြီးတော့ အပိုင်းပိုင်းဖြတ်ပြီး ပြုတ်လိုက်ရုံပဲလေ" 


ငါးခေါင်းကို အသုံးမပြုကြောင်းကြားသောအခါ ရွှီချင်း အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။ "အဒေါ် ဂျင်းမထည့်ဘူးလား" 


အဒေါ်ရှဲ့က ပဟေဠိဖြစ်စွာပင် "ဂျင်းကို အအေးမိရောဂါလက္ခဏာတွေကုသဖို့ အသုံးများတာမဟုတ်ဘူးလား။ အသီးအရွက်တွေနဲ့ ချက်စားလို့ရလို့လား။ ဒါပေမယ့် အဲဒါက အရသာမရှိသလို လက်ခံနိုင်စရာမှမရှိတာ" 


ရွှီချင်းက သိပ်ရှင်းပြမနေတော့ဘူး။ သန့်စင်ထားသော ငါးသုံးကောင်ကိုယူ၍ ပါးပါးလှီးဖြတ်ရန် ဓားကိုသုံးလိုက်သည်။ 


"မင်းရဲ့ ဓားစကေးက တကယ်ကိုအမိုက်စားပဲ။" 


အဒေါ်ရှဲ့သည် ရွှီချင်းက မူလငါးတစ်ကောင်လုံးအား ညီညီညာညာအတုံးလေးတွေဖြစ်အောင် ဓားနဲ့ခုတ်ထစ်နေတာကို စိုက်ကြည့်နေလျက်။ သူက နှာခေါင်းကိုညှစ်၍ ရှေ့ကိုလှမ်းကြည့်လိုက်တော့ "အရမ်းပါးတာပဲနော်၊ ဘယ်လိုချက်မလို့လဲ။ ပြုတ်မလို့လား?" 


ရွှီချင်းရဲ့မျက်နှာမှာ နီရဲလာပြီး အဒေါ်ရှဲ့ကို အရှက်မရစေချင်တာမို့ သည်းခံလိုက်ရင်း "မဟုတ်ပါဘူး၊ ကျွန်တော် ချက်တာ နည်းနည်းမတူဘူး။ အဒေါ် ကြည့်နေနော်။ အရသာကောင်းတယ်လို့ထင်ရင် ညစာစားပွဲပေါ်မှာ အသားဟင်းတစ်ပွဲထပ်ထည့်လို့ရပြီး ပိုက်ဆံနည်းနည်းသက်သာတာပေါ့" 


အဒေါ်ရှဲ့သည် ထိုစကားကြားရသောအခါ ပို၍ပင်စိတ်အားထက်သန်လာသည်။ ချင်းကောအာက သူ့ကိုယ်ပိုင်ဟင်းချက်နည်းကို ဖုံးကွယ်မထားဘူးပဲ။ ဘယ်လိုတောင်အပြစ်ကင်းစင်တဲ့ကလေးလဲ! 


"မင်းမပြောပါနဲ့တော့။ ဒီလိုသာဆိုရင် လယ်သမားတွေက ပိုကောင်းမွန်တဲ့ဘဝရလာပြီးတော့ လယ်ထွန်တာကို ချက်ချင်းလုပ်နိုင်လာမှာပဲ။ သီးနှံစိုက်ခင်းတွေကို ဂရုစိုက်ရတာက ခက်ခဲတဲ့အလုပ်လေ။ မိသားစုတွေမှာ ပိုက်ဆံအများကြီးမရှိကြဘူး။ ဒီဟာကို အသားဟင်းတစ်ခွက်အဖြစ် စားနိုင်ရင်ကောင်းမှာ။ မြစ်ထဲမှာ ဒီလိုငါးတွေအများကြီးရှိတာကိုး" 


ရွှီချင်း ခေါင်းညိတ်လိုက်သည်။ ယနေ့တွင် သူသည် စမ်းရေဖြင့် ငါးများကိုဆွဲဆောင်ရန် မြစ်တိမ်ပိုင်းသို့သာ သွားခဲ့သည်။ ခဏအကြာတွင် ငါးဖမ်းမိနေခဲ့ပြီ။ စမ်းရေ၏အကျိုးကျေးဇူးမှလွဲ၍ ရွာရှိလူတွေက မကြာခဏ ငါးမဖမ်းကြသည့်အတွက် ငါးတွေက လူတွေကိုတောင် မကြောက်ကြတော့ဘူး။ တောင်ပေါ်က တိရစ္ဆာန်တွေလိုမျိုးပေါ့။ 


"မင်းအိမ်ထောင်ပြုပြီးရင် မင်းမိသားစုမှာ ယောက်ျားတစ်ယောက်ရှိလာတော့မယ်ဆိုတော့ လယ်တွေအားလုံး သူ့ကို စိုက်ပျိုးခိုင်းဖို့ သင့်တော်တဲ့အချိန်ပဲ" ရွှီချင်း၏မိသားစုပိုင်မြေတွေနှင့် ဖြစ်လာတော့မည့်အိမ်ထောင်ရေးအကြောင်းတွေးရင်း အဒေါ်ရှဲ့သည် ပို၍သက်တောင့်သက်သာရှိလာ၏။ 


လီချန်ဖုန်းက မင်္ဂလာဆောင်မည့်ရက်ကို စောင့်နေမည်ဟုပြောခဲ့တာကို ရွှီချင်းသတိရသွားလျက်။ ၄င်းကို တွေးကြည့်တော့နည်းနည်းရင်ခုန်လာပြီး စောင့်မျှော်နေမိပြီ။ သူတစ်ယောက်တည်းနေလာခဲ့ရတာ အတော်ကြာပြီလေ။ တစ်စုံတစ်ယောက်နှင့် အတူရှိတော့မှာကို မျှော်လင့်နေမိပြီ။ 


"ကျွန်တော် အိမ်ထောင်မပြုသေးရင်တောင် အဒေါ်နဲ့ ဦးလေးရှိပါသေးတယ်"ဟု ငါးလေးကောင်၏ခေါင်းတွေကို စုစည်းရင်း ရွှီချင်းကပြောလာသည်။ 


"ဖတ်! ဖတ်! မင်း ဘာတွေပြောနေတာလဲ? အဓိပ္ပါယ်မရှိတာတွေမပြောနဲ့!" အဒေါ်ရှဲ့မှာ ရွှီချင်းကို ဆူပူချင်ပေမယ့် သူကငါးခေါင်းဖြတ်နေတာကိုမြင်တော့ မတော်တဆထိခိုက်မိမှာကိုကြောက်လို့ မဆူပူရဲချေ။ 


"ဟားဟား၊ နောက်တာပါဗျာ" ရွှီချင်းသည် ငါးအူများကို သန့်စင်ပြီးနောက် သူပြင်ဆင်ထားသော ငါးအတုံးတွေကို ယူကာ မီးဖိုချောင်ဆီ ထွက်သွားတော့၏။ သူက ရေနွေးတည်ထားတဲ့အိုးကို ဘေးဖယ်လိုက်ရာ အဒေါ်ရှဲ့က ရွှတ်နောက်နောက်လုပ်နေတာကိုရပ်လိုက်ပြီး ရွှီချင်းအတွက် မီးကူမွှေးပေးရန် အင်္ကျီလက်ကို ခေါက်တင်လိုက်လေသည်။ 


မီးဖိုထဲမှာ မီးပွားတွေရှိနေပြီဆိုတော့ ခဏအကြာမှာပင် မီးစွဲသွားတော့သည်။ အဒေါ်ရှဲ့က သူ့နှာခေါင်းမွှန်သွားစေသည့် အနံ့တစ်ခုရလိုက်၏။ ရွှီချင်းသည် ငါးအထဲကို တစ်ခုခုထည့်နေသည်ကို မြင်လိုက်ရသည်။ 


"အဲဒါဘာကြီးလဲ? အနံ့က ထူးဆန်းလိုက်တာ။"


"ဒါက ငရုတ်ကောင်းမှုန့်လေ။ ငါးညှီနံ့ကို ဖယ်ရှားပေးနိုင်တယ်။ တောင်ပေါ်ကယူလာတဲ့ ငရုတ်ကောင်းစေ့တွေကို အမှုန့်ဖြစ်အောင်ကြိတ်ထားတော့ အသုံးပြုရပိုလွယ်လို့ပါ။" သင့်လျော်တဲ့ ငရုတ်ကောင်းမှုန့်များထည့်ပြီးနောက် ရွှီချင်းသည် ငရုတ်သီးနဲ့အလားတူတဲ့ စီချွမ်ငရုတ်ကောင်းကိုထုတ်ကာ ငါးတွေပေါ်ဖြူးလိုက်သည်။ စီချွမ်ငရုတ်ကောင်းက ဟင်းကိုတအားမစပ်စေပါဘူး၊ နည်းနည်းထုံသွားရုံလေးပါပဲ။ 


"စီချွမ်ငရုတ်ကောင်း? အဲဒါဘာလဲ?" အဒေါ်ရှဲ့က ဒီနာမည်ကို တစ်ခါမှမကြားဖူးချေ။ 


"အဲ့ဒါက ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါပဲ။ ကျွန်တော် ငရုတ်ကောင်းပင်တစ်ပင်စိုက်ထားတာလေ။ လာမယ့်နှစ်မှာ အပင်ပေါက်လေးတွေဖြစ်လာရင် အဒေါ်ကြည့်ကြည့်ပေါ့။ ချက်ပြုတ်ရလွယ်ကူအောင်လည်း အဒေါ်စိုက်လို့ရတယ်နော်။" 


"ကောင်းပြီ ဒါပေမယ့် မင်းဘာလို့ဆီတွေအများကြီးထည့်နေတာလဲ" အဒေါ်ရှဲ့က သူ့မိသားစုစားဖို့ဆို သုံးရက်လောက်ဖူလုံတဲ့ အိုးထဲကဆီတွေကို တွေ့တဲ့အခါ နာကျင်စွာပြောလေသည်။ 


"ဟားဟား၊ ကျွန်တော်က ဆီများတာပိုကြိုက်လို့" ရွှီချင်းက ရယ်မောနေရာ အဒေါ်ရှဲ့က ဘယ်သူကများဆီများတာမကြိုက်လို့လဲဟုတွေးရင်း မျက်လုံးလှိမ့်မိသွားတော့သည်။ "နောင်မှာ လျှော့သုံးရမယ်နော်။ ရေရှည်အတွက်စဉ်းစားရမယ်လေ။" 


"ဟုတ်ကဲ့ပါဗျာ။ မီးကူမွှေးပေးလို့လည်း ကျေးဇူးပါဗျာ" အိုးထဲသို့ ရေအပြင် စမ်းရေအနည်းငယ်ကို လောင်းထည့်လိုက်သည်။ အဒေါ်ရှဲ့မှာ အစောပိုင်းနှစ်များတွင် ကျန်းမာရေးညံ့ဖျင်းခဲ့ပြီး ဖျားနာမှုကြောင့် ခန္ဓာကိုယ်အားနည်းသွားခဲ့၏။ ရွှီချင်းသည် အဒေါ်ရှဲ့ကို ကုသရန် ဤအခွင့်အရေးအား ယူလိုက်သည်။ မချက်ပြုတ်ခင်မှာလည်း ထိုသူ့ကို စမ်းရေသောက်ခိုင်းရဦးမယ်။ 


ရေဆူလာပြီးနောက် ရွှီချင်းသည် ငါးခေါင်းကိုထည့်ကာ ခဏအကြာတွင် အသားလွှာများထည့်ခဲ့သည်။ ငါးခေါင်းတွေက အရမ်းကြီးတဲ့အတွက် အရင်ထည့်ထားရမှာပေါ့။ 


ဖြည်းညှင်းစွာပင် အဒေါ်ရှဲ့က အနံ့မွှေးမွှေးလေးကို လောဘကြီးစွာ ရှူရှိုက်မိရင်း "အနံ့က အရမ်းကောင်းလိုက်တာ။ ချင်းကောအာရေ မင်းမှာ တကယ်အရည်အချင်းရှိတာပဲ" 


ရွှီချင်းသည် နှိမ့်ချမနေတော့ဘဲ "ဒါပေါ့ဗျာ၊ ကျွန်တော်လုပ်သမျှက အရသာရှိတယ်လေ" ဟင်းခတ်အမွှေးအကြိုင်အစုံအလင်မရှိသည့်အတွက် သူလိုချင်သောအရသာကိုတော့မရခဲ့ပေ။ သို့သော်လည်း သဘာဝပါဝင်ပစ္စည်းများနှင့်စမ်းရေ၏အကူအညီဖြင့် ထင်ထားသည်ထက် ပိုကောင်းနေခဲ့ပြီ။ 


အစားအစာအဆင်သင့်ဖြစ်ပြီဟု ခံစားမိသောအခါ ရွှီချင်းသည် အိုးကြီးထဲမှ ငါးကိုထုတ်ရန် ပန်းကန်လုံးကြီးကို အသုံးပြုခဲ့သည်။ ရွှီချင်းသည် တူကိုယူ၍ အဒေါ်ရှဲ့အား ကမ်းပေးလျက် "လာမြည်းကြည့်ပါဦး" 


အဒေါ်ရှဲ့သည် ယဉ်ကျေးမနေတော့ဘဲ အရိုးသိပ်ရှိပုံမပေါ်သော ငါးတစ်ပိုင်းကို တိုက်ရိုက်ယူလျက် ဂရုတစိုက်စားရင်း "အား အရသာရှိလိုက်တာ အရမ်းအရသာရှိတာပဲ! ဝက်သားထက် ပိုအရသာရှိပြီး ပိုနူးညံ့နေတယ်။" အဒေါ်ရှဲ့က အရိုးများထွေးထုတ်လိုက်သည်။ ငါးအတုံးလေးတွေက တောက်ပနေလျက်။ ဒါက အသားဟင်းပဲ! ဒါက အစားအစာပဲဟ! 


"ကျွန်တော်ပြောသားပဲ။ ဒေါ်ဒေါ်အရင်စားနှင့်၊ ကျွန်တော်ထမင်းချက်လိုက်ဦးမယ်" ရွှီချင်းသည် အဒေါ်ရှဲ့အား ငါးအရသာကို သက်သေပြရန်အတွက် ထမင်းချက်ရန်မေ့သွားသည်။ အိုးထဲက ငါးနံ့ကအရမ်းပြင်းလို့ အရင်ဆုံး ရေဆေးရမှာပေါ့။ 


"ဘာလို့ချက်နေမှာလဲ ကျုပ်အိမ်မှာရှိတယ်။ မင်းနဲ့တွေ့ဖို့ ထွက်လာတုန်းက မင်းဦးလေး အိမ်ပြန်ရောက်နေပြီလေ။ သူ့ကို ထမင်းသယ်လာခိုင်းလိုက်မယ်" အဒေါ်ရှဲ့က အရမ်းပျော်နေပြီး ရွှီချင်းကို ထမင်းမချက်ဖို့တားလိုက်၏။ အရသာရှိသောငါးကို စားဖို့စဉ်းစားရင်း အမြန်အိမ်ပြန်ချင်လာပြီ။ 


"ရတာပေါ့ ဦးလေးကိုလည်း ညစာစားဖို့ခေါ်လာလိုက်နော်။" 


"ကောင်းပါပြီ။" အဒေါ်ရှဲ့က ခြံဝင်းထဲမှထွက်လာခဲ့သည်။ 


ရွှီချင်း ခြံထဲကိုပြန်လှည့်ကြည့်လိုက်တော့ ရေတွင်းမှာ လွှင့်ပစ်ဖို့ကျန်နေသေးသည့် ငါးအတွင်းကလီစာတွေကို တွေ့လိုက်ရ၏ "ကြည့်ရတာတော့ ငါ ခွေးတစ်ကောင် ဒါမှမဟုတ် ကြောင်တစ်ကောင် မွေးထားရမယ်ထင်တယ်။ မဟုတ်ရင် ဒါတွေက အလဟဿဖြစ်သွားမှာပဲ" 


အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့ ရောက်မလာခင် ရွှီချင်းက အိုးကို အကြိမ်ပေါင်းများစွာ ဆေးကြောလိုက်၏။ ငါးအနံ့မရှိအောင် သေချာစွာဆေးကြောပြီးနောက် ရေထည့်လိုက်ကာ ညဘက်မှာရေချိုးရန်နှင့် လက်ကိုရေနွေးနဲ့ဆေးနိုင်ရန် ရေကျိုထားလိုက်တော့သည်။ 


ဦးလေးရှဲ့သည် သစ်သားဇလုံတစ်ခုဖြင့် အဒေါ်ရှဲ့၏နောက်သို့လိုက်လာဖို့ အချိန်သိပ်မကြာလိုက်ပေ။ "ဟား ဟား၊ ချင်းကောအာလုပ်ထားတဲ့ငါးဟင်းက အရသာရှိတယ်လို့ကြားတယ်ဟေ့။ ဦးလေးကိုမြည်းကြည့်ခွင့်ပေးလို့ ကျေးဇူးပဲကွာ။ ဒီနေ့ ငါ့ကိုယ်ပိုင်ထမင်းယူလာခဲ့တယ်ကွ" 


"ဟေး ဦးလေးဘာတွေပြောနေတာလဲဗျာ။ ဝင်လာပါဗျို့။ ထမင်းအတွက်ကျေးဇူးပဲနော်။ စားကြရအောင်လေ။ အေးသွားရင် ငါးက အရသာကောင်းတော့မှာမဟုတ်ဘူး။" 


ရွှီချင်းသည် အရသာရှိသောစီချွမ်ငါးကို ပျော်ရွှင်စွာစားနေစဉ် လီချန်ဖုန်းဆီမှာတော့ အချိန်ကောင်းမဟုတ်ပေ။ 


"အဲ့ဒါက မင်းကို ဘာကောင်းကျိုးမှမပေးဘူးဆိုတာသိရဲ့လား" အမေလီအိမ်ပြန်ရောက်သည်နှင့် လီလောင်ယောင်မှာ လီချန်ဖုန်းက အိမ်ခွဲထွက်လိုတယ်ဆိုသည့်သတင်းကို ပြောပြရန် သူ့ကိုဆွဲခေါ်သွားသည်။ အမေလီကြားတော့ အဖေလီလိုမျိုး မတည်ငြိမ်နိုင်ချေ။ အကြီးဆုံးသားလီလောင်ယီနှင့် သူ့ဇနီးတို့လည်း ထိတ်လန့်သွားကြပြီး လီလောင်စန်းက အဖေလီစကားကိုနားထောင်ရင်း အံ့သြသွားသော်လည်း ခေါင်းငုံ့ကာအမူအရာထုတ်မပြခဲ့ချေ။ 


"ကျွန်တော်သိတယ်" လီချန်ဖုန်းက အဖေလီကို စိုက်ကြည့်ရင်းဆိုသည်။ 


အဖေလီသည် ဆေးပြင်းလိပ်အငွေ့တွေကို ပါးစပ်အပြည့်စာမှုတ်ထုတ်လိုက်၏။ နှစ်ပေါင်းများစွာ ရာသီဥတုဒဏ်ခံထားရသည့် သူ့မျက်နှာမှာ အနည်းငယ်ရုပ်ဆိုးနေလျက် "ငါတို့မိသားစုက တကယ်ပဲ ထင်ထားတဲ့အချိန်ထက်စောသွားတာပဲ" 


လီချန်ဖုန်းသည် နှုတ်ဆိတ်နေသော်လည်း သူရဲ့မျက်လုံးတွေမှာတော့ နောက်မဆုတ်ဖို့ဆန္ဒရှိမနေဘူး။ 


"လောင်စန်း၊ မင်းဘယ်လိုထင်လဲ" အဖေလီသည် လီလောင်စန်းကိုမကြည့်ဘဲ လှမ်းခေါ်လိုက်သည်။ 


လီလောင်စန်းသည် သူ့ခန္ဓာကိုယ်မှ ဖုန်မှုန့်များကို ခါထုတ်ရင်း "ဒါဆိုလည်း ခွဲလိုက်ပေါ့၊ ဘာပဲဖြစ်ဖြစ် ပြဿနာရှိနေတာပဲလေ" 


ဝမ်လိက တိတ်ဆိတ်နေသော်လည်း အကြီးဆုံးလီဇနီးရဲ့မျက်လုံးများမှာတော့ တဖျပ်ဖျပ်ခတ်နေလျက်။ 


အကြီးဆုံးသားလီလောင်ယီသည် အသက်အကြီးဆုံးဖြစ်ပေမယ့် အလွန်ရိုးသားသူဖြစ်ပြီး ဒုတိယသားက ဘာကြောင့်အိမ်ခွဲချင်နေသည်ကို နားမလည်ချေ။ 


"ပြဿနာတွေ? အဲ့ဒီပြဿနာတွေဆိုတာက မင်းလုပ်ခဲ့တာတွေပဲလေ" အဖေလီသည် သူ့တင်ပါးအောက်မှ ခွေးခြေကိုယူပြီး လီလောင်စန်းဆီ ပစ်ထည့်လိုက်ရာ လီလောင်စန်းလည်း မထိခင် အမြန်ရှောင်လိုက်ရ၏။ 


"အဖေ!" လီလောင်စန်းသည် သူ့အဖေက သူ့ကို ဒီလိုလုပ်ရပ်မျိုးအမှန်တကယ်လုပ်လိမ့်မယ်လို့ မယုံနိုင်ခဲ့ဘူး။ 


"အဖေ တစ်ခုခုပြောပါဦး" လီလောင်ယီက နှုတ်ဆိတ်နေတဲ့ လီချန်ဖုန်းကို ဆွဲဆောင်ရန် လူအိုကြီးအားဆွဲလိုက်သည်။ သူကတော့ဆုံးဖြတ်ပြီးသားပင်။ မိသားစုခွဲပြီးသွားသည်နှင့် ဇနီးလေးရဲ့အိမ်တံခါးကို သွားနိုင်ပြီလေ။ 


အကြီးဆုံးချွေးမက သူ့ယောက္ခမဒီလောက်ဒေါသထွက်တာကို ပထမဆုံးအကြိမ်မြင်လိုက်ရတော့ နည်းနည်းကြောက်လန့်သွား၏။ ခေါင်းငုံ့ထားတဲ့ဝမ်လိကိုကြည့်ပြီး အနည်းငယ်စိတ်တိုသွားရသည်။ ဒီလူကြောင့်သာမဟုတ်ရင် မိသားစုက ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ 


လီရှောင်းအာနှင့် အမေလီတို့သည် နာနာခံခံမတ်တပ်ရပ်နေကြတဲ့ကလေးတွေနှင့် ပင်မခန်းမတွင် ထိုင်နေကြပြီး အပြင်ဘက်မှ လှုပ်ရှားမှုများကို နားထောင်နေကြသည်။ အဖေလီသည် လီလောင်စန်းအား ခွေးခြေဖြင့် ပစ်ထည့်လိုက်သောအခါ လီရှောင်းအာက ပြေးထွက်တော့မလိုဖြစ်သွားသော်လည်း အမေလီက တားလိုက်၍ "မင်းက လက်မထပ်ရသေးတဲ့ကောတစ်ယောက်ဖြစ်လို့ အပြင်ထွက်ပြီး ဒီလိုကိစ္စမျိုးမှာ ဝင်မပါသင့်ဘူး။"

xxx