Ch-13
Viewers 9k

Chapter-13


"ဘာမှထပ်မပြောနဲ့တော့၊ ငါသဘောမတူဘူး။ လီမိသားစုမှာ ဒီလိုကျေးဇူးမသိတတ်တဲ့သားမျိုးမရှိဘူးကွ!" 


လီချန်ဖုန်း ခေါင်းမမော့ဘဲ ထိုင်နေရင်း "မိသားစုခွဲပြီးရင်တောင် ကျွန်တော် မိဘတွေကို ပြုစုစောင့်ရှောက်ပေးဦးမှာပါ။ အင်း ပြီးတော့ ဒါကလည်း မိသားစုထဲက ညီလေးတွေနဲ့ ကလေးတွေအတွက်ပါပဲဗျာ" 


လီရှောင်းအာ၏မျက်လုံးများတွင် မျက်ရည်များပြည့်နေ၏။ သူက မိသားစုတွင် တစ်ဦးတည်းသောကောဖြစ်သော်လည်း သူ့ကို စိတ်ရင်းနဲ့ အမြဲဂရုစိုက်ပေးသည့် တစ်ဦးတည်းသူမှာ သူ့၏ဒုတိယ​အစ်ကိုသာ။ 


လီလောင်ယောင်က အနည်းငယ်စိတ်ရှုပ်သွားခဲ့ပြီး ငိုနေသောလီရှောင်းအာကိုကြည့်၍ အခြေအနေများကို တွေးကြည့်နေကာ "ကလေးတွေကိစ္စအထိပါ မင်းဘာလို့စိတ်ပူနေရတာတုန်းကွ!" 


"အစ်ကိုကြီးရဲ့ ကလေးနှစ်ယောက်ကရော? သူတို့လေးတွေက မငယ်တော့ဘူးလေ၊ နောက်နှစ်အနည်းငယ်ကြာရင် လက်ထပ်ရတော့မှာလေ" လီချန်ဖုန်းသည် လီလောင်ယောင်နှင့် အငြင်းမပွားဘဲ သူ့အရှေ့တွင် မိသားစုအခြေအနေကို နည်းနည်းစီပြောပြနေလိုက်သည်။ ဒီမိသားစု၏လူဦးရေမှာ တဖြည်းဖြည်းများလာသဖြင့် အားလုံးအတွက် အခန်းအလုံအလောက်မရှိနိုင်ကြောင်း ရိုးရိုးရှင်းရှင်း သူ့အဖေကို သိစေလိုက်သည်။ လီရှောင်းအာ၏ အနာဂတ်ခန်းဝင်ပစ္စည်းအတွက်လည်းရှိသေးရာ မိသားစုမှာ အိမ်တစ်လုံးထပ်ဆောက်ဖို့တောင် မတတ်နိုင်ပေ။ လီလောင်စန်းက ဂုဏ်သတင်းနှင့် အရည်အချင်းရှိသော ပညာသင်တစ်ယောက်ဖြစ်ပေမယ့်လည်း သူက မာနကြီးပြီး စိတ်ကြီးဝင်နေရာ ထိုနေရာ၌ပင်ရပ်တန့်နေလျက်။ တတိယသားမှာ ရွာရှိကလေးတွေကို စာမသင်ပေးချင်သလို အလုပ်လည်း ကြိုးကြိုးစားစား သိပ်မလုပ်တတ်ချေ။ 


လီရှောင်းအာ၏နှလုံးသားမှာ နားထောင်နေရင်း ခံစားလိုက်ရသည်။ အကြီးဆုံးချွေးမနဲ့ တတိယချွေးမမှာ သားသမီးတွေရှိတာကို သူမြင်နိုင်ပြီး နှစ်ယောက်စလုံးက ကိုယ့်သားသမီးကိုသာ တွေးကြ၏။ တတိယအစ်ကိုနှင့် ဒုတိယအစ်ကိုကြားတွင် အဆက်မပြတ် ပဋိပက္ခနဲ့ အငြင်းပွားမှုတွေဖြစ်လာမည်မှာ မလွဲမသွေပင်။ အလိုလေး၊ အစတုန်းက တတိယ​အစ်ကိုနဲ့ ဝမ်လိတို့လက်ထပ်တာကို သူတို့ ဘာလို့များ သဘောတူလိုက်ရတာလဲ။ 


လီချန်ဖုန်းသည် လီရှောင်းအာရဲ့ မျက်ရည်တွေကို ကိုးရိုးကားယားသုတ်ပေးလိုက်ပြီး သူ့ညီလေးရဲ့ ခေါင်းကို ကိုင်ကာ "ဘာတွေငိုနေတာလဲကွာ ဒီလောက်ကြီးနေပြီကို" 


လီရှောင်းအာက စကားနားထောင်ကာ ငိုသည်ထက် ပိုရုပ်ဆိုးသည့်အပြုံးကို သူ့ကိုယ်သူအားတင်းလျက် ပြုံးပြလိုက်ရင်း "ဒုတိယအစ်ကို၊ အိမ်မခွဲပါနဲ့နော်၊ အဲ့ဒီလူကိုပဲ အိမ်ဆီလာခိုင်းလိုက်လေနော်၊ အစ်ကိုအိမ်ခွဲသွားရင် ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ၊ ဒုတိယအစ်ကိုက ကျွန်တော့်ကို မလိုချင်တော့ဘူးဆိုရင် ကျွန်တော်ဘာလုပ်ရမှာလဲ!" 


"အဲ့ဒါက အကြောင်းပြချက်လား?" 


လီလောင်ယောင်က သက်ပြင်းချရင်း "ငါ နားမလည်သေးဘူး၊ ငါ ဈေးမှာ မင်းကို တွေ့လိုက်တော့ ဘာမှမလုပ်လိုက်ဘဲ အိမ်မှာပဲ မင်းကိုစောင့်နေတာ၊ မင်းရွေးလိုက်တဲ့သူကိုလည်း လက်ခံပေးပြီးတော့ သမက်အဖြစ်သွားမှာကိုလည်း သဘောတူထားတယ်ကွာ။ ဘာလို့များ အိမ်ခွဲဖို့ ဇွတ်လုပ်နေသေးတာလဲကွ။" 


"ရိုးရိုးသားသားပြောစမ်း အဲ့ဒီလူက အိမ်ခွဲဖို့အကြောင်း မင်းကိုပြောတာလား။" အဖေလီက ဒါကိုအဓိကအချက်လို့ ခံစားရ၏။ ဒီလိုသာဆိုရင် ဒုတိယကလေးနဲ့ပတ်သက်သည့်အရာအားလုံးကို ရှင်းပြနိုင်သွားပြီးတော့ အဲ့ဒီလူကလည်း လူကောင်းတစ်ယောက်မဖြစ်နိုင်ပေ။ သူတို့က လက်တောင်မထပ်ရသေးပေမယ့် သဘောထားကွဲလွဲမှုတွေကို အစပြုနေပြီပဲ။ 


"သူမဟုတ်ပါဘူး၊ ကျွန်တော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။" 


လီချန်ဖုန်းက မတ်တပ်ထရပ်ပြီး ခွေးခြေခုံကို ဘေးဖယ်ကာ ခြံဝင်းဆီလျှောက်သွားရင်း ထွက်သွားရင်း ပြောလာခဲ့၏။ "အဲဒီနေ့က အိမ်ခွဲဖို့အကြောင်း တတိယညီစကားများနေကတည်းက ကျွန်တော်ဆုံးဖြတ်ချက်ချပြီးခဲ့တာပါ" 


"ဘာပြောပြော တတိယညီနဲ့ သူ့မိန်းမကို မင်းခွင့်မလွှတ်နိုင်သေးဘူး မဟုတ်လား?" 


အဖေလီက ထွက်သွားသောလီချန်ဖုန်း၏နောက်ကျောကို ကြည့်ကာ မေးလိုက်သော်လည်း လီချန်ဖုန်းသည် ခေါင်းပင် ပြန်လှည့်မကြည့်တော့။ ရွာက မိသားစုတစ်စုကို အိမ်ဆောက်ဖို့ သူသွားကူညီပေးရန်ရှိသေးသည်။ ဒါက ကျေးဇူးဆပ်တဲ့ကိစ္စလေ။


"အား! အဲ့ဒီလူက သိပ်မကောင်းဘူးလို့ ကျွန်တော်ပြောခဲ့တယ်လေ၊ တတိယအစ်ကို အရှုပ်တွေလုပ်တာကို အဖေခွင့်ပြုထားပြီးတော့ အဲ့ဒီဝမ်လိနဲ့ လက်ထပ်ဖို့ခွင့်ပြုလိုက်လို့ပဲ၊ ဒုတိယအစ်ကိုက ဘာအမှားလုပ်မိလို့လဲ၊ သူက တတိယအစ်ကိုကို အကြွေးတင်နေတာမဟုတ်ဘူး" 


လီရှောင်းအာမှာ အဖေလီကိုပြောရင်း ငိုယိုနေလျက်။ လွန်ခဲ့သည့်ငါးနှစ်က သူ့ရဲ့ဒုတိယအစ်ကိုပြန်လာဖို့ ဘယ်လောက်တောင်မျှော်လင့်ထားရသလဲ၊ တတိယအစ်ကို၏လက်ထပ်ပွဲကိုလက်ခံလိုက်ဖို့ သူဘယ်လောက်တောင် မုန်းတီးခဲ့ရသလဲ။ 


"ဟုတ်တာပေါ့၊ ကျွန်တော်အရမ်းစိတ်ရှုပ်ထွေးနေပြီ၊ ​​သူတို့တွေက ဒုတိယအစ်ကိုကို ဘယ်လိုပြန်ပေးဆပ်ခဲ့တာတုန်း၊ ဘယ်လိုမျိုးလဲ" 


တကယ်တော့ လီချန်ဖုန်းက ဝမ်လိအကြောင်း တွေးတောင်မတွေးတော့ပေ။ သူသည် ရွာရှိ ကောလာဟလတွေကို ရပ်တန့်စေချင်ပြီး သူ၏မိသားစုကို ကောင်းမွန်သောဘဝကို ဖြတ်သန်းစေချင်ခဲ့သည်။ သို့ရာတွင် သူ့အဖေနှင့်လီရှောင်းအာတို့ကို မမှားယွင်းစေချင်ပေ။ 


ရွှီချင်းမှာတော့ လီမိသားစုခြံဝင်းတွင် ဘာဖြစ်သွားသည်ကိုမသိ။ သူ ဈေးမှဝယ်လာသော စပါးမျိုးစေ့များကို နေရာလွတ်ရှိ စိုက်ခင်းတွင် လယ်ထွန်နေလျက်။ ဘယ်ခေတ်ပဲဖြစ်နေပါစေ အစားအသောက်ကတော့ မရှိမဖြစ်ပဲလေ။ 


မြေထွန်ယက်ပြီး မျိုးစေ့တချို့ကျဲလျက် ဆန်စပါးမျိုးစေ့များပေါက်လာစေရန် ရက်အနည်းငယ်စောင့်ရပေမည်။ သူ နေရာလွတ်မှာလည်း စိုက်ပျိုးမှာဖြစ်ပြီး အပြင်ဘက်လယ်ကွင်းမှာလည်း စိုက်မှာဖြစ်သည်။ မူလသီးနှံမြေကွက်မှ အထွက်နှုန်းမှာ အခွန်ပေးဆောင်ရန်လည်းရှိ၏။ ၄င်းမှာလုံလောက်ရုံသာရှိ၍ ပါးပါးရွှီကလည်း အများကြီးမစိုက်ပျိုးခဲ့ချေ။ ဤပြဿနာကို ကာကွယ်ရန်အတွက် ရွှီချင်းသည် အပြင်ဘက်ရှိမြေကွက်မှာမစိုက်ပျိုးခင် နေရာလွတ်၌ စိုက်ပျိုးရန် ဆုံးဖြတ်လိုက်တော့သည်။ 


အမှန်တော့ နေရာလွတ်ရှိ ကြီးထွားနှုန်းမှာ ပြင်ပထက် ပိုမိုလျင်မြန်ပြီး အပင်ရှင်သန်နှုန်းလည်းပိုများလေသည်။ 


"အား ပင်ပန်းလိုက်တာ!" နေရာလွတ်က အခုလေးတင်ထွက်လာသော ရွှီချင်းမှာ ​​ချွေးတွေအများကြီးထွက်နေလျက်။ သူ အများကြီး အားမထုတ်သုံးခဲ့တာ ကြာလှပြီလေ၊ ဤခန္ဓာကိုယ်ကလည်း ပို၍ပင်အားနည်းနေခဲ့၏။ 


ညနေစောင်းနေပြီဖြစ်သော်လည်း နေသာနေဆဲ။ ညနေခင်းအလင်းရောင်မှာ တစ်ရွာလုံးကို ပြန့်ကျဲနေကာ အဝေးကနေလှမ်းကြည့်နေသည့် သူ့အဖို့တော့ သက်တောင့်သက်သာဖြစ်ပြီး နှလုံးသားထဲမှာ အေးချမ်းနေလျက်။ 


'ဂွီး...' 


"အရမ်းဗိုက်ဆာတာပဲကွာ။ ငါးစားချင်လိုက်တာ ငါး?... မြစ်!" 


ထို့နောက် ရွှီချင်း သူ့အိမ်ခြေရင်းတွင် မြစ်ကြီးတစ်စင်းရှိကြောင်း သတိရသွား၏။ မူလကိုယ်ခန္ဓာ၏မှတ်ဥာဏ်တွင် လူအနည်းငယ်သာ ငါးစားကြသည်။ အရိုးစူးလွယ်ပြီး အနံ့အရမ်းပြင်းကာ ငါးကိုင်ရတာလည်းအလွန်ခက်သောကြောင့်ပင်။ ထို့ကြောင့် လူတော်တော်များများက မစားချင်ကြပေ။ 


ရွှီချင်း တောင်ပေါ်သို့တက်သောအခါ ပါးပါးရွှီအသုံးပြုလေ့ရှိသော သစ်သားခွက်ကို ရှာဖွေရန် သူ့မှတ်ဥာဏ်ကိုအားကိုးလိုက်သည်။ ရေယိုစိမ့်ခြင်းမှ ကာကွယ်ရန် ရိုးရိုးရှင်းရှင်းဖော့တစ်ခုပါရှိ၏။ 


သူ ခွက်ထဲသို့ လက်ချောင်းမှ စမ်းရေတချို့ကို ထည့်လိုက်၏။ ထို့နောက် သစ်သားစည်ကိုမလျက် မြစ်ဆီသို့ လျှောက်သွားခဲ့သည်။ မြစ်ရေစီးအတိုင်း အရမ်းမနက်သော သို့မဟုတ် တိမ်မနေသော နေရာတစ်ခုကို ရှာ၍ ရေထဲသို့ သစ်သားစည်ကို ထားလိုက်ရင်း "ကျစ် တော်တော်အေးတာပဲဟ!" 


ရာသီဥတုက နွေးလာပြီဖြစ်သော်လည်း ရေကနည်းနည်းအေးနေပြီး သစ်သားစည်ဘေးပတ်ပတ်လည်၌ ခွက်ထဲကစမ်းရေတချို့ လောင်းလိုက်သည်။ ခဏအကြာတွင် သစ်သားစည်အနားတစ်ဝိုက်တွင် မြက်ငါးကြင်း၄ကောင်ရောက်လာ၏။ အကြီးဆုံးတစ်ကောင်မှာ ၂ကတ်တီခန့်အလေးချိန်ရှိပြီး အသေးဆုံးတွေက ၁ပေါင်ခန့်ရှိလေသည်။ 


"ဟုတ်ပြီကွ ပိုက်ကွန်ထဲဝင်ကြ!" ရွှီချင်း ငါးတွေက စမ်းရေ​ကို မွေ့လျော်နေကြစဉ် သစ်သားစည်ထဲသို့ ပျော်ပျော်ရွှင်ရွှင်ထည့်လိုက်သည်။  


ငါးက စမ်းရေကိုသောက်လိုက်ပေမယ့် အလဟဿဖြစ်သည်ဟု မခံစားရ၊ ဒီငါးတွေက သောက်လိုက်တာ မသောက်လိုက်တာကို သူဂရုမစိုက်ပေ။ 


"အိုး ဒါက ရုပ်ဆိုးဆိုးကောမဟုတ်ဘူးလား။" 


သေစမ်း၊ ထိုရုတ်တရက်ပေါ်လာသည့်အသံကြောင့် ရွှီချင်းတစ်ကိုယ်လုံး ကြက်သီးထသွားပြီး ထိတ်လန့်သွားရသည်။ ဘာလဲကွာ! 


ရွှီချင်း သစ်သားစည်ကို တုန်တုန်ယင်ယင်ကိုင်လျက် ခေါင်းလှည့်ကြည့်လိုက်ရာ မျက်ခုံးအလယ်တွင် မှဲ့နီနှင့် ခပ်ဝဝလူတစ်ယောက်ကို တွေ့လိုက်ရ၏။ သူ့နောက်ကျောတွင် ဝက်စာမြက်ပါသော ခြင်းတောင်းကို ထမ်းထားပြီး ခပ်ဝဝကောတစ်ယောက်ပင်။ 


ငါ ဝက်စာမြက်ဖြတ်ဖို့ မေ့သွားပြီဟ... 


ဒီလူကရော ဘယ်သူပါလိမ့်? ရွှီချင်းက စိတ်ဓာတ်နည်းနည်းကျသလို ခံစားလိုက်ရပြီး "ခင်ဗျားက?" 


အဒေါ်ဝေ့က ရုပ်ဆိုးဆိုးကောလေးကို မတွေ့ရတာကြာပြီဖြစ်၍ ဒီရုပ်ဆိုးဆိုးကောက သိပ်"ရုပ်မဆိုး"တော့တာဟု ထင်လိုက်၏။ ကျစ် ကျစ် သူ့မျက်နှာက နည်းနည်းနီနေသေးပေမယ့် ရွာရှိ တခြားကောတွေထက် ပိုဖြူနေပြီး ပိုနူးညံ့လာသလိုပင်။ ရုပ်ဆိုးဆိုးကောက သူ့ကို သံသယနဲ့မေးလာသည်ကို ကြားလိုက်ရသည်။ တကယ်တော့လည်း အနှီကလေးမှာ ရွာသို့သွားလာခဲသည်ကြောင့် တစ်ဖက်လူက သူ့ကို မသိတာကို နားလည်ပေးနိုင်ပေသည်။ 


"ကျုပ်က ရွာထဲက အဒေါ်ဝေ့လေ။ မင်းက ရွာကို မကြာခဏမလာတော့ ကျုပ်ကိုမသိတာပေါ့။ ဒါက သဘာဝပါပဲ။ စကားမစပ် မင်းဘာလို့ ဒီငါးကို ဖမ်းနေတာတုန်း" အဒေါ်ဝေ့က ရွှီချင်းအနားကပ်၍ ငါးအနံ့ဆိုးဆိုးကြီးကိုရလိုက်၏။ သူငုံ့ကြည့်လိုက်တော့ ရုပ်ဆိုးဆိုးကောလေးဖမ်းထားသည့် ဆူးထူငါးကို တွေ့လိုက်ရပေသည်။ သူတို့မိသားစုတောင် ဒါကိုမစားဘူးလေ! (Note: အပေါ်မှာတုန်းက 'Grass Crap'မြက်ငါးကြင်းလို့ပြောထားပေမယ့် ဒီမှာတော့ 'Thorny Fish'ဆူးထူငါးဖြစ်သွားပြန်ရော 🙄 မှားနေရင် ထောက်ပြပေးလို့ရပါတယ်နော်) 


ရွှီချင်းမှာ တစ်ဖက်လူနှင့် ရင်းနှီးနေသလိုရှိနေပြီး ထိုသူ့စကားတွေမှာလည်း စက်ဆုပ်ရွံရှာစိတ် ရန်လိုစိတ်ရှိမနေခဲ့။ ဤအခိုက်အတန့်တွင် တစ်ဖက်သား၏မျက်လုံးများမှာ သူ့အား စာနာစိတ်အပြည့်ရှိနေသည်ကို မြင်လိုက်ရသောအခါ အနည်းငယ်ဆို့နင့်သွားရသည်။ 


"ကျွန်တော်... ကျွန်တော် စားဖို့လေ။" အဆင်ပြေတယ်မလား? သူ ငါးတချို့ စားချင်ရုံလေးပါ၊ ဥပဒေ ချိုးဖောက်နေတာမဟုတ်ဘူးလေ။ 


စားမလို့? အိုးမိုင်ဂေါ့! အဒေါ်ဝေ့မှာ ရုပ်ဆိုးဆိုးကောလေးက တကယ့်ကို သနားစရာကောင်း​တယ်လို့ ရုတ်တရက်ခံစားလိုက်ရ၏။ မိသားစုတွင် သူ့ကိုစောင့်ရှောက်မည့် လူကြီးကလည်းမရှိ၊ အိမ်ထောင်ရေးနှင့်ပတ်သက်၍လည်း မည်သူကမျှ စိတ်ပူမည့်သူရှိမည်မထင်။ အခုဆို အစိုးရတွဲဖက်မည့်အချိန်နီးနေပြီဖြစ်ပြီး သူကတော့ စားဖို့အတွက် ဒီနေရာမှာ ဆူးထူငါးကို ဖမ်းနေရသည်။ ​အလိုလေး... တကယ်ကို သနားစရာကောင်းတာပဲ! 


"ဟင်? အဒေါ်ဝေ့?" ရွှီချင်းမှာ အဒေါ်ဝေ့က ဘန်းမုန့်တစ်ခုကို သူ့လက်ထဲသို့ ထည့်ပေးခြင်းခံလိုက်ရ၏။ 


"ဒါက ကျုပ်ယူလာတဲ့သရေစာဘဲ၊ ဒါပေမဲ့ ကျုပ်မစားရသေးဘူးနော်။ မင်းစားဖို့ယူထားလိုက်။ နောင်မှာ အခက်အခဲရှိရင် ကျုပ်ဆီလာခဲ့လေ။ ဒီငါးက အရသာမရှိပါဘူး!" ထိုသို့ပြောပြီးနောက် အဒေါ်ဝေ့က သူ၏ခပ်ဝဝခန္ဓာကိုယ်ကို လိမ်ဖယ်လိမ်ဖယ်ဖြင့် ရွာထဲသို့ တဖြေးဖြေးလျှောက်သွားတော့သည်။ 


"ဒီလူက တကယ်ချစ်ဖို့ကောင်းတာပဲ!" ရွှီချင်း သူ့လက်ထဲတွင်ရှိသော ဘန်းမုန့်ကို ခါးသီးသောအပြုံးဖြင့် ကြည့်လိုက်သည်။ ထိုအကြောင်းကိုတွေးပြီးနောက် အိမ်သို့ပြန်လျှောက်လာခဲ့သည်။ အနှီဘန်းမုန့်ဟာ အရသာအရမ်းမရှိပေမယ့်လည်း အခြားသူက ရည်ရွယ်ချက်ကောင်းနှင့် ပေးထားသည်ဖြစ်ရာ အလဟဿအဖြစ်မခံနိုင်ပေ။ 


အဒေါ်ဝေ့ ရွာထဲသို့ရောက်သည်နှင့် တစ်ခုခုချက်ပြုတ်ရန် ထွက်လာသည့် အဒေါ်ရှဲ့ဆီ အပြေးအလွှားသွားလျက် "အိုး ရှဲ့မိသားစုဇနီးရေ ကျုပ်ကြားတာတော့ မင်းက ဟင်းချက်ကောင်းတယ်ဆို!" 


အဒေါ်ရှဲ့: ကြည့်စမ်း ဒါက ဝေ့မိသားစုကလူ မဟုတ်ဘူးလားဟ? ဒီလူက တည့်တည့်ပြောတတ်ပေမယ့် သူ့စိတ်ရင်းကတော့ တကယ်ကောင်းပါတယ်။ တစ်ဖက်သား၏ချီးကျူးစကားကိုကြားပြီးနောက် အဒေါ်ရှဲ့သည် အသီးအရွက်များစွာကို ထုတ်ကာ အဒေါ်ဝေ့၏ခြင်းတောင်းထဲသို့ ထည့်ပေးလိုက်သည်။ 


"ကျုပ်တို့ လူနှစ်ယောက်တည်းက အများကြီးမစားနိုင်ဘူးလေ။ မင်းတို့မိသားစုအတွက် ဒါတွေယူသွားလိုက်။" 


အဒေါ်ဝေ့ ယဉ်ကျေးမနေတော့ဘဲ အပြုံးဖြင့် ကျေးဇူးတင်စကားဆိုလျက်။ အခုလေးတင်တွေ့ခဲ့သော ရုပ်ဆိုးဆိုးကောလေးအကြောင်းတွေးမိတော့ အနည်းငယ်မမျိုသိပ်နိုင်တော့ဘဲ "ကျုပ် မင်းကို ပြောစရာတစ်ခုရှိလို့၊ ကျုပ် မြစ်ကမ်းစပ်မှာ ရုပ်ဆိုးဆိုးကောနဲ့ တွေ့ခဲ့တာ!" 


အဒေါ်ရှဲ့ မျက်လုံးပြူးသွားကာ ဘာရုပ်ဆိုးဆိုးကောလဲ၊ မင်းတို့တစ်မိသားစုလုံးကပဲ ရုပ်ဆိုးဆိုးကောတွေ။ 


အဒေါ်ဝေ့မှာ စိုးရိမ်ကြောင့်ကြနေသောကြောင့် သူကြုံတွေ့ခဲ့ရသမျှကို ရှင်းပြလိုက်တော့သည်။ 


"ဘာ? ဆူးထူငါးကိုစားမလို့?" အဒေါ်ရှဲ့က ရွှီချင်းကို ဒူးထောက်မိတော့မလိုပင်။ ဒီကလေးကတော့ လက်ထပ်ရတော့မှာကို ဘာတွေလျှောက်လုပ်နေပါလိမ့်။ ဒီကလေးက ပိုက်ဆံစုဖို့ ဆူးထူငါးကို စားနေတာများလား? 


"ဝေ့မိသားစုဇနီးရေ သိပ်မစောတော့ဘူးနော်၊ နောက်နေ့မှ စကားပြောကြစို့လေ!" အဒေါ်ရှဲ့က ယခုအချိန်မှာ ဘာတွေဖြစ်နေသလဲဆိုတာကြည့်ဖို့အတွက် ရွှီချင်းအိမ်ဆီ ပျံသန်းသွားဖို့ရာ မစောင့်နိုင်တော့။ 


အဒေါ်ဝေ့လည်း ကောင်းကင်ကိုမော့ကြည့်ရင်း "အင်း နောက်ကျနေပြီပဲ၊ ကျုပ်လည်း ချက်ပြုတ်ဖို့ အိမ်ပြန်ရတော့မယ်။ ကောင်းပြီလေ၊ နောက်တစ်ခါမှ စကားပြောကြတာပေါ့!" 


စကားပြောပြီးသည်နှင့် အဒေါ်ဝေ့က သူ့နောက်ကျောကဝက်စာမြက်တွေနှင့် သူ့အိမ်ရှိရာကို အမြန်လျှောက်သွားလိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က နွေဦးရာသီတွင် ထွန်ယက်ရင်း အလုပ်ရှုပ်နေခဲ့ပြီး ညစာချက်ပြုတ်ခြင်းမှာ နောက်ကျလွန်းသဖြင့် သူ့အမျိုးသားမှာ ထပ်၍ဝုန်းဒိုင်းကြဲနေပြန်သည်။ 


ရွှီချင်း ငါးကို အိမ်သို့ယူဆောင်သွားကာ ဘေးဖယ်ဖယ်ထားလိုက်၏။ သူ ဟင်းသီးဟင်းရွက်ခင်းသို့ တန်းတန်းမတ်မတ်သွားပြီး ဝက်စာမြက်တွေကို ဖြတ်လိုက်ကာ ဝက်ကလေးကြီးထွားစေဖို့ ကျွေးလိုက်သည်။ ငါးတစ်ကောင်ကို သန့်ရှင်းရေးလုပ်ပြီးချိန်တွင် အဒေါ်ရှဲ့မှာတံခါးခေါက်ပြီး သူ့ကိုခေါ်နေသည်ကို ကြားလိုက်ရ၏။ 


"ချင်းကောအာရေ အဒေါ်ရှဲ့ပါ" 


ရွှီချင်းလည်း သူ့လက်မှရေတွေကို အင်တင်တင်ဖြင့်ခါလျက် အဒေါ်ရှဲ့မှလွဲပြီးတော့ သူ့ကိုရှာမယ့်သူမရှိဘူးလေ။ သူမဟုတ်ရင် ဘယ်သူဖြစ်မှာလဲနော်။ 


"လာပါပြီဗျ!" 


အဒေါ်ရှဲ့ တံခါးပွင့်လာတာကို မြင်လိုက်ရပြီး ရွှီချင်းအနားကပ်သွားသည်နှင့် ပြင်းထန်သော ငါးညှီနံ့ရလိုက်၏။ 


"တကယ်ကြီးလား? မင်း ဆူးထူငါးကို တကယ်စားချင်တာလား? မင်းမှာဘာအခက်အခဲရှိနေလဲ၊ အဒေါ်ရှဲ့ကိုပြော၊ သွားကြစို့၊ ကျုပ်အိမ်မှာ သွားစားကြမယ်!" 


ထိုသို့ပြောနေရင်း အဒေါ်ရှဲ့မှာ ရွှီချင်းကိုခေါ်သွားတော့မည်ဖြစ်ရာ ရွှီချင်း သူ့လက်တွေကို အမြန်ပြန်ရုတ်လိုက်ပြီး "အိုး သတိထားပါဦး၊ ကျွန်တော့်လက်တွေက အခုပဲ ငါးကိုင်ထားတာလေ၊ အနံ့ပြင်းနေတာကို!"


xxx