Chapter-12
"ခင်ဗျားကိုလက်ထပ်ဖို့ ကျွန်တော့်မှာ ပိုက်ဆံရှိပါသေးတယ်!" ရွှီချင်းက လီချန်ဖုန်းဆီ ပိုက်ဆံအိတ်ကို ပြန်ပေးလိုက်ပြီး ခိုင်မာသည့်လေသံနဲ့ ပြောလိုက်၏။ သူက လက်ထပ်တော့မှာဖြစ်ပြီး သူ့ဇနီးဆီက ပိုက်ဆံယူဖို့လောက်ထိ သူအရမ်းမဆင်းရဲဘူးလေ။ ဒါက သူ့ရဲ့ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဘဲ!
"ရပါတယ်၊ ဘာပဲဖြစ်ဖြစ် ကိုယ်က မင်းကိုပျိုးထောင်ပေးမှာပဲလေ" လီချန်ဖုန်းလည်း သေရေးရှင်ရေးလို မရမကတောင်းဆိုလိုက်၏။
ဤကမ္ဘာရှိ သူ့အဆင့်အတန်းမှာ သူ့အရင်ကမ္ဘာရှိ အမျိုးသမီးများနဲ့ တူတယ်ဆိုတာကို သူမေ့လျော့နေခဲ့တာ။ အခုဆို သူက ကလေးတောင်ရနိုင်တယ်လေ!
ရွှီချင်းမှာတော့ သူ့ရဲ့ဗိုက်ပူပူကြီးအကြောင်းကို တွေးမိသွားသောအခါ ချွေးအေးတောင် ထွက်လာသလိုပင်။ ကြောက်ဖို့ကောင်းလိုက်တာ!
ရွှီချင်း တုန်တုန်ယင်ယင်ဖြစ်နေတာကိုမြင်တော့ လီချန်ဖုန်းက သူအေးနေတယ်လို့ထင်လိုက်၍ "မင်းအဆင်ပြေရဲ့လား? ဒီနှစ်နွေဦးက နည်းနည်းအေးတယ်၊ မနက်ခင်းမှာလဲ နှင်းတွေကျထားတော့ အအေးမိသွားဖို့လွယ်တယ်။ ကိုယ်တို့ရဲ့မင်္ဂလာပွဲကိုတော့ ကိုယ့်မိသားစုခွဲပြီးတဲ့အထိစောင့်ပေးဦးနော်။ သွားကြမယ်လေ၊ ပြန်ကြရအောင်။ ကိုယ်တို့အကြာကြီးနေနေရင် ပိုအေးလာလိမ့်မယ်"
"မိသားစုခွဲမယ်?" ရွှီချင်းက လီချန်ဖုန်းကို နားမလည်နိုင်စွာကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက ခင်ပွန်းအဖြစ် ခေါ်ထားတာပဲလေ၊ ဘာလို့ သူက မိသားစုခွဲဖို့ စဉ်းစားနေရသေးတာလဲ?
လီချန်ဖုန်းက သူ့ရှေ့ကလူမှာ ဘာတွေတွေးနေတယ်ဆိုတာကို တွေးစရာတောင်မလိုဘဲ ခန့်မှန်းနိုင်လေ၏။ "မိသားစုခွဲပြီးရင် နောင်အနာဂတ်မှာ မိသားစုမှာ တစ်ခုခုဖြစ်သွားခဲ့ရင်တောင်မှ ကိုယ်ကအိမ်ထောင်ကျပြီးသားဖြစ်လို့ မိသားစုထဲမှာ ပဋိပက္ခတွေနည်းသွားမှာလေ"
သူ့မိဘတွေမတော်တဆတစ်ခုခုဖြစ်သည်နှင့် လီမိသားစုမှာ သေချာပေါက် ကွဲကွာသွားကြပေမည်။ ယောက်ျားတစ်ယောက်အနေနဲ့ သူ မိသားစုဆီမှ မခွဲထွက်သေးသရွေ့ သူအိမ်ထောင်ပြုသွားခဲ့ရင်တောင်မှ ဝန်ထုပ်ဝန်ပိုးကို ခွဲဝေဖို့အတွက် လီမိသားစုဆီ ပြန်သွားရမှာပင်။
"အိမ်ထောင်ပြုပြီးရင်? ကောင်းတာပေါ့" ရွှီချင်းက ဝမ်းသာအားရ ပြုံးလိုက်၏။ ဒါက သူ့ကိုလက်ထပ်ဖို့ လက်ခံလိုက်တာပဲ မဟုတ်လားကွ!
လီချန်ဖုန်းက တစ်ဖက်လူမှာ ပေါတောတောပြုံးနေသည်ကိုမြင်လိုက်၍ သူရယ်လိုက်ကာ ရွှီချင်းက အနာဂတ်တွင် သူ့ရဲ့မိသားစုဝင်လေးဖြစ်လာတော့မည်ကို စဥ်းစားရင်း သူ့ဆုံးဖြတ်ချက်ကိုသတိရပြီး မေးလိုက်၏ "ကိုယ် မိသားစုခွဲထွက်ချင်တာကို မင်းဘယ်လိုထင်လဲ"
ဒါက သူ့တစ်ယောက်တည်းရဲ့ ပြဿနာမဟုတ်ဘူးဆိုတော့ တစ်ဖက်လူနဲ့ ဆွေးနွေးတာက ပိုကောင်းတယ်လေ။ မိသားစုတွင် ညီအစ်ကိုများနှင့် ကလေးများစွာရှိပြီး အငယ်ဆုံးညီလေးမှာလည်း အိမ်ထောင်မပြုရသေးပေ။ မိသားစုခွဲထွက်တာက သူ့အတွက်တော့ စိတ်သက်သာရာရစေပေမယ့် ရွှီချင်းအတွက် နည်းနည်းတော့ မတရားသလိုပင်။
"ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားကို ကျွေးမွေးထားနိုင်တယ်၊ ကျွန်တော်မစိုးရိမ်ပါဘူး" ရွှီချင်းသည် သူ့ကိုပျိုးထောင်ပေးမည်ဆိုသည့် လီချန်ဖုန်း၏စကားကို တမင်တကာ ပြန်ပြောလိုက်၏။
"ပြဿနာမရှိဘူး!" လီချန်ဖုန်းက ရွှီချင်းကို သူ့ခေါင်းထဲတွင် အထိန်းအကွပ်မဲ့စွာ စဥ်းစားခွင့်ပေးထားလိုက်သည်။ သေချာတာကတော့ သူ လူရွေးမမှားခဲ့ဘူးပဲ။ ဒီကောင်လေးက ကြင်နာပြီး စဥ်းစားချင့်ချိန်တတ်၏။ ဘာပဲဖြစ်ဖြစ် သူကတော့ ရွှီချင်းကိုအလိုလိုက်မှာပင်။ ထို့အပြင် လီချန်ဖုန်းက ရွှီချင်း၏ခန္ဓာကိုယ်သေးသေးလေးကို ကြည့်လိုက်ပြီး အနာဂတ်မှာ သူလေးကို ကောင်းကောင်းပျိုးထောင်ဖို့ ဆုံးဖြတ်ထားပေ၏။ မဟုတ်ရင် အနာဂတ်မှာ ကလေးလေးတွေရှိလာရင် ဘယ်လိုမွေးမလဲကွာ။
"ဘာလဲ?" ရွှီချင်းသည် လီချန်ဖုန်းပြောလိုက်တာကို ရှင်းရှင်းလင်းလင်း မကြားလိုက်၍ ပြန်မေးလိုက်၏။ ဒီခေတ်က အရမ်းလုံခြုံပေသည်။ သူ့နားတွေက ကမ္ဘာပျက်ကပ်တုန်းကလောက် အရမ်းကြီးသတိမရှိနေတော့။
လီချန်ဖုန်းက သူ့ကိုပြန်မဖြေဘဲ ပြုံးလျက် ဖဲကြိုးနီ ချည်နှောင်ထားသည့် သစ်ပင်ဆီသို့ လျှောက်သွားကာ ညင်သာစွာဖြုတ်လိုက်ပြီးနောက် လျိုမော့နဲ့ အဒေါ်ရှဲ့ဆီ လက်ဝှေ့ယမ်းပြလိုက်၏။ တစ်ဖက်ကခေါင်းညိမ့်ပြလိုက်သည်ကိုတွေ့ပြီးမှသာ သူ့ခေါင်းကိုလှည့်လျက် သူ့ထက် ခေါင်းတစ်လုံးစာနီးပါးအရပ်ပိုပုသော ပုံရိပ်သေးသေးလေးဆီကြည့်လိုက်၏။
"ကိုယ်အရင်ထွက်လိုက်မယ် ခဏနေမှ မင်းနောက်ကလိုက်ထွက်ခဲ့နော်။ အဒေါ်ရှဲ့လာခေါ်လိမ့်မယ်" ထိုအကြောင်းကိုတွေးပြီးနောက် သူကအနေခက်စွာပြောလာ၏ "မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာတစ်ရက်ကို ရွေးဖို့သတိရဦးနော်၊ ပြီးရင် ကိုယ့်ကိုအသိပေး..."
စကားပြောပြီးနောက် သူ မှင်တက်နေဆဲရွှီချင်း၏ခေါင်းကိုပုတ်ကာ အမြန်ထွက်သွားတော့သည်။ ကောင်းကင်က တောက်ပနေပြီဖြစ်၍ သူစောစောထွက်သွားရမယ်လေ၊ မဟုတ်ရင် လူတွေက ဘလိုင်းဒိတ်လုပ်နေတဲ့ ကောတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ရဲ့ အသွင်အပြင်ကိုမြင်ပြီးတော့ ကောလဟာလတွေ အများကြီးဖြစ်လာလိမ့်မှာ။
"ဘယ်လိုလဲ၊ သူ့ကို သဘောတွေ့ရဲ့လား"
အဒေါ်ရှဲ့သည် ပျော်ရွှင်စွာရှေ့သို့လှမ်းကာ ရွှီချင်းလက်ကိုကိုင်လိုက်၍ ရွှီချင်း၏လက်ထဲရှိ ပိုက်ဆံအိတ်ကို တွေ့လိုက်ရ၏ "ဟေး အဲ့ဒီကလေးက မင်းအတွက်ပေးသွားတာလား"
၎င်းသည် အမျိုးသားတွေသုံးလေ့ရှိသော ပိုက်ဆံအိတ်နှင့်တူပြီး အလှအပတွေမရှိတဲ့ အနက်ရောင်ပင်။
ထိုမှသာ ရွှီချင်းသည် ပိုက်ဆံအိတ်ကို ပြန်ပေးလိုက်ရန် မေ့သွားသည်ကို သိလိုက်ရပြီး "ကျွန်တော် သူ့ကို ပြန်ပေးလိုက်ဖို့ မေ့သွားတာ..." လီချန်ဖုန်းက လမ်းပေါ်မှာ မရှိတော့ဘူးဘဲ။
အဒေါ်ရှဲ့သည် ရွှီချင်း၏လက်ထဲတွင် ပိုက်ဆံအိတ်ကိုယူ၍ အလေးချိန်ကြည့်ရာ ချက်ခြင်းပင် လီချန်ဖုန်းကို ပိုကျေနပ်လာခဲ့သည်။ ပိုက်ဆံအိတ်ကို ရွှီချင်း၏လက်ထဲပြန်ထည့်လိုက်ပြီး အဓိပ္ပါယ်ရှိစွာ သူ့ကိုကြည့်လျက် "မင်းနဲ့ ပေါင်းသင်းရလွယ်တဲ့သူနဲ့တွေ့သွားပြီပဲ၊ ဒါက သူ့စုဆောင်းငွေအားလုံးဖြစ်နိုင်တယ်"
ရွှီချင်းထိတ်လန့်သွားရပြီး "သူ့ရဲ့စုဆောင်းငွေအားလုံးကို ကျွန်တော်ဘာလုပ်ရမလဲ။" သူ့ကို စောစောလက်ထပ်လိုက်ရမလား?
"မင်းရဲ့ခေါင်းထဲမှာ ဘာတွေရှိနေလဲ? ကောတစ်ယောက်အနေနဲ့ မင်းက သူတို့ရဲ့လက်ထဲမှာ ပိုက်ဆံမရှိမှာကို ကြောက်နေရမှာလေ။ ဒီအိမ်ထောင်ရေးဟာ တစ်သက်တာကိစ္စပဲ။ မင်းသာမန်ကာလျှံကာမတွေးရဘူးနော်။ ဒါက မင်းအတွက် မင်္ဂလာစရိတ်လေကွယ်" အဒေါ်ရှဲ့က ရွှီချင်းခေါင်းလေးကို ပုတ်လိုက်ရာ ရွှီချင်းက "အား! အား!" ဟု အော်နေတော့၏။
"ဒါပေမယ့် လက်ထပ်ဖို့မေးထားတာက ကျွန်တော်လေ! သူဒီလိုလုပ်ဖို့မလိုပါဘူး" အရူးကြီး၊ သူက လက်ထပ်ဖို့ ရက်တောင်မသတ်မှတ်ရသေးဘူးကို။ လီချန်ဖုန်းက သူ့ကို သီးသန့်ပိုက်ဆံပေးဝံ့တယ်ပေါ့လေ။ သူပိုက်ဆံတွေနဲ့ ထွက်ပြေးသွားမှာကို မကြောက်ဘူးလားဟ။
ဒါပေမယ့်... ရွှီချင်းက ပိုက်ဆံအိတ်ကို သူ့လက်ထဲကိုင်ထားရင်း သူ့နှလုံးသားလေးမှာ စိတ်လှုပ်ရှားနေလျက် "သူ့မှာပိုက်ဆံမရှိခဲ့ရင်တောင်မှ ကျွန်တော်ဂရုစိုက်မှာပါ"
လီချန်ဖုန်းသည် သူ့ခြေဖဝါးမှာ လေဝင်နေသလိုမျိုး အိမ်ပြန်လာခဲ့၏။ သူက မိသားစုခွဲဖို့အကြောင်းကို သူ့အဖေနဲ့ စကားပြောရမယ်။ ပြီးရင်တော့ မင်္ဂလာပွဲလုပ်ဖို့အတွက် ရွှီချင်းဆီ စကားပါးရမယ်။
ရွှီချင်းနဲ့ မိသားစုတွေဖြစ်လာပြီး သူ့အိမ်ဆီ ဝင်ဖို့အကြောင်းစိတ်ကူးကြည့်ပြီးတာနဲ့ သူ့နှလုံးသားမှာ အတော်လေး စိတ်လှုပ်ရှားနေတော့၏။
"ဒုတိယအစ်ကို! ဒုတိယအစ်ကို! ဒီကိုလာ!"
လီရှောင်းအာနဲ့ အဖေလီတို့ အိမ်ပြန်ရောက်သည်နဲ့ သူ့ဒုတိယအစ်ကို အိမ်ပြန်ရောက်တဲ့အခါ သတင်းပေးဖို့ ခြံဝင်းတံခါးမှာ စောင့်နေခဲ့၏။
"ဘာဖြစ်လို့လဲ၊ ဒုတိယအစ်ကိုက ဒီနေ့ မင်းအတွက် ဘာမှမယူလာခဲ့မိဘူး၊ နောက်တစ်ခါကျမှ မင်းအတွက် တစ်ခုခုဝယ်လာပေးမယ်နော်"
လီချန်ဖုန်းသည် လီရှောင်းအာက လက်ဆောင်တစ်ခုခုလိုချင်နေတယ်လို့တွေးမိပြီး အားနာစွာနဲ့ ပြောလာသည်။ သူက အဲ့ဒီအကြောင်းကိုမေ့သွားပြီး ရွှီချင်းဆီ သူ့ပိုက်ဆံအားလုံးကို ပေးခဲ့လိုက်တာလေ။ ဒီတော့ အလုပ်တချို့ရှာပြီး ငွေနည်းနည်းရဖို့ နည်းလမ်းရှာရမယ်။
ရွှီချင်းအတွက် လက်ဆောင်လေးတွေလည်း ဝယ်ပေးနိုင်ပြီးတော့ အိမ်ကညီလေးအတွက်လည်း ဝယ်ပေးရမည်။ ရွှီချင်းက ဘာကြိုက်တတ်လဲ သူမသိချေ၊ ဖြစ်နိုင်တာက လက်ကိုင်ပုဝါများလား။ ကောတွေက အဲ့ဒါတွေကို အရမ်းကြိုက်ပုံရတယ်လေ၊ အနည်းဆုံးတော့ သူ့ညီလေးက လက်ကိုင်ပုဝါကို တော်တော်သဘောကျတာကိုး။
"ဒုတိယအစ်ကိုရေ ဘာတွေတွေးနေတာလဲ၊ ကျွန်တော်ပြောတာကိုကြားရဲ့လား"
လီရှောင်းအာသည် သူက ရိုးရိုးရှင်းရှင်းပင် စိုးရိမ်နေသည်ဟု ခံစားလိုက်ရ၏။ သူ့၏ဒုတိယအစ်ကိုကတော့ သူ့စိတ်ကတခြားတစ်နေရာရောက်နေသလိုမျိုးပင်။ သူ့မှာတော့ အိမ်မှာဖြစ်ပျက်နေတဲ့ အခြေအနေအကြောင်းပြောပြနေပေမယ့် သူ့အစ်ကိုကတော့ လုံးဝနားမထောင်နေဘူးလေ။
လီချန်ဖုန်းက သူ့စိတ်ထဲမှာ အားလုံးကို အလျင်အမြန် ဖယ်ထုတ်လိုက်ပြီး "ဟင်? ငါ အာရုံမရလိုက်ဘူး၊ မင်းဘာပြောလိုက်တာလဲ" သူနည်းနည်းရှက်သွားရင်း ညီငယ်လေးက သူ့ကို ခြံတံခါးမှာစောင့်နေတယ်ဆိုတော့ ကိစ္စတစ်ခုခုဖြစ်ရမယ်။
လီရှောင်းအာသည် သူ့ရဲ့ဒုတိယအစ်ကိုက ဒီလိုမဖြစ်ဖူးတာကိုတွေးမိရင်း လီချန်ဖုန်းကိုကြည့်လိုက်ကာ မျက်လုံးလှိမ့်မိသွားသည်။ လီရှောင်းအာက အတင်းပြောဖို့ မစောင့်နိုင်တော့ဘဲ "ဒုတိယအစ်ကို၊ မင်း ဘလိုင်းဒိတ်လုပ်ခဲ့တာမလား"
သူ့၏ဒုတိယအစ်ကိုနဲ့ တတိယအစ်ကို၏ဇနီးကြားက မပြေလည်သည့်အခြေအနေကို လီရှောင်းအာလည်းသိပေ၏။ အကယ်၍ သူ့ရဲ့ဒုတိယအစ်ကိုက သူကြိုက်တဲ့တစ်စုံတစ်ယောက်ကို တကယ်ရှာတွေ့နိုင်ရင် သူလည်းသူ့အတွက် ပျော်ပေးမှာပေါ့။
"မင်း အခုဘာပြောလိုက်တာလဲ?"
လီချန်ဖုန်းသည် လီရှောင်းအာ၏စပ်စုချင်စိတ်အပြည့်နဲ့မေးခွန်းကို ပြန်မေးလိုက်ရာ "အစ်ကိုမသိပါဘူး၊ ကျွန်တော်တို့ ဈေးမှာ အစ်ကိုက ဘလိုင်းဒိတ်တောထဲဝင်သွားတာ တွေ့လိုက်တယ်လေ။ အား အဖေက အရမ်းစိတ်တိုနေလို့ ကျွန်တော်တို့ အသားတစ်မျိုးထဲဝယ်ပြီး မြည်းလှည်းနဲ့ ပြန်လာတာ။ အဖေက အစ်ကို့ကို ပင်မခန်းမမှာ စောင့်နေတယ်၊ အဖေ့မျက်နှာက မည်းသဲနေတာပဲ ဒီတော့ သတိထားဦးနော်"
လီချန်ဖုန်းက စိတ်မလှုပ်ရှားပေ၊ ဘာပဲဖြစ်ဖြစ် ဒါက အနှေးနဲ့အမြန်ဖြစ်လာမှာပဲလေ "အခြားသူတွေရော ဘယ်လိုလဲ?"
"သူတို့က လယ်ထဲသွားကြပြီ၊ သူတို့ နွေဦးထွန်ယက်ဖို့ရှိလို့ အကုန်လုံးသွားကြတာ။"
"ဒါဆို ငါဝင်သွားလိုက်ဦးမယ်၊ အဆင်ပြေပါတယ်"
လီချန်ဖုန်းသည် လီရှောင်းအာကို နှစ်သိမ့်ပေးကာ ခန်းမထဲသို့ တစ်ယောက်တည်းဝင်သွားလိုက်သည်။ အဖေလီက လေးလေးနက်နက်မျက်နှာထားဖြင့်ထိုင်နေပြီး ဝင်လာသည့် လီချန်ဖုန်းကို စိုက်ကြည့်နေသည်မှာ အသေအချာပါပဲ။
"မင်းဘယ်သွားနေတာလဲ?" အဖေလီ၏အသံမှာ လီချန်ဖုန်း အရင်းနှီးဆုံးဖြစ်သလိုမျိုး အနည်းငယ်နိမ့်နေသည်။ ယေဘူယျအားဖြင့်ပြောရလျှင် သူ့အဖေ၏အသံမှာ သူဒေါသဖြစ်သောအခါတွင်သာ နိမ့်သွားခြင်းပင်။
လီချန်ဖုန်းသည် အဖေလီဆီသို့ လျှောက်လာပြီး တည်တည်ငြိမ်ငြိမ်ထိုင်လျက် "ကျွန်တော် ဈေးသွားတာလေ"
အဖေလီ အသက်ပြင်းပြင်းရှူလိုက်သည်။ သူကိုယ်တိုင် မွေးထားတဲ့သူ့သားပဲလေ၊ လီချန်ဖုန်းရဲ့ မျက်လုံးထဲက ဆုံးဖြတ်ချက်ခိုင်မာနေတာကို သူ ဘယ်လိုလုပ်မမြင်နိုင်ဘဲနေပါ့မလဲ။
"အဲ့ဒီသူက ဘယ်သူလဲ"
လီချန်ဖုန်းက နှုတ်ဆိတ်နေ၏။ ဘာလို့ဆိုတော့ ရွှီချင်းဆီက အကြောင်းပြန်စာနဲ့ မင်္ဂလာပွဲအတွက် ရက်မသတ်မှတ်ရသေးခင်မှာ တခြားသူတွေကို မပြောပြချင်သေးဘူး။
လီချန်ဖုန်း ပြန်မဖြေတာကိုမြင်တော့ အဖေလီက ဂရုမစိုက်ပေ။ အိမ်မှာ တတိယသားပြဿနာရှာတာတွေကြောင့် ဒုတိယသားက တခြားသူအိမ်ရဲ့သားမက်ဖြစ်မယ်ဆိုရင်တော့ သူ့မျက်နှာအိုကြီးကို ဆွဲဖြဲပစ်မိမှာပင်။ သူမလိုလားခဲ့ချေ။ လီချန်ဖုန်း၏မျက်နှာကို ကြည့်လိုက်တော့ ဒီကလေးက သူ့တတိယညီကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့တာကို သူနားလည်သွားရပြီ။
အဖေလီရဲ့ နှလုံးသားထဲတွင်တော့ ဒါဟာ တကယ့်ကို နှစ်ဖက်အသွားနဲ့ဓားတစ်လက်ပင်။ ဒုတိယသားက မိသားစုကထွက်သွားပြီး တခြားသူအိမ်မှာ သမက်ဖြစ်လာတော့မှာလား။
"အဲ့ဒီလူကဘယ်လိုလဲ"
အဖေလီမှာ တဖက်လူ၏စိတ်နေစိတ်ထားကို စိတ်ပူစပြုလာခဲ့ပြီ။ ဒီတွေ့ဆုံမှုတစ်ခုတည်းက အိမ်မှထွက်ပြီး လက်ထပ်ရန် ဆုံးဖြတ်ချက်ချသည့်အချက်မဟုတ်တန်ရာ။ တစ်ဖက်သားရဲ့ စိတ်နေစိတ်ထားက မကောင်းရင် သူ့၏ဒုတိယသားဘဝက လွယ်ကူမှာမဟုတ်ပေ။ "လူတွေရဲ့စရိုက်ကို အပြင်ပန်းကြည့်ပြီးမဆုံးဖြတ်နဲ့။ မင်း ကောင်းကျိုးဆိုးကျိုးတွေကို တွေးဖို့လိုတယ်နော်။"
သူက သူ့သားအတွက် သင့်တော်မယ့်သူကို စတင်ရှာဖွေနေခဲ့၏။ မဟုတ်ရင် လအနည်းငယ်အကြာမှာ အစိုးရမှတွဲဖက်ပေးလာလိမ့်မည်။ အခုတော့ သူ့မှာဘာမှမပြောနိုင်တော့ချေ။ တစ်ဖက်လူက လူကောင်းဖြစ်ပြီး သူ့ဒုတိယသားကို ကောင်းကောင်းစောင့်ရှောက်ပေးနိုင်မယ်လို့ မျှော်လင့်ရတော့မှာပဲ။
လီချန်ဖုန်းက ရွှီချင်းကို သူပြောခဲ့သည့် မိသားစုခွဲထွက်ဖို့အကြောင်းကို သတိရသွား၏။ တစ်ဖက်လူက မကျေနပ်တာတွေ ဒါမှမဟုတ် တခြားထင်မြင်ချက်တွေလုံးဝမရှိပေမယ့် အဲ့ဒီအစား သူ့ကို "သူကျွေးမွေးမှာပေါ့"လို့ ပြောခဲ့သည်ပင်။
"သူက အရမ်းကောင်းပြီး အရမ်းကြင်နာတတ်တာ၊ စိတ်နေစိတ်ထားလည်းကောင်းတယ်။" ခဏရပ်သွားပြီးနောက် ထပ်ပြောလာ၏။ "ပြီးတော့ သူကကြည့်ကောင်းတယ်!"
ရွှီချင်းသာ ဒါကိုကြားလျှင် သူခုန်ပေါက်မိသွားမလားဆိုတာ သူမသိဘူး။ အဆုံးမှာတော့ သူ့မျက်နှာက လုံးဝမကောင်းသေးတာတောင်မှ လီချန်ဖုန်းက သူ့ရုပ်ရည်မဆိုးဘူးလို့ ထင်နေပြီလေ။
"ပြီးတော့ အာ ကျွန်တော် မိသားစုခွဲချင်တယ်" လီချန်ဖုန်းသည် ဗုံးတစ်လုံးပစ်လိုက်လေသည်။
လီရှောင်းအာမှာ ဆည်ကို သန့်ရှင်းပြီးသည်နှင့် ခန်းမထဲမှ အဖေလီ၏ ကျယ်လောင်သောအော်ငေါက်သံကို ကြားလိုက်ရ၍ အထိတ်တလန့်ဖြင့် သူ့လက်ကိုခါရင်း ခန်းမဆီ အပြေးသွားတော့သည်။
"ငါသဘောမတူဘူး!" အဖေလီက ရူးသွားတော့မလိုပင်၊ ဒါက ဘာတုန်းကွ။ သူက ဘယ်လိုဖြစ်လို့ မိသားစုခွဲဖို့အကြောင်းကို စဉ်းစားနိုင်ရတာလဲ!
"မိသားစုခွဲတဲ့အကြောင်းကို မင်းသေချာတွေးပြီးပြီလားကွ၊ အနာဂတ်မှာ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ အနည်းဆုံးတော့ မင်းမှာ သွားစရာနေရာတစ်ခုအဖြစ် လီအိမ်ဟောင်းရှိသေးတယ်လေ၊ မိသားစုခွဲသွားရင် မင်း... မင်းအိမ်က ထွက်သွားဖို့ မစောင့်နိုင်တော့ဘူးလား။ မင်းက ဒီလူအိုကြီးရဲ့နောက်ကျောကို ချိုးပစ်ချင်နေတာပဲ!"
ဒါကိုကြားပြီးနောက် လီရှောင်းအာက ထိုင်နေဆဲ လီချန်ဖုန်းဆီကို အမြန်ပြေးသွားပြီး "ဒုတိယအစ်ကို မင်းတကယ်ပဲ မိသားစုခွဲတော့မလို့လား! အစ်ကို ဘာတွေတွေးနေတာလဲဗျာ!"
xxx