Ch-11
Viewers 9k

Chapter-11


"စိတ်​လှုပ်​ရှား​နေလား?" 


သားသတ်သမားလျိုနှင့် အ​ဒေါ်လျိုတို့သည် ဝက်ကလေးအား ချည်နှောင်လိုက်ရင်း လီချန်ဖုန်းလမ်း​​ပေါ်ကြည့်​နေသည်ကို စ​နောက်​နေ၏။ 


"နည်းနည်း!" 


လီချန်ဖုန်းသည် ​မျှော်လင့်ချက်အချို့နှင့် စိတ်လှုပ်ရှားမှုအနည်းငယ်တို့ဖြင့် မည်း​မှောင်​နေဆဲလမ်း​ထောင့်ကို လှမ်းကြည့်​နေပြီး စောင့်မျှော်နေခဲ့သည်။ ဒီနေ့ ရွှီချင်းက ဘယ်လိုပုံစံဖြစ်​နေမလဲလို့ သူတွေးနေမိ၏။ ရွှီချင်းက သူ့ကိုတွေ့ပြီး မကျေမနပ်ဖြစ်ရင် သူဘာလုပ်ရမလဲ။ 


အ​ဒေါ်လျိုက သားသတ်သမားလျိုကို ဒေါသတကြီးရိုက်လိုက်ပြီး "ခင်ဗျားဘာတွေပြောနေတာလဲ! ခင်ဗျားမှာ အဓိပ္ပါယ်မရှိတဲ့စကားတွေပြောဖို့ အချိန်ရှိတယ်ပေါ့လေ။ ဝက်လေးတွေရောင်းပြီးတော့ ဝက်အကောင်ကြီးတွေဝယ်ပြီး သတ်ချင်နေတာမဟုတ်ဘူးလား!" 


သားသတ်သမားလျိုသည် အရိုက်ခံရပေမယ့် နာကျင်မှုမရှိဘဲ လီချန်ဖုန်း၏ကျောကို လက်လှမ်းတင်လိုက်ကာ လျို့ဝှက်သည့်ဟန်ဖြင့် ​ပြောလာခဲ့၏ "မင်းဘာတွေ စိတ်ပူနေတာလဲကွ၊ ဒီလိုအချိန်မှာ ချင်းကောအာကပဲ စိတ်လှုပ်ရှားနေသင့်တာလေ!" 


ထိုစကားကိုကြားပြီးနောက် လီချန်ဖုန်းသည် ခေါင်းကိုလှည့်ကာ ဆိုင်ကိုသန့်ရှင်းရေးလုပ်နေဆဲ လျိုမော့ကို ကြည့်လိုက်သည်။ တစ်ခြားသူက ဂရုမစိုက်နေတာကိုမြင်လိုက်ရတော့ သုန်သုန်မှုန်မှုန်မျက်နှာဖြင့် သူ မေးခွန်းနည်းနည်းမေးဖို့ သားသတ်သမားလျိုဆီ ချဥ်းကပ်လိုက်ပေ၏။ 


"အ​ဒေါ်လျိုနဲ့ချိန်းတွေ့တုန်းက ဦး​လေးရော စိတ်မလှုပ်ရှားခဲ့ဘူးလား?" သားသတ်သမားလျိုနဲ့ လျိုမော့တို့ငယ်ငယ်တုန်းက လျိုမော့က သားသတ်သမားလျိုကို လက်ထပ်ဖို့အတွက် အောင်သွယ်မှတဆင့် တောင်းဆိုခဲ့သည်ပင်။ သူတို့နှစ်ဦးက တစ်ရွာတည်းသားတွေဖြစ်ကြပြီး ငယ်သူငယ်ချင်းတွေပေါ့။ သို့သော်လည်း သားသတ်သမားလျိုသည် အ​ဒေါ်လျိုက သူ့ကို မကြိုက်ဘူးဟု ​အမြဲလိုလို ခံစားမိသောကြောင့် သူကလက်ထပ်ခွင့်တောင်းဖို့ ဘယ်သောအခါမှ မလုပ်ခဲ့ဘူး။ အဲဒီအစား စိတ်မရှည်တော့တဲ့အ​ဒေါ်လျိုက သူ့ကိုလက်ထပ်ခွင့်တောင်းလာ​တာ​လေ! 


သားသတ်သမားလျိုသည် ဤကိစ္စကို သူ့ဘဝတစ်လျှောက်လုံး ဂုဏ်ယူခဲ့​လေသည်။ သူ့အချစ်​လေးက သူ့ကို အရင်လက်ထပ်ခွင့်တောင်းလိုက်တဲ့ ခံစားချက်ထက် ဘယ်အရာက ပိုကောင်းပါ့မလဲ! 


သားသတ်သမားလျိုက လီချန်ဖုန်းပြောတာကို စောင့်​နေလိုက်၏။ သူ အေးအေးဆေးဆေးပဲ ​ဆေးလိပ်ငွေ့ရှူရှိုက်လိုက်ရင်း "မင်းမသိဘူး မဟုတ်လား။ ​ကောတစ်ယောက်က လက်ထပ်ဖို့အတွက် အဲ့ဒီယောက်ျားအိမ်မှာ သွားတောင်းနေသရွေ့တော့ ဆိုလိုတာက အဲ့ဒီ​လူဟာ သူ့နှလုံးသားထဲကလူဖြစ်နေပြီးသားပဲ​!" 


မီးခိုးငွေ့ကို ညင်ညင်သာသာ​လေး မှုတ်ထုတ်ပြီးနောက် မှင်တက်နေဆဲလီချန်ဖုန်းအား ဆက်​​လက်၍ဆရာလုပ်နေလျက် "မင်းစိတ်ပူရမှာက မင်း သူနဲ့ ကောင်းကောင်းအဆင်ပြေနိုင်မလားဆိုတာပဲ၊ မင်းကို သူကြည့်လားမကြည့်လား စိတ်ပူ​နေသင့်တာ မဟုတ်ဘူးကွာ!" 


ထို့နောက် သူသည် လီချန်ဖုန်းကို လက်ဖြင့်ပုတ်ကာ ပစ္စည်း​တွေထားဖို့အတွက် အ​ဒေါ်လျိုအားကူညီဖို့ လှည့်သွား​တော့သည်။ 


"ကောတစ်ယောက်က လက်ထပ်ဖို့အတွက် အဲ့ဒီယောက်ျားအိမ်မှာ သွားတောင်းနေသရွေ့တော့ ဆိုလိုတာက အဲ့ဒီ​လူဟာ သူ့နှလုံးသားထဲကလူဖြစ်နေပြီးသားပဲ​!" ဆိုသည့် အနှီစကားလုံးတွေက လီချန်ဖုန်း၏နားထဲ တစ်ဝဲလည်လည်ဖြစ်နေရာ ခေါင်းပင်မူးလာမတတ်! 


သူ့စိတ်ထဲတွင် သူနှင့်အတူရှိ​နေမည့် ပိန်ပိန်ပါးပါး​ကောင်ငယ်လေးကို ​တွေးမိရင်း ​ပျော်ရွှင်သွား​ပေသည်။ ဆိုလိုတာက… 


သားသတ်သမားလျိုက သူ့ပုခုံးကိုရိုက်လိုက်ပြီး "ကောင်လေး​ရေ ဘာလို့ကြောင်အအနဲ့ရပ်နေတာတုန်း? ကြည့်စမ်း သူတို့လာနေကြပြီ" လီချန်ဖုန်းက လမ်းပေါ်ကို အမြန်ကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် ခပ်ကြီးကြီးတစ်ယောက်နဲ့ အရပ်ရှည်ရှည်တစ်ယောက် အဝေးမှ သူတို့ဆီ လျှောက်လာသည်ကို မြင်လိုက်ရ၏။ 


ထိုအချိန်တွင် အဒေါ်ရှဲ့က ရွှီချင်းကို ဘလိုင်းဒိတ်၌ လုပ်သင့်မလုပ်သင့်သည်တို့ကို အကြံပေးနေလျက်။ ရွှီချင်းသည် မြည်းလှည်းထဲရှိနေချိန်ကတည်းက အိပ်ငိုက်နေသဖြင့် သူဂရုတစိုက်နားမထောင်ခဲ့ပေ။ ယခု ရွှီချင်းသည် သားသတ်သမားလျို၏ဆိုင်ရှေ့တွင် ရပ်နေသော အရပ်ရှည်ရှည်လူကိုကြည့်ပြီး သူ့နှလုံးခုန်မြန်လာရာ အ​ဒေါ်ရှဲ့၏စကားများကို လုံးဝမကြားရတော့ပေ။ 


သူတို့ လီချန်ဖုန်းရှေ့ရောက်တော့မှ အ​ဒေါ်ရှဲ့မှာ နားပူနားဆာလုပ်တာ ရပ်သွားခဲ့ပြီး "မင်းက လီမိသားစုရဲ့ ဒုတိယကလေး ဟုတ်တယ်မလား။ ငါ့မိသားစုကလည်း ကျိရှင်းရွာမှာရှိတဲ့ လော့မိသားစုလေ၊ မင်း ငါ့ကို အဒေါ်ရှဲ့လို့ခေါ်လို့ရတယ်" 


လီချန်ဖုန်းက အဒေါ်ရှဲ့ဆီ လက်ဆောင်အမြန်ပေးလိုက်ရင်း "ကျေးဇူးတင်ပါတယ် အဒေါ်၊ တွေ့ရတာဝမ်းသာပါတယ်ဗျာ" ဒီလူက လော့မိသားစု၏ အကြီးဆုံးအစ်ကိုဖြစ်မှန်း သူသိသည်။ သူငယ်ငယ်တုန်းကတော့ အားနည်းတဲ့စရိုက်ရှိသူတွေက သူ့ကို လက်ထပ်ဖို့ ဘယ်သူမှ လာမမေးရဲကြချေ။ တစ်ယောက်ယောက်က လာမေးခဲ့လျှင် အဒေါ်ရှဲ့၏သန်မာလှသည့်စရိုက်မှာ ပျော့ပျောင်းသော စိတ်နေစိတ်ထားနှင့် အလွန်ဆန့်ကျင်ဘက်ဖြစ်နေသည်ကို သိလိုက်ရပြီး အံ့သြသွားကြရသည်။ 


ရွှီချင်းသည် အဒေါ်ရှဲ့ကို ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက သူ၏အသွင်အပြင်ကြောင့် လှည့်စားခံလိုက်ရလုနီးနီးပင်။ 


အ​ဒေါ်ရှဲ့သည် အရပ်ရှည်ရှည်လီချန်ဖုန်းကို ကျေနပ်စွာကြည့်နေသည်။ သူက ကျန်းမာရေးကောင်းပြီး ယဉ်ကျေးတာပဲ။ ထိုသူက သူ့ကို စိုက်ကြည့်နေတဲ့ရွှီချင်းကို ပြန်ကြည့်လိုက်၏။ အဒေါ်ရှဲ့သည် ရွှီချင်း၏အင်္ကျီလက်ကို တိတ်တဆိတ်ဆွဲလိုက်သည်။ ထို့နောက် လီချန်ဖုန်း၏အိမ်အ​ခြေအနေအကြောင်းကို စတင်မေးမြန်းတော့သည်။ 


လီချန်ဖုန်းသည် ရွှီချင်းကိုကြည့်နေရာမှ သူ့ကိုယ်သူထိန်းချုပ်လိုက်ပြီး အဒေါ်ရှဲ့၏မေးခွန်းများကို လေးလေးစားစားနှင့် ရိုးရိုးသားသား ပြန်ဖြေခဲ့၏။ 


ရွှီချင်းမှာ ရှိုးတိုးရှန့်တန့်ဖြစ်မနေပေ။ သူက လီချန်ဖုန်းကို တည့်တည့်ကြည့်ရင်း လီချန်ဖုန်းက လူကောင်းတစ်ယောက်ဖြစ်ပြီး အသံလည်းကောင်း၊ ယဉ်လည်းယဥ်ကျေးကာ ရိုးသားပေမယ့် သူ့တွင်ကိုယ်ပိုင်အကြံဥာဏ်များရှိကြောင်း ခံစားခဲ့ရသည်။ ထိုသို့သောလူသည် သူနှင့်အတူတူနေထိုင်သွားရန် အလွန်သင့်လျော်ပေသည်။ 


အဒေါ်ရှဲ့သည် လီချန်ဖုန်း၏အဖြေကို နားထောင်ရင်း နားထောင်လေလေ ပိုကျေနပ်လေလေပင်။ နောက်ဆုံးတွင် လျိုမော့မှာ မနေနိုင်တော့ဘဲ အဒေါ်ရှဲ့ကို ဆွဲခေါ်သွားလျက် "လာပါဟဲ့ လူငယ်နှစ်ယောက် သူတို့အချင်းချင်း စကားပြောဖို့လည်း ချန်ထားပါဦး၊ နင်အရမ်းနားပူနားဆာလုပ်မနေနဲ့တော့၊ လာခဲ့" 


အဒေါ်ရှဲ့ထွက်သွားပြီးနောက် ရွှီချင်းသည် သူ့ရှေ့မှ လီချန်ဖုန်းကိုကြည့်၍ "​ဟားဟား ခင်ဗျားစိတ်လှုပ်ရှားနေတာလား?" 


ယခုတော့ လီချန်ဖုန်းသည် ရွှီချင်းကို တည့်တည့်ကြည့်ရင်း သူနည်းနည်းစိတ်လှုပ်ရှားနေပေမယ့် ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး" 


ရွှီချင်းသည် ယနေ့ ခရမ်းရောင်ဖျော့ဖျော့အထည်ကို ၀တ်ဆင်ထား၏။ ခရမ်းရောင်မှာ သူ့ပင်ကိုစရိုက်ကို ပို၍ဖော်ပြနေပေသည်။ ထို့အပြင် သူသည် စာအုပ်တွေဖတ်ပုံရကာ လူတစ်ကိုယ်လုံးမှာ နူးညံ့နေသယောင်။ ဒီနှစ်တွေထဲ ရွာတွေမှာ စာဖတ်နိုင်သူအလွန်နည်းပါးလေသည်။ စာအုပ်များနှင့် စာရွက်နဲ့ မှင်တို့၏ကုန်ကျစရိတ်မှာ ငွေ ၂လျန်ပင်။ မိသားစုတိုင်းက စာဖတ်ဖို့ မတတ်နိုင်ကြ၊ လီမိသားစုကတောင် လီလောင်စန်းတစ်ယောက်ကိုသာ စာဖတ်ခွင့်ပေးခဲ့တာလေ။ 


တတိယသားလီမှာ ကံကောင်းလေသည်။ သူမွေးတုန်းက လီမိသားစုအခြေအနေမှာ ပိုကောင်းလာခဲ့သောကြောင့် သူ့ကို စာသင်ဖို့ ပို့နိုင်ခဲ့ခြင်းပင်။ အကြီးဆုံးသားလီနှင့် ဒုတိယသားလီသည် တစ်ခါမှ စာအုပ်မဖတ်ဖူးသောကြောင့် လီချန်ဖုန်းသည် သူ့ရှေ့ရှိ နူးညံ့သိမ်မွေ့ဟန်ရှိသော ရွှီချင်းကိုကြည့်ကာ ရှက်သွားရသည်။ "ရုပ်ဆိုးဆိုးကော"ဟု အခေါ်ခံရသည့် ရွှီချင်းမှာ သူနဲ့ပင် မထိုက်တန်ကြောင်း ခံစားလိုက်ရသည်။ 


လီချန်ဖုန်းက သူ့ကိုကြည့်နေတာကိုမြင်တော့ ရွှီချင်းမှာ မျက်နှာပူလာပြီး ပြောလာခဲ့၏။ "ခရမ်းရောင်က ကျွန်တော်နဲ့မလိုက်ဖက်ဘူးလို့ ကျွန်တော်ထင်သားပဲ!" 


"မဟုတ်ပါဘူး ကြည့်ကောင်းပါတယ်!" အလှတရားမှာ သူတို့နှစ်ယောက်က မတူညီတဲ့ကမ္ဘာတွေကလို ခံစားရစေသည်။ သို့သော် သားသတ်သမားလျို၏စကားကို ပြန်တွေးလိုက်သောအခါတွင် သူက ခွန်အားအပြည့်ပြန်ဖြစ်သွားလျက်။ ရွှီချင်းရောက်လာတယ်ဆိုကတည်းက သူ့မှာအခွင့်အရေးရှိသေးတယ်လေ။ 


"ဟိုဘက်မှာ စကားသွားပြောရအောင်လေ၊ ဒီမှာ လူတွေများလာပြီ" လီချန်ဖုန်းသည် သားသတ်သမားလျို၏ဆိုင်ကို ဖြတ်သွားသောလမ်းသေးလေးကို ညွှန်ပြလိုက်သည်။ လမ်းက တောအုပ်လေးတစ်ခုဆီကို ဦးတည်လျက်။ ထိုလမ်းတွင် လူသိပ်မရှိချေ။ ဘလိုင်းဒိတ်အတွက် လူတော်တော်များများက ထိုနေရာကိုသွားကြပေ၏။ ရွှီချင်း၏သဘောတူချက်ဖြင့် လီချန်ဖုန်းသည် တောအုပ်ရှိ ပထမသစ်ပင်၏အကိုင်းအခက်ပေါ်တွင် ဖဲကြိုးအနီတစ်ခုကို ချည်နှောင်လိုက်သည်။ 


"အဲ့ဒါကဘာလဲဟင်" ရွှီချင်း၏မျက်လုံးတွေက အထိတ်တလန့်ဖြင့် အပေါ်ကိုမော့ကြည့်ရင်း မေးလိုက်သည်။ ရွှီချင်း၏သံသယတွေကိုမြင်တော့ လီချန်ဖုန်းက သူ့ကို စိတ်ရှည်စွာ ရှင်းပြလာ၏ "တခြားသူတွေက ဒီဖဲကြိုးအနီကိုမြင်ရင် ဝင်မလာတော့ဘူးလေ။ ဒါက တစ်ယောက်ယောက်က ဘလိုင်းဒိတ်လုပ်နေတယ်လို့ဆိုလိုတာလေ" 


လီချန်ဖုန်းသည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ပြောလိုက်သည့် 'ဘလိုင်းဒိတ်'ဆိုသော နောက်ဆုံးစကားနှစ်လုံးမှာ ရွှီချင်း၏မျက်နှာကို ရုတ်တရက်နီသွားစေသည်။ 


"အာ ဒါဆိုအထဲဝင်ကြမယ်လေ!" ပြောလိုက်ပြီးနောက် ရွှီချင်း အလျင်အမြန်လျှောက်သွားတော့၏။ 


"ဘယ်လိုလဲ၊ သူကကောင်းတယ် မဟုတ်လား" အဒေါ်လျိုက အဒေါ်ရှဲ့ကို ဂုဏ်ယူစွာနဲ့ပြောလေသည်။ လီချန်ဖုန်းဟာ သူကောင်းကောင်းမွန်မွန်ကြီးပြင်းလာပုံရပြီး ​​သူ့စရိုက်သည်လည်း လုံးဝကို ကောင်းမွန်ပေ၏။ 


"ဟုတ်ပါတယ် ဒါတွေအားလုံး နင့်ကျေးဇူးတွေချည်းပါပဲ!" အဒေါ်ရှဲ့က ပြုံးလျက် သူ့သူငယ်ချင်းကို ချီးကျူးလိုက်သည်။ သူ့ကြောင့်သာမဟုတ်ရင် ရွှီချင်းနဲ့လိုက်ဖက်တဲ့သူရှာဖို့ ဘယ်လောက်ကြာမလဲမသိနိုင်ဘူး။ 


လူအိုကြီးလီက အငယ်ဆုံးသားလီရှောင်းအာနှင့်အတူ ဈေးကိုပတ်လျှောက်နေ၏။ ဒီနေ့တော့ သူတို့က အသားတချို့ဝယ်ပြီး အိမ်ပြန်တော့မှာဖြစ်သည်။ သူတို့ အသားမစားရသည်မှာ ဆယ်ရက်ကျော်နေပြီ။ အခုချိန်က အလုပ်ကြိုးစားဖို့ အချိန်ဖြစ်၍ သူတို့ခန္ဓာကိုယ်ကို ပိုမိုကောင်းမွန်စေဖို့လိုလေသည်။ 


"အား! အား! ကျွန်တော် ဒုတိယအစ်ကိုကို တွေ့လိုက်တယ်!" 


လီရှောင်းအာက လူအိုကြီးလီကို အားတက်သရော အော်ပြောလိုက်၏။ 


"ဘယ်မှာလဲ၊ ဘယ်မှာလဲ" အဖေလီက နောက်ကလိုက်၍ကြည့်လိုက်တော့ တောအုပ်ဆီသို့ ဝင်သွားသည့် လီချန်ဖုန်း၏နောက်ကျောကို သူမြင်လိုက်ရသည်။ 


အဖေလီက သူ့ပေါင်သူရိုက်ကာ "ငါ​သိပြီ၊ ဒီမနက် သူဘာလို့ အိမ်မှာမရှိတာလဲဆိုတာ သိချင်နေတာ၊ လက်စသတ်တော့ သူက ဒီမှာဘလိုင်းဒိတ်လာတွေ့နေတာကိုးကွ" အဖေလီက အပြေးအလွှားသွား၍ လီချန်ဖုန်းကို ပြန်ဆွဲထုတ်လာချင်ခဲ့သည်။ သို့သော်လည်း အလျင်အမြန်တုံ့ပြန်တတ်သည့် လီရှောင်းအာက သူ့ကိုဆွဲထားရင်း "အား! အား! အဖေဘာလုပ်နေတာလဲ၊ ဒုတိယအစ်ကိုရဲ့ကိုယ်ပိုင်ကိစ္စပဲလေဗျ!" 


အကယ်၍ သူသာဒုတိယအစ်ကိုဖြစ်ခဲ့လျှင် သူဆိုရင်လည်း သမက်အဖြစ်သွားဖို့အကြောင်း စဥ်းစားမိမှာပဲ။ တတိယအစ်ကိုက နေ့တိုင်း အိမ်မှာသောင်းကျန်းနေတာကိုမြင်ရတာ ဘယ်သူက ခေါင်းမကိုက်ပဲနေမှာလဲ။ စိတ်ထားကောင်းသည့် ဒုတိယအစ်ကိုက သည်းခံနိုင်ပြီး ဘာမှမပြောလို့သာ။ 


အဖေလီသည် စိတ်ရှုပ်သွားပြီး သူ့ရင်ဘတ်ကိုပွတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ဟုတ်တယ်၊ ဒီကိစ္စကို သူသေချာဂရုစိုက်ရမယ်။ ဒုတိယသားမှာ သူ့ကိုယ်ပိုင်စဥ်းစားဆင်ခြင်ဥာဏ်ရှိမှာပဲ၊ ပြီးတော့ သူအိမ်ပြန်ရောက်မှ မေးရင်လည်း အချိန်မနှောင်းသေးပါဘူးလေ။ 


"ဒီတော့ ဘာဖြစ်သွားလဲ၊ ဘာဖြစ်သွားတာလဲ" ရွှီချင်းက လီချန်ဖုန်းကို စိတ်လှုပ်ရှားစွာမေးလိုက်၏။ 


"နောက်ဆုံးတော့ မြင်းက သူ့ကိုကန်ချလိုက်တာဟာ ရူးသွပ်သွားတာကြောင့်မဟုတ်ဘဲ မြင်းက မိတ်လိုက်ကာလအချိန်ရောက်သွားလို့ပဲ" လီချန်ဖုန်းသည် နောက်ဆုံးစကားလုံးအနည်းငယ် ပြောပြီးသောအခါ သူနည်းနည်းရှက်သွားသည်။ ရွှီချင်းက လက်မထပ်ရသေးသည့် ကောဖြစ်နေဆဲဆိုတာကို သူမေ့သွားလို့ပင်။ 


ပထမတော့ ရွှီချင်းက အများကြီးမတွေးဘဲ အရူးလိုပြုံးနေရင်း လီချန်ဖုန်း၏မျက်နှာနီရဲလာတာကို မြင်လိုက်ရတော့ ဒီဇာတ်လမ်းက နည်းနည်းညစ်ပတ်နေတယ်လို့ သဘောပေါက်သွားတော့၏။ 


"အဟွတ်! ဒါဆို ကျွန်တော် ခင်ဗျားကို တိုက်ရိုက်ပဲမေးတော့မယ်။ ခင်ဗျား ကျွန်တော့်ကို ဘယ်လိုထင်လဲ" 


လီချန်ဖုန်းမှာ လေးနက်စွာဖြင့်ဆိုသည် "အရမ်းကောင်းတယ်!" 


"ဒါဆို ကျွန်တော်က ရုပ်ဆိုးတယ်လို့ရောထင်လား" ရွှီချင်းက နည်းနည်းစိတ်လှုပ်ရှားနေမိသည်။ ဘာလို့ဆို သူ့မျက်နှာကအဆင်မပြေဘူးလေ။ 


လီချန်ဖုန်းသည် ရွှီချင်းကို ဂရုတစိုက်ကြည့်ရင်း "မင်းက ရုပ်မဆိုးပါဘူး၊ မင်းမျက်နှာက နည်းနည်းနီနေတာပဲလေ!" 


ရွှီချင်းသည် သူပြောသောစကားကြောင့် အနည်းငယ်ရှက်ရွံ့သွားရ၏။ ဒါကို ဟန်ဆောင်ချီးမွမ်းနေတာများလားဟု အရှက်မဲ့စွာ တွေးလိုက်မိသည်။ 


"ဒါဆို ကိုယ်တို့ ကိုယ်တို့အတည်ဖြစ်ပြီလား?" 


ရွှီချင်း ထိတ်လန့်သွားရပြီး လီချန်ဖုန်းကို ကြည့်လိုက်သည်။ "ခင်ဗျား၊ ပြန်ပြောပါဦး" သူနားကြားမှားသွားသလားလို့။ 


လီချန်ဖုန်းက နောက်တစ်ခါသေချာအတည်ပြုချင်နေသော ရွှီချင်းကို သေချာပြန်ကြည့်လျက် "ကိုယ်ပြောတာ ကိုယ်တို့ အတည်ဖြစ်သွားပြီလားလို့" 


ဟုတ်တာပေါ့၊ ဒီအကြောင်းကိုအရင်ပြောချင်တဲ့သူက ရွှီချင်းပါပဲ၊ ဒါပေမယ့် လီချန်ဖုန်းက လက်ဦးမှုရယူလိုက်၍ ရွှီချင်းကို အံ့သြစေခဲ့သည်။ သူက ပထမဆုံးခြေလှမ်းလှမ်းပြီးနောက် တစ်ဖက်သားက အရင်ဆုံးဖွင့်ပြောလာသည်။ 


"​ဒါဆို အတည်ဖြစ်ပြီနော်!" 


ရွှီချင်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူ့ရှေ့ကလူကို သူ့အသွင်အပြင်သာမက သူ့စရိုက်ကိုလည်း သဘောကျပေသည်။ အခုချိန်မှာ သူ့ကိုချစ်တယ်လို့ မပြောနိုင်ပေမယ့်လည်း သူ့ကိုတော့ တကယ်သဘောကျသည်ပင်။ ဘာပဲဖြစ်ဖြစ် သူတို့လက်ထပ်ပြီးနောက်မှာ ခံစားချက်တွေပျိုးထောင်လို့ရတာပဲ။ အချိန်ပဲလိုတာလေ။ 


လီချန်ဖုန်းသည် ရွှီချင်းခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ သူ့နှလုံးသားလေးမှာ ပျော့ပျောင်းသွားသလို ခံစားလိုက်ရ၏။ တစ်ဖက်လူမှာ ပိန်ပိန်ပါးပါးနှင့် အားနည်းလွန်းလှပေမယ့် သူ့နှလုံးသားကို ပိုင်စိုးသွားပြီဖြစ်ကြောင်း ခံစားမိသွားလေပြီ။ 


"ကိုယ်အိမ်ပြန်ပြီး အရင်ဆုံး မိသားစုခွဲဖို့ကိစ္စပြောလိုက်ဦးမယ်။ ပြီးမှ မင်းအိမ်ကိုလာမယ်လေ ဟုတ်ပြီလား" လီချန်ဖုန်းသည် သူ့လက်ထဲမှ အမည်းရောင်အိတ်လေးကို ထုတ်ယူလိုက်သည်။ "ဒီထဲမှာ ကိုယ်သိမ်းထားတဲ့ ငွေ ၁၅လျန်ရှိတယ်၊ မင်းအရင်ယူထားလိုက်နော်" 


ရွှီချင်းက မယူဘဲ လီချန်ဖုန်းကို ကြောင်အအကြည့်ကာ "ခင်ဗျားဘာလုပ်တာလဲ" 


လီချန်ဖုန်းက သူ့နားတွေပူလာသလို ခံစားရလျက် "အာ မင်္ဂလာပွဲအတွက် ငွေတွေလေ" 


ထိုအချိန်၌ ရွှီချင်း၏အမူအရာမှာ ရှုပ်ထွေးနေသလို ခံစားလိုက်ရသည်ပဲ!!!


xxx