Chapter-10
လီချန်ဖုန်းအိမ်ပြန်ရောက်သောအခါ အဖေလီနှင့် လီရှောင်းအာ နှစ်ဦးတည်းသာရှိသည်။ လီချန်ဖုန်းက ဝယ်ယူလာသည့် လက်ကိုင်ပုဝါတွေကို ညီငယ်လေးလီဆီပေးလိုက်တော့ သူအရမ်းပျော်သွားတော့၏။ သူ့ကို လက်ဆောင်တွေဝယ်ပေးတဲ့သူက သူ့ရဲ့ဒုတိယအစ်ကိုဖြစ်နေတုန်းပဲ။ အစ်ကိုအကြီးဆုံးနှင့် တတိယအစ်ကိုနှစ်ယောက်စလုံးက သူတို့ဇနီးမယားနှင့် သားသမီးများကိုသာဂရုစိုက်ကြပြီး သူ့ကိုတော့ လျစ်လျူရှုထားကြ၏။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဒုတိယအစ်ကို အိမ်မှာမရှိတော့ မိသားစုဆီက သူဘာလက်ဆောင်မှမရခဲ့တော့။ ဒီလက်ဆောင်က သူ့ဒုတိယအစ်ကိုက သူ့အတွက် ယူလာပေးတဲ့အထူးလက်ဆောင်ပဲ။
လီမိသားစုတွင် ကလေးလေးယောက်ရှိသည်။ အကြီးဆုံးသားလီသည် အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရှိသည်။ တတိယသားလီလောင်စန်းသည် ဝမ်လိနှင့် ကလေးတစ်ဦးရထားပြီ။ လီချန်ဖုန်းက အိမ်ထောင်မပြုရသေးပေ။ လီရှောင်းအာသည် ယခုနှစ်တွင် အသက် ၁၅နှစ်ရှိပြီဖြစ်ပြီး အိမ်ထောင်ပြုသင့်သည့်အရွယ်ရောက်လာပြီဖြစ်သည်။
ကျိရှန်းရွာရှိ မိသားစုအခြေအနေများသည် တော်ရုံတန်ရုံရှိပြီး လီချန်ဖုန်း၏စစ်မှုထမ်းဒုတိယနှစ်ကာလတွင် လီလောင်စန်းမှာ ထူးချွန်သောပညာတတ်အဖြစ် အသိအမှတ်ပြုခံရသည်။ သူ၏အရည်အချင်းနှင့် ကျော်ကြားမှုသည် မိသားစုကို ရွာသားများရှေ့တွင် ရပ်တည်နိုင်စေခဲ့သည်။ ယခု သူသည် မိသားစုကို ခွဲစေချင်နေပြီး အဖေလီနှင့် အခြားသူများကို စိတ်ကျဥ်းကျပ်စေသည်။ အဖေလီသည် လက်ဆောင်လက်ခံရရှိသော သားအငယ်က သူ့အခန်းဆီပြန်သွားသည်ကို တွေ့ပြီးနောက် လီချန်ဖုန်းအား ခန်းမထဲသို့ ခေါ်လိုက်၏။
"ဒုတိယသားရေ၊ တတိယသားက မင်းပြန်လာပြီးနောက်ပိုင်း ဒီရက်ပိုင်းမှာ အခက်အခဲတွေလုပ်နေတယ်ကွာ။ မင်းအမေနဲ့ ငါဆွေးနွေးထားတာ။ တတိယသားက ဘာလိုပဲပြဿနာလုပ်နေပါစေ မင်းကမခွဲချင်ဘူးဆို ငါတို့ မိသားစုခွဲမှာမဟုတ်ဘူး။" ဒီကလေးက သူ့လက်ဖဝါးလိုဖြစ်တဲ့ သူ့ကိုယ်ပိုင်ကလေးပဲလေ၊ ဒီလိုနှလုံးသားမဲ့တဲ့ကိစ္စမျိုး ဘယ်လိုလုပ်ရက်နိုင်မှာလဲ။
ဒုတိယသားက သီးခြားနေရတာနှစ်သက်ပြီး အရာရာတိုင်းမှာ သူ့ကိုယ်သူချုပ်တည်းထားတတ်သည်။ လွန်ခဲ့သောငါးနှစ်က တတိယသားက သူတို့နောက်ကွယ်၌ သူ့အစ်ကိုဖြစ်သူ၏ စေ့စပ်ထားသူနှင့် လက်ထပ်ခဲ့သည်။ ဒီကိစ္စအတွက် သူတို့ အရမ်းအရှက်ရခဲ့ရသည်။ လီလောင်ယောင် ခါးခါးသီးသီး တွေးလိုက်မိသည်။ ဒီတစ်ကြိမ်မှာတော့ ဒုတိယသားကို ဒုက္ခထပ်မပေးနိုင်တော့ဘူး။ မိဘတွေတောင် မသေသေးပဲနဲ့ မိသားစုခွဲဖို့ အကြောင်းပြောစရာလားကွ။
လီချန်ဖုန်းသည် အဖေလီ၏စကားကိုကြားသောအခါ အလွန်စိတ်သက်သာရာရခဲ့သော်လည်း ယနေ့နံနက်၌ ဈေးရှိအထည်ဆိုင်မှ ရွှီချင်းထွက်သွားချိန်တုန်းက သူ့မျက်နှာပေါ်က ရူးကြောင်ကြောင်အပြုံးလေးကို တွေးလိုက်မိသောအခါ သူ့နှလုံးသားလေးမှာ မနေနိုင်ပဲ ပျော့ပျောင်းသွားရသည်။ အသက် ၂၀လို့ သူတို့ပြောတာမဟုတ်ဘူးလား။ သူ့ညီငယ်လေးထက်တောင် ဘယ်လိုလုပ် ပိုငယ်နေတဲ့ပုံဖြစ်နေရတာပါလိမ့်။ ပြီးတော့ သူကအရမ်းပိန်လွန်းနေတာ၊ သူ့ကို ကောင်းကောင်း ပြုစုပျိုးထောင်ရမယ်။
အဖေလီသည် ဒုတိယသားက ခေါင်းငုံ့ကာ မလှုပ်မယှက်ရှိနေသည်ကိုမြင်၍ တတိယသား၏ အပြုအမူကြောင့် လီချန်ဖုန်းမှာ အမှန်တကယ် စိတ်ထိခိုက်သွားသည်ဟု ထင်သွားပေ၏။ သူသည် စိတ်နှလုံးနာကျင်စွာဖြင့် လီချန်ဖုန်း၏ခေါင်းကို ထိလိုက်သည်။ သူ့အဖေက သူ့ဆံပင်တွေကို ပွတ်လိုက်တဲ့အခါ လီချန်ဖုန်းက အတွေးထဲမှ ချက်ချင်းပြန်ထွက်လာခဲ့သည်။
သူဘာတွေတွေးနေမိပါလိမ့်။ ထို့ကြောင့် သူ့အတွေးနဲ့သူရှက်ရွံ့နေသော လီချန်ဖုန်းသည် အဖေလီအား ထင်းသွားခုတ်တော့မည်ဟုဆိုကာ နားမလည်ဟန်ဖြစ်နေသောလူအိုကြီးရှေ့မှ အမြန်ပျောက်ကွယ်သွားတော့သည်။
တစ်ဖက်တွင် ရွှီချင်းသည် ဒီနေ့ သူဝယ်ထားတဲ့ ပစ္စည်းတွေကို ခွဲထုတ်လိုက်၏။ နေ့လယ်စာစားပြီးသောအခါ ခြံထဲတွင် မှင်တက်စွာ ထိုင်နေခဲ့သည်။
"မျိုးစေ့တွေဝယ်ဖို့ မေ့သွားပြန်ပြီ..."
"လီချန်ဖုန်းက အရမ်းကောင်းပြီး ချောလည်းချောတယ်..." သူ နည်းနည်းသွားရည်ကျလုမတတ်ပင်ဖြစ်သွားရ၏။
"ဖတ်!" ရွှီချင်းက သူ့ကိုယ်သူ ပါးရိုက်လိုက်ရင်း မင်းဘာတွေတွေးနေတာလဲကွ။ လူအရေခွံခြုံထားတဲ့သားရဲတွေရှိမှန်း သူမသိတာကျလို့ကွာ။
အဒေါ်ရှဲ့က လီအိမ်သို့ အောင်သွယ်လုပ်ဖို့အတွက် ရက်ကောင်းတစ်ရက်ကို ရွေးချယ်ရန် ပြက္ခဒိန်ကိုကိုင်ထားသည်။ တစ်ရက်ရွေးလိုက်ပြီးနောက် ခြံတံခါးကို သပ်သပ်ရပ်ရပ်ပိတ်ကာ ရွှီချင်းကို သွားရှာတော့သည်။
သုံးရက်ကြာပြီးနောက် နံနက်စောစောတွင် လျိုမော့သည် သူဝတ်လေ့မရှိတဲ့ စိမ်းပြာရောင်၀တ်စုံကို ၀တ်ထားကာ လက်ထဲ၌ အနီရောင်ပိတ်စဖြင့် ပတ်ထားသော ငွေဒင်္ဂါးပြားနှစ်ပြားနှင့် လီအိမ်ဝင်းဆီသို့ လျှောက်သွားခဲ့သည်။
တစ်ဖက်ရှိလီအိမ်သည် ယနေ့တွင် အခြေအနေမှာ သိပ်မသာယာချေ။ အကြောင်းမှာ သူတို့နံနက်စာစားနေရင်း မြေးဖြစ်သူက လီချန်ဖုန်းအား ချီခိုင်း၍ အမြင့်သို့မြှောက်ခိုင်းလေသည်။ တတိယသားရဲ့ ဇနီးမှာ ကလေးကို ပြန်ခေါ်ချင်ပေမယ့် ကလေးလေးက သူ့ရဲ့ဒုတိယဦးလေးနောက်မှာ ပုန်းနေခဲ့၍ပင်။ ပရမ်းပတာများအားလုံးကြားတွင် လီချန်ဖုန်းသည် ဝမ်လိ၏နောက်၌ ဒယီးဒယိုင်ဖြစ်သွားရသည်။
လီလောင်စန်းသည် ဤမြင်ကွင်းကိုမြင်သောအခါ ဒေါသအရမ်းထွက်သွားပြီး မနက်စာတောင် ဆက်မစားနိုင်တော့ဘဲ မိသားစုမခွဲပါက သူအသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူးလို့ အော်ဟစ်နေခဲ့၏။ ဘဝက သည်းမခံနိုင်စရာဖြစ်နေပြီလေ။ ဘယ်လိုအသက်ဆက်ရှင်နိုင်မှာလဲ။
"မိသားစုခွဲမယ်! ကျွန်တော်တစ်ခွန်းပဲပြောတော့မယ် မိသားစုခွဲမယ်လို့!"
လျိုမော့သည် လီမိသားစု ခြံဝင်းအဝင်ပေါက်ကိုရောက်သည်နှင့် ထုံးစံအတိုင်း ဂနာမငြိမ်သောတတိယသားလီသည် နောက်တစ်ကြိမ် ပြဿနာရှာနေသည်ကို ကြားလိုက်၍ သူ့မျက်လုံးလှိမ့်လိုက်ပြီး ဆံပင်ကို သေသေသပ်သပ်လုပ်လိုက်ရင်း
"မင်္ဂလာပါ! မင်္ဂလာပါ! လီမိသားစုရဲ့ အကြီးအကဲ ဒီမှာရှိလား။ ငါက လျိုအိမ်ကပါ၊ မင်းကိုသတင်းကောင်းပေးဖို့ လာခဲ့တာပါ"
လျိုမော့၏အသံကြောင့် ခြံဝင်းအတွင်းရှိ မှုန်မှိုင်းသောလေထုသည် ပြိုပျက်သွားပြီး တတိယသားလီသည် စကားထပ်မပြောတော့ချေ။ သူ့မိသားစုကိစ္စတွေကို အပြင်မှာ ပြန့်ပွားအောင် မလုပ်မိဖို့ သူသိတုန်းပဲ၊ အပြင်မှာဆို သူက ထူးချွန်တဲ့ပညာတတ်လည်းဖြစ်တယ်လေ။
အကြီးဆုံးသားလီက သံသယအချို့ဖြင့် တံခါးကိုဖွင့်ရန် ခြေလှမ်းပြင်လိုက်၏။ သို့သော် ကျောက်တုံးကဲ့သို့ သူ့ဘေးတွင်ထိုင်နေသော လီချန်ဖုန်းမှာ မျှော်လင့်ချက်အချို့နှင့် နှလုံးခုန်သံမြန်လာလျက်။
တံခါးဖွင့်လိုက်သောအခါ သပ်သပ်ရပ်ရပ်ဝတ်စားထားသော လျိုမော့ကိုတွေ့လိုက်ရပြီး "အိုး၊ ဒါက လျိုမိသားစုက တစ်ယောက်ပဲ၊ ဘာသတင်းကောင်းပြောချင်လို့လဲဗျ"
လျိုမော့က အကြီးဆုံးသားလီရဲ့ မေးခွန်းကို အလွယ်တကူရိပ်မိခဲ့ပြီး "ဟား ဟား၊ တကယ်ကောင်းတဲ့အရာတစ်ခုရှိတာ၊ ဒါပေမယ့် အဲ့ဒီကောင်းခြင်းက ငါ့အတွက် မဟုတ်ပါဘူး။ ဒါဟာ မင်းတို့ရဲ့ ဒုတိယညီအတွက် ပျော်ရွှင်စရာကောင်းတဲ့ပွဲတစ်ခုဖြစ်မှာပါ"
အကြီးဆုံးသားလီနှင့် ခြံဝန်းအတွင်းရှိ အခြားသူများ၏ ထိတ်လန့်တုန်လှုပ်သောအမူအရာများကို ဂရုမစိုက်ဘဲ လျိုမော့သည် သူ့လက်ထဲက စာအိတ်အနီရောင်များကို လီလောင်ယောင်နှင့်မစ္စလီထံ တိုက်ရိုက်ထည့်ပေးခဲ့သည်။
"ငါ မင်းကို သတင်းကောင်းလေးပေးချင်လို့ ဒီကို အရင်ရောက်လာတာလေ။ တစ်ယောက်ယောက်က ငါ့အိမ်တံခါးဆီလာပြီးတော့ လက်ထပ်ဖို့အတွက် လီချန်ဖုန်းကိုရှာခိုင်းလို့ပါ"
ယေဘူယျအားဖြင့် လက်ထပ်ခွင့်တောင်းသော ကောနှင့်ပတ်သက်သည့် အချက်အလက်များကို ပါတီဝင်နှစ်ဦး သီးသန့်မတွေ့ဆုံမချင်း ထုတ်ဖော်ပြောဆိုမည်မဟုတ်ချေ။ နောက်ပိုင်းမှာ အားလုံးအဆင်ပြေရင်တော့ အမျိုးသားက ကောရဲ့အခြေအနေကို သူ့မိသားစုကို ရှင်းပြရလိမ့်မည်။
"လီချန်ဖုန်း? တစ်စုံတစ်ယောက်က သူ့ကို သားမက်အဖြစ်ခေါ်ဖို့ ရှာနေတာလား။" လီလောင်ယောင်က ချက်ချင်းပင် "ဒါ၊ ဒါက အမှန်ပဲလား။ ဒါပေမယ့် ငါတို့မိသားစုက သားတွေကို တခြားသူတွေရဲ့အိမ်မှာ သားမက်အဖြစ်ခေါ်ယူခွင့်မပြုဘူး။"
လျိုမော့သည် လူအိုကြီး၏သဘောထားကို မကြိုက်၍ ထိုအစား လီချန်ဖုန်းထံသို့ လျှောက်သွားကာ တိုးတိုးလေးပြောလိုက်၏။ "မနက်ဖြန်၊ ငါတို့မိသားစုရဲ့ စျေးဆိုင်ကိုသွားမလို့" လီချန်ဖုန်းခေါင်းညိတ်တာကိုမြင်တော့ လျိုမော့က ပြုံးပြီး နှုတ်ဆက်လိုက်တော့သည်။
အဖေလီက 'ဖတ်'ခနဲ တံခါးကို ပိတ်လိုက်ပြီး "ဒုတိယသား၊ သူ့စကားကို နားမထောင်နဲ့။ ငါတို့မိသားစုက ကောင်းပါတယ်၊ ဒါပေမယ့် တခြားသူရဲ့အိမ်မှာနေရင်တော့ မင်း ဘာမှလုပ်လို့မရဘူး။ ပြီးတော့ တတိယသား အခုကစပြီး အော်ဟစ်ညီးညူနေတာတွေ ရပ်တော့။ ငါတို့, မင်းမိဘတွေ မသေသေးဘူးကွ။ မင်းတို့အားလုံး ဘာတွေကြောင်အနေကြတာလဲကွ။ စားသောက်ပြီးရင် အလုပ်သွားကြတော့။"
ထိုအချိန်တွင် လီလောင်စန်းသည် ဘာမှထပ်မပြောဝံ့တော့ပေ။ အဖေလီသည် အများအားဖြင့် စိတ်ဆိုးလေ့မရှိသော်လည်း သူစိတ်ဆိုးသောအခါ မိသားစုထဲတွင် မည်သူမျှ သူ့ကို စိတ်ငြိမ်အောင် မလုပ်နိုင်ကြပေ။
လီချန်ဖုန်းက အခြားတစ်ဖက်က အိမ်ဆီရောက်လာပြီဆိုကတည်းက လျိုမော့၏ ရည်ရွယ်ချက်ကို ခန့်မှန်းထားပြီးသားပင်။ သေချာနေပါပြီ၊ ပိန်ပိန်ပါးပါးပုံစံလေးကို တွေးပြီးသည့်နောက် အစားအသောက်တွေက အရသာပိုကောင်းလာတယ်လို့ ခံစားရပေသည်။
ညမိုးချုပ်ချိန်၌ လီချန်ဖုန်းသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဟိုဘက်ဒီဘက်လှည့်နေခဲ့သည်။ သူ အိပ်မပျော်နိုင်တော့။ ထိုအကြောင်းကိုတွေးပြီးတာနဲ့ သူအိပ်ရာမှထကာ ဗီရိုကိုဖွင့်ပြီး လှန်ကြည့်လိုက်တော့ စစ်စခန်းမှာတုန်းက သူ့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ရထားသည့် ဆုငွေပါရှိသောအနက်ရောင်ပိုက်ဆံအိတ်လေးကို တွေ့လိုက်ရသည်။
သူ့လစာငွေအဖြစ် ငွေ ၁၂လျန်ကို သူပြန်လာသည်နှင့် အဖေလီကို ပေးလိုက်သည်။ ပိုက်ဆံအိတ်အတွင်း၌ ငွေ ၁၅လျန်ရှိနေသေး၏။ ထိုသည်မှာ သူ့အစ်ကို၏စေ့စပ်ထားသူနှင့် လက်ထပ်လိုက်ပြီဖြစ်ကြောင်းပြောရန် ထိုစာပေးပို့သည့်အတွက် လီလောင်စန်းကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ထိုနှစ်တွင် လီချန်ဖုန်းသည် အခြားသူများ မလုပ်ချင်သော ညစ်ပတ်သောအလုပ်များကို အလုအယက်လုပ်ခဲ့ပြီး ပင်ပန်းသည့်အလုပ်အားလုံးကိုလုပ်နေခဲ့ရင်း ညီဖြစ်သူလုပ်ခဲ့သည့်အရာတွေကို မေ့ထားရန်သာ။
လီချန်ဖုန်းက ပိုက်ဆံအိတ်ကို ခေါင်းအုံးအောက်မှာထည့်ပြီး ကုတင်ပေါ် ပြန်လှဲလိုက်တော့သည်။
မူလက သားသတ်သမားလျိုက ခင်ပွန်းအဖြစ်ခေါ်ယူတဲ့ကိစ္စမပြောလာခင်မှာ အရာရှိတွေရဲ့တွဲဖက်ပေးမှုနဲ့ သူ့မိသားစုရဲ့ အခြေအနေဆိုးတွေအကြောင်း သူတွေးထားခဲ့သည်။ သို့သော် တစ်ဖက်သူက 'ရုပ်ဆိုးဆိုးကော' ဆိုတာကို သူသိလိုက်ရတော့ သနားဂရုဏာအပြည့်ပင်။ နောင်တွင် ထိုသူအား ကောင်းကောင်းဆက်ဆံပေးပြီး ဘဝကိုအတူတူနေထိုင်ကြမည်ဟု မျှော်လင့်ထား၏။
သို့ရာတွင် အဲဒီနေ့က စျေးမှာ ချင်းကောအာရဲ့ အသွင်အပြင်ကိုမြင်ပြီးနောက် တစ်ဖက်လူက ရုပ်ဆိုးတယ်လို့ သူလုံးဝမခံစားရပေ။ စစ်တန်းလျားရှိ အရှေ့အနောက်တောင်မြောက်မှ လူတွေကို သူမြင်ဖူးပေသည်။ လူတစ်ဦး၏စရိုက်လက္ခဏာသည် ရုပ်ရည်သွင်ပြင်ဖြင့် ဆုံးဖြတ်နိုင်သောအရာမဟုတ်။ ရွှီချင်း၏အပြုံးကို တွေးကြည့်ပါက ဖြူစင်သန့်ရှင်းလွန်းနေသည့်အတွက် ဒီလိုလူဟာ နှလုံးသားမဲနက်နေမှာမဟုတ်ပေ။
ရွှီချင်းလည်း အိပ်မပျော်ခဲ့ဘူး။ သူ့ကိုယ်ကို စောင်ဖြင့်လိပ်ထားပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ ပတ်ဝန်းကျင်သည် မှောင်မဲတိတ်ဆိတ်နေပြီး အပြင်ဘက်ရှိ ဖားတွေတောင် မနိုးသေးပေ။
"အိုး တကယ်ပဲလား" လွန်ခဲ့သည့်ရက်အနည်းငယ်က အဒေါ်ရှဲ့သည် သူရွေးချယ်သောရက်စွဲဖြင့် သူ့ထံလာကာ သုံးရက်အကြာတွင် လက်ထပ်ခွင့်တောင်းရမည့်နေ့ဖြစ်မည်ဟု ပြောခဲ့သည်။ ထိုအရာများကို သူမသိသောကြောင့် အဒေါ်ရှဲ့ကိုသာ အားကိုးနိုင်သော်လည်း ယခုမူ သူစိတ်လှုပ်ရှားလာ၏။
"ငါ အရမ်းစိတ်စောနေတယ်လို့ သူထင်သွားမှာလား။ အမ်း..." ရွှီချင်းသည် သူ့မျက်နှာကို စောင်ထဲတွင် မြှုပ်လိုက်ပြီး ဂနာမငြိမ်ဖြစ်နေသည်။ မနက်ဖြန် ချိန်းဆိုထားသောနေရာ၌ ထိုသူကို မည်သို့တွေ့ဆုံရမည်ကို သူမသိချေ။
ခြေလက်လေးဖက်လုံးလှဲလျောင်းလိုက်ပြီး ကုတင်ပေါ် လူးလိမ့်နေကာ ခဏအကြာတွင် ဖြည်းညှင်းစွာ အသက်ရှုသံထွက်လာတော့၏။
နောက်နေ့မနက်စောစောမှာ လီချန်ဖုန်းက အိမ်ဝင်းထဲက ထွက်နေပြီဖြစ်ပြီး တစ်ညလုံးနီးပါး သူအိပ်မပျော်နိုင်ခဲ့။
သို့သော် သူ့မျက်လုံးများက ငိုက်မျဉ်းနေပုံမပေါ်ပေ။ စောနေသေး၍ လမ်းပေါ်တွင် လမ်းသွားလမ်းလာမရှိသော်လည်း သူတကယ်ပင် ဆက်၍မထိုင်နိုင်တော့။ ဘာပဲဖြစ်ဖြစ် စျေးဆီကိုလမ်းလျှောက်သွားဖို့ အများကြီး အားထုတ်နေစရာမလိုဘူးလေ။
ရွှီချင်းသည် သေသွားသလို ခံစားလိုက်ရသည်။ မနက်စောစော အဒေါ်ရှဲ့၏တံခါးခေါက်သံကြောင့် သူနှိုးသွားရပြီး တခြားတစ်ယောက်က ပေါင်ဒါတွေ သူ့မျက်နှာပေါ်တင်နေ၍ သူ့မှာ ပြန်အိပ်ပျော်လုနီးပါးပင်။ အရမ်းစောလွန်းတယ်!
"အဲ့ဒါကဘာလဲ?" အဒေါ်ရှဲ့သည် သူနှင့်ဝေးရာသို့ ပုန်းနေသော ရွှီချင်းကိုကြည့်ကာ ရယ်မောနေလေသည်။
"ဒါက ကောင်းတဲ့အရာပါ။ အဲ့ဒီတုန်းက ကျုပ်အစ်ကိုအိမ်ထောင်ပြုချိန်က ဒီပေါင်ဒါကို သုံးခဲ့တာလေ" လို့ တိုးတိုးလေးပြောလာ၏။ "သူပြောတာ ရနံ့လေးကလည်း အရမ်းကောင်းတယ်တဲ့"
ရွှီချင်းမှာ ယခင်က သူ၏အမြင်သုံးခုကို စိန်ခေါ်နေသလို ခံစားလိုက်ရသည်။ သူ၏ ကြိမ်ဖန်များစွာခုခံမှုအောက်တွင် နံ့သာပေါင်ဒါနှင့် ပါးနီတို့ကို မလိမ်းနိုင်အောင်လုပ်ဆောင်နိုင်ခဲ့ပေသည်။
သူက လိင်တူကြိုက်နှစ်သက်သူဆိုရင်တောင် မွန်းစတားတွေလို မိတ်ကပ်ထူထူလိမ်းဖို့ဆိုတာ သူလက်မခံနိုင်ပါဘူးနော်။
အိမ်ကထွက်လာပြီးနောက် ဦးလေးရှဲ့ ငှားထားသောမြည်းလှည်းကို ယူလာပြီး ဈေးကို အမြန်သွားကြ၏။ ရွှီချင်း သက်ပြင်းအနည်းငယ်ချလိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ "ကျွန်တော်တို့အတွက် နည်းနည်းစောသေးတယ်လို့ မထင်ဘူးလား" အချိန်က ၅ နာရီပဲ ရှိသေးတာလေ။
အဒေါ်ရှဲ့က မျက်လုံးပြူးပြီးပြောလာ၏ "ဒါပေါ့ အခုက စောနေသေးတာပေါ့၊ မဟုတ်ရင် စင်ဂယ်နှစ်ယောက်က ဘယ်လိုလုပ်သီးသန့်တွေ့ဆုံနိုင်မှာတုန်း။ သူများတွေမြင်ရင် အတင်းအဖျင်းတွေများလာမှာပေါ့။"
အဒေါ်ရှဲ့က ရွှီချင်းကို ပြန်ကြည့်တော့ ဒီကလေးက အပြစ်ကင်းလွန်းတယ်လို့ ခံစားရပေသည်။ သူက တခြားကောတွေလို ဝတ်စားရတာမကြိုက်ဘူး။
ရွှီချင်းသည် အဒေါ်ရှဲ့၏မျက်လုံးများကို တစေ့တစောင်းမြင်လိုက်ရ၍ သူ့မျက်လုံးထောင့်များ အနည်းငယ်တွန့်သွားရသည်။ သူ့ဖင်ကို အဒေါ်ရှဲ့နှင့် အနည်းငယ်ဝေးဝေးသို့ မသိမသာရွှေ့လိုက်သည်။
အဒေါ်ရှဲ့: "မင်း ဘာလို့ ဒီလောက်ဝေးဝေးထိုင်နေတာရတာတုန်း။ ဘာလဲ၊ အဒေါ်က မင်းကိုမစားပါဘူးနော်"
ရွှီချင်းသည် တိတ်တဆိတ် သူ့မျက်လုံးတွေလှိမ့်လိုက်တော့၏။ အဲ့ဒါက အစားခံရတာထက်တောင် ပိုအဆင်မပြေဘူးလေ။
ထိုကဲ့သို့ပင် ရွှီချင်း အနည်းငယ်အိပ်ငိုက်လာခဲ့သည်။ မနေ့ညက သူ ညဉ့်နက်သည်အထိ အိပ်မပျော်နိုင်ခဲ့ပဲ အတော်လေးနောက်ကျမှ အိပ်ပျော်သွားတော့ မနက်လင်းခါနီးနေပြီ။ ကျစ်၊ ကျစ်၊ ရှေးခေတ်ကဘလိုင်းဒိတ်ဟာလေ... ခေတ်သစ်ဘလိုင်းဒိတ်ထက် ပိုပြီးဒုက္ခဖြစ်စေတာပဲကွာ။