Ch-9
Viewers 9k

Chapter-9


ကောင်းကင်ကြီးက တောက်ပနေဆဲ။ မနေ့ညကမိုးရွာထား၍ မနက်ခင်းမှာနည်းနည်းအေးနေ၏။ ရွှီချင်းသည် သူ့အင်္ကျီကိုဆွဲတင်ထားလျက် နှင်းရည်များမစိုစေရန် လမ်းပေါ်ရှိမြက်ပင်ရှည်များကို ဂရုတစိုက်ရှောင်လိုက်သည်။ 


"ဒေါက်၊ ဒေါက်၊ ဒေါက်! ကျွန်တော်ပါ ချင်းကောအာ" 


'ကလစ်'အသံဖြင့်ခြံတံခါးကိုပွင့်လာပြီး ဦးလေးရှဲ့က "မြန်မြန်ဝင်ခဲ့။ မင်းအဒေါ်ကနိုးနေတာကြာပြီ။ ငယ်ငယ်တုန်းကလိုပဲ စိတ်လှုပ်ရှားနေတာလေ" 


"ကျေးဇူးတင်ပါတယ် ဦးလေးရှဲ့!" ရွှီချင်းက နာခံစွာ တုံ့ပြန်သည်။ သူတို့အိမ်ထဲဝင်သွားတော့ အဒေါ်ရှဲ့က ရွှီချင်းကိုတွေ့တာနဲ့ "မင်းဘာလို့အဝတ်တွေပိုမဝတ်လာတာလဲ။ ဒီကိုလာခဲ့၊ ကုတ်ကိုဝတ်လိုက်နော်။ မင်းက အိမ်ထောင်မပြုရသေးတဲ့ကောလေ။ သပ်သပ်ရပ်ရပ် ဝတ်ထားဖို့လိုတာပေါ့"လို့ပြောနေရင်း သူ့ကိုယ်သူလည်း နောက်တစ်ထည်ထပ်ဝတ်လိုက်၏။ 


ရွှီချင်းအနည်းငယ်စိတ်ရှုပ်သွားရပြီး "ဦးလေးရှဲ့လည်း ကျွန်တော်တို့နဲ့လိုက်ခဲ့မှာလား" အပြင်ထွက်ရန် ဖိနပ်စီးနေသည့်လူကြီးကိုမြင်လိုက်၍ မေးလိုက်သည်။ 


"မနေ့က အဒေါ် သူ့ကို တခြားအိမ်ကမြည်းလှည်းငှားခိုင်းထားတာ။ ဒါပေမယ့် ဒီမနက်စောစောကပဲ သွားမေးတာ ယာဉ်မောင်းနဲ့လွဲသွားတော့ သူကိုယ်တိုင်ပဲမောင်းပေးရမှာပေါ့" အဒေါ်ရှဲ့က ရွှီချင်းကိုခြံဝင်းထဲမှဆွဲလာခဲ့ပြီး မြည်းလှည်းနဲ့ ဦးလေးရှဲ့ခေါ်လာဖို့ရာ စောင့်နေလိုက်သည်။ 


"မြည်းလှည်းနဲ့ဆို မနေ့ညက မိုးရွာထားလို့ ရွှံ့ဗွက်တွေကို အဒေါ်တို့ရှောင်နိုင်တာပေါ့" 


ရွှီချင်း ခေါင်းညိတ်လိုက်သည်။ တကယ်ဆို အခုဈေးကို သူတို့လမ်းလျှောက်သွားရင် ဘယ်လောက်ညစ်ပတ်နေမယ်ဆိုတာ သူတွေးမိသည်။ မိုးရွာထားပြီးတဲ့နောက် အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် လမ်းတွေက ညစ်ပတ်တယ်လေ။


"ရောက်လာပြီပဲ။ သွားကြစို့ ချင်းကောအာရေ" 


ဦးလေးရှဲ့ ထိုနှစ်ယောက် အထဲကိုရောက်ဖို့စောင့်နေလိုက်သည်။ သူတို့အခြေတကျထိုင်ပြီးနောက် မြည်းကိုနှင်ကာ ရွာအဆုံးလမ်းခွဲမှ မောင်းနှင်လာခဲ့သည်။ 


"ဦးလေးရှဲ့ မြည်းလှည်းမောင်းနည်းကို ဘယ်လိုသိတာလဲဗျ" ရွှီချင်းက သူ့အဝတ်တွေကိုချိန်ညှိနေရင်း မေးလိုက်၏။ ဒီခေတ်က မြည်းလှည်းတွေက မော်ဒန်ခေတ်ကလို ဆိုင်ကယ်တွေနဲ့ပိုတူတယ်၊ နွားလှည်းတွေက Volkswagenနဲ့တူပြီးတော့ မြင်းလှည်းတွေက Mercedes နဲ့တူတယ်လေ။ 


အဒေါ်ရှဲ့သည် ရွှီချင်း၏အနည်းငယ်အေးစက်နေသောလက်များကို သူ့လက်ထဲထည့်ကိုင်ထားလိုက်ပြီး သူ့စကားကြားသောအခါ အနည်းငယ်လွမ်းဆွတ်သွားဟန်ဖြင့် "ပြောရမယ်ဆိုရင်တော့ မင်းအဖေက သူ့ကိုသင်ပေးထားတာလေ" 


ရွှီချင်းက သေချာစဉ်းစားလိုက်၏။ မူလကိုယ်၏မှတ်ဥာဏ်တွေထဲမှာတော့ လှည်းမောင်းနေတဲ့ပါးပါးရွှီရဲ့ပုံကို တစ်ခါမှမမြင်ဖူးဘူးလေ။


မြည်းလှည်းကိုမောင်းနှင်နေတဲ့ဦးလေးရှဲ့က အသံကျယ်ကျယ်ဖြင့်ပြောလာ၏ "မင်းမသိပါဘူးကွာ၊ မင်းအဖေက စစ်မှုထမ်းတုန်းကဆို မြင်းစီးလေ့ကျင့်နေတဲ့ တကယ့်စစ်တပ်အကြီးအကဲတွေအတွက် မြင်းတွေကို စီမံပေးရတဲ့အလုပ်လုပ်ခဲ့တာလေ၊ သူပြန်လာတော့ မြည်းလှည်းစမ်းမောင်းကြည့်တော့ သိပ်မခက်တာတွေ့သွားတယ်၊ အဲ့ဒါ​နဲ့ပဲ ဦးလေးကိုလည်းသင်ပေးခဲ့တာ။" 


"တကယ့်စစ်တပ်အကြီးအကဲတွေလား?" ဒီအသံက ဘာ​လို့များနည်းနည်းထူးဆန်းနေရတာပါလိမ့်။ 


"တပ်သားသစ်တွေကို အစကတည်းကစစ်စခန်းတွေမှာ တာဝန်ပေးတာလေ။ သူတို့က နှစ်အနည်းငယ်ကြာပြီးတဲ့နောက် စစ်တပ်မှာပဲ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပြီးတော့ လူတစ်ကိုယ်လုံးကလည်း ပိုပြီးကြီးပွားချမ်းသာလာမှာ။ တကယ်လို့ တကယ့်စစ်သားဖြစ်ချင်ရင်တော့ စမ်းသပ်မှုမျိုးစုံတွေကို ကျော်ဖြတ်ရမှာ"လို့ ဦးလေးရှဲ့ကဆိုသည်။ 


ဆိုတော့ ဒါကဒီလိုမျိုးပေါ့လေ။ ဤမင်းဆက်၏ဧကရာဇ်မင်းသည် သာမန်ပြည်သူတို့၏ဘဝများတည်ငြိမ်စေရန်အတွက် အမှန်တကယ် ကျယ်ကျယ်ပြန့်ပြန့် တွေးတောထားပုံရသည်။ 


"ငါတို့ရောက်ပြီ" 


မြည်းလှည်းရပ်နားရာနေရာကိုရောက်သောအခါ ကောင်းကင်ကြီးမှာ တောက်ပနေပြီး အရင်တစ်ခါ သူတို့ဈေးသွားတုန်းကထက် နာရီဝက်ခန့်စောနေသေး၏။ 


ရွှီချင်းက သိပ်မအေးတော့ဘူးလို့ ခံစားလိုက်ရ၍ အဒေါ်ရှဲ့ပေးထားတဲ့အင်္ကျီကို ချွတ်လိုက်သည်။ 


သူတို့က ဦးလေးရှဲ့ကိုနှုတ်ဆက်လိုက်ပြီး လျိုမော့နဲ့သူ့ခင်ပွန်းရဲ့ဆိုင်ခန်းနေရာဆီလျှောက်သွား၏။ စီးပွားရေးလုပ်မည့် အခြားသူများထက် အမြဲစောထနေသောကြောင့် သူတို့က ယခုအချိန်တွင်ရောက်နေသင့်ပြီပဲ။ 


ရွှီချင်းသည် နက်ပြာရောင်ဖျင်ထည်အင်္ကျီကို၀တ်ဆင်ထားသည်။ ကောတွေရဲ့ ၀တ်စားဆင်ယင်မှုက ရှေးတရုတ်ပြည်ချင်မင်းဆက်ရှိ အမျိုးသားများနှင့်ဆင်တူပြီး ၄င်းတို့မှာ ဝတ်ရုံပြည့်ကြယ်သီးတွေရှိနေသည်။ ဤနေရာရှိယောကျ်ားသားအများစုက အင်္ကျီလက်တိုနှင့် ဘောင်းဘီကိုဝတ်ဆင်ကြသည်။ ထိုလူက ကောလား ယောကျ်ားသားလားဆိုတာကို မျက်ခုံးကြားရှိမထင်မရှားအနီရောင်မှဲ့လေးနဲ့ ခွဲခြားနိုင်သည်။


နက်ပြာရောင်၀တ်စုံမှာ ရွှီချင်း၏အသားအရောင်နဲ့လိုက်ဖက်နေသော်လည်း သူ့မျက်နှာပေါ်ရှိ အနီစက်လေးများက ပေါ်လွင်နေဆဲပင်။ အနီစက်တွေက မျက်နှာတစ်ပြင်လုံးပြန့်ကျဲနေပေမယ့် အနည်းဆုံးတော့ အရင်တုန်းကလောက် ကြောက်စရာမကောင်းတော့ချေ။ ထို့ကြောင့် အနီစက်တွေမရှိတော့တဲ့အခါ ရွှီချင်းဘယ်လိုပုံစံရှိမလဲဆိုတာကို ခန့်မှန်းမြင်နိုင်ပေသည်။ 


ရွှီချင်း၏အသားအရေကအရမ်းဖြူတာမို့ သူ့မျက်နှာပေါ်ရှိအနီစက်တွေကို ပိုသိသာစေတာပါ။ သူ့နှာခေါင်းက ဖြောင့်စင်းပြီး နှုတ်ခမ်းမှာအနည်းငယ်ပါးလွှာ၏။ ရွှီချင်း၏အဖမ်းစားနိုင်ဆုံးအစိတ်အပိုင်းမှာ အနက်ရောင်ကျောက်မျက်ကဲ့သို့ တောက်ပကြည်လင်နေတဲ့မျက်လုံးတစ်စုံပင်။ သူ တစ်စုံတစ်ယောက်ကိုကြည့်လိုက်တဲ့အချိန် သူ့မျက်လုံးတွေမှာ စိတ်ခံစားချက်အပြည့်ဖြစ်နေတတ်သည်။ ယေဘူယျအားဖြင့် သူ့မျက်နှာမှာအနီစက်တွေရှိပေမယ့် ရွှီချင်းက အလွန်ကြည့်ကောင်းပြီးတက်ကြွတဲ့ကောင်လေးမျိုးပါ။ 


လီချန်ဖုန်းက မနေ့က သားသတ်သမားလီအား ဝက်ကလေးများကို ယနေ့ဈေးသို့ မောင်းသွင်းပေးဖို့ကူညီပေးမည်ဟု ကတိပေးထား၍ မနက်စောစောထလိုက်သည်။ သူအဝတ်အစားတွေဝတ်ပြီးနောက် သူ့ပါးစပ်ကို ရေနဲ့ဆေးပြီး မနက်စာတောင်မစားဘဲ လျိုအိမ်ဆီ တိုက်ရိုက်သွားလိုက်တော့၏။ 


"သူ အစောကြီးနိုးလာပြီး လူတွေကိုမအိပ်ရအောင် အသံကျယ်ကျယ်တွေလုပ်နေတာပဲကွာ။" လီချန်ဖုန်း ထွက်သွားပြီးနောက် လီအိမ်တွင် မကျေနပ်သံထွက်ပေါ်လာသည်။ ဝမ်လိက ပြန်လှည့်လိုက်ပြီး ကလေးကို ကျောပေါ်တင်လိုက်ရာ လီလောင်စန်းက စကားမပြောဘဲ သူ့ဇနီးဖြစ်သူ၏ရင်ခွင်ထဲက သုံးနှစ်အရွယ်သားလေးကိုပုတ်ပေးနေလိုက်သည်။ သူ၏မျက်လုံးသွယ်သွယ်များကတော့ အိပ်ချင်စိတ်မရှိတော့ဘဲ လီချန်ဖုန်းအတွက် စိတ်မကောင်းဖြစ်မိသည်။ 


ရွှီချင်းနှင့်အဒေါ်ရှဲ့တို့သည် လျိုမော့၏ဆိုင်နှင့် ဆန့်ကျင်ဘက် လမ်းထောင့်တစ်ခုတွင် ရပ်နေကြသည်။ 


"ကျွန်တော်တို့ အရမ်းသိသာနေတယ်လို့ထင်လား" ရွှီချင်းသည် ပတ်ဝန်းကျင်ကို မှုန်ကုပ်ကုပ်ကြည့်လိုက်သည်။ ယခုတော့ ဈေးဝယ်လာသူအနည်းငယ်သာရှိသေးသည်။ ကျန်လူတွေကတော့ ဈေးဆိုင်ရှင်တွေပဲ။ 


လျိုမော့ဆိုင်နှင့် ဆန့်ကျင်ဘက်ဆိုင်၌ သူတို့နှစ်ဦးသားက ဘာမှမလုပ်ဘဲရပ်နေသည်မှာ အရမ်းထူးဆန်းနေတယ်လေ။ 


"အာ၊ တခြားနည်းလမ်းမရှိဘူးလေ။ လမ်းပေါ်မှာ စျေးဆိုင်တည်ထားဖို့ ဘယ်သူကပြောလို့လဲ။" အဒေါ်ရှဲ့လည်း အနည်းငယ်ရှက်နေသည်။ 


"ကြည့်စမ်း၊ အနက်ရောင်အင်္ကျီလက်တိုနဲ့ ဘောင်းဘီရှည်ဝတ်ထားတဲ့သူက လီချန်ဖုန်းပဲ။ ကြည့် ကြည့်လိုက်!"


ရွှီချင်းသည် အဒေါ်ရှဲ့ညွှန်ပြတဲ့အတိုင်းကြည့်လိုက်ရာ လျိုမော့၏ဆိုင်ရှေ့တွင် သူတို့ကိုနောက်ကျောပေးလျက် မတ်တပ်ရပ်နေသည့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူက သားသတ်သမားလျိုအား ဝက်ကလေးများကိုကူညီနေရာချပေးနေ၏။ သူသည် ၁.၈မီတာခန့်ရှည်ပြီး သူ၏ရုပ်သွင်မှာ နောက်ကျောဘက်မှကြည့်လျှင်တောင် အလွန်ခံ့ညားနေသည်။ ရွှီချင်းသည် အနည်းငယ်မျှော်လင့်နေပြီး သူ့နှလုံးခုန်နှုန်းမြန်လာတော့သည်။ ထိုလူ၏ပုံသဏ္ဍာန်တစ်ခုတည်းနဲ့တင် သူ့စံနှုန်းရဲ့ ၉၅% ပြည့်မှီနေပြီပဲ။ 


ထိုလူလှည့်လာတော့ ရွှီချင်းက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ထိုလူတွင် ဓားသဏ္ဍာန်မျက်ခုံးများရှိပြီး အသားရေကတော့ အနည်းငယ်မည်းရုံလေးသာဖြစ်၍ သူ့နှုတ်ခမ်းကို ပိပိရိရိစေ့ပိတ်ထားလိုက်သည့်အခါ လူတွေကို အလွန်အထင်ကြီးစေသည့်ဟန်ရှိသည်။ 


ခေတ်သစ်အမြင်နှင့်ကြည့်လျှင် သူက ကိုယ်လူချောတစ်ယောက်ပဲ။ ဒါက သူလိုချင်တဲ့ပုံစံနဲ့ကွက်တိပဲကွ။ အရမ်းမိုက်တာပဲ! 


"ကောင်းပါပြီဗျာ၊ အဒေါ် အောင်သွယ်ကိုရှာပြီး ရက်တစ်ရက်ရွေးပေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်" 


ရွှီချင်းက အဒေါ်ရှဲ့ကို စိတ်အားထက်သန်စွာနဲ့ အံ့သြသွားအောင်ပြောလိုက်တော့သည်။ 


"ကောင်းပြီလေ၊ အဒေါ့်တာဝန်ထားလိုက်" 


အဒေါ်ရှဲ့က သူ့ခင်ပွန်းနဲ့ လက်ထပ်တုန်းကထက် ဒီအချိန်မှာ ပိုစိတ်လှုပ်ရှားနေ၏။ သူတို့နှစ်ယောက်ဟာ တွဲဖက်ကောင်းတွေဖြစ်မယ်ဆိုတာ သူသိတာပေါ့။ ရွှီချင်းသည် နောက်ဆုံးမှာလက်ထပ်နိုင်ခဲ့ပြီး ယခုအခါ သွားလေသူပါးပါးရွှီအား ရှင်းပြစရာတစ်ခုရှိနေပြီပေါ့။ 


ရွှီချင်းသည် သူ့နေရာလွတ်ထဲမှ ဆေးဖက်ဝင်ပစ္စည်းများကို တွေးတောရင်း သူအိမ်သာခဏသွားမည်ဟု အဒေါ်ရှဲ့အားပြောကာ အထည်ဆိုင်တွင် စောင့်ခိုင်းထားလိုက်သည် "ကျွန်တော် အိပ်ယာခင်းနဲ့ စောင်အသစ်တွေ ဝယ်ဖို့စီစဉ်ထားတယ်။ အဒေါ် အရင်ရွေးပေးထားလို့ရတယ်နော်။ ကျွန်တော်ပြီးတဲ့အခါ အဲ့ဒီမှာအဒေါ့်ကိုတွေ့ဖို့လာရှာမယ်လေ" 


ပထမတော့ အဒေါ်ရှဲ့က ရွှီချင်းဆုံးဖြတ်ချက်ကို သဘောမတူချင်ပေမယ့် ရွှီချင်းက သူပြောခဲ့တာကလွဲလို့ တခြားလုပ်စရာရှိမယ်လို့ မထင်ထားတာကြောင့် အလျင်စလိုသဘောတူခဲ့ပြီး အထည်ဆိုင်ဆီအမြန်လျှောက်သွားခဲ့သည်။ အခုချိန်မှာတော့ ဆိုင်တွေ အများကြီးဖွင့်နေပြီ။ စောစောရောက်ရင် ပိုပြီးရွေးချယ်စရာတွေရှိတာကိုး။ 


ရွှီချင်းသည် အဒေါ်ရှဲ့ထွက်သွားသည်ကိုကြည့်နေလိုက်ပြီးမှလှည့်ကာ အနားရှိလူတစ်ယောက်အား နာမည်ကြီးဆေးဆိုင်၏တည်နေရာကိုမေးလိုက်ပြီးနောက် အပြေးအလွှားသွားတော့၏။ 


ဆေးဆိုင်ကသိပ်မကြီးပေမယ့် ဆိုင်တံခါးက ဖွင့်ထားပါပြီ။ လူငယ်တစ်ယောက်က ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်နေခဲ့ပြီး ရွှီချင်းဝင်လာတာကိုမြင်တော့ နှုတ်ဆက်လာသည် "မင်္ဂလာပါဗျာ ဖောက်သည်ရေ၊ မင်းဒီမှာ ဆေးပင်တွေလာရောင်းတာဆိုရင်တော့ တိုက်ဆိုင်လိုက်တာဗျာ၊ သမားတော်က အနောက်ဖေးမှာအလုပ်လုပ်နေတာ။ ခဏစောင့်ဦးနော်?" 


ဆိုင်ရှင်၏သဘောထားကြောင့် ရွှီချင်းသည် အလွန်စိတ်သက်သာရာရခဲ့သည်။ ဤနေရာ၏ဂုဏ်သတင်းက အကောင်းဆုံးဆိုတာ အံ့သြစရာမရှိတော့ဘူး။ ဂျင်ဆင်းရိုင်းနှင့် အခြားဆေးဖက်ဝင်ပစ္စည်းများကို နေရာလွတ်မှယူကာ ကောင်တာပေါ်တွင် တင်ထားလိုက်သည်။ ခဏအကြာတွင် ဆိုင်ရှင်နှင့် အသက် ၅၀အရွယ် အမျိုးသားတစ်ဦး ဝင်လာပေသည်။ 


"ညီအစ်ကိုရေ မင်းရဲ့ပစ္စည်းတွေကို လူအိုကြီးဆီ ပြလိုက်ပါဦး။ သူက မင်းကို တန်ရာတန်ကြေးပေးမှာမို့ စိတ်မပူပါနဲ့" 


ရွှီချင်း ကောင်တာပေါ်က ပစ္စည်းတွေကို တွန်းပေးလိုက်တော့ ရွှံ့အနည်းငယ်ပေကျန်နေသေးတဲ့ ပစ္စည်းအချို့ကို တွေ့လိုက်ရသောအခါ သမားတော်မှာ အနည်းငယ်အံ့သြသွားကာ "ဒါတွေက အခုလေးတင်ယူခဲ့တာလား။ သူတို့ကြည့်ရတာ လတ်ဆတ်ပြီး အနံ့လေးကကောင်းလိုက်တာ။" 


"မဟုတ်ပါဘူး၊ မနေ့ညနေက ရထားတာတွေပါ။ ဆရာဈေးနှုန်းဘယ်​​လောက်​ပေးမလဲဗျ" ဆေးဖက်ဝင်ပစ္စည်းများကို နေရာလွတ်ထဲတွင် သိမ်းဆည်းထားသောကြောင့် ၎င်းတို့မှာ လတ်လတ်ဆတ်ဆတ်ယူလာသလိုမျိုးထင်ရ၏။ 


"အံ့သြစရာကောင်းလိုက်တာကွာ၊ ဂျင်ဆင်းရိုင်းကို ဘယ်သူမှလာမရောင်းတော့တာ နှစ်နှစ်ရှိပြီ။ ကျုပ်နာမည်က လင်းပါ။ နောင်မှာ ဒီလိုမျိုးဆေးဖက်ဝင်ပစ္စည်းတွေကောင်းကောင်းရရင်လည်း စျေးကောင်းကောင်းပေးပါ့မယ်။" 


"ဒါပေါ့ဗျာ သမားတော်လင်းရေ" 


နောက်ဆုံးတွင် စျေးနှုန်းညှိနှိုင်းခဲ့ပြီး ရွှီချင်းက စုစုပေါင်းငွေ ၈၀လျန် ရရှိခဲ့သည်။ သူကတော့ ဈေးမှန်တယ်လို့ ခံစားရ၏။ ဘော့စ်လင်းကို နှုတ်ဆက်ပြီးနောက် ရွှီချင်းသည် အထည်ဆိုင်သို့ လမ်းလျှောက်သွားလိုက်သည်။ သူထွက်လာတာ ခဏကြာသွားတော့ အဒေါ်ရှဲ့ကို စိတ်မပူစေချင်ဘူး။ 


"ချန်ဖုန်းပြန်သွားပြီလား" လျိုမော့သည် ဈေးဝယ်ရာမှပြန်လာပြီးနောက် လီချန်ဖုန်းကိုမတွေ့သောအခါ သားသတ်သမားလျိုအားမေးမြန်းလိုက်တော့ သားသတ်သမားလျိုက ပြန်ဖြေလာခဲ့၏။ "သူသွားပြီလေ။ ဒါပေမယ့် ချင်းကောအာက သူ့ကိုတွေ့လိုက်လားတော့ ငါလည်းမသိဘူး။" 


"တွေ့လိုက်တယ်၊ တွေ့လိုက်တယ်တဲ့။ ကျုပ် ရှဲ့မိသားစုရဲ့ဇနီးနဲ့တွေ့တော့ သူတွေ့ပြီးသွားပြီလို့ ပြောတယ်လေ" 


လီချန်ဖုန်းသည် လီရှောင်းအာအတွက် ဆိုင်တစ်ဆိုင်၌ လက်ကိုင်ပုဝါနှစ်ထည်ဝယ်ပြီး ညီငယ်လေးဆီပေးဖို့ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။ သူလှမ်းကြည့်လိုက်တော့ မျက်နှာချင်းဆိုင်ရှိအထည်ဆိုင်ကိုဝင်သွားသည့် နက်ပြာရောင်၀တ်ထားတဲ့ ကောလေးကို တွေ့လိုက်၍ သူ အနည်းငယ်အံ့သြသွားသည်။ သူ့ရှေ့တွင်မြင်လိုက်ရသည့် အနီစက်တွေပြည့်နေသော မျက်နှာလေးက ချင်းကောအာပေါ့လေ။ 


အထည်ဆိုင်များသည် ကောများသွားရာနေရာဖြစ်ပြီး သူဝင်သွားဖို့ရာ အဆင်မပြေလှပေ။ ထို့ကြောင့် လက်ကိုင်ပုဝါဝယ်ပြီးနောက် ခဏမျှစဉ်းစားလိုက်ကာ လီချန်ဖုန်းသည် အထည်ဆိုင်နှင့် မနီးမဝေးတွင်ရပ်ရင်း ရွှီချင်းထွက်လာသည်ကို စောင့်နေလိုက်သေးသည်။ ဘာကြောင့်ရယ်မသိ၊ သူ ရွှီချင်းကို ထပ်တွေ့ချင်နေသေးပြီး သူ့ကိုပိုတွေ့ချင်လာသလို ခံစားရလျက်။ 


ရွှီချင်း အထည်ဆိုင်သို့ရောက်သောအခါ အဒေါ်ရှဲ့သည် သတို့သမီးနှင့်သတို့သားအတွက် အဝတ်အစားအပါအဝင် အရာအားလုံးကို ရွေးချယ်ထားပြီးဖြစ်သည်။ ရွှီချင်းက ဒါကို တကယ်မမျှော်လင့်ထားခဲ့ပေ "ဒါဆို အဒေါ့်ကို ကျွန်တော့်အတွက် ချုပ်ပေးဖို့ ထပ်တောင်းဆိုရဦးမှာပေါ့" 


အဒေါ်ရှဲ့ "မင်းဘာတွေပြောနေတာလဲ။ ဒီတစ်ခါတော့ အရမ်းခေါင်းမာမနေပါနဲ့။ မင်္ဂလာဝတ်စုံအတွက် ပိုက်ဆံပေးစရာမလိုပါဘူး။ ကံမကောင်းဘူးလေ။" 


ရွှီချင်း ခဏလောက် ထိတ်လန့်သွားရသည်။ သူမယုံနိုင်ပေမယ့် အဲ့ဒီအကြောင်းတွေမသိလို့ သူ့ကိုလည်းအပြစ်မတင်သင့်ပါဘူးနော်။ အဒေါ်ရှဲ့က အခကြေးငွေကိုလက်မခံဘဲ နောက်တစ်ကြိမ်ထပ်ချုပ်ပေးမည်ကို သူကြောက်၍သာ။ 


အိပ်ယာခင်းများ၊ ခြုံစောင်များ၊ ချည်သိုးမွှေးနှင့် အထည်စများ စတဲ့ပစ္စည်းတွေက စုစုပေါင်းငွေ ၂လျန်ကုန်ကျသည်။ ပစ္စည်းတွေများတာကြောင့် အဒေါ်ရှဲ့က ရွှီချင်းကို မြည်းလှည်းရပ်ထားတဲ့နေရာကို ပြန်သွားခိုင်းပြီး ဦးလေးရှဲ့ကိုရှာကာ ပစ္စည်းတွေတင်ဖို့အတွက် လှည်းကိုမောင်းလာခိုင်းလိုက်သည်။


***