Ch-21
Viewers 10k

Chapter-21


ညနေခင်းရောက်လာပြီဖြစ်၍ မိုးရွာရန်နိမိတ်ပြနေသကဲ့သို့ ကောင်းကင်မှာ ဝေဝါးမည်းမှောင်နေလျက်။ ဝီရိယရှိကြသောလယ်သမားများသည် လယ်ကွင်းထဲမှ သူတို့အလုပ်တွေကို လက်စသတ်ကြပြီး အိမ်အမြန်ပြန်ကြတော့သည်။ လမ်းတစ်လျှောက်တွင် သူတို့ရဲ့ အဆော့မက်သော ကလေးတွေနှင့် ဆုံကြသောအခါ သူတို့နားရွက်တွေကိုဆွဲလျက် အိမ်ပြန်ခေါ်သွားကြ၏။ 


ချန်ချီသည် လယ်ကွင်းမှအိမ်ပြန်ရောက်တော့ ခေါင်းငိုက်စိုက်ချလျက် ခြံဝင်းအပေါက်ဝတွင် ထိုင်နေခဲ့သည်။ 


"ဘာဖြစ်လို့လဲ။ လူတိုင်းရဲ့လမ်းကိုပိတ်ပြီးတော့ တံခါးဝမှာထိုင်နေတာ!" အမေချန်က ညစာအတွက် ဟင်းရွက်တချို့ကို ကိုင်ထားရင်း တံခါးဝ၌ထိုင်နေသော သူ့သားတော်မောင်ကို တစ်ချက်ကြည့်လိုက်သည်။ 


"အမေ ဒီနေ့ ကျွန်တော် တခုခုမှားတာပြောလိုက်လို့ ညီလေးငိုသွားတာ..." 


"ဖြန်း ဖြန်း!" ချန်ချီရဲ့နဖူးမှာ အနီကွက်တချို့ဖြစ်သွားရ၏ "ပြဿနာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ မင်းတကယ်သိတာပဲ! ဟမ်! ငါတောင် ရှောင်ဟုန်ကို ငိုအောင်မလုပ်ဖူးဘူး!" 


အမေချန်က ချန်ချီရဲ့လက်ထဲသို့ ဟင်းရွက်တွေကိုထိုးထည့်လိုက်ပြီး ချန်ဟုန့်အခန်းဆီ အမြန်လျှောက်သွားလိုက်၏။ သူ့ရဲ့ညီလေး ငိုအောင်လို့ ဘယ်လိုစကားမျိုးပြောလိုက်တာပါလိမ့်! 


"ကောင်းတယ်!" 


အဖေချန်မှာ သနားခြင်းအလျဥ်းမရှိဘဲ ချန်ချီဘေးမှဖြတ်လျှောက်သွားသည်။ 


ချန်ချီက သူ့အမှားသူသိသည်မို့ သူ့နှာခေါင်းကိုထိလိုက်ပြီး ဟင်းရွက်တွေကို မီးဖိုချောင်ထဲသို့ သယ်သွားတော့သည်။ 


မကြာခင်မှာပင် ချန်ချီရဲ့ဇနီးလည်း မီးဖိုချောင်ဆီ ဝင်လာခဲ့သည်။ လုံးဝမမှောင်သေး၍ ဆီမီးမထွန်းသေးဘဲ ညစာပြင်ရန် သူ့အင်္ကျီလက်ကို ချက်ချင်းလိပ်တင်လိုက်ပေသည်။ 


ချန်ချီက သူ့ဇနီးအနားသို့ တဖြေးဖြေးရွေ့သွားပြီး လက်မောင်းဖြင့် ဖွဖွလေးတိုက်လျက် "အခြေအနေဘယ်လိုလဲ။ တစ်နေ့ခင်းလုံး အခန်းထဲမှာပဲလား" 


ဤအကြောင်းကြားသည်နှင့် ချန်ချီရဲ့ဇနီးမှာ ဒေါသထွက်လွန်း၍ လက်တစ်ဖက်နှင့် သူ့နားရွက်ကိုဆွဲလိုက်၏! 


"အား! အား! နာတယ်! တောင်းပန်ပါတယ်! ကိုယ်တောင်းပန်ပါတယ်ကွာ!" 


သူ့နားရွက်ဆီမှ နာကျင်မှုကို တောင့်ခံနေရင်း ချန်ချီသည် အသနားခံ၍ ထပ်ခါထပ်ခါတောင်းပန်နေလိုက်၏။ 


နောက်ဆုံးတော့ သူ့ဇနီးက လက်လွှတ်ပေးလိုက်ပြီး နားရွက်ပွတ်နေဆဲ သူ့ခင်ပွန်းကို ကြည့်လျက် "ရိုးရိုးသားသားပြောစမ်းပါ! အမေတောင် ညီလေးရဲ့လက်ထပ်ဖို့ကိစ္စကို မလောသေးတာ၊ ဒါပေမယ့် အစ်ကိုကြီးဖြစ်တဲ့ ခင်ဗျားက အတော်လေးစိတ်မရှည်ဖြစ်နေတာပဲ! ညီလေး ဒီလောက်ငိုတာကို ခင်ဗျားတွေ့ဖူးလို့လား။ အခုတော့ သူ့ရဲ့မျက်လုံးလေးတွေ ယောင်တောင်ယောင်နေပြီ!" 


"ကိုယ်တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်ကွာ! နောက်တခါ အဲ့လိုမျိုးတွေထပ်မပြောတော့ပါဘူး!" 


ချန်ချီလည်း နောင်တအပြည့်ပင်။ သူ့ပါးစပ်သူမထိန်းနိုင်ဘဲ စိတ်ထဲပေါ်လာသမျှ အကုန်ပြောမိတာ။ အခုတော့... (သက်ပြင်းချလျက်) 


ချန်ချီရဲ့ဇနီးလည်း သူ့ခင်ပွန်း၏နောင်တရနေသည့်အမူအရာကိုကြည့်၍ သက်ပြင်းချမိသည်။ သူ့ခင်ပွန်းက နေရာတိုင်းမှာတော်ပေမယ့် တခြားသူတွေရဲ့ခံစားချက်ကိုမတွေးဘဲ စကားပြောတတ်သည့်အကျင့်ကလွဲလို့ပေါ့။ သူက အမြဲတမ်းမတွေးဘဲပြောချတတ်တာ! 


"အိမ်ထောင်မပြုရသေးတဲ့ညီလေးက သူအခုထိ အိမ်ထောင်ပြုဖို့ ဘာလို့များမပြင်ဆင်ရသေးလဲလို့သူ့အစ်ကိုကြီးမေးတာကြားတော့ သူ့ကိုအဝေးကိုမောင်းထုတ်ချင်နေတာလို့ထင်မှာလေ။ သူ ဘယ်လောက်တောင် ဝမ်းနည်းသွားရမလဲ။ ခင်ဗျားပါးစပ်ကတော့ တကယ်ပါပဲ...!" 


ချန်ချီသည် သူ့ဇနီးလေးဆူပူနေတာကို ခေါင်းညိတ်ထောက်ခံနေ၏။ သူ့အမှားတွေပဲ! သူ့အမှားတွေပဲ! 


"တကယ်လို့...ကျုပ်တို့မှာ ကလေးရှိရင်..." 


ချန်ချီသည် ထိုစကားတွေကြားသည်နှင့် ချက်ချင်းစကားဖြတ်လိုက်ပြီး သူ့ကိုယ်သူအပြစ်တင်နေသောဇနီးသည်ကို တင်းတင်းဖက်ထားလိုက်၏။ "ကိုယ်တို့မှာရှိလာမှာပါ။ သူလေးက အဆော့မက်လွန်းပြီး လာတာနောက်ကျနေလို့ဖြစ်မှာ!" 


ဒီလိုကိစ္စမျိုးမှာ အလျင်လို၍မရနိုင်ပေ။ သူတို့လက်ထပ်ထားပြီး မကြာသေးခင်တုန်းက သူလည်း ကလေးကိုမျှော်လင့်ခဲ့ပါသည်။ သို့သော် နှစ်တွေကြာလာသည့်နောက် သူ့ဇနီးကို သူ့ကိုယ်သူအပြစ်မတင်စေချင်ဘူး။ ဒီကိစ္စကြောင့်လည်း ဝမ်းမနည်းစေချင်ဘူး။ သူတို့နှစ်ယောက်ကြားက ကိစ္စဖြစ်၍ သူ့ဇနီးတစ်ယောက်တည်း ခေါင်းခံရမှာကို ခွင့်မပြုနိုင်ပါဘူး။ 


"ဟုတ်ပါပြီ ဟုတ်ပါပြီ! ကျုပ်ထပ်မပြောတော့ပါဘူး။ နောက်မှ ညီလေးကို သေချာတောင်းပန်လိုက်ဦးနော်! သွားတော့ မီးမွှေးပြီး ထမင်းချက်တော့!" 


လီမိသားစုဝင်များလည်း အိမ်ပြန်ရောက်နေကြပြီ။ မိသားစုဝင်များက စောစောပြန်လာမယ်ဆိုတာကို လီရှောင်းအာသိ၍ စားပွဲပေါ်မှာ စားစရာတွေအဆင်သင့်ပင်။ 


လီလောင်စန်းရဲ့အမူအရာမှာ သိပ်မကောင်းပေ။ ယနေ့ သူ့သူငယ်ချင်းကောင်းတော်တော်များများက သူ့ကိုဆွဲခေါ်ကာ ဒုတိယအစ်ကိုကို မိသားစုခွဲစေပြီး တပြားမှမပေးလိုက်ဘဲ ဘယ်လိုမောင်းထုတ်လိုက်လဲဆိုသည်ကို မေးမြန်းကြသည်! 


"ပညာတတ်တဲ့သူတွေက မတူဘူးပဲ။ ငါတို့ကိုလည်း သင်ပေးပါဦးကွာ။ ငါ့ညီအငယ်ဆုံးလေးနဲ့ပတ်သက်ပြီး အဆင်မပြေတာ တော်တော်ကြာနေပြီကွာ!" 


"ဟုတ်တယ် ဟုတ်တယ် လီလောင်စန်းရေ မင်းဘာမင်း သိမ်းထားလို့မရဘူးနော်!"  


"မင်းတို့ဘာတွေပြောနေတာလဲကွ! လီလောင်စန်းက ပညာတတ်တစ်ယောက်လေ။ သူ့ကတိကို သူဘာလို့ဖျက်မှာလဲ! ငါတို့ကို သင်ပေးမှာ အသေအချာပဲကွ! ဘာလို့လောနေတာတုန်း!" 


"ဟုတ်တာပေါ့ ဟုတ်တာပေါ့ ဟားဟားဟား!" 


မှုန်ကုပ်ကုပ်အမူအရာဖြင့် လီလောင်စန်းလည်း အချိန်အကြာကြီးရှင်းပြပေမယ့် ဘယ်သူမှ သူ့ကိုမယုံကြချေ။ သူက တစ်ခုခုကိုကွယ်ဝှက်ထားတယ်လို့တောင် စောင်းမြောင်းပြောကြသေးသည်။ 


နောက်ဆုံးမှာတော့ သူမခံနိုင်တော့ဘဲ ဒေါသပေါက်ကွဲ၍ အားလုံးကိုထားခဲ့ပြီး ထွက်လာခဲ့လိုက်သည်။ ယုတ္တိမတန်လိုက်ကြတာများ! တကယ့်ကိုမလျော်ကန်ကြတာပဲ!! 


"လောင်စန်းက နေမကောင်းဘူးလား" 


လီချန်ဖုန်းက ဂရုစိုက်သည့်လေသံဖြင့် လီလောင်စန်းကို မေးလိုက်သည်။ သူ့ခေါင်းကိုလှည့်လိုက်တော့ ဒုတိယအစ်ကိုရဲ့ စိုးရိမ်အကြည့်တွေကို မြင်လိုက်ရသည်။ 


"ဘာမှမဖြစ်ပါဘူး။ မကြာသေးခင်က ရုတ်တရက် ရာသီဥတုအေးလာလို့နေမှာ၊ ကျွန်တော် အအေးမိတာဖြစ်မယ်!" လီလောင်စန်း အားတင်းထုတ်ပြောလိုက်သည်။ 


"ဒါဆို မင်းကိုယ်မင်း ဂရုစိုက်ဖို့လိုနေပြီ။ အအေးမိတာက မကောင်းဘူးလေ!" အမေလီသည် လီချန်ဖုန်းရဲ့စကားတွေကိုကြားတော့မှ လီလောင်စန်းရဲ့အသားအရေမှာ အလွန်ဖျော့တော့နေသည်ကို သတိထားမိသွား၏။ 


"လောင်စန်း ဒီရက်ပိုင်း နားနားနေနေနေလိုက်။ မင်းကျန်းမာရေးက အ​ရေးကြီးတယ်!" အစ်ကိုကြီးလီကလည်း လီလောင်စန်းက တကယ့်ဖျားနေတာလို့ ခံစားလိုက်ရသည်။ သူ့မျက်နှာကိုကြည့်လိုက်ပါလား အရမ်းကောင်းမနေဘူးလေ! 


အကြီးဆုံးချွေးမက သူ့ကလေးနှစ်ယောက်ကို ထမင်းကျွေးနေရင်း မပျော်သလိုခံစားရသည်။ လီလောင်စန်းက သူ့အလုပ်တွေမှာ အမြဲနှေးကွေးနေတာ၊ အခုတော့ အနားယူဦးမယ်ပေါ့လေ! 


"စောစောက ကျုပ်ကိုဘာလို့မပြောတာလဲ။ ဒီမှာ နွေးသွားအောင်လို့ စွပ်ပြုတ်လေးသောက်လိုက်ဦး!" ဝမ်လိလည်း တကယ်နေမကောင်းဘူးဟုထင်၍ လီလောင်စန်းအတွက် စွပ်ပြုတ်တစ်ပန်းကန် မြန်မြန်ခပ်ထည့်ပေးလိုက်သည်။ 


လီချန်ဖုန်းသည် သူ့ပန်းကန်ထဲက ကြက်ဥကြော်နည်းနည်းကိုတောင် လီလောင်စန်းပန်းကန်ထဲထည့်ပေးလိုက်၏။ မိသားစုဝင်တွေရဲ့ကိုယ်ခန္ဓာကို အားဖြည့်စေရန် အမေလီ၏ခွင့်ပြုချက်နှင့် လီရှောင်းအာကြော်ထားသော ကြက်ဥ၈လုံးပင်။ နွေဦးကောက်စိုက်ရာသီမှာ အလွန်အလုပ်များသည့်အတွက် သူတို့အားလုံး သန်မာဖို့လိုအပ်သည်လေ! 


လီလောင်စန်းမှာ သူ့ပန်းကန်ထဲက လီချန်ဖုန်းထည့်ပေးလိုက်တဲ့ကြက်ဥကိုကြည့်ရင်း အပြစ်ရှိသလိုခံစားရ၏။ သူ့ရဲ့ဒုတိယအစ်ကိုအကြောင်း အဲ့လိုအတွေးတွေ ဘာလို့များရှိခဲ့ရတာလဲ။ ရွာမှာ ကောလဟာလလိုက်ဖြန့်နေတဲ့ အဲ့ဒီအတင်းပြောတဲ့သူတွေကြောင့်ပဲ ဖြစ်ရမယ်! 


*** 


ရွှီချင်း သူ့နေရာလွတ်ထဲမှ ဆေးပင်များနှင့် မျိုးစေ့များကို စစ်ဆေးလိုက်သည်။ ဆေးပင်တွေက ကြီးထွားလာတာမြန်သလို မျိုးစေ့လေးတွေလည်း အပင်ပေါက်လာကြပြီ။ ရွှီချင်းလည်း အလွန်ပျော်ရွှင်သွားရ၏! 


နေရာလွတ်မှထွက်လာပြီးနောက် ရွှီချင်း ရေရောထားသော ဝိဥာဥ်စမ်းရေနှင့် မျက်နှာသစ်လိုက်ကာ "ဒီတစ်ခေါက်မျက်နှာသစ်ပြီးရင်တော့ နောက်တစ်ခါထပ်သစ်လို့မရတော့ဘူး၊ မဟုတ်ရင် အရမ်းမြန်မြန်ပျောက်ကုန်လိမ့်မယ်!" သူ့မျက်နှာကို ဝိဥာဥ်စမ်းရေနှင့် ထပ်မသစ်တော့ရင်တောင် မင်္ဂလာပွဲမတိုင်ခင် ကောင်းသွားတော့မှာပဲ။ 


ထိုညမှာ မိုးသည်းကြီးမည်းကြီးရွာသွန်းလေသည်။ မိုးစက်သံများက ကလေးချော့တေးသဖွယ်။ သို့သော် ရွှီချင်းသည် မိုးရွာနေတာကို လုံးဝသတိမပြုမိခဲ့။ သူက ပိုးတုံးလုံးလေးသဖွယ် စောင်ကိုပတ်လျက် အိပ်ကောင်းနေခဲ့သည်။ 


သို့ရာတွင် လီချန်ဖုန်းကတော့ ဒီရက်အနည်းငယ်တွင်း အိပ်မပျော်နိုင်ချေ။ လက်မထပ်ရသေးဘဲ ဖြတ်သန်းရတဲ့နေ့ရက်တိုင်းမှာ သူမတည်ငြိမ်နိုင်တော့ဘူး။ စျေးထဲမှာ ရွှီချင်းနှင့် ဘလိုင်းဒိတ်လုပ်ပြီးကတည်းက သူနဲ့ထပ်မတွေ့ရတော့သလို သူဘာလုပ်နေလဲဆိုတာလည်းမသိရဘူး။ ရွှီချင်းလိုကောငယ်ငယ်လေးက အဲ့လိုနုနယ်အားနည်းတဲ့ကိုယ်လေးနဲ့ ထင်းခွဲတာ၊ လယ်စိုက်တာတွေကို ဘယ်လိုလုပ်နိုင်ပါ့မလဲ၊ ပြီးတော့.... 


ထိုကဲ့သို့အားနည်းလှသည့်ခန္ဓာကိုယ်နှင့် ရွှီချင်းဘယ်လိုနေသလဲဆိုတာ သူစိတ်ကူးကြည့်လို့မရနိုင်ပေ။ သူပိုတွေးလေလေ သူ့နှလုံးသားလေးမှာ ပိုနာကျင်လာရသည်။ ရွှီချင်းရဲ့ခန္ဓာကိုယ်မှာ ရှောင်းအာနဲ့တူတူလောက်ပင်။ ပြီးတော့ သူတစ်ယောက်တည်း အခက်အခဲတွေကို ဘယ်လောက်တောင်တောင့်ခံခဲ့ရမလဲ! ဘယ်လောက်တောင် နာကျင်ခံစားခဲ့ရမလဲ! 


သူ ရွှီချင်းကို တိတ်တိတ်လေးသွားတွေ့ချင်ပေမယ့် မလုပ်နိုင်ချေ။ ထုံးတမ်းအစဥ်လာအရ စုံတွဲတွေထဲမှ တစ်ယောက်က မင်္ဂလာရက်သတ်မှတ်ပြီးနောက် ခွင့်ပြုချက်မရှိဘဲ တဖက်လူကို သွားတွေ့ခဲ့လျှင် ဤလက်ထပ်ပွဲမှာ မစင်ကြယ်တော့ဘူးဟုဆိုလိုသည်။ သူက ထိုအချက်တွေကို မယုံကြည်သော်လည်း သူကြောက်မိသည်။ ရွှီချင်းဟာ သူ့ကျန်ဘဝတစ်လျှောက်လုံး ချစ်ခင်မြတ်နိုးတန်ဖိုးထားချင်တဲ့သူဖြစ်သောကြောင့်ပင်! 


ချန်ဟုန်သည်လည်း အိပ်မပျော်နိုင်။ ယနေ့တစ်နေ့ခင်းလုံး ငိုနေခဲ့ပြီး လီချန်ဖုန်းအ​ပေါ်ထားရှိသော သူရဲ့မျိုသိပ်ထားရသည့်ခံစားချက်တွေအားလုံးကို ဖွင့်ထုတ်မိသွား၏။ 


သူ့မျက်လုံးတွေမှာ ကြောက်စရာကောင်းအောင်ယောင်ယမ်းနေခဲ့သော်လည်း လွမ်းဆွေးနေတဲ့အလှလေးဖြစ်နေသေးသည်ပင်။ သူနားလည်တတ်စအရွယ်ကတည်းက လီချန်ဖုန်းကို ချစ်မိသွားခဲ့တာဖြစ်သည်။ 


လီချန်ဖုန်းက ချောမောတဲ့ရုပ်ရည်ရှိပြီး စကားအများကြီးမပြောတတ်ပေမယ့်လည်း ချန်ဟုန်မှာ စိတ်လုံခြုံမှုရခဲ့သည်။ သူ့အရှေ့မှာ ချန်ချီ၏သောင်းကျန်းတတ်သောစရိုက်ကြောင့်လည်း ဖြစ်နိုင်ပေသည်။ (T/N: သူ့အစ်ကို အယွဆိုတော့လေ၊ ချန်ဖုန်းက တည်ငြိမ်သူဆိုတော့ သူ့နားနေရင် အလိုလိုလုံခြုံသလို ခံစားရတယ်ပြောတာပါနော်။ မရှင်းမှာစိုးလို့ ဟီး 😁) ချန်ဟုန်နှလုံးသားထဲတွင် လီချန်ဖုန်းသည် သူလေးစားရသော၊ လိုချင်တပ်မက်ရသော အမျိုးသားဖြစ်လာခဲ့လေသည်။ 


လီချန်ဖုန်းနှင့် ချန်ချီတို့ဟာ ညီအစ်ကိုကောင်းများဖြစ်ကြ၍ လီချန်ဖုန်းလည်း ချန်ချီအိမ်ကို မကြာခဏလာလည်တတ်သဖြင့် လီချန်ဖုန်းကိုတွေ့ရန် ချန်ဟုန်မှာ အခွင့်အရေးပိုရခဲ့သည်။ မသိလိုက်စွာဖြင့် သူကြီးပျင်းလာခဲ့ပြီး လီချန်ဖုန်းအပေါ် ခံစားချက်တွေတိုးလာခဲ့သည်! 


သို့ရာတွင် ချန်ဟုန်မှာ သူ့အတွင်းစိတ်ကို လုံးဝထုတ်မပြနိုင်ခဲ့ပေ။ လွန်ခဲ့သောငါးနှစ်က လီချန်ဖုန်းသည် ဝမ်မိသားစု၏သားနှင့် စေ့စပ်ထားခဲ့၏။ ထိုအချိန်တွင် ချန်ဟုန်က ဆယ်နှစ်သားအရွယ်ပဲရှိသေးသည်။ သူ့ရဲ့ ချစ်ရသောအစ်ကိုကြီးကို လုယူသွားသလိုခံစားရပြီး မလိုလားခဲ့ချေ။ ထို့ကြောင့် သူက အရာရာတိုင်းမှာ ထူးချွန်အောင် ကြိုးစားခဲ့ပြီး ရွာရှိ ကောတွေအားလုံးကို ဖိနှိပ်ထားခဲ့ခြင်းပင်! 


သူအောင်မြင်ခဲ့ပါသည်။ ပန်းထိုးအတတ်ရော၊ ရုပ်ရည်အသွင်အပြင်ပါ ရွာထဲမှာ သူက အကောင်းဆုံးပါပဲ! ဝမ်မိသားစုရဲ့သားက လီလောင်စန်းကို လက်ထပ်လိုက်သည့်အခါ သူကျေနပ်ပီတိဖြစ်သွားခဲ့ရာ သူ့ကိုယ်သူတောင်မယုံနိုင်ခဲ့ဘူး။ ဤနည်းဖြင့် လီချန်ဖုန်း တစ်ကိုယ်တည်းပြန်ဖြစ်သွားသည်ကို သိခဲ့ပေသည်။ 


သို့ရာတွင် ဒီတစ်ကြိမ်မှာ လီချန်ဖုန်း ရွာကိုပြန်ရောက်လာသည့်အခါ ချန်ဟုန်အိမ်ကိုမလာတော့ပေ။ သူ့နောက်လိုက်နေကျ ကလေးလေးက အခုဘယ်လိုကြီးပျင်းလာသလဲဆိုတာကိုပြရန် လီချန်ဖုန်းကို တွေ့ချင်ခဲ့သည်။ လီချန်ဖုန်းရဲ့မျက်လုံးထဲမှာ သူ့အပေါ် စွဲလမ်းခြင်းနှင့် လေးစားသဘောကျခြင်းကို မြင်ချင်မိသည်။ သူရူးသွားတော့မလိုပင်! 


သို့ပေမယ့် သူကြားလိုက်ရတာကတော့ လီချန်ဖုန်းစေ့စပ်လိုက်ပြီတဲ့... လီချန်ဖုန်းက ယခုမစေ့စပ်ရင်တောင်မှ အစိုးရက စီစဥ်ပေးတဲ့လက်ထပ်ပွဲကို လက်ခံရမယ်ဆိုတာကို ချန်ဟုန်သိပေသည်။ ထို့ကြောင့် အခွင့်အရေးတစ်ခုရှာပြီး သူ့ခံစားချက်တွေကို လီချန်ဖုန်းကိုသိစေကာ သူ့ကိုဖွင့်ပြောလိုက်ဖို့ စဥ်းစားထားခဲ့တာလေ! 


သို့သော် အခုတော့ အချိန်နှောင်းသွားခဲ့ပြီ! နောက်ကျသွားခဲ့ပြီ! ချန်ဟုန် မျက်ရည်မကျနိုင်တော့တဲ့ သူ့မျက်လုံးတွေကို လက်ဖြင့်ကွယ်ထားခဲ့သည်။ သူ့နှလုံးသားကို ဓားတစ်ချောင်းစိုက်သွားသကဲ့သို့ နာကျင်နေခဲ့ပြီ။ သူလက်မခံနိုင်ဘူး! လက်မခံနိုင်ဘူး! 


အပြင်ဘက်၌ မိုးရွာသည့်အသံမှာ တဖြည်းဖြည်းကျယ်လာသလို သူ့နှလုံးသားမှာလည်း ပို၍လေးလံလာသလိုပင်... 


*** 


အနှီရက်အနည်းငယ်အတွင်းမှာ ရွှီချင်းရူးတော့မလိုပင်!! အောင်သွယ်တော်ဟွမ်လာသွားသည့်ထိုရက်မှစ၍ ပို၍များပြားလှသည့်အောင်သွယ်တော်တွေ နေ့တိုင်းလာနေကြသည်။ လူတွေရဲ့စကားတွေကို တကယ်ပဲ လျှော့တွက်လို့မရဘူးပဲကွာ! 


"မာမိသားစုက ရွာမှာ အပြာရောင်အုတ်အိမ်ကြီးတွေထဲက တစ်အိမ်နော်! သူတို့မိသားစုကို မင်းလက်ထပ်လိုက်ရင် အစားအသောက်နဲ့ အဝတ်အထည်တွေအတွက် ပူပန်နေစရာမလိုတော့ဘူးပေါ့!" 

- ကျေးဇူးပဲ! အနာဂတ်မှာ သူကိုယ်ပိုင်အပြာရောင်အုတ်အိမ်ကြီးဆောက်လိုက်ပါ့မယ်!! 


"ဝမ်မိသားစုက နှစ်တိုင်း စပါးတွေပိုလျှံတာနော်!!" 

- ကျေးဇူးပဲ! သူက ဇူဇကာပုဏ္ဏားဖြစ်ရင်တောင်မှ သူ့ကိုယ်ပိုင်အစားအစာကို သူ့ဘာသူစိုက်နိုင်တယ်နော်!! 


"ချန်မိသားစုရဲ့အကြီးဆုံးသားက အရမ်းသန်မာပြီးတော့ ကျန်းမာတယ်ကွယ်!" 

- ကျေးဇူးပဲ! သူ့မိသားစု လီချန်ဖုန်းကလည်း အရမ်းသန်မာပြီး ကျန်းမာပါတယ်နော်၊ ပြီးတော့ သူ့အကြိုက်နဲ့ကွက်တိပဲလေ!! 


"မော့မိသားစုမှာလည်း သားတစ်ယောက်ပဲရှိတာလေ! အဲ့ဒီမိသားစုဆီ လက်ထပ်လိုက်ရင် စည်းစိမ်တွေအားလုံး မင်းဟာတွေပဲပေါ့!"

- ကျေးဇူးပဲ! ဒါပေမယ့် ကျွန်တော်က အမြဲကိုယ့်အားကိုယ်ကိုးတာပါ!! 


!!!!!!!!! 


သနားကြင်နာခြင်းမရှိဘဲ ရွှီချင်းသည် အောင်သွယ်အားလုံးကို မောင်းထုတ်ပစ်လိုက်သည်။ သူစိတ်တည်ငြိမ်အောင်လို့ ရေခွက်ကြီးတစ်ခွက်သောက်လိုက်ရသည်။ ဒီအောင်သွယ်တော်တွေက အရမ်းဇွဲကြီးကြတာပဲကွာ!! 


"ဒေါက် ဒေါက် ဒေါက်!" 


ရွှီချင်း လှုပ်ပင်မလှုပ်ချင်တော့ပေ။ 


"ဘယ်သူလဲ" 


"အဒေါ်ပါ အဒေါ်ရှဲ့လေ!" 


ရွှီချင်းက ရင်းနှီးနေသည့်အသံကို ကြားလိုက်သည်နှင့် အဒေါ်ရှဲ့အတွက် မျက်ရည်ကျလုမတတ် ခြံတံခါးသွားဖွင့်ပေးလိုက်သည်။ 


"မင်းကိုကြည့်စမ်းပါဦး! ရက်အနည်းငယ်လေးပဲ ကျုပ်ဒီမှာမရှိတာနဲ့ ဒီလိုဖြစ်သွားတယ်ပေါ့" 


ဒီရက်အတောအတွင်းမှာ အဒေါ်ရှဲ့ မြို့ထဲက ယောက္ခမအိမ်သို့သွားနေပြီး ယနေ့မှ ပြန်ရောက်တာဖြစ်သည်။ 


"အဒေါ်မသိပါဘူး။ အောင်သွယ်တော်တွေတစ်သုတ်ပြီးတစ်သုတ် ကျွန်တော့်ခြံဝင်းဆီ လာနေကြတာ! ကျွန်တော်လည်း သူတို့ကို ဘယ်လိုမှတားလို့မရဘူး! ဝက်စာမြက်ဖြတ်ဖို့ အပြင်ထွက်ရင်တောင် လူတွေက စောင့်နေကြတာဗျာ!" 


ရွှီချင်းသည် အဒေါ်ရှဲ့အား သူ့၏မကျေနပ်ချက်တွေကို ခါးခါးသီးသီး တိုင်တောနေတော့သည်။ ဒီလူတစ်စု​က သူ့ကိုဒုက္ခပေးနေကြတာ! တစ်ယောက်ယောက်က သူ့ကိုလက်ထပ်ဖို့ လာဆွယ်နေတယ်လို့တောင် ညတိုင်းအိပ်မက်မက်လိုက်သေးတယ်! 


အဒေါ်ရှဲ့လည်း မျက်မှောင်ကြုတ်သွားရ၏။ အကယ်၍ သူနှင့်သူ့ပါတနာက ဝေးဝေးရောက်မနေခဲ့ရင် ရွှီချင်းကို ဒီလိုမျိုးဗျာများနေရအောင် ဒီလူတွေကို လုပ်ခွင့်ပြုမှာမဟုတ်ဘူး။ "အိုး ချင်းကောအာရေ မင်းရဲ့မျက်နှာက!!!" 


ရွှီချင်းသည် သူ့၏ချောမွေ့နူးညံ့နေတဲ့ပါးပြင်လေးကို ထိလိုက်ရင်း "အခုပိုကောင်းလာပြီ ဟုတ်တယ်မလား!" သူ့မျက်နှာက ဒီရက်အနည်းငယ်အတွင်းမှာ ပိုကောင်းလာ၍ လက်ထပ်ခွင့်လာတောင်းသူတွေလည်း ပိုများလာတာပဲ! အဲ့ဒီနေ့တုန်းက မျက်နှာသစ်ဖို့ ဝိဥာဥ်စမ်းရေမသုံးလိုက်သင့်ဘူးပဲ! 


ရွှီချင်းမျက်နှာပေါ်က အနီစက်တွေအားလုံးမရှိတော့၍ အသားဖြူဖြူ၊ နှုတ်ခမ်းရဲရဲလေးနှင့် တောက်ပနေသော မဟူရာမျက်လုံးအစုံတို့ဖြင့် တင့်တယ်နေ၏။ သူ့ရဲ့သေးသွယ်တဲ့ပုံသဏ္ဍာန်ကြောင့် သူကချစ်စရာပိုကောင်းပြီး ပိုနူးညံ့နေပုံပေါက်သည်။ အဒေါ်ရှဲ့တွေ့ဖူးသမျှထဲမှ ဆွဲဆောင်မှုအရှိဆုံးသူမဟုတ်ပေမယ့် သူကတော့ တက်ကြွမှုအပြည့်ပင်။ 


"ကောင်းတယ်! ကောင်းလိုက်တာ!" 


"အား အဒေါ်ရှဲ့ အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ဗျာ!" အဒေါ်ရှဲ့ငိုတော့မည်ကိုတွေ့၍ သူ့ကိုစိတ်ငြိမ်စေအောင် အမြန်လုပ်ရတော့သည်။ 


အဒေါ်ရှဲ့က သူ့ရဲ့ စိတ်တည်ငြိမ်မှုကို ပြန်ရလာပေမယ့် ရွှီချင်းရဲ့မျက်နှာကို ငေးကြည့်နေဆဲပင်။ "မနက်ဖြန်မနက်ကျရင် အဒေါ်ဝေ့ရယ်၊ အဒေါ်လျိုရယ် ပြီးတော့ ကျုပ်လည်း အဆင်သင့်ဖြစ်အောင်လာကူပေးမယ်။ အဒေါ်ရှဲ့က မနက်ဖြန်မနက်မှာ ဟင်းရွက်တွေယူလာပေးမယ်နော်။ ဒီတော့ ညဘက်ကောင်းကောင်းအိပ်လိုက်!" 


ရွှီချင်းနှင့် လီချန်ဖုန်းတို့ လက်ထပ်မည့်နေ့မှာ မနက်ဖြန်ပင်။ 


"ကျုပ် ရွာလူကြီးကိုပြောပြီးသား။ ပြီးတော့ မနက်ဖြန် သူလာလာမလာလာ ဘာမှတွေးမနေနဲ့နော်။ မနက်ဖြန်က ရွာမှာ လက်ထပ်ကြတဲ့သူတွေ တော်တော်များလို့ သူရေတစ်စက်သောက်ဖို့တောင်အားမှာမဟုတ်ဘူးလေ!" 


"ဟုတ်ပါပြီ အဒေါ်ရှဲ့ရယ်။ အဒေါ်က အားလုံးကို စီစဥ်ထားပြီးပြီပဲ!" ဒီရက်ပိုင်းမှာ အောင်သွယ်တော်တွေကြောင့် သူစိတ်ရှုပ်နေရတာ၊ အဲ့ဒီကိစ္စကို မေ့တောင်နေပြီ။ 


"အိုး ပြီးတော့..." 


အဒေါ်ရှဲ့လည်း မျက်နှာခပ်ရဲရဲဖြင့် စာအုပ်လေးတစ်အုပ်ကို ရွှီချင်းလက်ထဲ ထိုးထည့်လိုက်ရင်း "ညကျရင် တစ်ချက်ကြည့်ကြည့်ဦး!" 


ရွှီချင်းရဲ့တုံ့ပြန်ပုံကိုတောင်မစောင့်တော့ဘဲ အဒေါ်ရှဲ့သည် မြန်မြန်ထွက်သွားခဲ့သည်။ "ဒီည စောစောနားတော့!" 


"ကျွန်တော်သိပါပြီ! နှုတ်ဆက်ပါတယ် အဒေါ်ရှဲ့!" 


ရွှီချင်း သူ့အခန်းသို့ရောက်သည့်အခါ အဒေါ်ရှဲ့ပေးလိုက်တဲ့စာအုပ်လေးကို လှန်ကြည့်လိုက်ရာ တစ်ချက်ကြည့်ရုံလေးနဲ့ ရှက်သွေးဖြာသွားရပြီး ဗီရိုထဲထိုးထည့်လိုက်၏။ သူ့ကိုယ်သူ စောင်နှင့်ထုပ်၍ အိပ်ဖို့ပြင်လိုက်တော့သည်။ 


ခဏအကြာတွင် လက်တစ်ဖက်က ဗီရိုဆီအမြန်ရောက်သွားပြီး စာအုပ်လေးကိုယူလိုက်လေသည်! 


*** 


လီချန်ဖုန်းကိုလည်း အစ်ကိုကြီးနှင့် လီလောင်စန်းက ဝန်းရံထား၍ "ဟေး ဒုတိယညီလေး ဒီမှာ၊ ကောင်းကောင်းသင်ယူဦး!" 


လီချန်ဖုန်းလည်း စိတ်ရှုပ်သွားရပြီး "ကျွန်တော် မဖတ်တတ်ဘူးလေ။ စာအုပ်ကို ဘာလို့ကြည့်ရမှာလဲ" 


လီလောင်စန်းက ရယ်လျက် "ရပါတယ်။ စာလုံးတွေပါတဲ့ စာအုပ်မဟုတ်ဘူး၊ စာလုံးတွေမပါဘူး၊ ဟားဟား!" 


"လာပါ သွားကြစို့! ညီလေးရေ ကောင်းကောင်းသင်ယူလိုက်ဦး! ဟားဟား!" 


အစ်ကိုကြီးနှင့် လီလောင်စန်းတို့က စာအုပ်ကို လီချန်ဖုန်းဆီပေးလိုက်ပြီး ထွက်ပြေးသွားကြ၏။ 


လီချန်ဖုန်းလည်း သိချင်စိတ်နှင့် စာအုပ်လေးကို ဖွင့်ကြည့်လိုက်သည်။ သူ့မျက်နှာလည်း တဖြည်းဖြည်းနီရဲလာခဲ့ပြီး ခဏအကြာမှာတော့ သူ့မျက်လုံးတွေက တလက်လက်တောက်ပလာ၏။ နောက်ဆုံးတွင် မျက်နှာထားတည်တည်နှင့် ပုံမှန်နှလုံးခုန်သံဖြင့် အိပ်ရာမှာလှဲလျက် စာအုပ်ကိုကိုင်ထားရင်း ဂရုတစိုက် စတင်လေ့လာသင်ယူတော့သည်။ 


Me: မင်ဂါဆောင်ကြတော့မယ်ဟေ့ 😁😁 

xxx