Chapter-22
"ဟင်း..." (သက်ပြင်းချသံ)
ချန်ချီက အားမလိုအားမရစွာ သက်ပြင်းချလိုက်ရင်း အိပ်ရာပေါ်လှဲလိုက်သည်။ သူ့စကားတွေကြောင့် ရှောင်ဟုန်ငိုသွားတဲ့နေ့ကတည်းက ဒီနေ့အထိ စိတ်ဓာတ်ကျနေဆဲ။ သူဘယ်လောက်ပဲတောင်းပန်နေပါစေ၊ သို့မဟုတ် သူ့ကိုဘယ်လိုပဲပျော်အောင်လုပ်ပေးနေနေ၊ အလုပ်မဖြစ်ချေ။ စိတ်အပူပန်ရဆုံးအရာကတော့ ဒီနေ့ခင်းတုန်းက ရှောင်ဟုန်မှာ အဖျားအနည်းငယ်ရှိနေ၏။ ကံကောင်းစွာဖြင့် သူတို့အိမ်နှင့် သိပ်မဝေးသောနေရာတွင် သမားတော်ရှိနေ၍သာ မဟုတ်ပါက...
"ခင်ဗျားအခုထိမအိပ်သေးဘူးလား။ မနက်ဖြန် လီချန်ဖုန်းကို လိုက်ပို့ပေးရမယ်လေ!"
ချန်ချီရဲ့ဇနီးမှာ သူ့ရဲ့သက်ပြင်းချသံကြား၍ ကူကယ်ရာမဲ့စွာ တိုက်တွန်းလိုက်၏။
ချန်ချီလည်း ကိုယ်ကိုလှည့်လျက် သူ့ဇနီးလေးရဲ့ကိုယ်နွေးနွေးလေးကို ဖက်လိုက်ရင်း "ရှောင်ဟုန်အကြောင်းစဥ်းစားနေတာပါကွာ။ ဒီနေ့လည်က သူအဖျားတွေတက်နေတာ။ ဘာလို့ ဒီလောက်ပြင်းထန်သွားရတာလဲလို့!"
သူ့ဇနီးလေးက ချန်ချီရဲ့ပွေ့ဖက်မှုမှာ တိုးဝှေ့ပူးကပ်နေရင်း ပြောလာ၏။ "ကျုပ်ရောပဲ ထူးဆန်းနေတာ။ ညီလေးက ခင်ဗျားကြောင့်မဟုတ်ပါဘူးလို့ အမြဲပြောပြောနေလို့၊ ဒါပေမယ့် သူ့ကျန်းမာရေးကလည်း ဆိုးရွားလာသေးတယ်။ ဒီရက်ပိုင်းလည်း အစားနည်းနေပြန်ရော!"
အမေချန်နှင့် အဖေချန်လည်း အစက ကိစ္စကြီးတစ်ခုလို့ မထင်ထားခဲ့ကြ။ အဲ့ဒါက ညီလေးကိုစိတ်မသက်မသာဖြစ်စေသည့် အစ်ကိုကြီးဆီမှ အဓိပ္ပါယ်မရှိတဲ့စကားတစ်ချို့ဖြစ်ရုံသာ။ ဒီရက်အနည်းငယ်မှာ သူ့ကျန်းမာရေးက ပြန်ကောင်းလာရမည့်အစား ပိုဆိုးလာမယ်လို့ ဘယ်သူကထင်မိမှာလဲ! သူတို့လည်း ဘာကြောင့်လဲဆိုတာ မတွေးတတ်ကြတော့ဘူးလေ!
"ဒီရက်တွေထဲမှာ အိမ်ရဲ့လေထုက ထိုင်းမှိုင်းနေလိုက်တာ၊ ကိုယ်တို့အရင်ကရှိခဲ့တဲ့ သဟဇာတနွေးနွေးထွေးထွေးရှိတဲ့အခြေအနေလေးနဲ့ လုံးဝမတူတော့ဘူး..."
"အဲ့ဒါကကိုယ့်အပြစ်တွေပဲ။ အဲ့ဒီနေ့က အဲ့ဒီစကားတွေကို ကိုယ်မပြောခဲ့သင့်တာ!"
ချန်ချီရဲ့ဇနီးမှာ ခေါင်းခါလိုက်ပြီး "ကျုပ်ထင်တာတော့ ညီလေးက အရွယ်ရောက်လာလို့ဖြစ်မယ်။ တစ်ခုခုက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေနေတာမျိုးပေါ့"
ချန်ချီလည်း တုန်လှုပ်သွားလျက် သူ့ဇနီးကိုကြည့်လိုက်မိသည် "ဘာကိုဆိုလိုတာလဲ"
"အဲ့ဒါက ရှင်းပြရခက်တယ်။ ကျုပ်အထင်သက်သက်ပါပဲ။ ကျုပ်ပြောပြရင်တောင် ခင်ဗျားကနားမလည်ပါဘူး။ အခုတော့ မြန်မြန်အိပ်တော့! မနက်ဖြန်စောစောထရမယ်လေ!"
*
"ခင်ဗျားအိပ်သွားပြီလား"
အမေလီသည် သူ့ကိုကျောပေးအိပ်နေသော အဖေလီကို တံတောင်ဖြင့်တွတ်လိုက်၏။ သူတို့ရဲ့ဒုတိယသားက မနက်ဖြန်လက်ထပ်တော့မည်ကိုတွေးမိ၍ သူ့စိတ်လေးနေမိသည်။
အဖေလီလည်း ကိုယ်ကိုလှည့်၍ ပက်လက်အိပ်လိုက်ပြီး "မင်းမအိပ်သေးဘူးလား"
"ကျုပ်အိပ်မပျော်လို့။ ကျုပ်တို့ဒုတိယသားက မနက်ဖြန် သူများအိမ်ကသားမက်ဖြစ်တော့မှာကို တွေးနေမိတာ၊ ပြီးတော့ သူတို့ကိုတွေ့ဖို့ သူ့ဇနီးကိုခေါ်လာတဲ့အချိန်ထိ စောင့်ရဦးမယ်။ ကျင့်သားမရသေးဘူး!"
အကယ်၍ အကြီးဆုံးသားနှင့် တတိယသားလိုမျိုး တစ်ရွာထဲကကောကို လက်ထပ်ခဲ့ရင် သူပိုစိတ်ချရမှာပဲ။ အနည်းဆုံးတော့ ဘယ်သူ့သားနဲ့ လက်ထပ်လိုက်သလဲ၊ သူ့စရိုက်ကဘယ်လိုရှိလဲ၊ သူ့မိသားစုရဲ့အခြေအနေကဘယ်လိုလဲဆိုတာ သူသိနိုင်တာပေါ့။
"သူလက်ထပ်မယ့်သူက ရွာထဲကလား ဒါမှမဟုတ် အပြင်ကဖြစ်မလား၊ ခင်ဗျားဘယ်လိုထင်လဲ" အမေလီမေးလိုက်၏။ ရွာထဲကလူသာဆိုရင်တော့ သူပိုပြီးစိတ်အေးရမယ်လေ။
"ငါဘယ်လိုလုပ်သိမှာလဲကွာ!!
အမေလီက အဖေလီကို မကျေမနပ်ဖြင့် တွန်းထုတ်လိုက်ပြီး "အဲ့ဒါကြောင့် ခင်ဗျားကို ခန့်မှန်းခိုင်းနေတာပေါ့!"
"ခန့်မှန်းကြည့်ပြီးတော့ ဘာလုပ်လို့ရလို့လဲ! အိပ်တော့ကွာ။ မနက်ဖြန်ကျရင် ပွဲအတွက် စားပွဲတစ်ချို့ ပြင်ဆင်ရဦးမှာ! ငါတို့စောစောထဖို့လိုတယ်ကွာ!"
သားမက်မိသားစုဝင်တွေကလည်း ပွဲလုပ်ရပေမည်။ သို့သော် စားပွဲနည်းနည်းဆိုအဆင်ပြေ၏။ သူတို့က ရင်းနှီးတဲ့ဆွေမျိုးမိတ်ဆွေတစ်ချို့ကို ထမင်းစားဖို့ဖိတ်၍ သူတို့ကို သတင်းပေးရမည်ဖြစ်ပြီး ပွဲအခမ်းအနားကာလကိုဖော်ညွှန်းရန် အဝင်ဝ၌ ပိတ်စအနီကြီးကို ချိတ်ထားရမည်ဖြစ်သည်။ တစ်စုံတစ်ယောက်နဲ့ လက်ထပ်တာလောက်တော့ ဒုက္ခများမှာမဟုတ်ချေ။
နောက်နေ့မနက် မိုးမသောက်ခင်မှာပင် အဒေါ်ရှဲ့သည် အဒေါ်ဝေ့၊ အဒေါ်လျိုတို့နှင့် အတူရောက်လာကြပြီး ရွှီချင်းအိမ်တံခါးကို ခေါက်ချေပြီ။ ရွှီချင်းလည်း မျက်လုံးပင်မပွင့်သေးဘဲ ရုတ်ခြည်းထထိုင်၍ သူ့အင်္ကျီကိုဝတ်တော့မည့်အချိန်တွင် သူ့တင်ပါးအောက်မှာ တစ်ခုခုကိုဖိမိထားသဖြင့် အတော်လေးနာကျင်သွားရသည်။
"ဘာကြီးလဲ"
ရွှီချင်း တင်ပါးအောက်မှတရားခံကို ဆွဲထုတ်လိုက်ရာ တွေ့လိုက်သည်နှင့် သူ့လက်လောင်ကျွမ်းသွားသကဲ့သို့ အဝေးကို လွှတ်ပစ်လိုက်၏။ အဲ့ဒါက မနေ့ညက သူကြည့်ခဲ့တဲ့စာအုပ်လေးပဲ!
"ချင်းကောအာရေ ထတော့လေ။ တံခါးမြန်မြန်ဖွင့်ဦး!!"
"ငါတို့ရောက်နေပြီဟေ့!"
ရွှီချင်းလည်း အိပ်ရာပေါ်က အမြန်ခုန်ဆင်း၍ တံခါးဆီပြေးလိုက်ပေမယ့် အမြန်ပြန်လှည့်လာပြီး ကြမ်းပြင်ပေါ်က စာအုပ်လေးကို ဗီရိုအတွင်းသို့ မြန်မြန်ထိုးထည့်လိုက်၏။ ပြီးတော့မှသာ ခြံဝင်းတံခါးကို ကပျာကယာပြေးဖွင့်လိုက်သည်။
"အဒေါ်ရှဲ့၊ အဒေါ်ဝေ့၊ အဒေါ်လျို၊ မင်္ဂလာနံနက်ခင်းပါဗျာ!" ယဥ်ကျေးမှုရှိဖို့ အရေးကြီးတယ်ကွ!
"မင်္ဂလာနံနက်ခင်းပါ! အိုး ချင်းကောအာရဲ့မျက်နှာက တကယ်ပြန်ကောင်းသွားတာပဲ!" အဒေါ်ဝေ့၏ရိုးစင်းတဲ့အကျင့်မှာ ယခင်အတိုင်းပင်။
"အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်!" အဒေါ်လျိုကတော့ ရွှီချင်းကိုကြည့်ရင်း ကျေနပ်နေပုံရ၏။
"လာကြ၊ အဒေါ်လျိုနှင့်ကျုပ်က ချင်းကောအာကို ကူပြင်ဆင်ပေးလိုက်မယ်။ အဒေါ်ဝေ့က မီးဖိုချောင်သွားပြီး ရေနည်းနည်းတည်ထားပေးဦး။ မင်းတစ်ခုခုလိုရင် ကျုပ်တို့ကိုပြောပေါ့။ ကျုပ်ခင်ပွန်းက မကြာခင် ဟင်းဟင်းသီးရွက်တွေယူလာလိမ့်မယ်!" အဒေါ်ရှဲ့သည် တက်တက်ကြွကြွဖြင့် တာဝန်ခွဲဝေပြီးနောက် သားသတ်သမားလျိုဆီလှည့်၍ ပြောလိုက်၏။ "သားသတ်သမားလျိုရေ ခြံဝင်းအတွင်းအပြင်မှာ ပျော်ရွှင်မှုစာလုံးတွေကပ်ဖို့နဲ့ ပိတ်စအနီတွေချိတ်ဖို့ကို ခင်ဗျားနဲ့ထားခဲ့လိုက်ပြီနော်!"
"ကိစ္စမရှိဘူး! ကိစ္စမရှိပါဘူး! ငါ့တာဝန်ထားလိုက်!"
"သွားကြစို့ သွားကြစို့! ကျုပ်တို့ အချိန်အများကြီးမရှိဘူးဟေ့!"
အဒေါ်ရှဲ့နှင့် အဒေါ်လျိုတို့ အမိန့်အောက်မှာ ရွှီချင်းလည်း အိမ်ထဲသို့ပြန်ဝင်လာခဲ့ရသည်။
"အဲ့ဒါဘာလဲ!"
အဒေါ်ရှဲ့က သူယူလာသောအိတ်ထဲက တစ်ခုခုကိုထုတ်လိုက်၏။ အဲ့ဒါကသိုးမွှေးနဲ့တူတယ်။ ဒါပေမယ့် ရွှီချင်းအရှေ့ကို ထိုအရာကိုယူလာသောအခါမှ သူရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ အဲ့ဒါက...
"ဒါကအူတွေပဲ! မျက်နှာပေါ်ရှိ အမွှေးအမျှင်တွေကို ဖယ်ရှားပစ်ဖို့ အထူးသုံးတာလေ!" အဒေါ်လျိုသည် ရွှီချင်း၏အ၀တ်အစားကိုယူလာရင်း ရှင်းပြခဲ့သည်။
"မျက်နှာပေါ်ကအမွေးအမျှင်တွေကို ဖယ်ဖို့လား! ကျွန်တော်... ကျွန်တော်ကမလိုဘူးလေ ဟုတ်တယ်မလား။ အဒေါ်ရှဲ့ရယ် ကြည့်ပါဦး၊ ကျွန်တော့်မျက်နှာပေါ်မှာ ဘာမှမရှိဘူးလေဗျာ!" သူက ၂၁နှစ်ပြည့်တော့မှာဆိုပေမယ့် အခုထိ မျက်နှာပေါ်မှာ ဘာအမွှေးအမျှင်မှမပေါက်သေးပါဘူးနော်!
အဒေါ်ရှဲ့လည်း အနီးကပ်ကြည့်၍ "အင်း ဘာမှတော့မရှိဘူးထင်တယ်"
ရွှီချင်း လွတ်မြောက်ရန် မျှော်လင့်ချက်အမျှင်တန်းလေးပေါ်လာသည်နှင့် ချက်ချင်းပင် သူ့ပါးနှစ်ဖက်ကိုညွှန်ပြ၍ "ပြီးတော့ ကျွန်တော်က မကြာသေးခင်ကမှ ပြန်ကောင်းထားတာလေ! တကယ်လို့ အဲ့ဒါကြီးလုပ်လိုက်လို့ ဝက်ခြံတွေပြန်ပေါက်လာရင် ဘယ်လိုလုပ်မလဲလို့!"
ထိုအချိန်တွင် အဒေါ်လျိုတောင် အနားရောက်လာပြီး အဒေါ်ရှဲ့ကို မဖျောင်းဖျခင် ခဏတွေးကြည့်လိုက်ကာ "ဟုတ်သားပဲ၊ ဒါကိုထားလိုက်ပါတော့။ လုပ်ပြီးတော့မှ ပြဿနာကြီးရင် မကောင်းဘူးလေ!"
အဒေါ်ရှဲ့လည်း ကူကယ်ရာမဲ့စွာဖြင့် အောက်ချလိုက်ပြီး နောက်တစ်ခုကို အိတ်ထဲကထုတ်လိုက်ပြန်သည်။
အဒေါ်ရှဲ့က ပိုးသတ်ရန်အတွက် မီးပေါ်မှာ ငွေအပ်လေးကို ခဏအပူပေးနေသည်။ ရွှီချင်းမျက်လုံးပြူးနေသည်ကိုကြည့်ရင်း သူပြုံးကာ ရှင်းပြလေသည်။ "ဒီတစ်ခုကိုတော့ မင်းငြင်းလို့မရဘူးနော်! သတို့သမီးတိုင်းက အိမ်ထောင်ပြုပြီးပြီဆိုတဲ့သင်္ကေတအနေနဲ့ နားဖောက်ဖို့လိုတယ်လေ!"
အဒေါ်ရှဲ့နှင့် အဒေါ်လျိုတို့၏နားရွက်ကို ရွှီချင်းရဲ့အကြည့်ရောက်သွားခဲ့ပြီး "စိတ်မပူပါနဲ့။ မင်းမှာ ဘာမှဝတ်စရာမရှိရင်တောင် အပေါက်ရှိတဲ့လက္ခဏာလေးကျန်နေသေးမှာပါ!"
ထို့နောက် အမျိုးအမည်မသိနိုင်သော ပဲစေ့သေးသေးနှစ်ခုကိုယူ၍ နားဖောက်မည့် ရွှီချင်းရဲ့နားရွက်ဖျားနှစ်ဖက်လုံးမှာ ထားလိုက်သည်။ အဒေါ်ရှဲ့က တစ်ဖက်ကိုကိုင်တွယ်ပြီး အဒေါ်လျိုက တခြားတစ်ဖက်ကို တာဝန်ယူလိုက်သည်။
ရွှီချင်းရဲ့ခန္ဓာကိုယ်မှာ တုန်ယင်နေသော်လည်း အဒေါ်ရှဲ့က အိမ်ထောင်ပြုခြင်း၏လက္ခဏာတစ်ခုဟုဆိုကတည်းက သူဘာမှမတတ်နိုင်ဘဲ တံတွေးမျိုချရုံသာ။ "ကျေးဇူးပါ ကျေးဇူးပါဗျာ၊ အဒေါ်ရှဲ့ အဒေါ်လျို ညင်ညင်သာသာလေးလုပ်ပေးနော်!"
"စိတ်မပူပါနဲ့၊ မင်းလုံးဝခံစားရမှာမဟုတ်ဘူးလို့ ကျုပ်အာမခံပါတယ်!"
အဒေါ်ရှဲ့နှင့် အဒေါ်လျိုတို့က ရွှီချင်းရဲ့နားရွက်များကို တစ်ချိန်တည်းတွင် ဖိအားလျှော့ကျစေရန် ပဲစေ့များကိုသုံးကာ သွေးကိုညှစ်ထုတ်လိုက်၍ အာရုံကြောတွေပါထုံကျင်သွားရသည်။ ရွှီချင်းလည်း နာလွန်းသဖြင့် အော်သံထွက်လာပြီး ထွက်ပြေးချင်ပေမယ့် အဒေါ်လျိုနှင့် အဒေါ်ရှဲ့တို့က ကြိုသိနေသလိုမျိုး သူ့ကို တင်းတင်းကိုင်ထားကြသည်။
"မကြာခင် ပြီးတော့မယ်နော်! ခဏလေးပဲ သည်းခံလိုက်ဦးနော်! မလှုပ်နဲ့နော် မဟုတ်ရင် နေရာမှားပြီးဖောက်မိသွားလိမ့်မယ်!" ရွှီချင်းလည်း မလှုပ်ချင်ပါဘူးနော်! အရမ်းနာတာကို! ရုတ်တရက်ပင် ရွှီချင်း သူ့နားနှစ်ဖက်စလုံးကို အပ်ဖောက်လိုက်၍ စူးခနဲနာကျင်သွားရသည်။ ထို့နောက် နားပေါက်မှတစ်ဆင့် အပ်ချည်အနီကို ချည်ထားကာ သွေးထွက်ရပ်သွားသည်နှင့် လက်ဖက်ရိုးတံကို ထည့်ထားမည်ဖြစ်သည်။
"ဟုတ်ပါပြီ! ပြီးသွားပြီနော်!"
နာကျင်နေတဲ့ရွှီချင်းလေးကို အဒေါ်ရှဲ့လည်း နှစ်သိမ့်ပေးလိုက်ရင်း "ဒီဝေဒနာသေးသေးလေးတောင်မင်းမခံနိုင်ရင် ညကျမှ ဒီထက်ပိုဆိုးမှာကို!"
ရွှီချင်းမှာ နာကျင်မှုကြောင့် တုန်ယင်နေခဲ့သည်။ ပြောတုန်းကတော့ မနာဘူးဆိုပြီးတော့! သူအဒေါ်ရှဲ့ရဲ့စကားကို လုံးလုံးလစ်လျူရှုလိုက်ပြီ။
"ဟားဟားဟား!"
အဒေါ်ရှဲ့စကားတွေကိုကြားတော့ အဒေါ်လျိုက လှည့်ကြည့်လာပြီး အော်ရယ်နေတော့သည်။
ရွှီချင်းမှာ နာကျင်မှုကြောင့် မျက်ရည်ဝဲနေကာ အဒေါ်လျိုရဲ့ရယ်သံကိုနားထောင်ရင်း စိတ်မသက်မသာဖြစ်နေ၏။
ရုတ်တရက်ပင် သူ့နားရွက်တွေကို အေးတဲ့အရာလိမ်းပေးလိုက်သည်ကို ခံစားလိုက်ရပြီး ပူလောင်နာကျင်နေသောခံစားချက်မှာ တဖြည်းဖြည်းသက်သာသွားခဲ့သည်။ ခဏအကြာတွင် နာကျင်မှုလုံးဝမရှိတော့။ ရွှီချင်းလည်း သူ့နားရွက်ကို အံ့သြတကြီး ထိကိုင်ကာ အဒေါ်ရှဲ့လက်ထဲက အံ့ဖွယ်ပစ္စည်းကို ကြည့်လိုက်၏ "ဒီမှော်ဆန်တဲ့ပစ္စည်းက ဘာလဲဟင်!"
ကြည့်စမ်းပါဦး! တခြားသူတွေရှိနေလို့ သူ့နားရွက်ပေါ်မှာ ဝိဥာဥ်စမ်းရေကို မသုံးရဲခဲ့ပေ။ ဝိဥာဥ်စမ်းရေက ဒဏ်ရာပျောက်ကင်းသွားဖို့ အရမ်းမြန်တာလေ!
"မနာတော့ဘူးမဟုတ်လား! မြို့ကိုရောက်တုန်းက ကျုပ်ဝယ်လာခဲ့တာလေ။ ဒီမှာ ယူထားလိုက်၊ မင်းအတွက် အသုံးဝင်လိမ့်မယ်!" အဒေါ်ရှဲ့သည် ထူးဆန်းသည့်အပြုံးဖြင့် ရွှီချင်းရဲ့ဗီရိုပေါ်က လေးထောင့်သေတ္တာလေးထဲထည့်ထားခဲ့သည်။
အဒေါ်လျိုလည်း ထိုစကားကိုကြားသောအခါ သူ့ပုခုံးမှာလှုပ်နေပြီး သူ့ရယ်သံကို ထိန်းမနိုင်လုနီးပါးပင်။
"ကျေးဇူးပါ ကျေးဇူးပါ! အဒေါ်ရှဲ့!"
ရွှီချင်း ဘာထူးဆန်းမှုမှမခံစားမိဘဲ အဒေါ်ရှဲ့ကို ပြုံးပြုံးရွှင်ရွှင်ကျေးဇူးတင်နေသည်။ သူ့နားရွက်တွေ မနာတော့ဘူးဆိုရင် အားလုံးအဆင်ပြေတယ်!
"မင်းတို့ပြီးကြပြီလား။ ရေနွေးအဆင်သင့်ပဲနော်!"
အဒေါ်ဝေ့ တံခါးခေါက်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ပြီးပါပြီ! ငါတို့ ချက်ချင်းလာမယ်!"
အဒေါ်လျိုက ရွှီချင်းရဲ့အတွင်းဝတ်အင်္ကျီအဖြူအသစ်ကို ပွေ့ပိုက်ထားပြီး အပြုံးမပျက်သေးတဲ့အဒေါ်ရှဲ့ကတော့ ရွှီချင်းကို အခန်းထဲမှ ခေါ်ထုတ်လာခဲ့၏။
သိပ်မကြာခင်တွင် သူတို့အုပ်စုမှာ ရွှီချင်းရဲ့အခန်းဆီ ပြန်ရောက်လာခဲ့ကြသည်။ ရွှီချင်းမျက်နှာမှာ နီရဲနေပြီး ဆံပင်တွေလည်းစိုစွတ်နေ၏။ အဒေါ်ရှဲ့နှင့် အဒေါ်လျိုတို့က သူ့ကိုထိန်းထားကာ ခေါင်းမှခြေဖျားထိ ဆေးကြောပေးလေသည်။
"ကျွန်တော့်အရေပြားက ပွန်းကုန်ပြီလို့ ခံစားရတယ်!" ဆံပင်ရေစိုဖြင့် အတွင်းဝတ်အင်္ကျီအဖြူလေးဝတ်ထားသော ရွှီချင်းမှာ အဒေါ်ရှဲ့နှင့် အဒေါ်လျိုတို့ကို သနားစဖွယ်အမူအရာဖြင့်ကြည့်၍ စောဒကတက်လေသည်။
"ကျွန်တော်မခံနိုင်တော့ဘူး!"
အဒေါ်လျိုက ဒီလိုမျိုးဖြူစင်ပြီး ဆွဲဆောင်အားကောင်းလှသော ရွှီချင်းကိုကြည့်ဖို့ရာ မခံနိုင်တော့ပေ။ ထို့နောက် သူက ပုဝါတထည်ယူ၍ ရွှီချင်းဆံပင်ခြောက်အောင် သုတ်ပေးနေလိုက်သည်။
ဆံပင်ခြောက်သွားပြီးနောက် အဒေါ်ရှဲ့က သူ့အထုပ်ထဲမှ နောက်ထပ်သေတ္တာကို ထုတ်လိုက်၍ ရွှီချင်းမှာ စိတ်မသက်မသာခံစားလိုက်ရပြီး မေးမြန်းလိုက်၏ "အဲ့ဒါကရော ဘာကြီးလဲ"
အဒေါ်ရှဲ့လည်း ပြုံးလျက် ရွှီချင်းဆီလျှောက်သွားကာ "ဒါက အဒေါ်ရှဲ့နဲ့ဦးလေးရှဲ့တို့ရဲ့ မင်းအတွက် မင်္ဂလာလက်ဖွဲ့လေ!" သူသေတ္တာလေးကိုဖွင့်လိုက်တော့ သစ်ရွက်ပုံစံနားကပ်တစ်စုံရှိနေခဲ့သည်။ နားကပ်တွေက မကြီးပေမယ့် နားဖောက်ထားသည့်နေရာကို ဖုံးကွယ်ထားရန် လုံလောက်ပေသည်။ "ဒါတွေက ငွေနားကပ်တွေလား!"
ရွှီချင်း နားကပ်လေးကိုကြည့်ရင်း အံ့သြနေမိသည်။ လယ်သမားတစ်ယောက်အတွက်ဆို ဒီလိုနားကပ်သေးသေးလေးတောင် စျေးမသက်သာဘူးလေ! ငွေ ၁လျန် ဒါမှမဟုတ် ၂လျန်တော့ အနည်းဆုံးကုန်မှာပဲ!
"ဒါက အဒေါ်တို့လင်မယားရဲ့ လက်ဖွဲ့ပဲ၊ မင်းငြင်းရဲငြင်းကြည့်လိုက်! ကျုပ်ပျော်တော့မှာမဟုတ်ဘူးနော်!" ရွှီချင်းရဲ့နားရွက်လေးမှာ သွေးမထွက်တော့၊ မယောင်ယမ်းတော့တာကို သတိပြုမိသွား၍ အဒေါ်ရှဲ့ပြောလိုက်သည်။ ထို့နောက် သစ်ရွက်ပုံနားကပ်လေးကို ကူညီဝတ်ပေးလိုက်တော့သည်။
အဒေါ်လျိုလည်း တစ်နေရာရာကနေ ကြေးဝါမှန်ဝိုင်းတစ်ချပ်ကို ထုတ်ယူလိုက်၏။ ရွှီချင်း အံ့အားသင့်သွားရပြန်သည်။ သူ့အိမ်မှာ ဒါမျိုးမရှိဘူးလေ!
"ဒါက ကျုပ်ခင်ပွန်းနဲ့ကျုပ်တို့ရဲ့ မင်္ဂလာဂုဏ်ပြုလက်ဖွဲ့မို့ မငြင်းရဘူးနော်"
ရွှီချင်း သူ့လက်ကို ထပ်ခါထပ်ခါဝှေ့ယမ်းလျက် "ကျွန်တော်ဘယ်လိုငြင်းရမှာလဲ! ကျေးဇူးပါ အဒေါ်လျို။ တကယ်လို့ အဒေါ်လျိုကြောင့်သာမဟုတ်ရင် ကျွန်တော်နဲ့ချန်ဖုန်း အတူရှိနိုင်မှာမဟုတ်ပါဘူးဗျာ။ အဲ့ဒါကတောင် အကောင်းဆုံးလက်ဆောင်ဖြစ်နေပြီကို! အခုလည်း လက်ဖွဲ့ထပ်ပေးနေသေးတာ၊ တကယ်ကို..."
ရွှီချင်းမိသားစုဟာ အဒေါ်လျိုတို့မိသားစုနှင့် သိပ်မရင်းနှီးခဲ့ပေမယ့်လည်း အဒေါ်ရှဲ့နဲ့ခင်မင်မှုကြောင့် သူဝက်ကလေးဝယ်တုန်းကလည်း စျေးလျော့ပေးခဲ့သလို ရွှီချင်းနဲ့လီချန်ဖုန်းတို့ကြားဆက်သွယ်ပေးဖို့ကိုလည်း ဟိုဟိုဒီဒီပြေးလွှားပြီး ကူညီပံ့ပိုးပေးခဲ့သေးသည်။
"အဲဒါတွေမပြောနဲ့တော့၊ လာကြည့်ကြည့်ပါဦး!" အဒေါ်လျိုက ရွှီချင်းအရှေ့မှာ မှန်ကိုထားလိုက်ရာ သူ့ပုံရိပ်ကို ပြန်မြင်လိုက်ရသည်။ မှန်က မော်ဒန်ခေတ်ကမှန်နှင့်မယှဥ်နိုင်ပေမယ့် မမျှော်လင့်ထားတဲ့လက်ဆောင်ပါပဲ။ သူ့အပေါ် ဂရုစိုက်ပေးကြသော ဒီလိုလူကောင်းအများကြီးနဲ့ တွေ့ဆုံခွင့်ရတာဟာ သူအရမ်းကံကောင်းနေတာပဲ။
"ကြည့်ကောင်းတယ်!" ရွှီချင်း မှန်ထဲမှ သူ့ပုံရိပ်ကို ခေါင်းညိတ်ပြီးပြောလိုက်ရာ သူ့ကိုယ်သူကြည့်ကောင်းတယ်လို့ ပြောနေတာလား၊ မှန်ကိုကောင်းတယ်လို့ပြောနေတာလား မရှင်းလင်းချေ။
My Note: နောက်တစ်ပိုင်းတော့ တကယ်ဆောင်တော့မှာပါ... ပြင်ဆင်ချိန်လေးတော့ ယူရတာပေါ့နော်...
xxx