Chapter-23
ရွှီချင်းရဲ့အခက်အခဲတွေနှင့်ယှဥ်လျှင် လီချန်ဖုန်းမှာ ပို၍သက်တောင့်သက်သာပင်။
အမေလီနှင့် အဖေလီတို့က မနက်စောစောထကာ လီချန်ဖုန်းရေချိုးရန်နှင့် ခေါင်းလျှော်ရန်အတွက် ရေနွေးတည်ထားပေး၏။ စားသောက်ပြီးနောက် လီချန်ဖုန်းလည်း စတင်ပြင်ဆင်ခဲ့သည်။
သူ့တွင် ပိုင်ဆိုင်မှုအများကြီးမရှိပေ။ သူက အရပ်ပိုရှည်လာပြီး ပိုထွားလာသည်ကြောင့် လွန်ခဲ့သောငါးနှစ်က အဝတ်အစားတွေမှာ သူနဲ့မတော်တော့၍ အဝတ်အစားနည်းနည်းသာရှိ၏။ သူ့အင်္ကျီတွေကိုထုပ်ပိုးပြီးနောက် တံခါးပိတ်၍ အင်္ကျီလက်ကိုလိပ်တင်ပြီး ဗီရိုကိုရွှေ့ရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
လီချန်ဖုန်းက ရွှေ့လိုက်တဲ့ဗီရိုအောက်နားတဝိုက်ကို ခေါက်လိုက်၏။
တစ်နေရာရာမှ အခေါင်းပေါက်အသံထွက်လာတော့ လီချန်ဖုန်းရဲ့မျက်လုံးတွေက အရောင်တောက်သွားလျက် တစ်ခုခုရှာတွေ့သွားခဲ့ပြီး ကြမ်းပြင်မှ ထိုနေရာကိုတူးလိုက်ရာ သိပ်မကြာခင်မှာပင် သံသေတ္တာတစ်လုံး ထွက်ပေါ်လာခဲ့သည်။
လီချန်ဖုန်း သူ့လက်ဖဝါးလောက်သာရှိသောသေတ္တာလေးကို ကောက်ယူလိုက်သည်။ သန့်ရှင်းပြီးနောက် အိပ်ရာပေါ်တင်လိုက်ကာ ဗီရိုကိုပြန်ရွှေ့လိုက်၏။
သေတ္တာလေးကိုဖွင့်လိုက်တော့ အထဲမှာ ငွေ ၂၅လျန်ရှိနေသည်။ ဒါတွေက သူအသက် ၁၃အရွယ်ကတည်းက ဟိုဟိုဒီဒီအလုပ်တွေလုပ်ထားရင်း စုဆောင်းမိထားတဲ့ငွေတွေဖြစ်လေသည်။ အိမ်ထောင်ပြုရန်အတွက် စုဆောင်းထားခြင်းပင်။ အထူးသဖြင့် ဝမ်လိနှင့် စေ့စပ်ထားသောအချိန်ကပေါ့။ သူ ငွေစုဖို့ ကြိုးစားအားထုတ်ခဲ့ရသည်။ နောက်ပိုင်းတွင် စစ်မှုထမ်းရန်သွားခဲ့ရသောအခါ ငွေတွေကို သူနှင့်အတူမယူသွားဘဲ ဗီရိုအောက်မှာ မြှုပ်ထားခဲ့ခြင်းပင်။
ဗီရိုသည် ၂၀၀ကတ်တီထက်ပိုလေး၏။ မလိုအပ်ပါက ရွှေ့ကြမည်မဟုတ်။ ထိုကြောင့် သူ့ငွေတွေကို စိတ်ချလက်ချထားခဲ့တာဖြစ်သည်။
"လီချန်ဖုန်း! အဆင်သင့်ပဲလား?!" ချန်ချီက အပြင်ဘက်မှ အသံကျယ်ကြီးနဲ့ အော်ခေါ်နေ၏။ လီချန်ဖုန်းလည်း သေတ္တာလေးကို အမြန်ပိတ်ပြီး သူ့အင်္ကျီတွေထုပ်ပိုးထားသော သေတ္တာလေးမှာထည့်လိုက်သည်။ ထို့နောက် သူ့ရဲ့သတို့သားဝတ်စုံကိုဝတ်ပြီးနောက် တံခါးကိုဖွင့်လိုက်သည်။
"ကောင်းတယ် ကောင်းတယ်၊ ငါပြောသားပဲ၊ မင်းက ဒီဝတ်စုံနဲ့ဆို အရမ်းကြည့်ကောင်းမှာပဲလို့!" ချန်ချီက သူ့ရှေ့မှလီချန်ဖုန်းကိုကြည့်၍ ချီးကျူးလေသည်။
"ကျေးဇူးပဲကွာ!"
ယနေ့သည် လီချန်ဖုန်းအတွက် ပျော်ရွှင်ရမည့်နေ့ဖြစ်ပြီး ချန်ချီကိုငြင်းပယ်ခြင်းမရှိဘဲ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လိုက်သည်။
ထိုအချိန်တွင် အစ်ကိုကြီးလီနှင့် လီလောင်စန်းတို့လည်း လီချန်ဖုန်းရဲ့တံခါးဆီသို့ ရောက်လာကြကာ "အားလုံးပြီးပြီပေါ့! တကယ်ကြည့်ကောင်းနေတာပဲကွာ!"
အစ်ကိုကြီးလည်း ချီးကျူးလိုက်သည်။ သူတို့၏ဒုတိယညီက ချောမောနေပြီးသားပင်။ ဒါပေမယ့် အခု သတို့သားဝတ်စုံနဲ့ ပိုတောင် ချောမောနေသေးသည်။
သို့သော်လည်း လီလောင်စန်းက လီချန်ဖုန်း၀တ်စုံရဲ့အထည်သားမှာ မဆိုးကြောင်း သတိပြုမိကာ သူ့ဘာသာရေရွတ်နေ၏။ "သတို့သမီးက ချမ်းသာတဲ့မိသားစုကများလား?"
"လာကြ လာကြ၊ ဒါက မင်းအတွက် ငါ့ရဲ့မင်္ဂလာလက်ဖွဲ့ပဲ!" ချန်ချီသည် သစ်သားသေတ္တာကို လီချန်ဖုန်းဆီပေးလိုက်သည်။
အကြီးဆုံးအစ်ကိုနှင့် လီလောင်စန်းတို့လည်း အဓိပ္ပါယ်ဖော်မရသောအပြုံးတို့ဖြင့် သူတို့လက်ဖွဲ့သေတ္တာတွေကို ကမ်းပေးလိုက်သည်။ အဒေါ်ရှဲ့က ရွှီချင်းကိုပေးသလိုမျိုးပေါ့!
စာအုပ်လေးကို တစ်ညလုံးဖတ်ထားတဲ့လီချန်ဖုန်းကတော့ ထိုအရာတွေက ဘာတွေလဲဆိုတာနှင့် ဘာအတွက်သုံးသလဲဆိုတာကို သေချာပေါက်သိလေသည်။ သူသည် သစ်သားသေတ္တာသုံးလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံကာ သူ့၏အဝတ်သေတ္တာထဲသို့ ထည့်လိုက်သည်။
ဒါကိုမြင်တော့ ချန်ချီလည်း မျက်ခုံးပင့်လျက် "မနေ့ညက မင်းရဲ့ညီအစ်ကိုတွေဆီက အများကြီးသင်ယူလိုက်ပုံပဲကွာ!" လီချန်ဖုန်းက အသက်ကြီးနေပေမယ့် လက်ထပ်ပြီးသားစုံတွဲကြားကကိစ္စတွေကို မသိခဲ့ဘူးလေ။
အကြီးဆုံးအစ်ကိုနဲ့ လီလောင်စန်းက အများကြီးမပြောဘဲ ရယ်နေရာ လူတိုင်းနားလည်တာပေါ့!
လီချန်ဖုန်းက အမေလီနှင့် အဖေလီတို့ကို အရိုအသေပေးပြီးနောက် သူ့မိသားစုကို နှုတ်ဆက်ကာ သစ်သားသေတ္တာကိုသယ်၍ အစ်ကိုကြီး၊ လီလောင်စန်း၊ ချန်ချီတို့နှင့်အတူတူ ခြံဝင်းတံခါးဝမှနွားလှည်းဖြင့် ထွက်ခွာလာကြသည်။ ရွာထဲတွင် နွားလှည်းတစ်စီးသာရှိ၏။ လီချန်ဖုန်းကို အိမ်အသစ်ဆီ ပို့ဆောင်ပေးရန် အဖေလီငှားပေးထားတာဖြစ်သည်။ သတို့သမီးမိသားစုကိုဝင်ရမည့် မင်္ဂလာပွဲဖြစ်ရင်တောင်မှ ဒုတိယသားက ခမ်းခမ်းနားနားဖြင့် ဝင်ရမှာပေါ့!
"ဟီးဟီး အရင်က ငါနွားလှည်းတစ်ခါမှမစီးဖူးဘူးဟ! ဒီနေ့တော့ မင်းရဲ့ကောင်းချီးကြောင့် စီးရပြီဟေ့!" ချန်ချီက လီချန်ဖုန်းရဲ့ပခုံးကိုပုတ်ကာ နွားလှည်းမှာ ပျော်ပျော်မြူးရွှင်ထူးစွာထိုင်လိုက်၏။
အစ်ကိုကြီးနှင့် လီလောင်စန်းတို့လည်း နွားလှည်းစီးဖူးတာ ပထမဆုံးအကြိမ်ပင်။ အစ်ကိုကြီးလီသည် ထူးထူးခြားခြားမခံစားရပေမယ့် လီလောင်စန်းရဲ့နှလုံးသားထဲမှာတော့ အထုံးရှိနေပြီး ချဥ်တူးနေ၏။ ပညာတတ်ဖြစ်တဲ့သူတောင် လက်ထပ်တုန်းက သူ့အဖေက နွားလှည်းမငှားပေးခဲ့ဘူး!
သူတို့ထွက်သွားချိန်မှာ မိုးလင်းခါစပင်။ အစောကြီးသာရှိသေးသော်လည်း ရွာရှိ အိမ်ထောင်စုတော်တော်များများက မင်္ဂလာပွဲတွေကျင်းပကြမှာဖြစ်သဖြင့် လေထုမှာအလွန်အသက်ဝင်လှသည်။
လီချန်ဖုန်းနှင့်အခြားသူများက လီမိသားစုခြံဝင်းတံခါးမှထွက်သွားသည်နှင့် အဖေလီသည် ခြံဝင်းတံခါးဝ၌ ပျော်ရွှင်စရာပွဲကျင်းပနေသည်ကို သဘောဆောင်သော ဗျောက်အိုးများဖောက်လိုက်တော့သည်။
လီအိမ်နှင့် မနီးမဝေးမှာပုန်းနေသော ချန်ဟုန်သည် သတို့သားဝတ်စုံနှင့် လီချန်ဖုန်းက နွားလှည်းပေါ်တက်ပြီး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ သူ့မျက်ရည်များကို ထိန်းမထားနိုင်တော့ဘဲ ယိုင်တိယိုင်တိုင်ဖြင့် အိမ်ပြန်လာခဲ့ပေမယ့် တစ်ယောက်ယောက်ကို မတော်တဆ ဝင်တိုက်မိသွား၏။
"အမေ?!"
အမေချန်က သူ့သားနောက်လိုက်လာခဲ့သည်ဖြစ်ရာ လီချန်ဖုန်းကိုကြည့်နေသည့် ချန်ဟုန်ရဲ့စွဲစွဲလမ်းလမ်းအကြည့်ကို မျက်မြင်တွေ့သွားရပြီး သူ့နှလုံးသားမှာလည်း ဒေါသနှင့် နာကျင်မှုတွေ ပြည့်နှက်လာခဲ့သည်။
"မင်း၊ မင်း!! သွား! အိမ်ပြန်တော့!"
ထိုအချိန်တွင် ဦးလေးလျိုက ခြံဝင်းအတွင်းအပြင်၌ အလှဆင်ပြီးပြီဖြစ်ကာ ဦးလေးရှဲ့လည်း ဟင်းသီးဟင်းရွက်အပြည့်လှည်းဖြင့် ရောက်လာခဲ့သည်။
"လာကြ လာကြ၊ လောင်လျိုရေ ကူညီပါဦး!" ဦးလေးရှဲ့က ဦးလေးလျိုအားအကူအညီတောင်း၍ ဟင်းရွက်တွေကို မီးဖိုချောင်ထဲသယ်ကြတော့သည်။
အဒေါ်ရှဲ့ မီးဖိုချောင်မှထွက်လာခဲ့ပြီး ဦးလေးရှဲ့ကို စိုက်ကြည့်ကာ "ဘယ်လိုဖြစ်တာတုန်း၊ ခင်ဗျားဒီလောက်စောစောသွားပြီးတော့ အခုမှပြန်လာတယ်!"
ဦးလေးရှဲ့လည်း ကူကယ်ရာမဲ့စွာဖြင့် "ဒီနေ့ လက်ထပ်တဲ့သူတွေတော်တော်များလွန်းလို့ ဒီဟင်းရွက်တွေက အရမ်းဝယ်လိုအားကောင်းနေတာကွာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ! မြန်မြန်အထဲဝင်တော့၊ ကျုပ်တို့ ခင်ဗျားကိုစောင့်နေတာ!" အဒေါ်ရှဲ့ပြောပြီးနောက် သူ့အဝတ်တွေကိုခါရင်း ခြံဝင်းတံခါးဆီသို့ သွားရန်ပြင်နေသည်။
"မင်းဘယ်သွားမလို့လဲ?" သူ့ဇနီးလည်း ဟင်းရွက်တွေသွားကူသယ်မည်ကို ဦးလေးရှဲ့စိုးရိမ်သွား၏။ သူ့ကျန်းမာရေးက သိပ်မကောင်းဘူးလေ!
"ချင်းကောအာရဲ့အိမ်မှာ စားပွဲတစ်လုံးပဲရှိလို့လေ! ကျုပ်တို့အိမ်ကစားပွဲကိုသွားယူမလို့!"
"ဘာတွေစိတ်ပူနေတာလဲ! မသွားနဲ့ဦး။ ငါဟင်းရွက်တွေသယ်ပေးပြီးသွားရင် သွားယူလိုက်မယ်!" အကွာအဝေးကမနီးဘူးလေ၊ သူ့ဘာသူ ဘယ်လိုသယ်လာနိုင်မှာလဲ!
အဒေါ်ရှဲ့လည်း တွန့်ဆုတ်မနေဘဲ ပြန်လှည့်ပြီး မီးဖိုချောင်ဆီပြန်သွားကာ "စကားမစပ် ခင်ဗျားဝယ်လာတဲ့အရက်တွေရော ဘယ်မှာလဲ"
ဦးလေးရှဲ့က နောက်ဆုံးဟင်းရွက်အသုတ်ကို ပို့ပြီးနောက် နဖူးပေါ်မှချွေးတွေကိုသုတ်ကာ ဖြေလိုက်၏ "လှည်းထဲမှာလေ!"
"ငါယူလာပြီ!" သားသတ်သမားလျိုဟာ သူ့လက်ထဲတွင် အရက်ဂျားသုံးဂျားကိုကိုင်ကာ မှန်မှန်လျှောက်လာသည်။
"လောင်လျို၊ မင်းက တကယ်မိုက်တာပဲကွ!" တစ်ဂျားစီရဲ့အလေးချိန်က ၂၀ကီလိုကျော်တယ်လေ!
"ဟား ဟား၊ ဒီနေ့ ငါတို့ညီအစ်ကိုတွေ ကောင်းကောင်းသောက်ရတော့မယ်ဟေ့!"
"ဘာကကောင်းတာတုန်း!" အဒေါ်လျိုက မင်္ဂလာပွဲလာကြမည့် ဧည့်သည်များအတွက် သရေစာအဖြစ် သကြားလုံးတချို့ရောထားသော ဖရဲစေ့ခြင်းကြီးနှစ်ခြင်းကို သယ်လာခဲ့သည်။
"ဘာမှမဟုတ်ပါဘူးကွာ၊ သွားကြစို့ လောင်ရှဲ့ရေ။ စားပွဲသွားယူရဦးမှာမဟုတ်လား" ဦးလေးလျိုက ဦးလေးရှဲ့ကို အချက်ပြလိုက်၏။ "ဟုတ်တယ်၊ ဟုတ်တယ်၊ သွားစို့!" ဦးလေးရှဲ့လည်း ခပ်မြန်မြန်ခေါင်းညိမ့်ကာ ဦးလေးလျိုကို တံခါးဆီဆွဲခေါ်သွားခဲ့သည်။
"ဟမ့်၊ သူဘာတွေအကွက်ချနေလဲဆိုတာကို ကျုပ်မသိဘူးလို့ထင်နေတာပဲ!" အဒေါ်လျိုသည် ဦးလေးလျိုရဲ့ကျောပြင်ကို စိုက်ကြည့်၍ ရေရွတ်နေ၏။ အဒေါ်ဝေ့လည်း ဟင်းရွက်တွေကို မြန်မြန်ဆေးကြောနေရင်း သူ့စကားတွေကြားတော့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကျုပ်အိမ်ကလူအိုကြီးလည်း အတူတူပါပဲတော်။ သူကအရက်သောက်ရတာကြိုက်တယ်လေ! မဟုတ်ရင် နေရာတိုင်းမှာ အားမရှိတော့ပါဘူးလို့ ညီးညူနေရော!" အဒေါ်ဝေ့ရဲ့ခင်ပွန်းသည် ရိုးသားကြိုးစားတဲ့လယ်သမားတစ်ဦးဖြစ်သော်လည်း ဝဖိုင့်ဖိုင့်အဒေါ်ဝေ့နှင့်မတူဘဲ သူ့ခင်ပွန်းမှာ အလွန်ပိန်ပါး၏! ယနေ့ တခြားမင်္ဂလာဆောင်အိမ်မှာ ကူညီဖို့သွားနေသဖြင့် မရောက်လာတာဖြစ်သည်။
"ဒီအရက်က ဘာများကောင်းနေလို့လဲ!" အရက်နံ့ကို အဒေါ်ရှဲ့အမုန်းဆုံးပင်! ကံမကောင်းစွာဖြင့် သူ့ခင်ပွန်းကလည်း တိတ်တိတ်ကလေး ခိုးသောက်နေဆဲပဲ။
သူတို့ကိုယ်ပိုင်စားပွဲကို ယူလာသည့်အပြင် ဦးလေးရှဲ့နှင့် ဦးလေးလျိုတို့သည် ရွာရှိ တခြားအိမ်တွေမှ အသုံးမလိုသောစားပွဲအချို့ကိုလည်း ငှားရမ်းခဲ့သည်။ ခြံဝင်းထဲမှာ စားပွဲတွေ နေရာချပြီးသည်နှင့် ခြံပြင်မှာ အသံတွေကြားလိုက်ရ၏။
"သတို့သားရောက်လာပါပြီ!"
"သတို့သားရောက်လာပါပြီ!"
"သတို့သားရောက်လာပါပြီ!"
အော်သံများနီးလာသောကြောင့် ဦးလေးရှဲ့လည်း ရွှီချင်းအိမ်တံခါးမှာ ဗျောက်အိုးတစ်ချက်ဖောက်လိုက်၏။ ဤသည်မှာ သတို့သားရောက်လာသည်ကို ကြိုဆိုတဲ့ဂုဏ်ပြုဗျောက်အိုးအသံပင်။
ရွှီချင်းက အဒေါ်လျိုနှင့် အဒေါ်ရှဲ့တို့ ပြင်ဆင်ထားပေးသော အလှဆင်ထားသည့် အသစ်စက်စက်အနီရောင်အိပ်ခန်းမှာ ထိုင်နေလျက် ခြံဝင်းထဲမှ ဗျောက်အိုးဖောက်သံကို နားထောင်နေခဲ့သည်။ သူ့ရင်တွေခုန်လာပြီ! လီချန်ဖုန်းရောက်လာပြီပေါ့!
အစ်ကိုကြီးလီက သူ့ညီလေးရဲ့အနာဂတ်အိမ်ကို အဝေးကမြင်တော့ "သတို့သားရောက်လာပါပြီ!"ဟူ၍ ဦးဆောင်ကာ အော်လိုက်သည်။ ထို့နောက် ချန်ချီနှင့်လီလောင်စန်းတို့လည်း နောက်ကလိုက်အော်ကြ၏။ လီချန်ဖုန်းလည်း တောင်ခြေရှိ ထူးခြားသည့်အိမ်လေးကို ကြည့်ရင်း သူ့မျက်လုံးများက ပို၍တက်ကြွလာပေသည်။ ဒီနေရာက ရွှီချင်းနေတဲ့နေရာလေးပေါ့! နောက်ပြီး သူ့အလာကိုစောင့်နေတာပေါ့!
ဟုတ်တာပေါ့၊ မနက်စောစောတွင် အနှီအသံကျယ်ကျယ်တွေက ရွာတစ်လျှောက်ပျံ့သွားတော့သည်။
"အဲ့ဒါက တောင်ခြေကနေလာတဲ့အသံမဟုတ်လား!"
"အဲ့ဒါက ရုပ်ဆိုးဆိုးကောအိမ်ပဲဟ!"
"ရုပ်မဆိုးတော့ပါဘူး! သူ့မျက်နှာက ပိုကောင်းလာပြီလို့ အောင်သွယ်တော်တွေပြောတာ မင်းတို့မကြားဘူးလားဟ!"
"လက်ထပ်ခွင့်တောင်းတာတွေကို သဘောမတူတာ ဒါကြောင့်ကိုး! သူက သူ့မိသားစုထဲကို လက်ထပ်ချင်တဲ့သူကိုလိုချင်နေတာကိုး!"
လီချန်ဖုန်းက နွားလှည်းမှဆင်းသည့် ပထမဆုံးသူပင်။ ဦးလေးရှဲ့မဖောက်ရသေးသော အခြားတစ်ဖက်၌ သူကိုယ်တိုင် နောက်ထပ်ဗျောက်အိုးကို ဖောက်လိုက်၏။ ထိုအခါ ဗျောက်အိုးသံနှစ်ထပ်ဖြင့် ဂုဏ်ပြုခြင်းဖြစ်လာသည်။
အစ်ကိုကြီးလီနှင့် လီလောင်စန်းတို့လည်း ရွှီချင်းရဲ့ခြံဝင်းကို ဂရုတစိုက်ကြည့်ရှုနေကြသည်။ အမေလီက သူတို့ကိုသေချာကြည့်ခဲ့ဖို့ မှာထားခဲ့တယ်လေ။
ဦးလေးရှဲ့က ခြံတံခါးမှာရပ်ပြီး အသံကျယ်ကျယ်ဖြင့်အော်လိုက်၏။ "လီမိသားစုရဲ့ ဒုတိယသား လီချန်ဖုန်းက ရွှီမိသားစုရဲ့သား ရွှီချင်းကို ဆန္ဒအလျောက် လက်ထပ်ဖို့ ရောက်လာတာဖြစ်ပါတယ်! အသစ်စက်စက်ဇနီးမောင်နှံစုံတွဲကို ဂုဏ်ပြုပါတယ်! မင်းတို့နှစ်ယောက်လုံး အတွဲညီညီဖြင့် နောင်နှစ်ရာပေါင်းများစွာတိုင်အောင် အတူတူပေါင်းဖက်နိုင်ကြပါစေ! ချစ်စဖွယ်ကလေးလေးတွေလည်း စောစောမွေးနိုင်ပါစေ!"
သတို့သားက သတို့သမီးအိမ်ကိုဝင်သည်ဖြစ်စေ ဒါမှမဟုတ် သတို့သမီးကိုလက်ထပ်သည်ဖြစ်စေ၊ ဤသည်မှာ အစဉ်အလာတစ်ခုပင်။ မိသားစုဝင်အကြီးအကဲတစ်ယောက်သည် အသစ်စက်စက်စုံတွဲတွေက ဘယ်သူလဲဆိုတာကို ဧည့်သည်များကို အသိပေးရန် ခြံဝင်းတံခါး၌ မင်္ဂလာစုံတွဲရဲ့နာမည်ကို အော်ရမည်ဖြစ်သည်။
အစ်ကိုကြီးလီနှင့် တခြားသူများရဲ့အမူအရာမှာ တအံ့တသြဖြစ်လျက်။ ရွှီမိသားစုရဲ့သား ရွှီချင်းဆိုတာက 'ရုပ်ဆိုးဆိုးကော'ပေါ့!!
ချန်ချီက လီလောင်စန်းကို မသိမသာစိုက်ကြည့်လိုက်သည်။ အကယ်၍ မိသားစုတွင်းအငြင်းအခုံဖြစ်စေသည့် ဒီကောင်ကြောင့်သာမဟုတ်ခဲ့ရင် လီချန်ဖုန်းက 'ရုပ်ဆိုးဆိုးကော'ကို ဘယ်လိုလုပ်လက်ထပ်ဖြစ်မှာလဲ!!
"အကြီးအကဲကို ကျေးဇူးတင်ပါတယ်ဗျာ!" လီချန်ဖုန်းသည် ဦးလေးရှဲ့ရဲ့ဂုဏ်ပြုသံကျယ်ကျယ်ကို တလေးတစားဂါဝရပြုလိုက်၏။ ဦးလေးရှဲ့မှာ ရယ်ကာမောကာဖြင့် "ငါ့မျိုးရိုးက ရှဲ့။ ဟုတ်သား၊ ငါ့ဇနီးကလည်း မင်းရဲ့ရွာကပဲလေ!"
ခြံဝင်းတံခါးဝမှ ဗျောက်အိုးများဖောက်ပြီးနောက် အဒေါ်ရှဲ့လည်း မီးဖိုချောင်မှထွက်လာခဲ့သည်။ သူထွက်လာသည်နှင့် သူ့ခင်ပွန်းရဲ့ အသံကျယ်ကြီးကို ကြားလိုက်ရ၏။
"သတို့သားလေးကို ဂုဏ်ပြုပါတယ်! လာကြ ခန်းမထဲမှာ အဆင်သင့်ပဲ။ မင်္ဂလာအချိန်ရောက်တာနဲ့ ပွဲအခမ်းအနားစနိုင်ပြီ!"
ဦးလေးလျိုနှင့် ဦးလေးရှဲ့တို့လည်း အကြီးဆုံးလီနှင့် တခြားသူတွေကို ဧည့်ခံနေသည်။ ရွာထဲမှ လူကြီးတွေရော ကလေးတွေပါ ရွှီခြံဝင်းဆီကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လာရောက်ဆင်နွှဲကြလေသည်။ သူတို့ဘာလက်ဆောင်ပဲယူလာပါစေ အဒေါ်လျိုနှင့် အဒေါ်ရှဲ့တို့က အားလုံးကို ကြိုဆိုခဲ့၏။ အဒေါ်ဝေ့လည်း မင်္ဂလာရှိတဲ့စကားတွေလာပြောကြတဲ့ကလေးများကို ပြင်ထားတဲ့သရေစာတွေ ဝေငှပေးနေသည်။
တဖြည်းဖြည်းနဲ့ ခြံထဲမှာ ဧည့်သည်တွေပိုများလာ၏။ လူအများစုမှာ ပွဲကြည့်ပရိသတ်တွေဖြစ်ကြသော်လည်း ၎င်းသည် အဒေါ်ရှဲ့၏ပျော်ရွှင်နေတဲ့စိတ်ခံစားချက်ကို လုံးဝမထိခိုက်ချေ။ လူတွေပိုများလာလေလေ မင်္ဂလာပိုရှိလေလေပဲ!
မင်္ဂလာအချိန်အခါရောက်လာပြီဖြစ်သောကြောင့် အဒေါ်ရှဲ့နှင့် အဒေါ်လျိုတို့သည် အခန်းအသစ်စက်စက်ထဲဝင်၍ အနီရောင်ပုဝါစအုပ်ထားတဲ့ရွှီချင်းကို ပွဲအခမ်းအနားအတွက် ခန်းမဆီသို့ ကူညီခေါ်ဆောင်လာခဲ့ကြသည်။
"မင်္ဂလာအချိန်ရောက်ပါပြီ! အသစ်စက်စက်မင်္ဂလာမောင်နှံစုံတွဲကို ကြိုဆိုပါတယ်!" ဦးလေးရှဲ့အော်သံနှင့်အတူ အနီရောင်သတို့သမီးဝတ်စုံဝတ်ဆင်ထားသော ရွှီချင်းလည်း အားလုံးအရှေ့မှာ ထွက်ပေါ်လာခဲ့ရာ စောင့်မျှော်နေသော လီချန်ဖုန်းကို မျက်တောင်တဖျတ်ဖျတ်ခတ်သွားစေသည်။
လီချန်ဖုန်းနှင့် ရွှီချင်းတို့က ပခုံးချင်းယှဥ်ရပ်ကာ ရွှီမိဘနှစ်ပါးရဲ့ကမ္မည်းတိုင်ကို ကန်တော့ကြသည်။ ပွဲအခမ်းအနားစတင်လေပြီ!
My Note: မင်္ဂလာဆောင်ပြီးသွားပါပြီ။ သူတို့ဆောင်ဖို့အရေး တော်တော်စောင့်လိုက်ရတယ်နော့်။ နောက်အပိုင်းတွေကတော့ married life styleတွေပေါ့နော် ဟဲဟဲ 😁😍
xxx