Chapter 157
(ထောင်ချီရှိသည့် ပိုးချည်စပျစ်နွယ်ပင်များ)
လင်းယောင်ယောင် သည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး SS-အဆင့် ဇာ့ခ်အသား ဆေးဟင်းချိုအိုးကြီးကို ကျိုချက်လိုက်သည်။ 168 ၏ဗိုက်ကိုဖြည့်ရန်နှင့်ယခင်တိုက်ပွဲတွင် အသုံးပြုခဲ့သောစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကိုပြန်လည်သက်သာရန်အတွက်ဖြစ်သည်။ ထို့နောက် သူမသည် အရသာရှိသော ဟင်းလျာအသစ်များကို ချက်စားချင်စိတ်ဖြစ်လာမိသည်။
ပိုင်မိသားစုအပေါ် သူမ၏ ခံယူချက်သည် အလွန်ဆိုးရွားနေပြီဖြစ်သည်။ နောက်ဆိုလျှင် သူတို့နှင့်ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်ချေ။ သို့ရာတွင်၊ လူထောင်သောင်းချီရှိသော ညသိမ်းငှက်တပ်ဖွဲ့၏ လက်ရွေးစင်တပ်သားများကိုသာ အားကိုးပါက တာဇာကြယ်ပွင့်မဟာမိတ် အစိုးရကို အောင်မြင်စွာ တိုက်ခိုက်ရန်မှာ ခက်ခဲလွန်းလှသည်။ တစ်ယောက်တည်း တိုက်ရခြင်းက ခက်သည့်အတွက် ပူးပေါင်းမည့်သူကို ရှာခြင်းမှာ ပိုကောင်းသည်။ ထို့ကြောင့် ဘရမ် မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
ဖြည့်စွက်စားသောက်ကုန်လုပ်ငန်းတွင် ဘရမ် မိသားစုနှင့် ပူးပေါင်းဆောင်ရွက်တော့မည်ဖြစ်သောကြောင့် သူမ၏စွမ်းရည်နှင့် ရိုးသားမှုကို ပြသရန်ဖြစ်သည်။ထို့ကြောင့် ဇာ့ခ်အသားများနှင့် ပင်လယ်သားရဲအသားများအပြင် တရုတ်ရိုးရာ ဟင်းလျာစစ်စစ်များကို ပိုမိုချက်ပြုတ်ရန် စီစဉ်ထားသည်။ သူမသည် ဘရမ်မိသားစုမှ ဧည့်သည်များကို နောင်တစ်ချိန် တာဇာကြယ်ပွင့်မဟာမိတ်မှ ထွက်ခွာပြီးသည့်တိုင် ဟင်းလျာများအား ထပ်စားချင်လာအောင် ပြုလုပ်ပေးချင်သည်။သို့ဆိုလျှင်၊ရေရှည်ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်သည်။
လင်းယောင်ယောင် သည် အမျိုးမျိုးသော ဇာ့ခ်အသားများဖြင့် ဂန္ထဝင်ဟင်းလျာများပြုလုပ်ရန် ရွေးချယ်ခဲ့သည်။ အမျိုးမျိုးသော ပင်လယ်သားရဲအသားများများနှင့် အလွန်အရသာရှိသော ပင်လယ်ကမာများကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် ကြက်ကြော်၊ ဘဲသား၊အူပြုတ်၊ ပိန်းဥဝက်နံရိုး၊ ကြာဇံခေါက်ဆွဲနှင့် ဝက်သားအစပ်ချက်၊ ကြက်ဥနှင့် ဟင်းရွက်မွှေကြော်၊ ဂဏန်းသုပ်နှင့် တို့ဟူးစွပ်ပြုတ်တို့ကို ပဲပင်ပေါက်နှင့် ရောထားသော ဟင်းများ စသဖြင့် စီစဉ်ထား၏။အချိုပွဲအတွက် ကောက်ညှင်းပေါင်းနှင့် ရွှေဖရုံသီးလုံးများကို ပြုလုပ်ခဲ့ပြီး အုန်းနို့သာကူ၊ ကြာစေ့နှင့် အနီရောင် စွံပလွံသီးဟင်းချိုကဲ့သို့သော အချိုရည်များကိုလည်း ပြုလုပ်ခဲ့သည်။ ကံကောင်းစွာပင်၊ သူမကိုကူညီရန် အစားအသောက်ကုထုံးပညာရှင်များနှင့် စက်ရုပ်များစွာရှိသည်။ ဟင်းပွဲများစွာရှိသော်လည်း လူအင်အားများနေသဖြင့် အလွန်လျင်မြန်စွာ ပြင်ဆင်နိုင်ခဲ့သည်။
သုံးနာရီနီးပါး ကြာပြီးနောက် အားလုံးအဆင်သင့်ဖြစ်၍ ညစာစားချိန်ရောက်လာသည်။ လင်းယောင်ယောင် သည် ဧည့်သည်များ စားသောက်နေချိန်တွင် ပုန်းဖို့တွေမိသည်။ ထို့ကြောင့် 012 ၊မိခင်ဖြစ်သူ၊မောင်လေးနှစ်ယောက်နှင့် အတူစားဖို့ ကြံမိသည်။ သို့သော်၊ယခုတစ်ခါတော့ လင်းရွှမ် က သူမကို မီးဖိုချောင်ထဲအထိ လာခေါ်ခဲ့လေသည်။သူမသည် အနံ့ဆိုးတွေကို ဖယ်ရှားနိုင်သည့် စက်ပစ္စည်းထဲက ထွက်လာလျှင် သူ့ကို တွေ့ရ၏။
"ဘာလို့ ဒီကို ရောက်နေတာလဲ… ဘယ်လိုနေလဲ၊ အားလုံးအဆင်ပြေရဲ့လား"
လင်းရွှမ် သည် သူမ မျက်နှာပေါ်ဝဲကျနေသော ဆံပင်များကို နားရွက်နောက်တွင် ညှပ်ထားလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ နဖူးကို နမ်းလိုက်သည်။
"အဆင်ပြေသွားပါပြီ… ဘရမ် မိသားစုက အရမ်းကောင်းတယ်… သူတို့က တော်တော်ယုံကြည်ရလောက်တယ်လို့ ခံစားရတယ်… သူတို့ကို သွားတွေ့ဖို့ မင်းကို ခေါ်သွားလိုက်မယ်"
သူမသည် ဟင်းချက်သည့်အခါတွင် ဆံပင်ကို စည်းထားကာ အဝတ်အစားကိုလည်း သာမာန်လိုပင် ပေါ့ပေါ့ပါးပါးပါဝတ်ထားသည်။မျက်နှာပေါ်တွင်လည်း ဘယ်လိုမိတ်ကပ်မျိုးမှ မလိမ်းထားသောကြောင့် သူမ ပုံစံက အိမ်နေရင်းပုံစံဖြင့် ပေါ့ပါးလတ်ဆတ်နေသည်။ သို့သော် သူမသည် ဤကဲ့သို့ အပြင်ထွက်လျှင် အနည်းငယ် အဆင်မပြေ ဖြစ်နေမည် ထင်သည်။ထို့ကြောင့်၊ သူမက ရှုပ်ပွနေသော ဆံပင်ကို ထိလိုက်ရင်း ပြောလိုက်သည်။
"အင်း ဒါဆို ညီမလေးအရင်ပြန်ပြီး အဝတ်လဲလိုက်မယ်..."
လင်းရွှမ် က အနည်းငယ် ထူးဆန်းစွာကြည့်ရင်း ခေါင်းယမ်းကာ
"မဟုတ်ဘူး၊ မင်းက ဒီလိုလဲ လှပါတယ်"
ထို့နောက် သူသည် သူမ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ထွက်လာခဲ့သည်။
ဧည့်သည်များရှိရာ ခမ်းနားထည်ဝါသော ဧည့်ခန်းသို့ ရောက်ရှိလာသောအခါတွင် သူမသည် လင်းရွှမ် ၏ စကားအဓိပ္ပါယ်ကို နားလည်လာရသည်။အဘယ်ကြောင့်ဆိုသော် ဂျက်စတင်ဘရမ် သည် သူ၏ စေ့စပ်ထားသူ အမျိုးသမီးတစ်ဦးကိုလည်း ခေါ်ဆောင်လာသောကြောင့် ဖြစ်သည်။
ဂျက်စတင်၏ စေ့စပ်ထားသူမှာ ဇာ့ခ် မေးရိုးမပါရှိဘဲ လူသားနှင့်တူကာ နာမည်က လီလစ် ဟုခေါ်သည်။ သူမသည် အရပ်ရှည်ရှည်နှင့် ခပ်ပိန်ပိန်ဖြစ်ပြီး တောက်ပသော မျက်နှာသွင်ပြင်ရှိသည်။သူမပုံစံက အနုပညာဆန်နေကာ အစိမ်းဖျော့ အစင်းများပါသော စကတ်ရှည်ကို ၀တ်ဆင်ထားသည်။ သူမ၏ အစိမ်းရင့်ရောင်ဆံပင်ကို ကျစ်ဆံမြီးများစွာ ကျစ်ထားသည်။ သူမ၏ မျက်နှာဘယ်ဘက်ခြမ်းမှ မျက်စေ့အဆုံးတွင် ထူးဆန်းသည့်ပုံစံတွေ ရှိနေသည်။ သူမ၏ အသားအရေသည် အလွန်ဖြူဖျော့နေသော်လည်း နှုတ်ခမ်းများက မည်းနက်နေသည်။
လင်းယောင်ယောင် ဧည့်ခန်းထဲကို ရောက်သည်နှင့်၊သူမကို လီလစ် က စွဲဆောင်သွားသည်။ အလွန်ထူထဲသောမိတ်ကပ်နှင့် ကြမ်းပြင်အထိ တွဲလောင်းကျနေသော စကပ်ဝတ်ထားသည့် မည်သူ့ကိုမဆို အားလုံး အကြည့်မလွှဲနိုင်ကြသည်မှာ သေချာသည်။
သို့သော်လည်း လီလစ် ၏ ထူးခြားသောအသွင်အပြင်နှင့် မိတ်ကပ်အပြင် လင်းယောင်ယောင် သည် ထိုမိန်းကလေးနှင့် ထူးဆန်းစွာ ရင်းနှီးနေသလိုရှိကြောင်း တွေ့ရသည်။
လီလစ် ကလည်း လင်းယောင်ယောင် ကို စိုက်ကြည့်ရင်း " ညီမလေးက အရမ်းလှ၊ချစ်ဖို့ကောင်းပြီး အနံ့က အရမ်းမွှေးတာပဲ..."
အကယ်၍ ဂျက်စတင် သည် သူမ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်းမရှိပါက လီလစ် သည် လင်းယောင်ယောင် ရှေ့ကိုခုန်ပေါက်၍ သွားပေလိမ့်မည်။
ဂျက်စတင် နှင့် လီလစ် တို့သည် အလွန်ချစ်ခင်မြတ်နိုးကြသည်ကို မြင်သောကြောင့် လင်းရွှမ် သည် လင်းယောင်ယောင် ကို ဧည့်သည်များနှင့် တွေ့ဆုံရန် ခေါ်လာရခြင်းအတွက် စိတ်သက်သာရာရသွားသည်။ ဂျက်စတင် သည် လီလစ် ကို ဘုရင်မတစ်ပါးလို ဆက်ဆံပြီး သူတို့နှစ်ယောက်မှာ စိတ်ဓာတ်ရေးရာနယ်ပယ်ချင်းလည်း လိုက်ဖက်လွန်းသည်ဟု ဆိုလေသည်။ ဘေးနားတွင် ထိုကဲ့သို့သော ချစ်သူရှိသဖြင့် ဂျက်စတင် သည် လင်းယောင်ယောင် လို ဖြူစင်၍ ချစ်စရာကောင်းသော ကောင်မလေးကို မျက်စိကျဖို့ဆိုသည်က မဖြစ်နိုင်ပေ။ဂျက်စတင်က အဆင်ပြေသော်လည်း သူခေါ်လာသည့် စေ့စပ်ထားသူက တော်တော်ပြဿနာရှိလေသည်။
ဂျက်စတင် က လီလစ် ခါးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး "အချစ်လေး....မင်းက တခြာမိန်းကလေးတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး စိတ်ဝင်စားနေတာလဲ… မင်းကိုယ့်ကို မချစ်ဘူးလား"
ဘရမ်သည် လီလစ် ၏ အာရုံကို ပြန်ဆွဲဆောင်လိုက်သော်လည်း…
"အာ ရှင် အရမ်းဆိုးတာပဲ...လွှတ်...ဒီချစ်စရာလေးကို ပွေ့ဖက်ထားချင်ရုံလေးပါ... ရှင်ဒီလိုထပ်လုပ်ရင် ရှင့်ကို မုန်းလိုက်မှာ"
လင်းယောင်ယောင် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မိသည်။ အနည်းငယ်ထူးဆန်းသော လီလစ် မှာ မုန်းစရာမကောင်းပေ။ လီလစ်က သူမအပေါ် ရန်လိုမှုမျိုးမရှိကြောင်းကိုလည်း အလိုလိုသိနိုင်သည်။ ထို့အပြင်၊လီလစ်သည် သူမကို ရိုးသားစွာပင် ခင်မင်နေတော့သည်။သို့သော်၊ သူမဘေးနားက စည်းကမ်းကြီးသော စစ်ဗိုလ်ချုပ်ကြီး က သူမ ခါးကိုတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ တစ်ဖက်က မိန်းမပျိုလေးနှင့် ပျော်ရွှင်စွာ စကားပြောနေသည်ကို ကြိုက်ပုံမရချေ။
ထိုအချိန်တွင် ချမ့်ယောင် နှင့် ဝေ့လင်း တို့လည်း ရောက်လာကြသည်။ သို့သော် ယနေ့ဧည့်သည်များနှင့် မရင်းနှီးသောကြောင့် ဝေ့ကျောနှင့် ဝေယိုတို့ ငယ်နှစ်ဦးကို စက်ရုပ်နို့ထိန်းအား အပ်ထားခဲ့သည်။
လီလစ် သည် အသက်ပြင်းပြင်းရှူကာ ချမ့်ယောင် ၏ ဦးတည်ရာဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူမ၏ စိမ်းပြာရောင် မျက်လုံးများက တောက်ပသော အလင်းရောင်ဖြင့် တဖျပ်ဖျပ်ခတ်နေသည်။
"အိုး… ထောင်ချီရှိတဲ့ ဝိညာဉ်ပန်းပွင့်တော်ဝင်မျိုးနွယ်ပါလား"
ချမ့်ယောင် လည်း အလွန်အံ့သြသွားသည်။ "နင်ကလည်း ထောင်ချီရှိတဲ့ ပိုးချည်စပျစ်နွယ်ပင်တွေရဲ့ အနွယ်တော်လား"
ညီမ လီလစ် က ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြသည်။
လင်းယောင်ယောင် သည် ဤအမည်နှစ်ခုကို တစ်ခါမျှ မကြားဖူးသော်လည်း သူမ အနည်းငယ် နားလည်မိသည်။လီလစ် သည် Green Star လူမျိုးများ၏ သွေးနွယ် ဖြစ်ပုံရသည်။ မျိုးနွယ်စုနှစ်ခုစလုံးသည် "ထောင်ချီတဲ့" ဆိုသည့်စကားဖြင့် စတင်ကာ ချိတ်ဆက်သည်။
လင်းယောင်ယောင် ၏ထူးဆန်းသောအကြည့်ကို မြင်ပြီးနောက် ချမ့်ယောင် က
"ထောင်ချီရှိတဲ့ ပိုးချည်စပျစ်နွယ်( Thousands Silk Vines)ဆိုတာ ထောင်ချီရှိတဲ့ ဝိညာဉ်ပန်းပွင့်မျိုးနွယ်စု( Thousands Spirit Flower Clans)ရဲ့ အဖော်မျိုးနွယ်လေ...နှစ်ခုလုံးက အဆင့်မြင့် green star မျိုးနွယ်စုပါပဲ... Green Star ကြယ်ပွင့်မဟာမိတ်မှာ ထောင်ချီရှိတဲ့ ပိုးချည်စပျစ်နွယ် မျိုးနွယ်စုက ထောင်ချီရှိတဲ့ ဝိညာဉ်ပန်းပွင့်မျိုးနွယ်စု ရဲ့ သစ္စာအရှိဆုံးနောက်လိုက်တွေ"
ထောင်ချီရှိသည့် ဝိညာဉ်ပန်းပွင့်မျိုးနွယ်စု သည် Green Star မဟာမိတ် ၏ တော်ဝင်မိသားစုဖြစ်ပြီး မျိုးနွယ်ဝင်အများစုမှာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သော်လည်း ကိုယ်လုံးကိုယ်ပေါက်အားနည်းကြသည်။ ထို့ကြောင့် သူတို့သည် အစောင့်အကြပ်အဖြစ် ထောင်ချီရှိသည့် ပိုးချည်စပျစ်နွယ်ပင်မျိုးနွယ်စုကို လိုအပ်သည်။
ထောင်ချီရှိသည့် ပိုးချည်စပျစ်နွယ် မျိုးနွယ်စုသည် တက်ကြွပြီး စစ်ပွဲကြိုက်သော်လည်း သူတို့၏ စိတ်စွမ်းအားသည် ကြမ်းတမ်းသော ရူးသွပ်ခြင်းသို့ အလွယ်တကူ ကျရောက်တတ်သည်။ သူတို့ ရူးသွပ်လာသည့်အခါ သူတို့၏ စပျစ်နွယ်ပင်ပုံစံရှိသည့် ဆံပင်တွေမှာ အသက်ဝင်လာပြီး ဇက်ကြိုးမရှိသည့် မြင်းရိုင်းတစ်ကောင်လို ဆိုးသွမ်းတတ်ကြ၏။ သူတို့နာမည်ကိုတောင် မမှတ်မိတော့ေပ။ ထောင်ချီရှိသည့် ဝိညာဉ်ပန်းပွင့်မျိုးနွယ်တို့၏ နူးညံ့သိမ်မွေ့သော စိတ်စွမ်းအားဖြင့် ငြိမ်သက်စေပြီးမှသာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အေးချမ်းသာယာစွာ ခံစားနိုင်မည်ဖြစ်သည်။
ယခုဆို လီလစ် က လင်းယောင်ယောင် ကိုတွေ့သည်နှင့် ဘာကြောင့် အလျင်စလို ပွေ့ဖက်ချင်ရသလဲဆိုသည်ကို နားလည်၍ ရသွားပြီဖြစ်သည်။
သဘာဝတရားက ဖောက်ဖျက်ဖို့ ခက်ခဲလှပေသည်။
ကံကောင်းထောက်မစွာ၊ လီလစ် သည် တာဇာသွေးလေးပုံတစ်ပုံနှင့် လူသားမျိုးနွယ် သွေးလေးပုံတစ်ပုံလည်းရှိသောကြောင့် သူမသည် ထိန်းချုပ်နိုင်စွမ်းမရှိသူမဟုတ်ပေ။ ထောင်ပေါင်းများစွာသော ဝိညာဉ်ပန်းပွင့်မျိုးနွယ်မှ တစ်စုံတစ်ဦးကို ပထမဆုံးအကြိမ် တွေ့တာတောင်မှ သူမခန္ဓာကိုယ်ရှိ ကြီးမြတ်သောသဘာဝကို ထိန်းထားနိုင်ခဲ့သည်။ အတိအကျပြောရသော်လည်း သူမ၏ ဘိုးဘေးဘီဘင်များထံမှ သွေးရောနှောမှုကြောင့် ပိုးချည်စပျစ်နွယ်ပုံစံ အရေးအကြောင်းများ ရှိနေရပြီး ပိုးထည်ပစ္စည်းအမျိုးမျိုးကိုလည်း အများအားဖြင့် နှစ်သက်တတ်သည်။
လီလစ် ၏ ကြမ်းပြင်ထိဝတ်စုံသည် ထူးဆန်းနေသော်လည်း အထူးစပယ်ရှယ် သူမ၏ဆံပင်နှင့် ရက်ထားခြင်းဖြစ်သည်။ သူမ တိုက်ပွဲဝင်လိုသည့်အခါ ပိုးထည်မှ အမျှင်တစ်ခုစီတိုင်းသည် ချည်ကြိုးရှည်များအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
လင်းယောင်ယောင် သည် ထောင်ချီရှိသည့် ဝိညာဉ်ပန်းပွင့်မျိုးနွယ်၏ သွေးတစ်ဝက်သာရှိသည်။ထို့ကြောင့် သူမတွင် ရွှေအိုရောင်ဆံပင်အရောင်ဖျော့ဖျော့နှင့် ချမ့်ယောင် နှင့်ဆင်တူသော အစိမ်းရင့်ရောင်မျက်လုံးများရှိသော်လည်း ထူးထူးခြားခြား စွမ်းဆောင်နိုင်စွမ်းမရှိပေ။
သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။ ထောင်ချီရှိသည့် ပိုးချည်စပျစ်နွယ် ပင် မျိုးနွယ်တို့သည် 168 ၏ပိုးမျှင်များနှင့် 012 ၏စပျစ်နွယ်ပင်များပေါင်းစပ်ထားပုံရသည်။တစ်ကယ်တမ်းမှာ၊ထိုအကြောင်းကပင် ဂျက်စတင် သည် ကြောက်စရာကောင်းသော ဇာ့ခ်ဘုရင်မကို မကြောက်ဘဲ သူ၏ ဇနီးလောင်းကိုတောင် ခေါ်လာရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ အကြောင်းမှာ လီလစ်သည် ငယ်စဉ်ကတည်းက မက်မွန်သီးရောင် ဇာ့ခ်တစ်ကောင်ကို မွေးချင်ခဲ့၍ဖြစ်သည်။
သူတို့ငယ်ငယ်ကတည်းက ဂျက်စတင် သည် လီလစ် အန္တရာယ်ကြုံတိုင်း အမြဲကာကွယ်ပေးခဲ့သည်။ သူမ၏ဆံပင်များသည် ပိုးကြိုးများအဖြစ်သို့ ပြောင်းလဲသွားလျှင်တောင် ဂျက်စတင် က ထိုတိုက်ခိုက်မှုများကို ကြောက်မှာမဟုတ်ပေ။ ယခု လင်းမိသားစုမှ မောင်နှမနှစ်ယောက်သည် မက်မွန်သီးရောင်ဇာ့ခ်ကို မွေးမြူထားသောကြောင့် ဂျက်စတင် ပူးပေါင်းဆောင်ရွက်ချင်မိသည်။ ယခုမူ လီလစ် နှစ်သက်သော အမဲသားမက်မွန်ပိုးကောင်ရှိရုံသာမက သူမကို အလွန်ဆွဲဆောင်ထားသည့် ထောင်ချီရှိသည့် ဝိညာဉ်ပန်းပွင့်မျိုးနွယ်စုကိုလည်း တွေ့ရလေသည်။
အထူးသဖြင့် လင်းယောင်ယောင် ပြုလုပ်သော အရသာရှိသည့် ဟင်းလျာများကို စားပြီးနောက် လီလစ် သည် ဤနေရာတွင် ဆက်နေချင်နိုင်လောက်အောင် ဖြစ်သွားသည်။ သူမ ဂျက်စတင် နှင့် မပြန်ချင်တော့ေပ။
တုနှိုင်းမရသည့် အရသာတို့ကြောင့်ပျော်ရွှင်ရသည့်အပြင်၊ လင်းယောင်ယောင် ပြုလုပ်သော ဖြည့်စွက်အစားအစာတွင် သူမ၏ စိတ်ဝိညာဉ်ကို အေးချမ်းစေပြီး အလွန်သက်တောင့်သက်သာဖြစ်ရသည်။ သူမ တစ်ကိုယ်လုံးတိမ်ပေါ်စီးနေရသလိုပင်။ ရှင်းရှင်းပြောရလျှင် လင်းယောင်ယောင် ၏ ဖြည့်စွက်စာသည် 100% အရသာရှိသည်ဟု သာမန်လူများက ယူဆပါက သူမကမူ 120% ရှိသည်ဟု ယူဆမိသည်။မနေ့က ဂျက်စတင် ပြန်ယူလာသည့် ဝမ်တန် ဖက်ထုပ်ကိုစားပြီးနောက် ယခုလိုခံစားချက်မျိုးကို ခံစားခဲ့ရ၏။ သို့သော် ဖက်ထုပ်တွင်ရှိသော စွမ်းအင်သည် အတော် နည်းပါးသောကြောင့် ခံစားချက်များသည် ရှင်းရှင်းလင်းလင်းနှင့် မထင်ရှားပေ။ အရသာရှိမှန်း သိပြီး မကြာခဏ စားချင်နေမိခြင်းသာ။ သို့သော်၊ ယနေ့၏ လက်ရာမြောက်ပြီး အရသာရှိသော အစားအစာသည် စွမ်းအင်ပြည့်ဝကာ သူမ၏ စိတ်စွမ်းအားအတွက်လည်း ထိရောက်မှုရှိသည်။
ညစာစားအပြီးတွင် လီလစ် သည် ပေါက်လုမတတ် ဖြစ်နေသည့် ဗိုက်ကို ပွတ်သပ်လိုက်သည်။
"အို အရမ်းအရသာရှိတာပဲ...ငါ့ပါးစပ်က ပိုစားချင်နေပေမယ့် ဘာလို့ ဗိုက်က မဆံ့ရတာလဲ"
စားဖိုမှူးများ အားလုံးသည် သူတို့ ချက်ထားသော အစားအစာကို အခြားသူများက အသိအမှတ်ပြုပြီး ကြိုက်နှစ်သက်သောအခါ ဘယ်သူမဆို အလွန်ပျော်ရွှင်ကြမည်ဖြစ်သည်။လင်းယောင်ယောင် သည်လည်း လီလစ် အား စွမ်းအင်သုံး အစာကြေဆေးကို ရယ်ကာမောကာဖြင့် ဝမ်းပန်းတသာ ပေးလိုက်သည်။ မကြာခဏ အစာချွေးအစာကို ချွေတာရသည့် တာဇာ နိုင်ငံသားတစ်ယောက်အနေနှင့် အစာခြေဖျက်ဆေး သောက်ရသည့် အတွေ့အကြုံက မကြုံစဖူးထူးဆန်းနေသည်။
သို့သော်လည်း၊ ဂျက်စတင် မှာ သူနှင့် ပြန်မသွားဖို့ ငြင်းဆန်နေသည့် ကောင်မလေးကြောင့် သူ အသည်းကွဲသွားသလို ဖြစ်ခဲ့ရသည်။
ညှိနှိုင်းမှုပြီးသွားပြီဖြစ်သည်။ ဂျက်စတင် ၏ ထိပ်တန်းနည်းပညာဆိုင်ရာ အချက်အလက်များနှင့် လင်းရွှမ် ၏ သိုလှောင်ရလွယ်ကူသော အရန်အစားအစာ တန်ချိန်2000ကို လဲလှယ်နိုင်ခဲ့သည်။
ထို့အပြင် ဂျက်စတင် သည် လင်းရွှမ် နှင့် ရာနှင့်ချီသော အာကာသယာဥ်ငယ်များ၊ ဒရုန်းထောင်ပေါင်းများစွာနှင့် အဆင့်မြင့်လက်နက်များကို ဖြည့်စွက်အစားအစာနှင့် ဖြည့်စွက်ဆေးဝါးချက်ပြုတ်နည်းများအတွက် လဲလှယ်ရန်လည်း သဘောတူညီခဲ့သည်။ယခု သူ စတင်ရန်အတွက်ပြင်ဆင်ဖို့ အချိန်တစ်ခုသာ လိုသည်။
ကံကောင်းစွာဖြင့်၊ ညသိမ်းငှက်တပ်ဖွဲ့ သည်လည်း ထိပ်တန်း သိပ္ပံသုတေသနနှင့် နည်းပညာဆိုင်ရာ အချက်အလက်များကို အဆင့်မြှင့်တင်ရန်လည်း အချိန်ယူရမည်ဖြစ်သည်။ ဤကာလအတွင်း ဂျက်စတင် ၏လူများသည် သူတို့ကို လမ်းညွှန်မှုပေးရန် မရှိမဖြစ်လိုအပ်သည်။ သူ့ဘက်မှလည်း ဖြည့်စွက်ကုထုံး အစားအသောက်နည်းပညာများကို လေ့လာရန် မနက်ဖြန်တွင် လူသုံးဆယ်ကို ညသိမ်းငှက်တပ်ဖွဲ့သို့ စေလွှတ်ရန်
သဘောတူခဲ့သည်။
ဂျက်စတင် သည် အမှန်တစ်ကယ် ယုံကြည်စိတ်ချရကြောင်း အတည်ပြုထားပြီးဖြစ်၍ လင်းရွှမ် သည် ဝှက်ဖဲ 168 ကို လည်း ထုတ်ဖော်ခဲ့ပြီးဖြစ်သောကြောင့် ဟွမ်ဟိုင် ဂြိုဟ်တည်ရှိမှုကို ဖုံးကွယ်ရန် မလိုအပ်ပေ။သူတို့ ရောင်းချသော ဖြည့်စွက်အစားအစာများသည် ဟွမ်ဟိုင်ပေါ်ရှိ ပင်လယ်သားရဲ အရင်းအမြစ်များမှ ဖန်တီးထားခြင်းကိုလည်း ထုတ်ပြော၍ဖြစ်သည်။တစ်ကယ်တမ်းတွင်၊ ဟွမ်ဟိုင် သည် ညသိမ်းငှက်တပ်ဖွဲ့ ပိုင်ဆိုင်ခြင်းမဟုတ်၍ လင်းရွှမ် သည် ဘရမ် မိသားစုအား မုန့်ခွဲဝေကျွေး၍ဖြစ်သည်ဟု သဘောထား၏။
ဂျက်စတင် စေလွှတ်လိုက်သော လူများက ဖြည့်စွက် အစားအစာ ထုတ်လုပ်ရေး နည်းပညာကို လေ့လာပြီးနောက် နှစ်ဖက်လုံးသည် ဟွမ်ဟိုင်သို့ လူများကို စေလွှတ်ကာ ပင်လယ်သားရဲများအား အမဲလိုက်ကြသည်။ ဘရမ် မိသားစုသည် တာဇာကြယ်ပွင့်နယ်မြေ တွင်ထုတ်လုပ်ရောင်းချခြင်းအတွက်တာဝန်ရှိသည်။ ညသိမ်းငှက်တပ်ဖွဲ့ မှရရှိသော ပင်လယ်သားရဲအသားများကိုအဓိကအားဖြင့် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၏ကိုယ်ပိုင်စားသုံးမှုအတွက်သီးသန့်ထားရှိမည်ဖြစ်ပြီးအနည်းငယ်ကိုသာပြင်ပသို့ရောင်းချမည်ဖြစ်သည်။
ထိုအချက်ကလည်း ဂျက်စတင် ၏ စစ်ရေးရာမှာ ပံ့ပိုးသည့်အတွက် လင်းရွှမ် က ကျေးဇူးဆပ်ခြင်း ဖြစ်ပြီး အနာဂတ်တွင် ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့အတွက် လမ်းပျိုးထားခြင်းပင်။
လီလစ် သည် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တစ်ခုလုံးတွင် ပါဝင်ခဲ့ပြီး ဤအရာအားလုံးကို ရှင်းရှင်းလင်းလင်းသိထားသည်။
"ချက်ပြုတ်နည်းကိုလေ့လာပြီး လက်ထောက်ကုထုံးပညာရှင်တွေကို ကြီးကြပ်ဖို့ ကျွန်မ ဒီမှာ နေမယ်…မဟုတ်ရင် နောက် ယောင်ယောင် ထွက်သွားတဲ့အခါ စားစရာမရှိဘဲ မကောင်းတာတွေကြီးစားနေရလိမ့်မယ်"
လင်းယောင်ယောင် ကလည်း သူမကို ဧည့်သည်အဖြစ် ကြိုဆိုသလို သူငယ်ချင်းဖြစ်နိုင်သည်ဟု ထင်မိသည်။ ကျောင်းထွက်လာပြီးနောက် သူမသည် အသက်အရွယ်တူ မိန်းကလေးများနှင့် မပျော်ရသည်မှာ ကြာပြီဖြစ်၏။ ချမ့်ယောင် က ငယ်ရွယ်သော်လည်း အမေဖြစ်နေ၍ အသက်ကြီးသူများနှင့် မျိုးဆက်သစ်များကြားက ဆက်ဆံရေးမှာ ကွဲပြားပြီး ချမ့်ယောင် သည် သူမ၏ မောင်လေးနှစ်ယောက်နှင့်သာ မကြာခဏ အချိန်ပေးလေ့ရှိသည်။
ညစာစားပြီးပြီးချင်း ဝေ့လင်းနှင့် ချမ့်ယောင်တို့ နှစ်ယောက်သားမှာ အခန်းထဲ ပြန်သွားကြသည်။ ယခုဆို လီလစ် သည် 012 သွေးစပျစ်နွယ်ပင်နှင့်လည်း အတားအဆီးမရှိဘဲဆက်သွယ်နိုင်ပြီး 168 ကို အလွန်ချစ်ခင်နေပြီဖြစ်သည်။
လင်းယောင်ယောင် နှင့် လီလစ် တို့သည် အကြိုက်များလည်းတူညီကြကာ 012 နှင့် 168 တို့အတွက်လည်း သူငယ်ချင်းတစ်ယောက် ထပ်မံရရှိသလိုမျိုး ခံစားရလေသည်။သို့သော်၊လင်းရွှမ် ကတော့ သိပ်စိတ်မချမ်းသာဖြစ်နေ၏။
သူနှင့် လင်းယောင်ယောင် သည် အာကာသယာဉ်တစ်စင်းတည်းတွင် ရှိသော်လည်း ကိုယ်ပိုင်ကိစ္စများနှင့် အသီးသီး အလုပ်ရှုပ်နေရသည်။ တစ်ယောက်နှင့်တစ်ယောက် အတူနေပေးကြဖို့တောင် အချိန်အများကြီးမရှိချေ။ယခုတော့ သူ့ဇနီးလေး၏အာရုံကို ဖမ်းစားချင်နေသူ နောက်ထပ်လူတစ်ယောက်တိုးလာပြန်လေသည်။
သို့သော်... သူတို့လို ယောက်ျားနှစ်ယောက်သည် သူမတို့ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားမည်ကို ကြောက်ရွံ့နေကြသော်လည်း ခင်မင်မှုကိုလည်း မတားဆီးနိုင်ပေ။
လီလစ် - "ကျွန်မကို ပြန်ခေါ်ရင်လေ ရှင့်ကို ဇောက်ထိုးဆွဲထားပြီးရိုက်မယ်!"
ဂျက်စတင် : "အိုကေလေ..ဒီမှာ မင်း အနည်းဆုံး သုံးရက်ပဲ နေနိုင်တယ်နော်"
လီလစ်: "သုံးလ"
ဂျက်စတင် - "...လင်းရွှမ် ရဲ့ အာကာသယာဉ်က ဒီမှာ သုံးလလောက် နေမှာ မဟုတ်ဘူး!"
လီလစ် - "ဒါဆို သူတို့ တာဇာကြယ်ပွင့်နယ်မြေ က မထွက်မချင်း ဒီမှာနေမယ်"
.........
နှစ်ယောက်သား အချိန်အတော်ကြာ ညှိနှိုင်းခဲ့ကြပြီးနောက် ဂျက်စတင် မျက်နှာအတော်ပျက်ထွက်သွားသည်။ နောက်ဆုံးမှာတော့ လီလစ် သည် ယနေ့ ဂျက်စတင် နှင့် အိမ်အတူပြန်ပြီး မနက်ဖြန်ကျလျှင် လက်ထောက်ကုထုံးဆရာတွေနှင့် ပြန်လာဖို့ သဘောတူခဲ့ကြ၏။ ထို့နောက် သူမသည် ညသိမ်းငှက်တပ်ဖွဲ့ တွင် သုံးရက်နေကာ ဂျက်စတင် နှင့် နောက်ထပ်သုံးရက်နေထိုင်ရန် ပြန်သွားခဲ့သည်။ သို့နှင့်၊ တာဇာကြယ်ပွင့်မဟာမိတ် တိုက်ပွဲမဖြစ်မီတွင် သူမသည် ဤကဲ့သို့ အပြန်ပြန်အလှန်လှန် လည်ပတ်နေခဲ့သည်။ စစ်ပွဲစတင်ပါက၊ လီလစ် လည်း ထွက်သွားရမည်ဖြစ်လေသည်။
လင်းယောင်ယောင် သည် လင်းရွှမ် ၏ လက်မောင်းကို ပွေ့ဖက်ကာ လှုပ်ယမ်းလိုက်သည်။ ထို့နောက် ကလေးတစ်ယောက်လို နူးညံ့ချိုသာစွာဖြင့်
"အစ်ကိုကြီးက အကောင်းဆုံးပဲ...."
သူမ စကားပြောနေစဉ် ခေါင်းလေးကို လင်းရွှမ် ၏ရင်ဘတ်ထဲမှာမြှုပ်ပြီး တိုးဝှေ့ပွတ်သပ်လိုက်သည်။ ဤနေရာတွင် အပြင်လူများစွာ ရှိသည်။ လူအများရှေ့တွင် သူမသည် ယခင်ကဆို သူနှင့် အလွန်ရင်းနှီးစွာ မနေထိုင်တတ်ပေ။မလုပ်စဖူးလုပ်ရပ်ကြောင့် ဗိုလ်ချုပ်၏ နားရွက်များသည် နီရဲနေရသည်။
xxxxxxx