အခန်း၁၅၈
Viewers 12k

Chapter 158

(ဇာ့ခ်များ၏ဧကရီ)



လီလစ် ၊ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့ကြားမှ ချိုမြိန်သော ဆက်ဆံရေးအတွက် ကြည်နူးမိသော်လည်း ဂျက်စတင် အလွန်ပင်မနာလိုဖြစ်မိသည်။ သူ မနာလို ဖြစ်နေမှန်းသိသွားသော လီလစ်က ချက်ချင်းပင် သူ့နားရွက်ကိုဆွဲလိုက်ရာ သူ ခပ်မြန်မြန် ကတိပေးလိုက်သည်။


"ချစ်လေး ကိုယ် မင်းကို ချစ်တယ်..တစ်ကယ်‌တော့  ကျိန်ဆဲတယ်ဆိုတာကလည်း ချစ်တာပဲမလား...မင်းက ကိုယ့်ကိုကန်မယ်ဆိုတာလည်း လေးလေးနက်နက်ချစ်တယ်လို့ ပြောလိုက်တာပဲပေါ့"


လင်းယောင်ယောင် က လင်းရွှမ် ၏ ရင်ခွင်ထဲမှ နေ၍ တခစ်ခစ် ရယ်မောနေမိလေသည်။ ထို့နောက် လင်းရွှမ် က သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ သူမ၏ ပျော့ပျောင်းသော ဆံပင်များကို နူးညံ့စွာ နမ်းလိုက်သည်။


 အချစ်ကိုဖော်ပြဖို့ နည်းလမ်းများစွာရှိပေသည်။ ဥပမာအားဖြင့်၊ အချို့သောသူတို့သည် သူတို့လက်တွဲဖော်၏ အကြိုက်ကလေးများကိုပင် ဂရုတစိုက်မှတ်ထား၍ ကြင်ကြင်နာနာဆက်ဆံကြသည်။အဆက်ဆံခံရသူကလည်း ပျော်ရွှင်ကြသူချည်းသာ။ 


 ညနေပိုင်းတွင် ခေါင်းဆောင်၏နားနေခန်းသို့ ပြန်သွားကာ အိပ်ကြသည်။


လင်းယောင်ယောင် သည် လီလစ် ၏ "ထက်မြက်ပြီး ကြမ်းတမ်းသော" ပုံစံကို အသိအမှတ်ပြုကြောင်း လင်းရွှမ်အား ပြောလိုက်သည်။ ထောင်ချီရှိသည့် ပိုးချည်စပျစ်နွယ်ပင်မျိုးနွယ်သည်  ဝိညာဉ်ပန်းပွင့်မျိုးနွယ်နှင့် ဆက်စပ်နေသော မျိုးနွယ်စုဖြစ်ထိုက်သည်ဟု သူမ ခံစားမိသည်။ လီလစ်သည် အလွန်နှစ်သက်ဖွယ်ကောင်းသည်။အနည်းဆုံးတော့ သူမသည် ပိုင်မောင်နှမတွေထက် ကျေနပ်စရာ ကောင်းသည်။


လင်းရွှမ် သည် သူ့နှလုံးသားထဲတွင် အနည်းငယ် နာကျင်သွားရသည်။ သူက ချစ်စရာကောင်းပြီး နူးညံ့သော မိန်းကလေးကို သူ့ရင်ခွင်ထဲတွင် ချုပ်ကိုင်ထားကာ နီရဲနေသော နှုတ်ခမ်းလေးကို နမ်းလိုက်သည်။


 "နေ့ခင်းဘက်မှာ သူမနဲ့ နေရင်လည်း ကိုယ် ကန့်ကွက်စရာ မရှိဘူး…ဒါပေမယ့်  ညဘက်ကျရင် ကိုယ့်အကြောင်းပဲ တွေးလေ..."


လင်းယောင်ယောင် သည် လင်းရွှမ် မှာ ဤစိတ်ထားမျိုးရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမက စိတ်ကောက်၍ သူ့ကိုထုနှက်ရိုက်ပုတ်ကာ အပျော်သဘော စ,နောက်ချင်သော်လည်း သူ့ကိုတော့ ဘယ်လိုမှနိုင်မည်မဟုတ်ပေ။သူမသည် လင်းရွှမ် ၏ ပုခုံးပေါ်ကို သွားဖြူဖြူလေးများဖြင့် ကိုက်လိုက်သော်လည်း သူမကသာ နာကျင်နေသူ ဖြစ်သည်။


  "ညီမလေးကို နည်းနည်းလောက် အနိုင်ယူခွင့် မပေးချင်ဘူးလား"


 သူတို့နှစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်အဆင့် ကွာခြားချက်က အတော်များသည်။ လင်းရွှမ် သည် မနာကျင်နိင်သော်လည်း နာကျင်ဟန်ဆောင်၍ ရသေးသည်။  သူခဏလောက်စဉ်းစားပြီး "ဒါဆို... တစ်ခြားနေရာကို ကိုက်မလား၊ ဒါပေမယ့် အရမ်းမကိုက်နဲ့နော်…အဲဒါက sensitive ဖြစ်တယ်"


လင်းယောင်ယောင် ခဏတာမျှ မတုံ့ပြန်နိုင်ဘဲ စဉ်းစားနေပြီးမှ သဘောပေါက်သွားသောအခါ ရှက်ရွံ့သွားကာ လင်းရွှမ်၏ ရင်ဘတ်ကို အကြိမ်ပေါင်းများစွာ ထိုးလိုက်သည်။ 


"နှာဘူးကြီး"


ထိုလင်းရွှမ် က လေးနက်စွာ ပြောလာသည်။ 


" ပါးစပ်အကြောင်းပြောနေတာလေ ဘယ်အပိုင်းကို စဉ်းစားနေတာလဲ"


နောက်တစ်နေ့တွင် လင်းယောင်ယောင် အိပ်ယာမှထသောအခါ ဂျက်စတင် နှင့် လီလစ် တို့သည် အလုပ်သင်အဆင့် အရန်ကုထုံးပညာရှင် အယောက်သုံးဆယ်နှင့်အတူ ရောက်နေပြီဖြစ်သည်။


 စောစောလာရခြင်းမှာ မနက်စာအမီစားဖို့ဟု လီလစ်က ပြောလေသည်။  ကံကောင်းထောက်မစွာ၊ ညသိမ်းငှက်တပ်ဖွဲ့ ၏ ပင်မအာကာသယာဉ်ပေါ်ရှိ အစားအသောက်ကုထုံးပညာရှင်များကို လင်းယောင်ယောင် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။သူတို့သည် ရိုးရှင်းသောအစားအစာများစွာကို အလွန်ကောင်းမွန်စွာပြုလုပ်နိုင်ပြီးဖြစ်၍ လင်းယောင်ယောင် မနက်စာကိုယ်တိုင်ချက်ရန် မလိုအပ်ပေ။ မနက်စာက အတော်လေးရိုးရှင်းသည်။  ပင်လယ်ငှက်ဥနှင့်ကြက်သွန်နီကြော်၊ ပန်ကိတ်မုန့်၊ပင်လယ်ငါးနှင့်ဂျုံယာဂုတို့ ဖြစ်သည်။


လင်းယောင်ယောင် ချက်ပြုတ်ခြင်း မဟုတ်သော်လည်း လီလစ် အလွန် ကျေနပ်လေသည်။ သူမ နေ့တိုင်းစားသည့် အာဟာရဖျော်ရည်များထက် အများကြီး ပိုအရသာရှိသည်။


 012သည် အသားကို ပိုကြိုက်၏။  ၎င်း၏ မနက်စာသည် မနေ့ညက မီးအေးအေးဖြင့် လင်းယောင်ယောင် ပြုတ်ထားသော ပင်လယ်ငါးနှင့် မုန်လာဥဟင်းရည်ဖြစ်သည်။ ဟင်းရည်က ပျစ်ပြီး အရသာရှိသည်။ ငါးအသားတွင် အရိုးလုံးဝမပါရှိပေ။  အသားက ကြမ်းသော်လည်း၊ ကြာကြာချက်ပြုတ်ပြီးဖြစ်၍ အသားက ပျော့လာပြီး ပါးစပ်ထဲမှာ အရည်ပျော်လုနီးပါး ဖြစ်သွားသည်။


 မနက်စာစားပြီးနောက် လီလစ် က ရက်စက်ပြီး ချစ်ဖို့ကောင်းသည့် အကောင်အား အနီးကပ်တွေ့ဖို့ မျှော်လင့်ထားသည်။


လင်းယောင်ယောင် က ရယ်ပြီး "ငါတို့နဲ့လိုက်ခဲ့ပါ... 012ရေ.. 168 ကို မနက်စာ ငါပို့ပေးလိုက်မယ်"


 168 ဂူပေါက်ဝမှာ စောင့်နေပြီဖြစ်သည်။ ပိုးကောင်များကို အစာစားရန် ထွက်လာသည့် ပင်လယ်ငှက်များကို တိုက်ခိုက်ရန် သူ၏ ပိုးချည်မျှင်များကို သုံးနေခဲ့၏။ မကြာမီ၊မနီးမဝေးက ကျောက်တုံးပေါ်မှာ ပင်လယ်ငှက်ဒါဇင်ပေါင်းများစွာ စုပုံနေခဲ့သည်။


ဗိုက်ပြည့်သွားသောအခါ 168 သည် ကမ်းရိုးတန်းသို့သွားကာ ပင်လယ်ငါးများနှင့် ပင်လယ်သားရဲများကို ကမ်းနှင့်ပိုမိုနီးကပ်စေရန်အတွက် ပိုးချည်မျှင်များကို အသုံးပြု၍ ဆွဲငင်လိုက်သည်။ဇာ့ခ်ပုံဆောင်ခဲ အလုံအလောက်မရရှိသောကြောင့် 168 သည် ဇာ့ခ်ဥများကို အတောမသတ် မဥနိုင်တော့ပေ။သို့သော်လည်း၊ အလကားစားသော ကလေးတစ်ယောက်မဖြစ်ချင်သောကြောင့် အစာစားနိုင်ရန် နေ့တိုင်းကြိုးစားနေရဆဲဖြစ်သည်။


သူမ၏ သူငယ်ချင်းများဖြစ်သော လင်းယောင်ယောင် နှင့် 012 တို့သည် ရွှင်မြူးစွာ ပြေးလာကြသည်။ ထိုအခါ သူမ၏ ချစ်စဖွယ်မျက်လုံးကြီး ကိုးလုံးက ပြူးကျယ်ဝိုင်းစက်နေကာ ဖြူဝင်းသော မျက်နှာကြီးပေါ်တွင် ချစ်စဖွယ် နီရဲနေသည့် ပါးနီလေး နှစ်ခု ဖြစ်ပေါ်လာသည်။  


"လင်းယောင်ယောင် သူငယ်ချင်းလေး၊ 012 သူငယ်ချင်းလေး…မင်္ဂလာမနက်ခင်းပါ...ဒီနေ့ အရသာရှိတာ ပါသေးလား"


 168 သည် လင်းယောင်ယောင် အနားရှိ အပိုအမျိုးသမီး လီလစ် ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ သို့သော် သူမကို စား၍ မရကြောင်း သတိရသွားသောအခါ ဒုတိယအကြိမ်ပြန်ကြည့်မနေတော့‌ေပ။


 လီလစ် သည် ချစ်စရာကလေး 168ကြောင့် အတော်လေး ပျော်နေမိသည်။သို့သော်လည်း သူမသည် 168 ၏ အလေ့အကျင့်ကို နားမလည်သောကြောင့် သူမပါးစပ်ကို အလျင်အမြန်အုပ်ထားကာ စိတ်လှုပ်ရှားစွာအော်ချင်စိတ်ကို မျိုသိပ်ထားခဲ့သည်။ထို့အပြင်၊ ဤကြမ်းတမ်းပြီး ချစ်စရာကောင်းသော မက်မွန်သီးပိုးကောင်သည် သူမအား ပိုးချည်မျှင်တစ်ချောင်းတည်းဖြင့် အသေသတ်နိုင်လေသည်။


လင်းယောင်ယောင် သည် 168 ကို တွေ့တိုင်း၊ အနီးနားမှာ ပင်လယ်သားရဲတွေမရှိလျှင် မက်ခါကို ထားခဲ့ပြီး 168 နှင့် တိုက်ရိုက် ဆက်သွယ်တတ်သည်။သူမသည် 168 အတွက် အိုးကြီးနှစ်လုံးကို ထုတ်ယူလိုက်ပြီး ပင်လယ်ငါးအိုးနှင့် မုန်လာဥဟင်းရည်၊ ပင်လယ်ငါး ယာဂုအိုးနှင့် အပေါ်မှ ငှက်ဥမွှေကြော်အလွှာအုပ်ထားသော ညစာပန်းကန်ကြီးတစ်ချပ်ကို ထုတ်ယူလိုက်သည်။


"မင်းကြိုက်တဲ့ ငှက်ဥ ရပြီ၊ စား...ဒါပေမယ့် မြန်မြန်မစားနဲ့ သတိထား"


 012 သည် အကိုင်းအခက်များနှင့် အရွက်များကို လှုပ်ခါပြီး 168ကို ပြောလိုက်သည်။


"ဟေး၊ ငါဗိုက်ဆာနေလို့ 168 မင်းရဲ့ ငှက်ဥမွှေကြော် နဲ့ ငါးဟင်းချိုလေး နည်းနည်း စားလို့ရမလား"


 168 ခဏစဉ်းစား၍ သူငယ်ချင်းများနှင့် အတူစားရသည့် ခံစားချက်ကိုလည်း သဘောကျသောကြောင့်


 "ကောင်းပြီ…စား...ယောင်ယောင်၊ မင်း လည်း နောက်ထပ် ထပ်ချင်သေးလား" 


လင်းယောင်ယောင် က အသာရယ်မောလိုက်ကာ ပြောလိုက်သည်။


  "ရတယ်…ငါက ဗိုက်ပြည့်ပြီ.မင်းစားလို့ရတယ်"


 လီလစ် သည် သူမ၏ ဝမ်းဗိုက်ကို ထိလိုက်ပြီး စိတ်ထဲနေ၍ တွေးလိုက်မိလေသည်။


'ငါက စားနိုင်သေးတယ်'


လီလစ် သည် 168 ကို ပထမဆုံးအကြိမ် တွေ့ဆုံသည့်အခါ ဇာ့ခ်ဘုရင်မ စားသောဟင်းလျာများအား စားချင်စိတ်ဖြစ်ခဲ့ရသလို ထိတွေ့ပွတ်သပ်ချင်လာရသည်။ထို့နောက် လင်းယောင်ယောင် ၏အားပေးမှုဖြင့် သူမ၏ ချစ်ခင်စိတ်ကို 168 အား တက်ကြွစွာ ပြောပြခဲ့သည်။


လီလစ် တာဇာသွေးနည်းနည်းရောနေကြောင်း 168 ခံစားရနိုင်သော်လည်း သူမတွင် တာဇာလူမျိုးများ၏ လျစ်လျူရှုတတ်သော သဘောထားမျိုး မတွေ့ရချေ။သူမသည် အစားအသောက်ကို အတော်လေး ခုံမင်သူဖြစ်ပြီး 168 ကိုလည်း ရိုးသားစွာ ခင်မင်သူတစ်ဦးလည်း ဖြစ်သည်။ သူမသည် တိုက်ပွဲများတိုက်သောအခါ ပိုးနွယ်ပင်များလည်း ထုတ်လွှတ်နိုင်သည်။ ထို့ကြောင့် 168 သည် ဤကစားဖော်အသစ်ကို လက်ခံခဲ့ပြီး သူမအား အစာနည်းနည်း ကျွေးရန်ပင် ဆန္ဒရှိလာမိသည်။ ထို့အပြင်၊သူမ၏ မျက်နှာကိုတောင် ထိခွင့်ပေးခဲ့လေသည်။


သို့သော် 168 သည် လင်းယောင်ယောင် နှင့် 012 ကို ပို၍ယုံကြည်ပြီး ချစ်ဆဲဖြစ်သည်။ တစ်ကယ်တော့ သူတို့နှစ်ဦးသည် 168 မသိနားမလည်သည့် ကလေးလေးဖြစ်စဥ်ကတည်းက ကြင်နာခဲ့ကြသည်။သူမတို့သည် 168 ကို အစာကျွေးမွေးပြီး စိတ်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးကာ ဘဝအတွက် အရေးကြီးသည့် အချက်များကိုပင် လမ်းညွှန်ပေးခဲ့သည်။သို့နှင့်၊168သည် သူငယ်ချင်းများနှင့်အတူ နေ့တိုင်း စား၊ သောက်ပျော်ပါးခဲ့ကြသည်။  အားလပ်ချိန်များတွင်လည်း ပင်လယ်သားရဲများကို လိုက်လံရှာဖွေကြရာ နေ့ရက်တိုင်းမှာ သာယာပြီး ပြည့်စုံနေခဲ့၏။


လင်းရွှမ် သည် တာဇာ ကြယ်ပွင့်မြေပုံအရ သတ်မှတ်ထားသောနေရာများတွင် တယ်လီပို့လုပ်နိုင်ရန် 168 အတွက် လေ့ကျင့်ရေးတာဝန်များကို စီစဉ်ရသည်။ ထို့နောက် တစ်နေ့လျှင် တစ်ကြိမ်မှ သုံးကြိမ်အထိ လေ့ကျင့်ခဲ့သည်။ မကြာမီတွင် 168 သည် လမ်းညွှန်အဖြစ် ညသိမ်းငှက်တပ်ဖွဲ့၏ အာကာသယာဉ်ကို မလိုအပ်ဘဲ သူ့ဘာသာသူ ကူးပြောင်းနိုင်လာသည်။ 


 ---


 ပျော်ရွှင်ဖွယ်နေ့ရက်များသည် အမြဲတိုတောင်းသည်။ တစ်ကယ်တမ်း၊ တာဇာကြယ်ပွင့်နယ်မြေ သို့ သူတို့၏ ခရီးစဉ်သည် တာဇာကြယ်ပွင့်မဟာမိတ် အစိုးရကို ဖျက်ဆီးရမည်ဟူသော ကြီးလေးသောတာဝန်ဖြင့် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လို့နေသည်။


ဂျက်စတင် သည် နှစ်ပတ်အကြာတွင် လင်းရွှမ် လိုအပ်သော အာကာသယာဉ်ငယ် ၁၀၀ နှင့် မောင်းသူမဲ့ တိုက်လေယာဉ် ထောင်ပေါင်းများစွာကို ပေးပို့ခဲ့သည်။ လက်နက်မှောင်ခိုလုပ်ငန်းမရှိသော ဂျက်စတင်သည် ဤကုန်ပစ္စည်းများကို မည်သို့ရရှိခဲ့ကြောင်းကို လင်းရွှမ် သိနေသော်လည်း ထုတ်မပြောမိချေ။


ပိုင်မိသားစုသည် ဟယ်လင်ဂြိုလ်၏ လက်နက်ရောင်းဝယ်သူဖြစ်သည်။  ဘရမ် မိသားစုသည် ပိုင်မိသားစုထံမှ သို့မဟုတ် ပိုင်မိသားစု၏ တစ်ဆင့်ခံ ရောင်းချသူထံမှ လက်နက်များ ရရှိသည်။ ဤကာလအတွင်း ဘရမ်မိသားစုသည် ပိုင်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်းဖြစ်နိုင်သည်။


လင်းရွှမ် နှင့် ပိုင်မိသားစုကို ပြိုင်ဘက်များအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် ပိုင်ရွှင်း ကို မယုံကြည်တော့ဘဲ ပိုင်မိသားစုနှင့်လည်း တိုက်ရိုက်အလုပ်လုပ်မည်မဟုတ်ပေ။ သို့သော် နောက်ထပ် ရန်သူတစ်ဦးပါ ထပ်မလိုချင်တော့‌ေပ။ လာမည့်စစ်ပွဲအတွက် အရေးကြီးချိန်ဖြစ်သဖြင့် သူသည် ဤလက်နက်များ မည်သို့ရောက်လာသည်ကို ဂရုမစိုက်တော့ချေ။ ညသိမ်းငှက်တပ်ဖွဲ့သည် တာဇာကြယ်ပွင့်မဟာမိတ် နှင့် စစ်တိုက်သောအခါ ပိုင်မိသားစုက မတိုက်နိုင်အောင် ဘရမ် မိသားစုသည် ကြားခံလူတစ်ဦးဖြစ်လာရသည့်အတွက် သူ ပျော်ပင်ပျော်မိသည်။


 ပိုင်မိသားစုသည် ဘရမ်မိသားစုမှတစ်ဆင့် ညသိမ်းငှက်တပ်ဖွဲ့ အတွက် လက်နက်နှင့် ကိရိယာများ ပံ့ပိုးပေးသည့် အရင်းအမြစ်ဖြစ်လာနိုင်သည်။  တစ်နည်းအားဖြင့် ဘုံအကျိုးစီးပွားတစ်ခု သွယ်ဝိုက်ဖြစ်ထွန်းလာပေဦးမည်။ဤသည်ကလည်း၊ 168 ၏ကြီးမားပြီး ကြောက်စရာကောင်းသည့် စွမ်းအားကြောင့် ပိုင်မိသားစုသည် သူတို့နှင့် မပူးပေါင်းနိုင်လျှင်တောင် ရန်သူမဖြစ်လာစေရန် ဂရုစိုက်ရမည်ဟု သဘောပေါက်ခဲ့ခြင်းဖြစ်နိုင်၏။


 ရှုပ်ထွေးသည့်အရာတွေ အများကြီးရှိသော်လည်း လူတိုင်းက ထိုကိစ္စကြီးကို မေ့ထားကာ ကိုယ်နှင့်ဆိုင်သော ကိစ္စတို့အား ဆက်လုပ်ခဲ့ကြသည်။


ဂျက်စတင် ပေးပို့သော အစားအသောက်ကုထုံးပညာရှင်များသည် အခြေခံ အစားအစာ ပြုပြင်ခြင်းနည်းလမ်းများကို သင်ယူခဲ့ပြီး လင်းယောင်ယောင် ၏ လက်တွေ့ သင်ခန်းစာများစွာကို လေ့လာခဲ့သည်။  ညသိမ်းငှက်တပ်ဖွဲ့သားများကလည်း လင်းယောင်ယောင် ၏ ရှေးတရုတ်အစားအစာများအကြောင်း အခမဲ့ သင်ကြားပြသသည့် ဗီဒီယိုများ၊အတွေ့များသော ဇာ့ခ်အသားအချို့နှင့် ပင်လယ်သားရဲအသားများကို ပေးဝေထားသည်။သို့သော်၊ဘယ်သူမှ လင်းယောင်ယောင်ကို အရှင်လတ်လတ် မတွေ့ဖူးကြသေးပေ။


လွန်ခဲ့သည့် နှစ်ပတ်အတွင်း လီလစ် သည် ညသိမ်းငှက်တပ်ဖွဲ့တွင် သုံးရက်မျှ နေပြီးနောက် ဂျက်စတင် နှင့် သဘောတူထားသည့်အတိုင်း သုံးရက်ကြာ ပြန်မသွားဘဲ တစ်ညသာ ပြန်သွားအိပ်ခဲ့သည်။ နောက်နေ့ရောက်သောအခါ၊ သူမ ချက်ချင်း ညသိမ်းငှက်တပ်ဖွဲ့ကို ရောက်လာပြန်၏။


လင်းရွှမ် ရရှိသော အာကာသယာဉ်များထဲတွင် အထူးစိတ်ကြိုက် "ညလူသား" ကင်းလှည့် အာကာသယာဉ်ငယ်တစ်စင်း ရှိသည်။ထိုအာကာသယာဉ်မှာ အလွန်လျင်မြန်ပြီး ကောင်းမွန်သော ခုခံမှုလည်း ရှိကာ များပြားလှသော အာကာသခုန်ပျံကျော်လွှားခြင်းနည်းစနစ်များကို ခံနိုင်ရည်ရှိ၍ ဘရမ် မိသားစုမှ တီထွင်ထားသည့် နောက်ဆုံးပေါ်  စမတ်စနစ်နှင့် ပူးပေါင်းနိုင်သည်။ ကိုယ်ပျောက်စနစ် နှင့် ထောက်လှမ်းမှုများအား ဖုံးကွယ်ထားနိုင်သည့် စနစ်မျိုးကလည်း  ပထမအဆင့်ဖြစ်သည်။ သို့သော် လူငါးဆယ်၊ ခြောက်ဆယ်ခန့်သာ ဆံ့ပေသည်။


ညလူသား သည် အာကာသယာဉ်များပြုလုပ်ရန် အသင့်တော်ဆုံးသော သတ္တုများအပြင် လင်းရွှမ်၏ ဇာ့ခ်ကျည်ကာများကိုပါ ပေါင်းစပ်ထည့်သွင်းထားသည်။ ယခင် 168 ထံမှ SS-အဆင့် ဇာ့ခ်အခွံများ၊ SS-အတန်းစား ပင်လယ်သားရဲများ၏ သားရေဖြင့်လည်း အပြင်ဘက်ကို ဖုံးကာထားသည်။ တာဇာကြယ်ပွင့်မဟာမိတ် ၏ ထိပ်တန်းအာကာသယာဥ်များနှင့်ပင် တိုက်ခိုက်ရန် စွမ်းအားရှိမည် သို့မဟုတ် မတိုက်ခိုက်နိုင်လျှင်တောင် လျင်မြန်စွာပြေးနိုင်သည်။


ညလူသား အာကာသယာဉ် ရောက်ရှိလာခြင်းသည် တာဇာကြယ်ပွင့်မဟာမိတ် နှင့် ညသိမ်းငှက်တပ်ဖွဲ့ တိုက်ပွဲစတင်တော့မည်ကို ကိုယ်စားပြုလျက်ရှိသည်။


 ပထမအဆင့်မှာ တာဇာကြယ်ပွင့်မဟာမိတ်၏ စစ်ဘက်ဆိုင်ရာကြယ်ပွင့်ရှိ ဇာ့ခ်မွေးမြူရေးဂြိုလ်သို့သွား၍ အခြားမက်မွန်သီးရောင်ဇာ့ခ်များကို ရှာဖွေ၍လှုံ့ဆော်ရန် 168 အား ခေါ်ဆိုရမည်ဖြစ်သည်။ ဤကိစ္စသည် အလွန်အန္တရာယ်များသဖြင့်၊ လင်းရွှမ် ကိုယ်တိုင်သွားရန် ဆုံးဖြတ်ခဲ့သည်။ စစ်သည်များစွာအပြင်၊ 168 ၏ ခန္ဓာကိုယ်အား တာဇာ သွေးသန့်စင်မှုပြုလုပ်ခဲ့သောသုတေသန ပညာရှင်အချို့နှင့် တာဇာ သွေးကိုချေဖျက်နိုင်မည့် အစွမ်းထက်သော ပစ္စည်းများနှင့်ရောနှောထားသော အဆင့်နိမ့်ဖြည့်စွက်ကုထုံး အစားအစာအများအပြားကိုလည်း ယူဆောင်သွားရ‌ပေမည်။


လင်းယောင်ယောင် သည် လိုက်ချင်သော်လည်း သူမရှိနေလျှင် လင်းရွှမ် အာရုံပြောင်းသွားလိမ့်မည်ဟု သူမ ယူဆမိသည်။ ထို့ကြောင့် သူမသည် ပင်မအာကာသယာဉ်ပေါ်တွင်သာ ကျန်ရစ်ခဲ့သည်။


 ---


မတ်လကုန်တွင်၊ လင်းရွှမ် သည် ညသိမ်းငှက်တပ်ဖွဲ့၏ ထိပ်တန်းအဖွဲ့ကို ဦးဆောင်ခဲ့သည်။ သူတို့သည် တာဇာကြယ်ပွင့်မဟာမိတ်၏ ကာကွယ်ရေးလမ်းကြောင်းကို ဖြတ်ကျော်ကာ ဇာ့ခ်မွေးမြူရေးဂြိုလ်ထဲသို့ ခိုးဝင်ခဲ့ကြသည်။ တစ်ရက်ကြာပြီးနောက်၊ 168 ကို သူ၏ တည်နေရာသြဒိနိတ်သို့ အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ်များကို ဟန့်တားရန် ဆင့်ခေါ်ခဲ့သည်။  ထို့နောက် ၎င်းတို့အား တာဇာသွေးများကို ဖယ်ရှားရန်အတွက် ဖြည့်စွက်အစာဖြင့် ကျွေးမွေးကာ "မက်မွန်ပိုးကောင်များကို ဆွဲဆောင်ခြင်း" အစီအစဉ်ကို ချောမွေ့စွာ အကောင်အထည်ဖော်ခဲ့သည်။


တစ်ပတ်အကြာတွင် လင်းရွှမ် သည် SS+ အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ် ငါးကောင်ကို အောင်မြင်စွာသွေးဆောင်နိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် တာဇာကြယ်ပွင့်မဟာမိတ်နှင့် ပထမဆုံးတိုက်ပွဲဆင်နွှဲခဲ့သည်။ ဤတိုက်ပွဲတွင် အဓိက အင်အားစုမှာ သူတို့ အောင်မြင်စွာ စည်းရုံးခဲ့သော မက်မွန်သီးရောင်ဇာ့ခ်များနှင့် 168 ဦးဆောင်သော အခြား ဇာ့ခ်စစ်တပ်များဖြစ်သည်။သူတို့အားလုံးသည် တာဇာကြယ်ပွင့်မဟာမိတ်၏ စစ်တပ်ကြယ်ပွင့်များကို ကျူးကျော်တိုက်ခိုက်ရန် ဇာ့ခ်များကို ဦးဆောင်တိုက်ပွဲစ,ခဲ့သည်။


တာဇာကြယ်ပွင့်မဟာမိတ် စစ်တပ်က ဖရိုဖရဲဖြစ်နေချိန်မှာ၊ ညသိမ်းငှက်တပ်ဖွဲ့၏ ပင်မအာကာသယာဉ်သည် ရာနှင့်ချီသည့် ခေတ်မီဆန်းသစ်သော အာကာသယာဉ်ငယ်များနှင့် ထောင်နှင့်ချီသော မောင်းသူမဲ့ တိုက်လေယာဉ်များကို ဦးဆောင်ထားပြီးဖြစ်သည်။


တာဇာကြယ်ပွင့်မဟာမိတ်မှ လူများ အတော်လေး ပျာယာခတ်ကုန်ခဲ့ကြသည်။ သူတို့အတွက် အမြဲတမ်း စစ်လက်နက်ဖြစ်ခဲ့သည့် ဇာ့ခ်များမှာ သူတို့ကို ပြန်တိုက်ခိုက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။ သူတို့၏ ပစ်မှတ်ဖြစ်သော အရှင်သခင်အင်ပါယာသည်လည်း တာဇာကြယ်ပွင့်မဟာမိတ်သို့ တိတ်တဆိတ်ရောက်လာပြီး သူတို့၏ အခြေစိုက်စခန်းကို တိုက်ခိုက်ရန် သတ္တိရှိလာခဲ့လေသည်။ သို့သော်လည်း သူတို့မည်ကဲ့သို့ ကြိုးစားခဲ့ပါစေ၊ အမြင့်ဆုံးအဆင့် ဇာ့ခ်မျိုးနွယ်ဖြစ်သော မက်မွန်သီးရောင်ဇာ့ခ်များကို မထိန်းချုပ်နိုင်တော့‌ေပ။


တာဇာကြယ်ပွင့်မဟာမိတ် စစ်တပ်သည် မြင့်မားသောနည်းပညာနှင့် လူပေါင်းများစွာကို ထိခိုက်စေသော ညသိမ်းငှက်တပ်ဖွဲ့ဝင်များကို ချေမှုန်းချင်ခဲ့သည်။ တစ်ဖက်မှာ လူနည်းသော်လည်း ဇာ့ခ်ကောင်ရေပိုများသည်။ သူတို့ထံမှ ထောင်ပေါင်းများစွာသော ဇာ့ခ်များကိုတောင် သူတို့ဖက်က လုယူခဲ့ခြင်းပင်။ ညသိမ်းငှကတပ်ဖွဲ့၏တိုက်ခိုက်မှု၊ ကာကွယ်ရေးနှင့် တပ်ဆင်ထားသည့် အသိဉာဏ်မြင့် စနစ်တို့သည် သူတို့ထက်သာလွန်သောကြောင့် တာဇာကြယ်ပွင့်မဟာမိတ် စစ်တပ်မှာ ပို၍ပင်တုန်လှုပ်သွားခဲ့သည်။ အထူးသဖြင့် တာဇာကြယ်ပွင့်မဟာမိတ်၏ စစ်ဘက်ဆိုင်ရာကြယ်ပွင့်ဆီသို့ ပထမဆုံး ခိုးဝင်ခဲ့သော "ညလူသား"ပင်။ ထိုအာကာသယာဥ်သည် တာဇာကြယ်ပွင့်မဟာမိတ်၏ ရေဒါကာကွယ်ရေးစနစ်ကိုပင် လှည့်စားနိုင်စွမ်းရှိသည်။



xxxxxxx