Chapter 159
တာဇာကြယ်ပွင့်မဟာမိတ် မှလူများသည် မတုံးအ,ချေ။ အရှင်သခင်အင်ပါယာသည် တာဇာအစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မကြာမီ သူတို့ သဘောပေါက်ခဲ့ကြသည်။ သေချာသည်မှာ၊ ညသိမ်းငှက်တပ်ဖွဲ့၏ပင်မအာကာသယာဉ်အပြင် ပိုင်မိသားစုနောက်ကွယ်ရှိ အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များနှင့် ဘရမ် မိသားစုနောက်ကွယ်မှ လူမျိုးအချင်းချင်း တန်းတူညီမျှရေး အဖွဲ့အစည်းတပ်ဖွဲ့များသည် ပူးတွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်၏။
ညသိမ်းငှက်တပ်ဖွဲ့သည် တာဇာကြယ်ပွင့်မဟာမိတ်ကို အမှန်တစ်ကယ် ဆန့်ကျင်ကြောင်း အတည်ပြုပြီးနောက် ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့မှာလည်း ပါဝင်လာခဲ့သည်။ ညသိမ်းငှက်တပ်ဖွဲ့နှင့် ဘေးချင်းကပ်တိုက်ခိုက်ဖို့ ပင်မကြယ်ပွင့်နယ်မြေသို့လည်း ဓားပြများ ရောက်လာခဲ့ကြသည်။
တာဇာကြယ်ပွင့်မဟာမိတ်၏ မျိုးပွားမှုစွမ်းရည်သည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာအတွင်း ကျဆင်းသွားခဲ့သည်။ သူတို့သည် ဇာ့ခ်များနောက်ကွယ်တွင် ပုန်းအောင်းပြီး အမိန့်ပေးလေ့ရှိသောကြောင့် တိုက်ခိုက်ရေးစွမ်းအားမှာ ပျမ်းမျှသာဖြစ်သည်။ မဟုတ်ပါက၊ အရင်းအမြစ်များကို လုယူရန်အတွက် ဇာ့ခ်များအား လူသားကြယ်ပွင့်နယ်မြေ သို့သာ ပေးပို့နေမည်မဟုတ်ပေ။သူတို့ပါ ဝင်တိုက်ခိုက်ပေလိမ့်မည်။
တိုက်ပွဲများစွာမကြုံဖူးသော တာဇာကြယ်ပွင့်မဟာမိတ်ရှိ ပင်မစစ်တပ်၏ သန်းပေါင်းများစွာသော တပ်ဖွဲ့ဝင်များသည် လူ 10,000 မျှသာရှိသော ညသိမ်းငှက်တပ်ဖွဲ့ဝင်များနှင့် ဇာ့ခ်စစ်တပ်တို့က ချေမှုန်းခြင်းခံခဲ့ရသည်။
အာကာသထဲသို့ အတင်းခုန်ပြီး လွတ်မြောက်လိုသော တာဇာကြယ်ပွင့်မဟာမိတ် နိုင်ငံသား အနည်းငယ်ကိုလည်း ဦးခေါင်းခွံကြယ်ဓားပြ များက ကြားဖြတ်တိုက်ကာ တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြသည်။
ယခုအချိန်တွင် ညသိမ်းငှက်တပ်ဖွဲ့ကို ဦးဆောင်နေသူမှာ လင်းရွှမ် မဟုတ်ဘဲ ဝေ့လင်း ဖြစ်သည်။လုလင်း သည် မက်ဆေ့ချ်များကို ညှိနှိုင်းပြီး လင်းရွှမ် ၏ ညွှန်ကြားချက်များကို ကြားထဲက ဝေ့လင်းဆီသို့ ပေးပို့သည်။
ရှေ့တန်းတပ် "ညလူသား" ၏ ခေါင်းဆောင်မှာလည်း လင်းရွှမ် မဟုတ်ဘဲ ချန်ပင်း ဖြစ်သည်။ 168 သို့ တိုက်ခိုက်ရေး ညွှန်ကြားချက်များ ပေးပို့ခဲ့သူမှာ 168 နှင့် အလွန်ရင်းနှီးပြီးသား ဖြစ်သော ဗိုလ်မှူး လီနန် ဖြစ်သည်။
လင်းရွှမ် အနေနှင့် SSS သို့ အဆင့်မြှင့်ထားပြီးဖြစ်သော လင်းယွမ်ကို မောင်းလာခဲ့၍ ကိုယ်ပျောက်မုဒ်ကိုဖွင့်ပြီး တာဇာ တော်ဝင်မိသားစုတည်ရှိရာ အထူးဇုန်ဖြစ်သည့် တာဇာကြယ်ပွင့်မဟာမိတ် ၏ ပင်မဂြိုလ်ဆီသို့ တိုက်ရိုက်သွားခဲ့သည်။
မှောင်မိုက်ပြီး လေထန်သောညတစ်ည....
လင်းရွှမ် သည် ဧကရာဇ်နန်းတော်ရှိ လျှို့ဝှက်နေရာများစွာတွင် မိုလန်မှ တူးဖော်တွေ့ရှိခဲ့သော ဇာ့ခ်ပုံဆောင်ခဲများကို ဖြန့်ကျက်ချထားခဲ့သည်။
ဇာ့ခ်ပုံဆောင်ခဲ များထံမှ လူ့သွေးကို သန့်စင်ထားပြီး ဖြစ်၍ မက်မွန်သီးရောင်ဇာ့ခ်များက ၎င်းကိုစားလျှင်ပင်၊ လူ့အသွေးအသားကို ပို၍ပို၍စွဲလမ်းလာမည်မဟုတ်ပေ။ သို့သော်၊ ပုံဆောင်ခဲများသည် မက်မွန်သီးရောင်ဇာ့ခ်များအတွက် ဆွဲဆောင်မှု အားကောင်းနေသေးသည်။အကြောင်းမှာ တစ်ဖက်တွင် brainwash လုပ်ရာဝယ် မအောင်မြင်ခဲ့သော အရွယ်ရောက်ပြီး မက်မွန်သီးရောင်ဇာ့ခ်များ မရှိနေကြောင်း အာမ မခံနိုင်သောကြောင့် ဖြစ်သည်။
တစ်ဖက်တွင် မက်မွန်သီးရောင်ဇာ့ခ်များ ပိုများလာပါက ပင်မကြယ်ပွင့်အနီးရှိ စစ်ဘက်ဆိုင်ရာကြယ်ပွင့်တွင် ရှိနေရမည်ဟု ယုံကြည်သည်။ မဟုတ်လျှင်၊ထိုဇာ့ခ်များကို အရှင်သခင်အင်ပါယာသို့ ပုံမှန်သွားနေသည့် ပိုးပေါက်စုပ်ဝဲ များဖြင့် ပို့ဆောင်ဖို့ရာ မဖြစ်နိုင်ပေ။
ထို့ကြောင့်၊ လင်းရွှမ် သည် စစ်မြေပြင်ကို တာဇာ တော်ဝင်နန်းတော် ဖြစ်စေရန်အတွက် ဤဇာ့ခ်ပုံဆောင်ခဲများကို အသုံးချရန် ဆုံးဖြတ်ခဲ့သည်။ ဇာ့ခ်ပုံဆောင်ခဲ ၏ဆွဲဆောင်မှုကို မက်မွန်သီးရောင်ဇာ့ခ်များ ခံနိုင်ရည်မရှိကြပေ။၎င်းတို့သည် တာဇာတို့၏ အမိန့်များကိုပင် လုံးဝလျစ်လျူရှုကြပေလိမ့်မည်။ 168 ၏ခန္ဓာကိုယ်ပုံစံသည် အလွန်သေးငယ်လာပြီး မျိုးပွားမှုအရည်များ ကုန်ခမ်းသွားကာ အချိန်မီ မဖြည့်နိုင်တော့ပေ။သို့ဖြစ်၍ ဇာ့ခ်ပုံဆောင်ခဲ သည် ယခုအချိန်တွင် သူမအတွက် ဆွဲဆောင်မှု မရှိလှပေ။ ယင်းအစား ဖြည့်စွက်စာများသာ ပိုစားချင်စိတ်ရှိလာသည်။
ဤ ဇာ့ခ်ပုံဆောင်ခဲများအားလုံးမှာ အာရုံအားလုံးကို ပိတ်ဆို့ထားနိုင်သော သေတ္တာများထဲတွင် ချိတ်ပိတ်သိမ်းထားခဲ့သည်။ လင်းရွှမ် သည် ဤနေရာမှထွက်ခွာဖို့ အချိန်အတိုင်းအတာတစ်ခုအထိ ရနိုင်စေရန် သေတ္တာများကို အလိုအလျောက်ဖွင့်ရန် အချိန်သတ်မှတ်ထားသည်။ ဤတာဝန်ကို ပြီးမြောက်ပြီးနောက် သူ၏ မက်ခါကို ဖယ်လိုက်သည်။ ထို့နောက် သူ၏ SSS အဆင့် စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် ထူးကဲသော ကျွမ်းကျင်မှုဖြင့် တာဇာဘုရင်၏ စာကြည့်ခန်းထဲသို့ ခိုးဝင်ခဲ့ရာ ဘယ်သူ့မှမတွေ့ရသဖြင့် သူ့အိပ်ခန်းထဲကိုသွားခဲ့သည်။
လင်းရွှမ် သည် သူမထွက်ခွာမီ ပရမ်းပတာ ဖြစ်သွားစေရန် အစောင့်အားလုံးကို နန်းတော်ထဲသို့ ဆွဲဆောင်ခဲ့သည်။ နန်းတော်မြေပုံကို ဂျက်စတင် ထံမှ ရယူခဲ့ခြင်းဖြစ်၍ အချင်းချင်း သစ္စာဖောက်နေကြသော တာဇာကြယ်ပွင့်မဟာမိတ်၏ နိုင်ငံရေးအခြေအနေမှာ မတည်ငြိမ်ကြောင်း တွေ့မြင်နိုင်သည်။တစ်ကယ်တော့ တာဇာ အများစုသည် လူ့သွေးလေးပုံတစ်ပုံရှိသူ လက်ရှိ တာဇာဧကရာဇ် မက်ရှဲကို
သဘောမတူကြချေ။
ယခုအချိန်တွင် မက်ရှဲ ဒေါသထွက်နေမည်ဟု မူလက သူ ထင်ခဲ့မိသည်။သို့ရာတွင်၊မက်ရှဲသည် အရပ်ရှည်ပြီး လှပသော တာဇာအမျိုးသမီးပေါင်းများစွာ ခြံရံလျက် သူ့အိပ်ခန်းထဲမှာ ရှိနေခြင်းပင်။
မက်ရှဲ ကိုယ်တိုင်က သာမာန်တာဇာ ယောက်ျားလေးများလောက် အရပ်ရှည်ပြီး မထွားကြိုင်းပေ။ သူ့မျက်နှာထားက နူးညံ့သိမ်မွေ့နေသေးသည်။ သူ့ခေါင်းမှာ ဇာ့ခ်အင်တာနာ နှစ်ခု ရှိနေသည်ကလွဲ၍ ရှောင်မင်နှင့်အတော်တူသည်။သူသည် တာဇာ မိန်းကလေးအနည်းငယ်ကို သူ့ခြေထောက်များကို ဆုပ်နယ်ခိုင်းပြီး သူ့ပခုံးများကိုလည်း ဖြည်းဖြည်းချင်း နှိပ်နယ်စေသည်။ သူက ဝိုင်တစ်ငုံသောက်ပြီး မူးနေဟန်ဖြင့် ရယ်မောရင်း
"စစ်တပ်ထဲက အသက်ကြီးကြီး ခြေကျင်တပ်သား တော်တော်များများက ဧကရာဇ်မင်းရဲ့ အမိန့်ကို နားမထောင်ချင်ကြဘူး… ငါ့မှာ ဇာ့ခ်စစ်သားတွေ နည်းသထက်နည်းသွားပြီ…သူတို့သေသွားရင် သူတို့ရဲ့ အလောင်းတွေကို စွမ်းအင်အဖြစ် ငါသုံးမယ်… S-အတန်းစား ယောက်ျားလေးတွေကို အရှိန်မြှင့်ပြီး စစ်တပ်ကြီးတစ်တပ် ထူထောင်မယ်...သူတို့ကို ငါ့စကားနားထောင်အောင်လုပ်မယ်... ငါ့ရဲ့ အဆင့်မြင့်နည်းပညာနဲ့ဆို၊ လူသားကြယ်ပွင့်နယ်မြေကို အသာလေး နိုင်လိမ့်မယ်"
မက်ရှဲကို စပျစ်ဝိုင်များ ထည့်ပေးနေသော မိန်းကလေး၏လက်များ တုန်လှုပ်သွားသည်။
“ဒါပေမဲ့ အရှင်မင်းကြီး...ဖန်ပြွန် သန္ဓေသားနည်းနဲ့ မွေးမြူထားတဲ့ S-အဆင့် ယောက်ျားလေးတွေမှာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ချို့ယွင်းချက်တွေ ရှိတယ်...သူတို့က ဇာ့ခ်လိုမျိုး အကောင်တွေကို စားရတာ ကြိုက်တယ်… သူတို့ ပိုသန်မာလာမယ်ဆိုရင် သူတို့ကို ထိန်းချုပ်ဖို့ ခက်လာလိမ့်မယ်... အခု ဆန့်ကျင်နေကြတဲ့ မက်မွန်သီးရောင်ဇာ့ခ်တွေလို သူတို့ က ကျွန်မတို့ကို တန်ပြန်တိုက်ခိုက်ရင် ဘာလုပ်ကြမလဲ"
ထိုအခါ မက်ရှဲ သည် ကောင်မလေး၏လက်ထဲမှ ဝိုင်ဖန်ခွက်ကို ပြင်းထန်စွာမှောက်ချလိုက်ပြီး သူမကို ပါးရိုက်လိုက်သည်။
"ခွေးမလေး…မင်းက ငါ့ကို စောင့်ကြည့်ဖို့ အဲဒီလူတွေ စေလွှတ်လိုက်တဲ့ သူလျှိုဖြစ်မယ်ဆိုတာ ငါသိတယ်… အစောင့်တွေ…သူ့ကို စွမ်းအင်ဘဏ်ထဲကို ချလိုက်"
မကြာမီ၊ တာဇာ ကောင်မလေးကို စစ်စက်ရုပ်က ဆွဲထုတ်သွားရာ ကောင်မလေးက အသနားခံရင်း ငိုနေလေသည်။
"ငါ သူတို့ကို မထိန်းနိုင်တော့မှာကို ကြောက်တယ် ဟုတ်လား....အဲ့ဒီကောင်တွေကို S-အဆင့် ဖန်ပြွန်သန္ဓေသား မိန်းမတွေ ကျွေးနေသရွေ့တော့ အားလုံး အဆင်ပြေမှာပဲလေ....သူတို့တွေက ငါ့အတွက် အရမ်းကောင်းတဲ့ အရည်အချင်းတွေနဲ့ မရေမတွက်နိုင်တဲ့ အမျိုးအနွယ်တွေကိုလည်း မွေးဖွားပေးလိမ့်မယ်"
ကျန်ရှိသော တာဇာမိန်းကလေးများသည် တုန်လှုပ်သွားပြီး မက်ရှဲ ကို ပို၍ပင် ဂရုတစိုက် ပြုစုခဲ့ကြသည်။
S-အဆင့် ဖန်ပြွန်သန္ဓေသား တာဇာမိန်းကလေး များတွင်လည်း S-အဆင့် ယောက်ျားလေးများထက်ပိုဆိုးသာ ချွတ်ယွင်းချက်များရှိသည်။ သူမတို့သည် လိင်ဆက်ဆံပြီးလျှင် ယောက်ျား၏ လည်ပင်းကို ကိုက်ပြီး စားတတ်ကြသည်။ ဤနည်းဖြင့်သာ S-အဆင့် ဖန်ပြွန်သန္ဓေသား တာဇာမိန်းကေလးသည် ကိုယ်ဝန်ရှိလာပြီး အရည်အချင်းရှိသော ကလေးများကို မွေးဖွားနိုင်မည်ဖြစ်သည်။
ဘီလူးများက မွေးလာသည့် ကလေးတွေက ဘီလူးတွေချည်း ဖြစ်လာကြသည်။ ကလေးများသည် စွမ်းအားကြီးမားသော်လည်း ဘီလူးများလိုပင် ရက်စက်ကြမ်းကြုတ်တတ်၏။သူတို့ မွေးလာလာချင်း သူတို့အမေများကို စားကြလိမ့်မည်ဖြစ်သည်။ သွေးဆာပြီး ရက်စက်တတ်ကြခြင်းက မွေးကတည်းကပင်။
ထို့ကြောင့် "Plan S" ဟုခေါ်သော ဤသုတေသနကို တာဇာစစ်တပ်မှ ပူးပေါင်းရပ်တန့်ခဲ့သည်။ မက်ရှဲ သည် ပုံမှန်အတိုင်း ပြုမူပြောဆိုခဲ့ပြီး ထိုသို့သော သုတေသနပြုမှုသည် မလိုလားအပ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် သူ၏ အတွင်းစိတ်က အတ္တကြီးသည်။ သူသည် ကမ္ဘာကြီးကို သိမ်းပိုက်ရန် စွမ်းအား ပိုလိုချင်နေသောကြောင့် "Plan S" ကို လျှို့ဝှက်စွာ သုတေသနပြုနေဆဲဖြစ်သည်။
ဤအကြံအစည်ကို အမှောင်ထဲတွင်ကြားလိုက်ရသော လင်းရွှမ် သည် ထိတ်လန့်သွားသည်။ကံကောင်းသည်က သူသည် တာဇာ ဧကရာဇ်နန်းတော်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ခြင်းကိုပင်။ သို့မဟုတ်ပါက၊ ဤအရူး မက်ရှဲ သည် S အဆင့် ဖန်ပြွန်သန္ဓေသားနည်းဖြင့်မွေးလာသော တာဇာစစ်တပ်ကို အမှန်တကယ်တီထွင်နိုင်ခဲ့ပါက၊ လူသားကြယ်ပွင့်နယ်မြေ နှင့် တာဇာကြယ်ပွင့်နယ်မြေ အားလုံးသည် ဓားစာခံဖြစ်သွားပေလိမ့်မည်။
ဇာ့ခ်ပုံဆောင်ခဲသေတ္တာ မပွင့်မီ ဆယ်မိနစ်သာ လိုတော့သည်။မကြာမီ၊အခြား မက်မွန်သီးရောင်ဇာ့ခ်များသည် ဤနေရာသို့ ခုန်ဆင်းကာ ဤနေရာအား စစ်မြေပြင်အဖြစ် ပြောင်းလဲပေးလိမ့်မည်။
လင်းရွှမ် အချိန်မီ မထွက်ခွာဘူးဆိုလျှင် သူကိုယ်တိုင်က ဇာ့ခ်များ၏ ပစ်မှတ်ဖြစ်သွားနိုင်သည်။ သို့သော်လည်း သူသည် ဤကြောက်မက်ဖွယ်ကောင်းသော စိတ်ရောဂါရနေသူ မက်ရှဲ ကို လက်မလွှတ်နိုင်ပေ။သို့ဖြစ်၍၊သူသည် အကောင်းဆုံး တိုက်ခိုက်ရန် ထောင့်တစ််ခုကို ရှာခဲ့ပြီး သူ့လက်ထဲရှိ အသံတိတ် လေဆာသေနတ်ကို တိတ်တဆိတ် ဖွင့်ကာ ပေါ့ပေါ့ပါးပါး မက်ရှဲ ကို ချိန်ရွယ်ထားသည်။
သို့သော် ထိုအရူးလွတ်သွားသည်မှာ သနားစရာပင်။ မက်ရှဲ သည် သာမန် အရူးမဟုတ်သောကြောင့် လူသားသွေး လေးပုံတစ်ပုံရှိသော်လည်း ဧကရာဇ်ရာထူးတွင် ထိုင်နိုင်ခြင်းဖြစ်သည်။ သူ့တွင် SSS အဆင့် စိတ်စွမ်းအားနှင့် SS အဆင့် ကိုယ်လုံးကိုယ်ပေါက်ရှိပြီး၊ တာဇာကြယ်ပွင့်မဟာမိတ် ရှိ လူတိုင်းကို လွှမ်းမိုးထားနိုင်စွမ်းလည်းရှိသည်။
SSS အဆင့်တွင်ရှိသူ လင်းရွှမ် သည် မက်ရှဲ ထက် အနည်းငယ်သာလွန်သော စိတ်စွမ်းအားရှိသည်။ ထို့ကြောင့် သူ တိတိတ်လေး ပုန်းနေစဉ်တွင် မက်ရှဲက သူ့ကို ရှာမတွေ့ပေ။ သို့သော်လည်း သူ့ကို ပစ်လိုက်သောအခါတွင် မက်ရှဲ သည်လည်း အန္တရာယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ လေဆာပစ်ဒုံးကျည်အား ရှောင်ရန် နောက်ကျနေပြီကို မြင်သောအခါ၊ မက်ရှဲ သည် သူ့ဘေးနားရှိ မိန်းကလေးတစ်ဦးကို အလျင်အမြန်ဆွဲယူကာ သူ့ရှေ့မှထား၍ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။
မက်ရှဲ တွင် ကိုယ်လုပ်တော်များ ရာနှင့်ချီ ရှိ၍ သူတို့၏ နာမည်နှင့်ရုပ်များကို မမှတ်မိပေ။ မကျေမနပ်ဖြစ်လျှင် သူတို့ကို "စွမ်းအင်ဘဏ်" ထဲမှာ ထည့်ထားမည်ဖြစ်သည်။ယခုလည်း အန္တရာယ်ကျရောက်လာသောအခါ သူ့ကိုယ်သူ ကာကွယ်လိုက်ခြင်းမှာ သဘာဝကျသည်။
သူ၏မိန်းမတစ်ဦးနှင့် သေနတ်ကို ကာကွယ်ပြီးနောက်၊ မက်ရှဲ သည် သူ၏တစ်ကိုယ်လုံးကို ကာကွယ်ရန် စိတ်စွမ်းအားဖြင့် ခံစစ်ဒိုင်းတစ်ခုကို ချက်ချင်းဖွင့်လိုက်သည်။ ထို့နောက် သူ၏ အာကာသခလုတ်မှ သတ္တုကာကွယ်ရေးဝတ်စုံကို ထုတ်ယူပြီး ဝတ်ဆင်ခဲ့သည်။ ထို့နောက် သူသည် သေးငယ်သော်လည်း အလွန်အစွမ်းထက်သော ဇာ့ခ်အမြုတေ အရည်သေနတ်ကို ထုတ်ယူလိုက်သည်။ ဤဇာ့ခ်အမြုတေအရည်နှင့် အရေပြားကို တိုက်ရိုက်ထိတွေ့ဖူးပါက၊ အသွေးအသားများ အရည်ပျော်သွားတတ်သည်။သူလွဲချော်ခဲ့ရုံသာမက လင်းရွှမ်ကိုလည်း ပိုသတိထားမိစေသည်။
ထူးဆန်းသောရနံ့များဖြင့် လွှမ်းခြုံထားသော ဇာ့ခ်အမြုတေအရည်၏အစွမ်းကို လင်းရွှမ် မသိသော်လည်း အလွန်အန္တရာယ်များသည်ဟု မသိစိတ်က ခံစားမိသည်။ ထို့ကြောင့် သူ့မက်ခါထဲကို သုံးစက္ကန့်ထဲနှင့်ဝင်လိုက်သည်။
တစ်ဖက်တွင်၊ မက်ရှဲ သည် SSS-အတန်းစား ဖြစ်သည့် သူ၏ မက်ခါကို ဆင့်ခေါ်ခဲ့သည်။ လင်းယွင် ၏ ဆောက်လုပ်ရေးစနစ်သည် SSS အဆင့်ဖြစ်သော်လည်း အခွံသည် SS +အဆင့် ဖြစ်သည်။မက်ရှဲ အပြင်၊ အခြား တာဇာ အမျိုးသမီး ဒါဇင်ပေါင်းများစွာကလည်း အထိတ်တလန့်ဖြစ်ပြီး သူတို့၏ မက်ခါ များကို အသီးသီး ဆင့်ခေါ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးများ၏ တိုက်ခိုက်ရေးစွမ်းအားသည် ယောက်ျားလေးများထက် အားနည်းသောကြောင့်ဖြစ်သည်။ အန္တရာယ်နှင့် ကြုံတွေ့ရသောအခါတွင် အော်ဟစ်ပြောဆိုခြင်း မပြုကြဘဲ လူဦးရေနည်းပါးသော တာဇာယောက်ျားလေးများကို ကာကွယ်ကြပေလိမ့်မည်။
မကြာမီ နန်းတော်တွင်း၌ ရန်သူ တိုက်ခိုက်မှုအတွက် သတိပေးဥဩသံများ ထွက်ပေါ်လာပြီး တော်ဝင်အစောင့်များသည် ဧကရာဇ်နန်းတော်တွင် အမြန်စုရုံးခဲ့ကြသည်။
လင်းယွင် သည် ပြိုင်ဘက်များစွာကို မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ သူသည် အားကောင်းပြီး သိသာထင်ရှားသော အဆင့်မြင့်ရန်သူများ ဝန်းရံထားသော်လည်း မကြောက်ပေ။
"သခင်၊ ငါ့ဓားက အရမ်းဆာနေပြီ"
လင်းရွှမ် က အနည်းငယ် ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့… မင်းရဲ့ဓားကို ငါကျွေးပါ့မယ်"
---
တာဇာ၏ အဓိကဂြိုလ်အနီးရှိ ပထမဆုံးစစ်တပ်ကြယ်တွင် ညသိမ်းငှက်တပ်ဖွဲ့၏ အဓိကအာကာသယာဥ်သည် တာဇာကြယ်ပွင့်မဟာမိတ် စစ်တပ်၏ ပထမအကျော့နှင့် ရင်ဆိုင်နေလေသည်။ 168 နှင့် သူမ၏ မွေးချင်းများသည် အစွမ်းထက်လွန်းပြီး ညသိမ်းငှက်တပ်ဖွဲ့ ၏လက်ထဲတွင်လည်း အာကာသယာဉ်တစ်ရာနှင့် မောင်းသူမဲ့လေယာဉ်ဒရုန်း ထောင်ပေါင်းများစွာရှိသည်။ 168 နှင့် ဆက်သွယ်ရန် လင်းယောင်ယောင် သည် ကွပ်ကဲမှုအခန်းတွင် နေခဲ့သည်။သူမက စိုးရိမ်တကြီးဖြင့် လုလင်းကို ပြောလိုက်သည်။
"အစ်ကိုရွှမ်… အခု နန်းတော်မှာ ဘယ်လိုနေလဲ... သူ အခြေအနေကို ရုန်းရင်းဆန်ခတ်ဖြစ်သွားအောင် လုပ်လိုက်ပြီလား"
လုလင်း သည် အခြေအနေကို ဖုံးကွယ်ရန် မဝံ့ရဲခဲ့ပေ။
"အဟမ်း... သူက... တာဇာကြယ်ပွင့်မဟာမိတ်ရဲ့ အကြီးဆုံး ဧကရာဇ် မက်ရှဲ နဲ့ တိုက်ခိုက်နေပုံရတယ်... ပြီးတော့ တစ်ဖက်မှာလည်း တာဇာ ကိုယ်လုပ်တော်တစ်ဒါဇင်ကျော်နဲ့ မရေမတွက်နိုင်တဲ့ အစောင့်တွေရှိတယ်"
သူမ အတော်အံ့သြသွားရသည်။
"ဘယ်လို"
xxxxx