Chapter 160
(အစ်ကိုရွှမ်နှင့်ယောင်ယောင်တို့ လက်တွဲခြင်း)
လုလင်း က ပြောသည်။
"တစ်ကယ်တော့…မက်ရှဲ မှာ မိန်းမတွေ အများကြီးရှိတယ်... သူတို့ရဲ့ chat group ကို ကြည့်ကြည့်တာ အယောက် 500 ကျော်လောက် ရှိပုံရတယ်…ဒါပေမယ့် ကောင်းတာနှစ်ခုရှိတယ်…တစ်ခုကတော့ သူတို့ အများစုက ပျမ်းမျှတိုက်ခိုက်ရေးစွမ်းအား A အဆင့်ပဲ ရှိတာ…နောက်တစ်ခုကတော့..."
ထိုစကားကို ပြောပြီးနောက်တွင် အစ်ကို လုလင်းသည် ထူးဆန်းစွာ ရပ်လိုက်ပြီး ဆက်မပြောတော့ပေ။
လင်းယောင်ယောင် စိတ်ဆိုးသွား၏။ မက်ရှဲ သည် သူမ ချစ်သူကို ရာနှင့်ချီသော သူ၏မယားများဖြင့် အနိုင်ကျင့်နေခြင်းဖြစ်သည်။သူမ ချက်ချင်း ပျံသန်းဖို့ မစောင့်နိုင်တော့ေပ။ လူတစ်ယောက်က ရာနှင့်ချီ၍ မတိုက်နိုင်ပေ။သူတို့သည် A အဆင့်သာရှိသော်လည်း A အဆင့် အယောက်ငါးရာကို ကိုင်တွယ်ဖို့ဆိုသည်က မလွယ်ကူပေ။
"နောက်ထပ် သတင်းကောင်းက ဘာလဲ"
လုလင်း သည် သူမ မျက်နှာကို အသေအချာ စိုက်ကြည့်ကာ
"သူတို့က ဘော့စ်ကို သတ်ချင်တဲ့ သူတွေချည်းပဲ မဟုတ်ဘူး…တချို့က သူတို့ချင်း မနာလိုဖြစ်ပြီး အချင်းချင်းသတ်ပစ်ချင်နေကြတာ……တချို့က တခြားတပ်ဖွဲ့က စေလွှတ်ထားတဲ့ လျှို့ဝှက်အေးဂျင့်တွေ ဆိုတော့ စစ်မတိုက်ချင်ကြဘူး… မက်ရှဲ ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူကို မကျေမနပ်ဖြစ်နေကြသူတွေလည်း ရှိကြတယ်…ပြီးတော့ ဘော့စ်ကို ကြိုက်နေကြသူလည်း ပေါတယ်...ဘော့စ်လို ထက်မြက်ပြီး ဖြူစင်တဲ့ လူသား ယောက်ျားကို သူတို့အရမ်းသဘောကျကြတယ်လေ…ဒါကြောင့် သူတို့ကလည်း ဘော့စ်ဘက်က တိုက်ခိုက်ပေးမှာပါ"
လင်းယောင်ယောင်: "..."
မယားများစွာရှိသော်လည်း ဘယ်သူမှ အားကိုးမရသော မက်ရှဲအဖြစ်က ဝမ်းနည်းစရာပင်။ ပထမ သုံးမျိုးက ဘာမှမဟုတ်သော်လည်း နောက်ဆုံးတစ်ဖွဲ့က သူမ၏ ချစ်သူကို ခိုးယူနေကြသည်။သူမ၏ ဒေါသမှာ ရုတ်တရက် ပေါက်ကွဲသွားရကာ လှပသော မျက်နှာကလေးသည် စူပုပ်လျက်ရှိ၏။
"အသေးစား အာကာသယာဉ်တစ်စင်း ပြင်ဆင်ပေးပါ…ညီမ တာဇာနန်းတော်ကို သွားမယ်"
ဝေ့လင်း က သမီးဖြစ်သူကို ထိုစွန့်စားမှုမျိုးလုပ်ဖို့ ခွင့်မပြုနိုင်သဖြင့် သူမကို တားလိုက်သည်။
"လင်းရွှမ် က တိုက်ပွဲတွေ အများကြီး ကြုံဖူးတဲ့စစ်သည်ပါ…သူတို့ကို အနိုင်မယူနိုင်ရင်တောင် ကိုယ်လွတ်ရုန်းနိုင်ပါသေးတယ်....သမီး အဲ့ဒီကို သွားရင်တော့ သူလည်း ပျာယာခတ်သွားလိမ့်မယ်"
လင်းယောင်ယောင် ၏ SS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်နေပြီး SSS အဆင့်နှင့် နီးပါး နီးကပ်နေပြီဖြစ်သည်။ယခုလည်း သူမ၏ စိတ်စွမ်းအားသည် စကားပြောနေစဉ် ချက်ချင်းလွတ်မြောက်သွားရာ ဝေ့လင်းသည် သူမ၏ ပြင်းထန်သော ရောင်ဝါကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
"သမီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်...အဖေ… သမီး သွားရမယ်"
ထို့နောက် သူမသည် ကွပ်ကဲမှုအခန်းမှ တိုက်ရိုက်ထွက်ခွာပြီး လေယာဉ်မှူးခန်းဆီသို့ အမြန်သွားခဲ့သည်။လုလင်းက သူမအတွက် အာကာသယာဉ်ငယ်တစ်စင်းကို မပြင်ဆင်ထားပါက လင်းပိုကိုသာ မောင်း၍ သွားလိုသော်လည်း အချိန်နှောင်းသွားမည်ကို စိုးရိမ်နေမိသည်။
ဝေ့လင်း သည် သမီးဖြစ်သူကို တားချင်သော်လည်း လင်းရွှမ် မတော်တဆ တစ်ခုခုဖြစ်သွားမည်ကို သူလည်းကြောက်နေမိသည်။ထိုအခါမျိုးဆိုလျှင် လင်းယောင်ယောင်သည် အဖေဖြစ်သူကိုတောင် အပြစ်တင်လာနိုင်၏။ သူ့မှာလည်း ချမ့်ယောင် ရှိသဖြင့် ချစ်သူကို အန္တရာယ်ကြားထဲမှ ကယ်တင်လိုပြီး သူပါ ဝင်ခံပေးချင်သည့် ခံစားချက်ကို သူနားလည်သည်။ သို့သော် သမီးဖြစ်သူ၏ လုံခြုံရေးအတွက် အလွန်စိုးရိမ်နေသေးသဖြင့် လင်းယောင်ယောင်အား ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ပြောဆိုလိုက်၏။
"ဒီနေရာက စစ်ပွဲက ပြီးခါနီးပြီ… အဖေ ဝါ့ဒ်မိန်းကို အကူအညီတောင်းလို့ ရတယ်... ဒါမှမဟုတ် ခဏပြန်ဆုတ်လို့ရတယ်...ချန်ပင်း ရယ်၊ လီနန် နဲ့အတူ 168 ကိုလည်း သွားခေါ်လို့ရတယ်"
ထို့နောက် ဝေ့လင်း သည် လုလင်းအား လင်းယောင်ယောင် ကိုလာခေါ်ရန် ပင်မအာကာသယာဉ်ပေါ်မှ ချန်ပင်းကို အကြောင်းကြားရန် တောင်းဆိုခဲ့သည်။
တိုက်ပွဲအစီအစဉ်အရ လင်းရွှမ် သည် အစောင့်များကိုဆွဲဆောင်ရန် တာဇာနန်းတော်အတွင်း မငြိမ်မသက် ဖြစ်စရာကိစ္စအချို့ကို ဖန်တီးရန် လိုအပ်သည်။ လင်းရွှမ် သည် စိတ်အားထက်သန်စွာဖြင့် စတင်တိုက်ခိုက်မည် မဟုတ်ဘဲ မက်ရှဲ ကို ဖယ်ရှားရန်အခွင့်ကောင်းများ ရှာဖွေနိုင်သည်။
တာဇာများ၏ ဧကရာဇ်မက်ရှဲကို အောင်မြင်စွာ ချေမှုန်းနိုင်သရွေ့ တိုက်ပွဲ၏ ရလဒ်က မည်သို့ပင် ဖြစ်စေကာမူ၊ တာဇာကြယ်ပွင့်မဟာမိတ်၏ နိုင်ငံရေး အခြေအနေ တစ်ခုလုံး တုန်လှုပ်ချောက်ချားပြီး အသစ်ပြန်လည် ပြောင်းလဲသွားမည်ဖြစ်သည်။ အလွန်အန္တရာယ်များသော်လည်း တာဇာကြယ်ပွင့်မဟာမိတ်တွင် ညသိမ်းငှက်တပ်ဖွဲ့တစ်ခုလုံးကသာ တိုက်ပွဲ အောင်မြင်ပါက အလွန်အချိန်ကုန်သက်သာနိုင်သည်။အကယ်၍ မအောင်မြင်ပါက ဝေ့လင်း ၏ အစီအစဉ်ဖြင့် လင်းရွှမ် ဘေးကင်းစွာ ပြန်လာစေနိုင်သည်။ ဝေ့လင်း သူ့သမီးကို ခွင့်မပြုချင်သော်လည်း ခွင့်ပြုရပေတော့မည်။
လင်းယောင်ယောင်သည် ဝေ့လင်း၏ စကားကို ကြားရသောအခါ သူမ၏ နှလုံးသားမှာ နွေးထွေးသွားသည်။ သူမ အဖေက သူမကို အတော်လေးချစ်ရှာသည်။
ညလူသား အာကာသယာဥ်၏ အရှိန်သည် အလွန်မြန်သည်။ လင်းယောင်ယောင် သည် လေယာဉ်မှူးခန်းထဲမှ ဆင်းလာသောအခါ၊ထိုအာကာသယာဉ်က ဆင်းသက်ဇုန်၏ အပြင်ဘက်တွင် ရောက်နေပြီဖြစ်သည်။ထို့နောက် သူမသည် ပျော်ရွှင်စွာ ကစားနေသော 168ကို ကစားကြဖို့ ပြောကြားလိုက်သည် ။168 ကလည်း အမြန်ပင် ရောက်လာ၏။ 168 က သူမ၏ မက်မွန်သီးရောင်ဇာ့ခ်မွေးချင်းငါးကောင်ကို တာဇာစစ်တပ်ကြယ်ပွင့်ပေါ်မှာ ဆက်စားဖို့အတွက် ဇာ့ခ်စစ်တပ်အား ဦးဆောင်၍လိုက်လာဖို့ အမိန့်ပေးခဲ့သည်။
တာဇာများသည် သူတို့၏သွေးကို အသုံးပြုကာ မက်မွန်သီးရောင်ဇာ့ခ်များကို ထိန်းချုပ်ခဲ့သည်။ ယခု၊ ဤမက်မွန်သီးရောင်ဇာ့ခ်များသည် တာဇာများကို စားချင်လေပြီ။ ညသိမ်းငှက်တပ်ဖွဲ့မှာ အထူးပင် ကံကောင်းသွားသည်။သူတို့သည် မက်မွန်သီးရောင်ဇာ့ခ်များ တည်ရှိရာနေရာကို တမင်ရှောင်လွှဲနိုင်ပြီး အခြားသောတာဇာများနှင့် တိုက်ခိုက်နိုင်သည်။ထို့အပြင်၊ သူတို့တွင် အလွန်များပြားသော အတွေ့အကြုံရှိသဖြင့် ဇာ့ခ်များကြောင့် မတော်တဆထိခိုက်ဒဏ်ရာရခြင်းမျိုး မဖြစ်လာနိုင်ပေ။
တာဇာကြယ်ပွင့်မဟာမိတ် သည် ယခင်က ဇာ့ခ်များကို ထိန်းချုပ်ကာ အရှင်သခင်အင်ပါယာ၏ လူသားစစ်သည်များကို မရေမတွက်နိုင်အောင် သေကျေပျက်စီးစေခဲ့၏။ သူတို့သည် ဇာ့ခ်များ မွေးမြူရန်အတွက် လူသားများကို အရင်းအမြစ်အဖြစ် အသုံးပြုရန် ပိုးပေါက်စုပ်ဝဲများကို အကြိမ်ကြိမ်ဖွင့်ခဲ့ကြသည်။ယခုအခါ လူသားမျိုးနွယ်သည် သူတို့၏လမ်းစဉ်အတိုင်း လိုက်နေပြီး ဤဒုက္ခကို တာဇာများထံ ပြန်ပေးနေပြီဖြစ်သည်။
ရန်သူအပေါ် ကြင်နာတတ်ခြင်းသည် ကိုယ့်လူမျိုးအပေါ် ရက်စက်ခြင်းပင်ဖြစ်သည်။ဇာ့ခ်များသည် တာဇာများကိုမစားပါက ညသိမ်းငှက်တပ်ဖွဲ့ဝင်များကိုစားလိမ့်မည်၊ သို့မဟုတ် သတ်ဖြတ်ပြီး အရင်းအမြစ်များရယူကာ အရှင်သခင် အင်ပါယာသို့ ခရီးနှင်ကြမည်ဖြစ်သည်။
168 သည် လူတွေကို စားချင်စိတ်မရှိခဲ့ဘဲ သတ်ရုံမျှသာဖြစ်သည်။ အဆိုပါ အရွယ်မရောက်သေးသော သူမ၏ မွေးချင်း မက်မွန်သီးရောင်ဇာ့ခ်ငါးကောင်သည် သူမကို နာခံခဲ့ပြီး ကျေးဇူးတင်ရှိခဲ့သည်။ ထိုသို့သော ခေါင်းဆောင်ကောင်းမျိုးနောက်ကို လိုက်ရန် ထိုက်တန်သည်။
168: 'အဲဒါက မင်းတို့ကို မစားခင် ငါက ဝအောင် ကျွေးထားတယ် ဆိုတဲ့သဘောပဲ...ညံ့လိုက်တာ'
ပင်မအာကာသယာဥ်၏ တည်နေရာအနီးကို ပြန်ရောက်လာသော 168 သည် လင်းယောင်ယောင် ကို စိတ်ပိုင်းဆိုင်ရာ အတွေးတွေနှင့် လှမ်းပြောလိုက်သည်။
"လင်းယောင်ယောင်....မင်းငါ့ကို ဘယ်မှာ ကစားခိုင်းမှာလဲ...လူသတ်တာက ပျင်းစရာကြီး…ငါ ဘာမှလည်း မစားရဘဲနဲ့"
168 သည် တွေးခေါ်နိုင်စွမ်း ပြီးပြည့်စုံလာပြီးနောက်၊ ၎င်းတို့အား ကျွန်များနှင့်ကိရိယာများအဖြစ် အသုံးပြုနေသော တာဇာများကို အလွန်စိတ်မကျေနပ်ဖြစ်ခဲ့သည်။ဥာဏ်မရှိသော အခြားအဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဇာ့ခ်များနှင့်မတူဘဲ၊ 168 သည် မက်မွန်သီးရောင်ဇာ့ခ်များ၏ ပညာရှိမျိုးနွယ်စုဖြစ်သည်။ ၎င်းတို့သည် လွတ်လပ်သော "ဇာ့ခ် အခွင့်အရေး" ကို သဘာဝအတိုင်း စတင်တောင့်တလာကြသည်။ တာဇာတွေက မပေးချင်တာကြောင့် 168 သည် ထိုသူတို့၏ အစိုးရကို ဖြုတ်ချပြီး ဇာ့ခ်ဧကရီဖြစ်လာဖို့ ဆုံးဖြတ်ခဲ့၏။ တာဇာများကို ကျွန်အဖြစ်နှင့် အစားအသောက်အဖြစ် ဆက်ဆံခြင်းခံရသည့် ခံစားချက်ကိုလည်း တန်ပြန်ခံစားစေချင်သည်။
ယခုမူကား 168သည် အလူးလူးအလဲလဲကျဆုံးကုန်သော တာဇာများကို ကြည့်၍ အတော်လေး စိတ်ဓာတ်ပျော့လာသည်။ ကိုယ့်ကိုယ်ကိုယ်လည်း မှားများသွားပြီလားဟုတွေးကာ အပြစ်တင်ခဲ့သည်။
တစ်ကယ်တော့ တာဇာမှာလည်း လူကောင်းတွေရှိသည်။အကယ်၍ သူတို့သည် ဇာ့ခ်များကို လေးစားအသိအမှတ်ပြုလိုစိတ်ရှိပြီး ကျွန်နှင့် အစားအသောက်အဖြစ် မဆက်ဆံပါက၊ 168 သည် သူတို့ကို ဒုက္ခမပေးချင်ပေ။ မဟုတ်ပါက၊ 168 သည်လည်း အရင်က သူမတို့ကို ထိန်းချုပ်ခဲ့သည့် တာဇာများလိုပင် မထူးခြားနား ရက်စက်သူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ 168 သည် လူသားများနှင့်အတူ အချိန်အတော်ကြာ လက်တွဲခဲ့သဖြင့် ယခု လို တွေးတောတတ်လာလေပြီ။
168သည် လင်းရွှမ် နှင့် လင်းယောင်ယောင် တို့က သူမကို အသုံးချနေမှန်း နားလည်သော်လည်း ဘာမှ စိတ်ထဲမရှိပေ။သူမ၏ ဉာဏ်ပညာနှင့် ခွန်အားကို တိုးတက်လာအောင် လုပ်ပေးခြင်းအတွက်ကိုပင် လင်းရွှမ်တို့အား ကျေးဇူးတင်နေမိသည်။ လူသားမျိုးနွယ်ဖြစ်သူ လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် ဇာ့ခ်မျိုးနွယ်ကို သဘာဝအတိုင်း ဆန့်ကျင်ကြသည်။ သူမကိုလည်း တစ်ကယ်သတ်ချင်ပါက နည်းလမ်းရှိနိုင်၏။ သို့သော် သူတို့သည် သူမ၏ စိတ်ကူးများကို လေးစားကာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်စေရန်လည်း ကူညီပေးခဲ့သည်။လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် သူမကို သူငယ်ချင်းအဖြစ် အမှန်တစ်ကယ် သဘောထားကြသူများပင်။
ထို့ကြောင့် 168 သည် တာဇာများကို အမဲလိုက်သတ်ဖြတ်ခြင်းမပြုသင့်ဟု တွေးနေမိသော်လည်း တာဇာများသည် လင်းရွှမ် နှင့် လင်းယောင်ယောင် ကိုသတ်ပစ်မည်ဆိုပါက လင်းယောင်ယောင် ဘက်မှ ရပ်တည်မည်မှာ သေချာသည်။
လင်းယောင်ယောင် သည် 168 ၏ အတွေးများပြောင်းလဲလာခြင်းအကြောင်းကို မသိပေ။ သူမ,သိခဲ့လျှင်တောင် 168 ဟာ သွေးဆာနေသူမဟုတ်ဘဲ ကောင်းကောင်း တွေးခေါ်နိုင်သည့်အတွက် ဝမ်းသာနေပေလိမ့်မည်။
သူမသည် 168 အား တာဇာများကိုသတ်ရန် အတင်းအကြပ်မခိုင်းပေ။
"168 ငါက အစ်ကိုကြီး ကူညီမယ်…အစ်ကိုကြီးနဲ့ ငါရယ်၊012 ရယ် အန္တရာယ်တွေ့ကြုံခဲ့ရင်၊ အဲဒီနေရာကနေ ထွက်သွားနိုင်ဖို့ ကျေးဇူးပြုပြီး ကူညီပေးပါနော်"
168 ကလည်း ဝမ်းသာအားရ သဘောတူလိုက်သည်။
"ကောင်းပြီ စိတ်မပူနဲ့"
ထိုသို့ပြောပြီးနောက် 168 သည် ညလူသား အသေးစားအာကာသယာဥ်အား ပိုချည်မျှင်များဖြင့် ပတ်ထားကာ လီနန် ပေးလာသော ကြယ်မြေပုံ၏ သြဒိနိတ်များအတိုင်း တာဇာနန်းတော်သို့ ခုန်ဆင်းသွားခဲ့သည်။
168 ကြောင့် သူတို့သည် ခုနစ်မိနစ်မှ ရှစ်မိနစ်အတွင်း တာဇာဧကရာဇ်နန်းတော်အပြင်ဘက်ရှိ ကြီးမားသောရင်ပြင်သို့ ရောက်ရှိခဲ့ကြသည်။168 သည် နန်းတော်အထက်ရှိ ပိုးပေါက်စုပ်ဝဲကို အသာအယာသတိထား၍ ဆင်းသက်လိုက်၏။
ထို့နောက် 168 သည် ဤပိုးပေါက်စုပ်ဝဲရှိ ကျန်ရစ်ခဲ့သော အခြားမက်မွန်သီးရောင်ဇာ့ခ်များ၏ အနံ့ကို သေချာခံစားလိုက်ရသည်။ ယခုဆို သူမသည် ဇာ့ခ်ပုံဆောင်ခဲများကို အနံ့ခံမိပြီး ချက်ချင်းစားချင်စိတ်များ ဖြစ်လာရတော့သည်။ အရသာကောင်းသော်လည်း၊ သူမသာ စားလိုက်ပါက အရင်ကလို ဇာ့ခ်သားပေါက်များ အဆက်မပြတ်ဥလာမည်ဖြစ်သည်။သားပေါက်များ ပေါက်ခြင်းသည် သူမ စားရန် ဇာ့ခ်အများအပြားရှိမည်ဟုဆိုလိုသော်လည်း၊သူမ၏ ကိုယ်ပိုင်ခွန်အားမှာလည်းများစွာကုန်ခန်းရလိမ့်မည်။ယခု သူမတွင် အသိစိတ်ရှိသောကြောင့် အဆုံးမရှိသော တာဇာများ၏ မျိုးပွားကိရိယာတစ်ခု ဖြစ်လာရန် လုံးဝဆန္ဒမရှိပေ။အကောင်းဆုံးနည်းလမ်းမှာ အခြားသော မက်မွန်သီးရောင်ဇာ့ခ်များကို ဇာ့ခ်ပုံဆောင်ခဲ စားခွင့်ပေးပြီး သူမ စားရန်အတွက် ဇာ့ခ်သားပေါက်များ ပေါက်စေခြင်းပင်ဖြစ်သည်။
ထိုသို့တွေးပြီး 168 က လင်းယောင်ယောင် က အတိုချုံးရှင်းပြလိုက်သည်။
"ငါ မင်းကို လောလောဆယ် အကာအကွယ် မပေးနိုင်ဘူး...ငါက အရွယ်မရောက်သေးတဲ့ အရွယ် မွေးကင်းစ မက်မွန်သီးရောင်ဇာ့ခ်လို ဟန်ဆောင်ရမယ်....အဲ့ဒီ အကောင်ကြီးတွေက ဒါမှ ငါ့အပေါ် ဒေါသမထွက်ကြမှာ... မင်းတစ်ကယ် အန္တရာယ်ကြုံလာရင် ငါ့ကို စိတ်စွမ်းအင်နဲ့ လှမ်းခေါ်လိုက်၊ငါ မင်းကို ချက်ချင်း ကယ်တင်လိုက်မယ်...ဒါပေမယ့် အဲဒီအချိန်ကျရင် ငါတို့ မင်းကို ချက်ချင်း ခေါ်သွားမှရမယ်...အသင့်ပြင်ထား"
သူတို့၏ ငယ်ရွယ်စဉ်ကာလတွင်၊ မက်မွန်သီးရောင်ဇာ့ခ်များသည် အစွမ်းသတ္တိနှင့် စွမ်းရည်တိုးတက်စေရန် တူညီသောမျိုးနွယ်ကို စားနိုင်သည်။ သို့သော်၊ SSS+ အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ်များသည် အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ်များကို ကိုင်တွယ်ဖြေရှင်းမည်မဟုတ်။ ဤအပြုအမူသည် သူတို့၏သဘောသဘာဝတွင် တံဆိပ်ထွင်းထားသလိုမျိုးရှင်းလင်းသည်။
ထို့အပြင်၊ မက်မွန်သီးရောင်ဇာ့ခ်များသည် အရွယ်မရောက်သေးသူ သို့မဟုတ် အရွယ်ရောက်ခြင်းရှိမရှိကို စိတ်စွမ်းအားမှ တစ်ဆင့် မဆုံးဖြတ်နိုင်ပေ။ အများစုမှာ ပုံပန်းသဏ္ဍာန်ဖြင့်သာ ဆုံးဖြတ်နိုင်ကြသည်။ ယခု 168 မီတာထက်ပုတိုသော 168 သည် ကလေးဟန်ဆောင်၍ရသည်။ အရွယ်မရောက်သေးသော အဆင့်တွင်၊ မက်မွန်သီးရောင်ဇာ့ခ်များသည် ဥအနည်းငယ်သာ ဥနိုင်သည်။ ယေဘူယျအားဖြင့် သူတို့ခန္ဓာကိုယ်ထဲမှာ ဇာ့ခ်ပုံဆောင်ခဲ အလုံအလောက်ရှိမှသာ ဥအတော်ဥပေးသည်ဟု ဆိုနိုင်၏။
ထို့ကြောင့် 168 သည် ဇာ့ခ်ပုံဆောင်ခဲများကို မဖမ်းယူသရွေ့ အခြားသော အကောင်ကြီးသမားများသည် သူမအား အနိုင်လာကျင့်မည်မဟုတ်။၎င်းတို့သည် အရွယ်ရောက်ပြီးသော အခြားပိုးကောင်များကိုသာ တိုက်ခိုက်ပြီး အာဏာ ထူထောင်ရန်သာ ကြိုးစားကြမည်ဖြစ်သည်။
လင်းယောင်ယောင် သည် 168 ၏ နီရဲနေသော မျက်နှာကို သူမ၏ စိတ်စွမ်းအင် စက်ဝန်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ကောင်းပြီ…မင်းသတိထားရမယ်.... မင်းဘေးကင်းဖို့လည်း ဂရုစိုက်ရမယ်"
စကားပြောပြီးနောက်တွင် လင်းယောင်ယောင်၊ ချန်ပင်း နှင့် အခြားလူငါးဆယ်သည် ညလူသား အသေးစားတိုက်ခိုက်ရေး အာကာသယာဥ်ပေါ်မှဆင်းကာ လင်းရွှမ် ၏တည်နေရာဆီသို့ ပျံသန်းသွားလိုက်ရာ အာကာသယာဉ်အား မောင်းနှင်သည့် လူတစ်ဦးသာကျန်ရှိတော့သည်။ လင်းယောင်ယောင် နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ညလူသားသည် အမှောင်ထဲတွင် တိတ်တဆိတ် ကိုယ်ယာင်ဖျောက်ထားသောကြောင့် ဇာ့ခ်ပုံဆောင်ခဲ များ၏ သွေးဆောင်ခံရသော မက်မွန်သီးရောင်ဇာ့ခ်များ၏ တိုက်ခိုက်ခြင်းကို ခံရမည်မဟုတ်ပေ။
ချန်ပင်း သည် လူ 300 ကျော်ရှိသော တော်ဝင်အစောင့်များကို လူ 50 ကျော်ပါဝင်သော လက်ရွေးစင်အဖွဲ့နှင့် ရင်ဆိုင်ရသည်။အမှန်တော့၊ ဧကရာဇ်နန်းတော်သည် မက်ခါများစွာ ပျက်စီးသွားခဲ့ပြီး စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲခဲ့သည်မှာ ကြာခဲ့လေပြီ။ကိုယ်လုပ်တော် အမျိုးသမီးငါးရာတို့အထဲမှ အချို့က မက်ရှဲ ကို တိတ်တဆိတ်တိုက်ခိုက်ရန်ကြိုးစားကြပြီးအချို့က လင်းရွှမ် အသတ် မခံရအောင် ပိတ်ဆို့ထားသော်လည်း လင်းရွှမ်မှာ တစ်ဦးတည်းသာဖြစ်သည်။ သူ၏ လင်းယွင် မှာလည်း ဒဏ်ရာများစွာရနေပြီဖြစ်သည်။
လင်းယောင်ယောင် သည် လင်းရွှမ်တစ်ယောက်တည်း မက်ရှဲနှင့်မိန်းမ 500ကို မတိုက်စေချင်ပေ။သူမနှင့်အတူတူ ပူးပေါင်း၍သာ တိုက်ချင်နေတော့သည်။ယခုမူ ကိုယ်လုပ်တော် အမျိုးသမီးတို့မှာ 400 သာ ကျန်ရှိသည်။ လင်းရွှမ် သည် အယောက်တစ်ရာနီးပါးကို တိုက်ခိုက်ရေးစွမ်းအားဆုံးရှုံးသည်အထိ အနိုင်တိုက်နိုင်ခဲ့သည်။
သူတိုက်နေစဉ် လင်းပို ကိုမြင်သောအခါ လင်းရွှမ် ဒေါသထွက်သွားသည်။ သို့သော်လည်း လင်းယောင်ယောင် သည် သူ့အတွက် ဤနေရာတွင် ရှိနေကြောင်းကိုလည်း သူ စာနာနားလည်မိသည်။စစ်မြေပြင်သည် အချင်းချင်း ရန်ဖြစ်ရာနေရာမဟုတ်ပေ။ထို့နောက် သူချက်ချင်း လင်းယောင်ယောင် အနီးသို့ အမြန်သွား၍ သူမကို နောက်ပြန်ဆွဲခေါ်သွားကာ သူမအား ကာထားပေးလိုက်၏။
သူမ၏ မက်ခါမောင်းနှင်မှုစွမ်းရည်ကို သူကိုယ်တိုင် ချိန်ညှိပြီး သင်ကြားပေးထားသောကြောင့် တစ်ဦးနှင့်တစ်ဦး၏ တိုက်ခိုက်ရေးနည်းလမ်းများကို အလွန်ရင်းနှီးကြသည်။ သူတို့သည် ဝိညာဉ်ရေးရာ လိုက်ဖက်ညီမှု မြင့်မားပြီး ပူးပေါင်းဆောင်ရွက်ရာမှာလည်း အချင်းချင်း နားလည်မှုလည်း ရှိသည်။ မက်ရှဲ မှာ ဘယ်လိုလှည့်ကွက်မျိုးနှင့် လူဘယ်နှစ်ယောက်ပဲ ရှိနေပါစေ၊ သူတို့နှစ်ဦးသာပူးပေါင်းတိုက်လိုက်လျှင် မက်ရှဲကို အနိုင်ယူနိုင်ပေမည်။ နှစ်ယောက်သား ပြိုင်တူတိုက်ခိုက်ကြသည့်အခါ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက နှစ်ယောက်အားထက် သိသာစွာ ပိုလွန်သွားခြင်းဖြစ်သည်။
မက်ရှဲ မျက်နှာပျက်သွားသည်။ ဒုက္ခဖြစ်နေသော လင်းရွှမ်သည်သူ့ကောင်မလေးကိုပါ ခေါ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ လင်းရွှမ် သည် အရှင်သခင်အင်ပါယာတွင် အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားရှိပြီး သူ့ကို ခြိမ်းခြောက်နိုင်သော တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။ ဤလူကို လုံးဝသည်းမခံနိုင်သောကြောင့် သူနှင့်အရင်တိုက်ခိုက်ရန် တွေးခဲ့သည်။မက်ရှဲ သူ့ကို မက်မွန်သီးရောင်ဇာ့ခ်ဖြင့် ကိုင်တွယ်ရန် စီစဉ်ခဲ့သည်။သို့သော်၊ မက်မွန်သီးရောင်ဇာ့ခ်ကို သုံး၍ ဤအခြေအနေမျိုးရောက်အောင် တွန်းအားပေးခံခဲ့ရ၏။
လင်းရွှမ် အနီးရှိ လင်းယောင်ယောင် သည် ရှောင်မင် နာမည်ကောင်းရဖို့ ဇာ့ခ်များအား အသုံးပြုချင်သည့် သူ၏ အကြံအစည်ကို အမှတ်မထင် ပျက်ပြားသွားစေသည့် လူသားအမျိုးသမီးဖြစ်သည်။ သူမသည် ရှောင်မင် ကြိုက်နှစ်သက်ခဲ့သော မိန်းမများထဲမှ တစ်ယောက်လည်း ဖြစ်သည်။
လင်းယောင်ယောင် သည် သူမ၏ သရုပ်မှန်ကို တမင်တကာ မဖုံးကွယ်ထားသောကြောင့် အရှင်သခင်အင်ပါယာ၏ အကြီးတန်းခေါင်းဆောင်များသည် တိုက်ခိုက်ရေးရော၊အရန်ကုထုံးမှာ ကျွမ်းကျင်နိုင်နင်းကြောင်း အခြေခံအားဖြင့် သိရှိခဲ့ကြသည်။ ပုံမှန်အားဖြင့်၊ ရှောင်မင် လည်း ပါဝင်သောကြောင့် မက်ရှဲ လည်း သိထားသည်။
ညသိမ်းငှက်တပ်ဖွဲ့၏ ပင်မအာကာသယာဉ်မှာ 168 နှင့်အတူ ပျောက်ကွယ်သွားကြောင်း မက်ရှဲ သိရှိသောအခါတွင် ဤလူသည် ကိစ္စအားဖြေရှင်းရန် သူ့ထံသို့ လာမည်ဟု ခံစားခဲ့ရသော်လည်း သူ အလေးအနက်မထားခဲ့ပေ။ တစ်ဖက်လူက ကိုယ့်ေသတွင်းကိုယ်တူးလျှင် သူ့ဘက်ကလည်း သက်ညှာပေးမှာမဟုတ်ဟု တွေးထား၏။
သို့သော်၊ လင်းရွှမ်၏ စိတ်စွမ်းအားသည် သူ့ထက် သိသိသာသာ မြင့်မားနေခြင်းကိုလည်း မသိခဲ့သဖြင့် လင်းရွှမ်ကို အနိုင်ယူရန် သူ၏ အဆင့်မြင့်သော မက်ခါအား အားကိုးချင်သည့် သူ့စိတ်ကူးကလည်း အကောင်အထည်မပေါ်ခဲ့ချေ။
မက်ရှဲ အတော်ပင် စိတ်ပျက်နေရ၏။ဤအတွဲက အမှန်အစွမ်းထက်သဖြင့် သူတို့ကို မသတ်လျှင် အလွန်ဒုက္ခများသွားနိုင်သည်။ ခဏကြာသောအခါ၊ သူ့ထိုးစစ်က ပိုပိုပြီး ပြင်းထန်လာသည်။ သူ၏ ကိုယ်လုပ်တော် 400 ထဲမှ A အဆင့်ရှိ အမျိုးသမီးအားလုံးကို ဆုတ်ခွာရန် အမိန့်ပေးခဲ့ပြီး S အဆင့်အလွန်ချစ်ရသော ကိုးယောက်သာ နေခဲ့ခိုင်းသည်။ သတ်မှတ်ထားသော တိုက်ပွဲပုံစံအတိုင်း လိုက်တိုက်ရန်နှင့် အပြင်းထန်ဆုံး တိုက်ခိုက်မှုကိုလည်း အတူတကွ သုံးကြရန် တောင်းဆိုခဲ့သည်။ ဤအပြင်းထန်ဆုံး တိုက်ခိုက်မှုသည်လည်း ပြင်ဆင်မှုပြုလုပ်ရန် အချိန်အတိုင်းအတာတစ်ခုအထိ အချိန်ယူရသည်။ ကံကောင်းထောက်မစွာ၊ တိုက်ခိုက်မှုကို စတင်ထိုးစစ်ဆင်လိုက်ပါက၊ တစ်ဖက်မှာ ဘယ်လိုမှ ရှောင်လို့မရချေ။
လင်းရွှမ် က လင်းယောင်ယောင် ကို ပြောလိုက်သည်။
"မကြောက်နဲ့…ကိုယ် ရှိတယ်"
"မကြောက်ပါဘူး"
"ကိုယ်တို့လည်း စိတ်စွမ်းအားတွေ ပေါင်းစပ်ပြီး တိုက်ခိုက်ရမယ်"
"ကောင်းပါပြီ"
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် အပြင်းထန်ဆုံး စိတ်စွမ်းအား တိုက်ခိုက်ရေးလှိုင်းကို စေလွှတ်လိုက်ကြသည်။ သာမာန်အားဖြင့် တိုက်ခိုက်ရေးသမားနှစ်ဦး ဘေးချင်းယှဉ်တိုက်ခိုက်သောအခါ၊သူတို့၏ စိတ်စွမ်းအား များသည် အချင်းချင်းအပြန်အလှန် ခုခံကာကွယ်နိုင်မည်ဖြစ်သည်။သို့သော်၊ လင်းရွှမ် နှင့် လင်းယောင်ယောင် က မတူပေ။ သူတို့၏ စိတ်စွမ်းအားများသည် လုံးဝသဟဇာတဖြစ်ပြီး ဝိညာဉ်ရေးဆိုင်ရာ စွမ်းအားများကိုလည်း မကြာခဏ ဖလှယ်လေ့ရှိကြသည်။
လင်းယောင်ယောင် ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများသည် လုံးဝန်းသည်ဖြစ်စေ၊ထက်မြက်သည်ဖြစ်စေ လင်းရွှမ် သည် သူမ၏ စက်ဝန်းများနှင့် ရင်းနှီးပြီးသားဖြစ်သည်။သို့ဖြစ်၍၊ တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ဘဲ ချစ်ခင်စွာနှင့် ရောယှက်နေကြသည်။
ထို့နောက် မက်ရှဲ နှင့် တာဇာမိန်းမ 9ဦးကို သူတို့နှစ်ယောက် တိုက်ခိုက်ကြသည်။တာဇာမိန်းမ 9ယောက်သည် အပြင်းထန်ဆုံးတိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြသော်လည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုက သူတို့၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကို ရုတ်တရက် အနှောင့်အယှက်ဖြစ်စေခဲ့သည်။
cxxxxx