Chapter 161
(ပြင်းထန်သောတိုက်ပွဲ)
တာဇာကြယ်ပွင့်နယ်မြေရှိ အမျိုးသမီးများ၏ တိုက်ခိုက်ရေးစွမ်းအားသည် တူညီသောအဆင့်ရှိ အမျိုးသားများထက် ပိုမဆိုးသော်လည်း သူမတို့၏ စိတ်စွမ်းအားကို လမ်းညွှန်ပြသရန် လိုက်ဖက်သော အရန်ကုထုံးဆရာတစ်ယောက်မှ မရှိပေ။ အရန်ဆေးဝါးများကလည်း ရှားပါးပြီး ဖြည့်စွက်အစားအစာဆိုသည်မှာလည်း တစ်ခါမှ မစားဖူးသဖြင့် စိတ်ဓာတ်ကျရူးသွပ်ရန် လွယ်ကူသည်။ကုသမှုခံယူလျှင်တောင် မထူးခြားပေ။သို့သော်၊သူတို့သည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ ရူးသွပ်မှုအခြေအနေကို အသုံးပြုရာတွင် အလွန်ကောင်းမွန်သည်။ ရန်သူကို သူတို့ တိုက်ခိုက်နေချိန်မှာပင် တချိန်တည်းသတ်ပစ်နိုင်စွမ်းရှိ၏။
သို့သော်လည်း လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် S အဆင့် စိတ်စွမ်းအားရှိသော တာဇာမိန်းမများအတွက် အလွန်ကြောက်စရာကောင်းသည့် စိတ်စွမ်းအားပေါင်းစပ်တိုက်ခိုက်မှု၏ အထွတ်အထိပ်တွင် ရှိနေကြသည်။ သူတို့နှစ်ယောက်က ကိုယ်လုပ်တော်များကို စိတ်အနှောင့်အယှက်ဖြစ်ရုံသာမက စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကိုလည်း တိုက်ရိုက်ထိခိုက်စေနိုင်သည်။
တာဇာကြယ်ပွင့်မဟာမိတ်တွင် စိတ်စွမ်းအားများ ဆုံးရှုံးသွားသော အမျိုးသမီးများ အထူးသဖြင့် မက်ရှဲ ၏ အမျိုးသမီးများတွင် စွမ်းအင်ဖြည့်ရန် အခန်းကဏ္ဍတစ်ခုသာ ရှိသည်။တာဇာကြယ်ပွင့်မဟာမိတ်ရှိ တာဇာများသည် သေခြင်းကို မကြောက်ကြသော်လည်း မသန်စွမ်းဖြစ်သွားခြင်းနှင့် ဘီလူးများကို မွေးမြူရန်အတွက် အစာအာဟာရအဖြစ် အသက်ရှင်လျက် စေလွှတ်ခံရခြင်းကို ပိုကြောက်ကြသည်။သူမတို့၏ S-အဆင့် အရည်အချင်းများအပြင်၊ သူတို့အားလုံးမှာ သဘာဝအတိုင်း ပေါက်ဖွားလာသည့် တာဇာတွေဖြစ်သဖြင့် သူတို့ထဲက အများစုကို နောက်ကွယ်တွင် လူသားအနည်းစုက ထိန်းချုပ်ခြင်းခံကြရသည်။သူတို့နောက်ကွယ်က ပံ့ပိုးကူညီသူများမှာလည်း ရာထူးအလိုက်အစုံရှိကြသည်။သို့ဖြစ်၍၊မက်ရှဲကို ဂရုစိုက်စရာမလိုတာကြောင့် အသက်သေပေးချင်စိတ်မရှိကြချေ။
ထို့ကြောင့် စိတ်စွမ်းအား ပြင်းထန်စွာ ပျက်စီးသွားသော ဤတာဇာအမျိုးသမီးများသည် သေဆုံးသွားဟန်ဆောင်သည်။သူတို့သာ စိတ်ပိုင်းဆိုင်ရာနယ်ပယ် ချို့ယွင်းနေပါက ဖြည့်စွက်ဆေးဝါး သို့မဟုတ် ဖြည့်စွက်အစားအစာများ ရှာဖွေနိုင်သရွေ့ ပြန်လည်ကောင်းမွန်ရန် မျှော်လင့်ချက်ရှိသေးသည်။
မက်ရှဲ သည်လည်း တိုက်ခိုက်ခြင်းခံခဲ့ရသော်ငြား သူ၏ SSS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားအပေါ် အနည်းငယ်သာ သက်ရောက်မှုရှိခဲ့သည်။ လင်းရွှမ်၏ တိုက်ခိုက်မှုကြောင့် သူ၏ အပြင်းထန်ဆုံး ထိုးနှက်ချက်အတွက် ပြင်ဆင်နေခြင်းကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။
သူ၏ အသန်မာဆုံး အမျိုးသမီး ကိုးဦးကို လင်းမိသားစု၏မောင်နှမများက လွယ်လွယ်ကူကူ သုတ်သင်ပစ်သည်ကို မြင်သောအခါ၊ သူ့မျက်နှာသည် ဖြူဖျော့လာရသည်။ ဤအသုံးမကျသော အရာများအားလုံးကို စွမ်းအင်ဘဏ်သို့ ပို့ရန် သူ မစောင့်နိုင်တော့သော်လည်း သူမတို့နောက်ကွယ်မှ အင်အားကြီးပံ့ပိုးပေးသူများကို တွေးကြည့်သောအခါတွင်မူ စိတ်ကပြန်လည်ပြေလျော့သွားရ၏။ သူတို့နောက်ကွယ်မှ ပံ့ပိုးပေးသူများကို ဖယ်ရှားပြီးမှ သူ့ရှေ့မှာ သေဟန်ဆောင်ဝံ့သည့် ဤမိန်းမယုတ်များကို စိတ်ကြိုက်နှိပ်စက်ခွင့်ရပေမည်။
သူ့မှာကိုယ်လုပ်တော် ရာနှင့်ချီရှိသော်လည်း ဘယ်သူကမှ သူ့ကို သစ္စာမရှိကြချေ။ ထို့အပြင် သူတို့၏ ခွန်အားက လင်းယောင်ယောင် ထက် အဆပေါင်းများစွာ နည်းပါးလှ၏။ထို့ကြောင့် လင်းရွှမ်စုတ်က သူမကို သဘောကျသွားခြင်းဖြစ်နိုင်သည်။ ချစ်သူနှင့်အတူ တိုက်ခိုက်နိုင်သည့် သူတို့၏ ချစ်ခင်တွယ်တာမှုကို ဘယ်သူကမှ မနာလိုဘဲမနေနိုင်ကြပေ။ကောင်းသည့်အရာတစ်ခုခုကို သူ မပိုင်ရ၍စိတ်ထဲက အတော် မကျေမနပ်ဖြစ်မိပြီး သူတို့ချစ်သူနှစ်ယောက်ကို ခွဲခွာပစ်ချင်စိတ်တွေ ပိုများလာရသည်။
တစ်ယောက်ကို သူ၏ စွမ်းအင်ဘဏ်ထဲသို့ ချလိုက်ပြီး ကျန်တစ်ယောက်ကို အသက်ရှင်ခွင့်ပေးလိုက်ပါက၊ သူတို့တွေ ယခုလို တွယ်ကပ်ပြီး ချစ်နေသေးလာဆိုသည်ကို ကြည့်ချင်မိသည်။
နောက်ဆုံး မက်ရှဲ ဒေါသတကြီးအော်လိုက်ပြီး "အမှိုက်စုတ်တွေ... ထိပ်တန်း အစောင့်အယောက် ၂၀ စလုံး လာလာ ငါ့ကို ကာကွယ်ကြ"
မက်ရှဲ သည် ရလဒ်ကို ကြိုးစားအားထုတ်မှုထက် ပိုတန်ဖိုးထားချင်သည်။ သူ့ဖက်က လူ 800 ကျော်က တစ်ဖက်က လူ 50 ၊ 60 ကို အနိုင်မယူနိုင်လျှင် ဤအမှိုက်တွေအားလုံးကို သူ သုတ်သင်ပစ်မှဖြစ်ပေတော့မည်။ သို့သော် ထိပ်တန်းအစောင့်အယောက် 20 မရောက်မီတွင် နန်းတော်ပေါ်၌ ကြီးမားသော အသားတောင်ကြီး ၃ ခု ရုတ်တရက် ပေါ်လာသည်။ တစ်ခုစီသည် မီတာတစ်ထောင်ခန့်မြင့်မားသည်။ ၎င်းတို့သည် SSS+ မက်မွန်သီးရောင်ဇာ့ခ်များပင် ဖြစ်ပေတော့သည်။
၎င်းတို့သည် ပိုးပေါက်စုပ်ဝဲထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ပိုးချည်များကို ဆန့်ထုတ်ကြပြီး နန်းတော်ကို တိုက်ခိုက်ကြသည်။ အမှန်တော့၊ ၎င်းတို့ကို အဆွဲဆောင်နိုင်ဆုံးဖြစ်သော ဇာ့ခ်ပုံဆောင်ခဲများကို တူးဖော်ချင်ရုံသာဖြစ်သည်။
လင်းရွှမ် သည် ဇာ့ခ်ပုံဆောင်ခဲများကို ချထားသူဖြစ်၍ ဘယ်နရာမှာရှိမှန်း သူသိသည်။ထို့ကြောင့် သူသည် လင်းယောင်ယောင်၏ လင်းပိုကို လျင်မြန်စွာ ဆွဲခေါ်လိုက်ပြီး သူမအား ရှောင်တိမ်းစေလိုက်သည်။
မက်ရှဲ၊ သူ၏အစောင့်များနှင့် သူ၏ ကိုယ်လုပ်တော်တို့သည် ကြီးမားသော အသားများကြားထဲတွင် ပိညပ်၍ သေဆုံးသွားမည်ကို ကြောက်ရွံ့သောကြောင့် လှည့်ပတ်ကြည့်ရှုခဲ့ရသည်။
လင်းရွှမ် သည် ချန်ပင်း နှင့် အထက်တန်းစားအဖွဲ့အား နန်းတော်မှထွက်ခွာပြီး ညလူသား အာကာသယာဉ်သို့ အမြန်ပြန်သွားရန် အမိန့်ပေးခဲ့သည်။
မက်ရှဲ သည် ပုန်းအောင်းနေသော်လည်း လင်းရွှမ် နှင့် လင်းယောင်ယောင် တို့ကို လွှတ်ပေးရန် ဆန္ဒမရှိသဖြင့် သူတို့နောက်ကို လိုက်နေလေသည်။အခြားအစောင့်များသည် မက်ရှဲ ကိုအမှီလိုက်ရန်ကြိုးစားသော်လည်း၊သူတို့သည် မက်ရှဲ ၏ SSS-အတန်းစား မက်ခါများကဲ့သို့မမြန်နိုင်ကြေပ။ ထို့ကြောင့် အနောက်မှာ ကျန်ခဲ့ခြင်း သို့မဟုတ် အစာရှာဖွေရန် ထွက်လာသော မက်မွန်သီးရောင်ဇာ့ခ်များ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ပိမိကာ သေဆုံးခဲ့ကြရသည်။
လင်းရွှမ် က လင်းယောင်ယောင် ကို ပြေးရင်းလွှားရင်းမေးလိုက်သည်။
"168 လည်း ရောက်နေပြီ မဟုတ်လား… ကိုယ်တို့ သူ့ကို 168 ဆီကို ပို့ပေးလိုက်မယ်..."
မက်ရှဲ က သူ့ထက် ပျော့ညံ့သူတစ်ယောက်ကို ကစားပြီး အနိုင်ကျင့်ရတာ ကြိုက်တာမဟုတ်လား....
သူက လူသားမျိုးနွယ်များအား ဇာ့ခ်များအား အစာကျွေးမွေးရသည်ကို နှစ်သက်သည်။ ထို့ကြောင့် သူ့အတွက် အတွေ့အကြုံကောင်းများ ရစေချင်သည်။
တာဇာများရှိ မြင့်မြတ်သောမျိုးနွယ်များကသာ တွေးခေါ်နိုင်စွမ်းနည်းပါးသော မက်မွန်သီးရောင်ဇာ့ခ်များကို တိုက်ခိုက်နိုင်သည်။
မက်မွန်သီးရောင်ဇာ့ခ်များသည် ပုံမှန်အခြေအနေတွင်ရှိနေပါက သွေးဖြင့် မွေးမြူထားသည့် တာဇာများ၏ အမိန့်ကို နာခံမည်ဖြစ်သည်။ သို့သော်၊ ယခု ဇာ့ခ်ပုံဆောင်ခဲ အတွက် အလွန်အမင်း ရူးသွပ်နေကာ ဒေါသထွက်နေသည်။ သို့ဖြစ်၍ တွေးခေါ်နိုင်စွမ်းမရှိသလို သူတို့မှာရှိသည့် တာဇာ သွေးတွေကိုလည်း ဂရုမစိုက်တော့ပေ။
မက်မွန်သီးရောင်ဇာ့ခ် သုံးကောင်သည် တာဇာလူမျိုးများကို တမင်သတ်ပစ်မည် မဟုတ်သော်လည်း ရှောင်မှာလည်း မဟုတ်ပေ။ အနီးဆုံးက ဇာ့ခ် ပုံဆောင်ခဲများကို စားသုံးပြီးနောက်၊ မက်မွန်သီးရောင်ဇာ့ခ် တစ်ကောင်စီသည် အနီးအနားမှာ အဆင့်တူ အခြားပိုးကောင်နှစ်ကောင်ရှိကြောင်း တွေ့ရှိခဲ့သည်။
မက်မွန်သီးရောင်ဇာ့ခ်များသည် သဘာဝအားဖြင့် ဇာတ်တူသားစားကြသည်။အမျိုးမျိုးသော အရင်းအမြစ်များနှင့် ၎င်းတို့ မွေးထားသော သားပေါက်များသာမက တူညီသောမျိုးနွယ်စုရှိ အခြားသောပိုးကောင်များအထိပါ လိုက်စားကြသည်။ ဤနည်းသည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးသည့် နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။ ၎င်းတို့ထက် အများကြီး ပိုအားကောင်းသည့် ဇာ့ခ်ကိုသာ အရှုံးပေးပါလိမ့်မည်။
ထို့ကြောင့်၊ မက်မွန်သီးရောင်ဇာ့ခ်သုံးကောင်သည် သူ့ထက်ငါ စွမ်းအားကြီးလာရန် ချက်ချင်းဆိုသလို အချင်းချင်း တိုက်ခိုက်ကြသည်။168 ကိုမူ အရွယ်မရောက်သေးသည့် ကလေးတစ်ကောင်ဟု မှတ်ထင်ကြ၍ ထိုအကြီးများက အဖက်မလုပ်ကြချေ။ ပိုးကောင်ကြီးသုံးကောင် အချင်းချင်းရန်ဖြစ်ပြီးသောအခါ၊၎င်းတို့သည် ဇာ့ခ်ဥများကို ဆက်လက်ဥကြမည်ဖြစ်သည်။ ထို့နောက် သူတို့၏ စိတ်စွမ်းအားကို ထိန်းချုပ်ကာ သူတို့မျက်စိထဲမြင်သမျှကို စားပြီး မြန်မြန်ကြီးပြင်းလာကာ တိုက်ပွဲအတွက်လည်း အဆင်သင့်ဖြစ်လာလေတော့သည်။
မက်ရှဲ သည် ရုတ်တရက်ရောက်လာသော မက်မွန်သီးရောင်ဇာ့ခ်သုံးကောင်မှာ သူ၏ကြီးမားသောနန်းတော်ကို အလွယ်တကူ ဖြိုခွင်းလိုက်သည်ကို တွေ့လိုက်၏။ ရှားပါးသော အရင်းအမြစ်မျိုးစုံသည် ထိုပိုးကောင်များ၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားရ၏။ပြောစရာမလိုအောင်ပင်၊ သူ၏ ကိုယ်လုပ်တော်များနှင့် အစောင့်တော်တော်များများကို ဇာ့ခ်များက ရစရာမရှိအောင်သတ်ပစ်လိုက်ကြလေသည်။ သွေးရူးသွေးတန်းဖြစ်နေသော အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဇာ့ခ်များသည် လူသားပဲဖြစ်စေ၊ တာဇာ ဖြစ်ေစ၊ဘာကိုမှ ဂရုမစိုက်ပေ။မည်သို့ပင်ဖြစ်စေ၊ စွမ်းအင်ကို ပေးစွမ်းနိုင်ပေသည်။
မက်ရှဲ ဒေါသထွက်ကာ သူ့မျက်လုံးတွေက မီးလုံးများ ထွက်လုနီးပါးဖြစ်သွားရ၏။ ဤအရာအားလုံးအတွက် တာဝန်ရှိသော တရားခံမှာ လင်းရွှမ် ဖြစ်သည်။ ထိုလူကို လုံးဝ အလွတ်ပေး၍မဖြစ်ပေ။သူ၏ သုတေသနဌာနနှင့် စွမ်းအင်ဘဏ်တို့သည် မြေအောက်၌ တည်ဆောက်ထားသောကြောင့် များစွာ ထိခိုက်မှု မရှိနိုင်ပေ။ ထို့ကြောင့် လင်းရွှမ် ကို ဖမ်းဆီးပြီး သူ၏ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်ရန် လျှို့ဝှက်ဆုံးဖြတ်ခဲ့သည်။ လင်းယောင်ယောင် ကတော့ သူ၏ သားမြေးများကို အရည်အချင်းပြည့်မီအောင် မွေးမြူနိုင်သည့် အကောင်းဆုံးမိခင်တစ်ယောက်ဖြစ်လာမှာပင်။
ထိုသို့သောအစီအစဥ်များဖြင့် မက်ရှဲ သည် သူတို့နှစ်ဦးကို ပို၍ပင် သည်းကြီးမည်းကြီး လိုက်ဖမ်းခဲ့သည်။ မကြာမီတွင်၊ သူနှင့် လင်းရွှမ် တို့သည် နောက်ဆုံးတွင် ပိုးကောင်ကြီးသုံးကောင်ရှိရာ နန်းတော်အလယ်မှ ထွက်ခွာသွားခဲ့ပြီး နန်းတော်အစွန်းသို့ ရောက်ရှိသွားကြသည်။နန်းတော်အစွန်းတွင်မက်မွန်သီးရောင်ဇာ့ခ် ငယ်လေးရှိနေ၏။
မက်ရှဲ သည် ယခု မကြောက်တော့ဘဲ S-အဆင့် ရာနှင့်ချီသည့် စက်ရုပ်များနှင့် SS အဆင့် တိုက်ခိုက်ရေး စက်ရုပ် ၁၀ ကောင်ကို အာကာသခလုတ်ထဲမှ ထုတ်လိုက်သည်။ဤစက်ရုပ်များသည် သူ၏အမိန့်ကို နာခံရုံသာမက အားကောင်းသော အစောင့်များဖြစ်သည်။
မက်ရှဲ : "မင်းရဲ့လူသားမျိုးနွယ်မှာ ဒီလိုအစွမ်းအစတွေပဲရှိသလား... မင်းငါ့ကိုမရိုက်နိုင်ရင် ရှောင်ဖို့ပဲသိတာမလား... ငါ့ကို တိုက်ဖို့ မင်းတို့က မက်မွန်သီးရောင်ဇာ့ခ်ကို ခိုးထားပြီး အားကိုးချင်နေတာလား…အိပ်မက်မက်နေလိုက်… အခု မင်းလက်မြှောက်ရင် ငါမင်းကို သက်ညှာပြီး သတ်ပေးမယ် ဘယ်လိုလဲ"
လင်းရွှမ် သည် လင်းယောင်ယောင် ကို 168 နောက်ကွယ်မှ နေစေလိုက်၍ 168 ဆီသို့ စိတ်ပိုင်းဆိုင်ရာ အတွေးများဖြင့်သာ ပြောဆိုခဲ့သည်။
"ဒါက တာဇာ ကြယ်ကွင်းပြင်ရဲ့ ဧကရာဇ်ပဲ…သူ့ကို သတ်လိုက်ရုံနဲ့ မင်းဟာ တစ်ကယ့် ဇာ့ခ်ဧကရီ ဖြစ်နိုင်တယ်"
168 သည် ဘဝမှာရိုးသားဖို့လိုကြောင်း သဘောပေါက်ခဲ့သည်။သို့သော်၊သူမက သူတော်စင်တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် သူမသည် လင်းရွှမ် ၏ စကားကို နားထောင်လိုက်သည်။ မက်ရှဲ သည် လင်းယောင်ယောင် နှင့် လင်းရွှမ် တို့အပေါ် ဒေါသစိတ်များ ပြည့်နှက်နေသည်ဟုလည်း သူမ ခံစားခဲ့ရသည်။
"ကလေးက ဇာ့ခ်ပုံဆောင်ခဲတွေကို ဟိုအကောင် အကြီးကြီးတွေဆီကနေ မယူလာနိုင်ပေမယ့် ဇာ့ခ်ဧကရီဖြစ်ဖို့တော့ ထိုက်တန်ပါတယ်"
ထို S-အဆင့် နှင့် SS-အဆင့် တိုက်ခိုက်ရေးစက်ရုပ်များအတွက် 168 အလေးအနက်မထားပေ။ ပုရွက်ဆိတ်တွေဟုသာ တွေးထား၏။သူမကို ဇာ့ခ်အသား၊ ပင်လယ်သားရဲအသားများဖြင့် ပြုလုပ်ထားသည့် မရေမတွက်နိုင်သော အရန်ကုထုံး အစားအစာများဖြင့် ပြုစုပျိုးထောင်ခံခဲ့ရပြီး သူမ၏ ကိုယ်လုံးကိုယ်ထည်အဆင့်သည်လည်း SSS+ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သို့ဖြစ်၍ သူမ၏ကိုယ်ထည်သည် သံမဏိနံရံကဲ့သို့ ဖျက်ဆီးမရနိုင်ပေ။
ထို့ကြောင့် 168 သည် မက်ရှဲ ဦးဆောင်သော စက်ရုပ်အဖွဲ့နှင့် တိုက်ခိုက်ခဲ့သည်။
မက်ရှဲ သည် 168အား အရွယ်မရောက်သေးသော မက်မွန်သီးရောင်ဇာ့ခ်နှင့်တူကြောင်း သိထားသော်လည်း သူမ၏ အပြင်ခွံသည် အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ်ထက် ပိုမိုခုခံကာကွယ်နိုင်မှန်း သိလိုက်ရသည်။ သူမ၏ ပိုးချည်မျှင်များသည်လည်း ခိုင်ခံ့မှုနှင့် ထက်မြက်မှုတို့၌ နှိုင်းမယှဉ်သာပေ။
သူဆင့်ခေါ်ခဲ့သည့် S-အတန်းစားနှင့် SS-အတန်းစား တိုက်ခိုက်ရေးစက်ရုပ်တွေကမူ အသုံးမကျပေ။ထို့အပြင် သူ၏ SSS-အတန်းစား မက်ခါသည် 168 ကို ကြီးမားသော ထိခိုက်မှုတစ်ခုမျှပင် မပြုလုပ်နိုင်ခဲ့ပေ။ သူသည် 168၏ အသားတစ်ပိုင်းကို ဖြတ်တောက်လိုက်သောအခါ၊ 168 သည် ထိုအသားတစ်ပိုင်းကို တစ်ဖန်ပြန်ယူ၍ စားပြီးနောက် ချက်ချင်း အသားအသစ်ကြီးထွားလာလေတော့သည်။
ပို၍အရေးကြီးသည်မှာ၊ သူ့ရှေ့ရှိ မက်မွန်သီးရောင်ဇာ့ခ်၏ သေးငယ်သော အရွယ်အစားကြောင့် အကောင်တစ်ခုလုံးသည် အလွန်ပျော့ပြောင်းပြီး လျင်မြန်နေသဖြင့် သူအကြံအိုက်နေရလေသည်။
ဒါကို သူဘယ်လို တိုက်ရမလဲ…
မက်မွန်သီးရောင်ဇာ့ခ်များ၏ တိုက်ခိုက်ရေးစွမ်းအားကို မက်ရှဲ မူလက သဘောကျခဲ့သော်လည်း ၎င်းတို့အား အလွန် ဥာဏ်ထက်ပြီး လိုက်လျောညီထွေမဖြစ်သည့်အတွက် မကြိုက်ခဲ့ပေ။ ၎င်းတို့သည် မည်သည့်ညွှန်ကြားချက်ကိုမျှ နားမလည်နိုင်ဘဲ တယ်လီပို့ခြင်းမှလွဲ၍ များသောအားဖြင့် သုံးစားမရပေ။
ထို့ကြောင့် လိမ္မာပါးနပ်ပြီး လိုက်လျောညီထွေရှိသော မက်မွန်သီးရောင်ဇာ့ခ်ကို ကြုံတွေ့ရရန် ခက်ခဲသည်။ ထို့အပြင် ဤပိုးကို လူသားမျိုးနွယ်က ထိန်းညှိပေးပြီး ကိုင်တွယ်ဖြေရှင်းရန် သင်ကြားပေးခဲ့သည်။
မက်ရှဲ သည် သူ့တိုက်ခိုက်မှုက 168 တွင် ကြီးမားသောပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း တွေ့ရှိခဲ့သော်လည်း သူ၏ မက်ခါ ပျက်စီးမှုသည် ပိုဆိုးလာသည်။ အစွမ်းထက်သော ဝှက်ဖဲတစ်ခုဟု သူထင်ခဲ့သည့် တိုက်ခိုက်ရေးစက်ရုပ်များသည်လည်း စနစ် ဖျက်သိမ်းလုနီးပါးဖြစ်ခဲ့၍ ချက်ချင်း လှည့်ထွက်ဖို့ ကြိုးစားလာကြသည်။ ထို့အပြင် သူ တိုက်ရမည့်သူများမှာ အားနည်းပုံရသော်လည်း ဖျက်ဆီး၍မရသော မက်မွန်သီးရောင်ဇာ့ခ်အပြင်၊ စိတ်စွမ်းအားကို ပေါင်းစပ်နိုင်သည့် လင်းမိသားစု၏ မောင်နှမလည်း ရှိသေးသည်။
မက်ရှဲ သည် ခေါင်းမှ ခြေဖျားအထိ ရေခဲများဖြင့် အပက်ခံလိုက်ရသလို ခံစားရသည်။
'အန္တရာယ်များတယ်…အရမ်းအန္တရာယ်များတယ်'
သူ့စိတ်ထဲရှိ ဒေါသကို အကြောက်တရားက အစားထိုးခဲ့သည်။
မက်ရှဲ သည် ညီအကို မောင်နှမ တစ်ရာကျော်ကို သတ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ဧကရာဇ်မင်းမြတ်၏ ပလ္လင်ပေါ်တွင် ထိုင်နိုင်ခဲ့သည်။ သူ့တွင် ထူးကဲသော အရည်အချင်းများသာမက ထက်မြက်သော စိတ်ဓာတ်နှင့် တွေးခေါ်နိုင်စွမ်းလည်း ရှိသည်။
သူ အသက်ရှင်နေသရွေ့ပြန်လာဖို့ အခွင့်အရေးရှိသေးသည်။ ဤဧကရာဇ်နန်းတော်တွင် စွမ်းအင်ဘဏ်နှင့် သိပ္ပံသုတေသနဌာနတစ်ခုသာ ရှိပြီး သူ့မှာ တခြားဘာမှ မရှိချေ။ ကံကောင်းထောက်မစွာ၊ ကတ်တစ်ကတ်ကို သူ့နှလုံးသားနှင့် နီးကပ်စွာထားနိုင််ခဲ့သည်။
သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့ပြီး အာကာသခုန်ပျံ ကျော်လွှားရာတွင် သူ့မက်ခါကို ကာကွယ်နိုင်သည့် ကိရိယာတစ်ခုကို ထုတ်လိုက်ကာ အာကာသခုန်ပျံနည်းစနစ်ကို ထုတ်သုံးခဲ့သည်။
မက်ရှဲ လွတ်မြောက်သွားကြောင်း လင်းရွှမ် သိသောအခါ စိတ်စွမ်းအားဖြင့် 168 ထံသို့ ချက်ချင်းဆက်သွယ်ခဲ့သည်။
"သူနဲ့ ငါ့ မက်ခါကို မင်းရဲ့ ပိုးချည်နဲ့ပတ်ပေး...အာကာသထဲကို ငါတို့ အတူတူ ခုန်ဝင်ကြရအောင်"
ချက်ချင်းပင် လင်းရွှမ် သည် ညလူသား အာကာသယာဉ်နောက်ကွယ်မှာ ဖွက်ထားခဲ့သော သူ့မက်ခါကို ခေါ်လိုက်ပြီး လင်းယောင်ယောင် ကိုလည်း ပြောလိုက်သည်။
"ပင်မအာကာသယာဥ်ကို ပြန်သွားတော့…ကိုယ့်ကို ယုံပြီးစောင့်နေနော်"
သူ့မက်ခါနှင့် မက်ရှဲ၏ မက်ခါသည် ပိုးပေါက်စုပ်ဝဲ ထဲသို့ ဝင်ရောက်သွားသည်ကို လင်းယောင်ယောင် ကြည့်သာကြည့်နိုင်ခဲ့သည်။
သူမပါ ချက်ချင်းဝင်သွားချင်သော်လည်း လင်းရွှမ် ၏ နောက်ဆုံးစကားက သူမကို ရပ်တန့်သွားစေ၏။သူမ၏ မက်ခါလင်းပိုသည် ခံစစ်စွမ်းရည်တွင် လင်းရွှမ်နှင့်မက်ရှဲတို့ထက် အညံ့ဆုံးဖြစ်ကာ SS-အတန်းအစားမျှသာဖြစ်သည်။ သူမ၏ စိတ်စွမ်းအားပင်လျှင် လင်းရွှမ်၊168 နှင့် မက်ရှဲတို့လောက် မကောင်းမွန်ပေ။ အကယ်၍ သူမသည် ဤနည်းဖြင့် ပိုးပေါက်စုပ်ဝဲ သို့ဝင်ရောက်ပါက၊ ကိုယ့်ကိုယ်ကို ကာကွယ်ရန်ပင် ခက်ခဲနေပေလိမ့်မည်။ လင်းရွှမ် ကို ကူညီဖို့ မဖြစ်နိုင်သလို၊သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်နေပေလိမ့်မည်။
xxxxx