စာမေးပွဲများဖြေဆိုချိန် နီးကပ်လာပြီဖြစ်သော်လည်း မနက်ခင်းအနမ်းများကို မရပ်နိုင်သေးပေ။ ယန်ကျင်းဇီသည် မနက်စောစောတွင် နံနက်စာ ယူသွားပြီး ချန်အန်းရှိူ့ကို ရှာရန် စာဖတ်ခန်းသို့ သွားခဲ့သည်။
မနက်ခင်းက အလွန်စောနေသေးသည်။ စီနီယာကျောင်းသားများမှာ စောစောထကာ စာကျက်နေကြပြီဖြစ်သော်လည်း ကျောင်းတွင် လူနည်းနည်းသာ ရှိနေဆဲပင်။ စာဖတ်ခန်းတည်ရှိရာနေရာသည် ကျောင်းရှေ့တွင် ရှိပြီး ကျောင်းအဆောက်အဦးများ၊ ကျောင်းသားအိပ်ဆောင်များနှင့်ဝေးကာ ဤဘက်တွင် ဘယ်သူမှ မရှိချေ။
မည်သို့ပင်ဖြစ်စေ ချန်အန်းရှိူ့နှင့် ချိန်းတွေ့ရန် ဤနေရာသို့ လာသောအခါ ယန်ကျင်းဇီသည် အခြားသူများနှင့် လုံးဝမတွေ့ဖူးပေ။
သို့သော် ယနေ့တွင် သူ ဤနေရာသို့ ဝင်သွားသည်နှင့်တပြိုင်နက် အဖေချန်ကို တွေ့လိုက်ရသည်။
ယန်ကျင်းဇီ : " ... "
အဖေချန်သည် အေးစက်သော မျက်နှာထားဖြင့် ယန်ကျင်းဇီကို ကြည့်သည်။
အမှတ် ၁ အထက်တန်းကျောင်း၏ ပတ်ဝန်းကျင်ဧရိယာသည် အလွန်သာယာသော်လည်း ကျောင်းကို တည်ထောင်ချိန်တွင် အမှန်တကယ်က မြေရိုင်းများဖြင့် ဝန်းရံထားခံခဲ့ရခြင်းဖြစ်သည်။
ထိုအချိန်၌ ကျောင်းက အိမ်တချို့ကို ဆောက်ပြီး ကျောင်းဆရာများကို ဈေးသက်သက်သာသာနှင့် ရောင်းချခဲ့သည်။
ချန်မိသားစုသည် အမှတ် ၁ အထက်တန်းကျောင်း၏ဘေးရှိအိမ်တွင် နေထိုင်သည်။ ဤအတွက်ကြောင့် ချန်အန်းရှိူ့ အိပ်ဆောင်သို့ မသွားခဲ့ရခြင်း ဖြစ်သည်။
သို့သော်ငြား သူက အိပ်ဆောင်မှာ ရှိသော ကျောင်းသားများထက် မကြာခဏ ကျောင်းကို စောစောရောက်တတ်သည်။ သူ ထွက်လာသောအခါ အဖေချန်နှင့် အမေချန်တို့က မကြာခဏ အိပ်ပျော်နေလေ့ရှိသည်။
အတိအကျပြောရလျှင် ဤအကြောင်းကြောင့် အဖေချန်သည် နံနက်ခင်းတွင် သူ့သား ယန်ကျင်းဇီနှင့် တွေ့နေမှန်း တစ်ခါမှ မသိခဲ့ပေ။ သူ သိတာ နှစ်ရက်ပင် မရှိသေး။
ဤနံနက်စောစောတွင် သူ သူ့သားနောက်ကို လိုက်လာပြီး သူ့သားကို လက်ပူးလက်ကြပ် မိခဲ့သည်။
ယန်ကျင်းဇီ အဖေချန်ကို တွေ့သောအခါ သူလည်း ထိတ်လန့်သွားသည် : " မစ္စတာချန်? "
" မင်း ငါနဲ့လိုက်ခဲ့။ " အဖေချန်က ပြောသည်။
ယန်ကျင်းဇီ လိုက်သွားရုံသာ တတ်နိုင်သည်။
အဖေချန်သည် ယန်ကျင်းဇီအား အဆောက်အဦး၏ လသာဆောင်စီ ခေါ်သွားသည် : " ယန်ကျင်းဇီ၊ မင်း ဘာလုပ်နေလဲ မင်း သိလား? "
" ကျွန်တော့်ကို စာဝိုင်းလုပ်ပေးဖို့ ချန်အန်းရှိူ့ကို အကူအညီတောင်းခဲ့ရုံလေးပါပဲ။ " ယန်ကျင်းဇီက ဖြေလိုက်သည်။ ချန်အန်းရှိူ့၏မိသားစုသည် တော်တော်လေး စည်းကမ်းတင်းကြပ်မှန်း သူ သိထားသဖြင့် သူတို့နှစ်ဦးသား ချစ်ကျွမ်းဝင်နေသည်နှင့်ပတ်သက်၍ သဘာဝကျကျပင် သူ ဘာမှမပြောရဲပေ။
" စာလေ့လာတယ်? " အဖေချန်က သရော်သည်။ " အန်းရှိူ့ ပြောတာတော့ အဲ့လိုမဟုတ်ဘူး။ သူက မင်းတို့တွဲနေတယ်လို့ ပြောခဲ့တာ။ "
ယန်ကျင်းဇီ အံ့အားသင့်သွားသည်။ သူ့အား ချန်အန်းရှိူ့က ဤအကြောင်းကို မပြောပြထားဘဲ ချန်အန်းရှိူ့ အဖေချန်ကို ဖွင့်ပြောပြပြီးသွားမှန်း သူ မသိခဲ့ချေ။
မကြာသေးမီက သူ့ကို တွေ့တိုင်း အဖေချန်၏မျက်ဝန်းများ အလွန်မဖော်ရွေဖြစ်နေသည်မှာ မထူးဆန်းတော့ပါဘူး။ ယခင် chat များ ၏ screenshot များကြောင့် ထိုသို့ဖြစ်နေသည်ဟု သူ ထင်ခဲ့သော်လည်း ထိုသို့မဟုတ်မှန်း ပေါ်လာခဲ့သည်။
" မစ္စတာချန် ကျွန်တော်တို့တွေက ချစ်နေကြပါပြီ။ စိတ်မပူပါနဲ့။ ကျွန်တော် အန်းရှိူ့ကို ကောင်းကောင်းဆက်ဆံပါ့မယ်။ " ယန်ကျင်းဇီက သူ့အမူအရာကို ပြင်ပြီး လေးနက်စွာ ကတိပေးသည်။ သူ ချန်အန်းရှိူ့ကို ပထမဆုံးမြင်သောအခါ ချန်အန်းရှိူ့ကို ချစ်မိသွားသည်။ ချန်အန်းရှိူ့ သူနှင့်အတူရှိရန် ကံကြမ္မာက စီမံပေးထားသည်ဟု သူ ခံစားမိခဲ့သည်။
" မင်းက အသက်ဘယ်လောက်ရှိသေးလို့လဲ? မင်း စာပဲလေ့လာလို့မရဘူးလား? ငါ အထက်တန်းကျောင်းဆရာ လုပ်လာတာ နှစ်အတော်ကြာနေပြီဆိုပေမယ့် အထက်တန်းကျောင်းမှာ ချစ်ကြိုက်သွားတဲ့ လူငယ်စုံတွဲတစ်တွဲ အဆုံးထိ သွားနိုင်တာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး! " အဖေချန်က ပြောသည်။
ယန်ကျင်းဇီက ချက်ချင်းပြန်ပြောသည် : " ဆရာချန် အနာဂတ်မှာ တွေ့ရမှာဖြစ်ပြီး ကျွန်တော်တို့ အဆုံးအထိ သေချာပေါက် သွားမှာပါ! "
အဖေချန် : " ... "
အဖေချန်က ထပ်ပြောပြန်သည် : " ယန်ကျင်းဇီ ငါ မင်းမိဘတွေကို ပြောပြမှာ မင်း မကြောက်ဘူးလား? " သူ့သားက လတ်တလော ပူပူနွေးနွေး အချိန်ကာလထဲ ရောက်နေရုံဟု သူ ထင်ခဲ့သောကြောင့် ယန်ကျင်းဇီနှင့် စကားပြောဖို့ သူ မစီစဉ်ထားခဲ့သော်လည်း ယခုတော့ ထိုသို့ဖြစ်ပုံမပေါ်ပေ။
" မစ္စတာချန်၊ ကျွန်တော် ကျွန်တော့်မိဘတွေနဲ့ စကားပြောပြီးပြီ။ သူတို့က အန်းရှိူ့ကို အရမ်းသဘောကျတယ်။ မဟုတ်လည်း ကျွန်တော် သူတို့ကို ဆရာ့ကို ထမင်းစားဖိတ်ခိုင်းပြီး စကားကောင်းကောင်း ပြောခိုင်းလိုက်ရမလား? " ယန်ကျင်းဇီက မေးလိုက်သည်။
အဖေချန် : " ... "
ထိုအခါမှသာ အဖေချန်သည် အသက်ကောင်းကောင်းမရှူဘဲ သူ့ရင်ဘတ်မှာ တက်လိုက်ဆင်းလိုက် မလုပ်နေရာမှ ခပ်ဖြေးဖြေးချင်း အသက်ရှုမိပြီး အနည်းငယ် ပြေလျော့သွားမှန်း သတိထားမိသွားသည်။
သူ့သားက စိတ်လက်မာန်ပါ လုပ်နေတာ မဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူ အစက ယန်ကျင်းဇီကို ခြောက်လှန့်လိုပြီး ခက်ခဲမှန်း သိသွားသောအခါ ယန်ကျင်းဇီကို နောက်ဆုတ်စေချင်ခဲ့သည်။ ယခုတော့ ကြည့်ရတာ အလုပ်ဖြစ်မည့်ပုံ မပေါ်ချေ။ ဒီလိုလူကို ရင်ဆိုင်ရတာ...
အဖေချန်က နောက်ဆုံးတွင် သတိပေးရုံသာ တတ်နိုင်တော့သည် : " မင်းတို့ အတူရှိနေချင်ရင် မင်း လုပ်နိုင်တယ်။ ဒါပေမယ့် တစ်ခုတော့ ငါ့ကို ကတိပေးရမယ်။ "
" ပြောပါ ဆရာ။ " ယန်ကျင်းဇီက ဆိုသည်။
အဖေချန်က ပြောသည် : " မင်းတို့အတူတူရှိနေမှန်း အခြားသူတွေ မသိစေနဲ့။ " ယန်ကျင်းဇီက ပေါ်ပေါ်ထင်ထင် ဝံ့ကြွားလွန်းသည်။ ဒီအကြောင်းကို လူတိုင်း သိသွားပြီး သူတို့နှစ်ယောက် လမ်းခွဲသွားရင်... သူ့သားက ဘာလုပ်ရမှာလဲ?
ယန်ကျင်းဇီက မဆိုင်းမတွ သဘောတူလိုက်သည် : " ကိစ္စမရှိပါဘူး။ "
အဖေချန်က ပြော၏ : " ကောင်းပြီ။ သွားရအောင်။ "
" ဆရာချန် နှုတ်ဆက်ပါတယ်! " ယန်ကျင်းဇီက နှုတ်ဆက်ပြီးနောက် စာဖတ်ခန်းစီသို့ လျှောက်သွားသည်။
ဒါကိုမြင်တော့ အဖေချန်က ချက်ချင်းတားသည် : " ငါက မင်းကို အတန်းပြန်ခိုင်းတာ။ မင်းက ဘယ်သွားမလို့လဲ? "
ယန်ကျင်းဇီက အဖေချန်အား အပြစ်ကင်းစွာ ကြည့်လိုက်သည် : " မစ္စတာချန်၊ အန်းရှိူ့က ကျွန်တော့်ကို စောင့်နေတယ်။ ကျွန်တော် မသွားရင် အန်းရှိူ့ ဝမ်းနည်းသွားလိမ့်မယ်။ သူ ဝမ်းနည်းနေရင် နောက်စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်လောက်မှာ မဟုတ်ဘူး။ "
အဖေချန် : " ... "
အဖေချန်သည် ယန်ကျင်းဇီ စာဖတ်ခန်းထဲ ဝင်သွားသည်ကို ကြည့်နေခဲ့သည်။
ယန်ကျင်းဇီသည် စာဖတ်ခန်းထဲသို့ ဝင်ပြီးပြီးချင်း တံခါးကို လော့ခ်ခတ်ပြီး လိုက်ကာများကိုပါ ဆွဲပိတ်လိုက်သည်။
ချန်အန်းရှိူ့ ရောက်နေသည်မှာ ခဏတာကြာမြင့်သွားပြီဖြစ်ကာ ယန်ကျင်းဇီကို မတွေ့ရဘဲ အကြာကြီးစောင့်ဆိုင်းပြီးနောက်တွင်တော့ သူ တကယ် အနည်းငယ် စိုးရိမ်စပြုလာပြီဖြစ်သည်။
ယခု ယန်ကျင်းဇီ နောက်ဆုံးရောက်လာမှသာ သူ စိတ်သက်သာရာရသွားသည်။
" အန်းရှိူ့ရေ နာနီက ဒီနေ့ မနက်စာ ချက်တာ တော်တော်ကြာနေလို့ ကိုယ် နောက်ကျသွားတယ်! " ယန်ကျင်းဇီသည် ချန်အန်းရှိူ့စီ လျှောက်သွားကာ နမ်းလိုက်သည်။
ချန်အန်းရှိူ့ သူ့မျက်နှာကို တဖက်လှည့်လိုက်သည် : " အင်း။ "
" ကိုယ် မင်းကို ခွံ့ကျွေးရမလား? စာမေးပွဲတွေ နီးနေပြီ။ မင်း မနက်စာကို သေချာကောင်းကောင်းစားရမယ်။ " ယန်ကျင်းဇီက ပြောသည်။
" ဟင့်အင်း။ " ချန်အန်းရှိူ့က ငြင်းခဲ့သည်။
" မင်းက ကိုယ့်ကို ခွံ့မကျွေးခိုင်းဘူးဆိုတော့ မင်း ကိုယ့်ကို ခွံ့ကျွေးလို့ရပြီ။ " ယန်ကျင်းဇီက သူ့ပါးစပ်ကို ဖွင့်ပြသည်။
ချန်အန်းရှိူ့ : " ... " သူ့ရည်းစားက ဘာလို့ ဒီလောက် အရှက်မဲ့နေရတာလဲ?
ပိုအံ့ဩစရာကောင်းတာက ဒီလိုပုံစံမျိုးနဲ့ ယန်ကျင်းဇီက သူ့ကို ပိုပိုပြီးသဘောကျလာစေတာပဲ!
ချန်အန်းရှိူ့က နေ့လယ်စာထမင်းဗူးကို ဖွင့်ပြီး ခက်ရင်းတစ်ချောင်းကို သုံးကာ အမဲသားစတူး၏ အသားပိုင်းတစ်ပိုင်းကို သူ့ကောင်လေးအား ခွံ့ကျွေးလိုက်သည်။
နှစ်ယောက်သား သူတို့၏မနက်စာကို ချိုမြိန်စွာ စားခဲ့ကြပြီး ယန်ကျင်းဇီသည် သူ့အနာဂတ်ကို သက်ရောက်မည့် အရေးကြီးသော စာမေးပွဲ နီးလာ၍ သူ အားပေးမှု လိုအပ်နေကြောင်း အကြောင်းပြကာ အနမ်းများစွာကို လှည့်စားရယူသွားသေးသည်။
ခုနှစ်နာရီထိုးတော့မည်ကို တွေ့သောအခါ ချန်အန်းရှိူ့သည် သူ့ချစ်သူအား တွန်းထုတ်ကာ စာဖတ်ခန်းမှ အမြန်ထွက်ခွာသွားသည်။
အပြင်တွင် စောင့်နေသော အဖေချန်ခမျာ နီရဲနေသော နှုတ်ခမ်းများနှင့် သူ့သားကို တွေ့လိုက်ရသဖြင့် ရင်ကွဲသွားရှာသည်။
သူ့သား ထွက်သွားပြီးနောက် ယန်ကျင်းဇီ အောက်ထပ်သို့ လန်းဆန်းတက်ကြွစွာ ဆင်းလာသည်ကို သူ တွေ့လိုက်ရသောအခါ သူ ပိုစိတ်ထိခိုက်သွားပြီး အထိန်းအချုပ်မဲ့နေသော ဖော်ရွေမှုကင်းမဲ့သည့် အေးစက်စက် ဟွန့်ခနဲ အသံနှင့်အတူ ထောင့်မှ ထွက်လာသည်။
" မစ္စတာချန် ကျင့်သားရမှဖြစ်မယ်... ဘာလို့လဲဆိုတော့ နောက်စာသင်နှစ်မှာ အခန်း ၁ ကို ကျွန်တော် ပြန်လာမှာ။ " ယန်ကျင်းဇီက အဖေချန်ကို တွေ့သောအခါ တောက်ပစွာ ပြုံးပြသည်။
ပထမဆုံးအကြိမ်အဖြစ် အဖေချန် သူ၏ ခပ်တင်းတင်း အမူအရာကို မထိန်းသိမ်းနိုင်တော့ဘဲ ဒေါသတကြီး ပြောဆိုတော့သည် : " ဆုတောင်းလေ! " တစ်လလောက် စာကျက်ပြီးတာနဲ့ ယန်ကျင်းဇီ အခန်း ၁ ကို ဝင်နိုင်လိမ့်မယ်လို့ သူ မယုံဘူး!
အဖေချန်က စကားပြောပြီးသည့်နောက်မှာတော့ ထွက်သွားခဲ့သည်။ သူ ဒီကောင်လေးနဲ့ ထပ်ပြီးတော့ စကားအပိုတွေပြောမနေချင်တော့ဘူး!
ယန်ကျင်းဇီသည် သူ့ကျောင်းလွယ်အိတ်ကို လွယ်ကာ အခန်း ၁၀ သို့ သွားခဲ့သည်။
သို့သော် ဤအချိန်တွင် ဖူးကျီးက လှည့်ပတ်ကြည့်နေပြီး ဘယ်သူ့ကိုမှ မတွေ့သဖြင့် သူ့မှာ ရွေးစရာမရှိတော့ဘဲ အခန်း ၂ သို့ ပြန်သွားရသည်။
လူငယ်များကြားမှ ကိစ္စများကို အမြဲလိုလို လူငယ်များကိုယ်တိုင်သာ ဖြေရှင်းလေ့ရှိကြသည်။ ဒါပေမယ့် ယန်ကျင်းဇီက သူ့အဖေစီကို တကယ်သွားတိုင်တယ်!
အဖေယန်ကလည်း သူတို့ရဲ့မိဘတွေစီကိုပါ လာတိုင်သွားသေးတယ်!
မကြာသေးမီက သူနှင့် ကျွမ်းကောင်းဟန်တို့ အိမ်မှာ ဆုံးမခံခဲ့ရပြီး အဲ့ဒါက သူ့ကို ယန်ကျင်းဇီအား ပိုပြီးတော့ မုန်းတီးစေခဲ့သည်။ ဖူးကျီးက ယန်ကျင်းဇီကို လိုက်ရှာနေသည်မှာ စာမေးပွဲဖြေရခါနီးဆဲဆဲကို သူ အခွင့်ကောင်းယူကာ ယန်ကျင်းဇီကို ရိုက်နှက်ချင်၍ဖြစ်သည်။
သူ လူအရမ်းရိုက်ချင်နေပြီ! ဒီနေရာက ကျောင်းဖြစ်နေမယ်ဆိုရင်တောင်မှ သူ ယန်ကျင်းဇီကို ရိုက်ချင်တယ်!
မီးထဲကို လောင်စာထည့်သွားတဲ့ အဖေယန်ကြောင့် စစ်တန်းလျားကို နှစ်ပေါင်းများစွာ မပြန်ရတာကြာပြီဖြစ်တဲ့ သူတောင် လာမယ့်ဆောင်းရာသီအားလပ်ရက်ကို စစ်တန်းလျားမှာ ထပ်ပြီး ကုန်ဆုံးရတော့မယ်!
ဒါပေမယ့် သူ ဘယ်သူ့ကိုမှ မတွေ့ဘူး!
ယန်ကျင်းဇီ ကျောင်းမလာသေးတာလား ဒါမှမဟုတ် သွားပုန်းနေတာလား သူ မသိဘူး...
ဖူးကျီးသည် တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်သော်လည်း လူအများကြီးရှိနေသောနေရာတွင် သူ တကယ်မလုပ်ရဲပေ။ ထို့ကြောင့် သူ ယန်ကျင်းဇီနှင့် စာမေးပွဲတစ်ခန်းထဲ ကျသည်ကို သူ သိလိုက်ရသောအခါ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ယန်ကျင်းဇီအား ဒေါသတကြီး စိုက်ကြည့်နေရုံသာ။
ယန်ကျင်းဇီက ဖူးကျီးကို ပြုံးပြပြီး သူ့နေရာတွင် တည့်တည့်မတ်မတ် ထိုင်လိုက်သည်။
သူ လာမည့်စာမေးပွဲကို သေချာဖြေဆိုရမည်။
တစ်ချိန်တည်းမှာပဲ ချန်အန်းရှိူ့ကလည်း သူ့နေရာတွင် သေချာထိုင်နေသည်။
သူလည်း လာမည့်စာမေးပွဲကို အလေးထားကာ ကောင်းမွန်စွာဖြေဆိုရန် ဆုံးဖြတ်ချက်ချထားသည်။
အကယ်၍ သူ့အမှတ်များ ယိုယွင်းလျော့နည်းသွားပြီး သူ့အဖေသာ ယန်ကျင်းဇီ၏အဖေစီသို့ တကယ်သွားခဲ့ပါလျှင်...
" ချန်အန်းရှိူ့ ငါတို့ စာမေးပွဲဖြေရမယ့်အခန်းတူလိမ့်မယ်လို့ မထင်ထားဘူး။ တိုက်ဆိုင်ချက်ပဲ။ " ကျွမ်းကောင်းဟန်က ချန်အန်းရှိူ့ကို ပြောခဲ့သည်။
" အင်း။ " ချန်အန်းရှိူ့ ပြန်ဖြေလိုက်သည်။
" အခုတလော ယန်ကျင်းဇီ မင်းနောက်လိုက်နေတယ်မလား? ဟေး အရင်တုန်းကလည်း သူ ငါ့နောက်ကို အဲ့လိုလိုက်ခဲ့ဖူးတယ်။ " ကျွမ်းကောင်းဟန်က ဆိုသည်။ သူ ယန်ကျင်းဇီအား ကသိကအောက် မဖြစ်စေနိုင်ပေ။ ထို့ကြောင့် သူ ချန်အန်းရှိူ့အား စိတ်အနှောင့်အယှက်အချို့ ပေးရန် စီစဉ်ထားသည်။
ချန်အန်းရှိူ့က ကျွမ်းကောင်းဟန်အား တစ်ချက်လှမ်းကြည့်ပြီး သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ရှိမနေ : " အို။ "
ကျွမ်းကောင်းဟန်က အများသူငှာကို လှည့်ဖြားတတ်သည်ဟု ယန်ကျင်းဇီ ပြောထားသည်မှာ အမှန်ဖြစ်ပုံရသည်။
သူတစ်ယောက်တည်းကိုသာ လိုက်ခဲ့ကြောင်း ယန်ကျင်းဇီက သေချာပြောထားသည်။
သူ ကျွမ်းကောင်းဟန်ကို မဟုတ်ဘဲ ယန်ကျင်းဇီကို ယုံရမည်။
ချန်အန်းရှိူ့ လုံးဝမတုံ့ပြန်မှန်း ကျွမ်းကောင်းဟန် တွေ့သွားသည်။ သူ ခဏလောက် စိတ်အနှောင့်အယှက်ဖြစ်သွားပြီးမှ ပြောလိုက်သည် : " အဲ့တုန်းက သူ ငါ့ကိုလည်း လက်ဆောင်တွေအများကြီး ပေးခဲ့တယ်... နှလုံးသားပြောင်းလဲမှုတစ်ခုလေးက အရမ်းမြန်တာပဲ... "
ချန်အန်းရှိူ့ နားမကြားသယောင် ဟန်ဆောင်နေလိုက်၏။
ကျွမ်းကောင်းဟန်သည် ချန်အန်းရှိူ့ အဆင်မပြေဖြစ်အောင် လုပ်ချင်ခဲ့သော်လည်း အဲ့အစား ချန်အန်းရှိူ့၏တုံ့ပြန်ပုံက သူ့ကို အဆင်မပြေဖြစ်စေသည်။
အဲ့ဒါကို မေ့လိုက်ပါဦး။ ရုတ်တရက် သူ ချန်အန်းရှိူ့၏လက်ပေါ်မှ နာရီကို သူ တွေ့လိုက်သည်။
အထက်တန်းကျောင်းသားများသည် စာမေးပွဲအချိန်ကို တပြေးညီသိရှိနိုင်ရန်အတွက် လက်ပတ်နာရီများကို ဝတ်ဆင်ကြသည်။
ယခင်က ချန်အန်းရှိူ့သည် ဒေါ်လာဆယ်ချီတန်သော အွန်လိုင်းမှ ဝယ်ယူထားသည့် စတိုင်ကောင်းကောင်း လက်ပတ်နာရီတစ်လုံးကို ဝတ်ဆင်ခဲ့သည်။ သို့သော် ယနေ့တွင် သူသည် ယန်ကျင်းဇီ သူ့ကို ပေးသော လက်ပတ်နာရီကို ဝတ်လာခဲ့၏။
ဤလက်ပတ်နာရီ၏ ပုံစံစတိုင်မှာ အလွန်သမာရိုးကျဆန်သော်ငြား ဈေးမပေါချေ... ဒါကို ပထမဆုံး လက်ဆောင်ရသည့်အချိန်တွင် ချန်အန်းရှိူ့ နာရီတန်ဖိုးကို မသိခဲ့ပေ။ အိမ်ပြန်ရောက်ပြီးနောက် သူ နာရီတန်ဖိုးကို အင်တာနက်တွင် ရှာကြည့်ခဲ့ပြီး ထို့နောက် သူ ခဏကြာသည့်အထိ ရှက်ရွံ့မိသည်။ သို့သော်ငြား နောက်ပိုင်း ယန်ကျင်းဇီက သူ့ကို ဘဏ်စာရင်း ငွေပမာဏ ပြကာ သူတို့အနာဂတ်အတွက် အစီအစဉ်များကို ပြောပြသည်။ ဒါက သူ့ကို နာရီတန်ဖိုးက ထင်သလောက် ကြီးမားသည့်ကိစ္စမဟုတ်ဟု တကယ်ခံစားရစေသည်။ ဘာပဲဖြစ်ဖြစ် သူတို့က မိသားစုဖြစ်သည်လေ။
ချန်အန်းရှိူ့၏သဘောထားက တည်ငြိမ်နေပေမယ့် ကျွမ်းကောင်းဟန်၏အသက်ရှူသံကတော့ နည်းနည်းနှေးသွားသည်။
ဤလက်ပတ်နာရီကို သူ အရမ်းသဘောကျပြီး သူ့အတွက် ဝယ်ပေးဖို့ ယန်ကျင်းဇီကို မသိမသာ အရိပ်အယောင်ပြဖူးသည်။ ဒါပေမယ့် အခု လက်ပတ်နာရီက ချန်အန်းရှိူ့၏လက်ထဲ ရောက်နေသည်။
ကြိုတင်အသိပေးဘဲလ်သံ မြည်လာပြီး ဆရာရောက်လာသည်။
ကျွမ်းကောင်းဟန် သူ့ထိုင်ခုံတွင် ပြန်ထိုင်ရင်း ရုတ်တရက် မနေနိုင်ဘဲ အတွေးတစ်ခု တွေးမိသွားသည်။
အရင်တုန်းက သူသာ ယန်ကျင်းဇီကို ချန်အန်းရှိူ့အား မဆွဲဆောင်ခိုင်းဘဲ အဲ့အစား သူနှင့်ယန်ကျင်းဇီတို့ အတူရှိနေကြမည်ဆိုလျှင်... အခုဆို ဘယ်လိုဖြစ်နေလောက်မလဲ?
ဤအတွေးက ကျွမ်းကောင်းဟန်၏စိတ်ထဲတွင် ရစ်သီရစ်သီဖြင့် လွှမ်းမိုးထားပြီး သူ့အား မေးခွန်းများအပေါ် သေချာအာရုံစူးစိုက်ခွင့်ပင် မပေးပေ။
နှစ်ရက်တာစာမေးပွဲပြီးဆုံးသွားသည့်အခါမှာတော့ အမှတ် ၁ အထက်တန်းကျောင်း ပိတ်သွားပြီဖြစ်သည်။
ကျောင်းသားများက အားလပ်ရက်ရသွားပြီဖြစ်သော်လည်း ဆရာများက အဖြေလွှာများကို အမှတ်ခြစ်နေရဆဲဖြစ်၏။
ဤအကြိမ်မှာ အတန်းတင်စာမေးပွဲ ဖြစ်ကာ အဖြေလွှာများကို ကျောင်းများစွာက အကဲဖြတ်စစ်ဆေးကြသည်။ ဥပမာအားဖြင့် ဤအချိန်၌ အမှတ် ၁ အထက်တန်းကျောင်းတွင် အဖြေလွှာများကို စစ်ဆေးသူများမှာ အမှတ် ၁ အထက်တန်းကျောင်း၏ဆရာများအပြင် အခြားကျောင်းများမှ ဆရာများလည်း ရှိနေခဲ့သည်။
ဒါတင်မကသေးဘဲ စာရွက်တစ်ရွက်ကို ဆရာတစ်ယောက်က အမှတ်ခြစ်ပြီးသွားသောအခါတွင် ထိုစာရွက်ကို နောက်ထပ်ဆရာတစ်ယောက်က အမှတ်ထပ်ခြစ်ရသည်။
ဆရာချန်နှင့်အခြားသူများ အဖြေလွှာများကို အကဲဖြတ်စစ်ဆေးနေစဉ် ယခင်နောက်ဆုံးတစ်ခါက ယန်ကျင်းဇီ၏အဖြေလွှာကို ချန်အန်းရှိူ့ဟာဟု အထင်မှားခဲ့သော ဆရာက ပြောသည် : " ဒီစာမေးပွဲမှာ ယန်ကျင်းဇီ ချန်အန်းရှိူ့ရဲ့လက်ရေးကို ယူသုံးဦးမှာလားဆိုတာ ငါ မသိဘူး။ "
" ဖြစ်နိုင်တယ်။ ယန်ကျင်းဇီက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်။ " အခြားဆရာတစ်ဦးက ဆိုသည်။
အဖေချန်သည် အမူအရာကင်းမဲ့နေပြီး ဘာကိုမှ လုံးဝဝင်မပြောချင်ခဲ့ပေ။
သူ့သားနှင့် သူ့သား၏ချစ်သူကောင်လေးတို့ နှစ်ယောက်စလုံးက စာမေးပွဲများတွင် တူညီသော လက်ရေးကို အသုံးပြုကြသည်မှာ သူ့နှလုံးသားကို သွေးယိုစေသည်။
အသည်းကွဲနေသော အဖေချန်မှာ ဤတစ်ခါတွင်တော့ သူ့သား၏အဖြေလွှာစာရွက်ကို တွေ့သွားခဲ့သည်။
အဖြေလွှာစာရွက်တစ်ရွက်လုံးက သန့်ရှင်းသပ်ရပ်နေကာ အဖြေမှားတစ်ခုတောင်မှ ရှိမနေ။
အဖေချန်တွင် ဂုဏ်ယူသောခံစားချက် ရှိလာခဲ့သည်။ သူ အမှတ်ခြစ်ပြီးသည့်နောက် အခြားသူများကို ပြတော့မည့်အချိန်တွင် သူတို့ကျောင်းမှမဟုတ်သော ဆရာတစ်ယောက် ပြောသည်ကို သူ ရုတ်တရက် ကြားလိုက်ရသည် : " တစ်ယောက်ယောက်က သင်္ချာမှာ အမှတ်ပြည့်ရတာ ငါ ယုံတောင်မယုံနိုင်ဘူး! ဒီတစ်ခါ သင်္ချာက တော်တော်ခက်တယ်။ ပြီးတော့ လူတိုင်းလိုလိုက နောက်ဆုံးမေးခွန်းအပုဒ်ကြီးမှာ မှားကြတယ်... အမှတ်ပြည့်ရတဲ့ဒီတစ်ယောက်က အမှတ် ၁ အထက်တန်းကျောင်းက ချန်အန်းရှိူ့ မလား? "
နိုင်ငံလုံးဆိုင်ရာသင်္ချာပြိုင်ပွဲတွင် ချန်အန်းရှိူ့ ပထမဆုရပြီးသည့်နောက် မြို့ထဲမှ သင်္ချာဆရာအားလုံးနီးပါး သူ့ကို သိကြသည်။
" ပြပါဦး။ " အမှတ် ၁ အထက်တန်းကျောင်းမှ ဆရာတစ်ယောက်က ရှေ့တိုးကာ တစ်ချက်ကြည့်ပြီး ပြောသည် : " ဟုတ်တယ်။ ဒါက ချန်အန်းရှိူ့ရဲ့အဖြေလွှာပဲ။ "
အဖေချန် အံ့အားသင့်သွားသည် : " ခဏလေး၊ အန်းရှိူ့ရဲ့အဖြေလွှာက ငါ့စီမှာ ရှိတယ်။ " ချန်အန်းရှိူ့ရဲ့အဖြေလွှာက သေချာပေါက် သူ့လက်ထဲမှာလေ!
အဖေချန် ပြောပြီးသည်နှင့်တပြိုင်နက် တစ်စုံတစ်ယောက်က အဖေချန်၏လက်ထဲမှ အဖြေလွှာကို ကြည့်ရန် ချက်ချင်းရောက်လာသည်။
ဒါကလည်း အမှတ်ပြည့်ရသော အဖြေလွှာ ဖြစ်သည်။
ပိုအံ့ဩစရာကောင်းသည်မှာ ဤအဖြေလွှာပေါ်မှ လက်ရေးသည် အခြားအဖြေလွှာပေါ်မှ လက်ရေးနှင့် တထပ်တည်း တူနေခြင်းပင်။
ဤအဖြေလွှာစာရွက်နှစ်ရွက်ကို လူတစ်ယောက်တည်းက ဖြေဆိုထားပုံရသည်။
သို့သော် လူတစ်ယောက်တည်းက ဖြေထားခြင်းမဟုတ်သည်မှာ သေချာမှန်း လူတိုင်းသိသည်။ သူတို့၏စာမေးပွဲစောင့်သောနည်းလမ်းမှာ အလွန်စနစ်တကျဖြစ်နေဆဲဖြစ်သည်။ သင်္ချာအဖြေလွှာစာရွက်နှစ်ရွက်များပေါ်တွင် ခက်ခဲသော ပုစ္ဆာတစ်ပုဒ် ရှိကာ လူနှစ်ယောက်တွင် ကွဲပြားသော ပုစ္ဆာဖြေရှင်းနည်းများ ရှိသည်။
အမှတ် ၁ အထက်တန်းကျောင်းမှ ဆရာသည် အဖြေလွှာနှစ်ရွက်ကို အပြန်ပြန် အလှန်လှန် ကြည့်ကာ ရှော့ခ်ရသွားသည်။
လက်ရေးက ချန်အန်းရှိူ့နဲ့ တထပ်တည်းတူနေတာ ဘယ်သူဖြစ်နိုင်လို့လဲ? ယန်ကျင်းဇီပဲ ဖြစ်ရမယ်!
ယန်ကျင်းဇီက အမှတ်ပြည့်တောင် ရတယ်လား?
အဖေချန်သည် အလွန်အရေးကြီးသောကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသည်— ယန်ကျင်းဇီက သင်္ချာမှာ အမှတ်ပြည့်ရနိုင်ကာ အခြားဘာသာရပ်များမှ သူ၏အမှတ်များမှာလည်း သေချာပေါက် ဆိုးမှာမဟုတ်ပေ... သူ အခန်း ၁ ကို ဝင်နိုင်လောက်လား?
" မင်း စာမေးပွဲမှာ အမှတ်ပြည့်ရတဲ့ နောက်တစ်ယောက်ကို သိလား? အဲ့ဒါ ကျွမ်းကောင်းဟန်လား? " တစ်ယောက်က မေးလာခဲ့သည်။ ကျွမ်းကောင်းဟန်သည် ယခင်က မြို့ထဲတွင် အမြဲ ဒုတိယနေရာ ရရှိပြီး သူတို့တွင် ထင်မြင်ချက်ကောင်း ရှိသည်။
" မဟုတ်ဘူး။ " အမှတ် ၁ အထက်တန်းကျောင်းမှ ဆရာတစ်ယောက်က ပြောသည် : " ဒီလူက ယန်ကျင်းဇီ ဖြစ်လိမ့်မယ်။ "
" အဆောက်အဦးလှူတဲ့ ဒုတိယမျိုးဆက် သူဌေးသားလား? " အခြားကျောင်းများမှ ဆရာများမှာ အံ့အားသင့်သွားကြသည်။
အမှတ် ၁ အထက်တန်းကျောင်းမှ ဆရာများသည် လေးနက်စွာ ခေါင်းညိတ်ပြကြသည်။
အခြားကျောင်းများမှ ဆရာများ : " ... " သူတို့ အမှတ် ၁ အထက်တန်းကျောင်းကို အရမ်းစိုးရိမ်ပူပန်သည်။ သူတို့က အမှတ် ၁ အထက်တန်းကျောင်းနှင့်ပတ်သက်သော သတင်းများကို အမြဲလိုလို အာရုံစိုက်ထားသည်။
အင်တာနက်ပေါ်မှ သတင်းများအရ ဤယန်ကျင်းဇီ၏ စာမေးပွဲရလဒ်များမှာ အလွန်ဆိုးသည်။ ပြီးတော့ အခု သူက အမှတ်ပြည့်ရတယ်တဲ့လား?
တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?
ဒါ စာခိုးချတာလား?
သို့သော် ယခုလက်ရှိ ခေတ်ကာလများက ပြောင်းလဲကုန်ပြီဖြစ်သည်။ ချမ်းသာသောသူများအတွက် စာခိုးချမည့်အစား သူတို့၏သားသမီးများကို နိုင်ငံခြားပညာတော်သင် လွှတ်လိုက်တာက ပိုကောင်းသည်။ နိုင်ငံခြားပို့ပြီးနောက် သူတို့၏သားသမီးများကို နောက်ထပ်လှုပ်ရှားမှုများတွင် ပါဝင်ခိုင်းပြီး အမျိုးမျိုးသော ကဏ္ဍများတွင် သားသမီးများ၏ ကျွမ်းကျင်မှုကို တိုးပွားစေကာ အကြံပေးမည့် နောက်ထပ်လူအနည်းငယ်ကို ရှာကြသည်... အားလုံးပြီးသွားသည့်နောက်မှာတော့ နိုင်ငံခြားတက္ကသိုလ်ကောင်းကောင်းတစ်ခုသို့ သွားတက်နိုင်ပြီဖြစ်၏။ နိုင်ငံခြားတက္ကသိုလ်ကောင်းကောင်းကို သွားတက်နိုင်တဲ့အချိန်မှာ တရုတ်ပြည်မှာ ဘာကြောင့် အချိန်ဖြုန်းနေမှာလဲ?
ဆရာများ မည်သို့ပင်တွေးတောနေပါစေ အမှတ်ဆက်ခြစ်နေကြဆဲဖြစ်သည်။
အဖေချန်နှင့်အမေချန်တို့နှစ်ယောက်စလုံး အမှတ်ခြစ်ရင်း အလုပ်များနေကြ၍ အိမ်တွင် တစ်ယောက်တည်းရှိနေသူမှာ ချန်အန်းရှိူ့ပင်!
" အန်းရှိူ့ ကိုယ့်ကို အဓိကအချက်တွေ ကူမှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ် ဒီတစ်ခါ ကောင်းကောင်းဖြေခဲ့တယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ကိုယ် မင်းကို အနမ်းတချို့ ပေးမယ်လေ။ " ယန်ကျင်းဇီသည် တံခါးဖွင့်ဝင်လိုက်သည်နှင့်တပြိုင်နက် ချန်အန်းရှိူ့အား နံရံပေါ် ဖိကပ်လိုက်သည်။
ချန်အန်းရှိူ့ ဘာမှမပြောရသေးခင်မှာပင် အနမ်းခံလိုက်ရသည်။ ခဏကြာပြီး နောက်ဆုံးမှာတော့ သူ ယန်ကျင်းဇီအား အဝေးသို့တွန်းထုတ်နိုင်သွားသည် : " အဖြေတွေ အရင်တိုက်ရအောင်! "
ယန်ကျင်းဇီက ပြန်ပြောသည် : " ကိုယ် မှန်အောင်ဖြေနိုင်ရင် မင်း ကိုယ့်ကို အားပေးတဲ့အနေနဲ့ နမ်းရမယ်။ ကိုယ် မှားဖြေမိခဲ့ရင်တော့ မင်း ကိုယ့်ကို နှစ်သိမ့်တဲ့အနေနဲ့ နမ်းပေးမယ်မလား? "
ချန်အန်းရှိူ့ : " ... " သူ ဒီလိုဉာဏ်များတဲ့ရည်းစားဆိုးကို ထားခဲ့လို့ရမလား?
သေချာပေါက် မထားခဲ့နိုင်ဘူးပေါ့။ ပြီးတော့ သူ သူ့ကို သေချာဖွက်ထားရမယ် ဒါမှ ယန်ကျင်းဇီက တကယ်တမ်းကျ အရမ်းချစ်စရာကောင်းမှန်း ဘယ်သူမှမသိတော့မှာ!
ကျောင်းသားများသည် အားလပ်ရက်သုံးရက် ရခဲ့ပြီး သူတို့ ကျောင်းပြန်ရောက်သည့်အခါတွင်တော့ သူတို့၏အမှတ်များက ထွက်နေပြီဖြစ်သည်။
ထို့အပြင် ကျောင်းသားများ ကျောင်းမလာခင် ဂုဏ်ပြုစာရင်းကို ထုတ်ပြန်ထားသဖြင့် မနက်စောစောတွင် ကျောင်းဝင်ပေါက် ပြတင်းပေါက်မှန်နေရာ၌ လူအများ ကြိတ်ကြိတ်တိုးနေကြတော့သည်။
ချန်အန်းရှိူ့ သူ့မိဘများနှင့် အိမ်တွင် မနက်စာ စားမည်ဖြစ်သောကြောင့် ယန်ကျင်းဇီသည် ယခင်ကကဲ့သို့ ကျောင်းစောစော မသွားပေ။
အတိတ်ကာလများ၌ မစ္စတာချန်နှင့် မစ္စချန်တို့သည် ညနေခင်းများတွင် ကျောင်းသားများကို စောင့်ကြည့်ကာ မနက်ခင်း ၇ နာရီတွင် စာသင်ခန်းသို့ သွားနေကြဖြစ်ပြီး သူတို့ အိမ်တွင် ဟင်းမချက်ကြချေ။ သို့သော် ယခု ကျောင်းသားများ အားလပ်ရက်ရနေကြသဖြင့် သူတို့ အိမ်တွင် ဟင်းချက်ကြပြီး ချန်အန်းရှိူ့ ထပ်ပြီး ခပ်စောစော အပြင်မထွက်နိုင်တော့။
ထို့ကြောင့် ယန်ကျင်းဇီသည် ကျောင်းမလာခင် အဖေယန်နှင့်အမေယန်တို့နှင့်အတူ မနက်စာစားခဲ့သည်။
အဖေယန်လည်း သူနှင့် လိုက်လာသည်။
သူ့သားက ယခင်တစ်လလုံး စာအလွန်ကြိုးစားခဲ့ကာ ရလဒ်များကို စစ်ဆေးရမည့်အချိန် ရောက်လာပြီး သူ သူကိုယ်တိုင် ကြည့်ချင်သည်!
အမည်စာရင်းမှတ်တမ်းတင်ပြီးနောက် အဖေယန်သည် ကျောင်းဂိတ်ထဲ ဝင်သွားနိုင်ပြီး သူ ကျောင်းဂိတ်ကို ဝင်သောအခါ သူက ယန်ကျင်းဇီထက် စိတ်လှုပ်ရှားနေခဲ့သည်။
သူ ဈေးကြီးပေးငှားထားသော ဆရာများအားလုံးက ယန်ကျင်းဇီသည် ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ကြောင်း ပြောကြသော်လည်း သူ အနည်းငယ် မယုံကြည်နိုင်နေဆဲဖြစ်သည်။ အဖေယန်သည် ယန်ကျင်းဇီကို နှစ်သိမ့်ရန်လား သို့မဟုတ် သူ့ကိုယ်သူ နှစ်သိမ့်ရန်လား သေချာမသိသော်လည်း သူက ပြောသည် : " သားလေး၊ မင်း သေချာမဖြေနိုင်ခဲ့လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အဖေ့မှာ ပိုက်ဆံရှိတယ်... "
ဖြတ်သွားဖြတ်လာ ကျောင်းသားများ : " ... " ဘာလို့ သူတို့မှာ ဒီလိုအဖေ မရှိတာလဲ?
" အဖေ၊ ကျွန်တော် စာမေးပွဲမှာ ကောင်းကောင်းဖြေခဲ့ပါတယ်ဆို! " ယန်ကျင်းဇီက ဆိုသည်။ သူ ချန်အန်းရှိူ့နဲ့ အဖြေတိုက်ပြီးသားဖြစ်ကာ သူ လုံးဝတုန်လှုပ်မနေပါဘူးနော်!
" ဟုတ်တယ်။ မင်း စာမေးပွဲမှာ သေချာပေါက် ကောင်းကောင်းဖြေနိုင်လိမ့်မယ်။ မင်း အရမ်းကြိုးစားခဲ့တာ။ မင်း စာမေးပွဲမှာ သေချာပေါက် ကောင်းကောင်းဖြေနိုင်မှာပဲ။ "
အဖေယန်သည် သူ့သားကို စိတ်သောကဖြစ်စွာ ကြည့်ရှာသည် : " မကြာသေးခင်တုန်းက မင်း စာကျက်ဖို့ အရမ်းစောစော အိပ်ရာထခဲ့ရတယ်။ အဲ့ဒါ တကယ်ပင်ပန်းတယ်။ "
ဖြတ်သွားဖြတ်လာ ကျောင်းသားများ : " ... " သူတို့ရဲ့မိဘတွေက သူတို့ အိပ်ရာထနောက်ကျလို့ဆိုပြီး အမြဲဆူနေတာ! ဒီအဖေက အရမ်းကြင်နာတတ်တာပဲ!
တကယ်ဆို... ယန်ကျင်းဇီက ရက်အနည်းငယ်လောက်ပဲ အလုပ်ကြိုးစားထားတာလေ၊ အာ!
လမ်းပေါ်မှ ကျောင်းသားများသည် ဖခင်ကောင်းတစ်ယောက် ရထားသော ယန်ကျင်းဇီကို အားကျနေကြကာ ဂုဏ်ပြုစာရင်းရှေ့မှ လူများကတော့ ကြက်သေသေနေကြသည်။
သူတို့ ဘာတွေ့လိုက်တာလဲ? ယန်ကျင်းဇီ ၇၂ နေရာကို ရတာ သူတို့ တကယ်တွေ့လိုက်ရတယ်!
ယခင်က သူတို့ ယန်ကျင်းဇီ ယခင်လပတ်စာမေးပွဲတွင် ဖြေခဲ့သလိုမျိုး ထိပ်ဆုံးအယောက်နှစ်ရာထဲ ဝင်နိုင်မှာမဟုတ်ဘူးလို့ တွေးခဲ့ကြသည်။ ရလဒ်လား? ယန်ကျင်းဇီက ထိပ်ဆုံးနှစ်ရာထဲ ဝင်ရုံတင်မကဘဲ ထိပ်ဆုံးတစ်ရာထဲကိုလည်း ဝင်သွားတယ်လေ!
" ငါ လျှောက်မြင်နေတာလား? ယန်ကျင်းဇီရဲ့အဆင့်က အရမ်းမြင့်နေတာလား? "
" အရင်တုန်းက ယန်ကျင်းဇီ အဆင့်ဆိုးဆိုးတွေ ရှိတယ်လေ။ သူက ဟန်ဆောင်နေခဲ့တာလား? "
" သေချာပေါက် ဟန်ဆောင်နေတာပဲ! သူ အရင်စာမေးပွဲတုန်းက နောက်ဆုံးအဆင့် ရခဲ့တာ! "
" အဆင့် ၇၂! သူ တကယ် အဆင့် ၇၂ ရတယ်! "
...
ဤကျောင်းသားများသည် သူတို့၏ကိုယ်ပိုင်အဆင့်များကို လိုက်ရှာရန် အချိန်မရှိပေ။ သူတို့က ယန်ကျင်းဇီ၏အမှတ်များကို စိုက်ကြည့်နေကြပြီး သူတို့ ယန်ကျင်းဇီကို တွေ့သောအခါ သူတို့ ပိုအံ့ဩသွားကြကာ ယန်ကျင်းဇီအတွက် အလိုအလျောက် လမ်းဖယ်ပေးကြသည်။
အဖေယန် : ငါ့သားက ကျောင်းမှာ အရမ်းဂုဏ်သတင်းကျော်ကြားတာပဲ!
အဖေယန် တွေးနေစဉ် ဝက်ခြံများရှိသော မျက်နှာနှင့် ကောင်လေးတစ်ယောက် အော်ပြောသည်ကို ကြားလိုက်ရသည် : " ဘော့စ်၊ မင်း အဆင့် ၇၂ ရတယ်! "
" အဆင့် ၇၂ ပဲလား... " ယန်ကျင်းဇီ၏နှုတ်ခမ်းထောင့်များမှာ အပေါ်သို့ကွေးတက်လာသည်။ သို့သော် သူက သူ့နှုတ်ခမ်းထောင့်များကို ဖိနှိပ်ရန် ကြိုးစားသည် : " နည်းနည်းတော့ နိမ့်သေးတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ အခန်း ၁ ကို ဝင်ဖို့ လုံလောက်တယ်။ "
" ဘော့စ်က အရမ်းတော်တာပဲ! "
" ကျွန်တော် ပြောခဲ့ပါတယ်။ ဘော့စ်က သေချာပေါက် အခန်း ၁ ကို ဝင်နိုင်မှာပါဆို! "
" ဘော့စ် ချန်အန်းရှိူ့နဲ့ တစ်ခုံတည်း ထိုင်နိုင်နေဦးမယ်ဆိုတာ ကျွန်တော် သေချာတယ်! "
... ညီငယ်လေးများက စကားဆက်တိုက်ပြောနေကြကာ ဤအချိန်တွင် အဖေယန်က အကျယ်ကြီး အော်ခေါ်သည် : " သား! "
" အဖေ? " ယန်ကျင်းဇီက လှမ်းကြည့်သည်။
" လာ၊ မင်းဖုန်းကိုထုတ်ပြီး ငါ့ကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးစမ်းပါ။ " အဖေယန်သည် ဂုဏ်ပြုစာရင်း၏ဘေးတွင် မတ်တပ်ရပ်ပြီး သူ့သား၏နာမည်အောက်တွင် သူ့လက်ကို ထားလိုက်သည်။
" ပြဿနာမရှိဘူး! " ယန်ကျင်းဇီသည် ချက်ချင်း သူ့အဖေကို ဓာတ်ပုံတစ်ပုံ ရိုက်ပေးသည်။
အဒေါ်ချန် ရောက်လာသည် : " ယန်ကျင်းဇီ! မင်း မင်းရဲ့ဖုန်းကို ထပ်ယူလာပြန်ပြီ! "
ဒီတစ်ခါမှာတော့ ယန်ကျင်းဇီ ထွက်မပြေးတော့ပါဘူး။
အဒေါ်ချန် အနည်းငယ် အဆင်မပြေဖြစ်သွားသည် : " ဘာလို့ မင်း ထွက်မပြေးတော့တာလဲ? "
ယန်ကျင်းဇီက ဖုန်းကို သူ့အဖေစီ ပြန်ပေးလိုက်သည် : " ဆရာမ၊ ဒီဖုန်းက အဖေ့ဟာပါ! စကားမစပ် ကျွန်တော့်အဖေ ရောက်လာပြီ။ ကျွန်တော့်ရဲ့ အသိမ်းခံထားရတဲ့ ဖုန်းတွေကို ပြန်ယူဖို့ သူ့ကိုခေါ်သွားပေးပါဦး။ "
အဒေါ်ချန် : " ... " ဘာလို့ ဒီကလေးက အရမ်းခိုင်းတတ်နေရတာလဲ?
အဖေယန်သည် ဖုန်းကိုယူပြီး သူ့မျက်ဝန်းများထဲတွင် မျက်ရည်များဝဲကာ ဓာတ်ပုံကို ကျေနပ်ပီတိဖြာစွာ ကြည့်သည်။
သူ့သားက တကယ်အရမ်းတော်တယ်!
" အဖေ ကျွန်တော့်မှာ အသိမ်းခံလိုက်ရတဲ့ ဖုန်းတချို့ ရှိတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ပြန်ယူပေးပါဦး။ " အဖေယန် မတုံ့ပြန်သည်ကို တွေ့သောအခါ ယန်ကျင်းဇီက ထပ်ပြောခဲ့သည်။
" ဘာလို့ ပြန်ယူနေမှာလဲ? ငါတို့က လှူလိုက်မှာလေ! " အဖေယန်က ဆိုသည် : " ကျောင်းမှာ လိုနေတာ ရှိလား? ကျွန်တော် လှူချင်တယ်! နောက်ထပ် အိပ်ဆောင် အဆောက်အဦး လိုချင်လား? "
အဒေါ်ချန် : " ... " ကျေးဇူးပါ ဒါပေမယ့် မလိုတော့ပါဘူး။ ကျောင်းမှာ နောက်ထပ်အဆောက်အဦး ဆောက်ဖို့ နေရာလွတ် မရှိတော့ဘူး။
ဘာပဲဖြစ်ဖြစ် အဖေယန်သည် သူ့သား၏ အသိမ်းခံထားရသော ဖုန်းများကို ရွေးယူရန် အဒေါ်ချန်နောက်သို့ ပျော်ရွှင်စွာ လိုက်သွားသည်။
လမ်းတစ်လျှောက်တွင် အဒေါ်ချန်သည် အဖေယန်အား ကလေးများကို မိုဘိုင်းလ်ဖုန်းများနှင့် ဆော့ကစားခိုင်းခြင်း၏ အန္တရာယ်များကို ပြောပြနေခဲ့သည်။ အဖေယန်က ခေါင်းညိတ်ပြသည် : " ဆရာမ ပြောတာ မှန်တယ်။ "
အဒေါ်ချန်သည် အဖေယန်အား ဖုန်းများစွာကို ပြန်ပေးခဲ့သည်။
အဖေယန်သည် ဖုန်းများကို ယူကာ မျက်မှောင်ကြုံ့ရင်း ကြည့်သည် : " ဘယ်လိုလုပ် ငါ့သားရဲ့ဖုန်းက Motorola ဖြစ်နေရတာလဲ? အိုက်ယား! နောက်ကျရင် ငါ သူ့အတွက် အကောင်းဆုံးထဲက တချို့ကို ဝယ်ပေးဦးမှပါ! "
အဒေါ်ချန် : " ... " မိဘတွေက အရမ်း စိတ်မချရဘူးပဲ။ ယန်ကျင်းဇီ အရင်တုန်းက အဲ့လိုဖြစ်နေတာ အံ့ဩစရာမကောင်းတော့ပါဘူး!
အခုကတော့...
ယန်ကျင်းဇီစီမှာ ဘာဖြစ်ခဲ့မှန်း သူတို့ မသိဘူး။ ဒါပေမယ့် အထက်တန်းကျောင်းမှာ သူက ရုတ်တရက် မျိုးရိုးဗီဇဆိုင်ရာ သန္ဓေပြောင်းလဲမှု ဖြစ်ခဲ့သည်။
အဖေယန်သည် သူ့အိတ်ကပ်ကို ဖုန်းများနှင့် အပြည့်ဖြည့်လိုက်ပြီး တစ်ခုခုလှူချင်နေလေရာ ကျောင်းအုပ်ကြီး၏ရုံးခန်းသို့ ထပ်မံ လမ်းလျှောက်သွားပြန်သည်။ လမ်းတွင် သူ အဖေချန်နှင့် တွေ့သည်။
မျက်နှာထားတည်တည်နှင့် အဖေချန်ကို တွေ့တော့ အဖေယန်သည် အပြစ်ရှိသလို ခဏလောက်ခံစားလိုက်ရသည် : " ဟယ်လို ဆရာချန်။ "
အဖေချန် အဖေယန်ကို တွေ့သောအခါ သူသည် ယန်ကျင်းဇီ ပြောသော အဖေယန်အား သူ့ကို ညစာစားဖို့ ဖိတ်ခိုင်းမည့်အကြောင်း ချက်ချင်း တွေးမိသွားသည်...
" ဟယ်လို။ " အဖေယန်အား ခေါင်းညိတ်ပြပြီး အဖေချန်က လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
အဖေယန်သည် အပြင်သွားပြီး အခြားသူများထံမှ အမြဲတမ်း ချီးမွမ်းခံရနေကြဖြစ်သည်။ သို့သော် အဖေချန်သည် 'အပြစ်ကင်းသန့်ရှင်းပြီး ရိုးရိုးသားသား' ဖြစ်ကာ ဘယ်တော့မှ သူ့ကို မြှောက်ပင့်ပြောဆိုခြင်း မရှိပေ။ ဒါပေမယ့် ဒါက သူ့ကို အဖေချန်နှင့်ပတ်သက်၍ စိတ်ခံစားချက်ကောင်းစေကာ သူ့သားအကြောင်းကို စိတ်ပူစေသည်။
ဒီလူအိုကြီးကို ကိုင်တွယ်ဖို့ မလွယ်ပေ။
နေဦး၊ သူ တွေးတာ အရမ်းစောသွားပြီ... သူ့သား ချန်အန်းရှိူ့ကို လိုက်မမှီမှာ သူ စိုးရိမ်သည်။
သူက အတန်း၏အတော်ဆုံး ထပ်ဖြစ်သွားပြန်သည်။ ချန်အန်းရှိူ့ ကျင်းဇီကို သဘောကျပါ့မလားဆိုတာ သူ မသိဘူး...
သူ့သားက နေရာတိုင်းတွင် အလွန်တော်သည်။ ဒါပေမယ့် အဆုံးမှာတော့ သူ့သားက ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သာမန်ယောက်ျားလေးတစ်ယောက်က အဲ့ဒါကို ကြိုက်မှာမဟုတ်ဘူး!
ချန်အန်းရှိူ့ကို အမိမဖမ်းနိုင်သေးဘူးဟု အဖေယန် တွေးနေသော ယန်ကျင်းဇီကတော့ ဒီအချိန်မှာ ချန်အန်းရှိူ့ကို မက်ဆေ့ခ်ျစာတစ်စောင် ပို့နေလေသည် : "ကိုယ့်အချစ်လေးရေ ကိုယ် ဒီတစ်ခါ ထိပ်ဆုံးအဆင့်တစ်ရာထဲ ဝင်တယ်! အနမ်းငါးရာ အဆင်သင့်ဖြစ်ပြီလား?"
ချန်အန်းရှိူ့ သူ့ဖုန်းကို ခိုးကြည့်သောအခါ ဤမက်ဆေ့ခ်ျကို တွေ့ပြီး သံသယအပြည့်နှင့် စာပြန်ပို့သည် : "အနမ်းငါးရာ? တစ်ရာမဟုတ်ဘူးလား?" ယန်ကျင်းဇီက ဒီတစ်ခါ တစ်ရာကျော်ပဲ အဆင့်တက်လာတာလေ!
အခြားတစ်ဖက်မှ ယန်ကျင်းဇီက ပြန်ပို့သည် : "ကိုယ် မင်းကို အစကတည်းက ပြောထားတာက ကိုယ်သာ အရင်ကထက် အဆင့်နေရာနည်းနည်းပဲ တိုးတက်လာမယ်ဆိုရင် ကိုယ် ကျော်လာတဲ့နေရာတိုင်းအတွက် မင်းက ကိုယ့်ကို နမ်းပေးရမယ်။ ကိုယ်က အရင်တုန်းက နောက်ဆုံးဘိတ်ချီး ဖြစ်ခဲ့တာလေ။"
ထို့ကြောင့် အကြိမ်တိုင်း သူ့နောက်ဆုံးအဆင့်နှင့် နှိုင်းယှဉ်ရမည်။ ဒါကြောင့် ဒီတစ်ခါမှာ အနမ်းငါးရာနီးပါး ဖြစ်သွားတယ်!
ချန်အန်းရှိူ့ : " ... " ဘာလို့ သူ့ရည်းစားက 'အနမ်းနမ်း'ဖို့ပဲ တစ်ချိန်လုံး တွေးနေတဲ့လူမျိုး ဖြစ်လာရတာလဲ?