ယန်ကျင်းဇီသည် ချန်အန်းရှိူ့ထံမှ အနမ်းများကို တောင်းဆိုရန် မက်ဆေ့ခ်ျပို့ပြီး သူ့ညီငယ်လေးကို ချက်ချင်း လှမ်းကြည့်သည် : " ခုနက မင်း ပြောတာ ဖူးကျီးက လူတွေကို ငါက စာခိုးချနေတယ်လို့ လျှောက်ပြောနေတယ်ဆို။ ပြီးတော့ ငါ အခန်း ၁ ကို ဝင်နိုင်ရင် သူက ငါ့ကို အဖိုးလို့ ခေါ်မယ်လို့လည်း ပြောတယ်ဆို? "
" ဟုတ်တယ် ဘော့စ်! " ယန်ကျင်းဇီ၏ညီငယ်လေးက ချက်ချင်းပြန်ဖြေသည်။
ညီငယ်လေးတွေဆိုတော့ သူတို့က ဘော့စ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို အသေးစိတ်ဂရုစိုက်ရတာပေါ့!
" သွား၊ သူ့ကို သွားရှာရအောင်! " ယန်ကျင်းဇီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သူက သူ့အတန်းမှာ အဆင့် ၇၂ ချိတ်တယ်... ပြီးတော့ သူ ပိုက်ဆံမသုံးရင်တောင်မှ သူ အခန်း ၁ ကို ရောက်နေပြီးသားပဲ!
ဆရာချန် သေချာပေါက် မပျော်မရွှင် ဖြစ်လောက်ပေမယ့် တကယ်တမ်း 'လက်တစ်ဖက်နဲ့ ကောင်းကင်ကို ဖုံးအုပ်နိုင်တဲ့ ဆရာကြီးချန်' ဆိုတာမျိုး မရှိဘူးလေ။ ကန့်ကွက်ဖို့က မဖြစ်နိုင်ဘူး!
ယန်ကျင်းဇီသည် သူ့ညီငယ်လေးများကို အတူခေါ်သွားပြီး ဖူးကျီးအား လိုက်ရှာခါနီးတွင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည် : " နေဦး၊ ဖူးကျီးနဲ့ ကျွမ်းကောင်းဟန်ရော ဘယ်အဆင့်ရလဲ? " သူ ဒီလူနှစ်ယောက်၏ရလဒ်များကို အာရုံစိုက်ရန် စောစောက မေ့သွားခဲ့သည်။
" ဘော့စ် ဖူးကျီးက အဆင့် ၁၀၂၊ ကျွမ်းကောင်းဟန်က ၈၅! " ညီငယ်လေးတစ်ယောက်က ဖြေသည်။
ယန်ကျင်းဇီ အံ့အားသင့်သွားသည် : " ကျွမ်းကောင်းဟန်က စာမေးပွဲမှာ ငါ့ထက် တကယ် အမှတ်ဆိုးတွေ ရခဲ့တာလား? " ဖူးကျီးသည် အမြဲတမ်း အဆင့် ၁၀၀ ဖြစ်ခဲ့ပြီး ယခုအကြိမ်တွင် သူ့အဆင့်များသည် တော်တော်လေး ပုံမှန်ဖြစ်သည်။ ဒါပေမယ့် ကျွမ်းကောင်းဟန်က အဆင့် ၈၅ တဲ့လား?
မယုံနိုင်စရာပဲ! ကျွမ်းကောင်းဟန် အဆင့် ၂ ရနေကြဖြစ်သည်မှာ သူ့တွင် ခိုင်မာသော အခြေခံရှိကြောင်း ပြသခြင်းဖြစ်သည်။ ဘယ်လိုလုပ် အဲ့လိုလူတစ်ယောက်က အဆင့်တွေ အများကြီး ပြုတ်ကျသွားရတာလဲ?
" ဟုတ်တယ် ဘော့စ်! သူ့ကို ကျူရှင်ပြဖို့ တစ်ယောက်ယောက်ကို ဘော့စ် မခိုင်းရင် သူ့အဆင့်တွေက ကျသွားမှာပဲ! " ညီငယ်များက ပြောသည်။
ယန်ကျင်းဇီ : " ... " သူက ကျွမ်းကောင်းဟန် စိတ်ဓာတ်ကျသွားအောင် အဲ့စကားတွေကို ပေါ့ပေါ့ပါးပါး လျှောက်ပြောလိုက်ရုံလေးပါ။
ကျွမ်းကောင်းဟန်ကဲ့သို့ အဆင့်ကောင်းကောင်း ရသော ကျောင်းသားတစ်ယောက်အတွက် ကျူရှင်ဆရာတစ်ဦး ငှားရမ်းခြင်းသည် အချိုပေါ် သကာရည်လောင်းသကဲ့သို့ ဖြစ်သည်။ ထိရောက်မှုအနည်းငယ် ရှိသော်လည်း အကျိုးသက်ရောက်မှုကတော့ အရမ်းမကြီးမားသင့်ပေ။
ဒါဆို ဘာလို့ ကျွမ်းကောင်းဟန်က အမှတ်တွေ တအားညံ့သွားရတာလဲ?
ကျွမ်းကောင်းဟန်၏အမှတ်များ တအားညံ့သွားရခြင်းမှာ ချန်အန်းရှိူ့ကြောင့်ဖြစ်သည်။
တရုတ်စာ စာမေးပွဲ မဖြေခင် ချန်အန်းရှိူ့၏လက်ပေါ်မှ နာရီကို တွေ့ပြီး သူ မကြာသေးမီက ကြုံတွေ့ခဲ့ရသော အဆင်မပြေမှုများ အားလုံးကို ပြန်တွေးမိရင်း ကျွမ်းကောင်းဟန်သည် နောင်တရနေခဲ့လေသည်။ သဘာဝကျစွာပင် သူသည် ဘာသာစကားစာမေးပွဲကို အာရုံမစူးစိုက်နိုင်ခဲ့ဘဲ စာစီစာကုံးကို အပြီးမသတ်နိုင်လုနီးပါး ဖြစ်သွားသည်။
တရုတ်စာ စာမေးပွဲအပြီးတွင်တော့ သူ့စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်ခဲ့မှန်း သူ သိသွားကာ သူ့အခြေအနေက ပိုဆိုးလာသည်။ သို့သော် သူ့ရှေ့တွင် ချန်အန်းရှိူ့က တည်ငြိမ်သော အမူအရာဖြင့် ထိုင်နေခဲ့သည်။
တစ်ယောက်ယောက်က ချန်အန်းရှိူ့အား စာမေးပွဲမှာ ဘယ်လိုဖြေခဲ့လဲ မေးသောအခါ ချန်အန်းရှိူ့က ဖြေခဲ့သည် : " ငါ ကောင်းကောင်းဖြေခဲ့တယ်လို့ ငါ ထင်တယ်။ "
ကျွမ်းကောင်းဟန်သည် ပိုဆိုးသော စိတ်အခြေအနေထဲ ကျရောက်သွားသည်။
သူ တကယ်ပဲ ချန်အန်းရှိူ့ထက် ပိုနိမ့်ကျတာလား?
သူက ဆိုးရွားသော စိတ်ခံစားချက်ထဲ ရောက်နေသည်။ သင်္ချာစာမေးပွဲဖြေနေစဉ် သူ့အခြေအနေက ပိုတောင် ဆိုးလာသည်။ သူ နောက်ဆုံးမေးခွန်းပုစ္ဆာကြီးကိုပင် မဖြေနိုင်ခဲ့ပေ။ စာမေးပွဲပြီးသွားသည့်နောက် သူ အခြားသူများနှင့် သူ့အဖြေများကို နှိုင်းယှဉ်ကြည့်သောအခါ ဒုတိယမြောက်ပုစ္ဆာမှ နောက်ဆုံးပုစ္ဆာအထိ မှားယွင်းကြောင်း တွေ့ရှိသွားခဲ့သည်။ နောက်ဆုံးမေးခွန်းပုစ္ဆာကြီးမှာလည်း မှားသည်။
အမှတ် ၁ အထက်တန်းကျောင်းတွင် အပြိုင်အဆိုင်များလှသည်။ နောက်မေးခွန်းတစ်ခု မှားလျှင် နောက်ထပ် အမှတ်အနည်းငယ်မှာ နုတ်ယူခံရပြီး အဆင့်က အကြိမ်ပေါင်းများစွာ ကျဆင်းသွားနိုင်သည်...
ကျွမ်းကောင်းဟန်၏စိတ်ဓာတ်များ ပြိုလဲသွားတော့သည်။
သူ့စိတ်ပြိုလဲသွားပြီးနောက် သူသည် သဘာဝကျကျ နောက်ဆက်တွဲစာမေးပွဲများကိုလည်း ကျရှူံးခဲ့သည်။
သို့သော် သူ၏ယခင်အခြေခံသည် ရှိနေဆဲဖြစ်သောကြောင့် သူ ဘယ်လောက်အခြေအနေဆိုးနေပါစေ ပြဿနာမရှိဘဲ သူက နောက်ကောက်ကျမကျန်ခဲ့ကာ ထိပ်ဆုံးအယောက်တစ်ရာထဲတွင် အဆင့်ချိတ်နေဆဲဖြစ်သည်။
ဒါပေမယ့် ကျွမ်းကောင်းဟန်အတွက် လက်ရှိအဆင့်က သူ့ကို အလွန်ကြေကွဲစေခဲ့သည်။
စာသင်ခန်းထဲတွင် ရလဒ်များ ဆိုးဆိုးရွားရွား ရ၍ ငိုနေကြသော ကျောင်းသားများ ရှိသည်။ ကျွမ်းကောင်းဟန်သည် သူ့ဝမ်းနည်းစိတ် ပေါ်မလာအောင် ထိန်းထားနိုင်ရန်အတွက် တောင့်ခံထားကာ သူ့အနားတွင် ရှိသော ဖူးကျီး၏မျက်ခုံးများကတော့ တွန့်ချိုးနေခဲ့သည် : " ကောင်းဟန်၊ မင်း စာမေးပွဲမှာ အရမ်းဆိုးဆိုးရွားရွား ဖြေခဲ့တာ မဖြစ်နိုင်ဘူး။ သူတို့ တမင်တကာ မင်းစာရွက်တွေကို အမှတ်မှားခြစ်လိုက်တာလား? "
ယန်ကျင်းဇီ စာမေးပွဲကို အလွန်ကောင်းမွန်စွာဖြေဆိုနိုင်လိမ့်မည်ဟု ဖူးကျီးက မယုံကြည်ခဲ့ဘဲ ကျွမ်းကောင်းဟန် စာမေးပွဲကို အလွန်ဆိုးရွားစွာ ဖြေဆိုလိမ့်မည်ဟု သူ မယုံကြည်ပေ။ ကျောင်းတွင် ပြဿနာရှိလိမ့်မည်ဟု သူ ခံစားရသည်။
အရင်တုန်းက အဖေချန်က ချန်အန်းရှိူ့ကို အခွင့်အရေးမျိုးစုံ ပေးခဲ့တယ်။ သူက အခု အဖြေလွှာတွေကို အမှတ်ခြစ်တဲ့နေရာမှာပါ ဘက်လိုက်နေတာလား?
ကျွမ်းကောင်းဟန်သည် ထိုသို့ဖြစ်ပါစေဟု ဆုတောင်းသော်လည်း သူ အဖြေတိုက်ပြီးပြီဖြစ်ကာ သူ မေးခွန်းများစွာကို မှားဖြေခဲ့မှန်း သူ သိသည် : " ဖူးကျီး အဲ့လိုမပြောနဲ့။ "
သူတို့ ဒီအကြောင်းကို နောက်ကွယ်မှာ သီးသန့်ပြောရင်တောင်မှ စာသင်ခန်းထဲမှာ ဖူးကျီး အဲ့လိုလျှောက်အော်နေတာ မျက်နှာပျက်စရာကောင်းလွန်းတယ်!
" အဖြေလွှာတွေကို အမှတ်ခြစ်တာ တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်။ မင်း အဲ့လောက်အရမ်းမဆိုးနိုင်ဘူး! " ဖူးကျီးက ထပ်ပြောပြန်သည်။ သူ့အသံက ပိုကျယ်လာ၏။
အခန်း ၂ မှ ကျောင်းသားများ ဆွံ့အသွားကြသည်။
အဖြေလွှာများကို အမှတ်မှားခြစ်ခြင်းမျိုးသည် အဖြစ်များသော ပုံမှန်ဖြစ်ရပ် ဖြစ်သည်။ သို့သော် ပြောင်းပြန်အားဖြင့် ဤစာမေးပွဲမျိုးသည် ဆရာတစ်ယောက်တည်း အမှတ်ခြစ်နေသည်မှာ သေချာပေါက် မဟုတ်သောကြောင့် မမှန်မကန် အမှတ်မှားခြစ်မိမည် မဟုတ်ချေ။
အမှတ်ခြစ်တာ မှားနေတယ်ဆိုရင်တောင်မှ... နောက်ကျရင် သူတို့ကို သူတို့ရဲ့အဖြေလွှာစာရွက်တွေ ပြန်ပေးမှာပဲလေ။ အဲ့တော့ အဲ့အခါကျမှ ဆရာ့စီကို ဘာလို့ မယူသွားတာလဲ?
အခန်း ၁ ၏ ဆရာချန်နှင့် ယန်ကျင်းဇီတို့ကို အင်တာနက်ပေါ်တွင် မကောင်းသတင်း ကောလာဟလများအား ဖြန့်သူများသည် ကျွမ်းကောင်းဟန်နှင့် ဖူးကျီးဖြစ်ကြောင်း သူတို့ ကြားသိထားသည်။ ထိုကောင်လေးနှစ်ယောက်၏မိဘများ ကျောင်းအုပ်ကြီးကို တွေ့ရန် ကျောင်းသို့ ရောက်လာပြီးမှသာ ကျောင်းအုပ်ကြီးက သူတို့ကို အပြစ်မပေးခဲ့ချေ... အဲ့ဒါ အမှန်ဖြစ်နိုင်လား?
သူတို့နှစ်ဦးသည် ယခင်က သူတို့၏သူငယ်ချင်း ယန်ကျင်းဇီကို သစ္စာဖောက်ခဲ့ပြီး ယခုလည်း အင်တာနက်ပေါ်တွင် ပေါက်ပန်းလေးဆယ်များ ပြောနေကြသေးသည်... အခန်း ၂ မှ ကျောင်းသားများသည် ထိုလူနှစ်ယောက်ကို အထင်သေးစက်ဆုပ်သွားကြသည်။
သို့သော် ဖူးကျီးကိုတော့ မလောက်လေးမလောက်စား သွားမလုပ်သင့်ပေ။ အခန်း ၂ ကျောင်းသားများသည် သူ့ရှေ့တွင် သူတို့၏မနှစ်မြို့မှုကို မပြရဲကြ...
ဤအချိန်တွင် ယန်ကျင်းဇီသည် အခန်း ၂ သို့ ရောက်လာသည်။
ယန်ကျင်းဇီက ဝင်လာလာချင်း သူက ပြောသည် : " ကျွမ်းကောင်းဟန် ငါ မင်းကို မင်း စာမေးပွဲကျလိမ့်မယ်လို့ ပြောခဲ့တယ်။ မင်း တကယ် ကျသွားတာပဲ! မင်း ဒီတစ်ခါ ရှစ်ဆယ်ကျော်ပဲ ရတယ်။ မင်းက ငါ့လောက်တောင် မကောင်းဘူး။ နောက်တစ်ခါ မင်း ဘာလုပ်မှာလဲ? "
ယန်ကျင်းဇီ၏ ဝံ့ကြွားသော အမူအရာသည် တကယ်ပင် ရိုက်ချင်စရာကောင်းနေသည်။ ကျွမ်းကောင်းဟန်၏မျက်နှာသည် အလွန်ပြောင်းလဲသွားပြီး ဖူးကျီးက ထပင် ခုန်သည် : " ယန်ကျင်းဇီ! "
" ဘာဖြစ်လို့လဲ? " ယန်ကျင်းဇီက ပြုံးပြီး မေးသည် : " ငါ့မြေးလေးက အဖိုးလို့ ခေါ်တော့မှာလား? "
ဖူးကျီးက အလွန်စိတ်ဆိုးနေခဲ့သည် : " ယန်ကျင်းဇီ! မင်းက အဲ့အဆင့်ရအောင် အလိမ်အညာတွေလုပ်ထားပြီးတော့ အဲ့ဒါက မင်းရဲ့အဆင့်အစစ်လို့ ထင်နေသေးတာလား? မင်း လုပ်ထားသမျှ ပေါ်လာမှာ အနှေးနဲ့အမြန်ပဲ! "
" ငါ့အဆင့်တွေက အရမ်းကောင်းလွန်းတော့ အတုလို့တောင် ထင်ရတယ်။ ငါက ဉာဏ်ကြီးရှင်ဖြစ်နေတာလေ။ ဒါပေမယ့် မင်းတို့နှစ်ယောက်ကတော့ ကျွတ်! " ယန်ကျင်းဇီက ဖူးကျီးအား အထင်သေးစွာ ကြည့်သည်။
ဖူးကျီးသည် တိုက်ခိုက်ချင်နေသဖြင့် ချက်ချင်း အမြန်ပြေးလာခဲ့သည်။
ယန်ကျင်းဇီက မကြောက်ဘူး။
သူ ဖူးကျီးကို မရိုက်နိုင်တာ မှန်တယ်။ ဒါပေမယ့် သူ့မှာ လူတွေအများကြီး ရှိတယ်!
ဖူးကျီး ဘယ်လောက်တော်တော် သူတို့အုပ်စုက သူ့ကို ထိန်းထားနိုင်မှာပဲ!
ယန်ကျင်းဇီသည် ဖူးကျီး လာတိုက်ခိုက်မည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းခဲ့သည်။
သို့သော် ဆရာလျို၏ ရောက်ရှိလာမှုက စတင်ခါနီး တိုက်ပွဲကို ရုတ်ခြည်းအဆုံးသတ်သွားစေသည်မှာ နှမြောစရာပင်။
" မင်းတို့ ဘာလုပ်နေကြတာလဲ? " ဖန်ပုလင်းကိုင်ထားသော ဆရာလျိုက အပြုံးလေးနှင့် မေးသည်။
မစ္စတာလျို၏ပြုံးနေသောမျက်နှာကို မကြည့်နှင့်။ သူက အမှတ် ၁ အထက်တန်းကျောင်း အတန်းပိုင်ဆရာ ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ သူ့တွင် နည်းလမ်းများ ရှိသည်။ အနည်းဆုံးတော့ အခန်း ၂ က သူ့ရှေ့တွင် ပြဿနာမရှာရဲကြပေ။
ဖူးကျီးသည် ဖောင်းခနဲ လေလျော့သွားသော ဘောလုံးပြားကဲ့သို့ ဖြစ်သွားကာ မတိုက်ခိုက်ရဲတော့။
ဒါကို တွေ့တော့ ယန်ကျင်းဇီသည် မလွဲဧကန် စိတ်ညစ်သွားသည်။
" ယန်ကျင်းဇီ၊ မင်း ငါတို့အခန်းကို မနက်စောစောကတည်းက လာတယ်... နောက်နှစ် ငါတို့အခန်းကို မင်း လာချင်လား? " ဆရာလျိုက မေးခဲ့သည်။
ယန်ကျင်းဇီသည် သူ့လူများကို အမြန်ပြန်ခေါ်သွားသည်။ သေချာတာပေါ့၊ သူ နှောက်နှစ် အခန်း ၂ ကို မသွားချင်ဘူး။ သူ့ပန်းတိုင်က တည်ကြည်ပြီး အဲ့ဒါက အခန်း ၁ ပဲ!
သူ အခန်း ၁ ကို ဝင်ခဲ့ပြီ။
ကံမကောင်းတာကတော့ စာသင်နှစ်များ ယခု ပြီးသွားခြင်းဖြစ်သည်။ အကယ်၍ သူ ချန်အန်းရှိူ့နှင့် စားပွဲတစ်ခုတည်း မျှထိုင်ချင်လျှင်တော့ သူ နောက်စာသင်နှစ်အထိ စောင့်ရလိမ့်မည်။
ယန်ကျင်းဇီသည် သူ လိုချင်တာကို နောက်ဆုံးမှာ ရသွားပြီး နွေဦးရာသီချိန် ကျရောက်လာပြီဖြစ်သော်လည်း အခြားသူများကတော့ အရမ်းပျော်မနေကြချေ။
ဖူးကျီး အခန်း ၂ မှ ထွက်သွားရသည်။
အခန်း ၁ နှင့် အခန်း ၂ အတန်းနှစ်တန်းထဲမှ အညံ့ဆုံးကျောင်းသားလေးယောက်သည် ပုံမှန်အတန်းသို့ သွားရမည်ဖြစ်ပြီး ဖူးကျီးသည် နောက်ဆုံးမှ လေးယောက်မြောက် ဖြစ်သွားခဲ့သည်။
တကယ်တော့ ယန်ကျင်းဇီ အရင်ထွက်သွားသောကြောင့် ဤတစ်ခါတွင် အခန်း ၁ နှင့် ၂ မှ ကျောင်းသားသုံးယောက်သာ ထွက်သွားခွင့် ရသင့်သော်လည်း ဖူးကျီးနှင့် ကျွမ်းကောင်းဟန်တို့က အဖေချန်အကြောင်း မကောင်းသတင်းများ အင်တာနက်ပေါ်မှာ ပြောခဲ့သည်။ ဤကိစ္စကို ကျွမ်းကောင်းဟန်၏မိဘများက သူတို့၏အဆက်အသွယ်များကို သုံးပြီး ဖိနှိပ်ထားခဲ့သော်လည်း အမှတ် ၁ အထက်တန်းကျောင်းမှ ဆရာများက ဤအကြောင်းကို သိသည်။ ဆရာများက သဘာဝကျစွာပင် ကျွမ်းကောင်းဟန်နှင့် ဖူးကျီးကို မကြိုက်ကြပေ။ ဤအချိန်တွင် ဖူးကျီးကို လွှတ်ပေးဖို့က ပို၍ပင် မဖြစ်နိုင်။
စာသင်နှစ်တစ်ခုက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး ကျောင်းအုပ်ကြီးက ပိတ်ပွဲအခမ်းအနားတွင် ပျော်ရွှင်နေသည်မှာ သိသာသည်။
အဖေယန်သည် အဆောက်အဦးကို ထပ်လှူရန် ကျဆုံးသွားသော်လည်း သူသည် အိပ်ဆောင်အဆောက်အဦးအသစ်အတွက် ပရိဘောဂများ လှူဒါန်းခဲ့သည်။
အဲ့ဒါက အဆင်ပြေသည်။ သူ အမှတ် ၁ အထက်တန်းကျောင်းရှိ အချို့သော အခြားအသုံးအဆောင်အချို့ကို တိုးတက်စေရန်လည်း ငွေလှူဒါန်းလိုက်သည်။
ဘယ်လိုလုပ် ကျောင်းအုပ်ကြီးက မပျော်ဘဲနေမလဲ?
ပိုက်ဆံအမြောက်အမြား လှူဒါန်းခဲ့သော အဖေယန်သည်လည်း ထပ်တူ ပျော်ရွှင်နေသည်။
သူ့သားက ပထမစာသင်နှစ်မှာ ထိပ်တန်းတစ်ရာထဲ စာရင်းဝင်ခဲ့တယ်!
ဒါက ကြွားရမယ့်ကိစ္စပဲ!
အဖေယန်သည် အမှတ် ၁ အထက်တန်းကျောင်း ဂုဏ်ပြုစာရင်းရှေ့တွင် သူ့ကိုယ်သူ အမှတ်တမဲ့ ဓာတ်ပုံရိုက်ယူသွားပြီး group များစွာတွင် မတော်တဆ 'မှားပို့'ကာ ပြန်မဖျက်ခဲ့ပေ။
အဖေယန်နှင့် group များစွာတွင် ရှိနေသော လူအချို့ : အို! မင်း ကြွားချင်ရင် ဒီတိုင်း ကြွားလိုက်စမ်းပါ။ 'မှားပို့တယ်'ဆိုတာကိုတောင် ဆင်ခြေအဖြစ် သုံးနေသေးတယ်... မင်း ဘယ်သူ့ကို လိမ်နေတာလဲ?
သို့သော် သူတို့က သူတို့စိတ်ထဲတွင် 'ဟားဟား' ဖြစ်သော်လည်း သူတို့က ယန်ကျင်းဇီကို ပုံကြီးချဲ့ကာ ချီးကျူးခဲ့သည်။
လူကြီးလောကသည် အလွန်နှိမ့်ချတတ်ကြသည်။
တချိန်တည်းမှာပင် အဖေယန်၏ကုမ္ပဏီမှ လူများသည် လွန်ပြီးမှရလာသောအသိ၏ အကျိုးကျေးဇူးနှင့် အဆုံးမှာတော့ သူတို့သူဌေး၏သားဖြစ်သူက ကျောင်း၏ ဆန်ကုန်မြေလေးအဖြစ်မှ သင်ယူခြင်းဆရာကြီး အဖြစ်သို့ ကူးပြောင်းသွားပြီဖြစ်ကြောင်း သိရှိသွားကြတော့သည်!
ဉာဏ်ရှိသော လက်ထောက်က ယန်ကျင်းဇီကို တစ်နေ့ ဆယ်ကြိမ် ချီးကျူးအမွှမ်းတင်ကာ တိုးမြှင့်လစာရရှိခြင်းအတွက် အောင်မြင်သွားခဲ့သည်။
ဒါပေမယ့် စာမေးပွဲများပြီးသွားသည့်အခါ၌ အဆုံးမှာ အမှတ်ကောင်းကောင်းများ ရသွားသော ယန်ကျင်းဇီကတော့ စာမကျက်တော့ဘဲ အဲ့အစား သူ့ချစ်သူကောင်လေးနှင့် ဒိတ်သွားလုပ်သည်။
ကျောင်းသားများ အားလပ်ရက်တွင် အနားယူနေကြသော်လည်း မစ္စတာချန်နှင့် မစ္စချန်တို့သည် အိမ်ကနေ နောက်ထပ် ရက်အနည်းငယ် အလုပ်ဆင်းရဦးမည်ဖြစ်သည်... သူက သူ့ချစ်သူကောင်လေးနှင့် ဒိတ်သွားလုပ်ဖို့ အခွင့်အရေးကို သဘာဝကျကျ အသုံးချခဲ့၏။
ဒီလိုနှင့် အဖေချန် အိမ်ကိုပြန်လာသောတစ်နေ့၌ အဆောက်အဦးတွင် နေထိုင်သော အငြိမ်းစားဆရာတစ်ဦးက မေးခဲ့သည် : " ရှောင်ချန်၊ မင်းရဲ့သားက တစ်ယောက်ယောက်ကို ကျူရှင်သင်နေတာလား? ငါ့မြေးလေးရော လိုက်သင်လို့ရမလား? "
" ဘယ်က နောက်ဆက်တွဲသင်ခန်းစာတွေလဲ? " အဖေချန် အံ့ဩသွားသည်။
" အဲ့ဒါ ဟိုယန်ကျင်းဇီလေ။ သူက မင်းထွက်သွားပြီး သိပ်မကြာခင် မနက်တိုင်း မင်းအိမ်ကို စောစောရောက်လာတတ်တယ်။ " အငြိမ်းစားဆရာက ပြောသည်။
အဖေချန် : " ... " ဝက်က ရင်ကော့ပြီး ကားကားကားကားနဲ့ ဂေါ်ဖီထုပ် စားဖို့ ရောက်လာတယ်!
အဖေချန်က သူ၏ အငြိမ်းစားလုပ်ဖော်ကိုင်ဖက်ကို ပြုံးပြလိုက်သည် : " ဟုတ်တယ်၊ သူတို့ စာလုပ်နေကြတာ... မင်းရဲ့မြေးလေးလည်း အတူတူလာသင်နိုင်တယ်။ "
ယန်ကျင်းဇီသည် ထိုညက ချန်အန်းရှိူ့ထံမှ စိတ်မကောင်းစရာသတင်းကို သိလိုက်ရသည်။
သို့သော်ငြား နောက်နေ့မှာ သူက ခိုင်ခိုင်မာမာ ထွက်သွားခဲ့သည်။
နောက်ထပ်လူတစ်ယောက်ပဲမလား? သူ ဘာကို ကြောက်စရာလိုလို့လဲ?
အဲ့လူ နေနိုင်မယ်လို့ သူ မယုံဘူး!
ချန်အန်းရှိူ့အတွက်ကတော့ သူသည် အခြားလူတစ်ယောက် ရှိတာ ကောင်းသည်ဟု ထင်သည်။ မဟုတ်လျှင် အဲ့အစား ယန်ကျင်းဇီက အနမ်းတစ်ပွင့်အတွက် ပွက်လောညံ့အောင် တောင်းဆိုနေပြီး စာသေချာလေ့လာရန် ငြင်းဆိုလိမ့်မည်။
ဒါပေမယ့် သူ အဲ့'မီးသီး'က သူတို့နှစ်ယောက်တည်းတစ်ကမ္ဘာကို ဖျက်ဆီးခွင့် မပေးနိုင်ပေ။
ချန်အန်းရှိူ့က 'မီးသီး' ထံ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည် : "မင်း မနက် နှစ်နာရီ၊ နေ့လယ် နှစ်နာရီ လာလို့ရတယ်။ ကျန်တဲ့အချိန်တွေကို မင်း ကြိုက်သလို သုံးလို့ရတယ်။" ကျန်အချိန်များတွင် ယန်ကျင်းဇီသည် သူ အလိုရှိသမျှကို လုပ်နိုင်သည်...
အားလပ်ရက်တွေမှာ တစ်နေ့ လေးနာရီ စာလေ့လာတာက လုံလောက်ပြီ! 'မီးသီး'သည် အဖေချန်ကဲ့သို့ အလေးအနက်ထားပြီး လျစ်လျူရှုတတ်သော ချန်အန်းရှိူ့ကို အကြာကြီး မျက်နှာချင်းမဆိုင်ချင်၍ ပျော်ရွှင်စွာ သဘောတူလိုက်သည်။
ဤဆောင်းရာသီအားလပ်ရက်တွင် ယန်ကျင်းဇီသည် အလွန်သာယာသောအချိန်ကို ပိုင်ဆိုင်ခဲ့သည်။
အထူးသဖြင့် အဖေချန်သည် သူက သင်ခန်းစာများအား ကျူရှင်သင်ရန်အတွက် ချန်အန်းရှိူ့ကို ရှာနေတယ်ဟု ပြောကာ သူ့ကို လမ်းဖြတ်ကူးရန် ကူညီပေးခဲ့သည်လေ...
ထို့ကြောင့် မစ္စတာချန်နှင့် မစ္စချန်တို့ အားလပ်ရက်ရသောအချိန်တွင်တောင်မှ သူသည် ကျူရှင်သင်ခန်းစာများတောင်းဆိုရန် တံခါးဝသို့ အရှက်မရှိစွာ ပြောင်ပြောင်တင်းတင်း သွားလိုက်သေးသည်။
အဖေချန် : " ... " သူ တကယ်ပဲ ဒီလူကို မောင်းထုတ်ပစ်ချင်တယ်!
ဝမ်းနည်းစရာမှာ ယန်ကျင်းဇီနှင့် ချန်အန်းရှိူ့အကြောင်း ဘာမှမသိသော အမေချန်သည် ယခု ယန်ကျင်းဇီကို နှစ်သက်နေသည်။ အဲ့တော့ သူ ယန်ကျင်းဇီကို မမောင်းထုတ်နိုင်တော့ဘူး!
အမေချန်သည် ဓာတုဗေဒဘာသာရပ်ဆရာမတစ်ဦးဖြစ်သည်။ သူ(မ) ယန်ကျင်းဇီနှင့် အဆက်အသွယ်ရှိပြီးနောက်မှာတော့ ယန်ကျင်းဇီက ဓာတုဗေဒဘာသာရပ်တွင် ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ကြောင်း သူ(မ) ရှာတွေ့ခဲ့သည်!
အမျိုးသားသင်္ချာပြိုင်ပွဲရှိရင် သေချာပေါက် အမျိုးသားဓာတုဗေဒပြိုင်ပွဲလည်း ရှိတာပေါ့! ယန်ကျင်းဇီသာ အလုပ်ကြိုးစားမယ်ဆိုရင် အမျိုးသားဓာတုဗေဒပြိုင်ပွဲမှာ သူက ဆုတစ်ခုခု ရနိုင်တယ်!
အမေချန်သည် ယန်ကျင်းဇီနှင့် ချန်အန်းရှိူ့တို့အပေါ် ဓာတုဗေဒဘာသာရပ်တွင် အကူအညီပေးသည့် အခန်းကဏ္ဍကို ယူခဲ့သည်။
ယန်ကျင်းဇီ၏နှုတ်သည် ချိုလွန်းသောကြောင့် သူ(မ)က ယန်ကျင်းဇီကို ပိုပိုသဘောကျလာကာ သူ(မ) ဟင်းချက်နေတုန်း ယန်ကျင်းဇီ၏အကြိုက်ဆုံးစားစရာကိုပင် စတင်မေးမြန်းနေပြီဖြစ်၏!
အဖေချန် : ဟားဟား!
အဖေချန်သည် မတတ်နိုင်ဘဲ သူ့နှလုံးသားထဲတွင် 'ဟီးဟီး' နေသော်လည်း ဒီကောင်လေး ယန်ကျင်းဇီက တကယ့်ကို သဘောကျစရာကောင်းကြောင်း သူ ဝန်ခံရမည်။
သူ့ဇနီးက ဘာစားချင်လဲ မေးတော့ သူ(ယန်ကျင်းဇီ) ပြောသမျှအားလုံးက သူ့သား နှစ်သက်သော စားစရာများသာ ဖြစ်ကာ သူ(ယန်ကျင်းဇီ)က ဟင်းချက်တာကို ကူညီဖို့ မီးဖိုချောင်ထဲ စေတနာ့ဝန်ထမ်းအဖြစ် ဝင်လာသေးသည်။
သူ့သား ကြွေသွားမယ် ဆိုတာ နားလည်နိုင်ပေမယ့် ယန်ကျင်းဇီက သူ လုပ်နိုင်မယ်လို့ သူ ပြောသလို တကယ်ပဲ မဆုတ်မနစ် သည်းခံကြိုးစားနိုင်ပါ့မလားလို့ အဖေချန် တွေးနေခဲ့သည်။
မဟုတ်ဘူး။ သူ ဘာတွေ စဉ်းစားနေတာလဲ? သူ သေချာပေါက် သူတို့နှစ်ယောက်ကို ခွဲဖို့ အကောင်းဆုံးကြိုးစားသင့်တာလေ!
နှစ်သစ်ကူးအကြိုတွင် ယန်ကျင်းဇီသည် ချန်အန်းရှိူ့၏အိမ်ကို နေ့တိုင်း သွားနေဆဲပင်။
အမှတ် ၁ အထက်တန်းကျောင်းမှ ဆရာဆရာမများသည် သူ၏ သင်ယူလိုစိတ်ပြင်းပြမှုကြောင့် အံ့အားသင့်သွားခဲ့ကြရသည်။
အဖေယန်နှင့်အမေယန်တို့သည်လည်း အဖေချန်လိုပဲ အသည်းကွဲနေကြသည်။ သူတို့သားလေးမှာ 'ဇနီး'တစ်ယောက် ရှိလာပြီး သူ့အဖေနှင့်အမေကို မေ့သွားခဲ့ပြီ။ သူက တနေကုန်တာနဲ့ သူ့ဇနီးအိမ်ကို ပြေးသွားပြီ။ သူက လိုက်ပိုးပန်းတာတောင် မအောင်မြင်သေးပဲနဲ့လေ! အနာဂတ်မှာ သူသာ တကယ် အောင်မြင်သွားရင် သူတို့စုံတွဲအိုကတော့ နှစ်သစ်ကူးအကြိုတိုင်း 'အိမ်အလွတ်ကြီး'ကို စောင့်ရင်း အထီးကျန်နေရတော့မှာလား?
ကံကောင်းတာက သူတို့က ပိုက်ဆံချမ်းသာတယ်။
နောက်ပိုင်း သူတို့ အိမ်တစ်လုံး ဝယ်ဖြစ်ရင် သူတို့ ချန်မိသားစုဘေးနားက အိမ်ကို ဝယ်မယ်!
အခြားသူများ ဘယ်လိုတွေးတွေး ယန်ကျင်းဇီနှင့် ချန်အန်းရှိူ့တို့သည် ချိုမြိန်သာယာသော ဆောင်းရာသီအားလပ်ရက်ကို ဖြတ်သန်းခဲ့ကြသည်။
ချန်အန်းရှိူ့သည် အများအားဖြင့် အမူအရာမရှိသော်လည်း ယန်ကျင်းဇီသည် သရုပ်ဆောင်အရမ်းကောင်းပြီး ချင့်ချိန်တိုင်းတာတတ်သည်။ ထို့ကြောင့် ဆောင်းရာသီအားလပ်ရက် ကုန်ဆုံးသွားသော်လည်း အမေချန်သည် ဘာကိုမှ မတွေ့ရှိသေးပေ။
အဖေချန်က ပို၍ပင် စိတ်ပူသွားသည်။
ကျောင်းစတက်သည့်နေ့တွင် သူသည် ယန်ကျင်းဇီနှင့် ချန်အန်းရှိူ့တို့၏ ထိုင်ခုံများကို စာသင်ခန်း၏ တစ်ဖက်တစ်ချက်စီတွင် စီထားကာ အလယ်တွင် ကျောင်းသားအုပ်စုကြီးဖြင့် ခွဲထားလိုက်သည်။
သူ ဒီလူနှစ်ယောက်ကို တစ်ခုံတည်း ဘယ်တော့မှ အတူတူ မထိုင်ခိုင်းဘူး!