အပိုင်း ၃၅ ( Genius Slacker 18 )
Viewers 10k

ယန်ကျင်းဇီ အခန်း ၁ တွင် တက်စဉ်က အရမ်းလူကြိုက်မများလှပေ။


လူတိုင်းက ပုစ္ဆာတွေဖြေရှင်းဖို့ အာရုံစိုက်နေချိန်မှာ စားပွဲပေါ် မှောက်အိပ်နေတဲ့လူကို ဘယ်သူက သဘောကျမှာလဲ?


သို့သော် ဤတစ်ခါ ယန်ကျင်းဇီ ပြန်ရောက်တဲ့အခါမှာတော့ လူတိုင်း၏ သူ့အပေါ်ထားသော သဘောထားက ပြောင်းလဲသွားသည်။


လူတော်တော်များများက သူ့ကို စကားလာပြောကြသည် : " ယန်ကျင်းဇီ၊ မင်းရဲ့အမှတ်တွေက ဘယ်လိုလုပ် အရမ်းကြီးတိုးတက်လာတာလဲ? "


" ယန်ကျင်းဇီ၊ မင်း အရင်တုန်းက တော်တော် ဆိုးဆိုးရွားရွား ဖြေခဲ့တယ်။ မင်း တမင်တကာ ရည်ရွယ်ပြီး လုပ်ခဲ့တာလား? "


" ယန်ကျင်းဇီ... "


...


ယန်ကျင်းဇီက ပြန်ဖြေခဲ့သည် : " ငါ အရင်တုန်းက အမှတ်တွေညံ့တာ တမင်တကာ လုပ်ခဲ့တာ မဟုတ်ဘူး။ ပြီးတော့ ငါ အခု ဘာလို့ ကောင်းကောင်းလုပ်နေတယ် ဆိုတာလည်း အကြောင်းရင်း ရှိတယ်။ "


အခန်း ၁ မှ ကျောင်းသားများသည် ယန်ကျင်းဇီကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။


ယန်ကျင်းဇီက ပြောသည် : " ငါ့အဖေက ငါ့ကို ကျူရှင်ပြပေးဖို့ ဘာသာပေါင်းစုံက အတော်ဆုံးဆရာတွေအားလုံးကို ငှားထားတယ်။ နေ့တိုင်း ဆရာတွေအများကြီးက ငါ့အနားမှာ ဝိုင်းထားကြတယ်။ ငါ့မှာ မေးစရာရှိရင် သူတို့က ငါ့ကို ချက်ချင်း ဖြေပေးကြလိမ့်မယ်။ အဲ့တာက ငါ ငါ့အမှတ်‌တွေကို ကောင်းလာအောင် ပြင်တဲ့ပုံပဲ။


အခန်း ၁ မှ ကျောင်းသားများ : " ... " မင်းမှာ ပိုက်‌ဆံရှိရင် မင်း ပြောချင်တာမှန်သမျှ တကယ်ပြောနိုင်တယ်!


ဒီတစ်ခါတွင်တော့ ယန်ကျင်းဇီက လေးနက်စွာ ဆိုခဲ့သည် : " ဒါပေါ့၊ အရေးကြီးဆုံးအချက်က ငါက ထက်မြက်တယ်လေ။ ငါက ဉာဏ်ကြီးရှင်ပဲ! "


အခန်း ၁ မှ ကျောင်းသားများ : " ... " ရုတ်တရက်ကြီး သူတို့ တစ်ယောက်ယောက်ကို ရိုက်ချင်လာတယ်!


ယန်ကျင်းဇီက တကယ် ရိုက်ချင်စရာကောင်းနေသည်။ သူတို့ သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သင့်သော်လည်း ထူးဆန်းလောက်အောင်ပင် ယန်ကျင်းဇီသည် လူအများ မမုန်းနိုင်သော လူတစ်ယောက် ဖြစ်သည်။


သူက တကယ် စိတ်ဝင်စားစရာကောင်းပြီး နှစ်သက်ဖွယ်ကောင်းသည်။ ဤအချိန်တွင် အတန်းထဲမှ ကျောင်းသားများအားလုံးသည် ယန်ကျင်းဇီကို အာရုံစိုက်နေကြကာ ကျောင်းသူအချို့ဆိုလျှင် ယန်ကျင်းဇီကို ကြည့်နေရင်း တိတ်တခိုး ရှက်သွေးဖြာနေကြသည်။


ယန်ကျင်းဇီသည် ရုပ်ချောနေပြီးသားဖြစ်ပြီး ယခင် ကျောင်း၏ အောက်ဆုံးအဆင့်သမား ဖြစ်ခဲ့စဥ်ကတောင်မှ သူ့ကို ကြိုက်သော ကောင်မလေးများ ရှိခဲ့သည်။ ယခုဆိုလျှင် ပြောနေစရာပင်မလို...


တစ်ဖက်တွင်မူ ယန်ကျင်းဇီသည် ၎င်းကို သတိမပြုမိသေးဘဲ ထိုမိန်းကလေးများ လှမ်းကြည့်သောအခါ အခြားသူများကို တောက်ပစွာ ပြုံးပြနေဆဲဖြစ်သည်။ ကျောင်းသူလေးများ၏ မျက်နှာများမှာ ပိုမိုနီရဲလာကြသည်။


ချန်အန်းရှိူ့သည် သူ့ထိုင်ခုံမှ ကြမ်းကြမ်းတမ်းတမ်း မတ်တပ်ထရပ်လိုက်ပြီး ယန်ကျင်းဇီ၏ ဘေးက စားပွဲခုံသို့ ရောက်လာကာ ယန်ကျင်းဇီ၏ ထိုင်ခုံဖော်ထိုင်ခုံဖက်ကို ပြောသည် : " နေရာပြောင်းရအောင် "


ယန်ကျင်းဇီ၏ ထိုင်ခုံဖော်ထိုင်ခုံဖက်သည် ပိန်ပါးသော ကောင်လေးတစ်ယောက် ဖြစ်သည်။ သူ့အမှတ်များသည် အများအားဖြင့် သိပ်မကောင်းလှသော်လည်း အရမ်းမဆိုးလှ။ သူသည် အနည်းငယ် တသီးတသန့်နေတတ်ကာ သူ့တွင် ဖြစ်တည်မှု ခံစားချက် လုံးဝမရှိပေ။ ချန်အန်းရှိူ့ သူ့ကို စကားပြောသောအခါ သူ အံ့ဩသွားသည် : " ဟာ? "


" နေရာပြောင်းရအောင် " ချန်အန်းရှိူ့က ထပ်ပြောပြီး မှတ်စုများကို ထုတ်လိုက်သည်။ " ဒီမှာ ငါ စုထားခဲ့တဲ့ မှတ်စုတွေရဲ့ မိတ္တူ ရှိတယ်။ ငါ မင်းကို ပေးမယ်။ "


မှတ်စုများကို ယန်ကျင်းဇီအတွက် စုထားခဲ့ခြင်း ဖြစ်ပြီး မူရင်းဗားရှင်းမှာ ယန်ကျင်းဇီနှင့်အတူ ရှိနေကာ ယခု သူ ထုတ်လိုက်သည်မှာ သူ သိမ်းထားသော ဓာတ်ပုံရိုက်ကူးထားသည့် ဗားရှင်း ဖြစ်သည်။


ကျောင်းသားလေးသည် မှတ်စုများကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကာ ချန်အန်းရှိူ့အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။


" ပြောင်းမလား? " ချန်အန်းရှိူ့သည် အေးစက်သော အမူအရာဖြင့် ထပ်မေးသည်။


" ပြောင်းမယ်! " ကျောင်းသားလေးက ချက်ချင်း ထရပ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သွားတွေးမိသည် : " ဆရာချန်... "


" ငါ ငါ့အဖေကို ပြောလိုက်မယ်။ " ချန်အန်းရှိူ့က ပြောခဲ့သည်။


ကျောင်းသားလေးက ဒီကိစ္စကို လုံးဝ သံသယမရှိပေ။


ဘာပဲဖြစ်ဖြစ် ချန်အန်းရှိူ့သည် ဆရာ့အချစ်ဆုံးကျောင်းသား ဖြစ်ရုံသာမက ဆရာချန်၏သားလည်း ဖြစ်သည်။ ချန်အန်းရှိူ့နှင့် နေရာလဲခြင်းက ဆရာ့စီမှ ထုတ်ပြောခြင်းခံရလောက်မည် မဟုတ်။


ကျောင်းသားလေးက သူ့စားပွဲခုံကို ရွှေ့ပြီး ထွက်သွားသည်။


ဒါကို မြင်လိုက်ရတော့ ချန်အန်းရှိူ့ကလည်း သူ့ကိုယ်ပိုင်စားပွဲကို ရွှေ့လိုက်သည်။ သို့သော် သူ မပင်မရသေးခင်မှာပင် ယန်ကျင်းဇီထံမှ လုယူသွားခြင်းခံရပြီး သူ့ဘေးနားကို ရွှေ့သွားသည်။


ချန်အန်းရှိူ့သည် သူ့ကျောင်းလွယ်အိတ်ကို ယူပြီး ယန်ကျင်းဇီ၏နောက်သို့ လိုက်ကာ ယန်ကျင်းဇီ စားပွဲကို နေရာချထားပြီးနောက် ဝင်ထိုင်လိုက်သည်။


ဤမြင်ကွင်းကို မြင်တော့ အားလုံးက နည်းနည်းအံ့ဩသွားသည်။


ဘာလို့ ချန်အန်းရှိူ့က ယန်ကျင်းဇီဘေးနားမှာ ထိုင်ဖို့ လက်ဦးမှုရယူတာလဲ?


မယုံနိုင်လောက်စရာ အတွေးတစ်ခုက ယွီလိမင်၏စိတ်ထဲ ပေါ်လာသည်—သူ့ဘော့စ်က ချန်အန်းရှိူ့ကို လိုက်ပိုးနေတာ ‌နောက်ဆုံးတော့ သူ ချန်အန်းရှိူ့ကို ရသွားပြီလား?


ဤသို့တွေးရင်း ယွီလိမင်းသည် သူ့ဘော့စ်ဘေးတွင် အေးစက်သော မျက်နှာထားနှင့် ထိုင်နေသော ချန်အန်းရှိူ့က လေ့ကျင့်ခန်းစာအုပ်တစ်အုပ်ဖြင့် သူ့ဘော့စ်၏စားပွဲကို ခေါက်လိုက်သည်ကို‌ တွေ့လိုက်ရသည် : " စကားမပြောနဲ့။ မေးခွန်းတွေကိုဖြေ! "


ယန်ကျင်းဇီသည် လေ့ကျင့်ခန်းစာအုပ်ကို နာခံစွာ ယူကာ ဖြေရှာသည်။


ယွီလိမင် : " ... " ချန်အန်းရှိူ့ရဲ့ အေးစက်စက် အကြည့်ကို ကြည့်လိုက်ရင် သူ သေချာပေါက် သူ့ဘော့စ်စီမှာ ဖမ်းဆုပ်ခံရဦးမှာ မဟုတ်ဘူး။ သူက သူ့ဘော့စ်ရဲ့ စာလေ့လာမှုတွေကို ဒီတိုင်း ထိုင်ကြည့်‌ချင်နေရုံမလား?


အနီးနားမှ တခြားကျောင်းသားများက ချန်အန်းရှိူ့ ဤသို့ပြုမူနေသည်ကို တွေ့ပြီး သူတို့လည်း အံ့ဩသွားကြသည်။


ချန်အန်းရှိူ့က သူတို့ ခုနက သူတို့ အတူစုပြီး စကားပြောတာ သူတို့‌အတွက် မကောင်းဘူးလို့ ခံစားရပြီး သူတို့ရဲ့စကားဝိုင်းကို နှောင့်ယှက်ချင်လို့ သူ့ခုံကို အထူးတလည် နေရာပြောင်းလိုက်တာ ဟုတ်တယ်မလား?


ယနေ့သည် ကျောင်းစတက်သော ပထမဆုံးနေ့ ဖြစ်ပြီး မူလက လူတိုင်း စာကျက်ချင်စိတ် မရှိကြသော်လည်း ချန်အန်းရှိူ့က ယန်ကျင်းဇီဘေးနားတွင် ထိုင်ပြီး ယန်ကျင်းဇီ မေးခွန်းများကို ဖြေဆိုနေသည်အား စောင့်ကြည့်နေခဲ့သည်...


အနီးအနားမှ ကျောင်းသားများအားလုံး တိတ်ဆိတ်စွာ စာစဖတ်ကြသည်။


အဖေချန် ရောက်လာသောအခါ သူသည် သူ့စာသင်ခန်းမှာ အလွန်တိတ်ဆိတ်နေပြီး ကျေနပ်စရာကောင်းလောက်အောင် ဆူညံသံမရှိသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ စိတ်သက်သာရာရခါစပဲရှိသေး သူ့သားက ယန်ကျင်းဇီဘေးနားတွင် ထိုင်နေသည်ကို သူ တွေ့လိုက်ရပြန်သည်။


အဖေချန် : " ... " အကယ်၍ ထိုင်ခုံနေရာပြောင်းပြီး သူ့သားဘေးမှာ ထိုင်နေတဲ့သူက ယန်ကျင်းဇီသာဆိုရင် သူ ယန်ကျင်းဇီကို ဆုံးမလို့ရသေးတယ်။ ဒါပေမယ့် အခု သူ့သားက ယန်ကျင်းဇီဘေးနားမှာ ထိုင်နေတာ! သူ မခါးသီးဘဲ မနေနိုင်ဘူး!


အဖေချန် ဘယ်လောက်ပဲ စိတ်ပျက်နေပါစေ စာသင်နှစ်ဝက် အသစ် စတင်ပြီဖြစ်၏။


ယန်ကျင်းဇီသည် အခန်း ၁ သို့ ပြန်ရောက်လာပြီး အန္တရာယ်ပေးနိုင်တဲ့အကျိတ်လုံးအဖြစ်ကနေ နှစ်သက်ဖွယ်... အတန်းရဲ့ အသည်းကြော်လေးအဖြစ် ပြောင်းလဲသွားတာလား?


လူများကို ရယ်မောစေသည့်အပြင် ချောမောကာ ချမ်းသာပြီး လူများကို စားရန် အမြဲဖိတ်ခေါ်တတ်သည့် ဤကဲ့သို့သောလူမျိုး ဖြစ်လေရာ ဘယ်သူကမှ သူ့ကို တကယ် မမုန်းနိုင်ပေ။


ဒါပေမယ့် ချန်အန်းရှိူ့ကတော့ ယန်ကျင်းဇီကို သိပ်ကြိုက်ပုံ မပေါ်။


ယန်ကျင်းဇီက သူတို့နှင့် စကားအကြာကြီး ပြောသောအခါ ချန်အန်းရှိူ့က ယန်ကျင်းဇီကို ပြန်ခေါ်ပြီး ယန်ကျင်းဇီကို မေးခွန်းများအား ဖြေခိုင်းသည်။


ဟုတ်တာပေါ့၊ ယန်ကျင်းဇီကလည်း အရိုက်ခံထိုက်သော လူစားမျိုး ဖြစ်သည်။


ဥပမာ အခု...


အတန်းချိန်အတွင်း ချန်အန်းရှိူ့ မရှိသောအခါ ယန်ကျင်းဇီက သူ့နောက်တွင် ထိုင်နေသော ကျောင်းသားအား ကြွားဝါ‌ပြောဆိုသည် : " ငါ မင်းနဲ့ စကားပြောတိုင်း ချန်အန်းရှိူ့က ငါ့ကို ခေါ်ဖို့ ဘာလို့ အမြဲတမ်း တစ်ခုခုကို လိုက်ရှာနေလဲ မင်း သိလား? "


" ဘာကြောင့်လဲ? " သူ့နောက်တွင် ထိုင်နေသော ကျောင်းသားက မေးသည်။


" ဘာကြောင့်လဲဆိုတော့ သူ သဝန်တိုလို့လေ။ သူက ငါ အခြားသူတွေနဲ့ စကားပြောနေတာကို မြင်ရတာ မပျော်ဘူး။ " ယန်ကျင်းဇီက သက်ပြင်းချသည်။


ကျောင်းသား : " ... " မင်း ကြွားချင်တယ်ဆိုရင်တောင်မှ အဲ့လိုမပြောစမ်းပါနဲ့။


အရေးကြီးဆုံးကိစ္စမှာ...


ကျောင်းသားက ပြောခဲ့သည် : " ချန်အန်းရှိူ့ ပြန်‌လာပြီ။ "


ယန်ကျင်းဇီ သူ့ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ချန်အန်းရှိူ့ကို တွေ့လိုက်ရပြီး ထို့နောက် စာရွက်လိပ်တစ်ခုဖြင့် သူ့ခေါင်း အရိုက်ခံလိုက်ရသည်။ ချန်အန်းရှိူ့၏မျက်နှာသည် ဒေါသကြောင့် နီရဲနေပုံရပြီး သူက ယန်ကျင်းဇီကို မျက်စောင်းခဲလိုက်သည် : " ပေါက်ကရတွေ လျှောက်မပြောနဲ့! "


ချန်အန်းရှိူ့ ဒေါသထွက်သောအခါ ဆရာချန်နှင့် ဆင်တူသည်။ နောက်ဘက်ထိုင်ခုံမှ ကျောင်းသားသည် ဘောပင်တစ်ချောင်းနှင့် စာရွက်ကို ကောက်ကိုင်ပြီး သူ ဘာတစ်ခွန်းမှ ဝင်မပြောရဲဘဲ မေးခွန်းကို ဖြေရှင်းနေဟန် ဟန်ဆောင်နေလေသည်။


တစ်ချိန်တည်းမှာပင် ယန်ကျင်းဇီက ဆိုသည် : " တွေ့လား သူ ရှက်နေလို့ ငါ့ကို လာရိုက်တယ်။ သူက ငါ့ကို ချစ်တော့ သူ စိတ်ဆိုးနေပြီ။ " ချန်အန်းရှိူ့က လုံးဝ ရှက်နေပြီ!


ယန်ကျင်းဇီ သူ့ကို 'မနာလိုဖြစ်‌နေတယ်' လို့ ယခင်က ပြောတာကို ချန်အန်းရှိူ့ ကြားသောအခါ သူက ရှက်ပြီး ဒေါသထွက်သွားသည်။


ရှက်တာက... သူ တကယ် မနာလိုဖြစ်နေခဲ့၍။


ဒေါသထွက်တာက... ယန်ကျင်းဇီက သူတို့အကြောင်း လူများကို တကယ် ပြောပြနေ၍ဖြစ်သည်... အခြားသူတွေ သူတို့ဆက်ဆံရေးကို သိသွားကြမှာကို ယန်ကျင်းဇီက မကြောက်ဘူးလား?


အခြားသူတွေ တွေ့သွားပြီး ယန်ကျင်းဇီရဲ့မိဘတွေပါ သိသွားမယ်ဆိုရင် သူတို့ ဘာလုပ်ကြမလဲ?


ယန်ကျင်းဇီက ကိုယ်ပိုင်ငွေအချို့ကို လျို့ဝှက်သိမ်းဆည်းထားပေမယ့် သူက အခု အရွယ်ရောက်သူ မဟုတ်သေးဘဲ တစ်ယောက်တည်း နေလို့မရသေးဘူး။


ယန်ကျင်းဇီကို သူ့မိဘတွေက နိုင်ငံခြားပို့ပစ်မှာလား?


ယန်ကျင်းဇီက သူနဲ့ လမ်းခွဲဖို့ ဆက်တိုက်ငြင်းဆိုနေမယ်ဆိုရင် သူ့ကို သူ့မိဘတွေက အိမ်ကနေ နှင်ထုတ်မှာလား?


အဲ့လိုဖြစ်ကုန်ရင် သူတို့ ဘာလုပ်သင့်လဲ?


ယန်ကျင်းဇီရဲ့ ငွေကြေးသုံးစွဲမှုအဆင့်က အရမ်းမြင့်တော့ လောလောဆယ် သူ ယန်ကျင်းဇီကို မထောက်ပံ့နိုင်သေးဘူး!


ချန်အန်းရှိူ့ အရမ်းဝမ်းနည်းသွားသည် : " ယန်ကျင်းဇီ "


" အိုး! " ယန်ကျင်းဇီက ဖြေသည်။


ချန်အန်းရှိူ့၏အမူအရာက ပိုမိုအေးစက်လာသည် : " စာအုပ်ကို သေချာဖတ်ပြီး တခြားကျောင်းသားတွေကို မနှောင့်ယှက်နဲ့။ "


" ‌အိုကေ။ မင်းရဲ့စကားကို နားထောင်မယ်။ " ယန်ကျင်းဇီသည် ချန်အန်းရှိူ့အား ကြီးမားသော အပြုံးကြီးကြီးတစ်ခု ပြုံးပြကာ နာခံစွာဖြင့် စာအုပ်ကို ဖတ်သည်— သူက အရမ်းနာခံတတ်သည်။ နောက်ပိုင်းမှာ သူ ချန်အန်းရှိူ့ထံမှ ဆုများအဖြစ် အနမ်းများကို တောင်းဆိုနိုင်သည်လေ။


ဒါကို ချန်အန်းရှိူ့ မြင်တော့ သူ အနည်းငယ် စိတ်ပူသွားသည်။ သူ ခုနက အရမ်းကြမ်းတမ်းလွန်းသွားတာလား? အဲ့တာဆို ယန်ကျင်းဇီ စိတ်မချမ်းသာဖြစ်သွားနိုင်လား?


ယန်ကျင်းဇီနဲ့ သူ ဘာလုပ်ရပါ့မလဲ!


ချန်အန်းရှိူ့ တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး မှတ်စုတိုတစ်စောင်ကို ခိုးရေးကာ ယန်ကျင်းဇီအား ပေးလိုက်သည် : "နောက်ကျရင် ငါတို့အကြောင်း ပေါက်ကရတွေ လျှောက်မပြောနဲ့။ ငါ့အဖေ သိသွားလို့မဖြစ်ဘူး။"


ယန်ကျင်းဇီ ထိုမှတ်စုတိုကို မြင်သောအခါ မရယ်ဘဲ မနေနိုင်ပေ။ ချန်အန်းရှိူ့က သူ့အဖေကို ဖွင့်ပြောပြီးသွားပြီဖြစ်သော်လည်း သူ့စီက လျို့ဝှက်ထားနေဆဲပင်။


ဒါပေမယ့် အဲ့ဒါက သူ ချန်အန်းရှိူ့ကို ပြောပြဖူးပုံပေါ်သလိုပဲ...


ယန်ကျင်းဇီ ထိုသို့စဉ်းစားနေရင်း နောက်ထပ်မှတ်စုတိုကို လက်ခံလိုက်ရသည် : "ငါ အထက်တန်းကျောင်းပြီးသွားရင် မင်း လိုချင်တာမှန်သမျှ ငါ အကုန်လုံး လုပ်ပေးမယ်။"


ယန်ကျင်းဇီ ပြုံးလိုက်ပြန်သည်။


ချန်အန်းရှိူ့ အနည်းငယ် စိတ်လှုပ်ရှားနေသည်။


သူသည် နောင်တွင် ကျောင်း၌ ယန်ကျင်းဇီကို ပို၍ လျစ်လျူရှုရန် စီစဉ်ထားကာ ယန်ကျင်းဇီ စိတ်ရှိမည်လားဟု တွေးတောခဲ့သည်...


ဒါကိုစဉ်းစားရင်း ယန်ကျင်းဇီက သူ့ကို မှတ်စုတိုတစ်စောင် ပေးလိုက်သည် : "ကိုယ် မင်း ရေးခဲ့တဲ့ မှတ်စုတိုတွေကို သိမ်းထားမယ်။ ကောင်းပြီ။ မင်း အနာဂတ်မှာ လှည့်စားလို့မရတော့ဘူးပေါ့!"


ချန်အန်းရှိူ့ အံ့အားသင့်သွားကာ အထက်တန်းကျောင်းပြီးသွားရင် သူ ယန်ကျင်းဇီ လိုချင်တာမှန်သမျှ အကုန်လုံး လုပ်ပေးမည်ဟု သူ ရေးမိလိုက်မှန်း သူ သတိထားမိသွားလေသည်။


သူ့မူလရည်ရွယ်ချက်မှာ သူတို့နှစ်ယောက် အရွယ်ရောက်လာသောအခါ သူတို့၏ဆက်ဆံရေးကို အများသူငှာ သိအောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ရန် ဖြစ်သည်။ ဒါပေမယ့် ယန်ကျင်းဇီက ထူးဆန်းတဲ့တစ်ခုခုကို တွေးနေသလိုပဲ?


ချန်အန်းရှိူ့သည် အသက်ပြင်းပြင်းရှူကာ စာစဖတ်တော့သည်။ သို့သော် သူ့ဘေးနားမှ လူများအား မကြည့်တော့ရန် ဆုံးဖြတ်ထားခဲ့သည်။


သူ ယန်ကျင်းဇီကို အလွန်အကျွံကြည့်လျှင် သူ ဘယ်တော့မှ စာမသင်ချင်တော့မှာကို သူ ကြောက်သည်။


သူတို့ကို လျို့ဝှက်စောင့်ကြည့်နေသော နောက်ခုံမှ ကျောင်းသား : " ... " ချန်အန်းရှိူ့ရဲ့ အမူအရာက အလွန်ရုပ်ဆိုးတယ်။ ယန်ကျင်းဇီကို မှတ်စုတိုတစ်စောင် ကမ်းပေးပြီးတဲ့နောက်ပိုင်း သူ ယန်ကျင်းဇီကို ကြည့်တောင် မကြည့်တော့ဘူး။ သူ စိတ်‌ဆိုးသွားတာ ဖြစ်မယ်...


အခန်း ၁ မှ ကျောင်းသားများသည် ချန်အန်းရှိူ့က အမှန်တကယ်ပင်... တော်တော်လေး ယန်ကျင်းဇီကို မကြိုက်ကြောင်း သိသွားကြသည်။


ဤနှစ်ဝက်တာစာသင်ကာလတွင် သူတို့ ချန်အန်းရှိူ့ စိတ်ကောင်းဝင်နေတာ ဟုတ်၊မဟုတ် မသိသော်လည်း သူ သူတို့နှင့်တွေ့ချိန်၌ သူ့အမူအရာက အရမ်းအေးစက်မနေဘဲ သူက သူတို့ကို သူ့မှတ်စုများကိုပင် အရင်ထုတ်ပြခဲ့သည်။ သို့သော် သူ ယန်ကျင်းဇီကို တွေ့သောအခါ သူ့မျက်နှာက အေးခဲသော ရေခဲလွှာတစ်လွှာကဲ့သို့ပင်။


ချန်အန်းရှိူ့ : မတတ်နိုင်ဘူး။ သူ့ကောင်လေးက အရမ်းချစ်စရာကောင်းတယ်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူးဆိုရင် သူ ယန်ကျင်းဇီကို ကြည့်တဲ့အခါ သူ မနေနိုင်ဘဲ ပြုံးမိမှာကို သူ စိုးရိမ်တယ်။


သူ ယန်ကျင်းဇီကို စကားပြောရတာ မကြိုက်သေးဘူး။ အတန်းပြီးသွားသောအခါ သူ ယန်ကျင်းဇီနှင့် စကားမပြောချင်နေဆဲ ဖြစ်သည်။


ချန်အန်းရှိူ့ : မတတ်နိုင်ဘူး။ သူ့ကောင်လေးက ပရောပရည်လုပ်တာ အရမ်းတော်တယ်။ စကားနည်းနည်းပြောပြီးတာနဲ့ သူ့နှလုံးခုန်သံ မြန်လာပြီး နောက်အတန်းချိန်မှာ သူ စာသေချာလိုက်နားမထောင်နိုင်တော့မှာကို သူ ကြောက်တယ်။


ယန်ကျင်းဇီက သူ့ရဲ့စာမေးပွဲအမှတ်တွေကို တိုးတက်ကောင်းမွန်လာစေပြီး သူက ပိုတောင် စိတ်ဆိုးသွားတယ်!


ချန်အန်းရှိူ့ : စာမေးပွဲပြီးတဲ့အခါတိုင်း အနမ်းငါးရာ နမ်းရတာ သူ့နှုတ်ခမ်း ထုံနေပြီ!



အခန်း ၁ မှ ‌ကျောင်းသားများသည် ယန်ကျင်းဇီတွင် ချန်အန်းရှိူ့နှင့် ဆိုးရွားသော ဆက်ဆံရေး ရှိကြောင်း ယေဘူယျအားဖြင့် ခံစားမိကြသည်။


ယန်ကျင်းဇီသည် ချန်အန်းရှိူ့က သူ့ကိုယ်သူ မထိန်းသိမ်းနိုင်လောက်သည့်အထိ သူ့ကို(ယန်ကျင်းဇီကို) အရမ်းချစ်ကြောင်း ပြောဆိုရင်း ချန်အန်းရှိူ့ မကောင်းကြောင်းများကို အမြဲတမ်း ဖန်တီးပြောဆိုလေ့ရှိသောကြောင့် ချန်အန်းရှိူ့က သူ(ယန်ကျင်းဇီ) နောက်ထပ်မေးခွန်းများ ဖြေနေသည်အား စောင့်ကြည့်လိမ့်မည်ဖြစ်ကာ ဆရာချန်ကိုပင် မေးပြီး ယန်ကျင်းဇီကို နောက်ထပ် assignment များ ပေးခိုင်းလိမ့်မည်။


ယန်ကျင်းဇီ၏ဖုန်းသည် ချန်အန်းရှိူ့၏လက်ထဲတွင် ရှိသည်ကိုလည်း ‌သူတို့ တွေ့လိုက်ရသည်... ယန်ကျင်းဇီရဲ့ဖုန်းက ချန်အန်းရှိူ့စီမှာ အသိမ်းခံလိုက်ရပြီ!


သို့သော်ငြား လူတိုင်းက မျက်မမြင်ဖြစ်နေကြသည်ဟု ခံစားရသူ အနည်းငယ် ရှိသည် - ယန်ကျင်းဇီက ချန်အန်းရှိူ့ကို ကြိုက်နေလိမ့်မယ် ဆိုတာ သူတို့တွေပဲ သိတာ!


မဟုတ်ရင် ချန်အန်းရှိူ့က သူ့ကို ချစ်တယ်လို့ ယန်ကျင်းဇီက အမြဲတမ်း ပြောနေမှာလဲ?


ပြီးတော့ သူက ချန်အန်းရှိူ့နောက်ကို အမြဲလိုက်ပြီး ချန်အန်းရှိူ့ကို အမြဲလိုက်ကြည့်တယ်...


ကံမကောင်းစွာနဲ့ပဲ ချန်အန်းရှိူ့က သူနဲ့ စကားပြောရတာ မကြိုက်ဘူး။


ယွီလိမင်က အကြောင်းသိသူများအဖွဲ့ကပါ။


သူ့ဘော့စ်က ချန်အန်းရှိူ့ကို ကြိုက်မှန်း သူ သိခဲ့သည်မှာ အတော်ကြာနေပြီဖြစ်သည်။ ချန်အန်းရှိူ့အတွက်ကတော့... ချန်အန်းရှိူ့ကတော့ မလှုပ်မယှက်ပါပဲ။


သူ့ဘော့စ်က အရမ်းသနားစရာကောင်းတယ်။


ယွီလိမင်သည် သူ့ဘော့စ်ကို အနည်းငယ် သနားမိသော်လည်း ခဏတာမျှသာ သနားလိုက်ရသည်။


ဘာလို့လဲဆို‌ သူ့ဘော့စ်က အချစ်မှာ ပျော်ဝင်နေတော့ သူ့ဘော့စ်က အချစ်အတွက် စတင်ပြီး အလုပ်ကြိုးစားနေပြီဖြစ်ကာ အချစ်ခံရဖို့ စိတ်အားထက်သန်နေခဲ့တယ်...


အထက်တန်း ဒုတိယနှစ်အဆုံးမှာ သူ့ဘော့စ်က တကယ်ကြီး ဒုတိယနေရာ ရခဲ့တယ်လေ!


သူက သူ့ဘော့စ်ထက် အလွန်နိမ့်ကျသော လူတစ်ယောက် ဖြစ်သည်။ သူက ဘာလို့ သူ့ဘော့စ်ကို သနားရမှာလဲ?


အစပိုင်း ယန်ကျင်းဇီ၏အမှတ်များ ပိုကောင်းလာသောအခါ ယန်ကျင်းဇီ၏ရလဒ်များ မှားယွင်းနေသည်ဟု လူအချို့က ခံစားခဲ့ကြရသည်။


သို့သော် သူ့အမှတ်များ ပိုကောင်းသည်ထက် ပိုပိုကောင်းလာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် လူတိုင်း အသားကျလာကြသည်။


သူနှင့်ချန်အန်းရှိူ့တို့ အမျိုးသားဓာတုဗေဒပြိုင်ပွဲ၏ ပထမဆု ရရှိခဲ့သောအခါ... အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ယန်ကျင်းဇီကို လေးစားသဘောကျနေကြပြီဖြစ်သည်။


ယန်ကျင်းဇီသည် ဒုတိယနေရာ ရပြီးသည့်အချိန်မှစ အဆင့်ကျဆင်းသွားခြင်း မရှိပေ။


သူသည် တရုတ်စာတွင် ချန်အန်းရှိူ့ထက် အမှတ်များ ပိုလျော့သောကြောင့် သူ တစ်ခါမှ ပထမ မရခဲ့ချေ။


အခြားတစ်ခုခုကြောင့် မဟုတ်လျှင် သူ ချန်အန်းရှိူ့လောက် ပြီးပြည့်စုံသော ဘာသာစကားဖွဲ့ဆိုမှု မရေးနိုင်ခြင်းကြောင့်သာ ဖြစ်နိုင်သည်။


ဘာကြောင့်ပဲဖြစ်ဖြစ် သူ၏ ဘာသာစကားစာမေးပွဲတွင် ရမှတ်များ နိမ့်နေသော်လည်း သူသည် အခြေခံအားဖြင့် အခြားဘာသာရပ်များတွင် ရမှတ်များ မဆုံးရှုံးထားပေ‌!


ထိုသို့သောချစ်သူမျိုးနှင့် ချန်အန်းရှိူ့ တော်တော်လေး စိတ်ဖိစီးရသည်။


ငယ်ငယ်ကလေးဘဝကတည်းက သူသည် အလွန်ဉာဏ်ကောင်းခဲ့ပြီး ဉာဏ်ကြီးရှင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယန်ကျင်းဇီနှင့် နှိုင်းယှဉ်လိုက်ပါက... သူ ရုတ်တရက် အနည်းငယ် တုံးအသွားသလို ခံစားလိုက်ရ၏။


မူလက သူ့တွင် ယန်ကျင်းဇီထက် ပိုကောင်းသော အမှတ်များ ရှိခဲ့သော်လည်း ယခု သူ့အမှတ်များက ယန်ကျင်းဇီအောက် နည်းလုနီးပါး ဖြစ်လာသည်... ချန်အန်းရှိူ့ ပိုကြိုးစားခဲ့သည်။


‌အဆုံးမှာတော့ သူတို့နှစ်ဦးဟာ ရလဒ်ကောင်းများ ရရန် တစ်ယောက်ကို တစ်ယောက် တိုက်တွန်းခဲ့ကြသည်။


အခြားတစ်ဖက်တွင် ကျွမ်းကောင်းဟန်နှင့် ဖူးကျီးတို့သည် ပိုပို၍ အားပျော့လာကြသည်။


ဒုတိယနေရာ အမြဲရသော ကျွမ်းကောင်းဟန်ကဲ့သို့ တစ်စုံတစ်ယောက်အတွက် သူ့အမှတ်များ တစ်ကြိမ်လောက် ထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး သူ့အဆင့် ကျသွားသည်နှင့်တပြိုင်နက် သူ့စိတ်က ပြိုယွင်းလာသည်။


ထို့အပြင် ယန်ကျင်းဇီက သူ့ကို အမြဲတမ်း လှုံ့ဆော်ပေးသည်။


အထက်တန်း ဒုတိယနှစ်၏ နောက်စာသင်နှစ်ဝက်အတွင်း သူ့အဆင့်များသည် အတန်း၏ ထိပ်ဆုံးငါးဆယ်ကို ဘယ်တော့မှ မကျော်ခဲ့ဘဲ နောက်ဆုံးတွင် ထိပ်ဆုံးတစ်ရာထဲမှ သူ ကျသွားခဲ့သည်။


ယန်ကျင်းဇီသည် မူလက သူ့အား ဆန့်ကျင်လျက် အလွန်ခုခံကာကွယ်တတ်ကာ သူ ဆိုးရွားတာ တစ်ခုခု လုပ်မည်ကို အလွန်စိုးရိမ်ခဲ့သော်လည်း သူ အတွေးလွန်သွားခဲ့တာ ဖြစ်နေသည်။


ကျွမ်းကောင်းဟန် မည်မျှပင် ထူးချွန်နေပါစေ သူသည် အထက်တန်းကျောင်းသားတစ်ယောက်သာ ဖြစ်သည်။ အထက်တန်း ဒုတိယနှစ်၏ ဒုတိယနှစ်ဝက်အတွက် နောက်ဆုံးစာမေးပွဲ ပြီးဆုံးသွားခဲ့သည်။ ကျွမ်းကောင်းဟန်သည် နိမ့်ကျသော အမှတ်များကြောင့် အခန်း ၂ မှ ထွက်သွားခဲ့ရသည်... နောက်ပိုင်းတွင် အဖေကျွမ်းသည် ကျွမ်းကောင်းဟန်အတွက် အပြောင်းအရွှေ့ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ခဲ့ကာ ကျွမ်းကောင်းဟန်သည် နောက်ဆုံး အမှတ် ၁ အထက်တန်းကျောင်းမှ ထွက်သွားရသည်။ ဖူးကျီးလည်းပဲ ကျောင်းထွက်သွားခဲ့သည်။


ဒါကို သိလိုက်ရတော့ ယန်ကျင်းဇီ အနည်းငယ် စိတ်ပူသွားပြီး အဖေယန်ကို အတိအကျ မေးခဲ့သော်လည်း အဖေယန်က ကျွမ်းကောင်းဟန်တွင် နောင်မှာ အခြားပြဿနာများ ထပ်လုပ်ရန် အခွင့်အရေး လုံးဝ ရှိတော့မည်မဟုတ်ဟု ပြောရင်း သူ့ကို စိတ်ချလက်ချနေရန် အားပေးသောကြောင့် သူ စိတ်သက်သာရာရသွားသည်။


" အဖေက ဘာလို့ ဒီလောက် သေချာနေရတာလဲ? " ယန်ကျင်းဇီက မတတ်နိုင်စွာ မေးလိုက်သည်။


အဖေယန်က ဖြေသည် : " ဘာလို့လဲဆိုတော့ ငါ ကျွမ်းမိသားစုအတွက် ပြဿနာအချို့ ရှာထားတယ်... အခုကစပြီး သူတို့မိသားစု ပျောက်ကွယ်သွားလိမ့်မယ်။ "


ယန်ကျင်းဇီ : " ... " အဖေက တကယ့်သူဌေးပဲ။ သူက ရိုးရိုးရှင်းရှင်းနဲ့ အရမ်းတော်တယ်!


အချိန်အတော်ကြာအောင် သူ ကျွမ်းကောင်းဟန်ကို ဖြေရှင်းဖို့ တွေးပဲတွေးရဲကာ ကျွမ်းကောင်းဟန်၏အဖေက သူ့ကို တားမှာ သူ စိုးရိမ်ခဲ့သည်။ သူ့အဖေက ကောင်းကောင်းလုပ်ဆောင်ခဲ့ပြီး ကျွမ်းကောင်းဟန်၏အဖေကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။


အထက်တန်းကျောင်း တတိယနှစ်အတွင်း ကျွမ်းကောင်းဟန်နှင့် ဖူးကျီးတို့ လမ်းပိတ်မနေတော့သဖြင့် ကျောင်းတွင် ယန်ကျင်းဇီသည် ပိုမို သာယာအေးချမ်းသော ဘဝကို ပိုင်ဆိုင်ခဲ့သည်။


အထူးသဖြင့် ချန်အန်းရှိူ့သည် အလွန်ရှက်နေသော်လည်း ထိုအချိန်၌ သူ့ရှေ့တွင် အေးစက်စက် မျက်နှာထားဖြင့် နေသည်။ သူ ကြည့်ရတာ တကယ် ရိုးမသွားပေ။ သူ မြင်ရတိုင်း သူ ချန်အန်းရှိူ့ကို သူ့လက်မောင်းများထဲ ထည့်ဖက်ကာ နမ်းချင်သည်။


သူ့အန်းရှိူ့က အရမ်းချစ်စရာကောင်းတာကို အခြားသူတွေ မသိစေချင်ဘူး!


အဲ့ဒါကြောင့် ချန်အန်းရှိူ့ လူတစ်ယောက်ကို သဘောကျတဲ့အခါ သူ့ပုံစံက ဘယ်လိုလေး ဆိုတာ လူတွေကို အသိပေးဖို့နေနေသာသာ ချန်အန်းရှိူ့ သူ့ကို(ယန်ကျင်းဇီကို) သဘောကျနေမှန်းကိုတောင် သူတို့ လူသိခံလို့မရဘူး!


ထို့ကြောင့် ယန်ကျင်းဇီသည် ပေါက်ပန်းလေးဆယ်စကားများ လျှောက်ပြောနေသော်လည်း သူသည် အပြုအမူပိုင်းတွင် အလွန်သတိထားကာ သူတို့ စာသင်ခန်းထဲ၌ အမှန်တကယ် လက်ကိုင်ထားကြမှန်း သူ ကျောင်းသားများကို မသိစေခဲ့ပေ။


တစ်ခါတစ်ရံ ချန်အန်းရှိူ့သည် သူ့တွင် သေးငယ်လွန်းသော လှုပ်ရှားမှုများ ရှိသည်ဟု ထင်ကာ သူနှင့် ခိုးကြောင်ခိုးဝှက် အတူရှိရန် ငြင်းဆန်နေရုံလေး ဖြစ်သည်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ သူ နောက်မှ လျော်ကြေးပြန်တောင်းလို့ရတယ်!


အစပိုင်းတွင် အမေချန်သည် သားဖြစ်သူနှင့် ယန်ကျင်းဇီ တို့၏ ဆက်ဆံရေးကို မသိခဲ့သော်လည်း အချိန်အတော်ကြာပြီးနောက် အမေချန်သည် သိရှိသွားခဲ့သည်။


ယန်ကျင်းဇီသည် သူ(မ)၏မျက်ခွံ အောက်တွင် တစ်နေကုန် သွားလာလှုပ်ရှားနေပြီး သူ(မ)၏သားကို အလွန်ဂရုစိုက်သည်။ အကယ်၍ စစချင်း သူ(မ) မတွေ့ရင်တောင်မှ အချိန်အတော်ကြာပြီးနောက်မှာ သူ(မ) တွေ့သွားလိမ့်မည်။


ထိုအချိန်တွင် အမေချန်သည် အလွန်ဒေါသထွက်သွားသည်။ သူ(မ) အဖေချန်ကို ပထမဆုံးအကြိမ် ပြောပြပြီးနောက် အဖေချန်က သိနေပြီးသားဖြစ်မှန်း ရှာတွေ့သွားသည်...


အမေချန်နှင့်အဖေချန်တို့ စကားများရန်ဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် ထိုကိစ္စကို ဖြည်းညှင်းစွာ လက်ခံသွားကာ အဖေချန်နှင့် တူညီသော အကြောင်းအရာကိုပင် တောင်းဆိုသည်။ သူ(မ)သည် ယန်ကျင်းဇီနှင့် စကားပြောခဲ့ပြီး တူညီသော တောင်းဆိုချက်ကို ပြုလုပ်ခဲ့သည် - ယန်ကျင်းဇီ ယင်းအကြောင်းကို အများသူ မသိစေရန် လုပ်ပေးရမည်။


ယန်ကျင်းဇီကလည်း သဘောတူသည်။


သူ့အမေက သူနှင့်ယန်ကျင်းဇီအကြောင်းကို သိသည်။ ၎င်းကို ချန်အန်းရှိူ့ သိသော်လည်း ယန်ကျင်းဇီလည်း သိနေကြောင်း သူ မသိခဲ့ပေ။


ယန်ကျင်းဇီ မပြောခဲ့ပါဘူး။


အထက်တန်း တတိယနှစ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး မကြာမီ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်နေ့ ရောက်လာသည်။


သူတို့၏ကျောင်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်နေရာ ဖြစ်ပြီး သူတို့ကျောင်းမှ ကျောင်းသားများသည် ကိုယ့်ဌာနေကျောင်းမှာတင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရသည်။


ဒါက ချန်အန်းရှိူ့အတွက် အရမ်းအဆင်ပြေသည်။ သူ့အိမ်က ကျောင်းနှင့် ဘေးချင်းကပ်ရပ် ဖြစ်သည်လေ။


ယန်ကျင်းဇီကို ထည့်ပြောမနေနဲ့တော့။ အဖေယန်နှင့်အမေယန်တို့သည် သူတို့သား၏အမှတ်များ ပိုပိုကောင်းလာသောအခါ သူတို့သား၏စာလေ့လာမှုကို အလွန်အလေးထားသည်။ ယခု သူတို့သားလေးက ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မည်ဖြစ်ရာ...


အဖေယန်သည် အလွန်စိတ်စောကာ ယန်ကျင်းဇီ နေထိုင်ရန်အတွက် အနီးနားရှိ ဟိုတယ်တစ်ခုတွင် အခန်းတွဲအနည်းငယ်ကို ကြိုတင်မှာယူထားခဲ့ပြီး ယန်ကျင်းဇီ၏ အဝတ်အစား၊ အစားအသောက်၊ အိမ်မှုကိစ္စဆောင်ရွက်ခြင်းနှင့် သွားလာရေးတို့ကို ဂရုစိုက်ရန်အတွက်လည်း တစ်စုံတစ်ဦးကို ငှားရမ်းခဲ့သည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲနေ့ မနက်စောစောတွင် ယန်ကျင်းဇီသည် သူတို့ သူ့အတွက် ဂရုတစိုက် ပြင်ဆင်ထားသော မနက်စာကို ယူပြီး ချန်အိမ်၏တံခါးကို သွားခေါက်သည်။


တံခါးဖွင့်ပေးသူက အဖေချန် ဖြစ်သည်။


တံခါးအပြင်ဘက်တွင် ယန်ကျင်းဇီ ရွှင်ပြုံးစွာဖြင့် မတ်တပ်ရပ်နေသည်ကို မြင်တော့ အဖေချန်သည် သူ လုံးဝ မအံ့ဩ‌သွားမှန်း ရုတ်တရက် သတိထားမိသွားသည်။


တချို့အရာများကို အကြိမ်ပေါင်းများစွာ မြင်ရသောအခါ ပုံမှန်ခံစားလာရလိမ့်မည်...ဟာ...


အမေချန်ကတော့... သူ(မ) အဖေချန်ထံမှ သင်ယူထားသည်။ သူ(မ) မျက်နှာက အမူအရာမဲ့နေသည်။


သူ(မ) ယန်ကျင်းဇီကို တော်တော်သဘောကျခဲ့တာ!


သူ(မ)၏ သားဖြစ်သူနှင့် ယောက်ျားဖြစ်သူတို့ နှစ်ယောက်စလုံးက စကားမများကြပေ။ သူတို့က အရမ်းပျင်းရိဖွယ်ကောင်းသည်။ သို့သော် ယန်ကျင်းဇီက ကွဲပြားသည်။ သူသည် နှုတ်အလွန်ချိုကာ အလွန်ချော့မော့တတ်သည်။


ယန်ကျင်းဇီသာ သူ(မ)၏သားဖြစ်လျှင် ကောင်းလိမ့်မည်ဟု အချိန်ခဏကြာသည့်အထိ သူ(မ) တနေကုန် တွေး‌ဖူးခဲ့သည်။


ရလဒ်ကတော့... သူ(မ)၏သားက ယန်ကျင်းဇီနဲ့ တကယ်ကြိုက်နေတယ်တဲ့လေ!


သူတို့သားက ယန်ကျင်းဇီကို ပထမဆုံး အရင်သဘောကျခဲ့သူဟု သူ(မ)၏ခင်ပွန်းဖြစ်သူက သူ(မ)ကို မပြောပြခင်အထိ အစပိုင်း၌ သူ(မ) ယန်ကျင်းဇီကိုပင် ရှာကာ ရန်ဖြစ်ချင်ခဲ့သည်။


အကယ်၍ သူ(မ)၏သားဖြစ်သူက အရမ်းမကောင်းလျှင် သူ(မ) သူ့ကို အရမ်းစိတ်ဆိုးမိလိမ့်မည်။ ဒါပေမယ့် သူ(မ)၏သားဖြစ်သူသည် တကယ်လိမ္မာကာ ငယ်ငယ်ကတည်းက သူ(မ)အတွက် ပြဿနာမရှာခဲ့ဖူးပေ။


ဒါက စီနီယာနှစ်အတွင်း နောက်ထပ် အရေးကြီးသော အခိုက်အတန့် ဖြစ်သည်။


သူ(မ) ဘာမှမလုပ်ရသေးဘဲ အချိန်ကုန်ဆုံးသွားခဲ့သည်။


စစချင်း သူ(မ) စိတ်ဆိုးခဲ့ပေမယ့် သူ(မ) ဘာမှမလုပ်ခဲ့ဘူး။ အချိန်အတော်ကြာပြီးနောက် သူ(မ) ဘာမှမလုပ်ဖို့ ရွေးချယ်ခဲ့သည်... သေချာစဉ်းစားကြည့်လျှင် ယန်ကျင်းဇီက ချိုမြိန်ပြီး လူများကို ဂရုစိုက်တတ်သည်။ သူက ရုပ်ချောသည်။ သူ(မ)သာ အသက်နှစ်ဆယ်လောက် ငယ်သွားမည်ဆိုလျှင် သူ(မ)လည်း ယန်ကျင်းဇီကို ကြိုက်မိလိမ့်မည်။ သူ(မ) တကယ်ပဲ သူ(မ)၏သားဖြစ်သူကို အပြစ်မတင်နိုင်ပါချေ...


" မင်္ဂလာပါ ဆရာ။ ကျွန်တော် အန်းရှိူ့ကို တွေ့ဖို့ လာတာပါ။ " ယန်ကျင်းဇီက သူတို့ကို ပြုံးပြကာ ချန်အန်းရှိူ့၏အခန်းထဲကို တည့်တည့်ဝင်သွားသည်။


အဖေချန်နှင့်အမေချန် : " ... " ဝက်က ဂေါ်ဖီထုပ်ကို စားဖို့ ထပ်ရောက်လာပြန်ပြီ!


သို့သော်ငြား ကလေးနှစ်ယောက်က မတူညီဘဲ အပျော်လျှောက်ကစားနေရုံဟု သူတို့ ထင်ခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့ ခံစားရတာက ထိုကလေးနှစ်ယောက်... တကယ်ပဲ အဆုံးထိ အတူရှိနိုင်ကြလိမ့်မည်ဟူ၍။


ကိစ္စမရှိပါဘူး မေ့လိုက်တော့။


သူတို့ ဘယ်တော့မှ လူမရိုက်နိုင်ဘူး။


ချန်အန်းရှိူ့ အိပ်ရာနိုးနေသည်မှာ အတော်ကြာပြီဖြစ်ကာ စာမေးပွဲအတွက် လိုအပ်သော ပစ္စည်းများကို ရွေးထုတ်နေသည်။ ယန်ကျင်းဇီကို တွေ့တော့ သူက ချက်ချင်း မေးသည် : " မင်းမှာ မင်း လိုအပ်တာ အကုန်လုံး ရှိရဲ့လား? "


" အကုန်လုံး အဆင်သင့်ပဲ! " ယန်ကျင်းဇီက ချန်အန်းရှိူ့ကို ပြလိုက်သည်။


ချန်အန်းရှိူ့က ထပ်စစ်ဆေးလိုက်ကာ စကားလုံးများ ပါသော မှတ်စုတိုတစ်စောင်ကို သူ ထုတ်ဖတ်မိလိုက်သည် : "ငါ အထက်တန်းကျောင်းပြီးသွားရင် မင်း လိုချင်တာမှန်သမျှ ငါ အကုန်လုံး လုပ်ပေးမယ်။"


ချန်အန်းရှိူ့ : " ... "


ယန်ကျင်းဇီက ဆက်ပြောသည် : " ကိုယ် ဒီဟာကို တွေ့လိုက်ရတာနဲ့ ကိုယ့်တစ်ကိုယ်လုံးက အားအင်တွေကို ကိုယ် ခံစားမိတယ်။ ကိုယ် သေချာပေါက် စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်လိမ့်မယ်! "


" မင်း ငါ့ကို ထပ်ရေးပေးစေချင်လား? " ချန်အန်းရှိူ့သည် ယန်ကျင်းဇီအား စကားထပ်မပြောတော့ဘဲ ကြည့်နေသည်။


" အင်း။ " ယန်ကျင်းဇီက မဆိုင်းမတွ သဘောတူလိုက်သည်။


ချန်အန်းရှိူ့ : " ... "


ချန်အန်းရှိူ့က မှတ်စုတိုတစ်စောင်ကို လုံးဝမရေးပေးဘဲ သူက ယန်ကျင်းဇီကို နမ်းပြီး ပြောသည် : " ဒါက အချစ်ရဲ့ အားပေးမှုပဲ။ "


ယန်ကျင်းဇီသည် ချန်အန်းရှိူ့၏မျက်နှာကို လက်ဖြင့်ကိုင်ကာ သူ့ကို အကြိမ်ပေါင်းများစွာ နမ်းခဲ့သည် : " မင်းကိုလည်း အချစ်ရဲ့အားပေးမှုအချို့ ပေးမယ်! အန်းရှိူ့၊ ကိုယ်တို့ စာမေးပွဲမှာ သေချာပေါက် အမှတ်ကောင်းကောင်း ရမှာပဲ! "


အသံမှာ ကျယ်လွန်းလှသောကြောင့် အဖေချန်နှင့်အမေချန်တို့ ဖျတ်ခနဲ ခပ်တိုးတိုး နည်းနည်းလေး ကြားလိုက်ရသည် : " ... " ဒီကလေးတွေ ဘာအကြောင်း ပြောနေကြတာလဲ? အချစ်ရဲ့ အားပေးမှု? သူတို့ ဘာလုပ်နေကြတာလဲ?


" စာမေးပွဲဖြေရတော့မယ်။ မင်းတို့ အဆင်သင့်ဖြစ်ပြီလား? " အမေချန်က ကျယ်လောင်စွာ မေးသည်။


ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့က အမြန်ထွက်လာကြသည် : " အဆင်သင့်ဖြစ်ပါပြီ! "


ကောလိပ်ဝင်ခွင့်စာမေးပွဲ မေးခွန်းလွှာသည် ယန်ကျင်းဇီနှင့် ချန်အန်းရှိူ့တို့အတွက် မခက်ခဲဘဲ သူတို့နှစ်ယောက်စလုံး စိတ်မပူကြပေ။


စိတ်ပူနေကြသည်က ကျောင်းအပြင်မှ မိဘများ ဖြစ်ကြသည်။


အဖေယန်က သူ့ဇနီးကို ဝမ်းနည်းစွာ ကြည့်သည် : " မိန်းမရေ၊ ကလေးက အရမ်းစိတ်လှုပ်ရှားပြီး ကောင်းကောင်းမဖြေနိုင်လို့ နောက်ဆုံးစာမေးပွဲကို ကျသွားမယ်လို့ မင်း ထင်လား? အချို့ကလေးတွေဆို စိတ်အရမ်းလှုပ်ရှားလွန်းလို့ ခဲတံတစ်ချောင်းကိုတောင် သေချာမကိုင်နိုင်ကြတော့ဘူး။ သူ စာရွက်ကို အလွတ်ကြီးအတိုင်း ပြန်ပေးခဲ့ရင်ရော ဘာဖြစ်ကုန်မလဲ? အဲ့တာဆို ငါတို့ ဘယ်လိုလုပ်ကြမတုန်း? " အဖေချန်သည် စကားပြောနေရင်း သူ၏လက်များက တုန်ရီသွားခဲ့သည်။


အမေယန်လည်း စိတ်ပူနေသည် : " စာမေးပွဲမှာ လူတစ်ယောက် မေ့လဲသွားတယ်လို့ ငါ ကြားလိုက်တယ်... "


သူ(မ) ဒါကို ပြောပြီးသွားသည်နှင့် အဖေယန်၏မျက်နှာမှာ ဖြူဖျော့သွားပြီး မူးမေ့လဲလုနီးပါးဖြစ်နေပြီဖြစ်၏။


သူတို့ အရမ်းစိတ်ပူနေသည်ကို အနီးအနားမှ လူများ တွေ့ကြသောအခါ သူတို့အားလုံးက နှစ်သိမ့်ပေးကြသည် : " စိတ်မပူပါနဲ့။ အဲ့လိုကိစ္စတွေက ဖြစ်တာ ရှားပါတယ်။ "


" ဒီကျောင်းသားတွေက စာမေးပွဲတွေ ခဏခဏ ‌ဖြေနေကျပဲလေ။ သူတို့ အရမ်းကြီး စိတ်လှုပ်ရှားနေကြမှာ မဟုတ်ဘူး။ "


" အဆင်ပြေသွားမှာပါ... "


...


နောက်ဆုံးမှာတော့ အဖေယန်နှင့်အမေယန်တို့ စိတ်သက်သာရာရသွားကြပြီဖြစ်သည်။


ဤအချိန်တွင် မိဘတစ်ဦးက ရုတ်တရက် ထူးဆန်းသော လေသံဖြင့် ပြောသည် : " ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှားလုပ်မိတယ်ဆိုရင်တောင်မှ အများဆုံး ဆယ်မှတ်၊ မဟုတ်လည်း အမှတ်နှစ်ဆယ်လောက်ပဲ လျော့မယ်... ကလေးရဲ့အခြေခံက လုံလုံလောက်လောက် ခိုင်မာတယ်ဆိုရင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ကျတဲ့အကြောင်း မင်း ဘာမှစိတ်ပူနေစရာမလိုဘူး။ သူတို့ရဲ့ဝင်ခွင့်စာမေးပွဲ ကျမှာကို စိတ်ပူနေတဲ့သူတွေက စာသေချာမလေ့လာခဲ့တဲ့လူတွေပဲ! "


ထိုမိဘက စကားပြောပြီးတဲ့နောက်မှာ သူက အဖေယန်နှင့်အမေယန်ကို မောက်မာစွာ ကြည့်လာသည် : " ငါ့ကလေးရဲ့ အမှတ်တွေက တော်တော်ကောင်းတယ်။ ငါ လုံးဝ စိတ်မပူဘူး။ "


အဖေယန်နှင့်အမေယန် : " ... " တစ်စုံတစ်ယောက်က သူတို့ကို လာကြွားနေတာလား?


" အိုး၊ အဲ့လိုကိုး။ အမှားလုပ်မိရင်‌တောင် အများဆုံး ဆယ်မှတ်၊ မဟုတ်ရင်လည်း အမှတ်နှစ်ဆယ်လောက်ပဲ လျော့မယ်... ဘာမှစိတ်ပူစရာမရှိဘူးပဲ။ " အမေယန် မစိုးရိမ်တော့ဘူး။


" ဟုတ်တယ်။ ငါတို့ ဒီအမှတ်လျော့သွားရင်တောင် ငါတို့ရဲ့ကျင်းဇီလေးက အကောင်းဆုံးကျောင်းကို တက်နိုင်နေဦးမှာပဲ ဟုတ်တယ်မလား? " အဖေယန် တုန်ရီမနေတော့ပေ။


" ဟုတ်တယ်။ သူ စာမေးပွဲမှာ အမှတ်တစ်ရာ၊နှစ်ရာလောက် လျော့ပြီး လွဲလာလည်း ဘာမှမဖြစ်ဘူး။ ကလေးက ပြိုင်ပွဲတွေမှာ ပထမဆုတွေ နည်းနည်းနိုင်ထားတော့ အထူးဖိတ်ခေါ်ချက်တွေကို လက်ခံလို့ရတယ်။ " အမေယန်က ထပ်ပြောပြန်သည်။


" သူ ပြည်တွင်းကျောင်းတွေ မတက်နိုင်ရင်တောင် နိုင်ငံခြားကျောင်းတစ်ကျောင်းကို ဝင်ခွင့်လျှောက်ရတာက လွယ်ပါတယ်။ " အဖေယန်က ဆက်ပြောသည်။


ထိုမိဘမှာ ပြောစရာစကားမဲ့သွားရှာသည် : " မင်းတို့ ကြွားချင်တယ်ဆိုရင်တောင်မှ အဲ့လိုမကြွားစမ်းပါနဲ့။ မင်းတို့ကလေးက ချန်အန်းရှိူ့ ဒါမှမဟုတ် ယန်ကျင်းဇီလို့ ထင်နေကြတာလား? "


အဖေယန်က မတ်တပ်ထရပ်လိုက်သည် : " အိုး၊ မင်း ပြောနိုင်တယ်ပေါ့။ ငါ့သားက ယန်ကျင်းဇီလေ! "


အဖေယန်နှင့်အမေယန်တို့အား ကဲ့ရဲ့လှောင်ပြောင်ခဲ့သော မိဘ : " ... " မင်းတို့ရဲ့သားက အစမ်းစာမေးပွဲမှာ အကြိမ်တိုင်း ဒုတိယအဆင့်ချိတ်တဲ့ ယန်ကျင်းဇီ။ မင်းတို့က ဘာလို့ စိတ်လှုပ်ရှားနေတာလဲ?


အဖေယန်နှင့်အမေယန်တို့အား နှစ်သိမ့်ပေးကြသော ထိုမိဘများ : " ... " သူတို့က ပိုပြီးနှစ်သိမ့်ခံရသင့်တယ်လို့ သူတို့ ထင်လာပြီ။