အပိုင်း ၃၈
Viewers 28k

Chapter 38




ကျိမူ၏ စိတ်အခြေအနေမှာ ချက်ချင်းပြန်ကောင်းလာ၏။ သူသည် ကျိယွီရှောင်ဆီသို့ ချဥ်းကပ်သွားပြီး ထိုပုဂ္ဂိုလ်အား ငုံ့ကြည််ွလိုက်သည်။


ကျိယွီရှောင်တစ်ယောက် သူ၏ရှေ့၌ ဤမျှသေးငယ်အားနည်းနေလိမ့်မည်ဟု မတွေးခဲ့မိပေ။


"ရှောင်ဟွိုက်က မင်းအတွက် ဘာ၀ယ်ပေးရမလဲမသိဘူးဖြစ်နေတာ။ ဒီနေရာမှာ မင်းအတွက် ဘာမှမချို့တဲ့မှန်း ငါသိပါတယ်။ အဲ့ဒါကြောင့် လိုက်ခန့်မှန်းနေတာထက် မင်းစိတ်တိုင်းကျရွေး၀ယ်ရတာက ပိုကောင်းပြီး မင်းအတွက်လည်း အဆင်ပြေမှာပါ။"


သူထိုသို့ပြော၍ ခေါင်းကိုငုံ့ကာ အိတ်ကပ်ထဲမှ ချက်လက်မှတ်နှစ်စောင်ကို ထုတ်ယူလိုက်သည် 


"ဒီထဲမှာ 166 မီလီယံပါတယ်။ 66 မီလီယံက ရှောင်ဟွိုက်ရဲ့ မဂႅလာလက်ဖွဲ့ဖြစ်ပြီး သာယာချောမွေ့တဲ့ အိမ်ထောင်သည်ဘ၀ကို ဖြတ်သန်းနိုင်ဖို့ ဆုတောင်းပေးထားတာ။ 100မီလီယံကျတော့ အကိုကြီးတစ်ယောက်အနေနဲ့ ငါပေးတဲ့ ဂုဏ်ပြုလက်ဆောင်ပဲ။ မင်းတို့တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ချစ်မြတ်နိုးပြီး အတူတကွ ထာ၀ရပေါင်းသင်းနေနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်"


သူသည် ချက်လက်မှတ်များကို ကမ်းပေးလိုက်ပြီး ကျိယွီရှောင်က လက်ကိုမြှောက်၍ တည်ငြိမ်စွာယူလိုက်၏။ သူ၏မျက်နှာ၌ သေးငယ်သောအပြုံးတစ်ခု ဖြစ်ပေါ်လာလျက် "မင်းက မင်းညီမထက် စကားဘယ်လိုကောင်းအောင် ပြောရမလဲသိတာပဲ။ ဒါဆိုရင် ကျွန်တော်တို့ကလည်း ၀မ်းကွဲတို့ရဲ့ ဆုမွန်ကောင်းအတွက် ကျေးဇူးတင်ပါတယ်"


"ယဥ်ကျေးနေဖို့ မလိုပါဘူး။ ရှောင်ရှောင် ...မင်းက အရင်ကနဲ့မတူတော့ဘူး။ အကိုကြီးတစ်ယောက်အနေနဲ့ ငါမင်းအတွက်စိတ်ပူသင့်တာ သဘာ၀ကျပါတယ်"


ကျိယွီရှောင်၏မျက်လုံးများမှာ ချက်ချင်းအေးစက်လာသည်။


သူသည် ကျိမူအားကြည့်၍ အေးစက်စွာ ပြောလိုက်၏ "လက်ဆောင်ပေးပြီးပြီဆိုမှတော့ မင်းအခုပြန်သင့်ပြီ။ ငါမင်းကို အပြင်လိုက်ပို့ပေးဖို့ စောင့်နေတာလား"


ကျိမူအသံနိမ့်နိမ့်ဖြင့် ဖွဖွလေးရယ်လိုက်၏။ သူ၏လေသံမှာ ဆိုးသွမ်းသောကလေးအား မနိုင်သဖြင့် အကူအညီမဲ့စွာ သက်ပြင်းချနေသလိုပင်။


"မင်းကတော့လေ လက်ထပ်ပြီးတာတောင်မှ ဒီလိုဖြစ်နေတုန်းပဲ။ မင်းအခုဆို ရင့်ကျက်သင့်နေပြီ။တစ်နေ့ကျရင် မင်းရဲ့စကားတွေကြောင့် ခယ်မလေးကို နာကျင်စေခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒါက ကောင်းမှာတော့ မဟုတ်ဘူးနော်"


ကျိယွီရှောင် ထေ့ငေါ့ရယ်မောလိုက်၏။


လင်းလော့ချင်းလည်း အလောတကြီးတုံ့ပြန်လိုက်၏ "ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။သူက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပါတယ်"


ကျိမူသည် ထိုသူအားကြည့်ရန် သူ၏ခေါင်းကို မော့လိုက်၏။ သူသည် နားလည်ပေးတတ်သော အကိုကြီးတစ်ယောက်ဟန်ဆောင်၍ ညင်သာစွာပြောလာခဲ့၏။


"ရှောင်ရှောင်က ကလေးကတည်းက ဒီအတိုင်းပဲ။နည်းနည်းမာနကြီးပြီး စကားပြောကြမ်းတတ်တယ်။ အဲ့ဒါက မင်းအတွက် သူနဲ့အတူနေဖို့ သေချာပေါက်ခက်ခဲစေမှာပဲ။ မင်းစိတ်ထဲမထားဖို့ ငါမျှော်လင့်ပါတယ်"


လင်းလော့ချင်း : "..." ဘာလို့ ဒီလူရဲ့ စကားတွေက ဒီလောက်တောင် လက်ဖက်စိမ်းနံ့သင်းနေရတာလဲ။


"ကျွန်တော်ကတော့ ခက်ခဲတယ်လို့ မထင်ပါဘူး" လင်းလော့ချင်း ပြုံးလိုက်၏ 


"သူက ကျွန်တော့်အပေါ် တကယ်ကောင်းတာကြောင့် စိတ်ထဲထားစရာမရှိပါဘူး"


ကျိမူ ထိုသို့ကြားလျှင် လင်းလော့ချင်းက ကျိယွီရှောင်၏ရှေ့၌ ရိုးသားမှုကိုပြရန် ကြိုးစားနေသည်ဟုသာ တွေးလိုက်၏။

သူသည် ထပ်မံဖိနှိပ်ပြောဆိုခြင်းမပြုတော့ဘဲ "ဒါဆို ကောင်းတာပေါ့"ဟုသာ ပြန်ပြောလိုက်၏။


ထိုစကားအားကြားလျှင် ကျိယွီရှောင်က ညင်သာစွာရယ်မောလိုက်၏။


ကျိမူတစ်ယောက် ထိုလူ သူ့အားရယ်နေသည်ဟု ခံစားလိုက်ရ၏။သူ၏အကြည့်ကို နိမ့်လိုက်လျှင် ကျိယွီရှောင်မှ သူ့အားကြည့်နေခြင်းမရှိဘဲ ကြမ်းပြင်ကိုသာကြည့်နေကြောင်း တွေ့လိုက်ရ၏။ထိုသူသည် သူ့အားအကြည့်တစ်ချက်ပင် မပေးခဲ့ချေ။


ဤသည်မှာ သူ့အား သူ၏မျက်လုံးထဲ၌ မထည့်ထားသကဲ့သို့ပင်။


ကျိမူသည် မကျေမနပ်ခံစားရပြန်သော်လည်း ဤနေရာသည် ကျိယွီရှောင်၏အိမ်နှင့် ပိုင်နက်ဖြစ်နေဆဲပင်။ ထို့ကြောင့် သူ၏နှလုံးသားထဲမှ ဒေါသကိုအလျင်အမြန်ဖိနှိပ်၍ ပျော့ပျောင်းစွာပြောလိုက်၏။


 "ဒါဆို ငါအရင်ပြန်နှင့်မယ်နော်"


"သွားပါ" ကျိယွီရှောင် အမှတ်တမဲ့ပြောလိုက်မိ၏။


ကျိမူလှည့်၍ သေသပ်စွာထွက်သွား၏။


သူကော်ရစ်ဒါအဆုံးသို့ ရောက်ကာနီးမှာပင် အခန်းဘက်သို့ ရေတစ်ခွက်ယူသွားရန်ပြင်နေသော ကျိလဲ့ယွီအားတွေ့လိုက်ရ၏။


ကျိမူ အော်ခေါ်လိုက်၏ "ရှောင်ယွီ"


ကျိလဲ့ယွီက ပြန်ကြည့်လိုက်ပြီး ထိုသူဆီသို့ ရေခွက်ကိုင်လျက် လမ်းလျှောက်လာရင်း "ဦးဦး"ဟု ချစ်စဖွယ်ကောင်းစွာ ပြောလိုက်၏။


ကျိမူပြုံးလိုက်ပြီး ကိုယ်ကိုကိုင်း၍ သူ၏ခေါင်းကို ပွတ်ကာ " သားအခုတလော နေရတာအဆင်ပြေရဲ့လား"


ကျိလဲ့ယွီ ခေါင်းညိတ်လိုက်၏။


" မင်းရဲ့ရှုရှုက မင်းကိုကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေလား"


"ဟင့်အင်း"ကျိလဲ့ယွီပြုံးလိုက်၏။


ကျိမူ မျှော်လင့်ထားသောအဖြေကို မရလိုက်ရာ စိတ်ထဲ၌ အနည်းငယ် ဆုံးရှုံးသွားသလို ခံစားလိုက်ရ၏။


သူ ကျိလဲ့ယွီကိုကြည့်လိုက်ပြီး နူးညံ့သောလေသံဖြင့် ပြောလိုက်၏ "ရှောင်ဟောင်နဲ့ တခြားကလေးတွေက အရင်ရက်တွေမှာ ကစားကွင်းသွားကြတာ။ သားရော သွားချင်လား။ နောက်ရက်နည်းနည်းကြာရင် ဦးဦးကသားကို ကစားကွင်းမှာ ကစားဖို့ခေါ်သွားပေးမယ်၊ ဟုတ်ပြီလား"


ကျိလဲ့ယွီမှ ခေါင်းခါလိုက်၏ "သားအိမ်စာလုပ်ရဦးမှာ"


"ဒါဆိုလည်း သားအိမ်စာပြီးမှ ဦးဦးတို့ သွားကြတာပေါ့"


ကျိလဲ့ယွီက စိတ်ဓာတ်ကျနေဟန်ဖြင့် သက်ပြင်းချလိုက်၏။ "ကျွန်တော် ဘယ်လိုလုပ်ပြီးနိုင်မှာလဲ ၊ ဘာလို့ အိမ်စာတွေက ဒီလောက်များရတာလဲ ၊ လူကြီးတွေဆို အိမ်စာလုပ်စရာမလိုဘူး"


"ဒါဆိုလည်း မလုပ်နဲ့တော့။ ဦးဦးက သားကို ဆရာမနားကူပြောပေးမယ်"


"မဖြစ်ဘူး" ကျိလဲ့ယွီ သူ၏ရေခွက်အားငုံ့ကြည့်လိုက်၏။ "သားအိမ်စာမလုပ်ရင် ကောင်းတဲ့ကလေးမဖြစ်တော့ဘူး။ သားက ကလေးကောင်းလေးဖြစ်ချင်တာ"


ကျိမူက အိမ်စာအတွက်စိုးရိမ်နေသူအားမြင်၍ ကျိလဲ့ယွီလည်း တကယ်တမ်းတော့ ကလေးလေးပဲဟု တွေးလိုက်မိသည်။သူ၏ အကြီးမားဆုံးသောပြဿနာမှာ အိမ်စာပင်ဖြစ်သည်။


"ဒါဆိုလည်း ကောင်းပြီလေ၊ သားကစားချင်တဲ့အချိန်ကျရင် ဦးဦးကို ဖုန်းဆက်လိုက်နော်"


ကျိလဲ့ယွီ ခေါင်းညိတ်လိုက်၏ "ဟုတ်"


ကျိမူ ကလေး၏ပါးကိုပွတ်၍ နှမြောတသစွာပြောလိုက်၏ "သားသာ ဦးဦးရဲ့ကလေးဖြစ်ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ၊ အဲ့ဒါဆို သားသွားချင်တဲ့ အချိန်တိုင်း အပြင်ထွက်ပြီးကစားဖို့ ဦးဦးက ခေါ်သွားပေးနိုင်မှာ"


သူထပ်ပြောလိုက်၏ "ဒါပေမယ့် ယွီရှောင်ရဲ့ အခုပုံစံမျိုးနဲ့ဆို သားကို အပြင်ထွက်ကစားဖို့ ခေါ်သွားပေးချင်တောင်မှ သူကသားနဲ့ ကစားပေးနိုင်မှာ မဟုတ်ဘူး"


ကျိလဲ့ယွီသူ့ကိုကြည့်၍ သာသာလေးရယ်လိုက်သော်လည်း ဘာမှပြန်မပြောပေ။


ကျိမူက သူရှက်သွားသည်ထင်၍ သူ့လက်ကိုလွှတ်လိုက်၏။ သူသည် ကျိလဲ့ယွီ၏ခေါင်းကို ထပ်ပုတ်လိုက်ပြီး "ဒါဆို ဦးဦးသွားတော့မယ်နော် ၊ နောက်ရက်မှထပ်တွေ့ကြတာပေါ့"


"ဟုတ်ကဲ့" ကျိလဲ့ယွီတုံ့ပြန်လိုက်၏။


ကျိမူလည်း လက်ယမ်းနှုတ်ဆက်၍ လှေကားဆီသို့သွားလေ၏။


ကျိလဲ့ယွီသည် တံခါး၀၌ရပ်၍ ထိုသူလှေကားသို့သွားသည်ကို ကြည့်နေ၏။ထိုသူလှေကားမှဆင်းပြီး တံခါးဖွင့်လျက် ထွက်သွားသည်အား စောင့်ကြည့်နေခဲ့သည်။


သူ၏မျက်နှာထက်ရှိ အပြုံးပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်၍ စိတ်ရှုပ်ထွေးမှုသာ ရှိနေ၏။


ဒီလူက ဒီနေရာကို ဘာလုပ်ဖို့လာတာလဲ


သူ ရှုရှုကို ဘာတွေပြောခဲ့တာလဲ


ကျိမူ ရောက်လာကြောင်းကြားသည်နှင့် ကျိယွီရှောင်၏ အခန်းသို့ သွားလိုက်သော်လည်း ထိုအချိန်၌ သူတို့သည် လသာဆောင်၌ စကားပြောနေခဲ့ကြပြီး သူတို့၏စကား၀ိုင်းအား ကျိလဲ့ယွီမကြားခဲ့ရချေ။


ကျိလဲ့ယွီ လက်ထဲမှရေခွက်အား ဆုပ်ကိုင်လိုက်မိရာ ခွက်ထဲမှရေသည် နွေးနေပြီးဖြစ်၏။ သူသည် ကျိမူအား အချိန်အတော်ကြာစောင့်နေခဲ့ခြင်း ဖြစ်ပေသည်။


သူသည် ထိုသူကို 'မင်းသူ့ကို အပြင်ခေါ်သွားပေးချင်တောင်မှ သူနဲ့ကစားပေးနိုင်မှာမဟုတ်ဘူး' ကဲ့သို့ မပြောသင့်သည့် စကားများကို သူ၏ရှုရှုအား မပြောရန် အမှန်တကယ်မျှော်လင့်မိ၏။


ထိုသို့ပြောခဲ့လျှင် သူ၏ရှုရှုက ပျော်ရွှင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူမပျော်လျှင် သူ၏ရှုရှုအား မပျော်ရွှင်အောင် ပြုသူလည်း ကျိန်းသေပေါက် မပျော်ရွှင်စေရပေ။


ကျိလဲ့ယွီက ရေခွက်ကိုကိုင်လျက် သူ၏အခန်းသို့ လှည့်ပြန်သွား၏။


ကျိယွီရှောင် သူ၏လက်ထဲရှိ ချက်လက်မှတ်များကို ဖျတ်ခနဲကြည့်၍ လင်းလော့ချင်းအားပေးလိုက်၏ "မင်းအတွက်"


လင်းလော့ချင်း - “????!!!!”


"ကျွန်တော့်အတွက်လား"


"ဂုဏ်ပြုလက်ဆောင်လိုချင်တဲ့သူက မင်းပဲမဟုတ်ဘူးလား၊ မင်းကဒါကို လိုချင်တယ်ဆိုမှတော့ မင်းပဲရသင့်တာပေါ့"


လင်းလော့ချင်းက shockရသွားပြီး "ကျွန်တော်တောင်းခဲ့တာမှန်ပေမယ့် ကျိမူနဲ့ကျိဟွိုက်တို့ပေးတာက ခင်များကြောင့်လေ။ ဒါ့အပြင် ဂဏန်းက တအားကြီးလွန်းလို့ ကျွန်တော်လက်မခံရဲပါဘူး"


ကျိယွီရှောင်က ဖွဖွလေးရယ်လိုက်တယ်၊ "ဒီလောက်ပမာဏလေးနဲ့ကို မင်းကများတယ်လို့ သတ်မှတ်လိုက်တာလား။ ဒါက 166မီလီယံ တည်းပါ။ စကားနဲ့ပြောဖို့တောင် မတန်ဘူး"


လင်းလော့ချင်း : ...မင်းတို့ လူချမ်းသာတွေက ပိုက်ဆံကိုနွားချီးလို သဘောထားကြတာလား၊ ဒါက 166 မီလီယံတောင်လေ! ပါးစပ်ကပြောဖို့ တောင်မတန်ဘူးလား? ဒီလောက်နံပါတ်က မကြီးဘူးပေါ့လေ?!



လင်းလော့ချင်း သူ၏ဆင်းရဲမွဲတေမှုကို ထပ်မံခံစားလိုက်ရ၏။


ကျိယွီရှောင်က သူ၏အံ့အားသင့်နေသော အမူအရာကိုမြင်ပြီး သူ့အားအနီးသို့ဆွဲ၍ ချက်လက်မှတ်များကို လက်ထဲသို့ ထည့်ပေးလိုက်သည်။


"ယူလိုက်ပါ၊မင်းလိုချင်တာမှန်သမျှက မင်းအပိုင်ပဲ၊ အနာဂတ်ကျရင် မင်းမှာ ပိုက်ဆံအများကြီး ရှိလာဦးမှာပဲ၊ မင်းခင်ပွန်းက ချမ်းသာပြီးတော့ ဒီလိုမုန့်ဖိုးလေးတွေမရှားပါဘူး"


တစ်ကယ်ပဲ ဒီလူက ဆင်းရဲသားလေးကို သက်သာအောင် ကူညီပေးဖို့ လုပ်နေတာလား။


ဒီဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်စွမ်းက ပြောင်မြောက်လွန်းတယ်! 'Belt and Road' ငွေကြေးထောက်ပံ့ရေးစီမံကိန်း လှုပ်ရှားမှုကြီးလား! သူ့အနားကလူတိုင်း ဆင်းရဲတွင်းကလွတ်ပြီး ချမ်းသာလာအောင် မြှင့်တင်ပေးဖို့ ဆုံးဖြတ်ထားတာလား?!


အရမ်းကြီးကျယ်မြင့်မြတ်တာပဲ!


ဥက္ကဌကျိကို အားပေးဂုဏ်ပြုပေးရမယ်


"ဒါဆို ကျွန်တော်ဒီပိုက်ဆံကိုအရင် ယူသိမ်းထားလိုက်မယ်။ ခင်ဗျားလိုတဲ့အချိန်ကျရင် ပြန်ပေးမယ်လေ"လင်းလော့ချင်း တွေး၍ ပြောလိုက်၏။


ကျိယွီရှောင်က ထိုသို့လုပ်ရန်မလ်ိုအပ်ကြောင်း တွေးလိုက်၏။ " မင်းပဲယူထားပြီး ဒီပိုက်ဆံတွေကို သုံးချင်ရင်သုံးလိုက်ပါ။ မင်းမသုံးချင်ရင်လည်း နောက်ပိုင်းသုံးဖို့ စုထားလိုက်" 


ဤသို့ပြောပြီးနောက် သူသည် လင်းလော့ချင်းအား သတိပေးရန်မမေ့ခဲ့ပေ။ " ဒါပေမယ့် ပိုက်ဆံတွေကို အရင်ထုတ်ဖို့ သတိရဦး။ ချက်လက်မှတ်က အတိုးမရဘူး" 


လင်းလော့ချင်း ထိုသူအား လက်ဟန်ပြလိုက်၏ " သိပါပြီ~"


သူက ချက်လက်မှတ်များကို ပျော်ရွှင်စွာယူလိုက်ပြီး မနက်ဖြန်၌ ပိုက်ဆံသွားထုတ်ရန် စီစဥ်ထားသည်။ ဘယ်နည်းဖြင့်မဆို သူ၏လက်ရှိအနုပညာကုမ္ပဏီနှင့် သဘောတူညီမှုစာချုပ်ဖျက်သိမ်း၍ နှုတ်ထွက်ရန်လိုအပ်ပေသည်။


"ကျွန်တော် အကို၀ူနဲ့ ဆွေးနွေးပြီးသွားပြီ။ မနက်ဖြန်နေ့လည်ကျရင် ကျွန်တော့်စာချုပ်ဖျက်ဖို့ ကုမ္ပဏီကို သွားမလို့" 


ကျိယွီရှောင် ခေါင်းညိတ်လိုက်၏ "သွားလေ၊ ကိုယ်မင်းနဲ့ အဖော်လိုက်ပေးဖို့ရော လိုသေးလား" 


"မလိုပါဘူး" လင်းလော့ချင်းသည် ကျိယွီရှောင်အား ဤကိစ္စအတွက်နှင့် မနှောင့်ယှက်ချင်ပေ "ကျွန်တော် အားလုံးကို မြန်မြန်ဖြေရှင်းပြီး ပြန်လာမှာပါ"


"ကောင်းပြီ၊ ဒါဆို မနက်ဖြန်ကျရင် ဖေးဖေးနဲ့ စကားပြောလိုက်ပါဦး။ သဘက်ခါကျရင် ကိုယ်တို့အတူတူ အိမ်ပြန်ကြမယ်"


"အင်း"လင်းလော့ချင်း ပြန်ဖြေလိုက်၏။


ကျိယွီရှောင်၏ အလုပ်ကိစ္စများမှာ မပြီးပြတ်သေးပေ။ ကျိမူအား တွေ့ဆုံပြီးနောက် သူ၏တာ၀န်ကို ထပ်မံလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေ၏။


လင်းလော့ချင်းလည်း ကလေးနှစ်ယောက်အား သွားရှာ၍ ခြံ၀န်းအနောက်ဘက်၌ ကစားကွင်းဆောက်ပေးစေချင်လားဟု မေးလိုက်သည်။


ကျိလဲ့ယွီသည် ကစားနည်းများနှင့်ပတ်သက်၍ စိတ်၀င်စားမှုသိပ်မရှိပေ။ သူအရင်က စိတ်၀င်စားပုံပေါ်သော်လည်း နောက်ထပ်မရှိတော့ချေ။


ကားမတော်တဆမှု မဖြစ်ခင်ကတည်းက အခြားကလေးများနှင့် သူ၏ကွာခြားချက်ကို ခံစားမိခဲ့သည်။သူသည် ထိုကလေးများကဲ့သို့ မရိုးစင်းသလို မရင့်ကျက်သေးသည်မှာလည်း အတိအကျကို မဟုတ်ပေ။


သူကား သူ့ကိုယ်သူဟန်ဆောင်ထားသကဲ့သို့ အခြားသူများအပေါ် မကြင်နာတတ်ပေ။ သူက လူကြီးသူမများအား ချစ်စဖွယ်အပြုံးလေးဖြင့် နာခံမှုရှိစွာ ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိမ့်မည်ဖြစ်သော်လည်း သူ၏စိတ်ထဲ၌မူ ထိုသူတို့သည် ကလေးဆန်မိုက်မဲပြီး စိတ်ရှုပ်စရာကောင်းနေပေ၏။


သူသည် လူအများအပေါ် သူ၏နှလုံးသားထဲမှ အထင်သေးမှုဖြင့် ကြည့်ရှုခဲ့၏။၀တ်ကျေတန်းကျေစကားအချို့ကို စိတ်ရှည်စွာ ပြန်ပြောတတ်သော်လည်း သူ၏သည်းခံနိုင်စွမ်း ကုန်ဆုံးချိန်တွင်မူ ထိုသူတို့၏စကားအား မကြားဟန်ဆောင်လိမ့်မည်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူသည် ထိုအချိန်၌ အခြားကလေးများနှင့် ကွာခြားနေပုံပေါ်လိမ့်မည် မဟုတ်ပေ။


သူက ကစားပြီး ပြဿနာရှာရသည်ကိုကြိုက်၏။ သူ၏မိဘများကို သဘောကျပြီး သူ့အားချစ်သော သူ၏ရှုရှု ကျိယွီရှောင်ကိုလည်း သဘောကျ၏။


ထို့ကြောင့်လည်း လူ့အသိုင်းအ၀ိုင်းကြားရှိ ကလေးများ၏ ပုံစံအတိုင်း ပြုမူခဲ့၏။မည်သည့်အရာကို တွေးနေစေကာမူ သူ၏အကောင်းဆုံးဘက်ခြမ်းကိုသာ ဖော်ပြ၍ အမူအကျင့်ကောင်းပြီး ချစ်စရာကောင်းသော၊စိတ်ချရပြီး အန္တရာယ်မပြုတတ်သော လူတိုင်းချစ်သည့် ကလေးပင်ဖြစ်ခဲ့သည်။


ဤသည်မှာ မတော်တဆမှုက သူ၏မိဘများကို ဆုံရှုံးစေပြီး သူ၏ရှုရှုအား သူနှင့်အတူ နောက်ထပ်ကစားခွင့်မရတော့စေသည့် အချိန်မတိုင်သေးခင်အထိပင်။


ကျိလဲ့ယွီသည် ကျိယွီရှောင်သူ့အား ကာကွယ်ဖို့ကြိုးစားရင်း ဒဏ်ရာရခဲ့သည်ကို ကျိန်းသေပေါက်သိပြီး သူ၏နှလုံးသားထဲ၌ ၀မ်းနည်းနာကျင်မှု၊ စိတ်သောကရောက်မှုနှင့် အပြစ်ရှိမှုတို့ကို ခံစားခဲ့ရ၏။


အကယ်၍ သူသာတတ်နိုင်ခဲ့လျှင် ကျိယွီရှောင်၏ခြေထောက်များအား

သူ၏ခြေထောက်များနှင့် အစားထိုးရန် ဆန္ဒရှိပါသော်လည်း သူမတတ်နိုင်ခဲ့ချေ။

ထို့ကြောင့် သူ၏အလုံးစုံအာရုံစိုက်မှုကို ကျိယွီရှောင်အား ပေးအပ်ထားရန်သာ တတ်နိုင်ခဲ့ပေသည်။


ဤမတော်တဆမှုကြောင့် သူ၏နှလုံးသားထဲရှိ လှောင်အိမ်၌ အိပ်ပျော်နေခဲ့သော သားရဲကြီးအတွက် တံခါးပွင့်သွားခဲ့ပြီးဖြစ်သည်။


(TL: Belt and Road Initiative , နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးဆက်နွယ်မှု တိုးတက်စေရန် ရည်ရွယ်သော လမ်း၊တံတားအစရှိသည့် လမ်းပန်းဆက်သွယ် ဆောက်လုပ်ရေးစီမံကိန်း၊ ၂၀၁၃ခုနှစ်တွင် တရုတ်အစိုးရမှ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး ငွေကြေးဆိုင်ရာအခက်အခဲ ပြေလည်စေရေးအတွက် စတင်ဆောင်ရွက်ခဲ့သော စီမံကိန်းလှုပ်ရှားမှု)



စာရေးသူမှာ ပြောစရာရှိပါတယ်:

ရှောင်ယွီ့ဘ၀ရဲ့ အလှည့်အပြောင်းက ကားမတော်တဆမှုနဲ့ ကျိယွီရှောင်ရဲ့ ခြေထောက်တွေပါ။

ကားမတော်တဆမှုမဖြစ်ခင်က ရှောင်ယွီက 'ကောင်းကင်ဘုံ'မှာ နေခဲ့ရတာပါ။သူက နှလုံးသားမည်းနက်ပြီး မတူညီမှုတွေကို ခံစားနိုင်ပေမယ့် သူ့မိဘတွေနဲ့ ကျိယွီရှောင်အတွက် ဟန်ဆောင်ဖို့ ဆန္ဒရှိနေတုန်းပဲ။ အဲ့တာကြောင့် လူတိုင်းက သူ့ကိုဖြူစင်ပြီး စေးကပ်တဲ့ဆန်မုန့်လုံးလေးလို့ ထင်ခဲ့ကြတာပဲ။


ကားမတော်တဆမှုနောက်ပိုင်းမှာ ကျိယွီရှောင်က အသက်ရှင်နေသေးတာကြောင့် ရှောင်ယွီက 'လူသားလောက'မှာ နေခဲ့ရတာပဲ။ သူနာကျင်၀မ်းနည်းခဲ့ရတာမို့ ကျိယွီရှောင်ကို ပိုပြီးတော့တောင် မြတ်နိုးတန်ဖိုးထားတယ်။ သူက အရင်တုန်းကလို အပြည့်အ၀ ဟန်မဆောင်တော့ပေမဲ့ ကျိယွီရှောင် ရှိတော့ ကျိယွီရှောင်က သူ့ကို ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ကလေးလေးအဖြစ် မြင်ဖို့ လိုအပ်တာကို ခံစားမိနေတယ်။ ဒါကြောင့် သူ့မှာ အောက်ခြေစည်းလေး ရှိနေပါသေးတယ်။


အခုလက်ရှိရှောင်ယွီက 'လူ့လောက'က ရှောင်ယွီပါ။


ပြဇာတ်ငယ်လေး :


ဥက္ကဌကျိ : ဒီနေ့ ငါ့မိန်းမလေးကို မုန့်ဖိုးရအောင် ကူညီပေးခဲ့တယ် ^_^


ဥက္ကဌကျိမှ သူ၏ဇနီးအား ကိုယ်ပိုင်၀င်ငွေရအောင် နေ့တိုင်းကူညီနေ၏။


လော့ချင်း : ဒါက တကယ့်ကို များလွန်းတယ်!