Chapter 39
ကျိလဲ့ယွီသည် သူနှင့်တွေ့သူတိုင်းအား အန္တရာယ်မပြုနိုင်သော အရိုးသားဆုံး အဖြူစင်ဆုံးပုံစံဖြင့် ရင်ဆိုင်နေပါသော်ငြား ကျိယွီရှောင်အား ထိခိုက်နာကျင်စေရန် သို့မဟုတ် ၀မ်းနည်းသောကရောက်စေရန် မည်သူ့ကိုမျှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
သူသည် မိဘများအားဆုံးရှုံးခဲ့ပြီးဖြစ်၍ ကျိယွီရှောင်ကို အဆုံးရှုံးမခံနိုင်ချေ။ ထို့ကြောင့် ကျိယွီရှောင်အား ဒုက္ခပေးသူမှန်သမျှ ကျိလဲ့ယွီမှ ထိုသူတို့အား သက်သောင့်သက်သာနေခွင့် ပြုမည်မဟုတ်ပေ။
မည်သူပင်ဖြစ်နေပါစေ ကျိယွီရှောင်အား နာကျင်စေသူတိုင်းကို သူက ပြန်လည်နာကျင်စေလိမ့်မည်ဖြစ်၏။
ယခုအချိန်၌ သူမလုပ်ဆောင်နိုင်ခဲ့လျှင်ပင် သူအရွယ်ရောက်ချိန် မတိုင်မီအထိ စောင့်နေပေလိမ့်မည်။ သူအရွယ်ရောက်ပြီး လုပ်ကိုင်နိုင်စွမ်းရှိလာသည့်အချိန်၌ သူ၏လက်စားချေမှုအား စတင်မည်ဖြစ်၏။
ကျိလဲ့ယွီသည် အမြဲတမ်းလိုပင် ကစားရန်စိတ်၀င်စားမှုမရှိဘဲ ကျိယွီရှောင်အား ကာကွယ်ပေးရန်သာ လိုလား၏။ သူသည် ကျိယွီရှောင်အနားလာသူတိုင်းအား အာရုံစိုက်ပြီး စကားတိုင်းကို တတ်နိုင်သမျှ နားထောင်နေမည်ဖြစ်သည်။
သူ့အတွက်အိမ်မှာ ကစားကွင်းရှိရန် မလိုအပ်ပေ။ သူ၏uncleက သူနှင့်အတူ ထပ်မံကစားပေးနိုင်မည် မဟုတ်သဖြင့် သူသည်လည်း ဤကလေးကစားနည်းများကို ထပ်ဆော့နေရန် မလိုအပ်တော့ချေ။
"ဘာပဲဖြစ်ဖြစ် သား စိတ်မ၀င်စားဘူး" သူလင်းလော့ချင်းအား ကြည့်လိုက်ပြီး သူ၏လေသံကမူ နူးညံ့စေးကပ်နေ၏ " သားက အဲ့ဒါတွေနဲ့ မကစားဘူးရယ်"
လင်းလော့ချင်းက အံံ့သြသွား၏ "ရှောင်ယွီ, သားက လျှောတွေ၊ ဒန်းတွေ နဲ့ trampoline တွေလိုမျိုး ကစားစရာလေးတွေကို မကြိုက်ဘူးလား"
ကျိလဲ့ယွီမှ သူ၏ခေါင်းကိုခါလိုက်ရင်း မျက်နှာ၌မူ ရိုးသားဖြူစင်မှုများ ရှိနေ၏။
လင်းလော့ချင်းက သူ၏ စိတ်မ၀င်စားသော အမူအရာအားကြည့်၍ ထိုအကြောင်းကို သေသေချာချာ တွေးလိုက်၏။ ဟုတ်သားပဲ။ ဘယ်ဗီလိန်က ဒီလိုကစားစရာတွေကို ကြိုက်လို့လဲ ? ပြောရရင် ဒါကြီးက မမိုက်ဘူးလေ။ ပြီးတော့ ဗီလိန်တစ်ယောက်ရဲ့ ဇာတ်ကောင်စရိုက်နဲ့လည်း မကိုက်ညီနေဘူး။
သူထိုသို့ တွေးလိုက်ပြီးသော် လင်းဖေးလည်း သေချာပေါက်ကြိုက်မည်မဟုတ်ဟု ခံစားလိုက်ရ၏။
နောက်ဆုံးတော့လည်း သူကအနာဂတ်က သွေးအေးတဲ့ငရဲဘုရင်လောင်းပဲလေ!
ဘယ်လိုငရဲဘုရင်ကများ ဒီလိုအရာတွေကို ကြိုက်မှာတဲ့လဲ ?!
သေချာပေါက်ပါပဲ ၊ လင်းလော့ချင်း ထိုအကြောင်းကို လင်းဖေးအား ပြောပြချိန်တွင် သူ၏မျက်လုံးများထဲ၌ လှုပ်ခတ်မှုအနည်းငယ်ပင် မရှိချေ။ သူ၏အမူအရာမှာ တည်ငြိမ်နေပြီး ကစားကွင်းအား အိမ်၌မဟုတ်ဘဲ သူနှင့်မသက်ဆိုင်သည့် နိုင်ငံခြား၌ ဆောက်လုပ်နေသလိုပင်။
"ကျွန်တော် စိတ်မ၀င်စားဘူး။ ရှောင်ယွီလိုချင်လားပဲ သွားမေးကြည့်လိုက်ပါ"
"သူပြောတာတော့ သူကအဲ့ဒါတွေနဲ့ မကစားလို့ စိတ်မ၀င်စားဘူးတဲ့"
"ကျွန်တော်လည်း မကစားဘူး" လင်းဖေးပြောလိုက်၏။
လင်းလော့ချင်းက စာရေးခုံပေါ်ရှိ စာအုပ်ပုံကို ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။ သိသာထင်ရှားစွာပင် လင်းဖေးက လှည့်ပတ်ကစားနေရခြင်းထက် စာအုပ်ဖတ်ရသည်ကို ပို၍နှစ်သက်နေပေသည်။ ကစားကွင်းအစား စာဖတ်ခန်းကိုရလျှင် သူကျိန်းသေပျော်ရွှင်လိမ့်မည် ဖြစ်၏။
"ဒါဆို ရှုရှုနောက်နေ့ကျရင် မင်းရဲ့ရှုရှုကျိနဲ့ မင်းသူ့ရဲ့ စာဖတ်ခန်းထဲကို စာ၀င်ဖတ်လို့ရလား ပြောကြည့်မယ်။ သူက အဲ့ဒီမှာ စာအုပ်အများကြီးထားထားတာ။ ဒါပေမယ့် သားကငယ်သေးတော့ အဲ့စာအုပ်တွေကို နားလည်ဦးမှာမဟုတ်ဘူး"
လင်းဖေးက ထိုကိစ္စကိုအမှန်တကယ် ပိုစိတ်၀င်စားပေ၏။ "ဒါဆို ကျွန်တော်ဘယ်အရွယ်လောက်ကျရင် အဲ့ဒီစာအုပ်တွေကိုနားလည်လာမှာလဲ။ ကျွန်တော် တစ်ချက်လောက် သွားကြည့်လို့ရမလား"
"ရှုရှု သူ့ကိုသွားမေးပေးမယ်" လင်းလော့ချင်းအပြုံးလေးနှင့် ပြောလိုက်၏
"တကယ်လို့ မရဘူးဆိုရင်လည်း ရှုရှုက မင်းအတွက် ကိုယ်ပိုင်စာကြည့်ခန်းလေး လုပ်ပေးမယ်"
လင်းဖေးက သူထိုသို့ပြောလာလိမ့်မည်ဟု မထင်ထားဘဲ တစ်ခဏမျှ ကြက်သေသေနေခဲ့၏။
သူသည် လင်းလော့ချင်းအားကြည့်၍ ဖြည်းညင်းစွာ မျက်တောင်ခတ်လိုက်၏။ ထိုသူသည် အခုတလော၌ သူ့အပေါ် အရမ်းကောင်းပေးလာသည်ဟု တွေးလိုက်မိ၏။
လင်းလော့ချင်းသည် သူ့အား လက်ဆောင်နှင့် ပန်းအိုးများ ၀ယ်ပေး၏။ ထိုသူသည် သူ့အား သဘောအကျဆုံးဟုပြောပြီး ယခု သူ့အတွက် စာကြည့်ခန်းတောင် ပြင်ပေးဦးမည်။
သူဘယ်လိုလုပ် ရုတ်တရက်ကြီး သူ့အပေါ် အရမ်းကောင်းလာရတာလဲ?
ဤသို့ လင်းဖေးသံသယ၀င်သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့သော်လည်း ထိုအကြောင်းအားမေးရန် ဆန္ဒပြင်းပြမိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပေ၏။
လူတွေက တစ်စုံတစ်ရာအား ဂရုမစိုက်ချိန်၌ ၎င်း၏နောက်ကွယ်ရှိ အကြောင်းအရင်းနှင့် ရည်ရွယ်ချက်များကို ရှာဖွေလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူတို့စိတ်၀င်စားချိန်၌မူ အဘယ်ကြောင့်လဲဟု သဘာ၀အားဖြင့် သိချင်ကြပေလိမ့်မည်။
လင်းဖေးက သူစိတ်မ၀င်စားဘူးဟု ထင်ခဲ့၏။ ယခင်က သူသည်ကိစ္စအများအပြား၌ တကယ်စိတ်မ၀င်စားခဲ့ပေ။ ဤသည်က ကောင်းသည်ဟုသာ သူထင်၏။ သူတိတ်ဆိတ်စွာစာဖတ်ရင်းဖြင့် အေးအေးဆေးဆေး ကြီးပြင်းလာရခြင်းက ကောင်းတာပဲဖြစ်သည်။
ယခုအချိန်၌ သူသည် ဘာကြောင့်လဲသိချင်ပြီး စိတ်၀င်စားလာ၏။
သူသည် လင်းလော့ချင်းနှင့်ပတ်သက်၍ စတင်ဂရုစိုက်လာမိ၏။
လင်းဖေး သူ၏ခေါင်းကို ငုံ့၍ မည်သည်ကိုမျှ မပြောခဲ့ပေ။သူ၏ လက်ရှိစိတ်အခြေအနေမှာ သူ့အားလွှမ်းမိုးသွားပြီး စိတ်ရှုပ်ထွေးနေစေသည်။
တစ်ကယ်တမ်းပြောရလျှင် သူသည် လင်းလော့ချင်းအကြောင်း ဂရုမစိုက်ချင်ခဲ့ပေ။ ယခင်က ထိုသူသည် သူ့အပေါ် ကြမ်းတမ်းစွာ ဆက်ဆံခဲ့သည်လေ။
သို့သော်လည်း ယခုလင်းလော့ချင်းသည် သူ့အား ကိုင်လှုပ်နိုင်ခဲ့ပေသည်။ သူသည် လင်းလော့ချင်း၏ သူ့အပေါ် လက်ရှိသဘောထားကို နှစ်သက်၏။ ဤရက်ပိုင်းအတွင်း သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမျိုးကိုလည်း နှစ်သက်၏။ ဒါကပဲ သူစတင်စိတ်၀င်စားလာရတဲ့ အကြောင်းအရင်းလား။
သူသည် လင်းလော့ချင်းအား တစ်နေ့ကျလျှင် သူ၏မူလပုံစံသို့ ပြန်ပြောင်းသွားမည်ကို မလိုချင်ပေ။
လင်းလော့ချင်းသည် လင်းဖေးမှ သူ၏ခေါင်းအား ငုံ့ထားပြန်သည်ကိုမြင်၍ သံသယဖြစ်စွာ မေးလိုက်၏ "ဘာပြဿနာရှိလို့လဲ ၊ မင်းစာကြည့်ခန်းလိုချင်တာ မဟုတ်ဘူးလား"
လင်းဖေး သူ၏ခေါင်းကိုခါလိုက်ပြီး သံသယများအား အချိန်တစ်ခုလောက် ဘေးသို့ပို့လိုက်၏။ သူမေးလိုက်သည် "ရှုရှုကျိက ခွင့်ပြုပါ့မလား"
"အင်း သူကမင်းကို အရမ်းသဘောကျတယ်လေ။ ဒီကိစ္စကို သူကျိန်းသေပေါက် ခွင့်ပြုပေးမှာပါ"
သူက လင်းဖေး၏ခေါင်းအား ပွတ်လိုက်၏။ " ရှုရှုတို့နှစ်ယောက်လုံးက သားကိုအရမ်းသဘောကျတယ်နော်"
လင်းဖေးက မည်သည်ကိုမျှ မပြောပေ။ သူ၏မျက်လုံးများအား ရှည်လျားသည့် မျက်တောင်မွှေးများ အရိပ်ကျနေသည်မှာ တိတ်ဆိတ်အေးချမ်းပုံပေါ်နေ၏
လင်းလော့ချင်း ကလေးငယ်အားကြည့်ရန် ခေါင်းနှိမ့်လိုက်၏။ "သန်ဘက်ခါကျရင် မင်းရဲ့ရှုရှုကျိက အိမ်(အိမ်မကြီး)ကို ပြန်သွားရမယ်။ မင်းရယ် ရှောင်ယွီရယ် ရှုရှုရယ်က သူနဲ့အတူ အဖော်လိုက်ပြန်ရမှာ၊ အဆင်ပြေလား"
"အိမ်ပြန်မယ်?"
"သူ့အဖေရဲ့အိမ်ကို ပြန်ရမှာ" လင်းလော့ချင်း ကအနားကပ်လာ၏။ "သူ့အဖေနဲ့ တခြားမိသားစု၀င်တွေက မင်းရဲ့ရှုရှုကျိနဲ့ ပြဿနာနည်းနည်းဖြစ်ထားတယ်။ သားသိတဲ့အတိုင်း ရှုရှုကျိရဲ့ခြေထောက်တွေက ဒဏ်ရာရထားပြီး အဲ့တာကြောင့်ပဲ တချို့လူတွေက သူ့ကိုအထင်သေးကြတယ်။ အဲ့ဒီကို ရောက်တဲ့အချိန်ကျရင် သူတို့က စိတ်မချမ်းသာစရာတွေပြောလာနိုင်တယ်။ မင်းက အာရုံစိုက်စရာမလိုဘူး "
သူသည် လင်းဖေးအား ကြည့်လိုက်၏ "မင်းက ကလေးပဲရှိသေးတော့ သူတို့ကမင်းအကြောင်း ပြောမှာမဟုတ်ဘူး။ သူတို့က ရှုရှုအကြောင်းကိုပဲ ပိုပြောကြလိမ့်မယ်။ သူတို့က ရှုရှုကို ငွေကြေး၊ အင်အား၊ နောက်ခံ ဘာမှမရှိတဲ့ လူမသိသူမသိ ကြယ်ပွင့်သရုပ်ဆောင်လို့ ပြောလိမ့်မယ်။ ရှုရှုက ရှုရှုကျိနဲ့မတန်ဘူးတို့ ရှုရှုကျိနဲ့ အတူနေဖို့မလိုက်ဖက်ဘူး ဆိုတာမျိုးတွေပေါ့။ အဲ့ဒါတွေကို စိတ်ထဲမထားနဲ့။ ဒီကမ္ဘာကြီးမှာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိရမှာကို လူတိုင်းသိကြတာမဟုတ်ဘူး။ သူတို့နားမလည်တာက သူတို့ရဲ့ပြဿနာလေ။ သူတို့ကျောင်းတက်တုန်းက သေသေချာချာမသင်ယူခဲ့လို့ပဲ။ သူတို့ သေချာမသင်ခဲ့တာနဲ့ပဲ ရှုရှုတို့က ကိုယ့်ကိုယ်ကိုမပျော်မရွှင်ဖြစ်ပြီး အချိန်ဖြုန်းဖို့ မလိုအပ်ဘူး"
"ရှုရှုက သူတို့ပြောတာ ဂရုမစိုက်သလို ရှုရှုကျိရော တူတူပဲ။ အဲ့ဒါကြောင့် သူတို့ကို အာရုံမစိုက်နဲ့။ လူကြီးတွေပြောတိုင်း မမှန်ဘူးလို့ ရှုရှုမင်းကို အရင်က မပြောခဲ့ဘူးလား။ လူကြီးတွေလည်း မှားတတ်ပြီး သင်ယူတာလည်း ညံ့တတ်သေးတယ်။ ဒါကြောင့်မလို့ဘဲ လူကြီးတွေနားမလည်နိုင်တာကို တချို့ကလေးတွေက ကောင်းကောင်းနားလည်ကြတာပေါ့။ ဒီလို လူကြီးတွေနဲ့တွေ့ရင် မင်းသူတို့ကို ဘာမှ အာရုံစိုက်စရာမလိုဘူး"
လင်းဖေး ခေါင်းညိတ်လိုက်၏ "ဟုတ်ကဲ့"
"တော်လိုက်တာ" လင်းလော့ချင်းမှ သူ၏ခေါင်းအားပွတ်လိုက်သည်။
လင်းဖေး ထိုသူအား မငြင်းသော်လည်း သူ၏မျက်လုံးများ၌ ၃၀% ကူကယ်ရာမဲ့မှု၊ ၃၀%တည်ငြိမ်မှုနှင့် ၄၀%အလိုလိုက်မှုများ ရှိနေပေ၏။
သူသည် လင်းလော့ချင်းမှ သူ၏ခေါင်းကိုပွတ်နေခြင်းအား တခဏမျှ ခွင့်ပြုပေးခဲ့၏။ လင်းလော့ချင်းထွက်သွားသည်နှင့် စားပွဲပေါ်ရှိစာအုပ်များကို ဆက်ဖတ်နေလိုက်၏။
'ငါ့မှာလည်း စာကြည့်ခန်းရှိလာတော့မှာလား' လင်းဖေး တွေးလိုက်၏။
လင်းလော့ချင်းက သူ့ကိုတကယ် စာကြည့်ခန်းလုပ်ပေးမှာလား။
လင်းဖေးက မသေချာသော်လည်း လင်းလော့ချင်းက ပြောသည့်အတိုင်း လုပ်လိမ့်မည်ဟု မရေမရာမျှော်လင့်မိ၏။
သူတကယ်လုပ်ပေးခဲ့လျှင် လင်းဖေးမှ ယခင်ကဖြစ်ခဲ့သည်များအတွက် ထိုသူအား ထပ်မံအပြစ်မတင်တော့ချေ။ လင်းဖေးလျှို့၀ှက်စွာ တွေးလိုက်၏ "လူကြီးတွေက မှားတတ်တယ်။ လင်းလော့ချင်းလည်း လူကြီးမလို့ သူလည်းမှားတတ်တာပဲ"
သူသည် လင်းလော့ချင်းပြုခဲ့ဖူးသည့် ယခင်ကအမှားများအား တစ်ချိန်လုံး သတိရမနေသင့်ပေ။ လင်းလော့ချင်းက ပြောင်းလဲပြီး ပိုကောင်းလာသောကြောင့် လင်းဖေးသည်လည်း ထိုသူအား ခွင့်လွှတ်တတ်ရန် သင်ယူရပေမည်။
လင်းဖေး သူ၏ခေါင်းကို စားပွဲပေါ်သို့ လှဲချ၍ တိုက်လိုက်၏။ထို့နောက် ပြန်ထထိုင်လိုက်ပြီး စားပွဲပေါ်ရှိ စာအုပ်အားထပ်ဖတ်လေ၏။
....
ကျိယွီရှောင်သည် လင်းလော့ချင်းထံမှ စာကြည့်ခန်းကိစ္စကြားလျှင် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်၏ "သေချာပေါက်ကို ရတာပေါ့။ ဒါက သူ့အိမ်ဖြစ်ပြီး သူဘယ်နေရာကိုပဲ သွားချင်ပါစေ ပြဿနာမရှိပါဘူး။ စာကြည့်ခန်းလည်း အတူတူပါပဲ"
" ပြီးတော့ ကျွန်တော်သူ့အတွက် စာကြည့်ခန်းလည်း ပြင်ပေးချင်တယ်"
လင်းလော့ချင်း ထိုအကြောင်းကို တွေးလိုက်၏ "သူက အခုငယ်သေးပြီး ပုံပြင်စာအုပ်တို့၊ အီစွတ်ပုံပြင်တို့၊ ဒဏ္ဍာရီပုံပြင်တို့ နာမည်ကြီး ကလေးဘာသာပြန်စာအုပ်တို့ကိုဖတ်တာ။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင် သူကကြီးလာပြီး လူကြိုက်များတဲ့ ၀တ္ထုတွေ၊ မဂ္ဂဇင်းတွေကို ကျိန်းသေပေါက် ဖတ်ချင်လာမှာပဲ။ ငါထင်တာတော့ သူက မင်းရဲ့စာကြည့်ခန်းထဲမှာ ဒါတွေကိုထားဖို့ တော်တော်ရှက်နေလိမ့်မယ်။ ဒါကြောင့်လည်း သူ့အတွက် စာကြည့်ခန်းတစ်ခု ပြင်ပေးချင်နေတာ။ ဒီလိုဆိုရင် သူ့မှာ ကိုယ်ပိုင်စာကြည့်ခန်းတစ်ခုရှိလာပြီး သူထားချင်တဲ့စာအုပ်ကို စိတ်တိုင်းကျ ထားလို့ရပြီ"
ကျိယွီရှောင်၌ ငြင်းစရာမရှိပေ။"ကောင်းပြီ၊ မင်း သူဘယ်အခန်းကြိုက်လဲမေးပြီးရင် ငါတို့သူ့အတွက် စာကြည့်ခန်းလုပ်ပေးကြမယ်"
"ဒါဆို ရှောင်ယွီအတွက်လည်း တစ်ခန်းလုပ်ပေးကြတာပေါ့" လင်းလော့ချင်း ထပ်ပြောလိုက်၏။
ကျိယွီရှောင် ထိုစကားအားကြားလျှင် ရယ်လိုက်၏။ "ဒါဆိုရင်တော့ မင်းကသူ့ကို အမြင့်ကြီးတွေးထားတာပဲ။ ရှောင်ယွီက စာဖတ်ရတာမကြိုက်ဘဲ အိမ်စာရေးရင်လည်း အချိန်ဆွဲတတ်တယ်။ သူက ငါ့အစ်ကိုနဲ့ လုံး၀မတူတာ"
"ဒါဆိုသူက မင်းရဲ့မရီးနဲ့ တူတာပဲဖြစ်မယ်" လင်းလော့ချင်း ပြောလိုက်၏။
ကျိယွီရှောင် ခေါင်းခါလိုက်၏ "သူက ငါနဲ့တူတာ"
သူက ထပ်ပြောလိုက်သည် "ငါ့အစ်ကိုနဲ့ မရီးတို့ နှစ်ယောက်လုံးက စာသင်ရတာကြိုက်ခဲ့ပေမဲ့ ငါကတော့မဟုတ်ဘူး။ ငါကလေးတုန်းကဆို အတန်းတက်ရတာ မုန်းခဲ့တာ။ ဒီလိုဆက်စပ်ကြည့်ရင် သူကငါနဲ့တူတယ်"
"ဒါက ကောင်းတာပဲ" လင်းလော့ချင်းပြုံးလိုက်၏။
ကျိယွီရှောင်လည်း ပြုံးလိုက်၏။ သူ့အားကြည့်ရသည်မှာ လှပသောတစ်စုံတစ်ရာအား တွေးနေပုံပေါ်ပြီး အမူအရာမှာ အလွန်သိမ်မွေ့နေခဲ့၏။
ဤသည်မှာ ထိုသူ၏အသားအရေဖြူဖျော့လာချိန် အထိသာ။ သူသည် သူ၏wheelchairအားတွန်း၍ စာကြည့်ခန်းအပြင်သို့ ထွက်သွားလေ၏။
လင်းလော့ချင်းလည်း ထိုသူနောက်အမြန်လိုက်၍ အခန်းသို့ ပြန်တွန်းသွား၏။
"ငါရေချိုးတော့မယ်" ကျိယွီရှောင် ပြောလိုက်၏။
"အင်း" လင်းလော့ချင်း ခေါင်းညိတ်လိုက်၏။
သူသည် ကျိယွီရှောင် ရေချိုးခန်း၀င်သွားသည်ကို ကြည့်လိုက်၏။ သူဖုန်းကိုင်လိုက်၍ ဖိုရမ်ပေါ်ရှိစာများကို ခဏဖတ်နေလိုက်သည်။ ရုတ်တရက် လင်းလော့ချင်း တစ်စုံတစ်ခုအား သတိရသွားပြီး ထထိုင်လိုက်၏။ မနေ့မနက်က ကျိယွီရှောင်သည် သူ့အား ဒီနေ့ည၌ သူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည်ဟု ပြောခဲ့သည်မဟုတ်လား။
ဤသို့ဆိုလျှင် ကျိယွီရှောင်ဘက်မှ သူ၏ဆန္ဒပြည့်၀စေရန် အဘယ်ကဲ့သို့ စီစဥ်မည်ဖြစ်ကြောင်းကို မြင်ချင်သေး၏။
လင်းလော့ချင်း သူ၏ ညအိပ်၀တ်စုံကို ထုတ်၍ ဘေးကဧည့်သည်ခန်းဆီသို့ ရေချိုးရန်သွားလိုက်၏။ ကျိယွီရှောင်ထွက်မလာခင်၌ သူသည် သူတို့၏အိပ်ခန်းဆီပြန်လာ၍ အိပ်ရာပေါ်ထိုင်ပြီး ဆံပင်စတင်သုတ်လေသည်။
ကျိယွီရှောင်သည် သူ၏ညအိပ်၀တ်စုံကို လဲ၀တ်လိုက်ပြီး ရေချိုးခန်းမှ ထွက်လာခဲ့၏။ သူသည် ယခုလေးတင်မှ ရေချိုးပြီးပုံပေါ်သော လင်းလော့ချင်းကို တွေ့လိုက်၏။ လင်းလော့ချင်းသည် အဖြူရောင်ညအိပ်၀တ်စုံကို ၀တ်ထားပြီး ဆံပင်သုတ်နေ၏။ထို့နောက် လင်းလော့ချင်းသည် ခေါင်းကိုစောင်း၍ သူ့အားစိုက်ကြည့်လာ၏။
ထိုသူ၏အပြုံးသည် မှိန်ဖျော့ဖျော့အလင်းရောင်အောက်၌ တောက်ပနေပြီး သူ၏မကောင်းသော ရည်ရွယ်ချက်များကို မျက်နှာပေါ်၌ မရေးထားရုံတမယ်ပင်။
"မင်း ... ဒါကဘာအမူအရာလဲ" ကျိယွီရှောင် သံသယဖြစ်လာ၏။
လင်းလော့ချင်း မျက်တောင်ခတ်လိုက်၏။ သူ၏အသံမှာ ပျော့ပြောင်းပြီး မရေမရာဖြစ်နေ၏ "အချစ်ရေ၊ ကျွန်တော် အခုလေးတင်ပဲ ရေချိုးပြီးသွားပြီ"
"အဲ့ဒီတော့ ....?"
"အဲ့ဒီတော့ ကျွန်တော်တို့ အချိန်မဖြုန်းသင့်ဘူးလေ။ ခင်ဗျားအခုချက်ချင်းပဲ ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးရမယ်"
လင်းလော့ချင်းမှ သူ့အားမျက်တောင်ခတ်ပြ၍ "မနေ့မနက်က ခင်ဗျားပြောတဲ့အတိုင်းလေ"
ကျိယွီရှောင်: ..... မင်းက *မြစ်၀ါမြစ်ကို မတွေ့မချင်း လက်မလျှော့ဘူး ပေါ့လေ
(နောက်ဆုံးအခိုက်အတန့် မတိုင်မီအထိ အရှုံးမပေးဟု ဆိုလိုသည်)
ငါနဲ့အိပ်ဖို့ ဒီလောက်တောင် မစောင့်နိုင်တော့ဘူးလား?
တကယ်ကြီး ငါ့ကို ၁၅နှစ်လုံး ကြိုက်လာတာလား?
ငါ့ကို အဲ့လောက်တောင် ချစ်တယ်ပေါ့!
ကျိယွီရှောင် ရယ်၍ "ကောင်းပြီလေ၊ မင်းစိတ်ထဲဒီကိစ္စပဲ ရှိနေမှတော့ ငါကလည်း သဘာ၀ကျကျပဲ မင်းကိုကျေနပ်စေရမှာပေါ့"
သူသည် လင်းလော့ချင်းအနားသို့ wheelchairအား တွန်းသွားလိုက်၏။ "အဲ့ဒီအချိန်ကျမှ ပင်ပန်းပြီး မခံနိုင်တော့ဘူးလို့ မပြောနဲ့နော်~"
ကျိယွီရှောင်မှ ဤကိစ္စအား အရင်စလာလိမ့်မည်ဟု လင်းလော့ချင်းမယုံပေ။ သူ၏လက်ကိုမြှောက်၍ လက်ထဲမှတဘက်အား လွှင့်ပစ်လိုက်ပြီး ကျိယွီရှောင်၏လည်ပင်း၌
သူ၏လက်မောင်းများကို ချိတ်လိုက်၏။ သူသည် ကျိယွီရှောင်၏ နှုတ်ခမ်းနားသို့ တိုးသွားပြီး စကားပြောလိုက်လျှင် သူရှုထုတ်လိုက်သောလေသည် တစ်ဖက်လူ၏ နှုတ်ခမ်းသို့တိုက်ခတ်သွား၏
"ကောင်းပြီလေ~"