Chapter 40
တောက်ပသော အခန်းထဲ၌ လင်းလော့ချင်းသည် ကျိယွီရှောင်၏ပေါင်ပေါ်တွင် ကားယားခွထိုင်၍ နာကျင်နေ၏။
၎င်းသည် တစ်ခါတစ်ရံ၌ ပြင်းထန်၍ တစ်ခါတစ်ရံ၌ ညင်သာ၏။ သူ၏လက်သီးဆုပ်များမှာ ကျိယွီရှောင်၏ပုခုံးတစ်လျှောက် တောင်ရောက်မြောက်ရောက် သွားနေရာ တက်လိုက်ဆင်းလိုက်ဖြစ်နေ၏။ သူသည် ကျိယွီရှောင်အား အပေါက်ဖြစ်သွားအောင် မလုပ်နိုင်သည်ကို မုန်းမိ၏။
"ညင်ညင်သာသာလုပ်ပါ" ကျိယွီရှောင်က အိပ်ရာပေါ်လှဲလျောင်းနေရင်း သတိပေးလိုက်၏။
"မင်းအားအရမ်းများတာပဲ။ မင်းယောကျ်ားကို သတ်တော့မလို့လား...."
လင်းလော့ချင်း, “……”
လင်းလော့ချင်း အားပြန်ညှိလိုက်၏။ "ဒီလောက်ဆို ရပါပြီလား သခင်လေး..."
"ပြင်းပြင်းလေးလုပ်စမ်းပါ။ မင်းက ငါ့ကို ကလိထိုးနေတာပဲ"
လင်းလော့ချင်း, “……”
လင်းလော့ချင်းလည်း နောက်တစ်ကြိမ် အားညှိရပြန်၏။ "အခု ပိုကောင်းလာပြီလား..."
"အင်း၊ မဆိုးပါဘူး" ကျိယွီရှောင် နောက်ဆုံး၌ စိတ်ကျေနပ်သွား၏။
လင်းလော့ချင်း ထိုသူ၏ ချိုသာနေသောအသံကို ကြားပြီး ဒေါသတကြီး နှာမှုတ်လိုက်၏။
ထို့နောက် ကျိယွီရှောင်မှ သူနှင့် ကားတကယ်မောင်းချင်ကြောင်းနှင့် ဒီကားကို ဘယ်လိုစမောင်းဖြစ်ကြောင်းကို တွေးလိုက်မိ၏။
ထိုသူဘယ်လို ဦးဆောင်လှုပ်ရှားပြီး အလိုအလျောက် ကားဆက်မောင်းအောင် လုပ်မလဲ သိချင်နေခဲ့ပေမယ့် နေ့တစ်၀က်လောက်ကြာပြီးမှ ကျိယွီရှောင်က သူ့ကိုတစ်ကယ်ကြီး နှိပ်ခိုင်းတယ်တဲ့လေ!
ဒီလောက်ပဲလား? ဒီလောက်ပဲတဲ့!
ဒါကဘယ်လိုလုပ် သူ့ဆန္ဒဖြစ်သွားရတာလဲ...
"မနေ့က ငါတို့ပြောခဲ့တာ ဒီလိုမဟုတ်ဘူးလားလို့" လင်းလော့ချင်း မကျေနပ်တော့ချေ။
ကျိယွီရှောင် လက်မောင်းပေါ်၌ ခေါင်းအုံးလိုက်၏။ "ဘယ်လို မဟုတ်တာလဲ?"
"မင်းပြောတော့ ငါ့ဆန္ဒကို တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးမယ်ဆို"
"ဒါဆို မင်းရဲ့ဆန္ဒက ဘာလဲ..."
"ဘာဖြစ်ရဦးမှာလဲ..." လင်းလော့ချင်း ထိုသူအား စိုက်ကြည့်လိုက်၏။
"ဒီညက ငါတို့ရဲ့မဂႅလာဦးညမလို့ မင်းရဲ့လူသားအရေခွံကို ခွာချပြီး သားရဲကြီးတစ်ကောင် ဖြစ်လာရမှာလေ!"
"ဆိုတော့ မင်းကို တစ်နာရီလောက် နှိပ်ခိုင်းတာကို သားရဲကြီးလို့မထင်ဘူးပေါ့... ဒါဆိုလည်း တစ်ညလုံးဆက်နှိပ်လိုက်လေ"
လင်းလော့ချင်း, “...”
လင်းလော့ချင်း ထိုသူအား နှိပ်ပေး၍ စိတ်တိုစွာအော်လိုက်၏ "ဒါက ငါပြောတဲ့ဟာလား..."
ကျိယွီရှောင် ရယ်လိုက်၏။
"ငါ့ကိုယုံပါ။ မင်းတစ်ညလုံး နှိပ်မယ်ဆိုရင် ဒါက မင်းအတွက် မမေ့နိုင်စရာ မဂႅလာဦးညလေး ဖြစ်လာမှာပါ။ မင်းရဲ့နတ်ဘုရားက လူသားမဟုတ်ဘဲ သားရိုင်းကောင်ကြီးလို့ ကျိန်းသေခံစားရလိမ့်မယ်..."
လင်းလော့ချင်း, “……”
လင်းလော့ချင်းနှုတ်ခမ်းစူ၍ ကျိယွီရှောင်၏ပုခုံးအား တိတ်ဆိတ်စွာနှိပ်ပေးလိုက်၏။
ကျိယွီရှောင်လည်း လင်းလော့ချင်း၏ပါးကို ဆွဲလိုက်ပြီး လက်မောင်းပေါ်၌ ထပ်မံလှဲချလိုက်၏။
လင်းလော့ချင်း ထိုသူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို နှိပ်ပေးပြီး၍ အောက်ပိုင်းသို့ အစဥ်အတိုင်း ရောက်လာ၏။
ခြေထောက်များကို စတင်နှိပ်သည်နှင့် သူသည် ကျိယွီရှောင်အား မသိစိတ်အရ လှမ်းကြည့်လိုက်၏။
ကျိယွီရှောင်သည် မျက်လုံးများကို မှိတ်ထားပြီး အေးအေးဆေးဆေးနှင့် သက်သောင့်သက်သာရှိနေပုံပေါ်၏။
လင်းလော့ချင်းသည် ခဏတာမျှ နှိပ်နယ်ပြီးနောက် တွန့်ဆုတ်နေကာ ကျိယွီရှောင်အား ညင်သာစွာမေးလိုက်၏
"မင်း တစ်ခုခုကို ခံစားရလား..."
သူ၏အသံ တိုး၀င်နေပုံမှာ သူသည် တစ်ဖက်လူအား မပျော်မရွှင်ဖြစ်စေမည်ကို စိုးရိမ်နေသလိုပင်။
ကျိယွီရှောင် မျက်လုံးဖွင့်လိုက်၏။ သူ၏ ထူထဲသောမျက်တောင်မွှေးများမှာ အနည်းငယ်စင်းကျနေပြီး မျက်လုံးများကား မြူဆိုင်းနေသလိုပင်။
"ငါဘာကိုမှ မခံစားရဘူး" သူပြန်ဖြေလိုက်၏။
သူ၏လေသံ၌ လင်းလော့ချင်းထင်ထားသကဲ့သို့ ၀မ်းနည်းမှု သို့မဟုတ် စိတ်ခံစားမှု တစ်စုံတစ်ရာပင် ရှိမနေခဲ့ပေ။ သူသည် အချက်အလက်တစ်ခုကို ရိုးရှင်းစွာပြောပြနေပုံပေါ်၏။
လင်းလော့ချင်း နားထောင်ပြီးနောက် အားပိုထည့်လိုက်၏။ "ဒီလောက်ဆိုရင်ရော...."
"မရဘူး" ကျိယွီရှောင် တီးတိုးရေရွတ်လိုက်၏။
"အခုရော..." လင်းလော့ချင်း အားထပ်ထည့်လိုက်ပြန်၏။
ကျိယွီရှောင် အကူအညီမဲ့သလို ခံစားရကာ သူ့အားလှည့်ကြည့်လိုက်၏။ "ထပ်စမ်းစရာမလိုပါဘူး။ ငါဘာကိုမှ မခံစားနိုင်ဘူး"
လင်းလော့ချင်း တိတ်ဆိတ်သွား၏။ သူ၏မျက်တောင်များ နိမ့်ဆင်းနေသည်မှာ ၀မ်းနည်းနေသလိုပင်။
ကျိယွီရှောင် ထိုသူအား ဤသို့တွေ့လိုက်ပြီးနောက် သည်းမခံနိုင်တော့ပေ။ သူကသာ လင်းလော့ချင်းအား သူ၏လှေပေါ်သို့ ဆွဲတင်ခဲ့သူဖြစ်၏။ ထိုသို့မဟုတ်ခဲ့လျှင် လင်းလော့ချင်းသည် ကျန်းမာသန်စွမ်းသော ချစ်သူတစ်ယောက်ကို တွေ့နိုင်ပေလိမ့်မည်။ သူတို့သည် အပြန်အလှန်သဘောကျ၍ အလိုရှိသည်ကို လုပ်နိုင်ပေလိမ့်မည်။
ယခုကဲ့သို့ ကျိယွီရှောင်နှင့်အတူ နေရန်လိုအပ်မည်မဟုတ်ပေ။
ကျိယွီရှောင်သည် တစ်စုံတစ်ရာအတွက်နှင့် သူ့ကိုယ်သူ အပြစ်တင်သည်မှာ ရှားလှ၏။ သူက ပြောလိုက်၏ "ကောင်းပြီ။ အခုနောက်ကျနေပြီ။ အိပ်တော့လေ"
လင်းလော့ချင်း ခေါင်းခါလိုက်၏။ "ငါမင်းကို ခဏလေး ထပ်နှိပ်ပေးဦးမယ်"
သူထပ်ပြောလိုက်၏ "ကောက wheelchair မှာ အကြာကြီးထိုင်ပြီး ခြေထောက်တွေက သိပ်မလှုပ်ရှားခဲ့ရဘူးလေ။ ငါအဲ့တာကို များများနှိပ်ပေးရမယ်။"
မဟုတ်ရင် ကြွက်သားတွေက ချည့်နဲ့သွားလိမ့်မယ်။
မည်သို့ပင်ဖြစ်စေ လင်းလော့ချင်းသည် ဒုတိယစာကြောင်းကို မပြောခဲ့ချေ။ သူသည် ကျိယွီရှောင်မှ ထိုစကားများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မည်ကိုစိုးရိမ်နေ၏။
သူသည် ကျိယွီရှောင်အား နှစ်သိမ့်ရင်း ထပ်မံနှိပ်ပေးနေ၏ "လက်ရှိ ဆေးဘက်ဆိုင်ရာနည်းပညာက တော်တော်လေး တိုးတက်လာတယ်။ အခုကုသဖို့ မဖြစ်နိုင်ရင်တောင်မှ နောက်နှစ်နည်းနည်းလောက်ကျရင် ပိုကောင်းလာမှာပါ။ ဒါ့အပြင် wheelchair မှာ ထိုင်နေတာတောင် ကောရဲ့ ပင်ကိုစရိုက်က အရမ်းကောင်းတယ်။ ဒါက ကောဘာလုပ်မယ်ဆိုတာကို မထိခိုက်နိုင်ဘူး။ ဒါကြောင့်မလို့ ကောရဲ့ခြေထောက်တွေကို ကုလို့ရတာပဲဖြစ်ဖြစ် မရတာပဲဖြစ်ဖြစ် တကယ်ကိစ္စမရှိပါဘူး"
လင်းလော့ချင်း တစ်စုံတစ်ရာအား တွေးမိပြီး ရယ်လိုက်၏။
"ငါအရင်က လမ်းလျှောက်ရင်း အရမ်းမောလာတဲ့အချိန် လက်တွန်းလှည်းလေးတစ်စီး ဘေးကဖြတ်သွားတာကို မြင်ရင် ကလေးတွေကို မနာလိုဖြစ်တော့တာပဲ။ သူတို့က အရမ်းကောင်းတာပဲလို့ တွေးခဲ့တာ။ သူတို့က လမ်းလျှောက်စရာမလိုဘဲ မိဘတွေက တွန်းပေးသွားတော့ မောမှာမဟုတ်ဘူးပေါ့။ အခု ကောလည်းတူတူပဲ။ နောက်ပိုင်း ငါတို့အပြင်ထွက်ရင် ငါမင်းကို တွန်းပေးမယ်လေ။ ကောမောတော့မှာ မဟုတ်ဘူး။ ဒီလိုဆို အရမ်းကောင်းမှာပဲနော်"
ကျိယွီရှောင် ထိုသို့ကြားလျှင် လင်းလော့ချင်း၏ သိမ်မွေ့သောမျက်နှာအား ကြည့်လိုက်၏။ သူသည် အချိန်တစ်ခုစာမျှ တိတ်ဆိတ်နေပြီးနောက် ထိုသူအား ပြောလိုက်၏ "ဒါက သက်သာလာမှာပါ"
"တစ်ကယ်ကြီးလား..." လင်းလော့ချင်း အံ့အားသင့်သွား၏။
ထို့နောက် သူသည် ဤသို့ကြားရုံမျှဖြင့် စိတ်လှုပ်ရှားရန် မသင့်တော်ကြောင်း တွေးလိုက်၏။ "ကောရဲ့ခြေထောက်တွေ ကောင်းကောင်း မကောင်းကောင်း ငါ့အတွက် တကယ်ကိစ္စမရှိပါဘူး။ ငါမင်းကိုကြိုက်ပြီးတော့ မင်းနဲ့ပတ်သက်သမျှ အရာအားလုံးကိုလည်း ကြိုက်ပါတယ်။ ကောနေကောင်းမယ်ဆိုရင် ငါကတော့ ပျော်တာပေါ့။ ကောသာ ဆိုးဆိုးရွားရွား မခံစားရဘူးဆိုရင် အခု အခြေအနေကလည်း အဆင်ပြေပါတယ်။ ငါလည်း ဒီအကြောင်းကို ဂရုစိုက်နေမှာမဟုတ်ဘူး။ လူတွေက ဒီလိုကိစ္စမျိုးမှာ ပြောင်းလဲကြပြီး ခန္ဓာကိုယ်ကလည်း အခွံသက်သက်ပါပဲ။ စိတ်ကသာ အရေးအကြီးဆုံးပဲလေ။ ငါတကယ်ချစ်တာက ကောရဲ့စိတ်၀င်စားစရာကောင်းတဲ့ စိတ်၀ိညာဥ်ပဲ တခြားဘာမှမဟုတ်ဘူး။"
ကျိယွီရှောင် ပြုံးလိုက်၏။ "အဲ့ဒီလိုလား? လွန်ခဲ့တဲ့၁၅နှစ်တုန်းက မင်းငါ့ကို မြင်မြင်ချင်းချစ်မိသွားတာက ငါ့ရဲ့ချောမောကြည့်ကောင်းတဲ့ ရုပ်ရည်ကြောင့် မဟုတ်ဘူးလား..."
လင်းလော့ချင်း, “……”
"ကျိန်းသေပေါက် မဟုတ်ဘူးပေါ့!" လင်းလော့ချင်းက ၀န်ခံရန် ငြင်းဆန်လိုက်သည်။
"ငါချစ်တာက သိသိသာသာကို မင်းရဲ့အဲ့ဒီချောမောတဲ့ အရေပြားအောက်က စိတ်၀ိညာဥ်လေးကိုပါနော်! ငါ့ကို လျှော့မတွက်လို့ ရမလား။ ငါလည်း အပြင်ပန်းနောက်က အနှစ်သာရတွေကို မြင်တတ်ပါသေးတယ်!"
“Oh...” ကျိယွီရှောင် ခေါင်းညိတ်လိုက်၏။ "ဒါဆို မင်းကတော်တာပဲ~”
လင်းလော့ချင်း တွေးလိုက်၏ '...ဘာလို့ မင်းရဲ့လေသံက လှောင်နေသလိုကြီးလဲ...'
"အဲ့ဒါကြောင့် ကောရဲ့ခန္ဓာကိုယ်အတွက် အရမ်းစိတ်ပူစရာမလိုဘူး။ ကောပျော်နေသရွေ့တော့ ဒါကကောင်းပါတယ်။ မင်းရဲ့အရာအားလုံးကို ငါကြိုက်တယ်" သူသည် ကျိယွီရှောင်အား ကြည့်လိုက်၏။
ကျိယွီရှောင်၏ စိတ်အခြေအနေမှာ ထိုစကားများကြောင့် ပျော့ပြောင်းလာ၏။
လင်းလော့ချင်း၏ မပျော်ရွှင်သော အမူအရာမှတစ်ဆင့် ယခုလေးတင် ဖြစ်ပေါ်လာသော စိတ်မချမ်းမြေ့ဖွယ် အပြစ်တင်စိတ်နှင့် ၀မ်းနည်းမှုတို့သည် အားပေးစကားတို့၏ ဘေးဘက်သို့ တွန်းပို့ခံလိုက်ရ၏။
"ဒါကတကယ် သက်သာလာမှာပါ" သူသည် လင်းလော့ချင်းအား ထပ်ပြောလိုက်၏။
ဤသည်မှာ အမှန်တရားဖြစ်၏။
သူနိုးလာသောနေ့တွင် ဆရာ၀န််မှ သူ့အားစမ်းသပ်ခဲ့ပြီး ရလဒ်မှာ သိပ်မကောင်းပေ။
မည်သို့ပင်ဖြစ်စေ ထိုအချိန်၌ ကျိလဲ့ယွီကား သူ၏ဘေးတွင်ရှိနေခဲ့၏။ သူသည် ကျိလဲ့ယွီအား ဂရုစိုက်၍ ၀မ်းနည်းမှု၊စိတ်ဆိုးဒေါသဖြစ်မှု၊ ဒေါသနှင့် မကျေနပ်မှုတစ်စုံတစ်ရာကို ပြသခဲ့ခြင်းမရှိပေ။
နောက်ဆုံးတော့လည်း ထိုအရာသည်သူ၏ ခြေထောက်များပင်ဖြစ်သည်။ ကျိယွီရှောင် ဂရုမစိုက်ဘဲ မနေနိုင်ပါ။ ဆေးရုံမှဆင်းပြီး နောက်တစ်နေ့၌ သူသည် ၀ေ့ကျွင်းဟယ်အား ပြည်တွင်းပြည်ပရှိ နာမည်ကြီးဆရာ၀န်များနှင့် ဆက်သွယ်ပေးရန် တောင်းဆိုလိုက်၏။
ကျိယွီရှောင်သည် များစွာသော ဆရာ၀န်များနှင့်တွေ့ရန် အကြိမ်ပေါင်းများစွာ သွားခဲ့ရ၏။
အပြင်လောကမှ ကြားသိထားသည်မှာ ဆရာ၀န်တိုင်းက ဤပြဿနာနှင့် အခက်တွေ့နေကြပြီဟူ၍။ မည်သူကမှ သူ့အား တိကျသောအဖြေကို မပေးနိုင်ဘဲ ယခုလက်ရှိအတွက် ကုသရေးလုပ်ငန်းစဥ်များကိုသာ ဆောင်ရွက်ပေးနိုင်ကြ၏။
ဘယ်လိုပဲဆိုစေ ဤအရာကား မမှန်ကန်ပေ။
အမှန်အတိုင်းပြောရလျှင် တတိယအကြိမ်မြောက် ဆရာ၀န်သွားပြချိန်၌ သူသည် အံ့အားသင့်ဖွယ် အဖြေကိုရလိုက်၏။ "မစ္စတာကျိ, ခင်ဗျားအခြေအနေက ထင်ထားတာထက် ပိုကောင်းနေတယ်။ ခင်ဗျားသာ ကုသရေးလုပ်ငန်းစဥ်မှာ တက်တက်ကြွကြွ ပူးပေါင်းပေးမယ်ဆိုရင် နောင်အနာဂတ်မှာ အပြည့်အ၀ ပျောက်ကင်းလာနိုင်ခြေ ရှိပါတယ်"
"ခင်ဗျားပြောတဲ့ နောင်အနာဂတ်ဆိုတာ ဘယ်အချိန်လဲ... ဘယ်လောက်ကြာမှာလဲ..."
"ကျွန်တော် ဒါတော့ ခင်ဗျားကို သေသေချာချာ အာမမခံနိုင်ဘူး။ အဲ့တာက ၂နှစ်ကနေ ၃နှစ်ဖြစ်နိုင်သလို ၃နှစ်ကနေ ၅နှစ်အထိလည်း ဖြစ်နိုင်တယ်။ ဒါက ၈နှစ် ၉နှစ်အထိတောင် ဖြစ်သွားနိုင်တယ်"
ထိုအဖြေသည် ကျိယွီရှောင်၏ နှလုံးသားထဲရှိ ပျော်ရွှင်မှုပေါ်သို့ ရေအေးတစ်ဇလုံ လောင်းချလိုက်သည်နှင့်တူ၏။
သူသည် စိတ်မတည်ငြိမ်နိုင်သေးခင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။
"တစ်ယောက်ယောက်က ကျွန်တော့်ကျန်းမာရေးအခြေအနေကို လာစုံစမ်းရင် နည်းလမ်းမရှိဘူးလို့ပဲ ပြောလိုက်ပါ။ ခင်ဗျားက ပြုစုကုသနိုင်ပေမယ့် အရှင်းပျောက်အောင် ကုစားပေးဖို့က ခဲယဥ်းတယ်လို့”
ဆရာ၀န်က သူဘာကြောင့် ထိုသို့လုပ်နေသလဲ နားမလည်ခဲ့သော်လည်း လူနာကိုယ်တိုင်က ဆန္ဒရှိနေသဖြင့် သဘောတူလိုက်၏။
၀ေ့ကျွင်းဟယ်နှင့် တခြားသူများက ကျိယွီရှောင်သည် သူ၏ဘ၀တစ်လျှောက်လုံးကို wheelchairပေါ်၌သာ ကုန်ဆုံးရတော့မည်ဟူသော ကောလဟာလများ ကူညီဖြန့်ပေးခဲ့ကြသည်။
သူတို့သည် ငယ်စဥ်ကတည်းက အတူကြီးပြင်းလာကြပြီး ဆက်ဆံရေးမှာလည်း သာမန်ထက် လွန်ကဲပေ၏။ ယခုထိုသို့ ပြောလိုက်ရာ လူတိုင်းက သံသယ၀င်လာကြပေလိမ့်မည်။
နောက်ပိုင်း၌ ကျိယွီရှောင်သည် လက်ရှိပြသနေသော ဆရာ၀န်အား တစ်ယောက်ယောက်က သူ၏အခြေနေကို လာရောက်စုံစမ်းသေးလားဟု မေးခဲ့သည်။
"ခင်ဗျားရဲ့ အဖေ၊ဦးလေးနဲ့ ၀မ်းကွဲတွေအားလုံး လာမေးကြပါတယ်"
ကျိယွီရှောင် တိုးညင်းစွာ ရယ်လိုက်၏။ "ဒါဆို ခင်ဗျားသူတို့ကို အမှန်အတိုင်း ပြောပြလိုက်လား?"
"ကျွန်တော်က ဆရာ၀န်တစ်ယောက်ဖြစ်ပြီး လူနာတိုင်းရဲ့ ကိုယ်ရေးကိုယ်တာကို ထိန်းသိမ်းပေးဖို့ တာ၀န်ရှိပါတယ်။ အကယ်၍များ တစ်ယောက်ယောက်က တိုက်တွန်းလာရင် ကျွန်တော်က လူနာကိုလေးစားဖို့ပဲ ရွေးချယ်မှာပါ။ ပြောရရင် ဒါက ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာဖြစ်ပြီး ကျွန်တော့်ဟာ မဟုတ်ဘူးလေ။"
ကျိယွီရှောင် ကျေးဇူးတင်စွာ ပြောလိုက်၏ "ကျေးဇူးတင်ပါတယ်"
ဆရာ၀န်က သူ့အားပြောလာ၏ "ခင်ဗျား ဘာလို့ဒီလိုလုပ်နေတာလဲ ကျွန်တော်မသိပေမယ့် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်"
ကျိယွီရှောင် ခေါင်းညိတ်လိုက်၏။ "အင်း"
သူက ကံကောင်းမှု ရှိလာရမှာပင်။
အလုံးစုံပြောရလျှင် သူ့အစ်ကို၏ သေဆုံးမှုနောက်ကွယ်က ကြိုးကိုင်သူကို တရားမျှတမှုရရန် မကိုင်တွယ်ရသေးပေ။ သူသည် ကံကောင်းမှုရှိကိုရှိရမည် ဖြစ်သည်။
သူသည် လင်းလော့ချင်းအားကြည့်၍ အကြည့်ကို တိတ်တဆိတ် ရွှေ့လိုက်၏။ လင်းလော့ချင်းအား ထိုအကြောင်းကို ပြောပြဖြစ်လိမ့်မည်ဟု လုံး၀မတွေးခဲ့မိပေ။
အနှစ်ချုပ်ရလျှင် ၀ေ့ကျွင်းဟယ်တို့ သုံးယောက်မှလွဲ၍ ဤကိစ္စ၏ အမှန်တရားကို မည်သူမျှမသိခဲ့ချေ။
လျှို့၀ှက်ချက်များကား ဤကဲ့သို့ပင် ဖြစ်၏။ သိသူနည်းလေ ပိုကောင်းလေပင်။
မကြာခင် ပြန်ကောင်းလာနိုင်ခြေရှိသော ကျိယွီရှောင်ထက် မျှော်လင့်ချက်မဲ့သော ကျိယွီရှောင်က ဤကမ္ဘာကြီးနှင့် ပိုမိုသင့်လျော်သည်မှာ သံသယဖြစ်စရာ မလိုပေ။
ကိုယ်ကိုယ်တိုင်က စိတ်ပျက်အားလျော့၍ အရှုံးပေးထားသည့် လုပ်နိုင်စွမ်းမရှိတော့သော လူတစ်ယောက်ကို အာရုံစိုက်ရန် မထိုက်တန်လှချေ။ ထိုသူသည် ကိုယ့်ကိုယ်ကို ညှဥ်းပန်းနှိပ်စက်နေရာ အခြားသူတို့မှ လက်မြှောက်စရာပင် မလိုအပ်ပေ။
ဤကဲ့သို့သော လူမျိုးကသာ လုံခြုံဘေးကင်းစွာနေနိုင်ပြီး ကလေးတစ်ယောက်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ပေလိမ့်မည်။
ထို့ကြောင့် သူသည် ကုသ၍မရနိုင်သော ဒုက္ခိတ၀ေဒနာသည်တစ်ဦးသာ ဖြစ်နိုင်ပေ၏။
"အိပ်တော့လေ" ကျိယွီရှောင် တိုးတိတ်စွာ ပြောလိုက်၏။
လင်းလော့ချင်းက ထိုသူ၏ခြေထောက်များကို ဆက်နှိပ်ပေးနေ၏။ "ခဏလေး ၊ ဒါကတစ်နာရီတောင် မပြည့်သေးဘူး။ မိနစ်နည်းနည်းလေးပဲ ရှိသေးတယ်။ မင်းက လူသားဖြစ်ချင်ပြန်ပြီလား?"
ကျိယွီရှောင်က ထိုသူ၏ရိုးရှင်းသော စကားကြောင့် ဆွံ့အသွားပြီး ရယ်လိုက်၏။
သူ့မှာ နည်းလမ်းမရှိတော့ပေ။ လင်းလော့ချင်း၏ရှေ့၌ သူသည် အလွန်အမင်း သက်သောင့်သက်သာရှိနေသလိုပင်။
"ကောင်းပြီလေ မင်းဆန္ဒရှိရင် ဆက်နှိပ်ပါ" ကျိယွီရှောင်က ထပ်မံငြင်းဆန်ခြင်း မပြုတော့ချေ။
လင်းလော့ချင်း ထိုသူအားကြည့်ပြီး ပြုံးလိုက်၏။
ကျိယွီရှောင်လည်း ထထိုင်၍ သူ၏ပါးကို ဆွဲလိုက်သည်။
လင်းလော့ချင်း, “……”
လင်းလော့ချင်း ထိုပုဂ္ဂိုလ်အား အိပ်ရာပေါ်သို့ တွန်းလှဲ၍ နှာမှုတ်လိုက်၏။
ကျိယွီရှောင်ရယ်၍ သူ့အား တိတ်တဆိတ်ကြည့်နေလိုက်၏။
ထိုညသည် တစ်ကယ့်ကို မမေ့နိုင်စရာ မဂႅလာဦးညလေး ဖြစ်ခဲ့သည်ပင်။ လင်းလော့ချင်း နှိပ်ပြီးသွားပြီးနောက် သူသည် ပင်ပန်းနေကာ ခေါင်းအုံးနှင့်ထိလိုက်သည်နှင့် ချက်ချင်း အိပ်ငိုက်လာ၏။
ကျိယွီရှောင်က ငြိမ်သက်စွာ လှဲလျောင်းနေသောသူကို ကြည့်ရာ စက္ကန့်အနည်းငယ်အတွင်း အိပ်ပျော်သွားတော့မလိုပင်။ သူ၏နှလုံးသားထဲ၌ တွန့်ဆုတ်မှုအနည်းငယ် ရှိနေခဲ့ပေသည်။
ဒီလို အခြေအနေမျိုးမှာ လင်းလော့ချင်းက သူ့အတွက် သရုပ်ဆောင်ပေးရတာ မသင့်တော်ဘူးလားမလား?
ပြောရရင် လင်းလော့ချင်းက သူ၏ခြေထောက်တွေကို တစ်နာရီလောက် နှိပ်ပေးပြီး အရမ်းပင်ပန်းနေသည်လေ။
သို့သော်လည်း လင်းလော့ချင်းသာ သရုပ်မဆောင်ပြလျှင် ကျိယွီရှောင်က ဒီညဘယ်လိုအိပ်နိုင်မှာတဲ့လဲ?
မနက်မိုးလင်းတဲ့အထိ မအိပ်ပဲနေရမှာလား?
လင်းလော့ချင်း သူ၏ခေါင်းကိုလှည့်၍ ကျိယွီရှောင်အားကြည့်လိုက်ရာ ထိုသူက တစ်စုံတစ်ခု ပြောချင်နေသည်ကို တွေ့လိုက်ရ၏။
သူမေးလိုက်၏ "ဘာပြဿနာ ရှိလို့လဲ? တစ်ခုခုဖြစ်လို့လား?"
ကျိယွီရှောင်, “……”
မင်းယောက်ျားက မင်းသူ့အတွက် သရုပ်ဆောင်ပေးဖို့ စောင့်နေတာလို့
ငါဘယ်လိုပြောရမှာလဲ?
"မင်း သန့်စင်ခန်း သွားချင်လို့လား?" လင်းလော့ချင်း တွေးလိုက်၏။ "ဒါတော့မဟုတ်သေးဘူး။ မင်းကငါ့ကို သန့်စင်ခန်းကူပို့ပေးဖို့ ခွင့်ပြုမှာမဟုတ်ဘူး"
ကျိယွီရှောင်, “……”
ကျိယွီရှောင် ကိုယ်ကိုလှည့်၍ မီးပိတ်လိုက်၏။ "အိပ်တော့"