Chapter 41
လင်းလော့ချင်း, “.....”
“မင်းတကယ် အဆင်ပြေရဲ့လား...”
“ငါအဆင်ပြေပါတယ်” ကျိယွီရှောင် ပြောလိုက်၏။
နောက်ထပ်ပြောရလျှင်ဖြင့် ဤညသည် မဂႅလာဦးည ဖြစ်၏။ သူ၏ သနားစရာဇနီးသည်ကို အနည်းဆုံးအားဖြင့် ကောင်းမွန်စွာ အိပ်စက်ခွင့်ပြုသင့်ပေသည်။
“အို့” လင်းလော့ချင်း တုံ့ပြန်လိုက်၏။
သူသည် နက်မှောင်နေသော ကောင်းကင်အား ကြည့်လိုက်ပြီး စောင်အောက်မှ အနွေးဓာတ်လေးကို ခံစားမိနေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် ကျိယွီရှောင်အား တိတ်ဆိတ်စွာ ကြည့်လိုက်၏။
"ဒါဆို ငါတို့ရဲ့ မဂႅလာဦးညကို ဒီလိုမျိုးပဲ ဖြတ်ကျော်တော့မှာပေါ့..."
ကျိယွီရှောင်, “……”
လင်းလော့ချင်းကား အတော်လေးမကျေမနပ် ဖြစ်နေ၏။
"အရင်ညတွေနဲ့ယှဥ်ရင် ဘာမှလည်း မပြောင်းလဲသွားဘူး။ ဒါကြီးက မဂႅလာဦးညလို့ သတ်မှတ်လို့ ရသေးရဲ့လား..."
'... မင်းက ဘယ်လိုအပြောင်းအလဲတွေကို မျှော်လင့်နေတာလဲ... ငါတို့က အချစ်အတွက် လက်ထပ်ထားတယ်လို့များ တကယ်ထင်နေတာလား...ကျေးဇူးပြုပြီး နိုးထလိုက်စမ်းပါ!'
လင်းလော့ချင်း စောင်အား စိတ်ဓာတ်ကျနေဟန်ဖြင့် ကန်လိုက်၏။
ကျိယွီရှောင် ထိုသူ၏လှုပ်ရှားမှုကို ခံစားမိလိုက်ရာ နောက်ဆုံး၌ အကူအညီမဲ့စွာ လှည့်၍ လင်းလော့ချင်းအား သူ၏လက်မောင်းထဲသို့ ဆွဲသွင်းလိုက်၏။
"ဒီလိုဆိုရပြီလား"
လင်းလော့ချင်း, “!!!”
လင်းလော့ချင်း သူ၏မျက်နှာ ချက်ချင်းပူလာသည်ကိုသာ ခံစားမိ၏။
သူသည် လွန်ခဲ့သောညများ၌ ကျိယွီရှောင်အား ဖက်အိပ်ခဲ့ဖူးသော်လည်း ၎င်းသည် ညဘက်အိပ်ပျော်ပြီးနောက် အလိုအလျောက် ပြုမူမိခြင်းသာဖြစ်၏။ သူနိုးလာသည့်မနက်တိုင်း၌ သူသည် ကျိယွီရှောင်အား ချက်ချင်း လွှတ်ပေးပေလိမ့်မည်။
ယခုမူ သူသည် အိပ်မပျော်သေးခင်မှာပင် ကျိယွီရှောင်၏ လက်မောင်းထဲ၌ သိမ်းကြုံးပွေ့ဖက်ခံထားရပေ၏။ လင်းလော့ချင်းကား သူ၏နှလုံးခုန်သံ ပိုမြန်လာကြောင်းကိုသာ သိနိုင်လေ၏။
သူသည် ကျိယွီရှောင်၏ လက်မောင်းတွင်းမှ အနွေးဓာတ်ကို ခံစားမိပြီး ထိုသူအားပြောလိုက်၏
"ဒီတစ်ကြိမ်ကျတော့ မင်းဘက်က မစောင့်နိုင်တော့ဘူးပေါ့လေ..."
ကျိယွီရှောင် ရယ်လိုက်၏။ သူ၏အသံမှာ တိုး၍နက်ရှိုင်းကာ သံလိုက်ဓာတ်များဖြင့် ပြည့်နှက်နေ၏။ "ငါ မစောင့်နိုင်တော့ဘူး"
လင်းလော့ချင်းက ပျော်ရွှင်သွားပြီး ထိုသူအား ပြန်လည်ပွေ့ဖက်လိုက်၏။ ထို့နောက် သူသည် တစ်စုံတစ်ရာအား သတိရ၍ လက်ပြန်ရုတ်ကာ ၎င်းအစား ကျိယွီရှောင်၏ ခါးနှင့်၀မ်းဗိုက်ကို ထိတွေ့လိုက်၏။
ကျိယွီရှောင်, “.....”
"မင်းဘာလုပ်နေတာလဲ..."
"အရင်တုန်းက မင်းပဲ ငါ့နတ်ဘုရားရဲ့ခါးက ကိုင်လို့ကောင်းလားလို့ မေးခဲ့တာမလား... ငါကကိုင်ပြီး ခံစားကြည့်နေတာလေ"
ကျိယွီရှောင်, “……”
ကျိယွီရှောင် ထိုသူ၏ အငြိမ်မနေသော ဘယ်လက်အား ဖမ်းဆုပ်လိုက်၏။ "အိပ်တော့၊ ညနက်နေပြီ"
ထိုသူသာ မီးမွှေးလိုက်ပါက ကောင်းလိမ့်မည်မဟုတ်ပေ။
လင်းလော့ချင်း၏လက်မှာ ဆုပ်ကိုင်ခံထားရသဖြင့် အရှုံးပေးလိုက်ရ၏။ သူသည် ကျိယွီရှောင်၏လက်ကို ပြန်ကိုင်လိုက်ပြီး လက်မောင်းတွင်းသို့၀င်ကာ သက်သာသော အနေအထားရှာ၍ မျက်လုံးမှိတ်လိုက်၏။
သိပ်မကြာခင်မှာပင် ကျိယွီရှောင်သည် အနှီလူသား၏ ပုံမှန်အသက်ရှုသံကို ကြားလိုက်ရ၏။
ကျိယွီရှောင် သူ၏ခေါင်းကိုငုံ့ကာ ညအမှောင်ထဲ၌ လက်မောင်းတွင်းရှိလူအား သတိထား၍ ကြည့်ရှုလိုက်၏။ ပြီးနောက် သူသည်လည်း ဖြေးညင်းစွာ မျက်လုံးမှိတ်လိုက်၏။
၎င်းကား ညနက်နေပြီဖြစ်သော်လည်း သူသည် ကျန်ရှိသေးသောညအချိန်ကို ဖြတ်သန်းရပေဦးမည်။ မကြာမီအချိန်၌ မိုးလင်းလာရန် မျှော်လင့်ရုံသာ တတ်နိုင်ပေ၏။
ကျိယွီရှောင်က ထိုသို့တွေးနေပေရာ မည်သည့်အချိန်၌ အသိစိတ်လျော့လာမှန်း သတိမမူမိလိုက်ဘဲ အိပ်မက်ထဲသို့ စီးမျောသွားလေ၏။
အခန်းထဲ၌ အသက်ရှူသံနှစ်ခုကသာ ရောထွေးယှက်နွယ်၍ မပီမပြင် တည်ရှိနေ၏။
နောက်တစ်နေ့မနက် နိုးလာချိန်၌ ကျိယွီရှောင်သည် ထိတ်လန့်သွား၏။
လင်းလော့ချင်းက နှိုးစက်ကိုပိတ်၍ ပျင်းရိစွာ သမ်းလိုက်ပြီးနောက် ကျိယွီရှောင်အား ပြောလာ၏ "ငါရှောင်ယွီနဲ့ ဖေးဖေးကို ကျောင်းပို့ပေးလိုက်မယ်။ မင်းခဏလောက် ဆက်အိပ်နေလိုက်လေ"
ကျိယွီရှောင် သူ့အားကြည့်၍ အတန်ကြာပြီးနောက်မှ လေသံဖြင့်ပြောလိုက်သည် "ကောင်းပြီ"
ကျိလဲ့ယွီအား ကားမောင်းပို့ပေးရသူမှာ ကျိယွီရှောင်မှ သီးသန့်ခန့်အပ်ထားသော ဒရိုင်ဘာလော့ကျားဖြစ်သည်။
လော့ကျား၏ ယခင်အလုပ်မှာ ဒရိုင်ဘာမဟုတ်ဘဲ ယခုသည်ပင် သူ၏ အချိန်ပိုင်းအလုပ်မျှသာဖြစ်၏။ တစ်နည်းပြောရလျှင် ကျိယွီရှောင်မှ သူ့အားတောင်းဆိုလာ၍ ကျိယွီရှောင်၏မျက်နှာကို ထောက်ထားသောအားဖြင့် ကျိလဲ့ယွီအား ကျောင်းသို့ ကားမောင်းပို့ပေးရသည့် တာ၀န်ကို လက်ခံခဲ့ခြင်းဖြစ်သည်။
"မဂႅလာပါ ဦးဦးလော့" ကျိလဲ့ယွီက ထိုလူအား ယဥ်ကျေးစွာနှုတ်ဆက်၍ မိတ်ဆက်ပေးရန်လည်း မမေ့ခဲ့ချေ။ "သူက သားပါးပါးရဲ့ အိမ်ထောင်ဖက် ရှုရှုလင်းပါ။ သူကတော့ သားရဲ့ကိုကို လင်းဖေးတဲ့။"
မနေ့ညက လော့ကျားသည် ကျိယွီရှောင်ထံမှ နောက်ပိုင်းတွင် လင်းလော့ချင်းက ကျိလဲ့ယွီနှင့် လင်းဖေးတို့နှစ်ယောက်အား ကျောင်းသို့ ပို့ပေးလိမ့်မည်ဟူသော ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးဖြစ်၏။
ထိုသို့ဖြစ်ရာ သူသည် မနေ့ညကဖုန်းခေါ်ဆိုမှု၌ပင် လင်းလော့ချင်း၏ ကိုယ်ရေးအထောက်အထားများကို မေးမြန်းထားပြီဖြစ်သည်။
သူသည် ကျိယွီရှောင်မှ မရင်းနှီးသော လူတစ်ယောက်အား အဘယ်ကြောင့် ဤမျှ အလျင်စလို လက်ထပ်လိုက်သည်ကို မသိသော်လည်း ကျိယွီရှောင်၏ လုပ်ပုံကိုင်ပုံများအရ လျှို့၀ှက်ထားသော ရည်ရွယ်ချက်ရှိပေလိမ့်မည်။
သို့သော်ငြားလည်း လင်းလော့ချင်းသည် အရွယ်ရောက်သူတစ်ဦးဖြစ်၍ ကျိယွီရှောင်နှင့် လက်ထပ်ရာ၌ သူ့ကိုယ်ပိုင်အမြင်များ ရှိပေမည်။ ထိုသူနှင့် ပတ်သက်၍ စိတ်ပူနေရန် မလိုပေ။
လော့ကျားသည် ပြုံးပြလိုက်ပြီး သူ့ကိုယ်သူမိတ်ဆက်လာ၏။ "ကျွန်တော်က ရှောင်ယွီရဲ့ဒရိုင်ဘာ လော့ကျားပါ"
လင်းလော့ချင်း တစ်ဖက်လူအား အကဲဖြတ်လိုက်၏။ ထိုသူသည် ဒရိုင်ဘာတစ်ယောက်နှင့် မတူပေ။ လော့ကျားသည် အရပ်ရှည်၍ ကျန်းမာသော ဂျုံရောင်အသားအရေ ရှိ၏။ သူ့မျက်နှာပေါ်မှ အပြုံးသည်ပင် သူ၏ကိုယ်ပိုင် အေးစက်သောအရှိန်အ၀ါကို အပြည့်အ၀ဖုံးကွယ်နိုင်စွမ်းမရှိချေ။ သူက ပြောက်ကျားဘောင်းဘီကို ၀တ်ဆင်ထားပြီး အနားစွန်းများကို စစ်ဖိနပ်ထဲသို့ သေသပ်စွာ ထိုးထည့်ထားသည်။
သူသည် ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီးနောက် လင်းလော့ချင်းအား တံခါးဖွင့်ပေးလိုက်၏။
လင်းလော့ချင်း ယဥ်ကျေးစွာပြောလိုက်၏ "ကျေးဇူးတင်ပါတယ်"
"ရပါတယ်" ထိုသို့ပြောပြီးနောက် လော့ကျားသည် ကားရှေ့ခန်းသို့ ပတ်လျှောက်သွားပြီး ဒရိုင်ဘာခုံ၌ ၀င်ထိုင်လိုက်၏။
ကျိယွီရှောင်က သူတို့ ကားထဲ၀င်သွားသည်ကိုကြည့်ပြီး ဒုတိယထပ်စာဖတ်ခန်းမှ ထွက်လာ၏။ ထို့နောက် အိပ်ခန်းသို့ပြန်သွား၍ အိပ်ရာပေါ်လှဲလိုက်၏။
မနေ့ညက သူတစ်ကယ်ပဲ အိပ်ပျော်သွားတာလား...
လင်းလော့ချင်းသရုပ်ဆောင်တာကို မကြည့်ပဲနဲ့တောင်မှ အိပ်ပျော်သွားတာလား...
၎င်းကားတကယ် ထူးဆန်းလှပေသည်။ ကျိယွီရှောင်သည် ယခု သူပြန်ကောင်းလာပြီလားဟု စမ်းကြည့်ချင်နေ၏။ သူ၏ရှေ့၌ လင်းလော့ချင်းက သရုပ်မဆောင်ပြလျှင်တောင်မှ အိပ်ပျော်နိုင်ပြီလား...
ကျိယွီရှောင်က သူ၏မျက်လုံးများကိုမှိတ်၍ အချိန်အတော်ကြာအောင် လှဲနေခဲ့၏။ မိနစ်လက်တံမှ တစ်ပတ်လည်ပြီးသွားသော်လည်း အိပ်ငိုက်မှုတစ်စွန်းတစ်စကိုပင် မခံစားရချေ။
သူမနေ့ညက အိပ်ရေး၀သွားလို့လား....ကျိယွီရှောင်တွေးလိုက်၏။ သို့မဟုတ် လင်းလော့ချင်းက သူ့ဘေးမှာရှိနေဖို့ လိုအပ်တာလား...
သူထထိုင်လိုက်ပြီး မနေ့ညအား ပြန်တွေးလိုက်ကာ ဒီည၌ ထပ်မံစမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။
လင်းလော့ချင်းမှ လင်းဖေးအား ကျောင်းလိုက်ပို့ပေးပြီးနောက် လော့ကျားက ကျိလဲ့ယွီ၏ KGကျောင်းသို့ လမ်းကွေ့၍ မောင်းသွားသည်။
ကျိလဲ့ယွီကား အတော်လေး အိပ်ငိုက်နေ၏။ သူသမ်းလိုက်ပြီး ခေါင်းမစောင်းကျဘဲ မနေနိုင်ချေ။
လင်းလော့ချင်းက သူ၏ကလေးဆန်သော ပုံစံကိုတွေ့လိုက်ပြီး စိတ်ထဲ၌ ချစ်စရာကောင်းလိုက်တာဟု တွေးလိုက်၏။ သူသည် လက်ဆန့်၍ ကျိလဲ့ယွီအားဖက်လိုက်ပြီး ချော့ပြောလိုက်သည်။
"သား ခဏလောက် အိပ်ချင်သေးလား...ရှုရှုတို့ရောက်ရင် သားကိုနှိုးပေးမယ်လေ"
ကျိလဲ့ယွီသည် ထိုစကားကို မမျှော်လင့်ဘဲကြားလိုက်ရ၍ တစ်ခဏမျှ အနည်းငယ်ထိတ်လန့်သွား၏။
အခြားအသံတစ်ခုက သူ၏နားထဲ၌ နူးညံ့သိမ်မွေ့စွာ ပဲ့တင်ထပ်လာသကဲ့သို့ပင်။၎င်းအသံသည် ချစ်ခင်တွယ်တာမှုတို့ ပါရှိနေပြီး နွေဦးလေညင်းတမျှ ကိုယ်စိတ်နှလုံးအား အပန်းပြေစေ၏။
--သားအိပ်ငိုက်နေသေးလား...ဒါဆို မားမားကိုမှီပြီး ခဏအိပ်လိုက်နော်။ မားမားတို့ရောက်ရင် သားကိုနှိုးပေးမယ်လေ။
ဤအချိန်မျိုး၌ သူ၏အမေသည် ယခု လင်းလော့ချင်းကဲ့သို့ မျက်၀န်းများကွေး၍ သူ့အား ငုံ့ကြည့်လာလိမ့်မည်။
ကျိလဲ့ယွီ ရုတ်တရက် မသက်မသာဖြစ်လာ၏။ သူသည် လင်းလော့ချင်းအားမှီ၍ မျက်လုံးမှိတ်လိုက်လေသည်။
လင်းလော့ချင်း သူ့အားပွေ့ဖက်လိုက်ပြီး အကြိမ်အနည်းငယ်မျှ ညင်ညင်သာသာပုတ်ကာ ချော့သိပ်ပေးလိုက်သည်။
၎င်းသည် ကားရပ်သွားပြီး လင်းလော့ချင်းမှ လက်မောင်းထဲရှိ ကလေးငယ်အား ညင်သာစွာလှုပ်နှိုး၍ ပြောလာချိန်အထိသာဖြစ်၏
"ရှောင်ယွီ ထတော့နော် ရှုရှုတို့ သားရဲ့KGကို ရောက်ပြီ"
ကျိလဲ့ယွီ သူ၏မျက်လုံးများကိုဖွင့်ပြီး ပွတ်သပ်လိုက်သည်။ သူသည် မိန်းမောစွာပါးစပ်ဟ၍ 'တာ့တာ မားမား'ဟု ပြောမိလုနီးပါးပင်။ တစ်ဖက်လူ၏မျက်နှာကို မြင်ပြီးနောက် သူသည် နိုးကြားလာ၏။
၎င်းသည် သူ့မေမေ မဟုတ်ပါ၊ သူသည် ရှုရှုလင်းဖြစ်ပေ၏။
သူ၏မေမေသည် ဤကမ္ဘာ၌ မရှိတော့ရာ သူ့အား နောက်ထပ် ကျောင်းပို့ပေးနိုင်တော့မည် မဟုတ်ချေ။
ကျိလဲ့ယွီ၏ မျက်လုံးများကို ပွတ်သပ်နေသောလက်သည် တစ်ခဏ ရပ်တန့်သွားပြီးနောက် အလျင်အမြန်ပြန်ပွတ်လိုက်၏။
သူသည် လက်ကိုမြှောက်၍ လင်းလော့ချင်းအား လက်ယမ်းနှုတ်ဆက်လိုက်၏။ "တာ့တာ ရှုရှုလင်း"
"တာ့တာ" လင်းလော့ချင်းလည်း ပြန်နှုတ်ဆက်လိုက်သည်။
သူသည် ကျိလဲ့ယွီမှ ကျောင်းလွယ်အိတ် သေးသေးလေးကိုလွယ်၍ ကျောင်းထဲသို့၀င်သွားသည်အား ကြည့်နေခဲ့သည်။ ထို့နောက် သူသည် လော့ကျားနှင့် ကားမောင်းပြန်လာကြ၏။
ကျိလဲ့ယွီ စာသင်ခန်းထဲသို့၀င်၍ သူ၏ခုံတွင် ထိုင်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူ၏စာရေးခုံပေါ်တွင် 'mama'ဟူသော ဖျင်းယင်း(အသံထွက်စာလုံး)ကို လက်ဖြင့် တစ်လုံးချင်းရေးလိုက်၏။
သူ၏အမူအရာမှာ နက်မှောင်နေပြီး မျက်လုံးများသည် ခံစားချက်ကင်းမဲ့နေ၏။သူသည် ထိုစာလုံးများ မည်သည့်အချိန်ကမှ မရှိခဲ့လေဟန်ဖြင့် ပြောင်လက်နေသော သူ၏စာရေးခုံကို ကြည့်လိုက်၏။ နောက်ဆုံး၌ သူသည် စာရေးခုံပေါ်သို့ ခေါင်းလှဲချ၍ မျက်လုံးမှိတ်လိုက်လေသည်။
သူသည် သူ့မားမားကို သတိရ၏ ။ သူမအား အလွန့်အလွန် သတိရမိပေ၏။
......
လင်းလော့ချင်း အိမ်ပြန်ရောက်ချိန်၌ ၀ူရှင်းယွမ် ရောက်နေပြီဖြစ်သည်။
၎င်းသည် အလွန်သာမန်ဆန်သော လူတစ်ယောက်ဖြစ်၏။ သူသည် အသက်၃၀ ၀န်းကျင်လောက် ရှိပြီး မပိန်မ၀သလို မပုမရှည်ပေ။ ထိုသူသည် ကံတုံးဆံတောက်ကေရှိကာ အပေါ်ယံအားဖြင့် ကော်လံဖြူအလုပ်သမားများနှင့် ကွာခြားခြင်းမရှိပေ။
လက်ရှိအချိန်တွင် ကျိယွီရှောင်သည် သူ၏အိပ်စက်မရသောကံကြမ္မာအား လက်ခံထားပြီးဖြစ်သည်။ ယခုသူသည် လင်းလော့ချင်းပြန်လာသည်ကို မြင်လျှင် လာထိုင်ရန် လက်ယပ်ခေါ်လိုက်၏။
လင်းလော့ချင်းက ၀ူရှင်းယွမ်အား ယဥ်ကျေးစွာမိတ်ဆက်၍ ကျိယွီရှောင်ဘေးတွင် ထိုင်လိုက်သည်။
သူမေးမြန်းလိုက်သည် "ဘာဖြစ်နေတာလဲ..."
"မင်းရဲ့စာချုပ်"
ကျိယွီရှောင်က လက်ထဲမှ စာရွက်စာတမ်းကို သူ့အားပေးလိုက်သည်။
"ငါဒါကို မင်းအတွက် ကြည့်ပေးထားပြီးပြီ...ဘာပြဿနာမှ မရှိဘူး"
လင်းလော့ချင်းက ထိုသူအား သဘာ၀အလျောက် ယုံကြည်၍ စာချုပ်ကိုယူပြီး လက်မှတ်ထိုးရန် ပြင်လိုက်သည်။ ထို့နောက် လက်မှတ်မထိုးခင် စက္ကန့်ပိုင်းလေး၌ မျဥ်းဆွဲထားသော စာကြောင်းအချို့ကို တွေ့လိုက်ပြီး စာချုပ်ပေါ်ရှိ အထူးသီးသန့် မှတ်သားထားသော စာပိုဒ်ကို ဖတ်လိုက်၏။
[မှတ်ချက်: အုပ်စုBသည် အုပ်စုA၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မကျေနပ်ပါက အုပ်စုBမှ အချိန်မရွေး စာချုပ်ဖျက်သိမ်းရန် အခွင့်အရေးရှိပြီး စာချုပ်ဖောက်ဖျက်ခြင်းအတွက် မည်သည့်တာ၀န်မှ ခံယူရန်မလိုအပ်ပါ။ အကယ်၍ အုပ်စုAသည် အထက်ပါအချက်များကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် အုပ်စုAမှ အုပ်စုBအား နစ်နာဆုံရှုံးမှု၏ အဆ၃၀၀ကို လျော်ကြေးအဖြစ် ပေးအပ်ရမည်ဖြစ်သည်။]
လင်းလော့ချင်း, “....”
လင်းလော့ချင်း သူ၏လက်မှတ်ထိုးရမည့် နေရာအား ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်သည်။ သံသယဖြစ်စရာမလိုပေ။ သူက အုပ်စုBဖြစ်ပြီး ရှင်းရီက အုပ်စုAဖြစ်နေတယ်!
ဒီလိုဆိုရင် ...
လင်းလော့ချင်း ကျိယွီရှောင်အား အသာတို့၍ စာပိုဒ်ပေါ်ရှိစာများကို ညွှန်ပြပြီး သတိပေးလိုက်၏ "အုပ်စုAနဲ့ အုပ်စုBက နေရာမှားရေးထားတာလားလို့?"
ကျိယွီရှောင် စာချုပ်အား တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြန်ပြောလာ၏
"မမှားပါဘူး။ မင်းက အုပ်စုBမလား..."
ဟုတ်တယ်ဆိုပေမယ့် သူအုပ်စုBဖြစ်နေတာကပဲ ပြဿနာမဟုတ်ဘူးလား?
"အဲ့ဒီတော့ ငါက ဘယ်အချိန်ဖြစ်ဖြစ် လျော်ကြေးပေးစရာမလိုပဲနဲ့ စာချုပ်ဖျက်လို့ရပေမဲ့ တစ်ဖက်အုပ်စုကတော့ မရဘူး။ ပြီးတော့ သူတို့သာ ငါ့ကိုပြောထားတဲ့အတိုင်း မလုပ်ပေးရင်လဲ ငါက သူတို့ကို နစ်နာကြေးတောင်းလို့ရတယ်ပေါ့...အဲ့ဒါကလည်း ဆုံးရှုံးမှုရဲ့ အဆ၃၀၀ပေါ့..."
ဒါကြီးက အရင်းရှင်တွေအတွက် စာချုပ်ရော ဟုတ်သေးရဲ့လား...
ဒါက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပရဟိတလုပ်ငန်းအတွက် သီးသန့်စာချုပ်ကြီးပဲ!
ကျိယွီရှောင် ခေါင်းညိတ်လိုက်၏ "ပြောတာမှန်တယ်"
"ဒါမင်းအကြံလား..."
"ပြဿနာရှိလို့လား..."
လင်းလော့ချင်းကား အတော်လေးရှက်ရွံ့နေ၏ "ဒါက ပေါ်တင်ဖြစ်လွန်းမနေဘူးလား..."
ဒါက သူ့ရဲ့ဘက်လိုက်နေမှုကြီးကို စာရွက်ပိုင်းလေးမှာ ပြောင်ပြောင်တင်းတင်း ရေးချလိုက်တာပဲ!
ထိုစာချုပ်ကို မြင်သူတိုင်းက ကျိယွီရှောင်သည် အချစ်ရူးရူးပြီး သူ၏အိမ်ထောင်ဖက်အား ဘက်လိုက်ပေးနေသည်ဟု တွေးကြပေလိမ့်မည်။
ကျိယွီရှောင်သည်ကား ဤကိစ္စ၌ အလွန်တည်ငြိမ်ပေ၏။ "အဲ့ဒီတော့ ဘာဖြစ်လဲ... ဒါကငါ့ကုမ္ပဏီဖြစ်ပြီး မင်းက ငါ့ရဲ့ဇနီးလေ။ မင်းက သူဌေးရဲ့လက်တွဲဖော်ပဲ အောက်ခြေသိမ်း၀န်ထမ်းမှ မဟုတ်တာ။ မင်းရဲ့အထောက်အထားနဲ့ဆို ဒါကထိုက်တန်ပါတယ်"
လင်းလော့ချင်း, “……”
လင်းလော့ချင်း သူ၏မျက်နှာက အတော်လေးပူလာကြောင်း ခံစားမိနေသည်။
သူသည် ဘာကိုမှ မပြောတော့ပဲ လက်မှတ်ထိုးရန် ခေါင်းအား တိတ်တဆိတ်ငုံ့လိုက်၏။
"ငါပြီးပြီ"
"မင်းသိမ်းထားလိုက်ပါ" ကျိယွီရှောင် သူ့အားပြောလာ၏။
"...အစ်ကို၀ူက ကုမ္ပဏီကို မိတ္တူပြန်ယူသွားဖို့ မလိုဘူးလား?"
ကျိယွီရှောင် တစ်ခဏမျှ စဥ်းစားလိုက်သည်။ "ဒါဆိုလည်း ငါ့ကိုပေး"
သူထပ်ပြောလိုက်၏ "သူဌေးလက်တွဲဖော်ရဲ့ စာချုပ်ကို သူဌေးကပဲ သဘာ၀ကျကျ သိမ်းထားသင့်တာပေါ့။ ဒါမှ ပိုသင့်တော်တာ"
လင်းလော့ချင်း, “……”
လင်းလော့ချင်း သူ၏မျက်နှာ ထပ်ပူလာသည်ဟု ခံစားမိ၏။
ဘေးတွင်ထိုင်နေသော ၀ူရှင်းယွမ်: ...(ချောင်းဆိုးသံ)