Chapter 42
စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် သူတို့နှစ်ယောက်လုံး အချိန်မဆွဲဘဲ နေ့လည်စာစားပြီးလျှင် လင်းလော့ချင်း၏ ယခင်ကုမ္ပဏီဟောင်းသို့ သွားခဲ့ကြသည်။
လင်းလော့ချင်း၏ လက်ရှိအေးဂျင့်အနေဖြင့် ၀ူရှင်းယွမ်သည် လင်းလော့ချင်း၏ အရင်ကုမ္ပဏီနှင့် စာချုပ်အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်သည်။
လင်းလော့ချင်းကား ကျော်ကြားမှုမရှိဘဲ ကုမ္ပဏီအတွက် မည်သည့်အကျိုးကျေးဇူးမှ မပေးစွမ်းရသေးပေ။
ဤကဲ့သို့သောအချိန်၌ ထိုသူအားခေါ်ထုတ်နိုင်ရန် လျော်ကြေးပေးလိုသော အခြားကုမ္ပဏီတစ်ခု ရှိနေသေးရာ မူလကုမ္ပဏီမှ ငြင်းဆန်စရာအကြောင်းမရှိပဲ သူ့အား ၀မ်းမြောက်၀မ်းသာဖြင့် လက်လွှတ်ပေးလိုက်လေသည်။
စာချုပ်ပြီးဆုံးခြင်းသဘောတူညီချက်ကို ရက်အနည်းငယ်အတွင်း စေ့စပ်ညှိနှိုင်းပြီးဖြစ်ရာ လင်းလော့ချင်းမှ ထိုသို့သွား၍ ဖြစ်စဥ်အား အတည်ပြုရန်သာ ကျန်တော့ပေသည်။
သူ၏ ယခင်အေးဂျင့်ဟောင်းဖြစ်သော အစ်ကိုလီလည်း သတင်းလက်ခံရရှိပြီး သူ့အားစောင့်နေကာ စာချုပ်ကို ပေးလိုက်သည်။
ထို့နောက်တွင်မူ သူတို့နှစ်ယောက်လုံးသည် တစ်ဦးနှင့်တစ်ဦး ပတ်သက်ရန် အကြောင်းရှိတော့မည်မဟုတ်ပေ။
အစ်ကိုလီသည် ထိုသူအား ချစ်ခင်တွယ်တာမှု သိပ်မရှိသော်လည်း အဆုံး၌မူ သူတို့သည် တစ်ကြိမ်တစ်ခါမျှ သိကျွမ်းခဲ့ကြသည်ပင်။
မထွက်ခွာမီ၌ သူသည် တစ်ဖက်လူအား ကြင်နာစွာ သတိပေးခဲ့၏
"မင်းဒီနယ်ပယ်မှာ အောင်မြင်တိုးတက်ချင်ရင် မျက်နှာလေးကြည့်ကောင်းရုံနဲ့ မလုံလောက်ဘူး။ မင်းမှာ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားရှိရမယ်။ ဖြောင့်မတ်တဲ့စိတ်မရှိဘဲ အောင်မြင်ကျော်ကြားလာရင်တောင်မှ အဲ့ဒီအောင်မြင်မှုက ရေရှည်ခံမှာမဟုတ်ဘူး"
သူပြောသည်မှာ မမှားယွင်းသလို လင်းလော့ချင်းကလည်း ၎င်းကိုထောက်ခံ၏။
"ခင်ဗျားပြောတာ မှန်ပါတယ်"
ထိုသူသည် ယခင်ကကဲ့သို့ ပြန်လည်ငြင်းခုံခြင်း မပြုသည်ကိုမြင်လျှင် အစ်ကိုလီသည် သူ့အား ထူးဆန်းစွာ အပေါ်အောက်ကြည့်လိုက်၏။
ထို့နောက် အစ်ကိုလီသည် အံ့အားသင့်သွား၏။
တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်သော ရက်အနည်းငယ်လေးအတွင်း၌ လင်းလော့ချင်းသည် သက်သောင့်သက်သာရှိပုံပေါ်ပြီး အတော်လေး စိတ်ရင်းကောင်းလာ၏။
လင်းလော့ချင်းနှင့်ပတ်သက်၍ သိထားသင့်သော တစ်ချက်မှာကား အနှီလူသည် မျက်နှာလှသလောက် စရိုက်ဆိုး၀ါးလှ၏။
ထိုသူ၌မြင်တွေ့ရသော စိတ်နေသဘောထားကို ဒေါသတကြီးပေါက်ကွဲခြင်းဟုသာ ဖော်ပြနိုင်ပေ၏။
အစ်ကိုလီသည် အလိုအလျောက်ပင် လင်းလော့ချင်းအား အကြိမ်အနည်းငယ်ထက်ပို၍ ကြည့်လိုက်မိ၏။
လင်းလော့ချင်းကား ထိုနေရာ၌ ရပ်နေဆဲဖြစ်ပြီး သူ့အား ရက်ရောစွာ ကြည့်ခွင့်ပေးထားလိုက်သည်။
သူသည် စကားမပြောခဲ့ဘဲ မျက်၀န်းများတွင် အပြုံးဖျော့ဖျော့လေးပင် ရှိနေခဲ့၏။
သူက တည်ငြိမ်ပေါ့ပါးနေပြီး ဤအချက်ကပင် သူ၏အသွင်အပြင်ကို ပို၍ထက်မြက်သိမ်မွေ့နေစေသည်။
အစ်ကိုလီက ပြုံးလိုက်၏။ "မဆိုးဘူး။ နောက်ဆုံးတော့ မင်းက သရုပ်ဆောင်တစ်ယောက်နဲ့ ပိုတူလာပြီပဲ"
မမျှော်လင့်ဘဲ နောက်ဆုံးတော့ လင်းလော့ချင်းထွက်မသွားခင်မှာ တိုးတက်လာတယ်။ သူ့ကို အေးဂျင့်တစ်ယောက်အနေနဲ့ စီမံပေးခဲ့ရတဲ့အချိန်တွေ အလဟဿမဖြစ်သွားဘူးပဲ။
"အရင်သွားပါ" အစ်ကိုလီပြုံး၍ ပြောလိုက်သည် "အလုပ်ကြိုးစားရမယ်နော်"
လင်းလော့ချင်းလည်း ပြုံးလိုက်သည် "သေချာပေါက်ပဲပေါ့"
သူက လှည့်ထွက်သွားကာ အစ်ကိုလီအား လက်မြှောက်၍ ၀ှေ့ယမ်းနှုတ်ဆက်လိုက်ပြီး တံခါးအပြင်သို့ ၀ူရှင်းယွမ်နောက်မှလိုက်သွားသည်။
သူသည် စိတ်ခံစားချက် ပြင်းထန်ခြင်းမရှိဘဲ ကောင်းမွန်စွာ လမ်းခွဲရခြင်းကို ကြိုက်၏။ လင်းလော့ချင်းက အစ်ကိုလီနှင့်သူ၏ နောက်ဆုံးတွေ့ဆုံခြင်းမှာ ဤသို့ အေးချမ်းသော အပြုံးစကား၀ိုင်းဖြင့် အဆုံးသတ်ခဲ့သည်ကို အလွန်စိတ်ကျေနပ်နေပြီး ပျော်ရွင်နေ၏။
ဖြစ်နိုင်လျှင် သူသည် သူတို့အားလုံး ပိုမိုကောင်းမွန်သော အနာဂတ်ကိုရနိုင်ရန် မျှော်လင့်မိသည်။ သူက သူ၏စွမ်းရည်ကို ပြသနိုင်ရန် အခွင့်အလမ်းများ၊ စင်မြင့်များ ပိုမိုရရှိနိုင်ပြီး အစ်ကိုလီက မူလပိုင်ရှင်ကဲ့သို့ ရည်မှန်းချက်မလွန်ကဲသော ပျိုးထောင်ရမခက်ခဲသော ပိုကောင်းသည့် အနုပညာရှင်များရှိနိုင်လိမ့်မည်။
သူတို့နှစ်ယောက်လုံးသည် တစ်ဦးနှင့်တစ်ဦးမရှိဘဲ ပိုကောင်းလာလိမ့်မည်ဖြစ်သည်။
သို့ရာတွင် တချို့သောသူများက ကောင်းမွန်စွာ ခွဲခွာရန် ဆန္ဒရှိနေသော်လည်း အခြားသူများကား မရှိကြချေ။
လင်းလော့ချင်းမှ ဓာတ်လှေကားသို့ ဦးတည်သွားနေစဥ်မှာပင် သူ၏ အနောက်မှ ဟိတ်ဟန်များသော အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
"ယို့ ... ဒါက ငါတို့ရဲ့ နာမည်ကျော်ကြီးမလား...ဘယ်လိုလဲ၊ မင်း ဒီနေ့ ရိုက်ဖို့ဇာတ်လမ်းရပြီလား... ကုမ္ပဏီကိုပဲ သီးသန့်လာတာလား..."
လင်းလော့ချင်း, “……”
လင်းလော့ချင်း မကြားဟန်ဆောင်လိုက်သည်။
တစ်ဖက်လူသည် သူ့အား လွှတ်ပေးရန် ဆန္ဒမရှိနေချေ။
သူမတုံ့ပြန်ကြောင်းတွေ့လျှင် ထိုသူသည် အပီအပြင်ဆက်ပြောလေ၏။
"မင်းဘာလို့ စကားမပြောတာလဲ...မန်နေဂျာနဲ့ထပ်ပြီး စကားများလာတာလား...မင်းကိုယ်မင်း ဘာလို့ပြန်မသုံးသပ်တာများလဲနော်...ငါသာမင်းနေရာမှာဆိုရင် အနုပညာအသိုင်းအ၀ိုင်းကနေ အနားယူလိုက်တာကြာပြီ။ မင်းအတွက်တော့ ကုမ္ပဏီနဲ့လူတွေကြားမှာနေဖို့က စိတ်အနှောင့်အယှက်ဖြစ်စရာပဲလေ..."
လင်းလော့ချင်း အကူအညီမဲ့စွာ လှည့်ကြည့်လိုက်ပြီး လိမ္မော်ရောင် ပိုလိုရှပ်၀တ်ထားသော လူတစ်ယောက် သူ့ဆီသို့ လမ်းလျှောက်လာသည်ကို တွေ့လိုက်၏။
တစ်ဖက်လူသည်လည်း ချောမောခန့်ညားပြီး ကုမ္ပဏီလက်အောက်မှ အနုပညာရှင်နောက်တစ်ယောက် ဖြစ်နိုင်ပေသည်။ လင်းလော့ချင်း သူ၏မှတ်ဉာဏ်များအား လှန်လှောရှာဖွေပြီး နောက်ဆုံး၌ ထိုသူအားတွေ့သွား၏။
၎င်းသည် မူလပိုင်ရှင်ကဲ့သို့ ကုမ္ပဏီနှင့် တစ်ချိန်တည်း လက်မှတ်ထိုးခဲ့သော လျို့မင်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် အချင်းချင်းကြည့်မရကြဘဲ အကြိမ်အတော်များများ ရန်ဖြစ်ဆုတ်ဖြဲလေ့ရှိ၏။
သို့သော်လည်း လျို့မင်၏ အလုပ်သဘောထားမှာ မူလပိုင်ရှင်ထက် ပိုကောင်းပြီး ထို့ကြောင့်လည်း မူလပိုင်ရှင်ထက် ရိုက်ကွက်များ ပိုမိုရိုက်ကူးရန် အခွင့်အရေးများ ရခဲ့သည်။ ယခုတွင် ကုမ္ပဏီတွင်းရှိ သူ၏အနေအထားမှာ မူလပိုင်ရှင်ထက် ပိုကောင်းနေ၏။
လင်းလော့ချင်း၌ ထိုသူနှင့်ရှုပ်ရန် စိတ်ကူးမရှိဘဲ အေးစက်စွာပြောလိုက်၏ "ငါဒီကို စာချုပ်အဆုံးသတ်ဖို့ ရောက်နေတာ"
ဤသည်ကိုကြားလျှင် လျို့မင်ရယ်လိုက်သည်။ "မင်းက စာချုပ်အဆုံးသတ်ဖို့ လာတယ်... ဘာလို့တဲ့လဲ..
ဒီလောက်နှစ်တွေကြာပြီမှ မင်းက ဇီဇာကြောင်တာကလွဲရင် ဘာမှကောင်းကောင်းမလုပ်တတ်မှန်း ကုမ္ပဏီကသိသွားပြီး ထုတ်လိုက်တာလား... တော်တော်မလွယ်ကူခဲ့တာပဲ။ ဒါပေမယ့် တကယ်အားရစရာကောင်းတယ်"
လင်းလော့ချင်း, “……”
လင်းလော့ချင်းပြုံးလိုက်သည် "စိတ်တော့မကောင်းပေမယ့် သူတို့ကိုဖြုတ်လိုက်တဲ့သူက ငါလေ။ ငါပိုကောင်းတဲ့နေရာကို သွားရတော့မှာဆိုတော့ သဘာ၀ကျကျပဲ အခုကုမ္ပဏီကို ကြည့်ရှုမပေးနိုင်တော့ဘူးလေ။"
လျို့မင် သရော်လိုက်သည်။ "ဘာလို့လဲ... ဒီလိုတွေးပြီး နောက်ဆုံးတော့ အင်တာနက်ဆယ်လီလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား...ဒါက မင်းအတွက် တကယ်ကောင်းတဲ့နေရာပဲလေ။ အဆုံးသတ်ကျတော့လည်း မင်းက သရုပ်ဆောင်တစ်ယောက်အနေနဲ့ နှစ်တွေအများကြီးကြာတာတောင်မှ ၀င်ငွေသိပ်များများ မရနိုင်ဘူးလေ၊ ဟားဟား"
"ဒါဆိုရင်တော့ မင်းကို စိတ်ပျက်စေမိပြီ" လင်းလော့ချင်း၏လေသံကား ပုံမှန်ဖြစ်နေ၏။ "ငါက ရှင်းရီနဲ့ လက်မှတ်ထိုးလိုက်တာ"
လျို့မင်သည် ထိုသူက ရှင်းရီဟူသောအမည်ကို ပြောလာမည်ဟု မမျှော်လင့်ထားရာ ထိတ်လန့်သွား၏။
ချက်ကျလက်ကျပြောရလျှင် ရှင်းရီသည် အနုပညာနယ်ပယ်၌ ရှေ့ပြေးထိပ်တန်းကုမ္ပဏီတစ်ခု မဟုတ်ပေ။ ၎င်းကို နောက်ပိုင်းမှသာ စတင်တည်ထောင်ထားခြင်းဖြစ်ပြီး ယမန်နှစ်တွင် အခြေခိုင်လာခြင်း ဖြစ်သည်။ ၎င်းတို့၏ အကျော်ကြားဆုံးအနုပညာရှင်မှာ traffic starအဆင့်မျှသာရှိပြီး မရေမတွက်နိုင်သော ဆုပေါင်းများစွာ ရရှိထားသည့် အစပျိုးကောင်းသော အနုပညာရှင်အကောင်ကြီးကြီးများ တစ်ယောက်မှမရှိပေ။
ထိုသို့ဖြစ်ရုံမျှသာရှိသော်လည်း ရှင်းရီ၌ ကျိလုပ်ငန်းစုဟူသော နောက်ခံသစ်ပင်ကြီး ရှိလေ၏။ စတင်တည်ထောင်စဥ်မှာပင် ရှင်းရီသည် အနုပညာနယ်ပယ်၌ အောင်မြင်ကျော်ကြားပြီး လူသိများလာလေရာ ကျော်ကြားသောသရုပ်ဆောင် သို့မဟုတ် နောက်ခံအရင်းအမြစ်မရှိသော ကုမ္ပဏီငယ်လေးများထက် အပုံကြီးသာလေသည်။
လျို့မင်၏ စိတ်အခြေအနေမှာ ရုတ်တရက် မကောင်းတော့ပေ။
သူနှင့် လင်းလော့ချင်းတို့သည် ကုမ္ပဏီသို့ တစ်ချိန်တည်း၌ ၀င်ရောက်ခဲ့ကြသည်။ ရုပ်ရည်အရနှိုင်းယှဥ်လျှင် သူတို့နှစ်ယောက်လုံးအား ဆုံးဖြတ်ရန်ခက်ခဲလိမ့်မည် ဖြစ်သော်လည်း ကြိုးစားအားထုတ်ရာတွင်မူ သူသည် လင်းလော့ချင်းထက် ပိုကြိုးစားပြီး နောက်ဆုံးတွင် လင်းလော့ချင်းအား လွှမ်းမိုးနိုင်ခဲ့သည်။
အခုကျတော့ လင်းလော့ချင်းက ရှင်းရီကို တကယ်ပြောင်းတော့မယ်တဲ့လား၊ ဒါက ဘာကြီးလဲ...
ဘာလို့ ဒီလိုဖြစ်လာရတာလဲ...
လျို့မင် ၎င်းအား လက်မခံနိုင်ပေ။"ရှင်းရီက မင်းပြောတိုင်း ရနိုင်တဲ့ အရာမို့လား... မင်းလို နောက်ခံမရှိ၊ အဆင့်အတန်းလည်း မရှိတဲ့ကောင်ကို တကယ်လက်ခံရအောင် ရှင်းရီက ကန်းနေလို့လား..."
"ဒါတော့ ငါမသိဘူးလေ" လင်းလော့ချင်းက ဖြူစင်ရိုးသားဟန်ဖြင့် "ငါက အရမ်းပျင်းတယ်။ ဆင်းရဲပြီး ရုပ်လည်းဆိုးတယ်။ ရှင်းရီက ငါနဲ့ဘာလို့ လက်မှတ်ထိုးချင်မှန်း မသိဘူး"
သူသည် ရိုးသားသောဟန်ဖြင့် ၀ူရှင်းယွမ်အား လှည့်ကြည့်လိုက်သည်။
"အစ်ကို၀ူ၊ လူများမှားနေမလား... ပြောရရင် ခင်ဗျားလက်မှတ်ထိုးချင်တဲ့သူက ကျွန်တော်မဟုတ်ဘဲ တခြားလင်းလော့ချင်းတို့ တစ်ယောက်ယောက်တို့များ ဖြစ်နေမလား။ ဥပမာ ကျွန်တော်တို့ရဲ့ ဒီကမစ္စတာလျို့လိုပေါ့..."
၀ူရှင်းယွမ်: ...ဘော့စ်ရဲ့လက်တွဲဖော်အနေနဲ့ ဒီလိုစကားမျိုးပြောရတာ နည်းနည်းလေးမှ မရှက်ဘူးလား... မင်းနဲ့ လက်မှတ်ထိုးတာ မထိုးတာက အရေးကြီးနေလို့လား... မင်းလိုချင်ချင် မလိုချင်ချင် ကုမ္ပဏီက မင်းနဲ့ဥက္ကဌကျိတို့ရဲ့ ပိုင်ဆိုင်မှုဖြစ်နေပြီပဲကို!
"ကျွန်တော်တို့ မမှားပါဘူး။ တကယ် မင်းပါပဲ" ၀ူရှင်းယွမ် အကူအညီမဲ့စွာ ပြောလိုက်သည်။
"အဲ့သလိုလား..." လင်းလော့ချင်း ပြောလိုက်သည် "တကယ် မမှားဘူးပေါ့... ဒီက မစ္စတာလျို့မဟုတ်ဘူးပေါ့... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...မစ္စတာလျို့က မလုံလောက်ဘူးလား?"
လျို့မင်, “……”
လျို့မင် ဒေါသတကြီး အော်လိုက်သည် "လုံလောက်တာက လုံလောက်တာပဲ။ မင်းနဲ့မတွေ့ဖြစ်တဲ့ ရက်နည်းနည်းလေးအတွင်းမှာ မင်းက လက်ဖက်ရောင်းသမား ဖြစ်သွားတာပဲ။ မင်းရဲ့အပြုအမူနဲ့ ပြောပုံဆိုပုံတွေက လက်ဖက်စိမ်းဆန်လိုက်တာ"
လင်းလော့ချင်းက အံ့အားသင့်သွားဟန်ဖြင့် "မင်းဘာလို့ ဒီလိုပြောရတာလဲ... မင်းပဲပြောတော့ ရှင်းရီက ငါနဲ့ ဘာလို့ လက်မှတ်ထိုးရမှာလဲဆို...သူတို့ မျက်စိကန်းနေပြီလားဆို... ငါက အဲ့ဒါတွေကို မင်းအတွက် ကြင်ကြင်နာနာနဲ့ စုံစမ်းပေးနေရုံလေးပါ။ ငါက မင်းအတွက် ထောက်ထားပေးတာကို မင်းက ငါ့ကို ဒီလိုကြမ်းကြမ်းတမ်းတမ်း ပြောနေတာလား။ မင်းဘယ်လိုတောင် ကြင်နာမှုကို ဒီလို လက်တုံ့ပြန်နိုင်ရတာလဲ။ လူကောင်းလူဆိုး မခွဲခြားတတ်တဲ့အပြင် လူကောင်းတွေရဲ့စိတ်ကိုလည်း မသိနားမလည်ပါလား။ ဒါက ရိုးသားတဲ့လူတစ်ယောက် လူယုတ်မာတွေအပေါ် စိတ်ကောင်းထားမိလို့ ဒုက္ခရောက်ရတဲ့ တုန်ကော်လူကြီးမင်းနဲ့ ၀ံပုလွေပုံပြင်လေးလိုပဲ"
လျို့မင်, “……”
လျို့မင် အသည်းကျွမ်းမတတ် ဒေါသထွက်သွား၏။ သူတို့ မတွေ့ကြတာ ရက်အနည်းငယ်သာရှိသေးသည်။ လင်းလော့ချင်းသည် သူ့ပါးစပ်ကနေ ညစ်ညစ်ညမ်းညမ်းပြောရတာ အားမရတော့ဘဲ ထူးဆန်းသော ထေ့လုံးငေါ့လုံးများကို ပြောင်းသုံးလာ၏။ သူက လူတွေကို ဆိုးဆိုး၀ါး၀ါးစကားလုံးတွေ မပါပဲနဲ့ ကျိန်ဆဲနေတာပဲ!
"ရှင်းရီကို သွားရမယ်ဆိုတိုင်း ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်မနေနဲ့။ ခွေးက လူဖြစ်မသွားဘူး။ နောက်ဆုံးတော့လည်း ခွေးတစ်ကောင်ပဲ ဖြစ်နေဦးမှာပဲ။ ရှင်းရီဖြစ်နေရင်တောင်မှ မင်းလိုကောင်မျိုးက အောင်မြင်လာမှာမဟုတ်ဘူး"
"ဟုတ်တယ်" လင်းလော့ချင်း ပူးပေါင်းပါ၀င်စွာ ခေါင်းညိတ်လိုက်သည်။
"ငါက အရမ်းသာမန်ဆန်ပြီး ကျိန်းသေပေါက် အောင်မြင်မှာမဟုတ်ဘူး။ အရင်းအမြစ်နဲ့ နောက်ခံက နည်းနည်းလေးပိုကောင်းသွားပြီးတော့ ၀င်ငွေပိုများပြီး အလုပ်ပိုများလာရုံပါပဲ။ ဒါလေးက ဘာမှမဟုတ်ပါဘူး။ စိတ်ထဲမထားနဲ့နော်"
လျို့မင်: ...ငါတကယ် စိတ်ထဲထားတယ်ကွ!
"ပြီးတော့လေ ငါ့အေးဂျင့်က ငါတစ်ယောက်တည်းကိုပဲ ဂရုစိုက်ပေးရမှာ။ ဒါက တော်တော်ပင်ပန်းတာပဲ။ ငါမင်းကို မနာလိုဖြစ်လိုက်တာ။ မင်းရဲ့အေးဂျင့်ကျတော့ ဂရုစိုက်စရာလူ အရမ်းများတော့ မင်းကို အစစအရာရာ လိုက်ပြောနေမှာမဟုတ်ဘူးလေ။ ဘယ်လောက် လွတ်လပ်သလဲ"
လျို့မင်: ... သူတမင် ရယ်ရွယ်ချက်ရှိရှိပြောနေတာပဲ!
"တော်လောက်ပြီ!" လျို့မင် အံကြိတ်လိုက်သည်။
လင်းလော့ချင်းကား ရိုးသားပုံပေါ်လျက်။ "ငါမင်းကို ချီးကျူးလို့တောင် မရဘူးလား... ဘာလို့မင်းနဲ့ အဆင်ပြေဖို့ တော်တော်ခက်ခဲနေရတာလဲ..."
လျို့မင်, “.....”
ဒါက ငါ့ကို ချီးကျူးနေတာ...
မင်းက ရှင်းရှင်းလင်းလင်းကြီးကို ကြွားလုံးထုတ်နေတာလေ!
လျို့မင် ဒေါသထွက်စွာ အံကြိတ်ပြီး သူ့အား မုန်းတီးစွာ စိုက်ကြည့်လိုက်၏။ "စောင့်ကြည့်နေလိုက်စမ်းပါ!"
ထို့နောက် သူသည်လှည့်ထွက်သွားသည်မှာ လင်းလော့ချင်းထံမှ မည်သည့်စကားမျှ မကြားချင်တော့သလိုပင်။
တစ်ဖက်သူ၏ ခြေသံများမှာ လေပွေထွက်လာတော့မည့်နှယ် ပြင်းထန်လှပေရာ လင်းလော့ချင်းလည်း ပြုံးလိုက်၏။
ထိုသူတကယ် ထွက်သွားလေပြီ။ စိတ်မချမ်းမြေ့စရာတွေကို ဘာလို့များ အပြေးအလွှား လာရှာရသလဲ? ခံစားချက်ကောင်းကောင်းနဲ့ လမ်းခွဲရတာ မကောင်းလို့လား။ အဘယ်ကြောင့်များ သူ့အားပိတ်ဆို့၍ အထူးတလယ် သရော်လှောင်ပြောင်ချင်နေရသနည်း...
"သွားကြရအောင်" သူသည် ၀ူရှင်းယွမ်အား လှည့်ကြည့်၍ ဓာတ်လှေကားထဲသို့ ၀င်သွားသည်။
လျို့မင်သည် သူ့အေးဂျင့်၏ ရုံးခန်းတံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်လာပြီး ခေတ္တရပ်တန့်လိုက်၏။
သူသည် သူ၏အေးဂျင့်အား လင်းလော့ချင်းအကြောင်း ပြောပြ၍ သူ၏မကျေနပ်မှုကို ဖွင့်ဟချင်နေ၏။ ဒါပေမယ့် ဒါပြီးရင်ရော...
သူ့စကားတွေက ဘာများအသုံး၀င်မှာမို့လို့လဲ?
သူသည် ယခုအချိန်၌ လုံလောက်အောင် နာမည်မကြီးသေးချေ။ သူ၏အေးဂျင့်မှ သူ့တစ်ယောက်တည်းကို ဂရုစိုက်ပေးရန်မှာ မဖြစ်နိုင်ပေ။
အေဂျင်စီနှင့် သူ၏စာချုပ်မှာ ကျန်ရှိနေဆဲဖြစ်ပြီး သူသည် ရှင်းရီသို့ ပြောင်း၍မရနိုင်ပေ။
ထို့အပြင် သူက အခြားကုမ္ပဏီသို့ တကယ်ပြောင်းချင်လျှင်ပင် သူ၏အေးဂျင့်အား သိခွင့်မပေးသင့်ပေ။
လျို့မင် သက်ပြင်းချလိုက်သော်လည်း စိတ်ထဲမှဒေါသအား မဖိနှိပ်နိုင်ချေ။
ယနေ့တွေ့ခဲ့သောသူသည် အခြားတစ်ယောက်ဖြစ်ခဲ့လျှင် သူသည် ဤမျှဒေါသထွက်လိမ့်မည် မဟုတ်သော်လည်း ၎င်းသည် သူ့ဘက်မှ အစဥ်အမြဲ မနှစ်သက်ခဲ့သော၊ ယခင်က မောက်မာစွာနင်းခြေခဲ့သော လင်းလော့ချင်းဖြစ်နေသည်ပင်။
ဒါမျိုးဘယ်လိုလုပ် ဖြစ်လာရတာလဲ?
သိသိသာသာပင် လင်းလော့ချင်းက သူနှင့်မည်သည်ကိုမှ မယှဥ်နိုင်ပေ။ သူ့မှာ ဒီလိုကံကောင်းမှုမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်ရတာလဲ...
သူကတော့ လက်မခံပေ။
သူသည် လင်းလော့ချင်းက ဤကုမ္ပဏီမှ ခုန်ထွက်၍ ကိုယ်ပိုင်သီးသန့် အေးဂျင့်တစ်ယောက်ပင် ဘယ်လိုရှိလာကြောင်း တွေးနေလိုက်သည်။
ထိုအချိန်၌ပင် သူက ဤမွန်းကျပ်ဖွယ်ကုမ္ပဏီ၌ ရှိနေဆဲဖြစ်ပြီး အေးဂျင့်တစ်ယောက်အား တခြားသူများနှင့် မျှ၀ေနေရသည်။
လျို့မင် ဤသည်ကို ဆန္ဒမရှိသလို လက်လည်းလက်မခံနိုင်ချေ!
သူသည် ခေါင်းငုံ့လိုက်ပြီး စိတ်ထဲ၌မူ လင်းလော့ချင်းမှ ရှင်းရီအကြောင်းပြောချိန်တွင် ၀ံ့ကြွားနေခဲ့ပုံဖြင့် ပြည့်နှက်နေသည်။
လင်းလော့ချင်းလို အမှိုက်ကောင်ကိုတောင် ရှင်းရီက လက်ခံနိုင်သေးရင် ဘာလို့သူ့ကို လက်မခံနိုင်ရမှာလဲ...
သူရှင်းရီကို ပြောင်းသွားသည်နှင့်တစ်ပြိုင်နက် လင်းလော့ချင်း၌ မောက်မာနေစရာ အကြောင်းရှိတော့မည် မဟုတ်ပေ။ သူသည် ယခုလျို့မင်ကဲ့သို့ ကျိန်းသေပေါက်ကို စိတ်ပျက်အားငယ်သွားလိမ့်မည်ပင်။
ထိုသို့တွေးလိုက်သော် လျို့မင်၏ဒေါသမှာ အတော်လေး ငြိမ်သက်သွားသည်။ သူသည် ဤကုမ္ပဏီမှထွက်၍ ရှင်းရီသို့ပြောင်းရန် နည်းလမ်းရှာရလိမ့်မည်။ ၎င်းကား အတော်ခဲယဥ်းသဖြင့် သေချာစဥ်းစားထားရန် လိုအပ်ပေသည်။
လျို့မင် ထိုသို့တွေးပြီး အေးဂျင့်ရုံးခန်းမှ ပြန်လှည့်လာခဲ့သည်။
လင်းလော့ချင်းက သူ၏စကားအနည်းငယ်ကြောင့်နှင့် လျို့မင်ထံ ဤသို့အတွေး၀င်လာစေမှန်း မသိခဲ့ပေ။ အကယ်၍ သိခဲ့လျှင်လည်း သူသည် ပေါက်ထွက်မတတ် ရယ်မောပြီး လျို့မင်၏ ထက်မြက်လွန်းလှသောIQကို အားပေးအားမြောက် ပြုလိမ့်မည်ပင်။
လာပါ ရှောင်မင်လေးရေ...လာပြီးတော့ ငါ့အတွက် ပိုက်ဆံကြိုးစ
ားရှာပေးစမ်းပါ!
အနာဂတ်မှာ မင်းရှာသမျှရသမျှတွေက ငါ့ရဲ့၀ေစုလေးတွေ ဖြစ်လာမှာလေ!
ဒါက အချိန်ပိုင်း၀န်ထမ်း တစ်ယောက်ရဲ့ စိတ်ရင်းလေးပဲ၊ အချိန်ပိုင်း၀န်ထမ်းတွေက လူ့၀ိဇ္ဇာတွေပါပဲ!
မင်းရဲ့ဘော့စ်က မင်းကိုချစ်တယ်နော်!