Chapter 43
၀ူရှင်းယွမ် သူတာ၀န်ယူထားရသော ဘော့စ်ရဲ့လက်တွဲဖော် တစ်ဖြစ်လဲ အနုပညာရှင်ကို ကြည့်၍ စိတ်ထဲ၌ အတန်ငယ် ရှုပ်ထွေးနေ၏။
သူသည်ခဏမျှ တွေးတောနေလိုက်ပြီး ဓာတ်လှေကားမှ ထွက်လိုက်သည်နှင့် ယဥ်ကျေးစွာမေးလိုက်သည်
"လော့ချင်း၊ အခုမင်း ဘာလုပ်ဖို့ အစီအစဥ်ရှိလဲ..."
သူသည် အနာဂတ်၌ ကူညီစီစဥ်ပေးနိုင်ရန် အလို့ငှာ လင်းလော့ချင်း၏ အတွေးများကို နားလည်ထားရမည်ဖြစ်သည်။
လင်းလော့ချင်း၏ အတွေးများမှာ ရိုးရှင်းလှသည်။
"သင့်တော်တဲ့ ဇာတ်ညွှန်းတစ်ခုခုများရှိလား...ရှိနေရင် ကျွန်တော်ရိုက်မယ်၊ မရှိသေးရင်လည်း ကျွန်တော်စောင့်နေမယ်လေ"
"မင်းပြောတဲ့ သင့်တော်တဲ့ဇာတ်ညွှန်း ဆိုတာက ..." ၀ူရှင်းယွမ် အလေးအနက်ထား၍ မေးမြန်းလိုက်သည်။
သူ့ကို အပြစ်တင်၍မရပေ။ သူသည် လင်းလော့ချင်း၏ အရင်အေးဂျင့်ဟောင်းနှင့် အကြောင်းအရင်းနှစ်ခုကြောင့် အဆက်အသွယ်ရှိခဲ့သည်။ ပထမအချက်မှာ စာချုပ်ကိုနားလည်၍ အဆုံးသတ်နိုင်ရန်ဖြစ်ပြီး တခြားအချက်မှာ လင်းလော့ချင်း၏ စိတ်နေစိတ်ထားနှင့် ကိုယ်ရေးအချက်အလက်များ အတော်အတန် နားလည်သိရှိရန်ဖြစ်သည်။
ကျိယွီရှောင်၏ မျက်လုံးထဲတွင် သူ၏ချစ်သည်းညှာလေးသာ ရှိပြီး သူ၏ဇနီးသည်လေးက နေရာတိုင်း၌ ထူးချွန်သည်ဟု ထင်မှတ်ထားလေသည်။
"သူက ချောမောကြည့်ကောင်းပြီး ပင်ကိုစိတ်ရင်းလည်း ကောင်းတယ်။ ငါသူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို စစ်ပြီးပြီ။ သူက ဘယ်နေရာကမဆို သရုပ်ဆောင်နိုင်တယ်။ မင်းသူ့ကိုတောင် ဘာမှ မလုပ်ပေးနိုင်ရင်တော့ အေးဂျင့်ဘ၀ကနေ အနားယူပြီး ဒရိုင်ဘာပဲ သွားလုပ်နေသင့်တယ်"
၀ူရှင်းယွမ်, “……”
၀ူရှင်းယွမ်ကတော့ အနှီသူသည် ချစ်စိတ်များ လုံး၀ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်ဟုသာမြင်သည်။ အနုပညာနယ်ပယ်မှာ ဒီလိုလူမျိုး ဘယ်လိုလုပ်ရှိနေနိုင်မှာလဲ... ရှိနေရင်တောင်မှ အခုဆို အောင်မြင်နေလောက်ပြီ မဟုတ်လားလို့...
လင်းလော့ချင်းက ပွဲဦးထွက်ထားတာ နှစ်နှစ်ရှိပြီကို ဒီလောက်အဆင့်နိမ့်နေပါ့မလား!
ထို့ကြောင့် ပိုမိုနှံ့စပ်စေရန် ၀ူရှင်းယွမ်က လင်းလော့ချင်း၏ အရင်အေးဂျင့်အား မေးမြန်းစုံစမ်းခဲ့၏။ သူတို့သည် နယ်ပယ်တစ်ခုတည်းမှဖြစ်ပြီး အစ်ကိုလီက လင်းလော့ချင်းအတွက် တသသဖြစ်မနေရာ သဘာ၀ကျကျကို အမှန်အတိုင်း ပြောပြလိမ့်မည်။
"သူက တော်တော်ကြည့်ကောင်းတယ်မလား... သူ့ရဲ့ ဦးနှောက်နဲ့ ပြောင်းပြန်ပေါ့။ သူက မျက်နှာလေးကလွဲရင် သရုပ်ဆောင်စွမ်းရည်၊ အလုပ်လေးစားမှု၊ စိတ်ရင်းကောင်းလေးဖြစ်ဖြစ် IQဖြစ်ဖြစ် ဘာဆိုဘာမှမရှိဘူး။ အို့ ဒါတော့ အကုန်မမှန်သေးဘူး ... သူ့မှာ ပျက်စီးနေတဲ့ သခင်ငယ်လေးတစ်ယောက်ရဲ့ ဒေါသတော့ရှိတယ်"
၀ူရှင်းယွမ်, “……”
ဒါက ဘော့စ်ပြောခဲ့တာနဲ့ လုံး၀ကို အကွာကြီးပဲလေ!
အစ်ကိုလီက သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ငါအရင်တုန်းက သူ့မျက်နှာလေးကိုကြည့်ပြီး စိတ်ကူးတွေယဥ်ခဲ့တာ။ ပြီးတော့လည်း နောင်တစရလာတာပဲ။ ငါတကယ့်ကို နောင်တရခဲ့တာ"
၀ူရှင်းယွမ်, “……”
သူလည်း အခုနည်းနည်းလေး နောင်တရချင်လာပြီ။
"မင်း သိပ်မကြာခင် သိလာလိမ့်မယ်။ မင်းကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်ကွာ" အစ်ကိုလီက ရိုးဖြောင့်စွာ ပြောလာသည်။
'...ငါ..ငါလည်း မျှော်လင့်ပါတယ်'
ဤပထမဆုံး ထင်မြင်ချက်၏ ကျေးဇူးကြောင့် အလိုအလျောက်ပင် ၀ူရှင်းယွမ်သည် လင်းလော့ချင်းအတွက် သရုပ်ဆောင်အလုပ်ကို အလျင်စလို မစီစဥ်ရဲပေ။ လင်းလော့ချင်းက မကျေနပ်လျှင် ကျိယွီရှောင်မှ သူ့အား အလုပ်ပြောင်းရန် ဖိအားပေးခံရမည်ကို ကြောက်လေသည်။
ထို့ကြောင့်လည်း သူသည် တွေး၍ပြောလိုက်သည် "ဒါက အကြီးစား ရင်းနှီးမြှုပ်နှံထားတဲ့ကားလား၊ နောက်ခံတောင့်တဲ့ကားလား ၊မဟုတ်ရင် ဇာတ်ညွှန်းကောင်းပြီး ဘတ်ဂျက်နည်းတဲ့ တီဗီဒရာမာဆိုရင်ရော အဆင်ပြေလား..."
"ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်" လင်းလော့ချင်းက ဤကိစ္စနှင့် စပ်လျဥ်း၍ ကြေးများမနေပေ။
သူမကူးပြောင်းလာမီက သူသည် နာမည်ကြီးသရုပ်ဆောင် တစ်ယောက်မဟုတ်ပေ။ အလုပ်ရှိတာကပင် ကောင်းနေသည်ဖြစ်ရာ သူကမည်ကဲ့သို့ ရွေးချယ်နေနိုင်မည်နည်း...
"နောက်ခံကောင်းတဲ့ကားက နောက်ခံကောင်းကြောင့် အားသာချက်ရှိသလို ဘတ်ဂျက်နည်းတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ဇာတ်လမ်းတွဲတွေရဲ့ အားသာချက်ရှိတယ်။ ဇာတ်ညွှန်းကောင်းနေသရွေ့ ကျွန်တော်က ဘာနဲ့ဖြစ်ဖြစ် အဆင်ပြေပါတယ်"
"ဒါဆို ဇာတ်ကောင်ကျတော့ရော..."
"ဒါက ရပါတယ်" လင်းလော့ချင်း ပြန်ဖြေလိုက်သည်။
"ကျွန်တော်က အဓိကဇာတ်ဆောင်ရော အရံဇာတ်ပို့ရော ရတယ်။ ဇာတ်ကောင်စရိုက်က သင့်လျော်နေသမျှ အရံဇာတ်ပို့ဖြစ်ရင်တောင် တောက်ပလာနိုင်ချေရှိပါတယ်"
"ဒါပေမယ့် ..." လင်းလော့ချင်း တွန့်ဆုတ်နေလျက်။
၀ူရှင်းယွမ် ထိုသူအားကြည့်လိုက်ပြီး စိတ်ထဲ၌ အော်ဟစ်နေ၏၊ ပြဿနာတော့ စလာပြီ!
သူဘာလိုချင်တာလဲ... လူကြိုက်များတဲ့ သရုပ်ဆောင်ကြယ်ပွင့်တွေလား၊ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာလား? နှစ်ခုလုံးလိုချင်တာတော့ မဖြစ်နိုင်ဘူးမလား!
"ဒါပေမယ့် ဘာလဲ..." ၀ူရှင်းယွမ်က သတိအနေအထားဖြင့် မေးလိုက်၏။
လင်းလော့ချင်းသည် အချိန်အတန်ကြာ နှုတ်ဆိတ်နေပြီးမှ စိတ်ဆုံးဖြတ်၍ ပြောလိုက်သည်
"ဒီရက်ထဲ ကျွန်တော့်ကို ဇာတ်ညွှန်းကူရွေးပေးတဲ့ အချိန်ကျရင် နီးနီးနားနားမှာ ရိုက်လို့ရတဲ့ တစ်ခုကို ရွေးပေးပါ။ ကျွန်တော် အိမ်နဲ့ အရမ်းမ၀ေးချင်ဘူး"
၀ူရှင်းယွမ်, “.....”
ဒါပဲလား... ဒါလေးပဲလား! အရမ်းရိုးရှင်းလွန်းနေတယ်...
သူမေးလိုက်သည် "နောက်ထပ် မရှိတော့ဘူးလား..."
လင်းလော့ချင်း ခေါင်းညိတ်လိုက်၏။ "အစ်ကို၀ူက ကျန်တာတွေကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဇာတ်ညွှန်းအကြောင်းအရာ၊ ဇာတ်ကောင်ပုံစံနဲ့ ထုတ်လုပ်ရေးအဖွဲ့တွေကို ကြိုတင်စီစစ်ထားလို့ရပြီး ကျွန်တော့်အမြင်ကို မလိုအပ်လောက်ပါဘူး"
၀ူရှင်းယွမ် တစ်ဖက်လူအား မယုံကြည်နိုင်စွာ ကြည့်နေရင်း ခေါင်းညိတ်လိုက်သည်။ သူက အရမ်းစဥ်းစားပေးတတ်သေးတာလား...
ဒါက သူ့အရင်အေးဂျင့် ပြောခဲ့တာနဲ့လည်း လုံး၀မတူဘူးလေ!
သူက ဂရုစိုက်ပျိုးထောင်ပေးဖို့ တကယ်လွယ်တာပဲ။
၀ူရှင်းယွမ်မှ လင်းလော့ချင်းကို အိမ်လိုက်မပို့ခင်တွင် နှစ်ယောက်သား တစ်ခဏမျှ စကားစမြည်ပြောဆို ဆွေးနွေးခဲ့ကြသည်။
"ကောင်းပါပြီ" လင်းလော့ချင်း သူ့အားနှုတ်ဆက်၍ တံခါးထဲသို့ ၀င်သွား ပြီးလျှင် ဒုတိယထပ်သို့ တန်းတန်းမတ်မတ် တက်သွားသည်။
သူသည် သူ၏အိပ်ခန်းသို့ ပြေးသွားရန် အလျင်မလိုဘဲ ကျိယွီရှောင်၏ စာဖတ်ခန်းသို့ လျှောက်လာလိုက်သည်။
ကျိယွီရှောင်သည် အလုပ်များနေပြီး လင်းလော့ချင်း ပြန်လာသည်ကိုမြင်လျှင် စာရိုက်နေသည်ကို ရပ်လိုက်၏။ သူမေးလိုက်သည်
"စာချုပ်ကိစ္စ ဖြေရှင်းပြီးပြီလား..."
"ဖြေရှင်းပြီးသွားပြီ။ ငါ့ရဲ့ အရင်အေးဂျင့်က အတော်ကောင်းတဲ့သူလေ"
"ဒါဆို မင်းဘာလို့ နာမည်မကြီးလာသေးတာလဲ..."
လင်းလော့ချင်း အခန်းထဲမှ ဆိုဖာပေါ်ထိုင်ချလိုက်ပြီး ထိုသူအားရှင်းပြလိုက်သည်
"နာမည်ကြီးတာ မကြီးတာက သဘောတရားသက်သက်ပါပဲ။ နာမည်ကြီးချင်တိုင်းလည်း နာမည်မကြီးလာနိုင်ဘူးလေ။ သူတို့ဘ၀တစ်လျှောက်လုံး အလုပ်ကြိုးစားခဲ့ပေမဲ့ နာမည်မကြီးလာနိုင်ကြတဲ့ သရုပ်ဆောင်တွေလည်း အများကြီးပဲ"
ဥပမာဆိုရင် သူသည်ကြိုးစားခဲ့သော်လည်း အမြဲတစေ ကံကောင်းမှုနှင့် အခွင့်အလမ်း တော်တော်များများ ချို့တဲ့ခဲ့ရသည်။
ကျိယွီရှောင်က ထိုစကားများမှ အထီးကျန်ဆန်မှု တစ်စွန်းတစ်စလေးကို ခံစားမိလိုက်ပြီး တစ်ဖက်သူကို မနှစ်သိမ့်ပေးမီ အေးခဲနေခဲ့၏ "ဒါက အဆင်ပြေပါတယ်။ နောက်ပိုင်းကျရင် မင်းအောင်မြင်ကျော်ကြားလာမှာပါ"
"မျှော်လင့်ရတာပဲ" လင်းလော့ချင်း ပြုံးလိုက်သည်။
သရုပ်ဆောင်တစ်ယောက်ဖြစ်လာရင် လူတိုင်းက အောင်မြင်ချင်ကြတာပဲလေ။
ဤသည်ကလည်း နာမည်ကြီးလာလျှင်သာ ရွေးချယ်စရာတွေ ပိုများပြီး ပြောရေးဆိုခွင့်လည်း ရှိလာလိမ့်မည်ဖြစ်သောကြောင့်ပင်။
ကျိယွီရှောင် ထိုသူ၏ မျက်နှာပေါ်မှအပြုံးကို မြင်ပြီး ထောက်ခံလိုက်သည်။ "မင်းကျိန်းသေပေါက် အောင်မြင်လာမှာပါ"
လင်းလော့ချင်း သူ့အား အပြုံးလေးနှင့် ကြည့်လိုက်သည်။ သူ၏မျက်၀န်းလေးများမှာ တောက်ပရွှန်းလဲ့နေခဲ့သည်။
သူသည် တစ်နေ့လုံး ကိစ္စအတော်များများကို ဖြေရှင်းနေခဲ့ရာ ယခု အားလပ်ချိန်ရောက်သည်နှင့် ပင်ပန်းနွမ်းနယ်ချင်လာ၏။
လင်းလော့ချင်းလည်း ကျိယွီရှောင်အား နှောင့်ယှက်ရန် ရှက်ရွံ့သဖြင့် သူတို့၏အိပ်ခန်းသို့ ပြန်သွားကာ တစ်ရေးအိပ်လိုက်သည်။ ထို့နောက် ကျိလဲ့ယွီအား ကျောင်းသွားကြိုရန် နှိုးစက်မြည်လာ၍ ထထိုင်ပြီး ကျိလဲ့ယွီနှင့် လင်းဖေးတို့ကို သွားကြိုရန် ပြင်ဆင်နေလိုက်သည်။
ကျိလဲ့ယွီကား မူကြိုတွင်ရှိ၏။ သူသည် ယခု၌ ကျောင်းတွင်ရှိနေသော်လည်း လင်းဖေးထက် အတန်းပိုစော၍ ဆင်းရသည်။
လင်းလော့ချင်း သူ့အား၀င်ကြိုပြီးနောက် လင်းဖေးကို အတူသွားကြိုကြသည်။
ကျိလဲ့ယွီသည် ယခင်က ၎င်းကို မတွေ့ကြုံဖူးပေ။ သူသည် လင်းဖေး၏ မူလတန်းကျောင်းကို အသစ်အဆန်းသဖွယ် ငေးကြည့်နေပြီး လင်းလော့ချင်းအား မေးလာ၏ "နောက်နှစ်ကျရင် သားလည်း ဒီကို စာလာသင်လို့ရလား..."
"ရတာပေါ့၊ အချိိန်ကျရင် သားလည်း ဖေးဖေးနဲ့ တစ်ကျောင်းတည်း သွားတက်လို့ရတယ်"
"သားက သူနဲ့တစ်တန်းတည်း တက်ရမှာလားဟင်..." ကျိလဲ့ယွီကား စပ်စုနေ၏။
"သေချာပေါက် မရဘူးပေါ့။ အဲ့ဒီအချိန်ကျရင် ဖေးဖေးက ဒုတိယတန်းတက်ပြီး သားက ပထမတန်းတက်ရမှာလေ။ ဒါကြောင့်မို့ သားတို့က အတန်းတူတူတက်လို့မရဘူး"
ကျိလဲ့ယွီက ‘oh’ ဟုသာ အသံပြုပြီး တွေးတောနေခဲ့သည်။
သူစောင့်နေခဲ့ပြီး ကျောင်းဂိတ်တံခါးပွင့်လာသည်ကို မြင်လိုက်သည်။ လင်းလော့ချင်း ကားတံခါးဖွင့်ပြီး ထွက်လိုက်ရာ ကျိလဲ့ယွီလည်း သူ့နောက်မှ ထွက်လာ၏။
လင်းဖေးက ကျောင်းဂိတ်တံခါးမှ လမ်းလျှောက်ထွက်လာပြီး လင်းလော့ချင်းစောင့်နေမည့်နေရာအား အကျင့်ပါစွာ လှမ်းကြည့်လိုက်သည်။ သူသည် လင်းလော့ချင်းဘေးမှ ကျိလဲ့ယွီကို တွေ့လိုက်၏။ သူတို့နှစ်ယောက်သည် လှည့်ပတ်ရှာဖွေနေကြပြီး ကျိလဲ့ယွီက လင်းလော့ချင်းထံမှ သင်ယူ၍ လက်၀ှေ့ယမ်းပြလာ၏။
လင်းဖေးသည် ခေတ္တခဏရပ်တန့်နေပြီး ပြန်လည်တုံ့ပြန်ကာ လင်းလော့ချင်းပြောခဲ့သည်ကို သတိရသွား၏။ နောက်ပိုင်းတွင် လင်းလော့ချင်းသည် သူ့တစ်ယောက်တည်း မဟုတ်ဘဲ ကျိလဲ့ယွီကိုပါ ကျောင်းကြိုပေးမည်ဖြစ်သည်။
ကျိလဲ့ယွီက မူကြိုတက်နေရဆဲဖြစ်လျက် သူ့ထက် ကျောင်းဆင်းချိိန်ပိုစောပေရာ လင်းလော့ချင်းက သူ့အားအရင်၀င်ကြိုရပေမည်။
သူ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး သိပ်မ၀ေးသော နေရာရှိ လင်းလော့ချင်းအား ကြည့်လိုက်၏။ ထို့နောက် ကျိလဲ့ယွီကို ကြည့်လိုက်ပြီး စိတ်ထဲ၌ မပြောပလောက်အောင် ထူးဆန်းသော ခံစားချက်တစ်မျိုး ဖြစ်တည်လာ၏။
၎င်းသည်ကား မကျေမနပ်ဖြစ်ခြင်း မဟုတ်သော်လည်း ကျောက်စရစ်ခဲလေးတစ်တုံးဖြင့် ပစ်ပေါက်ခံလိုက်ရသလိုသာပင်။
ကျောက်စရစ်ခဲလေးသည် အလွန်သေးငယ်ရကား သူ့အား အမှန်တကယ် မနာကျင်စေသလို အဆင်မပြေမဖြစ်စေပေ။
သို့သော်လည်း ၎င်းကသူ့အား ထိမှန်လာချိန်မှာ လျှပ်တပြက်ဆန်လှသည်။
လင်းဖေးလည်း လင်းလော့ချင်းရှိရာသို့ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်လာသည်။ လင်းလော့ချင်းက သူ့ခေါင်းကိုပုတ်၍ ကားထဲ၀င်ရန် အပြုံးလေးနှင့် ပြောသည်။
လင်းဖေးက ပြတင်းပေါက်ဘေးတွင် သတိကြီးစွာထိုင်ပြီး ကျောင်းလွယ်အိတ်လေးကို ပေါင်ပေါ်တွင်တင်လျက် ပွေ့ထား၏။
လင်းလော့ချင်းလည်း ကားထဲ၀င်၍ လင်းဖေးနှင့် ကျိလဲ့ယွီတို့ကြား၌ မျှမျှတတ ၀င်ထိုင်လိုက်သည်။
သူထိုင်ချပြီး သိပ်မကြာခင်လေးတွင်ပင် ကျိလဲ့ယွီမှ ခေါင်းငဲ့လိုက်ပြီး လင်းဖေးအားမေးလာ၏ "ကိုကို၊ ကျောင်းမှာ ဘာတွေသင်ရလဲ...စာဘယ်လိုဖတ်ရမလဲသိလား..."
လင်းဖေးခေါင်းညိတ်လိုက်သည် "အင်း"
"ဘယ်လို ရေတွက်ရမလဲဆိုတာရော သင်ရတာလား..."
"အင်း"
"ဒါဆို ကိုကိုသင်ရတာက သားတို့သင်ရတာနဲ့ အတူတူပဲရယ်" ကျိလဲ့ယွီ ကောက်ချက်ချလိုက်၏။
လင်းဖေးလည်း ဤအကြောင်းတွေး၍ ပြောလိုက်သည် "အဲ့ဒါက တကယ်တော့ သိပ်မတူဘူး။ မူကြိုက ပိုလွယ်တယ်"
ကျိလဲ့ယွီက မယုံပေ။ "တကယ်လား..."
လင်းလော့ချင်းလည်း ကလေးနှစ်ယောက်ကိုယ်တိုင်က ရင်းရင်းနှီးနှီး ပြောဆိုနေကြပေရာ ရိုးရိုးရှင်းရှင်းပင် ကျိလဲ့ယွီအား ကောက်မ၍ လင်းဖေးဘေး၌ ချပေးလိုက်ကာ ပြတင်းပေါက်ဘေးသို့ ရွှေ့သွား၏။
"ဒါပိုမကောင်းဘူးလား... ဒီလိုဆို ရှုရှုက သားတို့နှစ်ယောက်ကြားမှာ ဧကရီမယ်မယ်လို ထိုင်နေစရာ မလိုတော့ဘူးလေ"
လင်းဖေးသည် တစ်ဖက်ပြတင်းပေါက်ဘေးတွင် ထိုင်နေသူကိုမြင်၍ ကျောက်စရစ်ခဲလေးက နောက်တစ်ကြိမ် ပေါ်လာပြန်၏။ ထိုအရာသည် အလွန်တရာ သေးငယ်ပြီး ပေါ့ပါးလှပေသည်။ သိသာထင်ရှားစွာပင် ၎င်းကား ဘာမျှမဟုတ်သော်လည်း သူခံစားမိနေသေး၏။
ကျိလဲ့ယွီက လင်းလော့ချင်းအား ချိုသာစွာ ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် ရှုရှုလင်း"
"ရပါတယ်" လင်းလော့ချင်းလည်းပြုံးလိုက်၏။
ကျိလဲ့ယွီလည်း လင်းဖေးအား ခေါင်းပြန်လှည့်ကြည့်ပြီး ပထမတန်းအကြောင်း ဆက်မေးနေ၏။
လင်းဖေးက စိတ်ရှည်လက်ရှည် ဖြေပေးနေ၏။ ကျိလဲ့ယွီသည် မေးမြန်းပြီးသောအခါ သူ၏မေးစေ့ကို ကိုင်လျက်တွေးလိုက်သည်။ ပတမတန်းကား ဤမျှ စိုးရိမ်စရာမလိုအပ်ပေ။ သူသည်လည်း ပထမတန်း တက်နိုင်ပေသည်။
သို့သော် ပထမတန်းက စောစောကျောင်းတက်ပြီး နောက်ကျမှ ဆင်းရ၏။ ထို့ကြောင့်လည်း ကျိလဲ့
ယွီသည် တစ်ခဏမျှ တွေးတောပြီးနောက် ထိုအကြံအား လက်လျှော့လိုက်လေသည်။
သူသည် ကျောင်းသွားရတာ မကြိုက်သလို အိမ်စာလုပ်ရတာကိုလည်း မနှစ်သက်ပေ။ မူကြိုတွင် ဆက်နေခြင်းကသာ ပိုကောင်းသောအကြံ ဖြစ်ဟန်တူ၏။