အပိုင်း ၄၄
Viewers 25k

Chapter 44




ညနေခင်း ၉:၃၀ တွင်၊ လင်းလော့ချင်းသည် ကျိလဲ့ယွီ၏ အခန်းတံခါးကို ခေါက်၍ ရေချိုးပေးရမလားဟု မေးလာ၏။


ကျိလဲ့ယွီက မမျှော်လင့်ထားသဖြင့် ထိုသူအား အံသြတကြီး ကြည့်လိုက်သည်။


သို့သော်လည်း ပြန်တွေးကြည့်လျှင် သူ၏အမေသာရှိလျှင် ယခင်အတိုင်း သူ့အား ရေချိုးပေးလိမ့်မည်ပင်။ ယခု လင်းလော့ချင်းသည် ကျိယွီရှောင်နှင့် လက်ထပ်ထားရာ သူ၏မွေးစားအမေအဖြစ် ယူဆ၍ရသည်။ ဤသို့ဆိုလျှင် သူ့အားရေချိုးပေးသည်မှာ ပုံမှန်ပင်ဖြစ်သည်။


ထို့ကြောင့် သူသည် ခေါင်းညိတ်၍ လက်ခံလိုက်သည်။ "ဟုတ်"


လင်းလော့ချင်းလည်း ကျိလဲ့ယွီ၏ အခန်းထဲမှ ရေချိုးခန်းသို့၀င်၍ ရေချိုးကန်တွင် ရေဖြည့်ပေးလိုက်ပြီး ကလေးအားမကာ ကန်ထဲသို့ထည့်လိုက်သည်။


တစ်စုံတစ်ယောက်မှ သူ့အားဤကဲ့သို့ ဂရုတစိုက် ရေချိုးမပေးတော့သည်မှာ အလွန်ကြာခဲ့လေပြီ။


ကားမတော်တမှုပြီးနောက် အစပိုင်း၀ယ် ကျိယွီရှောင်သည် wheelchair၌သာထိုင်၍ သူရေချိုးကန်တွင် ကိုယ်တိုင်ရေချိုးသည်ကို စောင့်ကြည့်ပေးနေတတ်သည်။


ကျိလဲ့ယွီသည် သူ့အား ပြဿနာမဖြစ်စေချင်ပေ။ အကြိမ်အနည်းငယ်မျှ ရှိပြီးနောက် သူသည် ကျိယွီရှောင်အား ပြောလိုက်သည် "သားဘယ်လိုလုပ်ရမလဲ သိပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း ရေချိုးတတ်တယ်။ ရှုရှုသားအတွက် စိတ်ပူစရာမလိုပါဘူး"


ကျိယွီရှောင်ကား ကလေးသည် ကြီးပျင်းလာ၍ ကိုယ့်အားကိုယ်ကိုးလိုစိတ် ပေါ်လာသည်ဟု ယူဆလိုက်၏။ သူက ကျိလဲ့ယွီသည် ရှက်နေ၍ အခြားသူများမှ သူ့ကိုမမြင်စေချင်ပေဟူ၍ ထင်လိုက်သည်။ ထို့ကြောင့် သူသည် ထွက်သွားပြီး ကျိလဲ့ယွီကို အိပ်ခန်းတွင် စောင့်နေတော့သည်။


မမျှော်လင့်ဘဲ ယခု၌မူ သူ့အား ရေချိုးပေးနိုင်မည့်သူ ရှိလာပြီပင်ဖြစ်သည်။


သူသည် လင်းလော့ချင်းအား ကြည့်နေပြီး စိတ်တွင်း၌ အတော်ရှုပ်ထွေးနေ၏။


ကျိလဲ့ယွီအတွက် ဤကမ္ဘာကြီး၏ တည်ဆောက်ပုံမှာ ရိုးစင်းပေ၏။ သူ၏ နှလုံးသားထဲ၌ သူ၏အဖေ၊သူ၏အမေ နှင့် ကျိယွီရှောင်ဟူသော လူသုံးယောက်သာရှိပေသည်။


အမှန်တကယ်အားဖြင့် သူ၏မိဘများမှာ မရှိကြတော့ပေရာ ကျိယွီရှောင်သည် စိတ်နှလုံးသားထဲက နှိုင်းယှဥ်မရနိုင်သော ပင်မဗဟိုချက်တွင် တည်ရှိနေပြီး ကျိလဲ့ယွီ၏ ကမ္ဘာကြီးတစ်ခုလုံး ဖြစ်လာ၏။


သို့သော် ယခု၌မူ ကျိယွီရှောင်၏ဘေး၌ လင်းလော့ချင်းလည်း ရှိလာပြီပင်။


ကျိယွီရှောင်က ထိုသူအား ကြိုက်နှစ်သက်ပေရာ ကျိလဲ့ယွီကလည်း လင်းလော့ချင်းကို သဘောကျနှစ်သက်ပေးရန် ဆန္ဒရှိပေ၏။


သို့သော်ငြားလည်း ယနေ့မတိုင်မီကပင် ကျိလဲ့ယွီသည် ကျိယွီရှောင်က သူ၏ပါးပါးဖြစ်လာခြင်းကို သိရှိရ၍ အံ့အားသင့်ခဲ့ရပြီးဖြစ်ရာ လင်းလော့ချင်းကိုလည်း ဤသဘောတရားအရ သူ၏အမေအဖြစ် သော်လည်းကောင်း နောက်ထပ်ပါးပါးတစ်ယောက်အဖြစ် သော်လည်းကောင်း မှတ်ယူနိုင်ပေသည်။


ယခုကဲ့သို့ပင် လင်းလော့ချင်းသည် သူ့အား ကျောင်းပို့ကျောင်းကြိုပေးမည်၊ ထမင်းအတူတူစားပေးမည်၊ ရေချိုးပေးပြီး တစ်ချိန်က သူ၏မေမေ လုပ်ပေးခဲ့သည့်အတိုင်း လုပ်ပေးလာလိမ့်မည်။ 


သူသည် လင်းလော့ချင်းကို ကြည့်နေလိုက်သည်။ လင်းလော့ချင်းကား ခေါင်းငုံ့လျက် ရေချိုးဆပ်ပြာဖြင့် ကျိလဲ့ယွီအား ကိုယ်တိုက်ပေးနေ၏။ သူသည် အတည်ပေါက်ကြီး လုပ်ပေးနေရာ အချိန်တစ်ခဏမျှကြာပြီးနောက် ကျိလဲ့ယွီအား ဆပ်ပြာပူဖောင်းအမြှုပ်များ ဖုံးလွှမ်းသွားသည်။


လင်းလော့ချင်း ခေါင်းမော့လိုက်ပြီး ကျိလဲ့ယွီအား ပြုံးပြလာ၏။ သူ၏မျက်၀န်းများကား သူ့မေမေအတိုင်း ကြင်နာနူးညံမှုတို့ဖြင့် ပြည့်နှက်နေပေသည်။


ကျိလဲ့ယွီခေါင်းငဲ့၍ ထိုသူအား လေးလေးနက်နက် စိုက်ကြည့်နေ၏။


"သားဘာလို့ ရှုရှုကို ဒီလိုကြည့်နေတာလဲ..." လင်းလော့ချင်း သိချင်စိတ်ပြင်းပြစွာ မေးလာ၏။ "ရှုရှုမျက်နှာပေါ်မှာ တစ်ခုခုရှိနေလို့လား..."


ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။


သူကမေးလိုက်၏ "ရှုရှုလင်း၊ ရှုရှုသားအပေါ် အမြဲတမ်း ကောင်းပေးမှာလားဟင်..."


"ဒါပေါ့" လင်းလော့ချင်း ပြန်ဖြေလိုက်သည်။ "သားက ရှုရှုရဲ့ ပေါင်ပေ့လေးပဲလေ~"


ကျိလဲ့ယွီသည် 'ပေါင်ပေ့'ဟူသော စကားလုံးကိုကြားလျှင် စိတ်လှုပ်ရှားပြီး ပျော်ရွှင်စွာပြုံးလိုက်၏။


သူ၏မေမေသည်လည်း သူ့အား မားမားရဲ့ပေါင်ပေ့လေးဟု ခေါ်လေ့ရှိခဲ့သည်။


သူသည် လင်းလော့ချင်းကို ကြည့်၍စိတ်ထဲ၌ တွေးလိုက်၏ 'ဒီလိုကျတော့လည်း နောက်ထပ်မေမေတစ်ယောက် ရတာက မဆိုးပါဘူး' 


မည်သို့ပင်ဆိုစေ သူ၏ရှုရှုက လင်းလော့ချင်းကို သဘောကျပြီး ယခုမှစ၍ သူတို့သည် အတူနေကြတော့မည်ဖြစ်သည်။ လင်းလော့ချင်းမှ သူ၏ရှုရှုအား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးချင်နေသရွေ့ မေမေနောက်တစ်ယောက် ရလာလည်း သူ့ဘက်က စိတ်ထဲထားမည်မဟုတ်ပေ။ အို့ ...မဟုတ်ဘူး၊ ယောက်ျားတွေကို မေမေလို့မခေါ်ရဘူး။ သူတို့ကို ဖေဖေလို့ခေါ်ရမှာပဲ။


လင်းလော့ချင်းက ဆပ်ပြာမြှုပ်များရေဆေးချ၍ ရေချိုးတဘက်ယူကာ ကျိလဲ့ယွီကိုယ်ပေါ်မှရေစက်များ ခြောက်သွားအောင်သုတ်ပေး၏။ ထို့နောက် ကျိလဲ့ယွီကို သယ်ထုတ်လိုက်၏။


ကျိလဲ့ယွီကားပြုံးနေပြီး စိတ်ကောင်း၀င်နေပုံပင်။


လင်းလော့ချင်း သူ့အား ကုတင်ပေါ်တင်၍ ညအိပ်၀တ်စုံ အသစ်တစ်ထည် လဲ၀တ်ပေးကာ ခေါင်းလေးကို ပုတ်လိုက်၏။ "စောစောအိပ်ရမယ်နော်..."


"ဟုတ်ကဲ့ ရှုရှု၊ ကောင်းသောညပါနော်"


"ကောင်းသောညပါဗျာ" လင်းလော့ချင်းထိုသို့ပြောကာ ကျိလဲ့ယွီ၏အခန်းမှ ထွက်လာပြီး လင်းဖေး၏အခန်းသို့ ၀င်သွားလိုက်၏။


လင်းဖေးကား စာအုပ်ဖတ်နေပြီး လင်းလော့ချင်း ၀င်လာသည်ကိုမြင်လျှင် မျက်နှာအမူအရာပင် သိပ်မပြောင်းချေ။


လင်းလော့ချင်းလည်း သူ့အနားလျှောက်လာ၏။ "အခုရေချိုးပြီး အိပ်ရမဲ့အချိန်ရောက်ပြီ"


လင်းဖေးက သူ့လက်ပတ်နာရီလေးကို ကြည့်ပြီး အင်တင်တင်ဖြင့် စာအုပ်ပိတ်ကာ လင်းလော့ချင်းနှင့်အတူ ရေချိုးခန်းကို၀င်လိုက်သည်။


ရေချိုးကန်ကို ရေနွေးဖြည့်နေသော လင်းလော့ချင်းအားကြည့်ရင်း လင်းဖေးပြောလိုက်သည် "သား ကိုယ့်ဘာသာ ရေချိုးနိုင်ပါတယ်"


လင်းလော့ချင်း သူ့အား တစ်ချက်လှည့်ကြည့်ပြီး အပြုံးလေးနှင့် ပြောလာ၏ "နောက်ရက်နည်းနည်းလောက်ကျရင် ရှုရှုက အလုပ်သွားရတော့မှာ။ အဲ့အချိန်ကျရင် သားကရှုရှုကို ရေချိုးပေးစေချင်ရင်တောင်မှ ရှုရှုမှာလုပ်ပေးဖို့ အချိန်ရှိတော့မှာမဟုတ်ဘူး။ ဒါကြောင့် မင်းရှုရှုမှာ အချိန်ရှိနေတုန်းလေး တန်ဖိုးထားပေးစမ်းပါ"


"ရှုရှုက အလုပ်လုပ်တော့မှာလား..." လင်းဖေးမေးလိုက်သည်။


လင်းလော့ချင်း ခေါင်းညိတ်လိုက်၏ "ဟုတ်တယ်၊ သားက ရှုရှုကိုလွမ်းနေမှာလား..."


လင်းဖေးကား ဘာမှမပြောလာချေ။


လင်းလော့ချင်းက အလွန်အကျွံ ပုံကြီးချဲ့ထားသော အမူအရာဖြင့် သက်ပြင်းချလိုက်ပြီး "မင်းဘယ်လိုတောင် အေးစက်စက် နေနိုင်ရတာလဲ... ရှုရှုကသားကို လွမ်းနေမှာပဲကို သားကကျ ရှုရှုကိုမလွမ်းဘူးပေါ့။ ဖေးဖေး သားတကယ်ကို တအားရက်စက်တာပဲ"


လင်းဖေး, “……”


လင်းဖေး အကူအညီမဲ့စွာသာ ပြန်ဖြေလိုက်နိုင်၏ "ရှုရှုကို သားလွမ်းနေမှာပါ"


"တကယ်လား..." လင်းလော့ချင်း သူ့အားကြည့်လိုက်သည်။


လင်းဖေး၏မျက်၀န်းထဲ၌ ၃၀%အကူအညီမဲ့ခြင်း၊ ၂၀%သည်းညည်းခံခြင်းနှင့် ၅၀%အလိုလိုက်ခြင်းတို့ ရှိနေ၏။


လင်းလော့ချင်း သူ့မျက်၀န်းထဲမှ အလိုလိုက်ပေးနေမှု ကိုကြည့်၍ တွေးလိုက်သည် 'လူလိမ္မာလေးပဲ၊ မိသားစုဓာတ်ပုံရိုက်ထားတာ သိပ်မကြာသေးတာတောင် လင်းဖေးက ပိုပြီးလိုက်လျောပေးလာတာပဲ၊ ချစ်ဖို့ကောင်းလိုက်တာ!'


လင်းလော့ချင်း လက်မြှောက်လိုက်၍ "လက်သန်းကတိပေးရမယ်"


လင်းဖေးကား မှင်သက်ဆွံ့အလျက် '... ဘာလို့ လက်သန်းကတိက လိုနေသေးတာလဲ...


ရှုရှုက တကယ် ကလေးဆန်လိုက်တာ!


လင်းဖေးလည်း လက်သာမြှောက်၍ လင်းလော့ချင်းနှင့် လက်သန်းချင်းချိတ်လိုက်သည်။


လင်းလော့ချင်းက ကျေနပ်သွားပြီး လင်းဖေးအား အ၀တ်ချွတ်ပေး၍ ရေချိုးကန်ထဲသို့ ထည့်လိုက်၏။


လင်းဖေးသည် လင်းလော့ချင်း၏ အလုပ်အကြောင်း သိပ်မမေးခဲ့ပေ။ လူကြီးတိုင်းက အလုပ်လုပ်ရသည်မှာ ပုံမှန်ပင်ဖြစ်ရာ လင်းလော့ချင်းအတွက် အလုပ်လုပ်ရခြင်းသည်လည်း ကြီးကြီးမားမား မဖြစ်လောက်ပေ။


သူထင်ထားသည်ကား လင်းလော့ချင်းလည်း သူ့မေမေလို မနက်စောစော အလုပ်သွားရပြီး ညနောက်ကျမှ ပြန်လာလိမ့်မည် ဖြစ်သော်လည်း သူ့အား နေ့တိုင်းတွေ့ရလိမ့်မည်ဟူ၍။ ထိုသို့ဖြစ်ရာ သူသည် သဘာ၀အတိုင်း ဤကိစ္စကို သိပ်စိတ်ပူမနေပေ။


လင်းလော့ချင်းက သူ့အား ရေမြန်မြန်ချိုးပေးပြီး တဘက်ဖြင့်သုတ်ပေးကာ သယ်ထုတ်လိုက်၏။


လင်းလော့ချင်း ညင်သာစွာပြောလာ၏ "ရှုရှုဒီည သားနဲ့တူတူ အိပ်ပေးမယ်လေ"


"ကျွန်တော် တစ်ယောက်တည်းလဲ အိပ်တတ်တယ်" လင်းဖေး၏ လေသံကား ပုံမှန်အတိုင်း တည်ငြိမ်မြဲတည်ငြိမ်နေဆဲပင်။


လင်းလော့ချင်း သူ့ခေါင်းလေးကိုပုတ်၍ ညအိပ်၀တ်စုံ၀တ်ပေးနေရင်း ပြောလိုက်၏


 "ရှုရှုက ဒီနေ့ ရှောင်ယွီကို ကျောင်းကြိုပေးပြီး မနက်တုန်းကလည်း ကျောင်းပို့ပေးခဲ့သေးတယ်လေ။ သားက စိတ်ထဲမထားလောက်ပေမဲ့ ရှုရှုက သားကိုသဘောကျလို့ အလျော်ပေးဖို့ သားနဲ့တူတူအိပ်ပေးချင်တယ်လေ"


လင်းဖေး၏ နှလုံးသားထဲရှိ ကျောက်စရစ်ခဲလေးမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။


သူသည် လင်းလော့ချင်းအားကြည့်၍ စိတ်မ၀င်စားစွာ ပြောလိုက်၏ "ကျွန်တော့်ကို အလျော်ပေးစရာမလိုပါဘူး"


"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ သားက မလိုအပ်ပါဘူး။ အလျော်ပေးချင်နေတဲ့သူက ရှုရှုပါ၊ ရပြီလား..."


လင်းလော့ချင်းက သူ့မျက်နှာကို ညှစ်လိုက်သည်။ "မင်းရဲ့ရှုရှုကို နည်းနည်းလေးတောင် ဘက်လိုက်ခွင့် ပေးလို့မရဘူးလား...ရှုရှုသားကို ဘယ်လောက်တောင်သဘောကျမှန်း သားမသိဘူးမလား"


လင်းဖေး, “……”


လင်းဖေးက 'အော်'ဟုသာပြော၍ နားရွက်များ နီမြန်းလာ၏။


"ဒါမှပိုကောင်းသွားတာ" လင်းလော့ချင်းသည် သူ့ခေါင်းကို ပွတ်လိုက်သည်။


"ရှုရှုကို စောင့်နေနော်။ မင်းရဲ့ရှုရှုကျိကို သွားပြောပြီးရင် ပြန်လာခဲ့မယ်"


လင်းဖေးခေါင်းညိတ်လိုက်၏ "အင်း"


ကျိယွီရှောင် ရေချိုးခန််းမှ ထွက်လာကာစသာ ရှိသေးချိန်တွင် သူ၏ဇနီးလေးမှ ခေါင်းအုံးကို စိတ်မရှည်စွာ ပွေ့ဖက်ထားသည်အား တွေ့လိုက်ရ၏။


ကျိယွီရှောင် တွေးလိုက်သည် '...နေ့တိုင်း ငါ့မိန်းမက အရမ်းကိုတက်ကြွနေတယ်။ ဒါကတကယ်ပဲ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို သွေးတိုးစမ်းနေတာပဲ!'


"ငါမင်းကို ပြောစရာရှိတယ်" လင်းလော့ချင်း ပြုံးလိုက်သည်။


'...လာပြီ။ ငါ့မိန်းမက ငါ့ကိုလူထပ်မလုပ်ဖို့ ပြောလာတော့မယ်!'


ကျိယွီရှောင်သည် အလွန်စိတ်ဓာတ်ကြံ့ခိုင်သော်လည်း ထိုသို့သော စမ််းသပ်မှုများအား သူသည်ပင် နေ့စဥ်ရက်ဆက် တောင့်ခံနိုင်စွမ်း မရှိပေ။


"ငါဒီည ဖေးဖေးနဲ့ သွားအိပ်မလို့"


ကျိယွီရှောင် တွေးလိုက်၏ 'ငါသိပါတယ် ...နေပါဦး မင်းဘာပြောလိုက်တယ်...


"ဖေးဖေးနဲ့..." ကျိယွီရှောင် အထိတ်တလန့် မေးလိုက်သည်။


လင်းလော့ချင်းက ဟုတ်မှန်ကြောင်း အသံပြုလိုက်၏။ "ဒီနေ့က ငါရှောင်ယွီကို ပထမဆုံး ကျောင်းပို့ကျောင်းကြိုပေးရတဲ့နေ့လေ။ ဖေးဖေးက စိတ်ထဲမထားပေမဲ့ ငါကသူ့ကို ဂရုစိုက်ပြီး တကယ် သဘောကျတယ်ဆိုတာ သိစေချင်သေးတယ်။ ဒီသဘောကျတာကလည်း ငါနဲ့ရှောင်ယွီက ဆက်စပ်သွားတာနဲ့ပဲ ပြောင်းလဲသွားမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ငါသူ့ကို အဖော်ပြုပြီး အတူတူအိပ်ပေးချင်လို့"


... ဒါက မျှတပါတယ်။ ဒါပေမယ့် ကျိယွီရှောင်က ဘာလုပ်ရမှာတဲ့လဲ...


"အဲ့ဒါ ရလား..." လင်းလော့ချင်း မေးလိုက်သည်။


မင်းက ခေါင်းအုံးတောင် ဖက်ထားပြီးနေပြီကို ငါက ငြင်းလို့တောင် ရပါ့မလား...


ကျိယွီရှောင် ခေတ္တတွန့်ဆုတ်နေပြီးမှ အကြံပေးလိုက်၏ "မဟုတ်လည်း ငါတို့နှစ်ယောက်လုံးသွားပြီး သူနဲ့အတူတူ အိပ်ပေးရင်ရော..."


ဒီလိုဆိုရင် သူတစ်ယောက်တည်း အိပ်စရာမလိုတော့ဘူး...


"ဘယ်လိုလုပ်ရမှာလဲ... ရှောင်ယွီ သ၀န်တိုသွားမှာပေါ့။ မင်းသွားလို့မရဘူး" လင်းလော့ချင်းကား လုံး၀တွန့်ဆုတ်မနေပေ။


ကျိယွီရှောင်, “……”


"ဒါဆိုလည်း မင်းမသွားခင်လေးမှာ ငါဖတ်လက်စ စာအုပ်ထဲက ဇာတ်ကွက်တစ်ခုကို သရုပ်ဆောင်ပြချင်လား"


လင်းလော့ချင်း, “……”


လင်းလော့ချင်းက ထိုလူတကယ်သဘောကျသည်မှာ သူမဟုတ်ဘဲ သူ၏အိပ်မွေ့ချနိုင်သော သရုပ်ဆောင်ချက်များသာဖြစ်ကြောင်း ခံစားမိလိုက်သည်။


သူ နှာမှုတ်ပြီး ပြောလိုက်သည်။ "နေ့တိုင်း သရုပ်ဆောင်ခိုင်းနေတာပဲ။ မင်းတကယ်ကြီး ငါ့ကိုအိပ်ဆေးများ မှတ်နေသလား...မင်းဘာသာမင်းပဲ သရုပ်ဆောင်လိုက်တော့!"


ကျိယွီရှောင်, “...”


"မင်းထပ်မစဥ်းစားပေးချင်ဘူးလား..."


မင်းက သရုပ်လည်းမဆောင်ဘဲနဲ့ ထွက်သွားချင်သေးတယ်ပေါ့။ ဒါက သိပ်မရက်စက်လွန်းဘူးလား...


"နောက်တစ်ခါ...နောက်တစ်ခါမှပေါ့" လင်းလော့ချင်း အကူအညီမဲ့စွာ ပြောလိုက်သည်။ "ဖေးဖေးက ငါ့ကိုစောင့်နေတုန်းပဲ။ ငါအရင်က သရုပ်ဆောင်ထားတာတွေကို ပြန်တွေးထားကြည့်လိုက်လေ။ ငါနောက်တစ်ခေါက်ကျရင် ကျိန်းသေပေါက် သရုပ်ဆောင်ပေးမယ်နော်!"


ကျိယွီရှောင်, “……”


ကျိယွီရှောင်ကား စိတ်ပျက်၀မ်းနည်းခြင်းကြီးစွာဖြင့် အလွန်အမင်း နာကျင်နေလျက်သာ။


အချစ်လေးရေ၊ မင်းမရှိလဲ လင်းဖေးက အိပ်ပျော်နိုင်ပေမယ့် ငါကတော့ မင်းမရှိရင် လုံး၀အိပ်မပျော်နိုင်ဘူးလို့ ဘယ်လိုပြောနိုင်တော့မှာလဲ...


သူ့အသက်က ခြောက်နှစ်ရှိနေပြီ၊ အဖော်မလိုဘဲ အိပ်နိုင်နေပြီလို့!


တစ်ယောက်တည်း အိပ်လို့မရတဲ့သူက ငါပါနော်!


မင်းခင်ပွန်း .. ငါလို့!


ကျိယွီရှောင်သည်

လင်းလော့ချင်းမှ လက်၀ှေ့ယမ်းပြကာ ခေါင်းအုံးလေးကိုပိုက်ပြီး တိမ်တိုက်လိုခြေလှမ်းများဖြင့် ထွက်သွားသည်အား ကြည့်နေလိုက်သည်။ သူ့နှလုံးသားမှာကား အေးခဲနေသည်လေ...


သူဒီည အိပ်ပျော်နိုင်တော့မှာ မဟုတ်ဘူး...