အပိုင်း ၄၅
Viewers 35k

Chapter 45



တစ်ခဏလောက် လင်းဖေး စောင့်ဆိုင်းပြီးနောက် လင်းလော့ချင်း ပြန်ရောက်လာပြီး ခေါင်းအုံးကိုလင်းဖေးခေါင်းအုံးဘေးသို့ ချလိုက်ကာ လှဲအိပ်လိုက်သည်။


“အိပ်‌‌ကြစို့...”


လင်းလော့ချင်း ပြောလိုက်၏။


"အွန်း..."


လင်းဖေး အသံပြုလိုက်ပြီး လှဲအိပ်လိုက်သည်။


လင်းလော့ချင်း သူ့ကို ပွေ့ဖက်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


"Goodnight..."


"Goodnight..."


လင်းဖေး တိုးတိုးလေး ပြန်ပြောလိုက်သည်။


ထို့နောက် လင်းလော့ချင်း ပြုံးလိုက်ပြီး လင်းဖေး၏နဖူးကို နမ်းလိုက်ကာ မျက်လုံးမှိတ်လိုက်သည်။


အခြားအခန်းထဲရှိ ကျိယွီရှောင်က မျက်လုံးများ ပွင့်နေဆဲဖြစ်ကာ မှိတ်ချည်ဖွင့်ချည် ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် လုံး၀မှိတ်ထားလိုက်သည်။


နာရီလက်တံက ရွေ့လျားသွားသော်လည်း ကျိယွီရှောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သေးပေ။


ယခင်ညက ဤအချိန်တွင် သူ အိပ်ပျော်နေပြီဖြစ်သော်လည်း ယခု အိပ်မပျော်သေးချေ။


လင်းလော့ချင်း၏ဖျော်ဖြေမှုများကို ပြန်တွေးနေသော်လည်း အလုပ်မဖြစ်ပေ။


လင်းလော့ချင်းက သူ့ဘေးနားမှာ ရှိနေမှ အိပ်ပျော်မှာလား...


ကျိယွီရှောင် ကူရာမဲ့စွာ သက်ပြင်းချလိုက်ပြီး နောက်နေ့မနက်မိုးလင်းသည်အထိ မျက်လုံးများ မှိတ်ထားလိုက်သည်။


လင်းဖေးနှင့်ကျိလဲ့ယွီတို့ကို ကျောင်းပို့ရန် လင်းလော့ချင်း အစောကြီး နိုးလာလေသည်။


ကလေးနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ပြီးနောက် ကျောင်းထဲ ၀င်သွားကြသည်။


လင်းလော့ချင်း အိမ်ပြန်ရောက်သောအခါ ကျိယွီရှောင်က ခါးသီးမှု ၃၀%၊ ၀မ်းနည်းမှု ၃၀%နှင့် မကျေမချမ်းဖြစ်မှု ၄၀%တို့ဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။


လင်းလော့ချင်း : “……”


သူ မထိန်းချုပ်နိုင်တော့ပေ။ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။


တစ်ညလုံး အိပ်မပျော်သည့် ကျိယွီရှောင် :"....."


မင်း ရယ်နေသေးတယ်...


မင်းခင်ပွန်းမျက်လုံးထဲက မကျေနပ်မှုတွေကို မမြင်ဘူးလား...


မနေ့ညကို မင်းခင်ပွန်း ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ မင်းသိလား...


အထီးကျန်စွာ တစ်ယောက်တည်း အိပ်ခဲ့ရတာ...


"ရယ်ရလား..."


ကျိယွီရှောင် မေးလိုက်သည်။


လင်းလော့ချင်း ခေါင်းခါလိုက်သည်။ သူက ကိန်းဂဏန်းဇယားကို တကယ့်သူဋ္ဌေးကြီးမျက်လုံးထဲမှာ ရုတ်တရက် တွေ့လိုက်ရ၍ ရယ်ချင်ရုံသာဖြစ်သည်။


"မဟုတ်ဘူး...အခု ခင်ဗျားမျက်လုံးထဲက အကြည့်တွေက ဖေးဖေးနဲ့ တူနေလို့..."


ကျိယွီရှောင် :"..."


"ဘာလို့လဲ...ငါ မနေ့ညက မင်းကို ထားခဲ့လို့ မင်း တစ်ညလုံး အိပ်မပျော်ဘူးလား..."


လင်းလော့ချင်း မေးလိုက်သည်။


ကျိယွီရှောင် အေးစက်စွာ ထေ့ငေါ့ပြောလိုက်၏။


"မင်း အ‌ရမ်းတွေးနေပြီ...မင်း ငါ့ဘေးနားမှာ မရှိလို့ ငါ အိမ်မက်တောင် မမက်ဘဲ အိပ်ပျော်ခဲ့တာ..."


"အဲ့လို့လား...ဒါဆို ငါ ဒီည ဖေးဖေးနဲ့ ဆက်အိပ်လိုက်မယ်လေ..."


လင်းလော့ချင်း တမင်တကာ ပြောလိုက်သည်။


ကျိယွီရှောင် :"....."


ဘာပြောလိုက်တာ...


ကျိယွီရှောင် တိတ်ဆိတ်သွား၏။


လင်းလော့ချင်း ပြုံးလိုက်သည်။


"အဆင်ပြေတယ်မလား..."


"ဟားဟား...ဟားဟား..."


ကျိယွီရှောင် ဝှီးချဲလ်ကို လှည့်လိုက်ပြီး စာဖတ်ခန်းဘက် ဦးတည်သွားလိုက်သည်။


လင်းလော့ချင်း သူ့နောက် လိုက်သွားလိုက်သည်။


"ဒါဆို ငါတို့ ၀မ်းသာစရာကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီပေါ့..."


ဘယ်သူက မင်းနဲ့ဆုံးဖြတ်ချက် ချခဲ့တာလဲ...


ပြီးတော့ ဒါက ၀မ်းသာစရာလား...


မင်း တွေးတာ အရမ်းမိုက်တယ်...


ကျိယွီရှောင် :"ငါ သဘောမတူဘူး..."


လင်းလော့ချင်းက အပြစ်ကင်းစင်သော မျက်နှာဖြင့် ဟန်လုပ်ပြုံးလိုက်သည်။


"ဘာလို့လဲ...ငါ ဘေးမှာမရှိလို့ မင်း အိမ်မက်တောင်မမက်ဘဲ အိပ်ပျော်ခဲ့တယ်ဆို..."


ကျိယွီရှောင် : “……”


"ဒါမှမဟုတ် တစ်ယောက်ယောက်က တမင်လိမ်ပြောနေတာလား...သူက ငါ့ကို တကယ်လွမ်းနေပေမဲ့ ဂရုမစိုက်ဟန် ဆောင်နေတာလား..."


ကျိယွီရှောင် : “……”


“မင်း အခု မင်းရဲ့နတ်ဘုရားနဲ့ ပေါ့ပေါ့ပါးပါး စကားပြောနေတာလား..."


သူ လင်းလော့ချင်းကို ကြည့်ကာ ပြောလိုက်သည်။


လင်းလော့ချင်း၏ကိုယ်‌နေဟန်ထားက လူယုတ်မာတစ်ယောက်လို ဖြစ်သွားလေသည်။


"ရရှိပြီးတဲ့အရာတွေကို တန်ဖိုးမထားတာက လူ့သဘာ၀ပဲ..."


ကျိယွီရှောင် :"....."


ဒီလူက ဘယ်လိုလုပ် ဒီလိုစကားကို ယုံကြည်ချက်ရှိရှိ ပြောနိုင်တာလဲ...


လင်းလော့ချင်း ကျေနပ်သွားသည်။


ကျိယွီရှောင်က လူတွေက နောက်ပြောင်ရတာ ကြိုက်ပေမဲ့ အခုတော့ ပြန်နောက်ပြောင်ခံလိုက် ရပြီလေ...


သူ ခါးကိုင်းလိုက်ပြီး ကျိယွီရှောင်၏နား နားကပ်ကာ ပြောလိုက်သည်။


"ငါ မင်းကို လိမ်ခဲ့တာ...ငါက မင်းကို ၁၅နှစ်လောက် ကြိုက်လာတာလေ...ဘယ်လိုလုပ် တန်ဖိုးမထားဘဲ နေနိုင်မှာလဲ...ငါ ဒီည မင်းနဲ့အိပ်မယ်..."


ကျိယွီရှောင်က ချက်ချင်းဆိုသလို ပြန်အသက်၀င်လာလေသည်။


"ဖေးဖေးနဲ့ အိပ်ဖို့ မလိုဘူးလား..."


"ဖေးဖေးက ခြောက်နှစ်ရှိပြီ...ပြီးတော့ ရင့်ကျက်တဲ့ကလေးတစ်ယောက်...ဒါပေမဲ့ နှစ်ဆယ့်ခြောက်နှစ်အရွယ် မင်းက တစ်ယောက်ယောက်နဲ့ အတူတူအိပ်ဖို့ လိုနေတယ်လေ..."


ကျိယွီရှောင် :"..."


ဒါက မှားသလိုလိုနဲ့ မှန်နေတယ်...


ကလေးကြီးကျိယွီရှောင်က နဖူးကို လက်ဖြင့် ဖိထားလျက် စာဖတ်ခန်းထဲ ၀င်သွားလိုက်သည်။


လင်းလော့ချင်းက 'နေ့လည်စာ ဘာစားချင်လဲ' မေးရန် သူ့နောက် လိုက်သွားသော်လည်း မမေးမီ ကျိယွီရှောင်၏ဖုန်းမြည်လာလေသည်။ အဖေကျိ ဖုန်းထပ်ခေါ်ခြင်းဖြစ်၏။


ကျိယွီရှောင် ဖုန်းကိုင်လိုက်သည်။ အဖေကျိက အများကြီး မပြောခဲ့ပေ။ မွန်းလွဲပိုင်း ကျိလဲ့ယွီ ကျောင်းက ပြန်ရောက်လျှင် မိသားစုတွေ့ဆုံပွဲသို့အတူတူလာကြရန် သတိလှမ်းပေးခြင်းဖြစ်သည်။


ကျိယွီရှောင် ယဉ်ကျေးစွာ ပြန်တုံ့ပြန်လိုက်ပြီး မေးလိုက်သည်။


"ကျွန်တော် လင်းဖေးနဲ့လင်းလော့ချင်းအကြောင်းပြောခဲ့တာ မှတ်မိသေးလား..."


“ငါ သိတယ်...”


အဖေကျိက လင်းလော့ချင်းနာမည် ကြားသောအခါ မကျေမနပ် ဖြစ်လာလေသည်။ လင်းလော့ချင်းတွင် ကလေးတစ်ယောက်ရှိနေသည့်အတွက် ပို၍ မကျေမနပ်ဖြစ်လာသည်။


ကလေး မရှိရင်တောင် နည်းနည်း အဆင်ပြေဦးမယ်...အခုတော့ ၀န်ထုပ်၀န်ပိုးကြီးနဲ့...


သို့သော်ငြားလည်း သူ ယင်းကို ကျိယွီရှောင်ရှေ့တွင် မပြောခဲ့ပေ။ ယနေ့မိသားစုတွေ့ဆုံပွဲတွင် ငြင်းခုံစရာများ ရှိလာနိုင်သည့်အတွက် သူ ကျိယွီရှောင်နှင့် ကြိုတင်မငြင်းခုံချင်ပေ။


ကျိယွီရှောင် ဖုန်းချလိုက်ပြီးနောက် လင်းလော့ချင်းမေးလိုက်သည်။


"ဒါဆို ညစာကို အိမ်မှာစားမှာလား...ဟိုမှာ စားမှာလား..."


"အိမ်မှာပဲ စားကြတာပေါ့...မင်း ဟိုက အရသာကို မကြိုက်လောက်ဘူး...စားပြီးမှပဲ သွားကြမယ်..."


"အိုကေ..."


လင်းလော့ချင်းက သူ့မိသားစုနှင့် ပတ်သတ်ပြီး ဘယ်‌သောအခါမှ မေးခွန်းများ မမေးခဲ့ပေ။ ထို့ကြောင့် သူ လိုချင်သည်များကို ပြောပြရန် လိုလေသည်။


"ဒါဆို မင်း နေ့လည်စာ ဘာစားချင်လဲ...ငါ အန်တီကျန်းကို သွားပြောလိုက်မယ်..."


ညစာစားပြီးနောက် အန်တီကျန်း ဆေးကြော၍ မပြီးသေးမီ လင်းလော့ချင်းနှင့်ကျိယွီရှောင်က ကလေးနှစ်ယောက်ကို ခေါ်၍ ထွက်လာကြလေသည်။


ယနေ့ ကျိအိမ်တွင် လူများစွာ ရှိနေလေသည်။ အဖေကျိတွင် ညီနှစ်ယောက်နှင့် ညီမတစ်ယောက်ရှိပြီး ယနေ့ သူတို့အားလုံး ကျိအိမ်ကို ရောက်နေကြလေသည်။ မိသားစု၀င်အချို့က အိမ်ထောင်ပြုပြီးကြပြီး ကျိယွီရှောင်ကဲ့သို့ အိမ်ထောင်ဖက်နှင့် ကလေးများကို ခေါ်လာကြကာ မြင်ကွင်းက အလွန်အသက်၀င်နေလေသည်။


အဖေကျိက လူတိုင်း ရောက်လာကြသည်ကို မြင်သောအခါ ပြောလိုက်သည်။


"ကလေးတွေက ပထမထပ်မှာ ကစားနေကြ...ကျိကျုံး မင်းက သူတို့ကို စောင့်ကြည့်ထား...ကျန်တဲ့လူတွေက အစည်းအ‌ဝေးခန်းထဲ သွားကြ..."


အစည်းအဝေးခန်းက တတိယထပ်တွင် ရှိလေသည်။ လင်းလော့ချင်းက အဖေကျိ၏စကားများကို ကြားလိုက်ရသောအခါ အလိုအလျောက် ပထမထပ်တစ်ခုလုံးကို ကြည့်လိုက်သည်။ သူ ဓာတ်လှေကား၏အရိပ်ကိုပင် မတွေ့ချေ။


ထူးဆန်းတယ်...အရင်လိုပဲ...သူ့သားက ခဏခဏ ပြန်မလာလို့ ဓာတ်လှေကားဆင်စရာ မလိုဘူးလို့ထင်နေတာလား...


လင်းလော့ချင်း မကျေနပ်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ အဖေကျိက အိမ်တွင် ဓာတ်လှေကား မတပ်ဆင်နိုင်‌ခြင်း မဟုတ်ပေ။ သူက ယင်းကို ဂရုမစိုက်မိခြင်းသာ ဖြစ်လေသည်။


အားလုံး အပေါ်သို့ တက်သွားကြပြီး ကျိယွမ်ကသာ ကျိယွီရှောင်ဆီသို့ လျှောက်လာပြီး ကူညီရန် မေးလာလေသည်။


လင်းလော့ချင်းက ထိုစကားများကို ကြားသောအခါ ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။သူက ကျိယွီရှောင်ကို ပွေ့ချီလိုက်ပြီး ကျိယွမ်ကို ပြောလိုက်သည်။


"ဒီလိုဆို ဒုက္ခပေးမိပြီ ညီလေး..."


"ရပါတယ်..."


ကျိယွမ်က ဝှီးချဲလ်ကို ခေါက်ကာ သယ်သွားပေးလိုက်သည်။


သူတို့ လှေကားကို အတူတူ တက်နေကြပြီး ထောင့်ချိုးသို့ ရောက်သောအခါ ကျိကျုံးက ဆိုဖာပေါ်တွင် ထိုင်၍ ဂိမ်းကစားနေပြီး သူ့ဘေးနားရှိ ကလေးများအား လျစ်လျူရှုထားသည်ကို ကျိယွမ်မြင်လိုက်ရသည်။ သူ လှမ်းအော်လိုက်၏။


"ကျိကျုံး ဂိမ်းကစားမနေနဲ့...မင်းတူတွေ တူမတွေကို ဂရုစိုက်..."


ကျိကျုံးက ၀တ်ကျေတန်းကျေ ခေါင်းငြိမ့်လိုက်ပြီး ဖုန်းကို ဘေးချထားလိုက်သည်။ 


ကျိယွမ် မကျေမနပ် ဖြစ်နေလေသည်။


"ဘာဖြစ်လို့လဲ..."


ကျိယွီရှောင် မေးလိုက်သည်။


ကျိယွမ် သက်ပြင်းချလိုက်၏။


"ပြောမနေပါနဲ့တော့...သူ့ကို ကျွန်တော့်အဖေက ဖျက်စီးနေတာ...အကောင်းအဆိုးတောင် မခွဲတတ်တော့ဘူး...စာလည်း ကောင်းကောင်း မလေ့လာဘူး...ညဉ့်နက်တဲ့အထိ ဂိမ်းဆော့နေတာ...ဒါပေမဲ့ဂိမ်းလည်းကောင်းကောင်း မကစားတတ်ဘူး...ကျွန်တော့်သူငယ်ချင်းတွေ‌ကတောင် သူ့ကို အနိုင်ယူနိုင်တယ်..."


ကျိယွီရှောင် ရယ်မောလိုက်သည်။


“ဒီလိုဆို တစ်ယောက်ယောက် ကြား၀င်ပေးဖို့ လိုနေပြီ...”


“ဟုတ်တယ်...ဒါပေမဲ့ အဖေက သူက တော်တယ်ထင်နေတာ...ကျွန်တော် ဘာပြောပြော နားမ၀င်ဘူး..."


ပြောပြီးနောက် ကျိယွီရှောင်ကို ကြည့်လိုက်သည်။ သူတို့မိသားစုထဲတွင် ကျိယွီလင်နှင့်ကျိယွီရှောင်ညီအစ်ကိုနှစ်ယောက်က အတော်ဆုံးဖြစ်သည်။သို့သော် ကံမကောင်းစွာနှင့် တစ်ယောက်က သေသွားပြီး ကျန်တစ်ယောက်က ဒဏ်ရာရနေလေသည်။ တစ်ယောက်က မြေအောက်တွင် ထာ၀ရ အိပ်စက်သွားပြီး ကျန်တစ်ယောက်က သူ့၏တိုက်ခိုက်ရေးစိတ်ဝိညာဉ် ဆုံးရှုံးသွားခဲ့သည်။ အဆုံးသတ် မကောင်းခဲ့ကြပေ။


"အစ်ကို..."


ကျိယွမ် နူးညံ့စွာ ပြောလိုက်သည်။


"အစ်ကို နာကျင်နေတယ်ဆိုတာကို သိပေမဲ့ ကုမ္ပဏီက အစ်ကို ပိုင်သင့်တယ်လို့ ခံစားနေရတုန်းပဲ...အစ်ကိုယွီလင်က သူ့နေရာမှာ ကျိမူကို မဟုတ်ဘဲ အစ်ကို့ကို ထိုင်စေချင်လောက်တယ်..."


အဖေကျိလည်း ထိုသို့ ပြောခဲ့သော်လည်း ကျိယွီရှောင်၏ ဒေါသကိုသာ ပြန်ရရှိခဲ့လေသည်။


သို့သော် ကျိယွမ် ပြော‌လာသောအခါ ကျိယွီရှောင်က တစ်ခဏလောက် တိတ်ဆိတ်သွားပြီး တိုးတိုးပြောလိုက်သည်။


"ငါ့မှာ အဲ့လိုစိတ် မရှိတော့ဘူး..."


သူ ထပ်ပေါင်း ပြောလိုက်သည်။


"ရှောင်ယွမ် ငါ ပင်ပန်းနေပြီ...မင်း သိလား...ငါ လင်းလော့ချင်းရယ်၊ ကလေးနှစ်ယောက်နဲ့ရယ် လေးယောက်သား ငြိမ်းချမ်းတဲ့ဘ၀မှာပဲ အတူနေချင်တော့တယ်...တခြားဟာတွေကို ဂရုမစိုက်ချင်တော့ဘူး..."


ကျိယွမ်က ကျိယွီရှောင်စကားတွင် ပင်ပန်းနွမ်းနယ်မှုနှင့် ၀မ်းနည်းမှုများ ပြည့်နေသည်ကို မြင်သောအခါ ထပ်မံသွေးမဆောင်တော့ပေ။


သူ့၀မ်းကွဲက အခက်တွေ့နေသည့်အတွက် သူ့ကို ထပ်မံ ဖိအားမပေးချင်တော့‌ချေ။


လင်းလော့ချင်းက ကျိယွီရှောင်ကို တတိယထပ်ထိ ပွေ့ချီသွားပြီးနောက် အစည်းအဝေးခန်းထဲ ၀င်သွားလိုက်သည်။


အစည်းအဝေးခန်းက အလွန်ကျယ်၀န်းပြီး အများစုက ထိုင်နေကြပြီးဖြစ်၏။ ကျိယွီရှောင်နှင့် ကျိယွမ်အတွက် ထိုင်ခုံနေရာများ ချန်ထားသော်လည်း လင်းလော့ချင်းအတွက် နေရာမရှိပေ။


"ရှောင်လင်းက ကျိမိသားစုတွေ့ဆုံပွဲကို ပထမဆုံးတက်တာဖြစ်ပေမဲ့ ငါ တောင်းပန်ပါတယ်...ရှောင်၀မ်ကို ပြောဖို့မေ့သွားလို့ မင်းအတွက် ထိုင်ခုံကို မပြင်ဆင်ထားမိဘူး...ရှောင်လင်း မင်း မတ်တပ်ရပ်နေလို့ရလား...ဘာမှ မကွာခြားပါဘူး..."


ကျိယွီရှောင် လှောင်ရယ်လိုက်သည်။ သူ ထိုသို့ ဖြစ်မည်ဟု မမျှော်လင့်ထားပေ။


ယနေ့ ကျိမိသားစုက သူ့အတွက် ချန်ထားပေးသည့် ထိုင်ခုံနေရာက သူ့အစ်ကို ထိုင်ခဲ့သည့်နေရာဖြစ်ပြီး တစ်နည်းအားဖြင့် အဖေကျိထိုင်နေသည့် ပင်မထိုင်ခုံ၏ဘေးတွင် ဖြစ်သည်။


သူ သူ့အဖေကို ကြည့်လိုက်ပြီး လင်းလော့ချင်းလက်မောင်းကို ဆွဲလို

က်ကာ သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။ 


"လော့ချင်းအတွက် ထိုင်ခုံစီစဉ်ထားစရာ မလိုပါဘူး...ဘာပဲပြောပြော ကျွန်တော်တို့က လက်ထပ်ထားပြီးသားပဲ...သူက ကျွန်တော့်ပေါင်ပေါ်မှာ ထိုင်လို့ရတယ်..."


အားလုံး : “……”


အားလုံးက အဖေကျိကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။