အပိုင်း ၄၀
Viewers 12k

စစ်ကျွင်းတောက် ပို၍ စိတ်ရှုပ်သွားပြီး ...
"အဲ့ဒီလိုမျိုးလား ၊ မင်း အဲ့ဒီလိုမျိုးကို ကြိုက်တာလား... "
ဝမ်မင်ယီ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
" အဲ့ဒါက အရမ်းကောင်းတယ်၊ သူ့လိုလူမျိုးက ပေါင်းသင်းရလွယ်တယ်လေ "
စစ်ကျွင်းတောက် "....."
စစ်ကျွင်းတောက် က သူ့သင်ကြားမှု ဘယ်နား လွဲမှားသွားလဲ စဉ်းစားနေမိသည်။ ဝမ်မင်ယီရဲ့ အလှပရေးရာကို သူ နားလည်မှု လွဲအောင် ဘယ်ဟာက လုပ်လိုက်တာလဲ ၊ မဟုတ်သေးပါဘူး ၊ သူ့သင်ကြားမှုက မှန်ပါတယ်၊ ဝမ်မင်ယီက သူ ထွက်သွားတဲ့ သုံးနှစ် အတွင်းမှာ အမှားလုပ်မိတာ ဖြစ်လိမ့်မယ် ။ ဒီကလေးက သူ့မျက်စိအောက်မှာပဲ ကြီးပြင်းလာသင့်တယ် ဆိုတာ သူသိခဲ့သည်။ မဟုတ်သေးဘူး၊တကယ်လို့ သူနည်းနည်းလောက် ဂရုမစိုက်လိုက်တာနဲ့ အဲ့ဒါက မှားသွားလိမ့်မယ် ၊ အကြီးအကျယ် မှားသွားလိမ့်မယ်။
ဟိုတယ် ပြန်တဲ့ လမ်း တစ်လျှောက်လုံး...
ဝမ်မင်ယီ နှင့် မုကျိအန်းက အလွန် ပျော်ရွှင်နေကြသည်။ စစ်ကျွင်းတောက် သူတို့နှစ်ယောက်ကို ကြည့်ပြီး တွေးမိတာက သူက ဝမ်မင်ယီရဲ့ အစ်ကိုပုံစံနဲ့ မတူပဲ မုကျိအန်းက ဝမ်မင်ယီရဲ့ အစ်ကိုပုံစံနဲ့ ပိုတူနေခဲ့သည်။
မုကျိအန်း ဟိုတယ်မှာ အခန်းယူဖို့ လင်းမူက ကူညီပေးခဲ့ပြီး စစ်ကျွင်းတောက်၏ ဘေးက အခန်းဖြစ်သည်။ အခန်းသို့ သွားရာ လမ်းတစ်လျှောက်လုံး မုကျိအန်းသည် ဝမ်မင်ယီနှင့်စကားပြောကာရယ်မောနေခဲ့သည်။ ထို့နောက် သူမရယ်နိုင်တော့ပေ။
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်သည် သူ့ဘေးက အခန်းထဲသို့ ဝင်သွားသောကြောင့်ဖြစ်သည်။
မုကျိအန်းလဲ အခန်းထဲသို့ အတင်းဝင်လိုက်သည်။ စစ်ကျွင်းတောက် က နားမလည်နိုင်ခဲ့ပေ။
"မင်း က ဒီမှာ ဘာလုပ်နေတာလဲ..."
မုကျိအန်း က သူ့ကို ကြည့်ကာ ပြောလိုက်သည်။
" မင်း က ဒီမှာ ဘာလုပ်နေတာလဲ... "
" ဒါ ငါ့ အခန်းလေ "
သူက ဝမ်မင်ယီကို ကြည့်ပြီး မေးလိုက်သည်။
" အဲ့ဒါဆို မင်းတို့ ပြောစရာရှိနေလို့လား..."
ဝမ်မင်ယီ ခေါင်းခါလိုက်ပြီး...
" ကျွန်တော်လည်း ဒီအခန်းမှာပဲလေ "
မုကျိအန်း "....."
မုကျိအန်း အရမ်း ပင်ပန်းတယ် လို့ ခံစားလိုက်ရပြီး အဲ့ဒါကြောင့် မေးလိုက်သည်။
" မင်းတို့ နှစ်ယောက်က တစ်ခန်းတည်း အတူတူ အိပ်ကြတာလား... "
" မင်းမှာ ပြဿနာ ရှိလို့လား.... "
" ငါ့မှာ ဘာသဘောမှ မရှိပါဘူး ၊ ငါ က အဆင်ပြေတယ် လို့ ထင်ပေမယ့် ဒါက မလိုပါဘူးလေ... "
မုကျိအန်း က သူ့ကို သတိပေးဖို့ ကြိုးစားလိုက်သည်။
" မင်းရဲ့ အခန်းက ငါ့အခန်းနဲ့ အတူတူပဲ ၊ ကုတင်အကြီးတစ်ခုပါတဲ့ အခန်း ၊ ပုံမှန်အခန်းတော့ မဟုတ်ဘူး ၊ငါပြောတာ မှန်လား "
" မင်း ငယ်ငယ်လေးနဲ့ မှတ်ဥာဏ်တွေ မကောင်းတော့ဘူးပဲ၊ ငါ အခုပဲ မေးပြီး မင်းကို ပြောလိုက်တာလေ... "
ဒါက မှတ်ဥာဏ် ပြဿနာ ဖြစ်မလားကွ ! ဒါ လောင်ဇီ က မင်းကို သတိပေးနေတာ ပုပ်ပွနေတဲ့ သစ်သားတုံးကြီးရဲ့ !
"ကော ကျွန်တော် အရွယ်ရောက်နေပါပြီ၊ ကျွန်တော် အခန်းမှာ တစ်ယောက်တည်း နေနိုင်ပါတယ်... "
" မလိုဘူး... "
စစ်ကျွင်းတောက် ငြင်းလိုက်သည်။
" ဘာကြောင့် မလိုရမှာလဲ၊ သူတို့ အရွယ်ရောက်တဲ့အချိန်မှာ ဘယ်ညီအစ်ကိုက အတူတူအိပ်တာကို မင်း မြင်ဘူးလို့လဲ.... "
'' ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူး... "
" ညီအစ်ကိုတောင် မဟုတ်ပဲနဲ့လေ ! ကျိုးရန် နဲ့ ငါ အပြင်သွားပြီး ကုတင်ကြီးပါတဲ့အခန်းမှာ အတူတူမနေဘူး ... "
"အဲ့ဒါဆို နောက်တစ်ခါကျရင် နေကြည့်ပေါ့... "
မုကျိအန်း "......"
"တခြား ရှိသေးလား ? ကိစ္စမရှိရင် အပြင်ထွက်တော့၊ ငါ အိပ်တော့မယ်... "
စစ်ကျွင်းတောက် က ထူးမခြားနားစွာ ပြောလာသည်။
မုကျိအန်း ဘာပြောရမှန်း မသိတော့ပေ၊ သူ့ကို နှုတ်ဆက်လိုက်ပြီး အပြင်အရင် ထွက်လိုက်သည်။
ဝမ်မင်ယီ နာရီ ကြည့်လိုက်တော့ အန္တရာယ်များလိုက်တာ၊ ၈နာရီ ၅၀ ဖြစ်နေပြီ၊ ပြောရမယ်ဆိုရင် မုကျိအန်း ပြောတာမှန်တယ်လို့ သူတွေးနေခဲ့တာ၊ ဒါပေမယ့် ပြဿနာက ၉နာရီ ထိုးပြီးတာနဲ့ ကြောင်ဖြစ်သွားတာပဲ၊ တကယ်လို့ တစ်ယောက်ခန်း ယူလိုက်ရင် ဒုက္ခရောက်လိမ့်မယ်။ အဲ့ဒီ့ အကြောင်းပြချက်ကြောင့် မုကျိအန်းနဲ့ စကားဆက်မပြောဖြစ်တော့တာ၊ အဲ့ဒါ တစ်နည်းပဲရှိတယ်၊ သူ့အခန်းကို အမြန်ပြန်ကာ လဲဖို့ အဝတ်အစားယူလိုက်ပြီး စစ်ကျွင်းတောက်ကို ပြောလိုက်သည်။
" ကျွန်တော် ရေသွားချိုးတော့မယ်... "
စစ်ကျွင်းတောက် ပြန်ဖြေလိုက်သည်။ ခဏကြာတဲ့အခါမှာ ရေချိုးခန်းထဲကနေ ကြောင်အော်သံနဲ့ တံခါးကို ကုတ်နေတဲ့ အသံ သူ ကြားလိုက်ရသည်။စစ်ကျွင်းတောက် သွားပြီး တံခါးဖွင့်လိုက်တော့ လိမ္မော်ရောင်နဲ့ အဖြူရောင်စပ်ထားတဲ့ ကြောင်လေးကို တွေ့လိုက်ရပြီး တစ်ကိုယ်လုံး စိုရွှဲနေကာ သနားဖို့ကောင်းစွာ သူ့ကို ကြည့်နေခဲ့သည်။
ကြည့်ရတာ ရေချိုးနေရင်နဲ့ ကြောင်ဖြစ်သွားတဲ့ပုံပဲ။
" မင်း ပြီးသွားပြီလား ... "
စစ်ကျွင်းတောက် မေးလိုက်သည်။
ဝမ်မင်ယီ ခေါင်းခါပြပြီး အလွန် မကျေမနပ် ဖြစ်နေပုံပေါ်သည်။
စစ်ကျွင်းတောက် လိမ္မော်ရောင် ကြောင်လေးကို ကြမ်းပြင်မှ ကောက်ချီလိုက်ပြီး ရေချိုးဖို့အတွက် စပြီး ကူညီပေးလိုက်သည်။
သူ့ကို ရေချိုးပေးပြီးတဲ့နောက်မှာ စစ်ကျွင်းတောက် သူ့အမွှေးတွေ ခြောက်သွားအောင် လေမှုတ်ပေးဖို့ လုပ်ပေမယ့် တံခါးခေါက်သံ ကြားလိုက်ရသည်။
Dryer ကို ပိတ်လိုက်ပြီး တံခါးဖွင့်ဖို့ သွားလိုက်တော့ မုကျိအန်း အပြင်မှာ ရပ်နေတာတွေ့လိုက်ရသည်။
" ဘာကိစ္စရှိလို့လဲ... "
"အဲ့ဒါကို တွေးပြီးနောက်မှာ ငါမင်းနဲ့ စကားပြောချင်သေးတယ်... "
မုကျိအန်း က လေးလေးနက်နက် ပြောလာခဲ့သည်။
သူ့အခန်းကို ပြန်သွားပြီးနောက်မှာ သူ့အတွေးတွေက ပိုပိုပြီး မှားလာခဲ့သည်။ သူ ကျိုးရန်ဆီကိုလည်း wechat မက်ဆေ့ခ်ျများ ပို့ခဲ့သည်။ နောက်ဆုံးတော့ သူ့စိတ်ထဲက အတွေးတွေကို သည်းမခံနိုင်တော့တဲ့အတွက် သူနဲ့ဝမ်မင်ယီရဲ့ ဆက်ဆံရေးအကြောင်း စစ်ကျွင်းတောက်အား ပြောဖို့ ဆုံးဖြတ်လိုက်သည်။
' မဖြစ်နိုင်ဘူး ' လို့ မုကျိအန်း တွေးလိုက်တယ်၊ သူက အရမ်း ကြင်နာတတ်တယ် ! တော်တယ် ! ရိုးသားဖြောင့်မတ်တယ် ! ခင်မင်စရာကောင်းတယ် ! ချောမောလှပတယ် ! အမှန်တရား အတွက် တိုက်ခိုက်ပေးနေတယ် ! စစ်ကျွင်းတောက် က သူ့လို လူမျိုးနဲ့ တွေ့ရတာ အရမ်း ကံကောင်းတာပဲ !ဘယ်လောက်တောင် ပျော်စရာကောင်းလဲ...
သို့သော် အခုချိန်မှာ ပျော်နေရမယ့် စစ်ကျွင်းတောက်ကတော့ လုံးဝလျစ်လျူရှူထားခဲ့ပြီး
" မနက်ဖြန်ကျမှ ပြောကြရအောင်၊ ငါ အိပ်ချင်နေပြီ... "
" အခုမှ ၉နာရီပဲ ရှိသေးတယ်လေ ၊ ဘာအတွက် အိပ်ချင်နေတာလဲ ၊ မင်း အလုပ်ရှုပ်နေတာလား ၊ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ပြင်နေတာလား... "
မုကျိအန်း က ပြောရင်း အခန်းထဲ တွန်းထည့်လိုက်သည်။
သနားစရာကောင်းတာက စစ်ကျွင်းတောက် သည် တံခါးကို စောင့်ကြပ်နေပြီး သူ့ကို အထဲအဝင်မခံခဲ့ပေ။
" မင်မင် အစောကြီး အိပ်သွားပြီလား... "
မုကျိအန်း အံ့အားသင့်သွားခဲ့သည်။
" အင်း၊ သူ ဒီနှစ်ရက်အတွင်း ကြိုးကြိုးစားစား လုပ်ခဲ့ရတယ်လေ... "
မုကျိအန်းလည်း ပြောတာကြားပြီးနောက် တွန်းအားမပေးတော့ဘဲ တစ်ထစ်လျော့လိုက်သည်။
" အဲ့ဒါဆိုရင် မင်း ငါ့အခန်းကို လာခဲ့ ၊ အခု မင်း နဲ့ ငါ ပြောမှာတွေက မင်မင် နားထောင်ဖို့ မသင့်တော်ဘူး... "
'သူ့နားထောင်ဖို့ မသင့်တော်က ဘာလဲ'လို့ ဝမ်မင်ယီ စိတ်ဝင်စားသွားခဲ့သည်။
အဲ့ဒါကြောင့် သူ့ရဲ့ ကြောင်ခြေထောက်လေးတွေနဲ့ စစ်ကျွင်းတောက်ဆီ ပြေးသွားခဲ့သည်။ သူရဲ့ လုံးဝန်းနေတဲ့မျက်နှာနဲ့ မုကျိအန်းကို ကြည့်ပြီး ပြောလိုက်သည်။
' ကျွန်တော်လည်း နားထောင်မယ်လေ '
မုကျိအန်း က ရုတ်တရက် ပေါ်လာတဲ့ လိမ္မော်ရောင် ကြောင်လေးကို ကြည့်ပြီး သူ မူးမေ့သတိလွတ်မတတ်ဖြစ်သွားသည်။ သူ မယုံနိုင်စွာနဲ့ မျက်တောင် ခပ်ပြီးရင် ခပ်ကာ ကြည့်လိုက်ပြီး စစ်ကျွင်းတောက်ကို မယုံနိုင်စွာဖြင့် ထပ်ပြီး ကြည့်လိုက်သည်။
"ကြောင် က မင်း အခန်းထဲကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ ၊ မင်းမှာ ကြောင်တစ်ကောင်ရှိတယ် ... "
စစ်ကျွင်းတောက် "......"
စစ်ကျွင်းတောက် ခေါင်းကိုက်သွားတယ် ။ ဒီအချိန်မှာ 'ဝမ်မင်ယီ ဘာကြောင့်ထွက်လာတာလဲ 'ဆိုတာ သူ နားမလည်နိုင်ခဲ့ဘူး ၊ သူက ပုံမှန်ဆိုရင် အရမ်း ဥာဏ်ကောင်းတာ မဟုတ်ဘူးလား ...
သူ ဘာမှ ပြန်မပြောတာတွေ့တော့ မုကျိအန်း ကြမ်းပြင်ပေါ် က ကြောင်လေးကို ကောက်ချီဖို့ ပြင်လိုက်သည်။ ရလဒ်ကတော့ စစ်ကျွင်းတောက်ရဲ့ ကြားဖြတ်တားခြင်းကို ခံလိုက်ရသည်။
စစ်ကျွင်းတောက် သူ့လက်မောင်းထဲက ကြောင်လေးကို ထိလိုက်ပြီး....
" နောက်ကျနေပြီ ၊ မနက်ဖြန်မှ ပြောကြရအောင်... "
ဝမ်မင်ယီ မကျေမနပ်ဖြစ်သွားပြီး မြှောင်သံ ပေးလိုက်သည်။ ' မဟုတ်ဘူးလေ၊ ကျွန်တော့်နောက်ကွယ်မှာ တိုးတိုးပြောဖို့ မလုပ်နဲ့၊ သူ့ကို ပြောခိုင်းလိုက် ! အခု ချက်ချင်းပြောကြ ...
မုကျိအန်း က သူ့ကို ဆွလိုက်ပြီး...
" တကယ်လို့ မင်း ငါ့ကို ဖက်ခွင့်ပေးမယ်ဆိုရင် ငါ မနက်ဖြန်မှ ဆက်ပြောမယ်... " ဟု မရိုးမသားနဲ့ ပြောလိုက်သည်။
စစ်ကျွင်းတောက် က သူ့ကို မထီမဲ့မြင်နဲ့ ကြည့်လိုက်ပြီး...
" ကိုယ်ပိုင် ပစ္စည်းကို လာမထိနဲ့.... "
" အရမ်း မတွန့်တိုပါနဲ့ ငါ့ရဲ့ ညီအစ်ကိုရေ၊ ငါတို့က ပျော်ရွှင်မှုနဲ့ ခက်ခဲမှုတွေကို အတူတူ ဝေမျှသင့်တယ် ၊ ကြောင်တွေရောပဲ ..."
" ကြောင်အပါအဝင် ကိုယ်ပိုင် ပစ္စည်းတွေဆိုတာ အမြတ်တနိုး တန်ဖိုးထားရမယ်၊ စည်းကမ်း ချိုးဖောက်လို့မရဘူး ..."
မုကျိအန်း "....."
ငြင်းခုံစရာ မရှိပေမယ့် ဝမ်မင်ယီ မုကျိအန်းကို ကြည့်လိုက်သည်။ သူ ထပြီး စစ်ကျွင်းတောက် လက်မောင်းထဲကနေ လွတ်မြောက်ဖို့ ကြိုးစားလိုက်သည် ။
' လာပါ၊ မုကော၊ ကျွန်တော့်ကို ချီခွင့် ကောကို ပေးမယ်၊ ကျွန်တော့် ကောနဲ့ ဘာတွေပြောမှာလဲ ဆိုတာ ကျွန်တော့်ကို ပြောပြရမယ်'
စစ်ကျွင်းတောက်က ဝမ်မင်ယီ ရုန်းထွက်ချင်နေတာကို ခံစားလိုက်ရတာနဲ့ ချက်ချင်းပဲ ပိုပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
" အချစ်လေး ၊ မလှုပ်နဲ့လေ... "
" မင်း မြင်တဲ့အတိုင်းပဲ၊ သူက မင်းချီတာ မလိုချင်ဘူး ၊ တကယ်လို့ ငါချီမယ် ဆိုတော့လည်း မင်း က ခွင့်မပြုဘူး... "
မုကျိအန်း စွပ်စွဲလိုက်သည်။
ဝမ်မင်ယီကလည်း ပူးပေါင်းမှုအား အလွန် ကောင်းစွာနဲ့ သူ့ခြေထောက်နှစ်ချောင်းကို အမြန် ဆန့်ထုတ်လိုက်ပြီး မြောင်လိုက်သည်။
' မုကော ၊ ကျွန်တော့်ကို ဖက်ပါ ၊ပြီးရင် လျှို့ဝှက်ချက်ကို ပြောပြရမယ်နော် '
သို့သော် စစ်ကျွင်းတောက်က သူ့ခြေထောက်နှစ်ချောင်းကို မညှာမတာနဲ့ ပြန်ဆွဲယူလိုက်ပြီး မုကျိအန်းကို သစ္စာဖောက် တစ်ယောက်လို ကြည့်လိုက်သည်။
"မင်း အခုမှ သွားမယ်ဆိုရင် အရမ်းနောက်ကျနေပြီ..."
မုကျိအန်း "....."
မုကျိအန်း က စစ်ကျွင်းတောက် ရဲ့ အခွင့်အာဏာကို သွားပြီး စိန်ခေါ်နေတယ်လို့ ထင်မိတဲ့အတွက် သူ့ကိုယ်သူ သစ္စာဖောက်တစ်ယောက်လို မြင်ယောင်လာမိသည်။ အရင် နောက်ပြန်ဆုတ်ရမယ် ဟု တွေးလိုက်သည်။ သူက နှုတ်ခွန်းဆက်စကား ပြောပြီး ဝမ်မင်ယီနဲ့ သူ့ရဲ့ဆက်ဆံရေးအကြောင်း နောက်တစ်နေ့ကျမှ စစ်ကျွင်းတောက် နဲ့ စကားပြောဖို့ စီစဉ်ထားလိုက်သည်။
ဝမ်မင်ယီ မုကျိအန်းကို ကြည့်ပြီးတော့ ပြောလိုက်သည်၊ ' ကျွန်တော် အရင် ပြန်တော့မယ်၊ နောက်မှတွေ့မယ် ' သူတကယ် ထွက်လာလိုက်သည်။ ကြောင်မျက်နှာလေး တစ်ခုလုံးက လွမ်းဆွတ်မှု အပြည့်ဖြစ်နေခဲ့သည်။ သူ့ ကြောင်လက်လေးကို အာကန်း* လို ဆန့်ထုတ်လိုက်ပြီး မုကော ပြန်လာခဲ့ပါ ! မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ ! ဘာက နားထောင်လို့ မရနိုင်တာလဲ ၊ စပ်စုလွန်းရင် သေတတ်တယ် ဆိုတာ မင်း မသိဘူးလား !
(My Fair Princess ထဲ က ဇာတ်ကောင် တစ်ယောက်ရဲ့ နာမည်ပါ )
ဒါပေမယ့် မုကျိအန်း မရှိတော့တာနဲ့ စင်္ကြံက နှစ်ထောင်ချီကြာသွားသလိုမျိုး ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။ကြောင်လေး မင်မင် က သူ့လက်ကို အားမရှိစွာနဲ့ ချလိုက်ပြီး စပ်စုချင်စိတ်ကြောင့် သူသေဆုံးသွားသလို ခံစားလိုက်ရသည်။
အခု သူ က ဝိညာဉ်မရှိတော့တဲ့ ကြောင်သေတစ်ကောင်လို ဖြစ်နေခဲ့သည်။
စစ်ကျွင်းတောက်က သူ့ကို တည်ငြိမ်စွာနဲ့ ကြည့်နေခဲ့သည်။ ကြောင်တစ်ကောင် က မုကျိအန်းရဲ့နောက်ကွယ်မှာ ပြဇာတ်ကနေခဲ့သည်။ လက်မြှောက်ကာ တံခါးပိတ်လိုက်ပြီး သူ့ကို မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ၊ မင်း မုကောကို သတိရနေသေးလို့လား... "
ဝမ်မင်ယီ သူ့ကို ကြည့်လိုက်သည်။ ' ကျွန်တော် က သူ ကော ကို ဘာပြောမှလဲဆိုတာ သိချင်တာ၊ ပြီးတော့ သူ က ဘာလို့ ကျွန်တော့်ကို သယ်သွားဖို့ လိုတာလဲ...
စစ်ကျွင်းတောက် သူ့ရဲ့ အပြစ်ကင်းတဲ့ ကြောင်မျက်လုံးလေးတွေကို ကြည့်လိုက်ပြီး သူ့လက်ဖဝါးလေးကို ဆိတ်ကာ သင်ပေးလိုက်သည်။
"ကိုယ့်ရှေ့မှာ တခြားသူတွေကို ဖက်ခိုင်းတယ်ပေါ့ ၊ သိသိသာသာပဲ မင်းမှာ သတ္တိတွေ အရမ်းရှိနေတယ်ပေါ့... "
ဝမ်မင်ယီ "....."
ဝမ်မင်ယီ က အပြစ်ကင်းပြီး ချစ်စရာကောင်းစွာနဲ့ ' မြှောင်~~~~'
သို့သော် စစ်ကျွင်းတောက် တွင် ခုခံနိုင်စွမ်းရှိနေပြီဖြစ်သည်။ ဆိုဖာသို့သွားကာ ထိုင်ချလိုက်သည်။ နူးညံ့သိမ်မွေ့မှုနှင့် ချစ်စဖွယ်ကောင်းမှုကို ပြသရန် ကြိုးစားနေသော သူ့လက်တွင်းရှိ ကြောင်ကလေးကို ကြည့်ကာမေးခွန်းထုတ်လိုက်သည်။
" ဘာလဲ ၊လှည့်စားတတ်တဲ့ ကြောင်လေးလား... "
ဝမ်မင်ယီ : သူ့ကို ခွင့်လွှတ်လိုက်ပါ ။ ကြောင်လေးက ချစ်ဖို့ကောင်းတယ်လေ၊ ကြောင်လေးကို မင်းဘယ်လိုလုပ်ရိုက်နိုင်မှာလဲ။ ကြောင်တွေကို အလွဲသုံးစားလုပ်တာက ဥပဒေနှင့် ဆန့်ကျင်နေတာနော်။
စစ်ကျွင်းတောက် သူ့ နားရွက်လေးကို ဆိတ်လိုက်ပြီး စလိုက်သည်။
" မင်း က စာရေးရတာကို အရမ်းကြိုက်တယ် မဟုတ်ဘူးလား၊ ဒီတစ်ခါ ဘာဖြစ်လို့ မရေးတာလဲ၊ အင်း.... ဘယ်လို ကြောင်လေးပါလိမ့် "
ဝမ်မင်ယီ ရွေးချယ်စရာ မရှိတော့ပဲ သူ့လက်ဖဝါးထဲ ကြောင်ခေါင်းလေးနဲ့ မှီလိုက်ပြီး ညင်သာတဲ့ အသံလေးနဲ့ အော်ကာ ငိုကြွေးလိုက်ပြီး သူ့မေးရိုးကို လျက်လိုက်သည်။
စစ်ကျွင်းတောက် က ဝမ်မင်ယီရဲ့ခေါင်းကို ပုတ်လိုက်တော့ ဝမ်မင်ယီ က သူ့လက်ချောင်းလေးတွေကို ချစ်ဖို့ကောင်းအောင် ပွတ်သပ်လာသည်။ လူတွေကို အသဲယားစေတဲ့ နေရာမှာ သူ အရမ်းတော်လွန်းသည်။
စစ်ကျွင်းတောက် က သူ့ကို စနောက်နေခဲ့သည်။ စနောက်ပြီးသွားတဲ့နောက်မှာ သူ ထပ်ပြီး နှောင့်ယှက်တာ မခံနိုင်တော့ပေ။ သူက ရယ်လိုက်ပြီး ဝမ်မင်ယီကြောင်ခေါင်းလေးကို ပုတ်လိုက်သည်။
"ဒါက အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး... " ဝမ်မင်ယီ ခေါင်းညိတ်လိုက်သည်။
မြှောင်~~~' နောက်တစ်ခါကျမှ ပြောကြရအောင်'
နောက်တစ်နေ့မနက်မှာ မုကျိအန်း က စစ်ကျွင်းတောက် ကို စောစောစီးစီး wechat ကနေ စာပို့ပြီး မေးလာခဲ့သည်။
မုကျိအန်း : ( မင်းနိုးပြီလား ၊ မနက်စာ အတူတူ စားကြရအောင် )
စစ်ကျွင်းတောက် သည် ကြောင်နားရွက် ရှိနေသေးသော ဝမ်မင်ယီ ကို ကြည့်လိုက်ပြီး သူ့ သူငယ်ချင်းကို အေးစက်စွာနဲ့ ငြင်းလိုက်သည်။
စစ်ကျွင်းတောက် : (" မင်း အရင်စားနှင့် ငါနောက်မှ စားလိုက်မယ် )
မုကျိအန်း သူ့ဖုန်းကနေ အချိန်ကြည့်လိုက်ပြီး သူ ဖုန်းကနေ နာရီ မကြည့်ဘူးလား၊ သူတို့ ကျောင်းတက်တုန်းက စစ်ကျွင်းတောက် က အမြဲတမ်း အရင် နိုးနေကြပါ ၊ အခုတော့ ဘယ်လိုဖြစ်တာပါလိမ့်၊ အခုချိန်ထိ မထနိုင်သေးဘူး၊ တင်ထားတဲ့အတိုင်း အလုပ်က လူတွေကို ပင်ပန်းအောင် လုပ်နေတာပဲ !
ဝမ်မင်ယီ နှင့် စစ်ကျွင်းတောက် နှစ်ယောက်သား မနက်စာကို အခန်းထဲမှာ စားလိုက်ကြသည်။ သူတို့ အပြင် မထွက်ခင် ကြောင်နားရွက်နဲ့ အမြှီးပျောက်သွားတဲ့အထိ စောင့်နေလိုက်သည်။ မနက်စာ စားပြီး ပြန်လာတဲ့ မုကျိအန်းနဲ့ တွေ့ခဲ့ကြသည်။
" သွားကြရအောင်... "
စစ်ကျွင်းတောက် က သူ့ကို ပြောလိုက်သည်။
" မင်းကို ပြန်ပို့ပေးမယ်... "
မုကျိအန်း ခေါင်းညိတ်လိုက်တော့ ဝမ်မင်ယီ က သူ့ကို အဓိပ္ပါယ်ရှိရှိ စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။
သူ သူ့ကို စိုက်ကြည့်နေတဲ့အချိန် မုကျိအန်း မသက်မသာ ဖြစ်သွားခဲ့သည်။ သူ့အဝတ်အစားတွေ ပြန်ကြည့်ပြီး အဆင်ပြေတာ သေချာအောင် စစ်လိုက်ပြီး မေးလိုက်သည်။
" ဘာဖြစ်လို့ ငါ့ကို တစ်ချိန်လုံး စိုက်ကြည့်နေတာလဲ ၊ငါ့ဆီမှာ တစ်ခုခုမှားနေလို့လား..."
" မဟုတ်ပါဘူး... "
ဝမ်မင်ယီက ပြောလိုက်သည်။
" ခဏနေရင် ရိုက်ကွင်းကို သွားရတော့မှာ ၊ မုကော ကျွန်တော့်ကို ပြောချင်တာ မရှိဘူးလားဟင်...."
မုကျိအန်း အဲ့တာကို တွေးပြီးနောက် သူ့ကို ဆုတောင်းပေးချင်လာသည်။ တုန့်ဆိုင်းခြင်းမရှိဘဲ သူ့ကို အားပေးလိုက်သည်။
" လာစမ်းပါ၊ ရုပ်ရှင်ကောင်းကောင်းရိုက်ခဲ့ "
ဝမ်မင်ယီ "......"
ကြည့်ရတာ သူ့ကို ပြောဖို့ အဆင်သင့် မဖြစ်သေးတဲ့ပုံပေါက်နေတယ်။အဲ့ဒါဆိုရင် မုကျိအန်း က စစ်ကျွင်းတောက်ကို သူ့နောက်ကွယ်မှာ ဘာတွေပြောမှာလဲ ။
စစ်ကျွင်းတောက် သည် ဝမ်မင်ယီအား ရိုက်ကွင်းကို လိုက်ပို့လိုက်ပြီး မုကျိအန်း ကို ပြန်ခေါ်သွားခဲ့သည်။
မုကျိအန်း ထိုင်ခုံကို မှီထိုင်လိုက်ပြီး သူ့ရှေ့က လမ်းမကို ကြည့်လိုက်သည်။ သူ ပျင်းရိစွာနဲ့ ပြောလိုက်သည်။
" မင်း တစ်နာရီကျော်လောက် နေ့တိုင်း မောင်းနေရတယ်၊ နောက်တစ်ရက်မှာ အလုပ်ပြန်သွားဖို့ တစ်နာရီထက်ပိုပြီး မောင်းနေရတယ်၊ မင်း မပင်ပန်းဘူးလား... "
"မပင်ပန်းပါဘူး... "
စစ်ကျွင်းတောက်အသံ က ပေါ့ပါးနေပြီး လေယူလေသိမ်းကလည်း ပေါ့ပါးနေသည်။
" စိတ်မဆိုးဘူးလား..."
"ဘာပြောချင်တာလဲ..."
စစ်ကျွင်းတောက် က သူ့ကို ဖြတ်မေးလိုက်သည်။
"မနေ့ညက မင်းငါ့ကိုစကားပြောချင်တယ်လို့ပြောပေမယ့် မင်း မင်မင်ကို မကြားစေချင်ခဲ့တာ။ အဲဒါ က ဘာလဲ..."
မုကျိအန်း သည် ရှေ့သို့ စောင်း၍ သူ့မျက်နှာကို ကြည့်လိုက်သည်။
"မင်းအရင်ရပ်လိုက်ပါ...မင်း ခဏလောက် အရမ်း စိတ်လှုပ်ရှားသွားမှာကို ငါကြောက်တယ်... ကားတစ်စီးတည်းမှာ အသက်နှစ်ခု ရှိနေတာနော်... "
စစ်ကျွင်းတောက် က သူ့ကို တိတ်တဆိတ်ကြည့်ကာ ကားကို လမ်းဘေးသို့ ဆွဲတင်လိုက်သည်။
"ဆက်ပြောတော့..."