Chapter 47
"အဖေ ရှောင်ယွီကို မယုံဘူးလား...”
ကျိယွီရှောင် မေးလိုက်သည်။
“ယုံတာပေါ့...”
အဖေကျိ ရှင်းပြလိုက်၏။
“ဒါပေမဲ့ ငါက ရှောင်ကျုံးကို မေးရတာက သူက ကလေးတွေကို စောင့်ရှောက်ပေးဖို့ တာ၀န်ရှိတယ်လေ...အဲ့တော့ ဒီအခြေအနေကို သေချာသိရဖို့ အကောင်းဆုံးလူပဲ..."
ကျိယွီရှောင်တွင် သရော်မှုအပြည့်ဖြစ်နေပြီး အထင်သေးမှုက လွှမ်းခြုံနေလေသည်။
“သူက ဘာသိတာလဲ... ရှောင်ယွီက ကျိရှင်းကို တွန်းလိုက်တာကို သိတာလား..."
ကျိယွီရှောင် နားမလည်နိုင်ပေ။
“ဒါက အဖေ့ရဲ့မြေးပါ...အဖေက သူ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တာပဲ....သူ့မှာ ဘယ်လိုစရိုက်ရှိပြီး ကျိရှင်းမှာ ဘယ်လိုစရိုက်ရှိလဲ အဖေ မသိဘူးလား...အခု ဘာလို့ ရှောင်ယွီကို သံသယ၀င်နေတာလဲ...အဖေ မရှက်ဘူးလား..."
အဖေကျိ တစ်ခဏလောက် စိတ်ပြောင်းသွားသော်လည်း တစ်စုံတစ်ခုကို တွေ့မိသွားပြီး ခိုင်ခိုင်မာမာ ပြောလိုက်သည်။
“ရှောင်ယွီက မကောင်းတာ လုပ်ခဲ့တယ်လို့ပြောနေတာ မဟုတ်ဘူး...ရှောင်ယွီက လိမ်ပြောနေတာလို့လည်း ငါ သံသယမရှိဘူး...မင်း ရှောင်ယွီကို ယုံရင် ဘာလို့ရှောင်ကျုံးပြောတာ နားမထောင်နိုင်ရတာလဲ..."
ကျိယွီရှောင် အလွန်ဒေါသထွက်သွားပြီး ရယ်မောလိုက်လေသည်။
“ကျွန်တော်က ဘာလို့ သူပြောတာရမှာလဲ...ကျွန်တော် ရှောင်ယွီကို ယုံတယ်...ပြီးတော့ ရှောင်ယွီက အဲ့လိုအပြုအမူမျိုး မဟုတ်မှာကိုလည်း သိတယ်...ဘာလို့ ကျွန်တော်က တခြားလူတွေကို မေးရမှာလဲ..."
သူ သူ့အဖေကို ကြည့်လိုက်ပြီး သူက ထိုလူကို နားမလည်နိုင်ကြောင်းကို ရုတ်တရက် ခံစားလိုက်ရသည်။
ဘာလို့ သူက ရှောင်ယွီကို သံသယ၀င်နေရတာလဲ...
သူက ရှောင်ယွီကို မယုံရင်တောင် သူ့အစ်ကိုကို မယုံသင့်ဘူးလား...
သူ့အစ်ကိုက တခြားလူတွေကို ရေထဲ တမင်တွန်းချမဲ့ကလေးကို ဘယ်လိုလုပ် ပျိုးထောင်ခဲ့မှာလဲ...
ဘာလို့ ကျိကျုံးကို မေးရမှာလဲ...
မျက်စိတစ်မှိတ်အတွင်း ကျိယွီရှောင်က ထိုသို့ဖြစ်ရသည့် အကြောင်းရင်းကို နားလည်သွားခဲ့သည်။
သူ့အဖေက ကျိလဲ့ယွီကို သံသယမ၀င်ဘူးပဲ...သူက သူ့ဆီက ကျိလဲ့ယွီကို ခေါ်သွားဖို့ အခွင့်အလမ်းယူနေတာပဲ...
ထို့အတွက်ကြောင့် လဲ့ယွီက သူ့သံသယကြောင့် အဆင်မပြေမည် သို့မဟုတ် ထိုကိစ္စကြောင့် သူ့မိသားစုတွင်း စိတ်မချမ်းသာမှုများ ဖြစ်စေမည်ကို ဂရုမစိုက်ချေ။ ထိုအချက်များကို အဖေကျိ၏ အစီအစဉ်ထဲ၌ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ချေ။
ကျိရှင်း၏ကိစ္စက မတော်တဆဖြစ်ရပ်မျှသာဖြစ်သော်လည်း မမျှော်လင့်စွာဖြင့် အဖေကျိ လုပ်ချင်သည့်အရာနှင့် ဆက်စပ်သွားခဲ့ပေသည်။
ကျိလဲ့ယွီက ကျိရှင်းကို တွန်းချခဲ့သည်ဟု ကျိကျုံး ပြောခဲ့သည်ရှိသော် သူ့အဖေက သူက ကျိလဲ့ယွီကို ပြုစုပျိုးထောင်ရန် မထိုက်တန်ဟုပြောမည်ဖြစ်ပြီး ကျိလဲ့ယွီကို ကောင်းကောင်းမစောင့်ရှောက်နိုင်ဟုလည်း ပြောမည်ဖြစ်သည်။
ထိုအခါ အဖေကျိက ကျိလဲ့ယွီကို အပြည့်အ၀ထိန်းသိမ်းစောင့်ရှောက်ခွင့်ရသွားပြီး သူ့အစ်ကို ပိုင်ဆိုင်သော ကျိလဲ့ယွီနာမည်ဖြင့် ရှယ်ယာများကို သူ့အား ပေးရန် တောင်းဆိုမည်ဖြစ်သည်။
အဖေကျိတင်မက ကျိမူလည်း ထိုနည်းလည်းကောင်း တွေးနေနိုင်ပေသည်။
ကျိယွီရှောင် ယင်းက အလွန် ရယ်ဖွယ်ရာကောင်းလွန်းသည်ဟု ခံစားရပေသည်။
ကျိလဲ့ယွီက ဤနေရာတွင် အသက်ရှင်လျက် ရပ်နေသော်လည်း မည်သူကမှ သူ့ကို မိဘများအား ဆုံးရှုံးခဲ့ရသော ကလေးငယ်တစ်ဦးအဖြစ် မဆက်ဆံကြပေ။
သူတို့က ကျိလဲ့ယွီနောက်မှ ချမ်းသာကြွယ်၀မှုများကိုသာ မြင်ပြီး သူတို့ ပိုင်ဆိုင်ရန် စိတ်ကူးယဉ်အိမ်မက် မက်နေကြလေသည်။
ကျိယွီရှောင် သူ့အစ်ကိုက ဤမျှလောက် ထက်မြက်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
ကျိလဲ့ယွီမွေးဖွားသည့်နှစ် အစောပိုင်းတွင် သူ့အစ်ကိုက သေတမ်းစာတစ်စောင် ရေးခဲ့လေသည်။ လူတိုင်းအံ့အားသင့်ခဲ့ရသည်က သူ့အစ်ကို ကျိယွီလင်က သူ့ဘဝတစ်လျှောက် စုဆောင်းခဲ့သော ချမ်းသာကြွယ်၀မှုအမွေများကို ဇနီးနှင့်သားအား ပေးမည့်အစား သူ့ထံ အကုန်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
လူတစ်ဦးက သူ့တန်ဖိုးထားရသော တစ်စုံတစ်ရာကြောင့် ဒုက္ခရောက်တတ်ပေသည်။
ကျိလဲ့ယွီက အမွေများအားလုံးကို ပိုင်ဆိုင်နိုင်သော်လည်း ထိုသို့ဖြစ်လျှင် ကျိလဲ့ယွီက ထိုအမွေများ၏ရုပ်သေးရုပ်ဖြစ်လာပြီး ဘယ်သောအခါမှ ပျော်ရွှင်ရတော့မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လူတိုင်းက ကျိလဲ့ယွီနောက်မှ အမွေများကို တပ်မက်ကြမည်ဖြစ်ပြီး ကျိလဲ့ယွီက အသက်ငါးနှစ်သာ ရှိသေးသောကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်မည် မဟုတ်ချေ။
“ကျိကျုံး...”
ကျိယွီရှောင် အေးစက်စွာ ပြောလိုက်သည်။
“ဘာမှ မပြောနဲ့...လူတိုင်း ရှောင်ယွီကို ယုံတယ်လို့ ပြောတဲ့အတွက် ဘာမှပြောစရာ မလိုဘူး...အဲ့လိုမဟုတ်ရင်…”
“တချို့လူတွေက ယုံတယ်ပြောပြီး စိတ်ထဲကျတော့ တကယ်မယုံတဲ့သူတွေပေါ့..."
ထိုအခိုက်အတန့်တွင် တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။
ကျိလဲ့ယွီ ဤအဆင့်ထိ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ချေ။ သူ အဖိုးကျိကို ကြည့်လိုက်သည်။ သူ့အဖိုးကို သူ့ကို 'လဲ့လဲ့'ဟု ခေါ်ပြီး ပွေ့ဖက်လေ့ရှိသည်။
သူ့အဖိုးက သူ့ကို မကြိုက်ဘူးလား...
ဘာလို့ သူ့ကို သံသယ၀င်နေတာလဲ...
လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အား ဆော့ကစားရန် ခေါ်သွားမည်ဟု ပြောခဲ့သည့် ကျိမူလည်း ပါသည်။ ထိုကျိမူကလည်း သူ့ကို သံသယ၀င်နေလေသည်။
သူ့၏မျှော်လင့်ချက်ထဲတွင် သူ့ကို မည်သူမှ သံသယ၀င်မည် မဟုတ်ပေ။ အဆုံးတွင် ကျိရှင်း အလွန်ဆိုးသွမ်းပြီး သူက လိမ်မာသည့် ကလေးဖြစ်သည်။
ဘယ်သူက ကျိရှင်းအစား သူ့ကို သံသယ၀င်မှာလဲ...
ယခုမူ လူကြီးမျးက သူ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးကြလေသည်။
'အဖိုးက လဲ့လဲ့ကို အကြိုက်ဆုံး'၊ 'လဲ့လဲ့ အဖိုးနဲ့ အတူတူ နေပါ့လား'ဟူ၍ ပြောလေ့ရှိသည့် သူ့အဖိုးက ယခုမူ သူ့အား သံသယ၀င်နေလေသည်။
ဟုတ်တယ်...သူ့ရှုရှုကသာ အယုံကြည်ရဆုံးသူဖြစ်ပြီး သူ့ကို အမြဲကာကွယ်ပေးမှာပဲ...
“ငါ ဘာတွေဖြစ်နေလဲ သိချင်တယ်...ငါ ရှောင်ယွီကို သံသယဖြစ်နေတာကို ၀န်ခံတယ်...ရှောင်ကျုံးဘယ်လိုဖြစ်သွားလဲ ပြောပြ..."
အဆုံးတွင် သူက အဖေတစ်ယောက် ဖြစ်လေသည်။ အမှန်တွင် ကျိဟွမ်က ဘာမှ မမေးချင်သော်လည်း အဖေကျိက သူ့ဘေးတွင် ရှိနေသောကြောင့် တက်ကြွလာပြီး ထိုအချိန်က အခြေအနေကို ပြောပြရန် ကျိကျုံးအား ပြောလိုက်သည်။
ကျိယွီရှောင်က ကျိဟွမ်ကို စိုက်ကြည့်နေသော်လည်း ဘာမှ မပြောခဲ့ပေ။ ကျိဟွမ်က ကျိရှင်း၏အဖေဖြစ်သောကြောင့် သဘာ၀အတိုင်း သူ့ကလေးကို ပံ့ပိုးပေးရမည်ဖြစ်ပြီး ကျိလဲ့ယွီအားသံသယ၀င်နေသည်မှာ ဖြစ်သင့်သောကြောင့် ကျိယွီရှောင် သူ့ကို မတားနိုင်ခဲ့ပေ။
သူတို့အလယ်မှ ကျိကျုံး စိတ်ပျက်လက်ပျက်ဖြစ်နေပြီဖြစ်သည်။ သူက ချက်ချင်းဆိုသလို အော်ပြောလိုက်သည်။
"ကျွန်တော် မသိဘူး...အဲ့တုန်းက ဂိမ်းဆော့နေတာ ဘာမှမသိလိုက်ဘူး...ကျိရှင်းက ငိုနေပြီး သူ့အဖေကို သွားရှာမယ်အော်နေလို့ ကျွန်တော် နောက်က လိုက်လာတာ...ကျွန်တော် ကျိရှင်း ရောက်သွားတဲ့အချိန် သူက အော်ငိုနေတာကိုပဲ သိတယ်...ကျွန်တော့်ကို မမေးနဲ့...လင်းဖေးကိုမေး...သူတို့သုံးယောက်က အတူတူရှိနေကြတာ..."
ထိုစကားများကို ကြားသောအခါ ကျိရှင်း ခေါင်းငြိမ့်လိုက်လေသည်။
“ဟုတ်တယ်...လင်းဖေးမြင်တယ်...ကျိလဲ့ယွီ တွန်းချတာ ခံရတာကို သူ မြင်လိုက်တယ်..."
ချက်ချင်းဆိုသလို လူတိုင်း၏မျက်လုံးများက လင်းဖေးအပေါ် ရောက်သွားလေသည်။
လင်းဖေး၏မျက်နှာက ပုံမှန်အတိုင်း တည်ငြိမ်နေဆဲဖြစ်သည်။ လူကြီးများနှင့် ကလေးများကြား ငြင်းခုံမှုများအား သူ့အား မနှောင့်ယှက်သည့်ပုံ ပေါ်လေသည်။
လူတိုင်း လင်းဖေး၏အမူအရာကို မြင်သောအခါ ကျိလဲ့ယွီက ကျိရှင်းကို မတွန်းချလောက်ဟု တိတ်တဆိတ် တွေးလိုက်ကြသည်။
မဟုတ်ရင် လင်းဖေးလိုကလေးက အဲ့လိုအရာကို မြင်ရင် ဘယ်လိုလုပ် တည်ငြိမ်နိုင်မှာလဲ...သူက ကျိရှင်းလို ကြောက်နေသင့်တယ်...
လင်းလော့ချင်းက ကျိလဲ့ယွီကို ကြည့်ပြီး သံသယ၀င်နေလေသည်။
ကျိယွီရှောင်က ကျိလဲ့ယွီကို ခြွင်းချက်မရှိ ယုံကြည်သော်လည်း သူက ကျိလဲ့ယွီက ကြီးလာသည့်အခါ ကိုယ်ရည်ကိုယ်သွေး မည်သို့ဖြစ်မည်ကို သိနေလေသည်။ သို့သော် ကလေးကျိလဲ့ယွီက ကျိရှင်းကို ရေထဲတွန်းချရန် မဖြစ်နိုင်ပေ။
ထို့အပြင် လင်းဖေး၏အမူအရာက တည်ငြိမ်လွန်းသည်။ သူက ပုံမှန်ဆိုလျှင်လည်း တည်ငြိမ်သော်လည်း လင်းဖေးကဲ့သို့ နူးညံ့သော နှလုံးသားနှင့်ကလေးက ကျိလဲ့ယွီ ကျိရှင်းအား ရေထဲတွန်းချခဲ့သည်ကို မြင်ခဲ့သည်ရှိသော် တည်ငြိမ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် လင်းဖေးက သူနှင့် ကျိယွီရှောင်ကိုလည်း အရှက်ရစေလိမ့်မည် မဟုတ်ပေ။
“ ဖေးဖေး ဟုတ်လား...”
အဖေကျိက မလှမ်းမကမ်းတွင် ရပ်နေသောလင်းဖေးအား နူးညံ့စွာ ပြုံးပြလိုက်သည်။
အစောပိုင်းတွင် ကျိယွီရှောင်က လင်းဖေးအား မိတ်ဆက်ပေးချိန်၌ အဖေကျိက သူ့မျက်လုံး ညစ်ပတ်သွားမည်သကဲ့သို့ လင်းဖေးအား မကြည့်ခဲ့ချေ။
ယခုမူ သူက လင်းဖေးအား ပြုံးကြည့်နေပြီး နူးညံ့သော မျက်နှာထားနှင့် လေသံပြေပြေလေး မေးလိုက်သည်။
“အဖိုးက ရှောင်ယွီရဲ့အဖိုးပါ...သား မြင်ခဲ့တာကို အဖိုးကို ပြောပြပါလား..."
ကျိယွီရှောင် အဖေကျိ၏ကြင်နာသောမျက်နှာပေးနှင့် ထိုစကားများကို ကြားလိုက်ရသောအခါ ၀မ်းနည်းသွားလေသည်။
လင်းဖေး၏အမူအရာက အဖြစ်အပျက်ကို ရှင်းပြပြီးသား ဖြစ်နေလေသည်။ ကျိလဲ့ယွီသာ ကျိရှင်းကို တကယ် တွန်းချခဲ့လျှင် သူက ကျိလဲ့ယွီ၏ဘေးတွင် တည်ငြိမ်စွာ ရပ်နေမည်မဟုတ်ချေ။ အနည်းဆုံး သူနှင့် ခပ်ခွာခွာ ရပ်နေမည်ဖြစ်သည်။
သို့ဖြစ်ပါလျက် အဖေကျိက လင်းဖေးအား ကြိုက်ဟန်ဆောင်ပြီး မေးနေလေသည်။
သူက လင်းဖေးကို ကြိုက်လေသည်။ လင်းဖေးက လင်းလော့ချင်း၏၀န်ထုပ်၀န်ပိုးဟု သူ မတွေးခဲ့သလို ကျိမိသားစုထဲ၀င်ရန် အရည်အချင်း မပြည့်မီဟုလည်း မတွေးခဲ့ပေ။
တော်တော် ရယ်စရာကောင်းတာပဲ...
သူ့အစ်ကိုရဲ့အမွေတွေက ဆွဲဆောင်နိုင်အား ကြီးလွန်းတယ်...
ကျိမူကလည်း လိုချင်တယ်...
သူ့အဖေရင်းကလည်း လိုချင်တယ်...
သူတို့က အမွေတွေ အပြည့်ရထားတဲ့သူ့ကို မလိုချင်ကြဘူး...
သူတို့လက်ထဲက ရှယ်ယာတွေက မလုံလောက်လို့လား...
သူ့အစ်ကိုက ချန်ထားခဲ့တဲ့ရှယ်ယာတွေကို လိုချင်နေသေးတာလား...
လင်းလော့ချင်း ကျိယွီရှောင်၏၀မ်းနည်းစွာ ရယ်မောသံကို ကြားလိုက်ရသောအခါ ကျိယွီရှောင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ခေါ်လိုက်သည်။
"ကော..."
ကျိယွီရှောင် ခေါင်းခါလိုက်ပြီး သူ အဆင်ပြေကြောင်း ပြလိုက်သည်။
‘ဘယ်လိုလုပ် အဆင်ပြေမှာလဲ...’
လင်းလော့ချင်း တွေးလိုက်သည်။
‘ဒီအခန်းထဲက လူတွေအားလုံးက မင်းရဲ့ဆွေမျိုးတွေလို့ ထင်ရပေမဲ့ အားလုံးနီးပါးက မင်းနဲ့ဆန့်ကျင်ဘက်မှာ ရပ်နေကြတာ...'
ကျိယွီရှောင်က သူ့အခွင့်အရေး အားလုံးကို လက်လွှတ်လိုက်ပေမဲ့ သူတို့က ပိုလိုချင်နေကြတုန်းပဲ...
အမှန်တရားကို သိချင်တယ်လို့ အကြောင်းပြနေပြီး မေးခွန်းတွေ ထပ်ခါထပ်ခါ မေးနေတာ...ကျိဟွမ်ကလွဲပြီး အမှန်တရားကို ဘယ်သူက တကယ်သိချင်မှာလဲ...
သူတို့က ကျိယွီရှောင်ကို လှံနဲ့ ထိုးဖို့ အခွင့်အရေးရှာနေကြတာပဲ...
ကျိလဲ့ယွီက ကလေးတစ်ယောက်သာ ဖြစ်လေသည်။ သို့သော် မည်သူမှ ကျိလဲ့ယွီကို ဂရုမစိုက်ကြပေ။ သူတို့က ကျိလဲ့ယွီနောက်တွင် ရပ်နေသော အုပ်ထိန်းသူဖြစ်သည့် ကျိယွီရှောင်ကိုသာ ဆန့်ကျင်ချင်ကြခြင်းဖြစ်သည်။
“ရှောင်ယွီကို အ၀တ်အစားလဲပေးလို့ရလား...”
လင်းလော့ချင်း ကျိယွီရှောင်ကို တိုးတိုး ပြောလိုက်သည်။
"သူ့အ၀တ်အစားတွေက စိုနေတယ်...အင်္ကျီလဲလိုက်ရင် ကောင်းမယ်...မဟုတ်ရင် သူ ဖျားသွားလိမ့်မယ်..."
ထိုကိစ္စက သေးငယ်သော်လည်း ကျိယွီရှောင်၏ဒေါသများနှင့် စိတ်ပျက်မှုများ တိုးလာလေသည်။ သူ ကျိလဲ့ယွီကို ကြည့်လိုက်သောအခါ ကျိလဲ့ယွီ၏အ၀တ်အစားများက စိုစွတ်နေပြီး ခြေထောက်နားတွင် ရေများ အိုင်နေလေသည်။
“လူတိုင်းက ဘာဖြစ်ခဲ့တာလဲ အဖြေရှာဖို့ပဲ ကြိုးစားနေပြီး ကလေးနှစ်ယောက်ကို ဂရုစိုက်ပုံသာ ပေါ်နေတာ...ဒီလောက်ကြာသွားတာတောင် ကလေးတွေကို အ၀တ်အစားလဲပေးဖို့ မတွေးမိကြဘူး...ယွီရှောင် သတိမထားမိတာက သာမာန်ပဲ...ဘာလို့ဆို လူတိုင်းက သူ့ကို ဓားနဲ့ တစ်ချက်ပြီးတစ်ချက် ထိုးနေကြတာကို...ဒီလိုအရာကို ကိုင်တွယ်ဖို့ ဘယ်အာရုံရှိပါ့မလဲ...ဒါပေမဲ့ ကျန်တဲ့လူတွေ အများကြီးထဲမှာ ဘယ်သူမှ အမှန်တရားကို မမြင်ကြသလို ကလေးနှစ်ယောက်ရဲ့အ၀တ်အစားတွေ စိုနေတာကိုလည်း မမြင်ကြဘူး..."
လင်းလော့ချင်း ကျိဆွေမျိုးများကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံး သူ့မျက်လုံးများက အဖေကျိကို စိုက်ကြည့်နေပြီး ပြုံးကာ ပြောလိုက်သည်။
"အဖေ့ရဲ့ စိုးရိမ်မှုကလည်း ဒါကို မမြင်ဘူးနော်..."
အဖေကျိ စားပွဲကို ဒေါသ ဒေါသတကြီး ရိုက်လိုက်လေသည်။
"ပါးစပ် ပိတ်ထားစမ်း...မင်း ဒီမှာ ၀င်မပြောနဲ့..."
လင်းလော့ချင်း၏စကားများကို ကြားသောအခါ ကျိလဲ့ယွီ အံ့ဩသွားလေသည်။
သူက ငါ့ရှုရှုအတွက် ပြောပေးနေတာပဲ...
သူက ငါ့ကို သံသယမ၀င်ဘူး...ငါ အ၀တ်အစား စိုတွေ ဆက်၀တ်ထားပြီး ဖျားသွားမှာကို စိုးရိမ်နေတာပဲ...
ဤအခိုက်အတန့်တွင် လင်းလော့ချင်းအပေါ် ကျိလဲ့ယွီ၏ချစ်မြတ်နိုးမှုများ မရပ်တန့်နိုင်တော့ပေ။
ငါ့လိုပဲ ငါ့ရှုရှုကို ကြိုက်ပြီး သူ့ကို ကာကွယ်ချင်တယ်...
ငါ့ရှုရှုလိုပဲ ငါ့ကို ယုံပြီး သံသယမ၀င်ဘူး...
ဒါ့အပြင် ရှုရှုကလည်း သူ့ကို သဘောကျတယ်...သူနဲ့ လက်ထပ်ပြီးကတည်းက ရှုရှုက အဖေတစ်ယောက်လို အမြဲ ဖြစ်မနေတော့ဘူး...အရင်ရှုရှုပုံစံက ပြန်ပြန်ပေါ်လာတယ်...
သူ အရမ်း ပျော်တယ်...
ထိုအခိုက်အတန့်တွင် လင်းလော့ချင်းက သူ့မိဘများနှင့် သူ့ရှုရှုပြီးလျှင် အကောင်းဆုံးလူကြီးဟု ခံစားလိုက်ရပေသည်။
လင်းလော့ချင်းက ရှုရှုနဲ့ လက်ထပ်ဖို့ ထိုက်တန်တယ်...
သူတို့ ထာ၀ရ အတူ နေနေသင့်တယ်...
ထိုအချိန်တွင် သူ့ရှုရှု၏အသံကြောင့် သူ့အတွေးများက လက်တွေ့ ပြန်ရောက်သွားလေသည်။
ကျိယွီရှောင်က အဖေကျိကို အေးစက်စွာ ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"အဖေသာ ပိတ်ထားရမှာ...သူက ကျွန်တော့်အိမ်ထောင်ဖက်ပဲ...ပြီးတော့ ရှောင်ယွီရဲ့အဖေ...သူက အဖေ့ထက် ၀င်ပြောဖို့ အရည်အချင်းရှိတယ်...အဖေ့မြေးကို ဂရုမစိုက်နိုင်ဘဲနဲ့ တခြားလူတွေကို ဂရုစိုက်ခွင့် မပေးဘူးလား..."
ထို့နောက် ကျိလဲ့ယွီကို လှည့်
ကြည့်လိုက်ပြီးသူ့အမူအရာက တစ်မုဟုတ်ချင်း နူးညံ့သွားလေသည်။
"မင်းအဖေရဲ့အခန်းကို သွားပြီး အ၀တ်အစားလဲလိုက်...အအေးမမိစေနဲ့..."
ပြောပြီးနောက် သူ လင်းလော့ချင်းကို ဆက်ပြောလိုက်သည်။
“မင်း ရှောင်ယွီနဲ့အတူ လိုက်သွားလိုက်...”