Chapter 48
“အိုကေ...”
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
သို့သော် ကျိဟွမ်က ကျိလဲ့ယွီကို ထွက်သွားခွင့်ပေးရန် ဆန္ဒမရှိပေ။
"ပြဿနာက မရှင်းရသေးဘူး...အခု ထွက်သွားလို့ မရဘူး..."
လင်းလော့ချင်း သူ့ကို ကြည့်လိုက်ပြီး ဖြောင်းဖြလိုက်သည်။
"ကျိရှင်းလည်း အ၀တ်အစား အရင်သွားလဲရင် ကောင်းမယ်..."
“အမှန်တရားကို အရင် ဖော်ထုတ်ရမယ်..."
ကျိဟွမ် တိုက်တွန်းလိုက်ပြီး လင်းဖေးကို ကြည့်လိုက်သည်။
"မြင်ခဲ့တာကို ပြောပြ...အားလုံး နားထောင်နေတယ်..."
ကျိဟွမ် ပြောလိုက်သည်။
“မင်းအဖေက ဒီမှာနော်...ယောကျာ်းကောင်းတွေက မလိမ်သင့်ဘူး...မင်းလိမ်ရင် မင်းမိဘတွေက မင်းကို ကြိုက်တော့မှာ မဟုတ်ဘူး..."
လင်းလော့ချင်း : “……”
“ပထမဆုံး ငါက သူ့ဦးလေးပဲ...ဒုတိယက ငါက သူ့ကို အမြဲကြိုက်နေမှာ...မင်းရဲ့သားကို ဘယ်လိုပညာပေးပေး ငါနဲ့ မဆိုင်ပေမဲ့ ငါ့တူကို အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာမပြောနဲ့..."
လင်းလော့ချင်း စကားပြောပြီးအခါ လင်းဖေး ပုံမှန်လေသံဖြင့် ပြောလိုက်လေသည်။
"ကျွန်တော် ဘာပြောပြော ရှုရှု ယုံမှာလား..."
လင်းလော့ချင်း ထိုစကားကို ကြားသောအခါ သူ ဆက်ပြောချင်သည့်စကားများကို မျိုချလိုက်ပြီး လင်းဖေးကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
လင်းဖေးက တစ်ခုခု ပြောချင်နေတာလား...
ကျိယွီရှောင်နှင့် ကျိလဲ့ယွီလည်း ကျိဟွမ်ကို ကြည့်လိုက်ကြသည်။
“ယုံတာပေါ့..."
ကျိဟွမ် ပြုံးကာ ပြောလိုက်သည်။
"မင်းက ရိုးသားတဲ့ကလေး မဟုတ်ဘူး...မင်း လိမ်ရင် နှာခေါင်း ရှည်ထွက်လာလိမ့်မယ်...မင်း နှာခေါင်းရှည်မထွက်လာချင်ဘူးမလား..."
ကျိလဲ့ယွီ၏ နှလုံးသားက တင်းကြပ်သွားပြီး အလောတကြီး ပြောလိုက်သည်။
"ပြောပြလိုက် ကိုကို..."
လင်းဖေးအား 'ကိုကို'ဟု ခေါ်ချိန်၌ သူ့အသံက နူးညံ့ပြီး စေးကပ်နေလေသည်။
သူ လင်းဖေးက ကျိရှင်းထက် သူနှင့် ပိုနီးကပ်ကြောင်း သတိပေးချင်သည်။
သူက မျက်တောင်များကို အောက်စိုက်ချလိုက်ပြီး သနားစရာကောင်းပုံ ဖြစ်သွားစေကာ ပြောလိုက်သည်။
"သား နောက်ဆိုရင် ဘယ်သူကိုမှ မကူညီတော့ဘူး...သူတို့ကို ကူညီလိုက်ရင် တခြားလူတွေ စစ်မေးတာကို ခံနေရမှာ..."
ထိုစကားများနှင့် လင်းဖေး၏တည်ငြိမ်သောပုံစံကို တွဲစပ်လိုက်သောအခါ လူတိုင်း ဤပြဿနာ အဆုံးသတ်ကို မြင်လိုက်ရသည်။
ကျိလဲ့ယွီက မည်သူကိုမှ မတွန်းချခဲ့ပေ။ ထို့ကြောင့် သူက စိတ်ထိခိုက်နေပြီး လင်းဖေးသည်လည်း အလွန်တည်ငြိမ်နေလေသည်။
ကျိလဲ့ယွီက လိမ္မာပြီး စဉ်းစားတတ်သည့် ကလေးတစ်ယောက်ဖြစ်သည်။ သူက အချိန်တိုင်း ချိုမြိန်စွာ ပြုံးနေတတ်ပြီး လူတိုင်းအပေါ် ယဉ်ကျေးညှာတာစွာ ဆက်ဆံတတ်သူဖြစ်သည်။
ဒီလိုကလေးက လူတွေကို ဘယ်လိုလုပ် ရေထဲတွန်းချမှာလဲ...
ကျိရှင်းက ရေထဲ မတော်တဆ ပြုတ်ကျသွားပြီး သူ့မိဘများ ဆူမည်ကို ကြောက်သောကြောင့် အပြစ်လွှဲချခြင်း ဖြစ်နိုင်သည်။
ကျိယွီရှောင် ကျိလဲ့ယွီအတွက် စိတ်မကောင်းဖြစ်သွားပြီး သူ့ဆီလာရန် လှမ်းခေါ်လိုက်သည်။
ကျိလဲ့ယွီက ကျိယွီရှောင်ထံ လျှောက်သွားလိုက်ပြီး ကျိယွီရှောင်က သူ့ကို ပွေ့ဖက်ပေးလိုက်ကာ ချော့ပေးလိုက်သည်။
လင်းလော့ချင်းသည် ထိုစကားများက လင်းဖေးအား သတိပေးပြီး သူ့ကို ထောက်ခံရန် အကူအညီတောင်းခြင်းဟု ထင်လေသည်။
ထိုစကားများက လူကြီးတစ်ယောက်၏ ပါးစပ်မှ ထွက်လာလျှင် လူတိုင်း စဉ်းစားနိုင်မည်ဖြစ်သော်လည်း ကလးတစ်ယောက်၏ပါးစပ်မှ ထွက်လာသောအခါ ယင်းကို မစဉ်းစားမိကြပေ။ ထို့အပြင် ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းသော ကလေးတစ်ယောက်က ပြောလာခြင်းဖြစ်လေသည်။
တကယ် အစွမ်းထက်တာပဲ...
လင်းလော့ချင်း သက်ပြင်းချလိုက်သည်။
ကျိလဲ့ယွီသာ ကျိရှင်းကို တကယ် တွန်းချခဲ့လျှင် ဤတစ်လျှောက်လုံး သူ့၏ဟန်ဆောင် သရုပ်ပြမှုများက တကယ့်ကို အထင်ကြီးစရာဖြစ်သည်။
၀တ္ထုထဲ၌ ကျိယွီရှောင် သေဆုံးသွားပြီးနောက်
သူက မိသားစုချစ်ခင်မှုမရှိသည့် ဆွေမျိုးများကြား ကြီးပြင်းလာပြီး ကျိမိသားစု ထိပ်ဆုံးတွင် ထိုင်နိုင်ရန် ကြံစည်ခဲ့ကာ သူနှင့်ကျိယွီရှောင်အားနာကျင်အောင်လုပ်သူများကို လက်စားချေခဲ့လေသည်။
ကျိလဲ့ယွီက သူ့အကြည့်များကို ခံစားမိပြီး သူ့ကို မော့ကြည့်လာလေသည်။ လင်းလော့ချင်း ကျိလဲ့ယွီကို ပြုံးပြလိုက်ပြီး သူ့မျက်လုံးများက နူးညံ့သွားလေသည်။
ကျိလဲ့ယွီလည်း သကြားလုံးသဖွယ် ချိုမြိန်သော အပြုံးလေး ပြန်ပြုံးပြလိုက်၏။ ထိုအပြုံးက လူတိုင်းကို ချိုမြိန်သွားစေလေသည်။
လင်းဖေး ဤနေရာကို မကြိုက်သည့်အတွက် ကျိဟွမ်ပြောပြီးသောအခါ ပြတ်ပြတ်သားသားပြောလိုက်သည်။
“ ရှောင်ယွီက သူ့ကို မတွန်းချခဲ့ဘူး...ရှောင်ယွီက သူ့ကို ကယ်ခဲ့တာ...သူက အရမ်းတော်တယ်... ဘောကွင်းကို သုံးပြီး အစွန်းကနေ တက်လာတာ...ဒါကြောင့် သူတို့နှစ်ယောက်လုံး အဆင်ပြေတာ..."
“မင်း လိမ်နေတာ...”
ကျိရှင်း ထပ်မံ အော်ပြောလိုက်သည်။
“သူက ငါ့ကို တွန်းချခဲ့တာ သိသာတယ်...မင်းလိမ်နေတာ...မင်းက သူ့အစ်ကိုမို့လို့ သူ့ကို ကူညီပေးနေတာ...မင်းက လူလိမ်ကြီး..."
"ငါ့နှာခေါင်း ရှည်မထွက်လာဘူး...အဲ့တော့ ငါ လိမ်တာ မဟုတ်ဘူး..."
ကျိဟွမ် : “……”
ကျိဟွမ် လင်းဖေး လိမ်ပြောနေသည်ဟု မထင်ပေ။ မဟုတ်လျှင် ထိုအဓိပ္ပာယ်မဲ့သည့်စကားကို လင်းဖေး ယုံမည်မဟုတ်ပေ။
သို့ပါလျက် သူ စိတ်မပါစွာ ဆက်လက် မေးမြန်းခဲ့လေသည်။
"အဲ့လိုဆို ကျိရှင်းက ဘာလို့ ရေထဲကျသွားတာလဲ...ဘာလို့ ရှောင်ယွီကပဲ သူ့ကို ကယ်ရတာလဲ...တခြားလူတွေက သူ့ကို မတွေ့ဘူးလား...တခြားလူတွေတောင် မတွေ့ရင် ရှောင်ယွီက သူ့ကို ဘယ်လိုလုပ် တွေ့တာလဲ..."
“ရှောင်ယွီက သန့်စင်ခန်းသွားနေတုန်း အသံကြားလို့ သွားကြည့်တာ...အဲ့မှာ ရေကူးကန်ထဲက ကျိရှင်းကို တွေ့လိုက်ရတာပဲ..."
“မင်း ဘယ်လိုလုပ်သိတာလဲ...ရှောင်ယွီက မင်းကို ပြောပြတာလား..."
“မပြောပြဘူး..."
လင်းဖေး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော် အဲ့ဒါကို မြင်တာ..."
“ပထမတော့ သူက ပထမထပ်မှာ ရှိနေတာ...ကျွန်တော် သန့်စင်ခန်းသွားပြီး ပြန်လာတော့ သူတို့ကို တွေ့တယ်..."
လင်းဖေး ကျိရှင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့အသံက အေးစက်တည်ငြိမ်နေလေသည်။
"သူတို့က ရှောင်ယွီကို အနိုင်ကျင့်နေတာ...နောက်တော့ ရှောင်ယွီက သန့်စင်ခန်းဘက် ထွက်သွားတယ်...ကျွန်တော် သူ ထပ်အနိုင်ကျင့်ခံရမှာ စိုးရိမ်လို့ တိတ်တိတ်လေး လိုက်ကြည့်တုန်း အဲ့ဒါကို မြင်တာပဲ..."
ကျိယွီရှောင်က ကျိလဲ့ယွီကို ချော့နေစဉ် ထိုစကားများကို ကြားလိုက်ရသောအခါ လင်းဖေးကို မေးလိုက်သည်။
"ကျိရှင်းက ရှောင်ယွီက အနိုင်ကျင့်နေတာလား...သူက ဘယ်လိုအနိုင်ကျင့်နေတာလဲ..."
“သူက မကောင်းတဲ့စကားတွေကို ပြောနေတာ...”
"ဘာစကားတွေလဲ...”
ကျိယွီရှောင် မေးလိုက်သည်။
ကျိလဲ့ယွီ ထိတ်လန့်သွားပြီး အော်ပြောလိုက်လေသည်။
"လင်းဖေး...မင်းကို အဲ့စကားတွေ ပြောဖို့ ခွင့်မပြုဘူး..."
ကျိယွီရှောင် ကျိလဲ့ယွီဘက် လှည့်ကြည့်လိုက်သောအခါ ကျိလဲ့ယွီက သူ့ကို ကြည့်နေပြီး သူ့မျက်လုံးများက တဖြည်းဖြည်း ထိတ်လန့်နေရာမှ နာကျည်းမှုသို့ ပြောင်းသွားလေသည်။
“နားမထောင်နဲ့...”
လင်းဖေး နှုတ်ဆိတ်နေ၏။
ကျိယွီရှောင်က ဆက်မမေးတော့ချေ။
သူ ကြမ်းပြင်ပေါ်မှ ကျိလဲ့ယွီကို ချီလိုက်ပြီး လင်းလော့ချင်းထံ ပေးလိုက်သည်။ ထို့နောက် သူ လင်းလော့ချင်း၏လက်ကို ယူလိုက်ပြီး ထိုလက်ဖြင့် ကျိလဲ့ယွီ၏ မျက်လုံးကို အုပ်ထားပေးလိုက်သည်။
“ဖေးဖေး ဟိုဘက်လှည့်နေ..."
ကျိယွီရှောင် ဒေါသများကို ထိန်းထားပြီး တတ်နိုင်သမျှ နူးညံ့စွာ ပြောလိုက်သည်။
လင်းဖေးက ရှေ့မှ နံရံကို စိုက်ကြည့်နေလိုက်လေသည်။
ထို့နောက် 'ဒုန်းခနဲ'မြည်သံနှင့်အတူ ကျိဟွမ်၏နာကျင်စွာ အော်ဟစ်နေသံကို ကြားလိုက်ရလေသည်။
ကျိရှင်းက ကျယ်လောင်စွာ ငိုကြွေးနေပြီး သူ့အဖေကို အဆက်မပြတ် ခေါ်နေလေသည်။
လင်းလော့ချင်းက ကျိယွီရှောင်၏ဒေါသထွက်နေသော အမူအရာနှင့် ကျိဟွမ်၏ပခုံးပေါ်မှ ဒဏ်ရာကို ကျိလဲ့ယွီ မမြင်စေရန် သူ့မျက်လုံးများကို ဖုံးအုပ်ပေးလိုက်သည်။
“ကျိယွီရှောင်...”
ကျိကျန်းချိုက် အံ့အားသင့်သွားပြီး တုံ့ပြန်လိုက်သည်။
"နင် ဘာလုပ်တာလဲ..."
“ဒါက ကလေးကို ပြုစုပျိုးထောင် ပေးခဲ့တဲ့အဖေ့ရဲ့ အမှားပဲ...ကလေးက မသိနားမလည်ပေမဲ့ လူကြီးက နားလည်တယ်လေ..."
ကျိယွီရှောင် ကျိကျန်းချိုက်ကို စိုက်ကြည့်လိုက်ပြီး မျက်လုံးများထဲ၌ ဒေါသများ ပြည့်နေလေသည်။
"ကျွန်တော့်အစ်ကိုက သေသွားပေမဲ့ ကျွန်တော်က အခုထိ ရှိနေတုန်းပဲ...အဒေါ်ရဲ့ကလေးက ရှောင်ယွီကို ဆိုးရွားတာတွေ ပြောနေရင် ကျွန်တော်က ကလေးကို ဆုံးမမှာ မဟုတ်ဘူး...လူကြီးကိုပဲ ဆုံးမပေးမယ်..."
ကျိကျန်းချိုက်၏စိတ်အဟုန်က ချက်ချင်းဆိုသလိုတုန့် သွားလေသည်။ သူ ခေါင်းကို လှည့်လိုက်ပြီး ကြည့်ရန် ငြင်းဆန်လိုက်သည်။
ကျိယွီရှောင် စားပွဲပတ်လည်မှ လူများကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျားတို့တွေက ကျန်းမာကြပြီး ခင်ဗျားတို့ လိုချင်တာတွေကို အကန့်အသတ်မရှိ လုပ်လို့ရတယ်...တစ်ခုခုကို ကြိုက်ရင် စွန့်လွှတ်စရာမလိုဘူး... ငါက ကွာခြားတယ်...ငါက ငါ့အသက်မွေး၀မ်းကြောင်းအလုပ်ကို စွန့်လွှတ်ပြီးသား...မိသားစုကိုပဲ ဂရုစိုက်တယ်...တစ်ယောက်ယောက်က ငါ့မိသားစုကို မပျော်အောင် လုပ်ရင်အဲ့လူက မပျော်ရွှင်စေရဘူး...ဘာပဲဖြစ်ဖြစ် ငါ့မှာ ဆုံးရှုံးစရာ မရှိဘူး...ဒါပေမဲ့ လူတိုင်းက ငါ့လို မဟုတ်ဘူးမလား..."
ကမ္ဘာပေါ်တွင် ထိုအရာက အမြဲ ဖြစ်နေလေသည်။ နူးညံ့မှုသည် မာကျောမှုကို ကြောက်ပြီး မာကျောမှုသည် ကြမ်းတမ်းမှုကို ကြောက်လေသည်။ သို့သော် ခြေဗလာနှင့်သူများသည် ဖိနပ်နှင့်လူများကို ကြောက်မည် မဟုတ်ချေ။
စိုးရိမ်ပူပန်စရာများလေလေ ပို၍ ယုတ်ညံ့လာလေလေဖြစ်သည်။
သူ့၏ခြေထောက်များ မသန်မစွမ်း ဖြစ်နေချိန်၌ သူ ဘယ်လိုကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့သည်ကို လူတိုင်းသိကြပြီး သူ့လက်ရှိဘ၀ကို မကျေနပ်ကြောင်းလည်း သိကြလေသည်။ ထို့ကြောင့် မည်သူမှ သူ့ကို ရန်မစရဲကြခြင်းဖြစ်သည်။ ဤအချိန်တွင် မည်သူကမှ ခုန်ထွက်သွားပြီး ပထမဆုံးသားကောင်မဖြစ်ချင်ကြပေ။
လူတိုင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျိယွီရှောင် ကျေနပ်သွားသည်။
“ ရှောင်ယွီကို တောင်းပန်ပါ...”
သူ တောင်းဆိုလိုက်သည်။
သူ့အကြည့်များက ကျိကျန်းချိုက်၏မျက်နှာကို ဖြတ်သွားပြီး အဖေကျိမျက်နှာပေါ် ရောက်သွားလေသည်။
ကျိကျန်းချိုက်က ဦးစွာ တောင်းပန်ခဲ့ပြီး ဆေးလိပ်ပြာခွက်ဖြင့် ပစ်ပေါက်ခံရသောကြောင့် ပခုံးဒဏ်ရာ ရသွားသော ကျိဟွမ်ကို ဆွဲခေါ်သွားလိုက်လေသည်။
သူ့အမေဖြစ်သည့် ကျိကျန်းချိုက်က ကျိယွီရှောင်နှင့် ဆိုးရွားသော ဆက်ဆံရေး မရှိလိုပေ။
"တောင်းပန်ပါတယ်..."
ထို့နောက် ကျိမူနှင့် ကျိကျန်းယန်လည်း အင်တင်တင် တောင်းပန်လိုက်လေသည်။
"တောင်းပန်ပါတယ်..."
ကျိယွီရှောင် အဖေကျိကို စိုက်ကြည့်နေလိုက်သည်။ အဖေကျိက အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ကျိလဲ့ယွီအား ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"လဲ့လဲ့ အဖိုးက သားကို သံသယမ၀င်ပါဘူး...အဖိုးက ဘာဖြစ်ခဲ့လဲ သိချင်ရုံပါ...အဲ့ဒါကို မတွေးနဲ့တော့နော်...အဖိုး သားကို တောင်းပန်ပါတယ်..."
ကျိလဲ့ယွီ၏အတွင်းစိတ်က လှောင်ရယ်နေသော်လည်း မျက်နှာထက်မှ ဖြူစင်သော အပြုံးတစ်ပွင့် ပေါ်လာလေသည်။ သူက လျောက်ပတ်စွာ ပြောလိုက်သည်။
"ရပါတယ်...အဖိုးကို အပြစ်မတင်ပါဘူး...ဒါက ကျိရှင်းရဲ့ အမှားပဲလေ..."
အဖေကျိ ထိုစကားကို ကြားသောအခါ စိတ်ထဲမထားတော့ပေ။ အဆုံးတွင် ကျိလဲ့ယွီက ကလေးတစ်ယောက်သာ ဖြစ်ပြီး သူက နားမလည်နိုင်ပေ။ မကျေနပ်မှုများကိုလည်း ဆုပ်ကိုင်ထားမည် မဟုတ်ပေ။ထို့ကြောင့် သူက ကျိလဲ့ယွီ၏အချစ်ဆုံးအဖိုး ဖြစ်နေဆဲဖြစ်သည်။
ကျိလဲ့ယွီအား တောင်းပန်ပြီးကြပြီးနောက် ကျိယွီရှောင် ဤနေရာတွင် အချိန်မဖြုန်းလိုတော့ပေ။
“ကျွန်တော် ခံစားချက်မကောင်းလို့ တွေ့ဆုံပွဲမှာ ဆက်မနေချင်တော့ဘူး...ပြန်တော့မယ်..."
ထို့နောက် ဝှီးချဲလ်ကို လှည့်လိုက်ပြီး လင်းလော့ချင်းကို ပြောလိုက်သည်
"သွားကြရအောင်..."
ထိုစကားနှစ်လုံးက မထင်မှတ်စွာ နူးညံ့နေလေသည်။
လင်းလော့ချင်းလည်း ကျိလဲ့ယွီကို ဆွဲ၍ လိုက်သွားလိုက်သည်။
ကျိယွီရှောင် လင်းဖေးဘေး ဖြတ်သွားချိန်၌ လင်းဖေးလက်ကို ဆွဲလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"အိမ်ပြန်ကြရအောင်..."
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး သူ့နောက်လိုက်သွားလိုက်သည်။
ကျိလဲ့ယွီက လင်းဖေးအား ကြည့်နေပြီး သူ့မျက်လုံးက ခံစားချက်အချို့ကြောင့် သက်၀င်လှုပ်ရှားနေလေသည်။
ကျိလဲ့ယွီ အ၀တ်အစား မလဲရသေးသည့်အတွက် ကျိယွီရှောင်က အ၀တ်အစားလဲရန် ဒုတိယထပ်ရှိ ကျိယွီလင်၏အခန်းဆီ ဦးစွာ ခေါ်သွားလိုက်သည်။
သူတို့ ညီအစ်ကိုနှစ်ယောက်က ဤနေရာတွင် ကြီးပြင်းလာကြခြင်းဖြစ်ပြီး နောက်ပိုင်း အိမ်ပြောင်းသွားကြသော်လည်း တစ်ခါတစ်ရံ ဤနေရာတွင် ပြန်လာနေလေ့ရှိသည်။ ထို့အတွက်ကြောင့် ကျိယွီလင်၏အခန်းတွင် သူတို့ ပြန်လာသောအခါ လဲလှယ်၀တ်ဆင်ရန် ဇနီးနှင့်ကလေး၏အ၀တ်အစားများ အမြဲရှိလေသည်။
ကျိယွီရှောင်က ဤနေရာတွင် နောက်ဆုံးနေခဲ့သည်မှာ လွန်ခဲ့သည့် နှစ်လကဖြစ်ပြီး နှစ်လမပြည့်မီ ဤနေရာမှ လုံး၀ထွက်ခွာလာရမည်ဟု မထင်ထားခဲ့ပေ။
သူ့အစ်ကိုကို တော်သည်ဟု ပြောခဲ့ကြသည့် လူများကလည်း သူ့အစ်ကိုကို မေ့သွားပုံရပြီး သူ့သားကိုပင် အနိုင်ကျင့်လာကြလေသည်။
အဲ့ဒါကြောင့် လူက သေသွားရင် ဘာမှ မကျန်ဘူးတဲ့...
အသက်ရှင်နေမှသာ ရည်မှန်းချက် အောင်မြင်နိုင်မှာ...
ကျိလဲ့ယွီ အ၀တ်အစားလဲပြီးနောက် ရေစိုနေသည့် အ၀တ်အစားများကို အိတ်ထဲ ထည့်လိုက်ပြီး လင်းလော့ချင်းတို့နှင့်အတူ ကားထဲ ၀င်လိုက်သည်။
ကားက အမြန်မောင်းနေပြီး ညဆယ်နာရီမထိုးမီ အိမ်ပြန်ရောက်သွားကြလေသည်။
ကျိယွီရှောင်က စိတ်အေးစေရန် ကျိလဲ့ယွီအား စကားအနည်းငယ် ပြောလိုက်ကာ ပါးကို နမ်းလိုက်ပြီး သူ့အခန်းထဲ ပြန်သွားလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်၏စိတ်ခံစားချက်များကို စိုးရိမ်သောကြောင့် သူ့နောက်လိုက်သွားပြီး သူတို့အခန်းဆီ ပြန်သွားလိုက်သည်။
ယင်းကို မြင်ပြီးနောက် ကျိလဲ့ယွီက လင်းဖေး၏အခန်းဆီ သွားလိုက်လေသည်။
လင်းဖေးက အိမ်စာများကို စစ်ဆေးပြီး၍ စာအုပ်ဖတ်နေချိန်၌ ကျိလဲ့ယွီ အခန်းထဲ ၀င်လာသည်ကို မြင်လိုက်ရသည်။
“ကိုကို..."
ကျိလဲ့ယွီက သတိထားပြီး ၀င်သွားလိုက်သည်။
လင်းဖေး မော့ကြည့်လာသည်။ သူ့မျက်လုံးထဲ၌ ခံစားချက် မရှိပေ။ ကျိလဲ့ယွီ မျှော်လင့်ထားသည့် ရွံ့ရှာမှုများ၊ မုန်းတီးမှုများ၊ ကြောက်ရွံ့မှုများလည်း မရှိချေ။
သူက ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူ့လေသံကလည်း ပြောင်းလဲမှု မရှိသောကြောင့် သူ့ကို ကြိုက် မကြိုက် ပြောရန် ခက်ခဲလေသည်။
"ငါ မင်းပါးပါးနဲ့ ငါ့ရှုရှုကို မပြောပြဘူး..."
ကျိလဲ့ယွီ သူ့ထံ လာရသည့်အကြောင်းရင်းကို
သိနေသောကြောင့် ကျိလဲ့ယွီ လိုချင်သည့်အဖြေကို ဦးစွာ ဖြေပေးလိုက်သည်။
"မင်း စိတ်ချလက်ချနေလို့ရတယ်..."
ကျိ
လဲ့ယွီ၏အတွေးများက ဤအခိုက်အတန့်တွင် တည်ငြိမ်သွားပြီဖြစ်သည်။
လင်းဖေး အဲ့ဒါကို မြင်တယ်...
သူ လင်းဖေးက ထိုအဖြစ်အပျက်ကို မြင်ခဲ့သည့်အတွက် အံ့အားသင့်ခဲ့ရလေသည်။
သူသာ မြင်ခဲ့ရင် သူ ဘယ်လောက်ထိ မြင်ပြီး ဘယ်လောက်ထိ သိခဲ့လဲ...
လင်းဖေးက အားလုံးကို မြင်ပြီး အားလုံးကို သိခဲ့လေသည်။