အပိုင်း ၄၉
Viewers 30k

Chapter 49




လွန်ခဲ့သည့် နှစ်နာရီခွဲခန့်ကို ပြန်သွားကြည့်လျှင်...


ကျိမိသားစု၏လူကြီးများက တွေ့ဆုံပွဲအတွက် တတိယထပ်ကို သွားကြပြီး ကလေးတစ်စုနှင့် ကျိကျုံးသာ ပထမထပ်တွင် ကစားနေကြလေသည်။


ကျိကျုံးက ဂိမ်းကို စွဲလမ်းနေခဲ့ပြီး သူ စထိုင်ပြီးကတည်းက ဂိမ်းကို စိတ်၀င်တစား ဆော့ခဲ့လေသည်။


ကလေးများကို စောင့်ရှောက်ပေးရမည့် တာ၀န်နှင့်ပတ်သတ်ပြီး ကျိကျုံးက အိမ်တွင် ပြဿနာတက်မည်မဟုတ်ဟု ထင်ခဲ့သောကြောင့် ယင်းကို ဂရုမစိုက်ခဲ့ပေ။


မသွားမီ လင်းလော့ချင်းက လင်းဖေး ကျိအိမ်တွင် ပျင်းနေမည်ကို စိုးရိမ်သောကြောင့် လင်းဖေးအတွက် ကျောပိုးအိတ်သေးတစ်လုံးကို သီးသန့် ထုပ်ပိုးပေးထားပြီး လင်းဖေးအတွက် ၀ယ်ပေးခဲ့သည့် ipadနှင့် မုန့်အချို့ ထည့်ထားပေးခဲ့သည်။


“ရှောင်ယွီနဲ့ အတူတူစားနော်..."


လင်းလော့ချင်းက လင်းဖေးကို ပြောလိုက်သည်။


လင်းဖေး ခေါင်းငြိမ့်လိုက်၏။


“ကျွန်‌တော် သိပါတယ်..." 


ထို့ကြောင့် ကျန်ခဲ့သည့်အချိန်တွင် လင်းဖေးက Ipadကို ထုတ်လိုက်ပြီး ကျိလဲ့ယွီကို သဘာ၀ကျစွာ ဗီဒီယို အတူကြည့်ချင်လားဟု မေးလိုက်သည်။


သူက သူကြည့်၍ မပြီးသေးသည့် တိရစ္ဆာန်ကမ္ဘာကို ဆက်ကြည့်နေခဲ့ပြီး ဤအပိုင်းက အာဖရိကကျားသစ်များအကြောင်း ဖြစ်လေသည်။


ကျိလဲ့ယွီက စခရင်ပေါ်မှ အစက်အပြောက်နှင့်သတ္တဝါများကို ကြည့်နေလေသည်။ အပြင်မထွက်မီ ကျိယွီရှောင်က သူ့ကို လင်းဖေးက ဤနေရာကို ပထမဆုံးလာခြင်းဖြစ်သည့်အတွက် သူက လင်းဖေးကို ဂရုစိုက်ပေးရမည်ဟု ပြောခဲ့လေသည်။အချိန်တိုင်း လင်းဖေးနောက် လိုက်နေလျှင် အကောင်းဆုံးဖြစ်သည်။ ထို့အတွက်ကြောင့်ကျိလဲ့ယွီက ဗီဒီယိုအတူကြည့်ရန် မငြင်းဆန်ခဲ့ပေ။ သူ လင်းဖေးလက်ထဲမှ နားကြပ်တစ်ဖက်ကို ယူပြီး ဗီဒီယိုကြည့်နေလိုက်လေသည်။


ဗီဒီယိုတစ်၀က်တွင် လင်းဖေးက သန့်စင်ခန်း သွားချင်လာသောကြောင့် ဗီဒီယိုကို ရပ်လိုက်ပြီး ကျိလဲ့ယွီကို မေးလိုက်သည်။


"သန့်စင်ခန်းက ဘယ်မှာလဲ..."


ကျိလဲ့ယွီ လက်ကို မြှောက်ပြီး ညွှန်ပြလိုက်လေသည်။


"ရှေ့တည့်တည့်သွားပြီး ကွေ့လိုက်..."


"သား ကိုကိုနဲ့ လိုက်ခဲ့ပေးမယ်လေ..."


သူ ချိုသာစွာ ပြောလိုက်၏။


"ရတယ်..."


လင်းဖေးက လက်ထဲမှ ipadကို ကျိလဲ့ယွီကို ပေးလိုက်ပြီး ပြောလိုက်သည်။


" Ipadနဲ့ အိတ်ကို ကြည့်ထားပေးပါ...ကျေးဇူးပဲ..."


ပြောပြီးနောက် စကားအချို့ ထပ်ပေါင်းထည့်လိုက်လေသည်။


"အိတ်ထဲမှာ မုန့်တွေ ရှိတယ်...မင်း စားချင်ရင် ယူစားလို့ရတယ်..."


ကျိလဲ့ယွီက ဧည့်၀တ်ကျေ မေးရုံသာဖြစ်ပြီး လင်းဖေး သူ့ကို ငြင်းဆန်ခဲ့သည့်အတွက် ပျော်ရွှင်နေလေသည်။ သူ ခေါင်းငြိမ့်လိုက်ပြီး လင်းဖေးကို တစ်ယောက်တည်း သွားခိုင်းလိုက်သည်။


သူက ဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး လုပ်စရာ မရှိသောကြောင့် လင်းဖေးပြောစကားကို သတိရသွားပြီး အိတ်ထဲမှ ‌အာလူးကြော်ထုပ်ကို ဖောက်ကာ ဖြည်းဖြည်း စားနေလိုက်လေသည်။


အာလူးကြော် စားနေစဉ် ကျိကျန်းချိုက်မြေး ကျောင်းကျူးက ပြေးလာပြီး သူ့ကို မေးလာလေသည်။


"နင် ငါတို့နဲ့အတူ တူတူပုန်းတမ်း ကစားချင်လား..."


ကျိလဲ့ယွီက ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။


"မကစားချင်ဘူး..."


သူ့မျက်လုံးများက တတိယထပ်သို့ ရွေ့သွားလေသည်။ ဖြစ်နိုင်လျှင် တတိယထပ်ကို သွားပြီး လူကြီးများ၏စကားကို ခိုးနားထောင်ချင်မိလေသည်။


ကျိယွီရှောင်နှင့် ပတ်သတ်သမျှ သူ သိချင်မိသည်။ သို့သော် လင်းဖေးက သေချာပေါက် ခိုးနားထောင်မည် မဟုတ်ပေ။ သူတစ်ယောက်တည်း သွား၍ ရသော်လည်း လင်းဖေးက ပြန်ရောက်လျှင် လင်းလော့ချင်းအား ထိုအကြောင်း ပြောပြနိုင်ပြီး ယင်းက သူ့အတွက် မကောင်းပေ။


ကျိလဲ့ယွီက မတုံးပေ။ ခိုးနားထောင်ခြင်းက မကောင်းကြောင်း သိပြီး 'ခိုး'ဟူသရွေ့ မကောင်းကြောင်း သိလေသည်။


"အတူတူ ကစားရအောင်...”


ကျောင်းကျူးက သူ့ကို သွေးဆောင်နေဆဲဖြစ်၏။


 “တူတူပုန်းတမ်းက လူတွေအများကြီးနဲ့ ဆော့ရရင်ပိုကောင်းတာ...အစ်ကိုရှောင်ယွီ အတူတူကစားရအောင်လေ..."


ကျိလဲ့ယီက ခိုင်မာသောစိတ်သဘောထားဖြင့် အာလူးကြော် ဆက်စားနေလေသည်။


"မကစားဘူး..."


ထိုစကားကို ကြားသောအခါ ကျောင်းကျူး အလွန်၀မ်းနည်းသွားလေသည်။


ဤအချိန်တွင် လူကြီးများနှင့် လင်းဖေး မရှိသောကြောင့် ကျိလဲ့ယွီက ဟန်ဆောင်နေရန် ပျင်းလွန်းပြီး ကျောင်းကျူးကို လျစ်လျူရှုထားလိုက်သည်


သို့သော် ခဏအကြာတွင် ကျိရှင်းပြေးလာလေသည်။


သူက ကျောင်းကျူး၏၀မ်းကွဲအစ်ကိုဖြစ်ပြီး ကျောင်းကျူးထက် နှစ်နှစ်ကြီးလေသည်။ ကျောင်းကျူး၏၀မ်းနည်းနေသော မျက်နှာကို မြင်သောအခါ ကျိလဲ့ယွီက ကျောင်းကျူးကို အနိုင်ကျင့်နေသည်ဟု အလိုလို ခံစားမိလိုက်လေသည်။


“ ရှောင်ကျူး ဘာဖြစ်တာလဲ...”


“အစ်ကိုရှောင်ယွီက ငါတို့နဲ့ မကစားဘူးတဲ့..."


ကျောင်းကျူးက ဒေါသထွက်စွာ ပြောလိုက်သည်။


ထိုစကားကို ကြားသောအခါ ကျိရှင်းက ကျိလဲ့ယွီကို ကြည့်လိုက်ပြီး မနှစ်မြို့စွာ ပြောလိုက်သည်။


"ထားလိုက်...သူက ငါတို့နဲ့ ကစားရင်တောင် ငါတို့က သူနဲ့ မကစားသင့်ဘူး...ငါ့မိဘတွေက ပြောတယ် သူက ကံဆိုးတဲ့သူတဲ့...အဲ့ဒါကြောင့် ငါတို့ သူနဲ့ဝေးဝေးမှာ နေသင့်တယ်..."


ထိုစကားကို ကြားသောအခါ ကျိလဲ့ယွီ ခေါင်းမော့ကြည့်လိုက်လေသည်။


သူ ကျိရှင်းကို သိသည်။ သူက ကျိကျန်းချိုက်၏မြေးဖြစ်ပြီး ကျိဟွမ်၏သားလည်းဖြစ်လေသည်။


ကျိကျန်းချိုက်က ကျိဟွမ်ကို အရမ်းသဘောကျသည့်အတွက် သူ့မျိုးရိုးနာမည်ကို ပေးထားပြီး ထို့အတွက်ကြောင့် ကျိဟွမ်၏သားဖြစ်သူ ကျိရှင်းကိုလည်း အလွန်နှစ်သက်လေသည်။


(တရုတ်တွင် အဖေ့မျိုးရိုး ယူကြတာဖြစ်ပြီး ကျိကျန်းချိုက်က အမေဖြစ်သော်လည်း သားသမီးကို သူ့မျိုးရိုးနာမည် ပေးထားခြင်းဖြစ်သည်။)


ကျိရှင်းက ကျိကျန်းချိုက်၏ဘက်လိုက်မှုကြောင့် နေ့တိုင်း ပြဿနာ ရှာလေ့ရှိပြီး ထိုပြဿနာများကိုလည်း ခုန်ကျော်သွားလေ့ရှိသည်။


ကျိလဲ့ယွီ ကျိရှင်းကို ကြည့်နေပြီး ဘာမှ မပြောချေ။


ကျိရှင်းက ကျိလဲ့ယွီ၏အကြည့်များကို ခံစားမိသော်လည်း ဂရုမစိုက်‌ချေ။ ထိုအစား အခြားလူများပြောသည်ကို ဂုဏ်ယူစွာ ထပ်ခါတလဲလဲ ပြောပြနေလေသည်။


"မဟုတ်လို့လား...ငါ မမှားဘူးလေ...မင်းက ကံဆိုးတဲ့သူပဲ...မဟုတ်ရင် မင်းမိဘတွေက ဘာလို့ကားအက်စီးဒင့်ဖြစ်တာလဲ...မင်းဦးလေးကလည်း ဒုက္ခိတဖြစ်သွားတယ်လေ...ဒါပေမဲ့ မင်းတစ်ယောက်တည်း အကောင်းကြီးပဲ...မင်းက ကံဆိုးတဲ့သူဖြစ်တဲ့အတွက် မင်းမိဘတွေကိုသက်ရောက်သွားပြီး မင်းနဲ့နီးကပ်သူတွေကိုလည်း သက်ရောက်သွားတာပဲ..."


ကျိလဲ့ယွီလက်ထဲမှ အာလူးကြော်များ ကျိုးကြေသွားလေသည်။


ကျိလဲ့ယွီက အာလူးကြော်ထုပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကျိရှင်းကို စိုက်ကြည့်နေလေသည်။


ဒီစကားကို ကြားရတာ ပထမဆုံးတော့ မဟုတ်ဘူး...


သူ ကားအက်စီးဒင့်ကနေ နိုးလာပြီး မကြာခင် အဲ့စကားကို စကြားလိုက်ရတာပဲ...


ထိုအချိန်၌ ကျိယွီရှောင် သတိမေ့နေဆဲဖြစ်ပြီး သူက ကျိယွီရှောင်ဘေးတွင် အိပ်နေခဲ့သည်။ ထို့နောက် သန့်စင်ခန်း သွားချင်သောကြောင့်သန့်စင်ခန်း ထသွားခဲ့လေသည်။


သန့်စင်ခန်းသွားပြီး ပြန်လာ‌သောအခါ တံခါးအဟကြားမှ ကျိကျန်းချိုက်နှင့် သူ့ချွေးမ၏ စကားဝိုင်းကို ကြားလိုက်ရလေသည်။


“ကားထဲမှာ လူလေးယောက်ရှိတာ ရှောင်ယွီတစ်ယောက်တည်း အဆင်ပြေတယ်...ဒါက မထူးဆန်းလွန်းဘူးလား..."


“သူ့မိဘ‌တွေက သေသွားပြီး ကျိယီရှောင်က ဒဏ်ရာရပြီး မနိုးသေးတဲ့အချိန် ရှောင်ယွီက ဒဏ်ရာတောင် မရဘူးလေ..."


"လူလေးယောက် ကားအက်စီးဒင့်ဖြစ်တာ သူတစ်ယောက်တည်း အဆင်ပြေတယ်တဲ့...ထူးဆန်းတယ်လို့ ထင်တယ်..."


“သူက တကယ်ကံဆိုးတဲ့သူလား...ပုံမှန်ဆိုရင် သူက သူ့မိဘတွေနဲ့ကျိယွီရှောင်နဲ့ အရင်းနှီးဆုံးလေ...အခု အဲ့သုံးယောက်က ကားအက်စီးဒင့်ဖြစ်သွားပြီ...သူနဲ့ တိုက်ရိုက်တော်စပ်သူနှစ်ယောက်က ပွဲချင်းပြီး သေသွားပြီး အရင်းနှီးဆုံးဆွေမျိုးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လေ...ကျိယွီရှောင်က ဦးလေးဖြစ်တဲ့အတွက် အသက်ရှင်လွတ်မြောက်လာတာပဲ...ဒါပေမဲ့ သူ့ခြေထောက် နှစ်ချောင်းအတွက်တော့ ၀မ်းနည်းစရာပဲ...တကယ်သနားတယ်..."


“ကျိလဲ့ယွီ မွေးတဲ့နှစ်မှာ ငါတို့မိသားစုထဲ တစ်ခုခုဖြစ်ခဲ့သေးတယ်...ဒါပေမဲ့ ငါ သူ့ဇာတာကို မတွက်ခဲ့ဘူး...ဒီအတိုင်း ကံဆိုးတဲ့နှစ်လို့ ထင်နေတာ...အခုလိုထပ်ဖြစ်တော့ သူနဲ့ မဆိုင်ဘူးဆိုတာ ငါမယုံဘူး..."


“အမေ သူက ကံဆိုးတယ်လို့ထင်တယ်...သမီးတို့ သူနဲ့ဝေးဝေးနေသင့်တယ်...မဟုတ်ရင် သမီးတို့ပါကံဆိုးနေဦးမယ်..."


ကျိကျန်းချိုက် သက်ပြင်းချလိုက်သည်။


"ရှောင်ယွီက ကံဆိုးတဲ့သူ...အဲ့လိုလူတွေက သူတို့ကိုယ်သူတို့ ချုပ်နှောင်မထားဘဲ သူတို့အသက်ဆက်ရှင်ဖို့ ပတ်၀န်းကျင်က တခြားလူတွေကို မှီခိုတယ်...ယွီလင်နဲ့သူ့မိန်းမကတော့ သနားစရာပဲ...သူတို့က ငယ်ငယ်လေးပဲ ရှိသေးတယ်...အခုတော့ သေသွားရှာပြီ...ကျွတ်...ကျွတ်..."


ကျိလဲ့ယွီ သန့်စင်ခန်း တံခါးနောက်တွင် ရပ်နေပြီး အံ့အားသင့်နေလေသည်။


ထိုစကားမျိုးကို သူ ပထမဆုံး ကြားဖူးခြင်းဖြစ်သည်။ ထို့ကြောင့် 'ကံဆိုးတဲ့သူ'ဟူသော စကားလုံးကို နားမလည်ပေ။ သို့သော်။ လူနှစ်ယောက်၏စကားများပေါ်အခြေခံ၍‌ ယောင်ဝါးဝါး ခန့်မှန်းမိလေသည်။


သူက သူ့မိဘတွေကို သတ်ခဲ့တာလား...


သူက သူ့ရှုရှုခြေထောက်ကို ဒဏ်ရာရစေပြီး ဆေးရုံမှာ လှဲနေစေတာလား...


ကျိလဲ့ယွီ လက်မခံနိုင်ပေ။


သူ့ပခုံးများကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ပြီး ဖြည်းညှင်းတိတ်ဆိတ်စွာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။


အဲ့ဒါ ဘယ်လိုဖြစ်တာလဲ...


သူ နားမလည်နိုင်ပေ။


သူက သူ့မိဘများနှင့် သူ့ရှုရှုကို အချစ်ဆုံးဖြစ်သည်။


သူက သူတို့ကို အဲ့လိုဖြစ်အောင် ဘယ်လိုလုပ်လိုက်တာလဲ...


သူက ဘာလို့ အဆင်ပြေနေတာလဲ...


အရေပြားဒဏ်ရာများမှလွဲ၍ သူ့တွင် ဒဏ်ရာမရှိပေ။


သူက မတ်တပ်ရပ်နိုင်၊ လမ်းလျှောက်နိုင်ပြီး သူလုပ်ချင်သည်များကို လုပ်၍ရလေသည်။


သို့သော် သူ့မိဘများနှင့် ရှုရှုက ဒုက္ခရောက်သွားလေသည်။


ကျိလဲ့ယွီ ငိုလိုက်၏။


သူက အမှန်တကယ် ထိတ်လန့်သွားပြီး ယင်းကို လက်မခံနိုင်ခဲ့ပေ။


သူ ထပ်ခါထပ်ခါ စဉ်းစားပြီး သူ့ကိုယ်သူ ထပ်ခါထပ်ခါ ပြန်မေးနေခဲ့သည်။


သူ မကောင်းတာတွေ မလုပ်ခဲ့ဘူး...သူက အမြဲတမ်း လိမ္မာချင်ယောင်ဆောင်ခဲ့ပေမဲ့ အမြဲတမ်း လိမ္မာနေခဲ့တာပဲလေ...


ဒါဆို ဘာလို့ ဒီလိုဖြစ်ရတာလဲ...


ကျိလဲ့ယွီ နားမလည်နိုင်ပေ။


သူက ကူရာမဲ့၊ တုံ့ဆိုင်းပြီး ထိတ်လန့်နေသော်လည်း ဘယ်မှာမှ အကူအညီတောင်းမရခဲ့ပေ။


သူက သူ့မိဘများနှင့် ရှုရှုကို အားကိုးခဲ့သော်လည်း သူ့မိဘများက သေသွားပြီး သူ့ရှုရှုကဆေးရုံကုတင်ပေါ် လှဲနေလေသည်။


သူ့ရှုရှုက သူ့မေးခွန်းများကို မဖြေနိုင်ပေ။ ဘယ်တော့မှ ဖြေနိုင်မလဲပင် မသိချေ။


ထိုအခိုက်အတန့်တွင် မိုးကောင်းကင်က တရားမျှတမှုမရှိ စိတ်ချရမှုမရှိဟု ထင်ခဲ့လေသည်။


သူက အမြဲ နာခံတတ်သူဖြစ်သည်။ အခြားကလေးများက ဒီနေ့ ဖန်ခွက်ကို ရိုက်ခွဲပြီး မနက်ဖြန် လူ၏ခေါင်းကို ရိုက်ကြသော်လည်း သူတို့ ဂရုစိုက်သည့်လူများက ဘာမှမဖြစ်ပေ။


သို့သော် သူက သူ့အချစ်ရဆုံးလူများကို ဆုံးရှုံးခဲ့ရလေသည်။


သူက တကယ် ကံဆိုးသည့်သူ ဖြစ်ပြီး အခြားလူများကို နာကျင်စေလျှင်ပင် သူ့မိဘများကို မနာကျင်‌ စေချင်ပေ။ သူ့မိဘများနှင့် သူ့ရှုရှုအပေါ် မကောင်းသည့်လူများကိုပဲ နာကျင်စေချင်လေသည်။


ကျိလဲ့ယွီ မျက်ရည်များကို သုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။


သူ့နှလုံးသားထဲက သားရဲက မျက်လုံးပွင့်လာပြီး ဖိနှိပ်ထားသော မကောင်းသည့်စိတ်များက သူ့သွေးများထဲ ကူးခတ်နေလေသည်။


သူ့မှာ ကျိယွီရှောင်ပဲ ကျန်တော့တယ်...ကျိယွီရှောင်ကိုတော့ အဆုံးရှုံးမခံနိုင်ဘူး...


မိုးကောင်းကင်ကို အားမကိုးနိုင်ရင် သူ့ကိုယ်တိုင် ကျိယွီရှောင်ကို ကာကွယ်မယ်...


သူက ကံဆိုးတဲ့သူလို့ ပြောကြတယ်မလား...


အဲ့လိုလူတွေက တခြားလူတွေကို နာကျင်စေတယ်လို့ပြောခဲ့တယ်မလား...


ကျိယွီရှောင်ကို နာကျင်အောင် လုပ်တဲ့သူတွေကို သူ အရင်ဆုံး သတ်ပစ်မယ်...


ကျိလဲ့ယွီတွင် အမုန်းတရားများ၊ နာကျင်မှုများ၊ မနာလိုမှုများ ပြည့်နှက်နေလေသည်။ ကျိကျန်းချိုက်နှင့် သူ့ချွေးမ ထွက်သွားပြီးနောက် သူ ရေချိုးခန်းထဲမှ ထွက်လာပြီး ကျိယွီရှောင်ကုတင်ပေါ် ပြန်သွားလိုက်သည်။


သူ သူ့ရှုရှု၏‌ဘေးတွင် လှဲလိုက်ပြီး ပခုံးကိုမှီလိုက်ကာ သူ့ရှုရှု အမြန် ပြန်နိုးလာစေရန် ဆုတောင်းလိုက်သည်။


သူ့မှာ အမေရော အဖေရော မရှိတော့ဘူး...သူ့ရှုရှုကို ထပ်မဆုံးရှုံးချင်တော့ဘူး...


သူ့ရှုရှုသာ ခံနိုင်ရည်ရှိရင် ကောင်းမယ်...အဲ့ဒါဆို သူက သူ့ရှုရှုကို ဒုက္ခမရောက်စေတော့ဘူး... ရှုရှုက မြန်မြန်နိုးလာမှာ...


ကျိလဲ့ယွီ ကျိယွီရှောင်ကို ပွေ့ဖက်ထားပြီး နှလုံးသားက ဖရိုဖရဲ ဖြစ်နေလေသည်။


ထိုမှတ်ဉာဏ်ကို သူ မကြိုက်ပေ ကျိကျန်းချိုက်နှင့် သူ့ချွေးမ၏စကားများကို မကြိုက်သလို 'ကံဆိုးစေတဲ့သူ'ဟူသော စကားကိုလည်း မကြိုက်ပေ။


ကျိလဲ့ယွီ ထိုအကြောင်းကို ကျိယွီရှောင် ပြန်နိုးလာသောအခါ ပြန်မပြောပြခဲ့ပေ။


သူက အနည်းငယ် ကြောက်ရွံ့နေပြီး သူ့ကိုယ်သူ အပြစ်တင်နေသောကြောင့် ဖြစ်သည်။ သူကတကယ် သူ့မိဘများကို သတ်ပြီး ကျိယွီရှောင်ကို လမ်းမလျှောက်နိုင်စေမည့်သူဖြစ်မည်ကို ကြောက်ရွံ့မိလေသည်။


ယခု ကျိရှင်းက သူ့ကို ထပ်ပြော‌လာလေသည်။


သူ့အ‌ဖွားလိုပဲ တော်တော် စိတ်အနှောင့်အယှက်ပေးတာပဲ...ဒီလိုဖြစ်လို့ မိသားစုဖြစ်နေတာ...


ကျိလဲ့ယွီ နှလုံးသားထဲတွင် ၎င်းကို တိတ်တဆိတ် မှတ်ထားလိုက်ပြီး ပါးစပ်ပိတ်နေ‌လိုက်သည်။


ဧည့်ခန်းထဲတွင် လူအများကြီးရှိသည့်အတွက် သူ့၏ဇာတိရုပ်အမှန်ကို မပြနိုင်ပေ။


ကျိရှင်းက ကျိလဲ့ယွီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူ့ကို ကြောက်၍ စကားမပြောရဲခြင်းဟု ထင်လိုက်လေသည်။


ကျိရှင်းက ရမ်းကားသည့်ကလေးတစ်ယောက်ဖြစ်သည့်အတွက် ကျိလဲ့ယွီ သူ့ကို ကြောက်၍ စကားမပြောရဲခြင်းဟု ထင်လိုက်သောအခါ ပိုမို စိတ်ကြီး၀င်လာလေသည်။ သူက ကျိလဲ့ယွီကို လက်ညှိုးထိုးလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။


"ကံဆိုးစေတဲ့သူ...လာဘ်ပိတ်စေတဲ့သူ...နောက်ကြရင် မင်းကို ဒီလိုခေါ်ရမယ်..."


ထို့နောက် သူ ကျောင်းကျူးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ရှောင်ကျူး ကံကောင်းလို့ ငါ စောစောရောက်လာပြီး သူနဲ့မင်း အတူမကစားဖြစ်တာ...မဟုတ်ရင် မင်း ဒီညသေသွားလိမ့်မယ်..."


ကျောင်းကျူး ထိတ်လန့်သွားလေသည်။


ကျိရှင်းက ကျောင်းကျူး၏အစ်ကိုနှင့်ညီမကို ခေါ်လိုက်ပြီး ရင်းနှီးစွာ ပြောလိုက်သည်။


"ငါ မင်းတို့ကို ပြောပြမယ်...သူနဲ့ဝေးဝေးနေကြ...မဟုတ်ရင် သူက မင်းတို့ကို သတ်လိမ့်မယ်..."


ကျောင်းကျူး၏ညီမက ယင်းကို နားမလည်ပေ။


"သတ်တာက ဘာလဲ..."


ကျိရှင်းက သူ့ကို လည်ပင်းညှစ်ဟန် လုပ်လိုက်ပြီး ပြောလိုက်သည်။


"အဲ့ဒါက မင်းကို သေ‌သွားအောင် လုပ်တာပဲ..."


ကလေးမလေးက ချက်ချင်းဆိုသလို သူ့လည်ပင်းကို လက်ဖြင့် အုပ်လိုက်ပြီး ခေါင်းကိုပြင်းပြင်းထန်ထန် ခါလိုက်သည်။


"မ...မဟုတ်ဘူး...ငါ့ကို မသတ်ပါနဲ့..."


"အဲ့ဒါဆို သူနဲ့ဝေးဝေးနေ...မဟုတ်ရင် ဒီကံဆိုးတဲ့သူက မင်းကို သတ်လိမ့်မယ်..."


လင်းဖေး ပြန်လာသောအခါ ထိုမြင်ကွင်းကို မြင်လိုက်ရလေသည်။


သူက ခြေသံမမြည်အောင် လျှောက်လေ့ရှိပြီး ကျိရှင်းက ကျိလဲ့ယွီကို ရယ်မောရင်း အလုပ်များနေသောကြောင့် သူ့ကို သတိမမူမိခဲ့ပေ။


လင်း‌ဖေးက ကျိလဲ့ယွီကို မျောက်ကြည့်နေသကဲ့သို့ဝိုင်းနေသည့်ကလေးတစ်စုကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။


"ငါ ပြန်ရောက်ပြီ..."


ထိုအခါမှ ကျိလဲ့ယွီက လင်းဖေးပြန်လာသည်ကို သတိပြုမိလိုက်လေသည်။ ထို့နောက် သူ့မျက်လုံးထဲမှ အေးစက်မှုများက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အပြစ်ကင်းစင်မှုနှင့်မကျေနပ်မှုများက အစားထိုး၀င်ရောက်လာလေသည်။


ကျိရှင်း နောက်လှည့်လိုက်သောအခါ လင်းဖေးကို တွေ့လိုက်ရလေသည်။ သူ လင်းဖေးကို မှတ်မိလေသည်။ သူက ကျိယွီရှောင်နှင့် လက်ထပ်ခဲ့သည့်လူ၏ ကလေးဖြစ်ပြီး ကျိလဲ့ယွီအစ်ကိုဟု ယူဆ၍ရလေသည်။ သူက လင်းဖေး၏အေးစက်သောမျက်နှာနှင့် ပြတ်သားသော မျက်ခုံးကို မြင်လိုက်ရသောအခါ သူ့ကို ရန်မစ‌ရဲတော့ပေ။


"မင်းက လင်းဖေးမလား...မင်း သူနဲ့ဝေးဝေးနေ...သူက မင်းကို သတ်လိမ့်မယ်..."


ကျိလဲ့ယွီ :"..."


ကျိလဲ့ယွီက သူ့၏သေမင်းမှတ်စုတွင် ကျိရှင်း၏နာမည်ကို ရက်စက်စွာ ချရေးလိုက်သည်။


သူ လင်းဖေးကို ထိုအကြောင်း မသိစေချင်ပေ။ လင်းဖေးက လင်းလော့ချင်းအား ပြောပြမည်ကိုစိုးရိမ်ပြီး လင်းလော့ချင်းက သူ့ရှုရှုကို ပြောပြမည်ကို စိုးရိမ်မိလေသည်။


သူ လင်းဖေးကို နူးညံ့စွာ ခေါ်လိုက်သည်။


"ကိုကို..."


လင်းဖေးက ကျိလဲ့ယွီမျက်လုံးထဲမှ မကျေနပ်မှုများကို မြင်သောအခါ သူထွက်သွားစဉ်အတွင်း ကျိလဲ့ယွီအနိုင်ကျင့်ခံလိုက်ရသည်ဟု ထင်လိုက်ပြီး စိတ်ထိခိုက်သွားလေသည်။


သူက ကျိလဲ့ယွီကို ရက်အနည်းငယ်လောက်သာ သိခဲ့သော်လည်း ကျိလဲ့ယွီက ချစ်စရာကောင်းပြီးလိမ္မာသည့်ကလေးဖြစ်ကြောင်း သိလေသည်။


သူက ကျိလဲ့ယွီထက် တစ်နှစ်သာကြီးပြီး ကျိလဲ့

ယွီက သူ့ကို အချိန်တိုင်း 'ကိုကို'ဟု နာခံစွာ ခေါ်လေ့ရှိသည်။


လင်းဖေးတွင် အစ်ကိုကြီး မရှိသော်လည်း အခြားကလေးများ ရန်ဖြစ်ကြပြီး အနိုင်မတိုက်နိုင်လျှင်


'‌မင်းစောင့်နေ...ငါ့အစ်ကိုကြီးက မင်းကို လာရိုက်လိမ့်မယ်'ဟု အော်လေ့ရှိကြောင်း သိလေသည်။ထို့ကြောင့် အစ်ကိုကြီးက ညီလေးကို ကူညီပေးရမည်ဟု သူထင်သည်။