အပိုင်း ၅၀
Viewers 30k

Chapter 50




ထို့အပြင် လင်းဖေးက ကျိလဲ့ယွီကို ညီလေးအဖြစ်သတ်မှတ်ထားသောကြောင့် တစ်ဖက်လူကို ရိုက်ပေးရမည့်အချိန်ရောက်ပြီဖြစ်သည်။


သူက ကျိရှင်းကို ခံစားချက်မဲ့စွာ စိုက်ကြည့်လိုက်လေသည်။


"မင်း မသွားသေးဘူးလား...အခု မင်းက ရှောင်ယွီနဲ့အရမ်းနီးနေတာ...မင်းက လည်ပင်းညှစ်ခံရပြီသေချင်လို့လား..."


ထိုစကားကို ကြားတော့မှ ကျိရှင်းက ကျိလဲ့ယွီနှင့် အလွန်နီးကပ်နေမိကြောင်း သတိထားမိ သွားလေသည်။


ကလေးမလေးနှစ်ယောက်က ချက်ချင်းဆိုသလို ပြေးသွားပြီး ကျိရှင်းကလည်း သူရဲဘောကြောင်သူဖြစ်သည့်အတွက် ကျိလဲ့ယွီကို တစ်ချက်ကြည့်လိုက်ပြီး ထွက်ပြေးသွားလေသည်။


လင်းဖေးက ကျိလဲ့ယွီ၏ဘေးတွင် ထိုင်ချလိုက်ပြီးပြောလိုက်သည်။


"အခု အဆင်ပြေသွားပြီ..."


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး လင်းဖေးကို နွံကျိုးစွာ ကြည့်လိုက်သည်။


"ကျေးဇူးတင်ပါတယ် ကိုကို..."


လင်းဖေးက လက်ကို မြှောက်လိုက်ပြီး တစ်ဖက်လူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ တွေးလိုက်သည်။


'ဟုတ်တယ်...အစ်ကိုကြီးက ညီလေးကို ကူညီပေးပြီး တစ်ဖက်လူကို ရိုက်ထုတ်ပေးသင့်တယ်...'


ကျိလဲ့ယွီက သူ့ကို ချိုမြိန်စွာ ကြည့်နေလေသည်။ ယင်းက နှင်းဆီပွင့်ဖတ်များနှင့် ကိတ်မုန့်တစ်လုံးနှင့် တူလေသည်။ ချိူမြိန်ပြီး စေးကပ်၏။


ထို့နောက် လင်းဖေးက ကျိလဲ့ယွီပေါင်ပေါ်မှIpadကို ယူလိုက်ပြီး ကျိလဲ့ယွီနှင့်အတူ ကျန်ရှိနေသေးသည့် တိရစ္ဆာန်ကမ္ဘာ ဗီဒီယိုကို ဆက်ကြည့်လိုက်သည်။


ကျိလဲ့ယွီလည်း အတူ ကြည့်နေလိုက်လေသည်။


သူ ဗီဒီယိုကြည့်နေပြီး မကြာမီ လှုပ်ရှားသံအချို့ကို ကြားလိုက်ရသည်။ ကျိရှင်းနှင့်အခြားလူများက တူတူပုန်းတမ်း စကစားနေကြပြီဖြစ်သည်။


အစပိုင်းတွင် ကျောင်းကျူး၏အစ်ကိုကျောင်းခိုင်းက လိုက်ရှာသူဖြစ်ပြီး ထို့နောက်တွင် ကျောင်းကျူးက လိုက်ရှာသူဖြစ်လေသည်။


ကျိရှင်း တုံ့ဆိုင်းနေသည်ကို ကျိလဲ့ယွီ မြင်လိုက်ရသည်။ သူက အခြားကလေးနှစ်ယောက်နှင့်အတူ မပုန်းခဲ့ပေ။ အခြားနှစ်ယောက်က တောင်ဘက်ပြေးသွားချိန်၌ သူက မြောက်ဘက် ပြေးသွားခဲ့သည်။ လားရာနှစ်ခု ကွဲနေခြင်းဖြစ်သည်။


ကျိရှင်းပြေးသွားသည့်ဘက်က ‌သန့်စင်ခန်းဘက်ဖြစ်၏။


ကျိလဲ့ယွီ နားကြပ်ကို ဖြုတ်လိုက်ပြီး လင်းဖေးကို ပေးလိုက်သည်။


"သား အိမ်သာသွားလိုက်ဦးမယ်..."


“ကောင်းပြီ...” 


ထို့နောက် ကျိလဲ့ယွီက အာလူးကြော်ထုပ် လှမ်းပေးလာပြီး ပြောလာသောကြောင့် လင်းဖေးက ဗီဒီယိုကို ခဏရပ်ထားလိုက်လေသည်။


"အာလူးကြော်စားရင်း သားကိုစောင့်‌လို့ရတယ်..."


ထို့နောက် သန့်စင်ခန်းဘက် သွားလိုက်လေသည်။


သူက ပုံမှန်အတိုင်း လမ်းလျှောက်နေပြီး ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ ဘာတွေးနေလဲကို တစ်ယောက်မှ မမြင်နိုင်ချေ။


ကွေ့ပြီးနောက် သူ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။


ကျိရှင်းက အိမ်သာထဲ ၀င်မပုန်းနိုင်ပေ။ အိမ်သာက လူ၀င်လူထွက်များပြီး တစ်ယောက်ယောက် ရှာတွေ့ရန် လွယ်ကူလေသည်။


ထို့ကြောင့် ကျိရှင်းက အခြားအခန်းတစ်ခန်းခန်း သို့မဟုတ် မလှမ်းမကမ်းရှိ ဗီလာရေကူးကန်ထဲတွင် ပုန်းနေသည်ဟု သူထင်သည်။


လင်းဖေးက ဆိုဖာပေါ်တွင် ထိုင်နေသော်လည်း စိတ်မသက်မသာဖြစ်နေလေသည်။ 


ကျိလဲ့ယွီက အခုလေးတင် အနိုင်ကျင့်ခံ ခဲ့ရတာ...အိမ်သာသွားနေတုန်း အနိုင်ထပ်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ...


လင်းဖေး စိုးရိမ်လာသောကြောင့် ထရပ်လိုက်ပြီး သန့်စင်ခန်းဘက် လျှောက်သွားလိုက်လေသည်။


သို့သော် သန့်စင်ခန်းထဲတွင် ကျိလဲ့ယွီက ရှိမနေပေ။


ကျိလဲ့ယွီ ဘယ်သွားဝာာလဲ...


လင်းဖေး ကြောင်အသွားလေသည်။


ကျိရှင်းက ရှေ့မှ ရေကူးကန်ကို ကြည့်လိုက်ပြီး ရေကူးကန်ဘေးမှ ဗီရိုကို ကြည့်လိုက်ကာ ဂုဏ်ယူစွာ ပြုံးလိုက်သည်။


ကျောင်းကျူးက ရေကူးရသည်ကို မ‌ကြိုက်ပေ။ သူက ရေကြောက်သောကြောင့် ဤနေရာကိုဂရုတစိုက် ရှာမည်မဟုတ်ပေ။


ထိုသို့တွေးလိုက်ပြီး ဗီရိုဆီ လျှောက်သွားစဉ် သူ့နောက်မှ တစ္ဆေကဲ့သို့ အေးစက်သောအသံကိုကြားလိုက်ရလေသည်။


"ဘယ်မှာ ပုန်းရမလဲ မသိဘူးမလား...ငါ မင်းကို ပြောပြမယ်...မင်းရေထဲမှာ ပုန်းနေရင် ဘယ်တော့မှမင်းကို ရှာတွေ့မှာ မဟုတ်ဘူး..."


ကျိရှင်း ထိတ်လန့်သွားပြီး ငယ်သံပါအောင် အော်လိုက်လေသည်။ သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျိလဲ့ယွီက သူ့နောက်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။


သူက ‌တောက်လောင်နေသော ပျိုနီပန်း သို့မဟုတ် သွေးစွန်းနေသော နှင်းဆီပန်းကဲ့သို့ လှပစွာ ပြုံးနေပြီး သူ့၏မျက်ခုံးများက လှပနေကာ ဖီးနစ်မျက်လုံးများကလည်း လူကို ဆွနေသကဲ့သို့ ၀င့်ကြွားရွှန်းစိုနေလေသည်။


ကျိရှင်း အလွန်ကြောက်ရွံ့နေပြီး စကားပြောတော့မည်လုပ်စဉ် တွန်းချခံလိုက်ရလေသည်။


လင်းဖေး ရေကူးကန်တံခါးဆီ ပြေး၀င်လာသောအခါ ထိုမြင်ကွင်းကို တွေ့လိုက်ရလေသည်။


သူ ကျိလဲ့ယွီကို အံ့အားသင့် မယုံကြည်နိုင်စွာ ကြည့်နေလေသည်။


ကျိလဲ့ယွီ၏မျက်နှာပေါ် အရိပ်ကျနေပြီး သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။


ကျိလဲ့ယွီက ကန်ဘေးတွင် ရပ်၍ ကျိရှင်းရေထဲ၌ ရုန်းကန်နေသည်ကို ကြည့်နေလေသည်။


လင်းဖေး ကြက်သေသေသွားလေသည်။ သူ သူ့ရှေ့က လူက အရမ်းထူးဆန်းသည်ဟု ခံစားလိုက်ရသည်။


သူမြင်နေရသည့်သူက ကျိလဲ့ယွီအစစ်အမှန် ဖြစ်နိုင်လေသည်။


ကျိရှင်းက ရေထဲတွင် ရုန်းကန်နေပြီး ပြင်းပြင်းထန်ထန် အကူအညီ တောင်းနေလေသည်။


"ငါ ရေမကူးတတ်ဘူး..."


"ကူညီပါ...ကယ်ပေးပါ..."


ကျိလဲ့ယွီက ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေပြီး သူ့၏နှုတ်ခမ်းထောင့်က ကွေးညွှတ်နေလေသည်။ သူ့၏မျက်လုံးများကလည်း တစ်ဖက်လူ ရုန်းကန်နေရသည်ကို သဘောကျနေပုံပေါ်သည်။


ကျိရှင်း၏အသံကို ကြားသောအခါ လင်းဖေးက ထိတ်လန့်နေသောအခြေအနေမှ သတိပြန်၀င်လာပြီး ရေကူးကန်ထဲ၀င်၍ ကျိရှင်းကို ကယ်ရန် ပြင်ဆင်လိုက်သည်။


သို့သော် ကျိလဲ့ယွီက လှုပ်ရှားလာလေသည်။


ကျိလဲ့ယွီက ကလေးများအတွက် လုပ်ထားသော ဘောကွင်းကို ယူ၍ ရေထဲခုန်ဆင်းသွားသည်ကိုလင်းဖေး မြင်လိုက်ရလေသည်။


သူက ကျိရှင်းကို ဘောကွင်းပေါ် တွန်းတင်လိုက်ပြီး ကျိရှင်းကို ဆွဲခေါ်သွားလိုက်သည်။


ထို့နောက် သူ ကျိရှင်းကို ငုံ့ကြည့်လိုက်ပြီး မေးလိုက်သည်။


"ပျော်စရာကောင်းလား..."


ကျိရှင်းက ကျိလဲ့ယွီကို ကြောက်ရွံ့တုန်ရီနေသောကြောင့် စကားမပြောရဲပေ။


ထိုအခါ ကျိလဲ့ယွီ ရယ်‌မောလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


"ငါက ‌ကံဆိုးတဲ့သူဖြစ်ပြီး လူတွေကို သတ်လိမ့်မယ်လို့ ပြောခဲ့တယ်မလား...အဲ့တော့ ငါ မင်းကို အရင်သတ်ပစ်လိုက်မယ်လေ..."


"ရေနှစ်‌သတ်တာကို ဘယ်လိုထင်လဲ..."


ကျိရှင်း ငိုနေပြီး ‌နောက်ဆုတ်သွားလေသည်။


ကျိလဲ့ယွီ ပျော်ရွှင်စွာ ရယ်မောနေလေသည်။ သူက ခေါင်းကို မော့ကာ ‌ပြုံးလိုက်သော်လည်း သူ့အပြုံးက ချက်ချင်းဆိုသလို အေးခဲသွားလေသည်။


လင်းဖေးက ရေကူးကန်တံခါးနားတွင် ရပ်နေပြီး သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။


ကျိလဲ့ယွီ ချက်ချင်းဆိုသလို ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။


သူ မြင်သွားလား...


ဘယ်လောက်ထိ မြင်သွားလဲ...


သူ လင်းလော့ချင်းကို ပြောပြမှာလား...


မဟုတ်ဘူး...အဲ့လိုမဖြစ်ရဘူး...


သူ မလှုပ်ရှားမီ ကျိရှင်းက ကယ်တင်ရှင်တစ်ဦးကို မြင်လိုက်ရသကဲ့သို့ လင်းဖေးကို ပြေးဖက်လိုက်ပြီး ကျိလဲ့ယွီကို ညွှန်ပြလိုက်ကာ အော်ပြောလိုက်သည်။


"သူက ငါ့ကို ရေနှစ်သတ်ချင်နေတာ...သူ ငါ့ကို ရေနစ်သေစေချင်နေတယ်...သူက အရူး...ငါ့ကို ရေနှစ်သတ်နေတာပါဆို..."


ကျိလဲ့ယွီက မတ်တပ်ရပ်လိုက်ကာ ကျိရှင်းကို ကြည့်လိုက်ပြ စီစဉ်ထားသည့်အတိုင်း ထိတ်လန့်စွာ ပြောလိုက်သည်။


"သား မလုပ်ဘူး...သားက သူ့ကို ကယ်ခဲ့တာ...သူက ရေထဲ မတော်တဆပြုတ်ကျသွားလို့ သူ့ကို ကယ်ခဲ့တာ..."


လင်းဖေးက သူ ရေထဲတွန်းချလိုက်သည်ကို မမြင်သရွေ့ ယင်းကို ဖုံးကွယ်ထားနိုင်သည်ဟု တွေးလိုက်သည်။


သူက အမြဲတမ်း လိမ္မာသည့်ကလေးတစ်ယောက်အဖြစ် ဟန်ဆောင်လေ့ရှိသည်။ လိမ္မာသည့်ကလေးတစ်ယောက်က တစ်စုံတစ်ယောက်၏အော်သံကို ကြားသောကြောင့် သံသယဖြစ်စွာ သွားကြည့်လိုက်သောအခါ ကလေးတစ်ယောက် ရေနစ်နေသည်ကို တွေ့လိုက်ရပြီး သူ့ကို ကယ်လိုက်သည်။


ဒါက သာမာန်ပဲမလား...


ကျိရှင်းက ရမ်းကားရိုင်းစိုင်းတဲ့သူ...သူက ဒီလူနဲ့ ဒီနေ့ရန်ဖြစ်ရင် နောက်နေ့ နောက်တစ်ယောက်နဲ့ရန်ဖြစ်တာ...အဲ့တော့ လူကြီးတွေက သူ့လိုကလေးကိုပဲ ပိုယုံကြမှာ...


လင်းဖေးလည်း တူတူပဲ...ဘာပဲပြောပြော ကျိရှင်းက သူ့ကို အနိုင်ကျင့်နေတာကို လင်းဖေး မြင်ခဲ့တာပဲလေ...


သူ့အတွေးများက ကျိလဲ့ယွီက ကျိရှင်းအားရေထဲတွန်းချလိုက်သည်ကို လင်းဖေးမမြင်လိုက်သရွေ့ဖြစ်နိုင်သော်လည်း လင်းဖေးက မြင်ခဲ့လေသည်။


ထို့ကြောင့် ကျိလဲ့ယွီ‌မျက်နှာပေါ်မှ မကျေနပ်မှုများကို မြင်သောအခါ စိတ်ရှုပ်ထွေးလာခဲ့သည်။


ကျိလဲ့ယွီက လူကြီးများ အနှစ်သက်ဆုံးကလေးအမျိုးအစားဖြစ်သည့် လိမ္မာရေးခြားရှိသောကလေးဖြစ်သောကြောင့် လင်းလော့ချင်းက ကျိလဲ့ယွီကို ပိုသဘောကျသင့်သည်ဟု သူ ထင်ခဲ့သည်။


ယခုမူ သူ့ထင်မြင်ချက်က မှားနေလေသည်။


ကျိလဲ့ယွီက သူမြင်ဖူးသမျှ ကလေးများထက် ပိုကောင်းလေသည်။ သူ့အသားအရေက မိန်းကလေးများထက်ပင် ပိုဖြူပြီး မျက်လုံးများက ပယင်းသဖွယ် တောက်ပနေလေသည်။ မျက်နှာကလည်း ချစ်စရာကောင်းလေသည်။ သို့သော် သူက သူ့အသက်အရွယ် ကလေးများထက် ရှုပ်ထွေးပြီး ကြောက်စရာကောင်းလေသည်။


လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းသည့် အသွင်အပြင်သည် ဟန်‌ဆောင်ထားသော သကြားလုံးခွံဖြစ်ပြီး အခွံကို ဖောက်လိုက်သောအခါ သကြားလုံးရှိမနေပေ။ ဓားသာ ရှိနေလေသည်။


လင်းဖေး ဤကဲ့သို့သော ကလေးမျိုးကို မမြင်ဖူးပေ။ ‌သူက ကြောင်သူတော်၊ ကလိမ်ကကျစ်၊ရှေ့နောက် မညီသည့်သူ၊ ရက်စက်ကြမ်းကြုတ်သူ ဖြစ်လေသည်။


လူကြီးများအတွက်သာ သုံးသည့်စကားလုံးများကို ဤအခိုက်အတန့်တွင် ကျိလဲ့ယွီအား အကုန်ပေးလိုက်သည်။


ယနေ့ သူ့ရှေ့မှ ကလေးအကြောင်း သေချာသိလိုက်ရလေသည်။


သူ သူ့ကို ပွေ့ဖက်ထားသည့် ကျိရှင်းကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏အ၀တ်အစားများက စိုရွှဲနေ‌သောကြောင့် သု့အ၀တ်အစားများပါ စိုစပြုလာလေသည်။


လင်းဖေးက ရွံ့ရှာစွာ ပြောလိုက်သည်။


"လွှတ်ပေး..."


"မင်း အဲ့ဒါကို မြင်တယ်မလား...သူ ငါ့ကို ရေထဲတွန်းချလိုက်တာကို မြင်တယ်မလား..."


လင်းဖေး ထောက်ခံခြင်း ငြင်းဆန်ခြင်း မပြုပေ။


ယင်းကို မြင်သောအခါ ကျိလဲ့ယွီ ထိတ်လန့်သွားလေသည်။


လင်းဖေး မြင်သွားတာလား...


မဟုတ်ရင် ဘာလို့ မငြင်းတာလဲ...


သူ လင်းဖေးနား ချဉ်းကပ်သွားပြီး တစ်ဆင့်ချင်းစီ မေးလိုက်သည်။


"ကိုကို မြင်တယ်မလား...သားက သူ့ကို ကယ်လိုက်တာကို မြင်တယ်မလား..."


ကျိရှင်းက ကျိလဲ့ယွီ သူ့နား ကပ်လာသည်ကို မြင်သောအခါ တုန်ရီစွာ အော်လိုက်လေသည်။


"ဝူးးးဒီကို မလာနဲ့..."


ထို့နောက် သူ လင်းဖေးကို လွှတ်ပေးလိုက်ပြီး ပြေးထွက်သွားလေသည်။


လင်းဖေးက သူ့နောက် အမြန်လိုက်သွားပြီး ကျိလဲ့ယွီလည်း လိုက်သွားလေသည်။


ကျိရှင်းက ‌ဧည့်ခန်းဆီ ပြေးသွားပြီး အပေါ်ထပ်ကို တက်သွားကာ သူ့အဖေကို ရှာနေလေသည်။


ကျိကျုံက ငိုသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ကြည့်လိုက်သောအခါ ကလေးသုံးယောက်က အကြောင်းတစ်စုံတစ်ခုကြောင့် လုံးထွေးနေသည်ကို မြင်လိုက်ရသည်။


ထိုအခါမှ သူ့တာ၀န်ကို ပြန်သတိရသွားပြီး သူတို့ဆီ အမြန် လျှောက်သွားလိုက်လေသည်။


ကျိရှင်းက စူးစူးဝါးဝါး အော်ငိုနေသောကြောင့် ကျိကျုံးက ဘာဖြစ်သွားသလဲ သေချာ မကြားရပေ။ ထို့ကြောင့် လင်းဖေးလက်ကို ဆွဲလိုက်ပြီး ဘာဖြစ်သွားလဲ မေးလိုက်သည်။


ကျိကျုံးက အသက်၁၄၊၁၅နှစ်၀န်းကျင်ရှိပြီး ၁.၇မီတာခန့် အရပ်ရှည်လေသည်။ ထို့ကြောင့်သဘာ၀ကျစွာ လင်းဖေးက တစ်ဖက်လူလက်မှ မရုန်းထွက်နိုင်ပေ။ ကျိရှင်းက ယင်းကို အခွင့်ကောင်းယူရန် ထပ်မံ ပြေးသွားလေသည်။


ကျိလဲ့ယွီက ကျိရှင်းကို ဂရုမစိုက်ခဲ့ပေ။ လင်းဖေးကိုသာ ကြည့်နေလေသည်။


သူ့အစီအစဉ်အရ ကျိရှင်းက သူ့မိဘများကို တိုင်ပြောမည်ဖြစ်သည်။ သူ မတိုင်လျှင် အ၀တ်အစားများက ရေစိုနေသောကြောင့် သူ့မိဘများက မေးမည်ဖြစ်သည်။


သို့သော် တစ်ယောက်မှ သူ့ကို ယုံမည်မဟုတ်ပေ။ သူက လိမ္မာပြီး ကျိရှင်းက ဆိုးသွမ်းလေသည်။ထို့ကြောင့် သူ ကျိရှင်းအား မစိုးရိမ်ပေ။


လင်းဖေးအတွက်သာ စိုးရိမ်နေမိလေသည်။ လင်းဖေးက သူမြင်သည့်မြင်ကွင်းကို လင်းလော့ချင်းဆီ ပြောပြပြီး လင်းလော့ချင်းက သူ့ရှုရှုကို ပြန်ပြောပြကာ သူ့ရှုရှုက သူ့မျက်နှာအမှန်ကို သိသွားမည်ကို စိုးရွံ့မိလေသည်။


အဲ့လိုဖြစ်ခွင့်မပေးနိုင်ဘူး...


လူတိုင်း သူ့ပုံစံအမှန်ကို သိသွားရင်တောင် ကျိယွီရှောင်ကိုတော့ သိခွင့်‌မပေးနိုင်ဘူး...


သူက ကျိယွီရှောင်ရဲ့နှလုံးသားထဲမှာ အမြဲတမ်းအနာခံဆုံးနဲ့ အကောင်းဆုံးကလေးဖြစ်ရမယ်...အဲ့လိုပဲ ဖြစ်သင့်တယ်...


လင်းဖေးက ကျိရှင်းပြေးသွားသည်ကို မြင်သောအခါ ကျိကျုံးကို ကူရာမဲ့မှု ၃၀ရာခိုင်နှုန်း၊ ဆွံ့အမှု ၃၀ရာခိုင်နှုန်း၊ ကြောင်အမှု ၄၀ရာခိုင်နှုန်းဖြင့် ကြည့်လိုက်သည်။


"အစ်ကို့အဖေ၊ သူ့အဖေနဲ့ရှောင်ယွီအဖေတို့က တတိယထပ်မှာ အစည်းအဝေးလုပ်နေတုန်းပဲ...အစ်ကို့အဖိုးက အစ်ကို့ကို ကလေးတွေ ကြည့်ခိုင်းထားတာမလား...သူတို့ကို မနှောင့်ယှက်ဖို့လေ..."


ထိုအခါ ကျိကျုံး သတိပြန်၀င်သွားပြီး ကျိရှင်းနောက် အမြန်ပြေးလိုက်သွားသော်လည်း နောက်ကျသွားပြီဖြစ်သည်။


ကျိရှင်းက သူ့ဘ၀တွင် အမြန်ဆုံး အပြေးနှုန်းဖြင့် အစည်းအဝေးခန်းထဲ အော်ငိုကာ ပြေး၀င်သွားလေသည်။


‌နောက်ဆက်တွဲဖြစ်ရပ်များတွင် တစ်၀က်က ကျိလဲ့ယွီထင်ထားသည့်အတိုင်း ဖြစ်လာသော်လည်း ကျန်တစ်၀က်က သူ ခန့်မှန်းထားသည်နှင့် လွဲချော်သွားလေသည်။


ကျိရှင်းစကားကို သူ မျှော်လင့်ထားသည့်အတိုင်း သူ့ရှုရှု မယုံခဲ့ပေ။ အစပိုင်းတွင် သူ့အဖိုးလည်း မယုံခဲ့သော်လည်း မိနစ်ပိုင်းအတွင်း သူ့အဖိုးနှင့်ကျိမူက သူ့ကို သံသယ၀င်လာခဲ့လေသည်။


ထို့အပြင် လင်းဖေးပြောသည့်စကားများလည်း ရှိလေသည်။


သူက လင်းဖေး ထိုမြင်ကွင်းကို ဘယ်လောက်ထိမြင်ခဲ့လဲ သေချာမသိခဲ့ပေ။


ယခုမူ လင်းဖေးက အစအဆုံးမြင်ခဲ့ကြောင်း သိခဲ့ရလေသည်။


သူက လင်းဖေးကို ရောထွေးသော စိတ်ခံစားချက်များနှင့် ကြည့်နေလေသည်။


သူ ပျော်သင့်တယ်...လင်းဖေးက လင်းလော့ချင်းနဲ့ကျိယွီရှောင် မပြောဘူးလို့ ပြောတယ်လေ...


ဒီလိုဆို သူက ကျိယွီရှောင်ရဲ့မျက်လုံးထဲမှာ အနာခံဆုံးနဲ့ အကောင်းဆုံးကလေးဆက်ဖြစ်နေမှာပဲ...


သို့‌သော် သူ မပျော်နိုင်ပေ။ လင်းဖေးက သူ့၏လိမ္မာနာခံတတ်သော ပုံစံအောက်မှ ရက်စက်သော ပုံစံအစစ်ကို သိသွားပြီဖြစ်သည်။ ထို့ကြောင့် သူ စိတ်မသက်သာပေ။


သူ လင်းဖေးကို ကြည့်နေပြီး ဘာဆက်ပြောရမလဲ မသိပေ။


လင်းဖေးက ကျိလဲ့ယွီ၏မျက်နှာအမှန်ကိုစိတ်မ၀င်စားပေ။ စာရွက်ကို လှန်လိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်သည်။


"အခု မင်းထွက်သွားလို့ရပြီ..."


ကျိလဲ့ယွီက ပြုံးကာ မေးလိုက်သည်။


"ကိုကို သားကို ‌မုန်းလား..."


"မမုန်းဘူး..."


သူက ကျိလဲ့ယွီကို မကြိုက်သော်လည်း မမုန်းပေ။


"ဒါဆို ဘာလို့ မောင်းထုတ်တာလဲ...


ကျိလဲ့ယွီ မကျေနပ်စွာ ပြောလိုက်သည်။


လင်းဖေး စိတ်ရှုပ်သွားလေသည်။


"မင်း ဒီကိုလာတာက မင်းပါးပါးနဲ့ရှုရှုကို ငါမပြောပြတာ သေချာအောင်လို့ လာခဲ့တာမလား...ငါ မင်းကို ကတိပေးပြီးသွားပြီလေ..."


ကျိလဲ့ယွီ :"..."


ကျိလဲ့ယွီသည် လင်းဖေးက တကယ်စိတ်၀င်စားစရာကောင်းသည်ဟု တွေးလိုက်သည်။


ကျိရှင်းက သူ့ပုံစံအစစ်ကို တွေ့သောအခါ ကြောက်သွားသော်လည်း လင်းဖေးက စာအုပ်ဖတ်ချင်စိတ် ရှိနေဆဲဖြစ်သည်။


"ကိုကို သားကို ပြောချင်တာ ရှိသေးလား..."


ကျိလဲ့ယွီ မေးလိုက်သည်။


လင်းဖေးကို ခဏလောက် တွေးလိုက်ပြီး ပြောလိုက်သည်။


"လူတွေကို ရေထဲတွန်းချတာ မကောင်းဘူး..."


“မင်းကို ပြောဆိုတဲ့သူကို ရိုက်တဲ့သူကို ပြန်ရိုက်လို့ရတယ်...သူက ရေမကူးတတ်ဘူး...သေသွားနိုင်တယ်..."


"သူ မသေဘူး..."


ကျိလဲ့ယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


"သူ့ကို မသေခိုင်းဘူး...သား သူ့ကို ပြန်ကယ်မှာ...သူ့ကို ခြောက်ချင်ရုံပဲ..."


လင်းဖေး စာအုပ်ကို ပိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။


သူက ကျိလဲ့ယွီထက် အသက်တစ်နှစ်ပိုကြီးသောကြောင့် ကျိလဲ့ယွီထက် ခေါင်းတစ်လုံး ပိုမြင့်လေသည်။ ထို့ကြောင့် ယခု ကျိလဲ့ယွီက သူ့အရိပ်အောက်တွင် ချုပ်နှောင်ခံရလုနီးပါးဖြစ်သည်။


"မင်းက ရေကို မထိန်းချုပ်နိုင်ဘူး...ဒါ့အပြင် သူက ရေမကူးတတ်လို့ သူက ဒီလိုခြောက်လို့ မရဘူး...ပြန်ပြောလို့ရပေမဲ့ ဒီလိုလုပ်လို့မရဘူး..."


“သားက သူ့ကို ကယ်ဖို့ စဉ်းစားပြီးသား...သူ့ကို သေစေမှာ မဟုတ်ဘူး..."


ကျိလဲ့ယွီ ခေါင်းမာစွာ ငြင်းလိုက်သည်။


"အရာရာတိုင်းက မင်းထင်ထားသလို ဖြစ်မှာ မဟုတ်ဘူး..."


လင်းဖေး၏အသံက တည်ငြိမ်နေလေသည်။


"သူက အခုမသေဘူးလေ..."


ကျိလဲ့ယွီ ပြန်လည်ချေပလိုက်သည်။


လင်းဖေး ပြုံးလိုက်ပြီး ရေကဲ့သို့ ကြည်လင်သောသူ့မျက်လုံးထဲ၌ လှောင်ပြောင်မှုများ ပြည့်နေလေသလေ။ 


"သူက မသေပေမဲ့ မင်းက ဘာလို့ ဒီမှာရပ်နေပြီး ငါနဲ့ စကားပြောနေတာလဲ..."


"ဒီနေ့ အဲ့နေရာမှာ ရပ်နေတာက ငါ မဟုတ်ဘဲ တခြားတစ်ယောက်ဆို မင်းဘယ်လိုလုပ်မလဲ..."


"ကျိလဲ့ယွီ ကိစ္စတွေက မင်းထင်ထားသလို မဖြစ်ခဲ့ဘူးမလား...မင်းက ငါရောက်လာမယ်လို့ မတွေးထားပေမဲ့ ငါရောက်လာခဲ့တယ်...ကျိရှင်းကို သတ်မယ်လို့

မင်း မတွေးထားပေမဲ့ သူက ရေကူးကန်ထဲမှာ သေသွားနိုင်တယ်..."


"မင်း ငါ့ကို ပြောစရာရှိလားမေးတယ်...အခု ငါပြောနေတယ်...မင်း နားမထောင်ချင်ရင် ထွက်သွား... မကြားချင်ရင် ထပ်လာမမေးနဲ့တော့..."


ပြောပြီးနောက် လင်းဖေး ထိုင်ခုံပေါ် ထိုင်လိုက်ပြီး စာအုပ်ဆက်ဖတ်လိုက်သည်။



[Editor /N ဘုရားစူး ကလေးလေးတွေနော် ကိုယ်သာဆို မသိဘူးငိုမယ်ပဲ 🥺😁]