အပိုင်း ၅၁
Viewers 28k

Chapter 51




သူက စကားအလွန်အကျူးပြောရခြင်းကို မကြိုက်ပေ။ စကားအများကြီးပြောနေလျှင်လည်းတစ်ဖက်သားက နားမထောင်လျှင် အချိန်ဖြုန်းရာ ကျလေသည်။


ကျိလဲ့ယွီက သူ့ဆီ ရောက်လာရသည့် အကြောင်းရင်းကို သူ သိလေသည်။ ကျိလဲ့ယွီကဲ့သို့ လူများကို ‌ဖြောင်းဖြရန် အသုံးမ၀င်ကြောင်းလည်း သူ သိသည်။


သူက လှပသော မျက်နှာလေးနှင့် ခေါင်းကို ငြိမ့်ကာ သဘောတူနိုင်သော်လည်း တကယ် သဘောတူနေခြင်းလား ‌လိမ်နေခြင်းလား မသိနိုင်ပေ။


သူက ခန့်မှန်းရသည်ကို မကြိုက်ပေ။ ထို့အပြင် ကျိလဲ့ယွီက သူ့အချိန် ဖြုန်းရလောက်အောင် အရေး မကြီးပေ။


ထို့ကြောင့် ကျိလဲ့ယွီ သူ့စကားနားထောင်လျှင် အကောင်းဆုံးဖြစ်သော်လည်း ကျိလဲ့ယွီ နားထောင်လာရန် ဆွဲဆောင်ရမည်ကို ပျင်းရိလေသည်။


သူက အခြားကလေးများနှင့် မတူပေ။ ကလေးများကို သွေးဆောင်ရန် ကြိုးပမ်းသည့်အခါ အလုပ်မဖြစ်သည့်အရာများစွာရှိကြောင်း ကောင်းကောင်းသိလေသည်။ သူ့အမေက သူ့ကို အခြားကလေးများနှင့် ကစားပြီးစကားပြောရန် ‌ဖြောင်းဖြသွေးဆောင်ခဲ့သော်လည်း သူက ဆန္ဒမရှိခဲ့ပေ။ ဖြောင်းဖြသွေး‌ဆောင်ခြင်းက သူ့အတွက် အသုံးမ၀င်ပေ။


ကျိလဲ့ယွီလည်း ထို့နည်းတူပင်ဖြစ်သည်။


လင်းဖေး စကားထပ်မပြောတော့ပေ။ ကျိလဲ့ယွီကို ထွက်သွားရန် မပြောခဲ့သလို အခြား ဘာမှလည်းထပ်မပြောတော့ပေ။


ကျိလဲ့ယွီက သူ့ကို ကြည့်နေသော်လည်း သူက အမူအရာကင်းမဲ့စွာ ဆက်ရှိနေပြီး စာအုပ်ကို စူးစိုက်စွာ ဖတ်နေလေသည်။


ကျိလဲ့ယွီ လင်းဖေးကို နားမလည်နိုင်ပေ။


ဒီလူက ခုနလေးတင် သူနဲ့ ငြင်းခုံနေပြီး လူတွေကို ရေထဲတွန်းချတာ မကောင်းဘူးလို့ ပြောနေတာလေ...အရာအားလုံးက သူ စီစဉ်ထားတဲ့အတိုင်း မဖြစ်နိုင်ဘူးလို့တောင် ပြောသေးတယ်...


အခု လင်းဖေးက ဘာမှမဖြစ်ခဲ့သလို ခေါင်းငုံ့ပြီး စာအုပ်ဖတ်နေတယ်...


သူက ဘယ်လိုလူစားမျိုးလဲ...


ကျိလဲ့ယွီ အလွန်စိတ်ရှုပ်ထွေးနေလေသည်။


သူက လင်းဖေး၏စားပွဲနားတွင် ရပ်နေပြီး လင်းဖေးကို တိတ်ဆိတ်စွာ ဆက်ကြည့်နေလေသည်။


အချိန်ကြာလာပြီး သူ ညောင်းလာသောအခါ လင်းဖေး၏ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး ဆက်ကြည့်နေလိုက်သည်။


လင်းဖေးက ဘာမှမပြောသော်လည်း ရေသောက်ပြီး‌နောက် သူ့ကို မေးလာလေသည်။


"မင်းရော ရေသောက်ချင်လား..."


ကျိလဲ့ယွီ :"..."


ကျိလဲ့ယွီ ပိုမိုစိတ်ရှုပ်ထွေးလာလေသည်။


တစ်‌စုံတစ်ယောက်အား ရေထဲတွန်းချလိုက်သည်ကို လင်းဖေးမြင်ပြီးနောက် သူ့ကို ရွံ့ရှာကြောက်ရွံ့လိမ့်မည်ဟု ထင်ထားသော်လည်း လင်းဖေးက ဘာမှမဖြစ်သလို တုံ့ပြန်လာလေသည်။


ကျိရှင်းမသေဘူးဟူ၍ အတင်းအကြပ် ခုခံပြောဆိုပြီး ကျိရှင်းကို ‌ခြောက်လှန့်ချင်ရုံသာဟု ပြောသောအခါ လင်းဖေးက သူ့ကို စက်ဆုပ်မည်၊ သူ့ကို ကိုင်တွယ်ရန် ပျင်းရိသောကြောင့် သူ့ကို နှင်ထုတ်လိမ့်မည်ဟု ထင်ထားသော်လည်း လင်းဖေးက ထိုသို့ မလုပ်ခဲ့ပေ။


'ရေသောက်ချင်လား'ဟုပင် သူ့ကို မေးလာလေသည်။


ကျိလဲ့ယွီသည် လင်းဖေးက ယခင်နှင့်မတူတော့သလို ခံစားလိုက်ရသည်။


လင်းဖေးက အေးစက်ပြီး အခြားလူများကို လျစ်လျူရှုထားသော်လည်း လုံး၀ လျစ်လျူရှုထားခြင်း မဟုတ်ပေ။


“‌ သောက်ချင်တယ်...”


ကျိလဲ့ယွီက မေးစေ့ကို ကိုင်ကာ ပြောလိုက်သည်။ လင်း‌ဖေးတွင် ကျိလဲ့ယွီ၏ရေခွက် မရှိသောကြောင့် ရေဘူးကိုသာ ပေးလိုက်သည်။


ကျိလဲ့ယွီက အဖုံးကို နှစ်ချက်ခန့် လှည့်လိုက်ပြီး တမင်တကာ ပြောလိုက်သည်။


"သား မဖွင့်နိုင်ဘူး..."


ထို့နောက် ရေဘူးကို လှမ်းပေးလိုက်ပြီး လင်းဖေး လှမ်းယူလိုက်ကာ အဖုံးဖွင့်ပေးလိုက်ပြီး ကျိလဲ့ယွီထံ ပြန်ပေးလိုက်သည်။


ကျိလဲ့ယွီ: "..."


ဒါက ဘာလဲ...


မင်း ငါ့ကို မခံချင်အောင် ဆွနေတာ မဟုတ်ဘူးလား...


ဘာလို့ ဘာမှမဖြစ်ခဲ့သလို ဖြစ်နေတာလဲ...


မင်းက ဘယ်လိုကြီးလဲ...


ကျိလဲ့ယွီ သူ့၏အလကားရသည့်အစ်ကိုက တကယ် ရှုပ်ထွေးလွန်းသည်ဟု တွေးလိုက်သည်။ 


ဘယ်လိုဖြစ်ပြီး ဒီလောက် နားလည်ရခက်တဲ့ကလေးရှိနေတာလဲ...ထူးဆန်းလွန်းတယ်...


.......


လင်းလော့ချင်း ကျိယွီရှောင်နောက် လိုက်သွားပြီးနောက် အခန်းတံခါးကို ပိတ်လိုက်ပြီး တိုးတိုးပြောလိုက်သည်။


"ဒေါသမထွက်ပါနဲ့..."


သူ ကျိယွီရှောင် စိတ်တိုနေသည်ကို တစ်ခါမှ မမြင်ဖူးပေ။ မူလပိုင်ရှင်က ကျိယွီရှောင်ကို ထေ့ငေါ့ပြောဆိုသောအခါ ကျိယွီရှောင်၏မျက်လုံးထဲ၌ မနှစ်မြို့မှု အနည်းငယ်သာ ရှိပြီး‌ ဒေါသမထွက်ခဲ့ပေ။


သို့သော် ဒီနေ့ ကျိယွီရှောင် တကယ် ဒေါသထွက်နေလေသည်။


ယင်းက သူ့‌ဆွေမျိုးများကြောင့်ဖြစ်လေသည်။


လင်းလော့ချင်း ကျိယွီရှောင်ကို နှစ်သိမ့်ပေးချင်သော်လည်း မည်သို့နှစ်သိမ့်ပေးရမလဲ မသိချေ။


ကျိယွီရှောင်ဆွေမျိုးများက ကိုယ်ပိုင်အတွေး ကိုယ်စီရှိကြလေသည်။ သူတို့က ကျိယွီရှောင် ဒဏ်ရာရပြီးနောက် သူနှင့်ဆန့်ကျင်ဘက်တွင် ရပ်နေကြရုံသာမက ကျိယွီရှောင်၏နှလုံးသားကိုလည်း ဓားနှင့် ထိုးချင်ကြလေသည်။


"ဒီနေ့ ဘယ်လိုသရုပ်ဆောင်ပြတာကို ကြည့်ချင်လဲ..."


လင်းလော့ချင်း သူ့ဆီ လျှောက်သွားပြီး မျက်နှာချိုသွေးကာ မေးလိုက်သည်။


"မင်း ကြိုက်တာပြော...ဒီနေ့ ငါ့မှာ အချိန်ရှိတယ်...မင်း သရုပ်ဆောင်စေချင်တာ အားလုံး သရုပ်‌ဆောင်ပြမယ်...''


ကျိယွီရှောင် ထိုစကားများကို ကြားသောအခါ ပြုံးလိုက်ပြီး နှလုံးသားက အနည်းငယ် ပေါ့ပါးသွားလေသည်။


"ငါ အဆင်ပြေပါတယ်..."


သူ နူးညံ့စွာ ပြောလိုက်သည်။


"မင်းကို ဟာသဖြစ်စေမိပြီ..."


"ရပါတယ်..."


လင်းလော့ချင်း ရယ်မောလိုက်သည်။


"မင်း ငါ့မိသားစုကိုမြင်ရင် တကယ့်ဟာသဆိုတာ ဘာလဲ သိလိမ့်မယ်..."


ကျိယွီရှောင်က တစ်ဖက်လူ၏စိတ်မချရသော‌ ညီလေးနှင့်မိထွေး‌ကို တွေးမိသွားပြီး စူးစမ်းလိုက်သည်။


"ငါတို့ လက်ထပ်ပြီးပြီဆိုတော့ မင်းအိမ် ပြန်တွေ့ဖို့ လိုလား..."


"မလိုပါဘူး...ငါ့မှာ အဲ့မိသားစုနဲ့ဆက်ဆံရေး မရှိတော့ဘူး...ငါ့အစ်မ အသက်၁၈နှစ်မှာ ငါ့အဖေကမိထွေးရဲ့စကားတွေကြောင့် ငါတို့ကို အိမ်က နှင်ထုတ်လိုက်တယ်လေ...သူက ငါ့ကို စောင့်ရှောက်ပေးခဲ့တယ်...ဒီကမ္ဘာပေါ်မှာ ငါ့ဆွေမျိုးဆိုလို့ ငါ့အစ်မနဲ့ဖေးဖေးပဲ ရှိတယ်...တခြားလူတွေက ငါနဲ့ဘာမှ မဆိုင်ဘူး..."


ကျိယွီရှောင် ထိုစကားများကို ကြားသောအခါ လင်းလော့ချင်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားလေသည်။ ထိုအရာများကို စုံစမ်းထား၍ သိပြီးဖြစ်သော်လည်း ထိုစဉ်က စိတ်ခံစားချက်နှင့် ယခုလင်းလော့ချင်းထံမှ ကြားရသောအခါ စိတ်ခံစားချက် မတူညီပေ။


"မင်း ‌တော်တော်ဒုက္ခရောက်ခဲ့မှာပဲ..."


"ငါ ဒုက္ခမရောက်ခဲ့ပါဘူး..."


လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။


မူလပိုင်ရှင်က အများကြီး မခံစားခဲ့ရပေ။ လင်းလော့ရှီးကသာ တကယ် ဒုက္ခရောက်ခဲ့ရခြင်းဖြစ်သည်။ တက္ကသိုလ်တက်နေစဉ် အိမ်မှ နှင်ထုတ်ခံရပြီး အလယ်တန်းပင် မပြီးသေးသော မူလပိုင်ရှင်ကိုလည်း ခေါ်ဆောင်လာရလေသည်။ သူက ကလေးအစောကြီး ရခဲ့သည်ဟုပင် ဆိုနိုင်လေသည်။


မူလပိုင်ရှင်က လိမ္မာယဉ်ကျေးသော ကလေးတစ်ယောက် မဟုတ်ခဲ့ပေ။ လင်းမိသားစုမှ နှင်ထုတ်ခံရသော်လည်း သူ့၌ သခင်လေးတစ်ယောက်၏စရိုက် ရှိနေဆဲဖြစ်ပြီး ငွေကို ဖောဖောသီသီ သုံးစွဲနေဆဲဖြစ်သည်။


အကယ်၍ လင်းလော့ရှီးက ပိုက်ဆံမပေးလျှင် ပိုက်ဆံကို ခိုးသွားမည်ဖြစ်သည်။


လင်းလော့ရှီးက သူ့မောင်လေးကို ခွင့်လွှတ်ပေးဆဲဖြစ်ပြီး ကြင်နာတတ်သောကြောင့် လင်းလော့ချင်းအရွယ်ရောက်သည်အထိ မကြောင့်မကြနေ၍ ရသောငွေများက ကုန်လုနီးပါးဖြစ်သွားလေသည်။


ထို့အတွက်ကြောင့် လင်းဖေး မူကြိုတက်သောအခါ လင်းလော့ရှီးက လင်းဖေး အထက်တန်းလွှာ မူကြိုကို တက်နိုင်ရန်အတွက် သူ့အဖေဆီပြန်သွား၍ အကူအညီတောင်းခဲ့ရလေသည်။


လင်းဖေးအတွက် အကောင်းဆုံးပညာရေးကို ပေးစွမ်းချင်သော်လည်း သူ့ဆီတွင် ရှိသော ငွေက မူကြို၀င်ခွင့်ပင် မရှိသောကြောင့် သူ့အဖေဆီအကူအညီသွားတောင်းရန်သာ တတ်နိုင်ခဲ့ခြင်းဖြစ်သည်။


အဖေလင်းက သူ့မြေးအတွက် ကူညီပေးခဲ့လေသည်။ 


လင်းလော့ရှီးက တရား၀င်အလုပ်အပြင် အချိန်ပိုင်းအလုပ်များစွာ လုပ်ခဲ့ရသောကြောင့် မကျန်းမမာဖြစ်နေပြီးသော ခန္ဓာကိုယ်သည် တဖြည်းဖြည်း အားနည်းလာခဲ့ပြီး လင်းဖေး မူလတန်းတက်ချိန်၌ သေဆုံးသွားခဲ့လေသည်။


သူ မသေဆုံးမီ လင်းလော့ရှီးက လင်းဖေးကို လင်းလော့ချင်းထံ အပ်နှံခဲ့ပြီး အဖေလင်းကိုလည်း လင်းဖေးအား သင့်လျော်သော အထက်တန်းလွှာ မူလတန်းကျောင်းဆီ ထားပေးရန် တောင်းဆိုခဲ့လေသည်။


အဖေလင်းက လင်းလော့ရှီး၏နောက်ဆုံးဆန္ဒအတိုင်း လင်းဖေးကို ကျောင်းထားပေးခဲ့လေသည်။


လင်းလော့ချင်းက ဆေးရုံကုတင်ရှေ့တွင် ကျယ်လောင်စွာ အော်ငိုခဲ့လေသည်။


ထိုသို့ငိုကြွေးနေရင်းပင် သူ့အစ်မက တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးလိုက်သည်။ သူက ၀န်ထုပ်၀န်ပိုးဖြစ်သည့် လင်းဖေးကို သူ့ထံ အပ်နှံခဲ့လေသည်။


ချန်ဖုန်းနှင့်လင်းလော့ကျင်းသာ သူ့ကို မတားခဲ့ဘဲ အဖေလင်းသာ လင်းဖေးကို ပြတ်ပြတ်သားသား သူ့ဆီ မလွှဲပေးခဲ့လျှင် သူက လင်းဖေးကို ပစ်ထားခဲ့ခြင်းဖြစ်နိုင်လေသည်။


မူလပိုင်ရှင်က ဘာဒုက္ခရောက်ခဲ့လဲ...


လင်းလော့ချင်းက ထိုကိစ္စများနှင့် ပတ်သတ်ပြီး ဒုက္ခမရောက်ခဲ့ပေ။


ထို့ကြောင့် လင်းလော့ချင်းက ကျိယွီရှောင်ကို ပြုံးကာ ပြောလိုက်သ်။


"ငါ့အစ်မက အရမ်းရုန်းကန်ခဲ့ရတာလေ...သူကလူကောင်းတစ်ယောက်ဖြစ်ပြီး သူ့နှလုံးသားကလည်း အရမ်းနူးညံ့ကြင်နာတတ်တယ်..."


လူကောင်းများက တစ်ခါတစ်ရံ အဆုံးသတ်မကောင်းပေ။


လင်းလော့ချင်း သက်ပြင်းချလိုက်ပြီး ထပ်မေးလိုက်သည်။


"ဒါဆို ဒီည သရုပ်ဆောင်ပြဖို့ မလိုဘူးလား..."


"အခုတော့ မလိုသေးဘူး..."


ကျိယွီရှောင်၏စိတ်ခံစားချက် ပြန်ကောင်းမွန်လာပြီဖြစ်သည်။


ကျိအိမ်ဟောင်းမှ ထွက်လာကတည်းက သူ့ဒေါသအများစုက ပျောက်ကွယ်သွားပြီဖြစ်သည်။


"မင်း အနားယူတော့လေ...ငါ ရေသွားချိုးလိုက်ဦးမယ်..."


ကျိယွီရှောင် လင်းလော့ချင်းကို ပြောလိုက်သည်။


လင်းလော့ချင်း အနားမယူချင်သေးပေ။ သူ့တွင် သံသယများစွာနှင့် ခန့်မှန်းချက်များစွာ ရှိနေလေသည်။ သို့သော် သူက ကျိယွီရှောင်ကို စိတ်ပူပြီး နှစ်သိမ့်ပေးချင်သောကြောင့် ကျိယွီရှောင်နှင့် နေချင်ခဲ့ခြင်းဖြစ်သည်။ 


ယခု ကျိယွီရှောင် ရေသွားချိုးသောအခါ သူ့သံသယများနှင့် ခန့်မှန်းချက်များအတွက် အဖြေရှာရတော့မည်ဖြစ်သည်။


“ဒါဆို ငါ ရှောင်ယွီနဲ့ဖေးဖေးကို ရေသွားချိုးပေးလိုက်ဦးမယ်..."


"မင်း ပင်ပန်းနေပြီလေ..."


ကျိယွီရှောင် ပြုံးလိုက်သည်။


"ဒါပေမဲ့ မင်းသွားတာလည်း ကောင်းပါတယ်...သူတို့က ဒီနေ့ အဲ့လိုတွေ ကြုံတွေ့ခဲ့ရတာလို့ အဆင် မပြေဖြစ်နေလောက်တယ်...သူတို့ကို သွားနှစ်သိမ့်ပေးလိုက်ပါ..."


အဲ့လိုမဖြစ်နိုင်ဘူး...


ကျိယွီရှောင်က လင်းဖေးနဲ့ကျိလဲ့ယွီကို လျော့တွက်လွန်းတာပဲ...


သို့သော် သူ ပြုံးကာ ပြောလိုက်၏။


"ဟုတ်ပါပြီ..."


ကျိယွီရှောင် လင်းလော့ချင်းကို ကြည့်လိုက်သည်။ သူ့မျက်နှာက တဖြည်းဖြည်း နူးညံ့သိမ်မွေ့လာပြီး လေထုကလည်း ချက်ချင်းဆိုသလို စေးကပ်သွားလေသည်။ သူ့၏ကိုယ်နှင့်စိတ်ကို ချိူမြိန်သော သကြားလွှာက ရစ်ပတ်လွှမ်းခြုံလာပြီး သက်တော့သက်သာဖြစ်သွားလေသည်။


ထိုကဲ့သို့သော ခံစားချက်မျိုးကို သူ တစ်ခါမှ မခံစားဖူးပေ။ ထိုခံစားချက်က အလွန်ဆန်းသစ်ပြီး နှစ်လိုဖွယ်ကောင်းလေသည်။


သူ လင်းလော့ချင်းကို လက်ယပ်ခေါ်လိုက်ပြီး ခေါင်းငုံ့လာရန် အချက်ပြလိုက်သည်။ 


လင်းလော့ချင်းက သိချင်စိတ်ပြင်းပြစွာ ခါးကိုင်းလိုက်ပြီး ကျိယွီရှောင်ကို ကြည့်လိုက်သောအခါ ကျိယွီရှောင်က သူ့ကို ပွေ့ဖက်လိုက်လေသည်။


လင်းလော့ချင်း၏နှလုံးသားက ခုန်ပေါက်လာလေသည်။


ကျိယွီရှောင်က လင်းလော့ချင်းကို ဤကဲ့သို့ ဖက်သည်မှာ ယခုအခေါက်နှင့်ဆို နှစ်ကြိမ်ရှိပြီဖြစ်သည်။ ယခင်တစ်ခေါက်နှင့် အတူတူပင် နွေးထွေးငြိမ်းချမ်းမှုကို ခံစားရလေသည်။ ဖက်ထားရသည့်အတွက် မပူလာပေ။


(တကယ်ပူမပူ ကိုယ်တော့မသိ...)


လင်းလော့ချင်း ရှက်ရွံ့သွားလေသည်။ သူ့ရင်ထဲမှ မျိုးစေ့က အညှောင့်ထွက်လာပြီဖြစ်သည်။ သူ သတိထားပြီး လက်ဆန့်ထုတ်လိုက်ကာ ကျိယွီရှောင်ခါးကို ဖက်လိုက်သည်။


သူ့နှလုံးသားက တစ်ဖန် ခုန်ပေါက်လာပြီဖြစ်သည်။


သူ့၏နှုတ်ခမ်းက ကွေးညွှတ်သွားပြီး တမင်တကာ ကျိယွီရှောင်ကို မေးလိုက်သည်။


"မင်း ငါ့ကို ဘာလို့ ထပ်ဖက်တာလဲ..."


မေးခွန်းဝါကျဖြစ်သော်လည်း သူ့အသံက ညုတုတုအရိပ်အယောင်များ ပါနေလေသည်။


ကျိယွီရှောင်က လင်းလော့ချင်းခေါင်းကို ထိလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


"မင်းရဲ့နတ်ဘုရားက မင်းကို အရင်ကထက် ချစ်စရာကောင်းတယ်လို့ ထင်လို့ဖြစ်မှာပေါ့..."


လင်းလော့ချင်း၏မျက်နှာက ချက်ချင်းဆိုသလို အနည်းငယ် နီရဲလာလေသည်။


သူ'အွန်း'ဟုသာ ပြောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။


ကျိယွီရှောင်က သူ့ကို ပွေ့ဖက်ထားပြီး ပြုံးကာ ကြည့်နေလေသည်။ 


လင်းလော့ချင်း ပြောမပြတတ်လောက်အောင် ရှက်ရွံ့လာပြီး ကျိယွီရှောင်ကို တွန်းထုတ်လိုက်သည်။ 


ကျိယွီရှောင် ရယ်မောလိုက်ပြီး ည၀တ်အင်္ကျီယူကာ ရေချိူးခန်းထဲ ပျော်ရွှင်စွာ ၀င်သွားလိုက်သည်။


လင်းလော့ချင်းက ကျိယွီရှောင်နောက်ကျောကို ဆက်ကြည့်နေပြီးနောက် ကျိယွီရှောင် ရေချိုးခန်းထဲ ၀င်သွားသောအခါ လင်းဖေးနှင့်ကျိလဲ့ယွီဆီ တက်ကြွစွာ သွားလိုက်သည်။


သို့သော် ကျိလဲ့ယွီအခန်းက မှောင်မည်းနေလေသည်။ လင်းလော့ချင်း မျက်မှောင်ကြုတ်လိုက်ပြီး ‌စိတ်ထဲ တွေးလိုက်သည်။


'ထူးဆန်းလိုက်တာ...ရှောင်ယွီ ဘယ်သွားပါ

လိမ့်...'


သို့သော် လင်းဖေးအခန်းကို ရောက်သောအခါ အဖြေကို သိသွားခဲ့လေသည်။ ကျိလဲ့ယွီက လင်းဖေး၏ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး ပါးကို လက်ဖြင့်ထောက်ကာ လင်းဖေးကို စူးစိုက်ကြည့်နေလေသည်။


'ဒါက ဘာဖြစ်သွားတာလဲ...'


လင်းလော့ချင်း တွေးလိုက်သည်။