အပိုင်း ၅၂
Viewers 30k

Chapter 52




လင်းလော့ချင်းက ပြောလိုက်၏။

"သားအခန်းမှာ ဘယ်သူမှမရှိလို့ ရှူရှူက အံ့ဩနေတာ။ သားက ဒီရောက်နေတာပဲ။"


ကျိလဲ့ယွီသည် လင်းလော့ချင်းထံ လှည့်လာပြီး ပြုံးပြကာ "သားက ကိုကိုလင်းဖေးနဲ့ အတူဆော့မလို့ဗျ။" ဟု ယဉ်ကျေးသိမ်မွေ့ကာ ချစ်စဖွယ်ကောင်းစွာ ပြန်ဖြေလိုက်၏။


"ကဲ... ရေမိုးချိုးပြီး အိပ်ရာဝင်ဖို့ အချိန်ရောက်ပြီ က‌လေးတို့။ ဘယ်သူ အရင်ချိုးချင်လဲ..."


လင်းလော့ချင်းသည် ကျိလဲ့ယွီကို တစ်ချက်ကြည့်ပြီးနောက် လင်းဖေးကို ကြည့်လိုက်သည်။


လင်းဖေးသည် စာအုပ်ဆီမှ အဆွဲဆောင်ခံလိုက်ရပြီ ဖြစ်၍ စာအုပ်နှင့် အဆက်မဖြတ်ချင်ပေ။ ထို့ကြောင့်ပင် "သူ အရင်ချိုးလိမ့်မယ်။ ကျွန်တော် ဒါပြီးအောင် ဖတ်မလို့။" ဟု လက်ဦးမှု ရယူကာ ပြောလိုက်၏။

သူ့အတွက် ဤသို့ လက်ဦးမှုရယူကာ ပြောဆိုခြင်းသည် တကယ်ကိုပင် ရှားပါးလှသည်။


လင်းလော့ချင်းသည် ဘာမှမပြောပေ။ သူသည် ကျိလဲ့ယွီကို ကြည့်လိုက်ကာ သူ့ဆီ လာဖို့ရန် ခြေဟန်လက်ဟန်ဖြင့် ခေါ်လိုက်၏။


ကျိလဲ့ယွီမှာ မလွန်ဆန်နိုင်ပေ။ သူ သက်ပြင်းအသာချပြီး အိပ်ရာပေါ်မှ ဆင်းလာကာ လင်းလော့ချင်းဆီသို့ လျှောက်သွားတော့သည်။


လင်းလော့ချင်းထွက်သွားသည်နှင့် သူသည် စာအုပ်ကို စိတ်ပါဝင်စားစွာ ဖတ်နေသော လင်းဖေးဆီသို့ တစ်ချက်ကြည့်လိုက်၏....


'... အဲစာအုပ်က အဲလောက်ထိကို စိတ်ဝင်စားစရာ ကောင်းလို့လား... မင်း အဲတာကို ဖတ်နေတာ တော်တော်ကြာ‌နေပြီဟ..



ထူးဆန်းချက်...

တော်တော့်ကို ထူးဆန်းတာ...


လင်းလော့ချင်းနှင့် ကျိလဲ့ယွီတို့သည် ကျိလဲ့ယွီအခန်းဆီသို့ ပြန်လာကာ အခန်းမီးကို ဖွင့်လိုက်၏။


လင်းလော့ချင်းက ရေပူကို ဖွင့်လိုက်ကာ ကျိလဲ့ယွီအား ရေချိုးကန်ထဲ၌ နေရာချပေးပြီးလျှင် "သားရဲ့ ဘိုးဘိုးအိမ်ကို ပြန်သွားရမှာကို ကြောက်နေသေးလား..." ဟု မေးလေသည်။


လဲ့ယွီသည် ခေါင်းခါပြ၏။ သူသည် လက်တစ်ခုပ်စာအပြည့် ရေကို ခပ်ယူပြီးလျှင် "ပါးပါးက ကာကွယ်ပေးလိမ့်မယ်။" 


"အင်း၊ အမှန်ပဲ။" လင်းလော့ချင်းသည် ခေါင်းညိတ် ထောက်ခံလိုက်၏။


သူသည် လင်းဖေးပြောပြထားသည့် ကျိရှင်းသည် ကျိလဲ့ယွီအား အနိုင်ကျင့်သည်ဟူသော အကြောင်းအရာကို သတိရသွားသည်။


" ကျိရှင်းက သားကို စကားနဲ့ပဲ ကြမ်းကြမ်းတမ်းတမ်း ပြောဆို ဆက်ဆံလိုက်တာမလား...သားကို ထိုးနှက်တာမျိုး၊ အခြားတစ်ခုခုလုပ်တာမျိုး မရှိဘူးမလား..."


ကျိလဲ့ယွီ ခေါင်းခါပြလိုက်၏။ သူသည် ကျိရှင်းက သူ့ကို ပြောလိုက်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး လင်းလော့ချင်းမှ မေးမြန်းလာမည်ကို အနည်းငယ်တော့ စိုးရိမ်စိတ်ဝင်မိလာလေသည်။


ထို တခဏအတွင်းမှာပင် သူသည် လင်းလော့ချင်းထံမှ ပြောစကားတို့ကို လက်ခံရရှိလိုက်လေ၏။


" သားကို ကျိရှင်း ဘာတွေပြောလိုက်လဲဆိုတာ ရှူရှူတို့ကို မသိစေချင်ကတည်းက ရှူရှူ သားကို အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ ထပ်မေးတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ သားကိုတောင် ဒီလိုမျိုးဖြစ်စေတယ်ဆိုတော့ အဲဒါက ဘယ်လိုနည်းနဲ့မှ ကောင်းတဲ့အရာ မဖြစ်နိုင်ဘူး..."


လင်းလော့ချင်းသည် ကျိလဲ့ယွီအား ကြည့်ကာ လေသံအေးလေးဖြင့် ပြော၏။


" ရှောင်ယွီ၊ ဒီကမ္ဘာပေါ်မှာ ရှိသမျှလူတိုင်းက ယဉ်ကျေးနေကြတာ မဟုတ်ဘူးဆိုတာကို သားသိထားသင့်တယ်။ လူကို စိတ်မသက်မသာဖြစ်စေမဲ့ ရိုင်းရိုင်းစိုင်းစိုင်း စကားတွေကို ပြောတတ်တဲ့ မယဉ်ကျေးတဲ့ လူတစ်စုလည်း ရှိတယ်။။ ဒီ‌တော့ ဒါက သားအမှား မဟုတ်ဘူး၊ သူတို့အမှားပဲ။ ဒါကြောင့်မလို့ အဲလိုစကားတွေကို သား ကြားလာတဲ့အခါ သား စိတ်တိုစရာ မလိုဘူး၊ သားအနေနဲ့ မကျေမနပ်ဖြစ်တာမျိုး သူတို့ကို ပြန်အော်ပြောပစ်ချင်တာမျိုး‌တွေ ရှိလာနိုင်တယ်၊ ဒါပေမဲ့ သူတို့ပြောလိုက်တဲ့စကားတွေကြောင့်နဲ့တော့ သားကိုယ်သား သံသယဖြစ်လာတာမျိုးတွေ၊ အပြစ်တင်တာ‌မျိုးတွေတော့ မလုပ်ရဘူး‌နော်..."


"မှားနေတာက သူတို့ပဲ ၊ သားမဟုတ်ဘူး။ နားလည်လား... "


ကျိလဲ့ယွီသည် လင်းလော့ချင်းအား မလုံမလဲမျက်ဝန်းတို့ဖြင့် မကြည့်မိခင် စက္ကန့်အချို့လောက် ကြောင်အသွားခဲ့သည်။


သူလည်း သူ့အမှားလို့ မခံစားမိပါဘူး။


ကျိရှင်းကသာ သူ့ကို အော်ဟစ်ဆူငေါက်တဲ့သူလေ။ ဘယ်လိုလုပ် သူက မှားတဲ့သူ ဖြစ်ရမှာလဲ...


မည်သို့ပင်ဆိုစေကာမူ သူသည် လင်းလော့ချင်း၏ စိုးရိမ်မှုကိုတော့ ခံစားမိ၏။


လင်းလော့ချင်းက သူ့ကို သံသယဖြစ်တာမျိုး မရှိပေမဲ့ ကျိရှင်းက သူ့ကို အော်ဟစ်ဆူငေါက်ထားတာမလို့ သူ ဝမ်းနည်းနေမှာကိုတော့ စိုးရိမ်‌နေလေ၏။


ကျိရှင်း သူ့ကို ဘာတွေပြောလိုက်လဲဆိုတာကို ကျိလဲ့ယွီက မသိစေချင်သည်ဖြစ်၍ လင်းလော့ချင်းသည် လဲ့ယွီကို အတင်းအကျပ်မေးနေမည် မဟုတ်ပေ။


လင်းလော့ချင်းက တကယ့်ကို လူကြီးလူကောင်းပီသတဲ့ လူတစ်ယောက် ဖြစ်၏။


"ဟုတ်" ကျိလဲ့ယွီသည် အပြုံးလေးတစ်ပွင့်ဖြင့် စကားပြန်လိုက်သည်။


"ကျိရှင်းက သားကို အော်ဟစ်ငေါက်ငမ်းလိုက်တာတောင်မှ သားက သူ့ကို ကယ်တင်ဖို့ ဆန္ဒရှိနေသေးတာ။ ကြည့်ရတာ ရှူရှူတို့ရဲ့ ရှောင်ယွီလေးက တကယ့်ကို လူလိမ္မာလေးပါလား..." 


လင်းလော့ချင်းသည် သူ့ကို ကြည့်ကာ ထပ်ဖြည့်ပြောလိုက်၏။


ကျိလဲ့ယွီ၏ မျက်လုံးတို့ ဝိုင်းစက်သွားကာ စကားမပြောနိုင်ပင် ဖြစ်သွားရ၏။


" သူ အရမ်းစိတ်ရှုပ်နေတာမလို့သာ သားကို လိုက်မဲပြီး အပြစ်တင်နေတာပါ။ "


လင်းလော့ချင်းသည် ကျိလဲ့ယွီ ဝမ်းနည်းသွားမည်ကို အနည်းငယ် စိုးရိမ်နေသေးပုံပေါ်သည်။


"ရှောင်ယွီ၊ တကယ်လို့ အနာဂတ်မှာ အကူအညီလိုနေသူကို တွေ့ရင် သား သူတို့ကို ကယ်မှာလား..."


ဒါဟာ တစ်ဖက်လူကို စမ်းသပ်တဲ့ မေးခွန်းသာ ဖြစ်သည်။



ကျိလဲ့ယွီသည် နှုတ်ခမ်းက‌လေးဆူကာ အဖြေကို တခဏခန့် စဉ်းစားလိုက်၏။ ထို့နောက် သူသည် ဤသို့ ဖြေ၏။

" မေ့လိုက်ပါတော့။ တော်ကြာ တစ်ယောက်ယောက်က သားကို ထပ်ပြီး လာစွပ်စွဲနေမှ ဟုတ်ပေ့ဖြစ်နေပါ့မယ်... " 

လင်းလော့ချင်းသည် လဲ့ယွီ၏ မျက်လုံးထဲရှိ ဖြူစင်မှုကို မြင်လိုက်ရသဖြင့် စကားဆက်မပြောနိုင်တော့ချေ။


ထိုအစား ကျိလဲ့ယွီသည် အစည်းအဝေးခန်းက မြင်ကွင်းကို သတိရသွားသည် ဖြစ်၍ မေးမြန်းလေတော့၏။


" ရှူရှူ ဒီနေ့ ပါးပါးကို ကူညီပေးသေးတာလား... "


လင်းလော့ချင်းက လဲ့ယွီအား ထိုအကြောင်းအရာကို မှတ်မိလိမ့်မယ် ‌မမျှော်လင့်ထားသဖြင့် ပြုံးလိုက်မိသည်။


" ရှူရှူက သားပါးပါးရဲ့ အိမ်ထောင်ဖက်လေ...

အဲတော့ သူ့ကို ကူညီတာက ပုံမှန်ပါပဲ။ "


" အချိန်မရွေးလား.... "


"အင်း"


"လူတွေကို ဆန့်ကျင်ရရင်တောင်မှလား..."


" ဒါပေါ့.... "


ကျိလဲ့ယွီသည် ကျေနပ်သွားလေ၏။


သူသည် ပြုံးလိုက်ကာ သူ၏ မျက်ဝန်း‌လေးတို့မှာလည်း လခြမ်းကွေးသဏ္ဍာန်အလား ဖြစ်ပေါ်လာတော့သည်။


" ရှူရှူလင်း၊ ရှူရှူက အရမ်း ကောင်းတာပဲ။ "


လင်းလော့ချင်းသည် လက်တစ်ဖက်ကို မြှောက်လိုက်ကာ လဲ့ယွီ၏ မျက်နှာလေးအား ဆွဲဆိတ်လိုက်၏။


ကျိလဲ့ယွီသည် လင်းလော့ချင်း၏ လက်ကို သူ၏ ဖြူဖွေး နူးညံ့နေသော လက်နုနု‌ကလေးများဖြင့် ဆုပ်ကိုင်ကာ ကလေးဆန်သည့် ဟန်ပန်ဖြင့် လေးလေးနက်နက် ပြောတော့သည်။


" ရှူရှူ၊ ကိုယ့်စကားကိုယ် မမေ့ပစ်လိုက်နဲ့နော်... "


လင်းလော့ချင်းလည်း သူ့ကို ကြည့်ကာ အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်ပြလိုက်၏။


ကျိလဲ့ယွီလည်း ထပ်မံရယ်မောလိုက်ကာ သူ၏လက်ကို လွှတ်ပေးလိုက်လေတော့သည်။ ထို့နောက် သူသည် ရေချိုးကန်ထဲသို့ ပိုမိုလျှောဆင်းလိုက်ခြင်းဖြင့် ကန်ထဲရှိ ရေများအား သူ့ကိုယ်ပေါ် ဖုံးလွှမ်းစေလိုက်သည်မှာ သူပြောခဲ့သမျှ စကားများသည် သာမန်ကာလျှံကာနှင့် အရေးမကြီးသည့် စကားများ အလားပင်။


မည်သို့ပင်ဖြစ်စေ၊ လင်းလော့ချင်းကမူ ကျိလဲ့ယွီသည် ‌အတည်ပေါက် ပြောနေခြင်းမှန်း သိနားလည်၏။


သူသည် ကျိယွီရှောင်နှင့် ပတ်သက်ပြီး ဂရုစိုက်သည်။ ဆယ်နှစ်၊ နှစ် နှစ်ဆယ် ကြာသွားရင်တောင်မှ သူက ဂရုစိုက်နေဦးမှာ ဖြစ်ပြီး မည်သည့်အရာကိုမျှ မေ့လျော့သွားမည် မဟုတ်ပေ။ ကျိယွီရှောင်ကို နာကျင်စေသူတိုင်းသည် တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ပေးဆပ်ရမည် ဖြစ်သည်။


လင်းလော့ချင်းသည် ရေချိုးဆပ်ပြာအနည်းငယ်ကို ညှစ်ထုတ်ကာ ကျိလဲ့ယွီကိုယ်ပေါ် လိမ်းပေးနေရင်းဖြင့် သည်ကလေး ကျိရှင်းကို တွန်းချလိုက်လား၊ မတွန်းချလိုက်ဘူးလား တွေးနေမိ၏။


ကျိလဲ့ယွီကို ဤရာဇဝတ်မှုတို့၌ အလွယ်တကူ စီရင်ချက်ချခွင့် မပြုနိုင်ချေ။ ကျိလဲ့ယွီသည် ငယ်လွန်းပြီး သူ၏ အမှောင်ဘက်ခြမ်းကိုလည်း လင်းလော့ချင်းရှေ့တွင် တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြသလာခြင်း မရှိခဲ့‌ပေ။ သူ့တွင် သက်သေအတိအကျဟူသည်လည်း မရှိသဖြင့် သူ၏ ခန့်မှန်းချက်တို့မှာ တပ်အပ် မှန်လိမ့်မည်ဟု ပြောမရပေ။


မည်သို့ပင် ဖြစ်စေကာမူ၊ ကျိလဲ့ယွီကိုတော့ ဤ ကိစ္စသည် မည်မျှ အန္တရာယ်ရှိကြောင်း သိစေချင်မိသည်။


ကျိလဲ့ယွီက မလုပ်ခဲ့ဘူးဆိုရင်တောင်မှ ဒါက သူ့အတွက် သတိပေးချက်နှယ် ဖြစ်သွားနိုင်ရာ နောင်အနာဂတ်တွင် အလားတူဖြစ်ရပ်မျိုးကို သူ လုပ်ရဲတော့မည် မဟုတ်ပေ။


လင်းလော့ချင်းသည် ကျိလဲ့ယွီအတွက် ပူဖောင်းလေးများ လုပ်ပေးနေရင်းဖြင့် " ရှောင်ယွီ၊ သားကိုယ်သား သေချာဂရုစိုက်နော်။ ရေဆိုတာ သိပ် အန္တရာယ်များတာ။ တစ်ခါတလေဆို လူကြီးတွေတောင်မှ ရေထဲ ပြုတ်ကျရာကနေ သေဆုံးသွားရတာတွေ ရှိတာ သားလို ကလေးအရွယ်လေးဆို ပြောတောင် မနေပါနဲ့တော့ဗျာ။ ဒါကြောင့်မလို့ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ရမယ်နော်။ ပြီးတော့ ကျိရှင်းလိုလည်း ရေထဲ ပြုတ်မကျစေနဲ့ဦး။ " 



"Oh"

ကျိလဲ့ယွီသည် ခေါင်းညိတ်ပြလိုက်သည်။


"သားက ဉာဏ်ကောင်းပါတယ်။ ရေထဲ ဆင်းတာနဲ့ ဘောကွင်းကို တစ်ပါတည်း ယူဆောင်ရမယ်ဆိုတာကို သိပြီးသား‌မလား။ နောက်တစ်ခါ တစ်ယောက်ယောက်က ရေနစ်နေတာတွေ့ရင် အနီးနားမှာ အသက်ကယ်ဖို့ရာအတွက် အသုံးဝင်မဲ့ပစ္စည်းတွေ ရှိလား အရင်လိုက်ရှာ။ ရေထဲကို ဒီတိုင်းကြီး ခုန်ချမသွားနဲ့။ သူတစ်ပါးကို ကူညီတာက ကောင်းတဲ့အရာဆိုပေမဲ့လည်း ကိုယ်ကိုယ်တိုင် ဘေးကင်းဖို့ကသာ ပထမဦးစား‌ပေးပဲ သား။ 

အဲလိုမှမဟုတ်ရင် သူတစ်ပါးကိုလည်း ကယ်လိုက်နိုင်မှာ မဟုတ်သလို သားကိုယ်တိုင်လည်း အသက်ဆုံးရှုံးသွားနိုင်တယ်။"


လင်းလော့ချင်းက လုံးဝကို အလေးအနက်ထားပြီး ပြောနေခြင်းဖြစ်ရာ တစ်ဖက်လူသည် သူ့ကို တကယ်ကြီး စိတ်ပူနေခြင်းဖြစ်ကြောင်း ကျိလဲ့ယွီ သဘောပေါက်သွား‌လေ၏။ ထို့ကြောင့်ပင် ခေါင်းကို အလျင်အမြန် ညိတ်ပြကာ နာခံစွာ ဖြေကြားလိုက်၏။


" သား သိပါတယ်ဗျ။ "


"ကောင်းတာပေါ့။" လင်းလော့ချင်းသည် ရယ်မောလိုက်၏။


" ထပ်ပေါင်းပြောရရင် သားပါးပါးက သားကို အရမ်း သဘောကျတာလေ။ ရှူရှူရောပဲ။ ဒါကြောင့်မလို့ တစ်ခုခု အမှားလုပ်မိပြီဆိုတာနဲ့ ရှူရှူတို့ကို တိုက်ရိုက် ပြောပြလို့ ရတယ်‌ သား ။ အကယ်၍ အဲလို ပြောရမှာကို ရှက်တယ်ဆိုရင်လည်း သား ပါးပါးကိုပဲဖြစ်ဖြစ်၊ ရှူရှူကိုပဲ ဖြစ်ဖြစ် ပြောပြလို့ ရတယ်။ ကျိရှင်းကို ဥပမာယူပြီးတော့ အခြားသူတွေပေါ်သားက ကြောက်တာကြောင့်နဲ့ အမှားလုပ်တာမျိုး မလုပ်ရဘူးနော်။ လိမ်တာက မကောင်းသလို သူတစ်ပါးအပေါ် အပြစ်ပြုမိတာက ပိုဆိုးတယ်။ နားလည်လား..."


ကျိလဲ့ယွီသည် လင်းလော့ချင်း၏ စကားလုံးများနှင့် ပတ်သက်၍ အံ့ဩမှင်တက်သွားတော့သည်။


လိမ်ညာတာက မကောင်းတဲ့အရာဖြစ်ပြီးတော့ သူတစ်ပါးကို အပြစ်ပြုမိတာက ပိုဆိုးကြောင်း သူသိသော်ငြား သူသည် ဤကဲ့သို့သော လူစားမျိုးပင် ဖြစ်သည်။


ဘယ်လိုလုပ်ပြီးတော့များ သူလုပ်ခဲ့သမျှတွေကို လင်းလော့ချင်းနဲ့ ကျိယွီရှောင်ကို ပြောပြနိုင်တော့မှာလဲ...


သူတစ်ပါးကို မလိမ်ညာဘဲ အပြစ်လည်း မပြုမိအောင် ဘယ်လိုနေရပါ့။


ကျိလဲ့ယွီသည် ဖြည်းညှင်းစွာ ပြုံးလိုက်ကာ နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။


"ဟုတ်ကဲ့ပါ..."


ကျိလဲ့ယွီက သူ့စကားတွေကို နားထောင်နေလား သို့မဟုတ် အကြိမ်ရေမည်မျှ နားထောင်ပြီးသည် ဖြစ်ကြောင်းကို လင်းလော့ချင်းအနေဖြင့် သိမည်မဟုတ်ချေ။ မည်သို့ပင် ဖြစ်စေ ဖြစ်ရပ်၏ အမှန်တရားသည် မရှင်းလင်းသည် ဖြစ်ရာ သူက သိသာစေမည့် စကားလုံးများကို ပြောလိမ့်မည် မဟုတ်ပေ။


အကယ်၍ ကျိလဲ့ယွီကသာ တကယ်ကြီး ကျိရှင်းကို တွန်းချခဲ့တယ်ဆိုရင် သူက အခုပုံစံလိုမျိုး ဖြူစင်ပြီး အပြစ်ကင်းစင်နေခြင်း မဟုတ်ကြောင်းကို ဖော်ပြသွားမည် ဖြစ်သည်။ ကျိလဲ့ယွီ၏ အတွေးအခေါ် များသည် အခြားသော ကလေးများထက် ပိုမို အနုစိတ်ကာ လေးနက်လှ၏။


သို့ဖြစ်၍ သူ(လင်းလော့ချင်း) ကသာ ယခုအတိုင်း ဆက်လက် စကားပြောနေပါက ကျိလဲ့ယွီသည် အနှေးနှင့် အမြန် သံသယဝင်လာနိုင်သည်။


လင်းလော့ချင်း လိုချင်တာ ဒီလိုမျိုးမှ မဟုတ်တာ။


သူသည် ကျိလဲ့ယွီကို သံသယဖြစ်နေသော်ငြား သူ(ကျိလဲ့ယွီ) အပေါ် အပြစ်မပြုချင်ပေ။


ယနေ့အတွက် သူ၏ မေးခွန်းများသည် လုံလောက်ပြီ ဖြစ်သည်။ အကယ်၍ ကျိလဲ့ယွီသည် တကယ်ကျူးလွန်ခဲ့ခြင်း ဖြစ်သော် လင်းလော့ချင်းအနေဖြင့် သူ့ကို သံသယဝင်ခြင်းက အဆင်ပြေသော်ငြား ထိုသို့ မဟုတ်ပါက ကျိလဲ့ယွီသည် စိတ်ပျက်ဝမ်းနည်းခြင်းနှင့် အခြားသော အရာများကို ခံစားရနိုင်၏။


အဆုံးတွင် သူသည် ကလေးတစ်ယောက်သာဖြစ်သည်။ သူသည် ကမ္ဘာလောကကြီးကို စူးစမ်းနေဆဲဖြစ်သည့် ကလေးတစ်ယောက်သာ။ လင်းလော့ချင်းသည် သူ(ကျိလဲ့ယွီ)၏ ကြီးပြင်းမှု လမ်းကြောင်းပေါ်ရှိ အလင်းရောင် မဟုတ်သော်ငြား သူ၏ လမ်းကြောင်းပေါ်ရှိ နာကျင်မှုတော့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။


လင်းလော့ချင်းဟာ ကျိလဲ့ယွီကိုယ်ပေါ်ရှိ ဆပ်ပြာမြှုပ်များအား ရေးဆေးချပေးပြီးလျှင် သူ့ (ကျိလဲ့ယွီ) ကို အိပ်ရာပေါ်သို့ တင်ပေးခဲ့၏။ ထို့နောက်တွင် သူ(လင်းလော့ချင်း) သည် လင်းဖေး၏ အိပ်ခန်းသို့ ဦးတည်လေတော့သည်။


ကျိလဲ့ယွီသည် တံခါးပိတ်သွားသည်အထိ စောင့်ပြီးသော် ထထိုင်လိုက်၏။ လင်းဖေးဆီ သွားတာဆိုတော့ လင်းဖေးက‌များ အမှန်အတိုင်း ပြောပစ်နိုင်လောက်လား...


သူက လိမ္မာတဲ့ ကလေးတစ်ယောက်မဟုတ်တဲ့အပြင် သူတစ်ပါးကို လိမ်ညာပြီး အပြစ်တွေပြုမိနေတဲ့သူဆိုတာကို လူတွေ သိသွားကြတော့မှာလား...


ကျိလဲ့ယွီ မျက်မှောင်ကြုတ်လိုက်၏။ သူသည် လင်းလော့ချင်း သိသွားမည်အား အလိုမရှိပေ။


ကျိယွီရှောင် သိသွားမှာကိုတင် စိုးရိမ်တာ မဟုတ်ဘဲ လင်းလော့ချင်း သိသွားမှာကိုပါ မလိုလားပေ။


သူ စိတ်ပျက်သွားမလား...


ကျိလဲ့ယွီသည် တွေးလိုက်၏။

" သူ လုံးဝကို အံ့ဩသွားပြီး စိတ်တိုသွားမှာ။ ဒါ့အပြင် ငါ့ကိုလည်း စိတ်ပျက်သွားဦးမှာ။"


ကျိလဲ့ယွီသည် ထိုစိတ်ပျက်နေမည့် မျက်ဝန်းတို့ကို တွေးမိရုံမျှဖြင့်ပင် စိတ် ကသိကအောက် ဖြစ်ရ၏။


လင်းဖေးက လျှို့ဝှက်ပေးထားလောက်မှာ‌ပါနော်၊ ဟုတ်တယ်မလား...သူ လင်းလော့ချင်းက်ု မပြောလောက်ဘူး မလား...


ကျိလဲ့ယွီသည် သက်ပြင်းတစ်ချက်ချလိုက်ကာ သည်တစ်ကြိမ်တွင် သူသည် တကယ်ပင် နမော်နမဲ့နိုင်သွားကြောင်း ခံစားလိုက်ရသည်။ သူ ဒီထက် နည်းနည်း ပိုစောင့်ပြီး ဖုံးကွယ်ထားခဲ့သင့်တာ။ ပိုပြီးတော့လည်း ဂရုစိုက်ခဲ့သင့်တာ။ အခုတော့ လင်းဖေးက အကုန်မြင်သွားပြီ။


သူ့ပုံရိပ်က လင်းဖေးလက်ထဲမှာပင် ရှိသည်။


ထိုအချိန်တွင် လင်းဖေးသည် စာအုပ်ဖတ်ပြီးသွားပြီ ဖြစ်၏။ သူသည် စာအုပ်ကို ပိတ်လိုက်ကာ ရေချိုးခန်းထဲသို့ လင်းလော့ချင်းနောက်မှ လိုက်ဝင်သွား၏။


သူသည် အဝတ်အစားများကို ချွတ်လိုက်ကာ ရေချိုးကန်အတွင်းသို့ သူ့ဘာသာသူ ဝင်ထိုင်လိုက်‌လေသည်။ လင်းလော့ချင်းသည် သူ့ကို ရေချိုးပေးရင်းဖြင့် စ‌နောက် တော့သည်။ ရေချိုးပြီးသွားသည်နှင့် သူ (လင်းလော့ချင်း) သည် မေးတော့၏။


" ရှောင်ယွီက တကယ်ပဲ အပြစ်ပြုခဲ့မိတာလား..."


" ရှုရှုက သူ့ကို မယုံဘူးလား..." လင်းဖေးသည် သူ့ကို ကြည့်လိုက်၏။


လင်းလော့ချင်းသည် ရိုးသားစွာပင် ခေါင်းညိတ်ပြ၏။

" အကယ်၍ သူ့နေရာမှာ မင်းသာဆိုရင် ရှူရှူက ယုံမိမှာပဲ။ ပြောရရင် ရှူရှူက သူနဲ့ အချိန်တွေအများကြီး မဖြတ်သန်းခဲ့ရဘူးလေ။ မင်း သိပါတယ်၊ အဲကလေးက အရမ်းရက်စက်တယ် ဆိုတဲ့ ကောလာဟလတွေကို ရှူရှူက အရင်တုန်းက ကြားခဲ့ရတာလေ။ ဒါကြောင့်မလို့ပဲ ရှူရှူသာ ကျိရှူရှူနဲ့ လက်ထပ်ပြီး ဒီ‌မှာ နေမယ်ဆိုရင် သူက မင်းကို အနိုင်ကျင့်မှာကို အမြဲ စိတ်ပူနေခဲ့ရတာ။ "


လင်းဖေးသည် ထိုစကားများကို ကြားပြီး အမှန်ပင် ထိုသို့သော ကိစ္စရပ်တစ်ခု ရှိခဲ့ဖူးသည်ကို အမှတ်ရသွားတော့၏။ လင်းလော့ချင်းသည် သူတို့ သည်ကို စပြောင်းရွှေ့ကာစတွင် အကြိမ်များစွာ စိတ်ပူခဲ့လေသည်။


ယခုတွင်မူ ယင်းအကြောက်တရားနှင့် စိုးရိမ်ပူပန်မှုတို့မှာ အခြေအမြစ် မရှိသကဲ့သို့ပင်။


သူသည် ကျိလဲ့ယွီကို ကတိပေးပြီးဖြစ်ရာ လင်းလော့ချင်းကို အမှန်ပြောပြမည် မဟုတ်ပေ။


လင်းဖေးသည် ရုတ်တရက် အပြစ်ရှိစိတ်ကို ခံစားလိုက်ရ၏။


လင်းလော့ချင်းသည် ကျိလဲ့ယွီကို သံသယရှိလိမ့်မည်ဟု သူ မထင်ခဲ့မိသဖြင့် ကျိလဲ့ယွီ သူ့အခန်းသို့ ရောက်လာချိန်တွင် သူ့ဘက်မှာ ဦးစွာပင် ယင်းအကြောင်းအရာတို့ကို အခြားသူများအား မပြောပြဟု ပြောခဲ့ခြင်းဖြစ်သည်။


သူသည် စကားအများကြီး ပြောရခြင်းကို မနှစ်သက်သကဲ့သို့ သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်ရသည်ကိုလည်း မနှစ်သက်ချေ။


လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့သည် ကျိလဲ့ယွီအား ယုံကြည်ကြသကဲ့သလို့ ကျိလဲ့ယွီသည်လည်း သူတို့အား အမှန်တရားကို သိသွားမည်ကို မလိုလားပေ။


ထို့ကြောင့် သူ့တွင် သူတို့၏ ယုံကြည်မှုတို့အား ဖျက်ဆီးကာ ကျိလဲ့ယွီအား ဒုက္ခရောက်စေရန် အကြောင်းပြချက်မရှိချေ။


လင်းလော့ချင်းမှာ သူ့၏ ရင်ထဲတွင် သံသယတို့ ရှိနေသော်ငြား ယင်းတို့ကို ဖွင့်ဟ ပြောဆိုခြင်း မရှိခဲ့ရာ

လင်းလော့ချင်းသည် ကျိလဲ့ယွီအား ဤ‌မျှလောက်ထိ မယုံမကြည်ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။


လင်းဖေးသည် သူ၏ နှုတ်ခမ်းများကို အချိန်ခဏခန့် ကိုက်လိုက်ကာ တိုးညှင်းစွာဖြင့် ဖြေလိုက်၏။


"ဟုတ်။" 


လင်းလော့ချင်းသည် သူ့ကို စိုက်ကြည့်လာကာ နူးညံ့ညင်သာသော အသံဖြင့်

" ကျိရှင်းက သူ့ကို အပြစ်ပြုခဲ့သေးလား..."


"ဟုတ်။"

လင်းဖေးသည် တည်ငြိမ်ဆဲပင်ဖြစ်သည်။


လင်းလော့ချင်းသည် ကလေးငယ်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ လင်းဖေး၏ မျက်တောင်များမှာ ရှည်လျား၍ ထူထပ်လှကာ သူ၏ ခံစားချက်တို့ကို ဖုံးကွယ်ပေးထားလေ၏။


လင်းလော့ချင်းသည် သိမ်မွေ့မှုအပြင် မြင်ရခဲလှသော အပြစ်ရှိစိတ်ကိုပါ တွေ့မြင်လိုက်ရ၏။


ယင်းမှာ အလွန်ပင်သေးငယ်လှကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့မည်ဟု ထင်မှတ်ရ၏။


ဘာလို့ အပြစ်ရှိစိတ်လဲ...


လင်းဖေးက သူ့ကို လိမ်နေတာမလို့များလား...


ဒါဆိုလည်း ဘာလို့ လိမ်တာလဲ...


လင်းလော့ချင်းသည် သူ အခန်းထဲသလို့ ဝင်လာစဉ်က ကျိလဲ့ယွီမှာ အိပ်ရာပေါ်တွင် ထိုင်နေခြင်းဖြစ်ကြောင်း သတိရသွား၏။


လင်းဖေးက ကျိလဲ့ယွီကို ကတိပေးထားလို့များလား...


လင်းဖေးက ကတိကို မချိုးဖောက်တတ်တဲ့ကလေးမလို့ လိမ်ညာမှာပဲ။ ပြီးတော့ ဒီလိုမျိုး လင်းလော့ချင်းအပေါ်မှာ လိမ်ညာမိသွားတာမလို့ သူ အပြစ်ရှိစိတ်ကို ခံစားနေရတာပဲ။


လင်းလော့ချင်းသည် စိတ်ထဲတွင် သက်ပြင်းတိုးတိုး ချမိကာ

လင်းဖေး၏ ခန္ဓာကိုယ်အား ဆက်လက်ကာ ရေသုတ်ပေးတော့သည်။


"ဖေးဖေး" 

သူသည် လင်းဖေးအား ကြင်နာစွာ ကြည့်လိုက်၏။


"ဒါဆို တစ်နေ့နေ့မှာ လူတစ်ယောက်က သူ့ဘာသာသူ ရေထဲပြုတ်ကျတာမျိုး မဟုတ်ဘဲ အခြားတစ်ယောက်က တွန်းချလိုက်လို့ ပြုတ်ကျသွားတာကို သား တွေ့ရင် ဘာ ဆက်လုပ်မလဲ...."