Chapter 53
လင်းဖေးက သူတစ်ခုခုသိနေသည်လားကို သိချင်၍ သူ့မျက်လုံးထဲကို ကြည့်လိုက်လေသည်။
သို့သော် လင်းလော့ချင်း၏ မျက်လုံးများက ယခင်အတိုင်း ရှိနေဆဲပင်။ ၄င်းတို့မှာ နွေးထွေးကာ နားလည်ပေးတတ်နေဆဲ ဖြစ်သည်။ လင်းဖေးက ၄င်းတို့ကို စက္ကန့်ပိုင်းမှ လေ့လာလိုက်ပြီး သူ ဘာမှမသိသင့်ပေဟု ခံစားလိုက်ရသည်။
သို့မဟုတ်ပါက လင်းလော့ချင်းက သေချာပေါက် အံ့အားသင့်နေမည် ဖြစ်သည်။ သူက အမြဲလိုလို စိတ်မအေးနိုင်ပဲဖြစ်နေခဲ့ပေသည်။
"ကျွန်တော်ဘာမှ သိပ်ပြီး လုပ်မှာမဟုတ်ဘူး..."
လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
လင်းလော့ချင်း : ...
သူက သိချင်ပေသည်။
"အဲ့လူက တစ်ခုခုမှားနေတယ်လို့ မင်းမထင်ဘူးလား..."
"ဒါပေမဲ့ သူက ကျွန်တော်ပြောရင် နားထောင်မှာမဟုတ်ဘူး..."
လင်းဖေး သူ့၏ အကြောင်းပြချက်ကို တည်ငြိမ်စွာဖော်ပြလိုက်သည်။
"ငါဆိုလိုတာ အဲ့လိုမဟုတ်ဘူး..."
လင်းလော့ချင်းက သူ့ကို ရှင်းပြရန် ကြိုးစားလိုက်သည်။
"သူမင်းကိုနားထောင်တာက တစ်ခု... မင်းအဲ့လိုပြောလိုက်တာက တစ်ခုလေ... မင်းပြောတာတွေကြောင့် ပြဿနာတစ်ခုဖြစ်လာရင် ဘယ်လိုလုပ်မလဲ... မင်းက တခြားလူတွေကို ကွယ်ရာကနေ ကူညီနေတာက မကောင်းဘူးလား..."
လင်းဖေးက ပျော်သည့်ပုံရော ဝမ်းနည်းသည့်ပုံပါ မရပါပေ။ သူက ဆိုလိုက်သည်။
"ဒါပေမဲ့ တခြားသူတွေရဲ့ ကိစ္စက ရှုရှုနဲ့ ဘာဆိုင်လို့လဲ..."
လင်းလော့ချင်းက တွေးလိုက်သည်။
'...ကလေး... မင်းက အေးစက်လိုက်တာ..."
သူက အတက်အကျမရှိသည့် လင်းဖေး၏ တည်ငြိမ်သော မျက်နှာကို ကြည့်လိုက်သည်။
သူ့ဖေးဖေးက တကယ်ကို ဒီလို အေးစက်တဲ့ ကလေးတစ်ယောက်ပဲ...
"ထားလိုက်ပါတော့..."
လင်းလော့ချင်းက သူ့ကို သင်ပေးလိုက်သည်။
"မင်း တခြားလူတွေကို ဂရုစိုက်စရာ မလိုပါဘူး... ဒါပေမဲ့ မင်းက မိသားစုဝင်တွေထဲက တစ်ယောက်ယောက်က ဥပမာ ငါ၊ မင်းဦးလေး ဒါမှမဟုတ် ရှောင်ယွီတို့က မလုပ်သင့်တာ တစ်ခုခုလုပ်နေတယ်လို့ထင်ရင် စကားနည်းနည်း ထပ်ပြောပြီး ငါတို့ကို သတိပေးလို့ရတယ်လေ..."
အထူးသဖြင့် ရှောင်ယွီပေါ့...
သူနှင့် ကျိယွီရှောင်တို့က ဘာမှမလုပ်ပေမဲ့ ကျိလဲ့ယွီက အဲ့လိုမဟုတ်ဘူးလေ...
"အဲ့လိုဆို အဆင်ပြေလား..."
လင်းလော့ချင်းက မေးလိုက်သည်။
"အဲ့လိုပဲ မင်းတစ်ခုခုအမှားလုပ်ရင်လည်း ငါမင်းကို သတိပေးမယ်... အဲ့ဒါက မှန်ကြည့်ရသလိုပဲ... မင်းနောက်ကျောက ဘယ်လိုပုံလဲဆိုတာ မင်းမမြင်ရပေမဲ့ ငါမြင်ရတယ်... မင်းနောက်ေကျာက ညစ်ပတ်နေလားဆိုတာ ရှုရှုပြောနိုင်တယ်... အဲ့လိုပဲ မင်းက တခြားသူတွေရဲ့ နောက်ကျောက ညစ်ပတ်နေလားဆိုတာ ပြောလို့ရတယ်..."
လင်းဖေးက တဖက်လူ၏ မျက်နှာပေါ်မှ အပြုံးကိုမြင်ကာ အတန်ကြာအောင် တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။
သူက အမှန်တကယ်တွင် တခြားသူများ၏ ကိစ္စများကို ဂရုမစိုက်လိုပါပေ။ လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နှင့် နေထိုင်မှုပုံစံ ရှိပေသည်။ သူ့ကိုယ်သူပင် ဂရုစိုက်ရသည်မှာ လုံလောက်လှပြီ ဖြစ်သည်။
ဘာလို့တခြားသူတွေရဲ့ အကျင့်စရိုက်တွေ ဘဝတွေကို ဂရုစိုက်စရာလိုမှာလဲ...
ထိုသို့ဆိုလျှင်ပင် လင်းလော့ချင်းက သူ ထိုသို့ လုပ်နိုင်မည်ဟု မျှော်လင့်ပေသည်။ သူသဘောမတူပါက လင်းလော့ချင်းက အလွန်စိတ်မသက်မသာဖြစ်ကာ လင်းဖေးက အချိန်တန်လျှင် သူ့ကို ထပ်မံချော့ရမည် ဖြစ်ပေသည်။
လင်းဖေးမှာ လက်ရှိသူသည် လူများကို ချော့ရာတွင် အလွန်မတော်ဟု ခံစားရသော်လည်း နောက်ဆုံးတွင် မည်သူကမှ ဤကဲ့သို့ အဆင်မပြေသော ခံစားချက်ကို မကြိုက်ပါပေ။ သို့ဖြစ်၍ တိုက်ရိုက် သဘောတူလိုက်သည်က ပိုကောင်းပေသည်။
"ဟုတ်ကဲ့..."
သူက ကူကယ်ရာမဲ့ သဘောတူလိုက်သည်။
"အဲ့ဒါဆိုလည်း မင်းကိုပဲ ဖိအားပေးရတော့မယ်~"
လင်းလော့ချင်းက ပြုံးကာ သူ့မျက်နှာကို နမ်းလိုက်သည်။
လင်းဖေးက အကျင့်အတိုင်း ရှောင်လိုက်ကာ သူ့ကို မျက်လုံးစွေကြည့်လိုက်သည်။
လင်းလော့ချင်းက အလွန် ညင်သာစွာ ပြုံးလိုက်သည်။
"ကြိုးစားထား... ဖေးဖေးက အကောင်းဆုံးပဲ..."
လင်းဖေးက တွေးလိုက်သည်။
'... ရှုရှုက အရမ်း ရိုးစင်းတာပဲ...'
လင်းဖေးက သက်ပြင်းချကာ ကျိလဲ့ယွီ၏ မျက်နှာ အစစ်ကို မသိသည်မှာ အလွန်ဆိုးသည်ဟု ခံစားရပေသည်။
သို့မဟုတ်ပါက သူက ကြောက်နေမည် ဖြစ်သည်။
အဆုံးတွင် သူက လင်းလော့ချင်းကို ထပ်မံ ချော့မော့ရန် လိုအပ်ပေသည်။
ဟင်း...
လင်းဖေးက သည်းခံနိုင်စွမ်းနှင့် ကူကယ်ရာမဲ့ခြင်း နှစ်ပိုင်း တိုးလာသည့် လင်းလော့ချင်းကို ကြည့်လိုက်လေသည်။
လင်းလော့ချင်းက လင်ဖေး ကိုယ်လက်သန့်စင်သည်ကို ကူညီပေးကာ သူ့ကို အိပ်ရာထဲသို့ ပို့ပေးလိုက်သည်။ ထို့နောက် သူက လင်းဖေးကိုနမ်းကာ ဆိုလိုက်သည်။
"စောစောအိပ်တော့နော်... အိပ်မက် လှလှ မက်ပါစေ..."
"ကောင်းသော ညပါ..."
လင်းဖေးက ပြန်ဖြေလိုက်သည်။
လင်းလော့ချင်းက မီးပိတ်ကာ လင်းဖေးအခန်းမှ ထွက်သွားလေသည်။
သူက သူ့အခန်းသို့ ပြန်ရန် အလျင်မလိုသော်လည်း ထိုအစား ရေခဲမုန့်တစ်ဘူးကိုယူကာ အရသာခံပြီး စားသောက်ရန် မီးဖိုချောင်သို့ လာခဲ့လေသည်။
ဖြစ်သွားသည်မှာ မြင်ရသည်လောက် မရိုးရှင်းပါပေ။
အမှန်တကယ်တွင် ကျိရှင်းကရေထဲပြုတ်ကျခြင်း မဟုတ်ခဲ့ပါပေ။ ကျိလဲ့ယွီက အရှက်ခွဲခံရသည်ကို မခံနိုင်၍ လက်စားချေသည့်အနေဖြင့် ကျိရှင်းကို ရေထဲသို့ တွန်းချခဲ့ပေသည်။ လင်းဖေးက ထိုအခိုက်တွင် သူ့ကို ကူညီရန် ကတိပေးထားပေသည်။ ထို့နောက် သူကို ကျိလဲ့ယွီက အရာရာ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရန် ကတိတောင်းခဲ့သည်။
ထိုသို့ဖြင့် လင်းဖေးက တစ်ခွန်းမှ မပြောခဲ့ပါပေ။ ကျိလဲ့ယွီသည်လည်း ၄င်းကို ဝန်ခံရန် ငြင်းဆိုခဲ့ပေသည်။ ကျိရှင်း တစ်ဦးတည်းသာလျှင် အမှန်ကို ပြောခဲ့ပေသည်။
လင်းလော့ချင်းက ရေခဲမုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။ ၄င်းက အေးကာ ချောကလက်အရသာမှာ ပြင်းလှပေသည်။
သူက နောက်ထပ်ဘာလုပ်သင့်သည်ကို တွေးနေပေသည်။
သူက ကျိလဲ့ယွီအား သူ့အပြုအမူများက မှားနေသည်ဟု တိုက်ရိုက် ပြော၍မရပါပေ။ ထိုသို့ဆိုလျှင် သူက တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်းနှင့် အဆုံးသတ်သွားနိုင်ပေသည်။ သူ့တွင် သက်သေမရှိသည့်အပြင် ကျိလဲ့ယွီက သူ အမှန်ကို သိနေသည်ဟု ခံစားရသောကြောင့် ကျိလဲ့ယွီမှာ လင်းဖေးက သူ့အား သစ္စာဖောက်သွားသည်ဟု ခံစားရမည်သာ ဖြစ်ပေသည်။
၄င်းက သူတို့ သုံးဦး၏ ဆက်ဆံရေးကို ပျက်ပြားစေမည် ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ရန်လည်း မဖြစ်နိုင်ပါပေ။
သူက ကိစ္စများကိုရှင်းလင်းအောင်လည်း မလုပ်နိုင်သလို ကျိရှင်းကိုလည်း သွားမရှာနိုင်ပါပေ။ ကျိလဲ့ယွီကို ပြောင်းလဲစေရန် မသိမသာ ကြိုးစားရန်သာ ကျန်ပေတော့သည်။
သို့သော် သူက ကျိလဲ့ယွီကို စိတ်ပါလက်ပါ ပြောင်းလဲကာ ပါးစပ်က ပြောရုံသာမဟုတ်ပဲ စိတ်ထဲတွင် အမှန်တကယ် မှတ်ယူစေရန် မည်သို့ ပြုလုပ်ရမည်နည်း။
လင်းလော့ချင်းက ၄င်းမှာ အလွန်ခက်ခဲသည်ဟု ခံစားလိုက်ရပေသည်။
ခက်လွန်းတယ်...
ဒါက သူ ကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် ပျိုးထောင်တာလေ... ဘယ်လိုလုပ်ပြီး ဒီလောက်ခေါင်းမာတဲ့ ကလေးနဲ့ လာဆုံရတာလဲ...
သူက သူ့အသည်းကို မခွဲနိုင်သလို သူ့ကိုလည်း ဤအတိုင်း ဖြစ်ခွင့်မပြုနိုင်ပါပေ။ သို့သော် သူက ကျိလဲ့ယွီ၏ ခံစားချက်များကိုလည်း ထည့်တွက်ရမည်ဖြစ်သည့်အပြင် ကျိလဲ့ယွီကို လမ်းမှန်သို့ တည့်မတ်ပေးရန်လည်း အထူးလိုအပ်ပေသည်။
ဤသည်မှာ အမှန်တကယ်ပင် ကျဉ်းမြောင်းသော နေရာလပ်တွင် ကိစ္စများ ပြုလုပ်ရသည်နှင့် တူပေသည်။
ဒါက ခက်လိုက်တာ...
လင်းလော့ချင်းက ရေခဲမုန့်တစ်ခုလုံးကို စားလိုက်ပြီး ကျိလဲ့ယွီ၏ ကိစ္စကို ယာယီ ဘေးဖယ်ထားလိုက်လေသည်။
သူက ကျိလဲ့ယွီကို မယုံကြည်သော်လည်း လင်းဖေးကို ယုံကြည်ပေသည်။ လင်းဖေးက ယနေ့တွင် ထိုကတိကို ပြုလုပ်သွား၍ ကျိလဲ့ယွီကို သတိအနည်းငယ် ပေးသင့်ပေသည်။
ကျိလဲ့ယွီက နည်းနည်းတော့ နားထောင်လောက်မယ်... မလား...
လင်းလော့ချင်းမှာ သိပ်ပြီး မသေချာသော်လည်း ကလေးတစ်ယောက်ကို ပျိုးထောင်ခြင်း ကိစ္စမှာ နှေးကွေးသော ဖြစ်ရပ် ဖြစ်ပေသည်။ သူက လင်းဖေးနှင့် ကျိလဲ့ယိကို အချိန်အနည်းငယ်ပေးကာ စိတ်ရှည်ရပေမည်။ သူက ကျိလဲ့ယွီနောက်ပိုင်းတွင် ဘာလုပ်မည်ကို ကြည့်ရပေမည်။
လင်းလော့ချင်းက ငြိမ်ငြိမ်နေကာ အခြေအနေကို လေ့လာပြီး ဆုံးဖြတ်ချက်ချရန် စီစဉ်လိုက်သည်။
ကျိလဲ့ယွီအတွက် အသည်းကွဲသွားသည့် လင်းလော့ချင်းနှင့် မတူသည်မှာ ကျိယွီရှောင်က ဤအခိုက်အတန့်တွင် ကျိလဲ့ယွီကို စိတ်မပူနေပါပေ။
သူက တခြားကိစ္စတစ်ခုကို တွေးနေပေသည်။ ၄င်းမှာ သူ့၏ ဖခင် ကျိကျန်းဟုန်ပင် ဖြစ်သည်။
ကျိယွီရှောင်က ရေချိုးဇလုံအလယ်တွင်ထိုင်ကာ သူ့အမူအရာက ပြုံးစစဖြစ်နေပေသည်။ သူက ယနေ့ဖြစ်ခဲ့သည်များကို ဂရုတစိုက် ပြန်တွေးလိုက်ပြီး နောက်ဆုံးတွင် ကျိကျန်းဟုန်က ဖုန်းထဲတွင် ပြောခဲ့သည်ကို သတိရသွားလေသည်။
"ရှောင်ယွီကို မင်းနဲ့ ခေါ်လာခဲ့... ငါသူ့ကို သတိရတယ်..."
သူက ကျိလဲ့ယွီကို တကယ်ကြီး သတိရနေတာလား...
ဒါမှမဟုတ် သူက ကျိလဲ့ယွီနောက်က ချမ်းသာမှုကို တွေးနေတာပဲလား...
ကျိယွီရှောင်က ၄င်းကို နားမလည်နိုင်ပါပေ။ သူ့အဖေက ဘယ်လိုလုပ်ပြီး သူ့အစ်ကိုရဲ့ အမွေကို လိုချင်နေရတာလဲ...
သူ့အဖေက သူ့အစ်ကို ကုမ္ပဏီထဲကို ဝင်လာသည့် အချိန်တွင် ရပိုင်ခွင့်များကို ပြောင်းလဲကာ အာဏာကို စောစော ခွဲဝေပေးချင်နေသည်မှာ သိသာလှပေသည်။
အဲ့ဒါဆိုရင် ဘာလို့ သူ့အစ်ကိုသေပြီးတော့ ရှယ်ယာတွေကို တောင်းနေတာလဲ...
သူက ကိုယ်ပိုင်ရှယ်ယာတွေကို ပိုပြီးကြီးအောင် လုပ်ချင်လို့လား...
ဘာလို့လဲ...
သူ့အစ်ကိုအသက်ရှင်နေစဉ်က သူ့အစ်ကိုက ကုမ္ပဏီကို ဦးစီးသည်ဟူသည်ကို အကြိမ်များစွာ ပြောဖူးပေသည်။ ထိုအချိန်က သူ့အဖေမှာ မည်သည့် ထင်မြင်ချက်မှ မရှိပါပေ။
ကျိယွီရှောင်က ရှယ်ယာတွေ အများကြီးပိုင်သွားမှာကို သူက ဘာလို့ကြောက်နေတာလဲ...
ကျိယွီရှောင်က ၄င်းကို နားမလည်နိုင်ပါပေ။
သူသည် ရှေ့နေ့က သူ့အစ်ကို၏ သေတမ်းစာကို ဖတ်ပြသည့် နေ့ကို မှတ်မိပေသည်။
ထိုမနက်က သူ့အဖေက သူ့ကို ပြောခဲ့သည်။
"မင်းအစ်ကိုက ဆုံးသွားပြီး သူ့အမွေကို ရှောင်ယွီအတွက် ချန်ခဲ့တယ်... ရှောင်ယွီက ငယ်သေးတယ်... ငါတို့နှစ်ယောက်က အဲ့ဒါကို သူ့အတွက် ကူပြီး ထိန်းသိမ်းထားပေးရမယ်... မင်းက သူ့အတွက် တစ်ပိုင်းကို ယူထားပြီး ငါက တစ်ပိုင်းကို ယူထားပေးမယ်... သူအရွယ်ရောက်လာရင် အဲ့ဒါတွေအားလုံးကို သူ့ကို ပေးလိုက်မယ်..."
ကျိယွီရှောင်က ၄င်းကို မငြင်းဆန်ခဲ့ပါပေ။ ထိုအကြံပြုချက်မှာ အလွန်ကျိုးကြောင်းဆီလျော်ပေသည်။ ကျိလဲ့ယွီမှာ သူ့အစ်ကို၏ တစ်ဦးတည်းသော ကလေးဖြစ်ပြီး သူ့အစ်ကို၏ အမွေအားလုံးနှင့် ထိုက်တန်ပေသည်။ ထို့အပြင် ကျိလဲ့ယွီမှာ အရွယ်မရောက်သေးပါပေ။ သူ့အဖေက ကျိလဲ့ယွီကို အုပ်ထိန်းသည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။
သို့သော် လူတိုင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ကာ တစ်စုံတစ်ဦးက အသုဘပြီးနောက် သူ့ဆီလာပြီး မေးလာပေသည်။
"မင်းက သခင်လေး ကျိယွီရှောင်လား..."
ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။
"မင်းက ဘယ်သူလဲ..."
"ကျွန်တော်က သခင်လေး ကျိယွီလင်းရဲ့ ရှေ့နေပါ... သူက လွန်ခဲ့တဲ့ ၅နှစ်က သေတမ်းစာတစ်ခု ရေးခဲ့ပါတယ်... သခင်လေးက ကျေးဇူးပြုပြီး ဆွေမျိုးတွေကို စုစည်းပေးလို့ရမလား... အဲ့ဒါမှ ကျွန်တော်က သခင်လေး ကျိရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာ..."
ကျိယွီေရှာင်မှာ ကြောင်အသွားပြီး ကျိမိသားစု၏ ကျန်သူများသည်လည်း ကြောင်အနေကြပေသည်။
ထိုအချိန်မှာ အသုဘ ပြီးဆုံးခါစပင် ရှိသေးပေသည်။ အမျိုးများက ကျိယွီလင်းရေးခဲ့သော သေတမ်းစာမှာ သူတို့နှင့် သက်ဆိုင်သည်ဟု စိတ်ကူးယဉ်ကာ ထွက်မသွားကြပါပေ။ သူတို့က ကျိအိမ်တော်၏ ဧည့်ခန်းတွင် ထိုင်ကာ မည်သူမှ မသိသည့် သေတမ်းစာကို ထုတ်ဖတ်ရန်အတွက် ရှေ့နေကို စောင့်နေပေသည်။
ဖခင်ကျိနှင့် ကျိယွီရှောင်မှာ အလယ်တွင် ကျိလဲ့ယွီနှင့် နီးနီးကပ်ကပ်ထိုင်နေပေသည်။
ကျိလဲ့ယွီက အနည်းငယ်ပျင်းရိနေ၍ လည်ပင်းကုတ်ကာ တီးတိုးပြောနေကြသည့် အမျိုးများကို ကြည့်လိုက်သည်။
သူက အသင့်တော်ဆုံး အမွေခံဖြစ်သော်လည်း ဤသေတမ်းစာကို စိတ်ဝင်စားမှုအနည်းဆုံးလူဖြစ်ပေသည်။
သူက ဆိုဖာပေါ်တွင်ထိုင်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကျိယွီရှောင်သာလျှင် သူပျင်းနေသည်ကို သတိပြုမိကာ သူ့ကို ဖက်ပြီး ချော့မော့လိုက်ပေသည်။
"သားဖေဖေဘာပြောချင်တာလဲဆိုတာ စောင့်ပြီးနားထောင်နော်..."
"သားဖေဖေက မရှိတော့ဘူး..."
ကျိလဲ့ယွီက ညင်သာစွာ ပြောလိုက်သည်။
သူ့က တစ်နေ့လုံး စိတ်ခံစားချက်မကောင်းကာ သူ့၏ သာမန် အပြုံမှာ ပျောက်ဆုံးနေပေသည်။
သူက ကျိယွီရှောင်၏ လက်မောင်းများကို မီကာ ကျိယွီရှောင်ပြောသည်ကို ကြားလိုက်သည်။
"အဲ့အိတ်ထဲမှာ သားဖေဖေရဲ့ စကားတွေပါတယ်... သူက သားကို အရမ်းချစ်တာ သားအတွက် စကားသေချာပေါက် ချန်ခဲ့မှာပဲ..."
"တကယ်လား..."
ကျိလဲ့ယွီက သူ့ကို မျှော်လင့်တကြီး မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။
"တကယ်ပေါ့..."
သူက အမှန်တကယ်တွင် သူ့အစ်ကို အဘယ့်ကြောင့် သေတမ်းစာတစ်ခုပြုလုပ်ခဲ့သည်ကို နားမလည်ပါပေ။ ၄င်းမှာ ကျိလဲ့ယွီမွေးခဲ့သည့် လွန်ခဲ့သော ၅နှစ်က ဖြစ်သည်။
သို့ဖြစ်၍ သူက သူ့အစ်ကို သေတမ်းစာထဲတွင် ဘာရေးထားသည်ကို မတွေးနိုင်ပါပေ။
သို့သော် သူက သူ့အစ်ကို၏ ဆုံးဖြတ်ချက်များကို အမြဲတမ်း ထောက်ခံပေသည်။ သို့ဖြစ်၍ ကျိယွီရှောင်မှာ အလွန်တည်ငြိမ်နေပေသည်။ သူက ရှေ့နေကိုပင် မကြည့်ပဲ ကျိလဲ့ယွီကို ဆက်တိုက် စကားပြောပေးနေပေသည်။
ရှေ့နေက သေတမ်းစာကို ထုတ်ကာ စတင်ဖတ်လိုက်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ မြန်ဆန်လှပြီး အလွန်ပင် မြန်လွန်းနေပေသည်။ ၄င်းမှာ သူ့သေတမ်းစာက အလွန်ရိုးရှင်းနေ၍ပင်။ ကျိယွီလင်းက သူ့အမွေအားလုံးနှင့် ရွေ့လျားနိုင်သော၊ မရွေးလျားနိုင်သော ပိုင်ဆိုင်မှုများအားလုံးကို ကျိယွီရှောင်အတွက် ထားခဲ့ပေသည်။
၄င်းမှာ သူ့၏ တစ်ဦးတည်းသော သားအတွက်လည်း မဟုတ်သလို လေးစားရသော ဖခင်အတွက်လည်း မဟုတ်ပါပေ။ သူကြီးပြင်းလာသည်ကို ကြည့်ရှုလာခဲ့သည့် အယုံကြည်ရဆုံး ညီငယ်လေးအတွက် ဖြစ်ပေသည်။
ကျိယွီရှောင်မှာ ကြောင်အသွားလေသည်။
ရှိနေသော လူတိုင်းက မယုံကြည်နိုင်ဖြစ်နေပေသည်။
ဖခင်ကျိက ၄င်းကို လက်မခံနိုင်ပါပေ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... အဲ့ဒါတွေအားလုံးကို ရှောင်လင်းရေးခဲ့တာလား... သူ့က ဘယ်လိုလုပ် သူ့အမွေတွေအကုန်လုံးကို သူ့သားကို မပေးပဲ သူ့ညီကို ပေးခဲ့တာလဲ... အဲ့ဒါက မဖြစ်နိုင်ဘူး..."
"ဒါက တကယ်ပဲ သခင်လေး ကျိယွီလင်းရေးပြီး ရှေ့နေကိုယ်တိုင်က သက်သေခံထားပါတယ်... သခင်ကြီး မယုံရင် သွားပြီး စစ်ဆေးနိုင်ပါတယ်..."
ရှေ့နေက ကျိယွီရှောင်နှင့် သူ့လက်မောင်းထဲရှိ ကျိလဲ့ယွီကိုကြည့်လိုက်သည်။ ထို့နောက် ရှေ့နေက ညင်သာစွာဆိုလိုက်သည်။
"ဒီမှာ စာသုံးစောင်ရှိပါတယ်... ဒီသုံးစောင်လုံးက သခင်လေး ကျိယွီလင်းက သခင်လေး ကျိယွီရှောင်၊ သခင်လေး ကျိလဲ့ယွီနဲ့ သခင်မလေး ချန်းဝေ့တို့အတွက် ရေးထားတာပါ..."
ကျိလဲ့ယွီက သူ့နာမည်ကြားသောအခါ ကျိယွီရှောင်ကို အံ့ဩတကြီး လှည့်ကြည့်လိုက်သည်။
"တကယ်ပဲ သားအတွက် စကားရှိတယ်..."
သူက ကျိယွီရှောင်၏ ပေါင်ပေါ်မှ ခုန်ချကာ ရှေ့နေ့လက်ထဲမှ စာကို လှမ်းယူလိုက်ပြီး ယဉ်ကျေးစွာဆိုလိုက်သည်။
"ကျေးဇူးပါ ဦးလေး..."
ကျိလဲ့ယွီက ကျိယွီရှောင်ဘက်သို့လှည့်ကာ သူ့စာကို ပေးလိုက်သည်။ ထို့နောက် သူ့အတွက်နှင့် သူ့အမေအတွက်စာများကို ယူလိုက်သည်။
ကျိယွီရှောင်က အမှန်ပင် အံ့အားသင့်နေပေသည်။ သူ
က စာအိပ်ကို တိုက်ရိုက်ဖွင့်လိုက်ကာ သူ့အစ်ကို၏ စာကို ကြည့်လိုက်သည်။
စာတွင်ပါဝင်သည်များက အလွန်ရိုးရှင်းပေသည်။ ၄င်းမှာ သူဤသို့ ဘာကြောင့်ပြုလုပ်သည်ကို တစိတ်တပိုင်း ရှင်းပြထားပြီး အပ်နှံမှုအကြောင်းကို တစ်စိတ်တပိုင်း ရှင်းပြထားပေသည်။