အပိုင်း ၇၁
Viewers 33k

Chapter 71



ချီရှင်းချန် တခြားဘာလုပ်နိုင်မည်နည်း။ နောက်ဆုံးမှာ သူသဘောတူရုံပဲတတ်နိုင်သည်။ထိုနေ့မှာ အိပ်ရာထပြီး သူ့အစ်မနှင့် လေဆိပ်ကို သွားခဲ့သည်။


ကားနောက်ခန်းမှ ချီယွီကျီးက သူအားကစားဝတ်စုံဝတ်ထားသည်တွေ့သောအခါ ဆို၏။

 "ရှင်းရှင်း... ပေါ့ပေါ့ပါးပါး ဝတ်ထားတာပဲ" 


"ကျွန်တော့်ရဲ့အထောက်အထားက အခု မတူတော့ဘူး" 

ချီရှင်းချန်က ပြောသည်။ 

"အရမ်းဝတ်ရင် မှတ်မိခံရလိမ့်မယ်"


ရေမွှေးဆွတ်တဲ့နေ့တုန်းက မှတ်မိခံရမှာကို ဘာကြောင့် မကြောက်တာလဲ...

ချီယွီကျီးက သူ့ကို လုံးဝမယုံပေ။


ချီရှင်းချန်က သူမဘာတွေးသည်ကို ဂရုမစိုက်ပေ။ သူက ထိုင်ခုံနောက်ကို မှီပြီး ချီယွီကျီးကို ကျောပေးပြီး ဖုန်းကိုကြည့်လိုက်၏။


မနေ့က ပိုင်ရဲ့ကို သူကြိုက်နေခြင်းဖြစ်ကြောင်း ချီယွီကျီးက ပြောပြီးကတည်းက ပိုင်ရဲ့၏ မက်ဆေ့ချ်တွေကို ပြန်မဖြေဖြစ်ခဲ့ပါချေ။


ပွင့်ပွင့်လင်းလင်းပြောရလျှင် ပိုင်ရဲ့က သူ့idolအစစ်နှင့် အတူတူပါပင်။ သူ့idol နှင့် တူညီသည့် လုပ်ငန်းစွမ်းရည်၊ သူ့idol နှင့် တူညီသောအသံ၊ အထူးကောင်းမွန်သည့် ကိုယ်ရည်ကိုယ်သွေးရှိပြီး သူ့ကို အတော်လေး ဂရုစိုက်သည် … အစရှိသည်ဖြင့် အစစအရာရာ...သူ့မှာ ပိုင်ရဲ့အပေါ် အမှန်တကယ်ပင် အလွန်ကောင်းမွန်သော အထင်အမြင်ကောင်းတစ်ခုရှိခဲ့သည်။


ထို့အပြင် ချီယွီကျီး နှင့် ချီကျားကျစ်တို့ မှတဆင့် ဇာတ်လမ်းဇာတ်ကြောင်းက လုံးဝပြောင်းလဲ၍မရကြောင်း သူသဘောပေါက်ခဲ့သည်။ ယင်းကြောင့် သူ၏ပိုင်ရဲ့အပေါ် အမျိုးသားဇာတ်လိုက်အနေဖြင့်ထားသည့် မူလသဘာဝရန်လိုစိတ်များ အတော်လေး လျော့ပါးသွားခဲ့၏။ 


ဇာတ်လမ်းအဆုံးထိ ဤအတိုင်းဆက်သွားနေနိုင်လျင်ပြီးပြည့်စုံတဲ့အဆုံးသတ်ဖြစ်ပေလိမ့်မည်။



သူ့မှာ ကြီးကြီးမားမား မျှော်လင့်ချက်တွေ မထားဝံ့ပေ။ တကယ်တမ်းတွင် သူတို့က မတူညီသည့် ကမ္ဘာနှစ်ခုက လူတွေဖြစ်၏။


၎င်းကိုတွေးရင်း ချီရှင်းချန် အကြောင်းပြချက်မရှိဘဲ စိတ်ဆိုးသွားခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး စကားပြောခန်းအင်တာဖေ့စ်ကို စိုက်ကြည့်နေသည်။


နောက်ဆုံးမက်ဆေ့ချ်က မနေ့ မနက်က ပိုင်ရဲ့က ပို့ထားခြင်းဖြစ်ပြီး အိမ်ပြန်ရောက်ပြီးနောက် ဘယ်လို အနားယူလဲဟုသူ့ကို မေးထားသည်။


24 နာရီကြာပြီးနောက် သူနောက်ဆုံးမှာ ပြန်ပြောလိုက်သည်။

[နောက်ဆုံးတော့ မိုးလင်းတဲ့အထိ အိပ်လို့ရပြီ]


သို့သော် မက်ဆေ့ချ်ပို့ပြီးနောက် ဆယ်မိနစ်ကျော်ကြာအောင် စောင့်ခဲ့သော်လည်း တစ်ဖက်လူမှ အကြောင်းပြန်ခြင်းမရှိသေးပေ။ချီရှင်းချန် ပို၍ပင် စိတ်ဆိုးလာသည်။


"ရှင်းရှင်း ငါတို့ လေဆိပ်ရောက်ခါနီးပြီ... နင်ရုပ်ဖျက်ချင်လား" 

ချီယွီကျီးက သူ့maskနှင့် ဦးထုပ်ကို ညွှန်ပြပြီး သူ့ကို သတိပေးသည်။


"… ကောင်းပြီ" 


ချီရှင်းချန် ၎င်းကို သက်တောင့်သက်သာ လုပ်လိုက်သည်။ နှစ်ကြိမ် ၊ သုံးကြိမ်လှုပ်ရုံမျှဖြင့် သူ့မျက်လုံးများသာ မြင်နိုင်သည်အထိ သူ့ကိုယ်သူ ဖုံးအုပ်ထားလိုက့သည်။ ထို့နောက် သူ ချီယွီကျီနောက်မှကားထဲမှ ထွက်လာခဲ့သည်။


လျန်ကျင်းက VIP လမ်းကြောင်းဖြင့် တိုင်းပြည်သို့ ပြန်သွားခဲ့သည်။ H City လေဆိပ်ရှိ VIP လမ်းကြောင်းသည် ကားရပ်နားရာနေရာရှိ ဓာတ်လှေကားဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ ထို့ကြောင့် လူစည်ကားသော နေရာသို့ သွားရန် မလိုအပ်ပေ။းသူတို့ဓာတ်လှေကားဘေးက ထွက်ပေါက်မှာ စောင့်နေကြခဲ့သည်။



ထွက်ပေါက်ဘေးတွင် ကြမ်းပြင်မှ မျက်နှာကျက်အထိ မှန်များမှတဆင့် ကတ္တရာလမ်းကို မြင်နိုင်သည်။ချီရှင်းချန်၏ ဘယ်ဘက်လက်က လက်ရန်းပေါ်တွင် ရှိနေစဉ် သူ့မျက်လုံးများက လှည့်ပတ်ပျံသန်းနေသော လေယာဉ်များကို လိုက်ကြည့်နေသည်။ ညာဘက်လက်က ဘောင်းဘီအိတ်ထဲရှိ ဖုန်းကို တင်းကျပ်စွာ ကိုင်ထားသည်။


သူ့ဖုန်းက မတုန်သေးပေ။


မကြာခင်မှာပဲ ချီယွီကျီးက စိတ်လှုပ်ရှားစွာဆို၏။

"ရှင်းရှင်း...ရှောင်ကျင်း ထွက်လာပြီ"


ချီရှင်းချန် ထွက်ပေါက်ကို မသိစိတ်ဖြင့် ကြည့်လိုက်သည်။ ပထမအကြည့်တစ်ချက်တွင်၊ ခရီးသွားငါးဦး သို့မဟုတ် ခြောက်ဦးတွင် မည်သူက လျန်ကျင်း ဖြစ်သည်ကို သူသိနိုင်သည်။


အခြားအကြောင်းမရှိခဲ့ပေ။လျန်ကျင်း၏ အသွင်အပြင်က မျက်စိဖမ်းစားဖွယ်ကောင်းလွန်းသည်။


မျက်လုံးချင်းဆုံလိုက်သည့်အခိုက်တွင် ချီရှင်းချန် သူ့နှလုံးသားထဲတွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ သူဘာကြောင့်မှန်းမသိပေ။


လျန်ကျင်းက ရိုးရိုးရှပ်အင်္ကျီရှည်နှင့် ဘောင်းဘီရှည်ကို ၀တ်ထားသည်။ သူ့မျက်နှာအစိတ်အပိုင်းတွေက ပိုင်ရဲ့လောက် မထက်ရှပေ။ ယင်းအစား၊ သူတို့သည် ပို၍ နူးညံ့သည်။


ရွှေရောင်မျက်မှန်တပ်ထားသောကြောင့် ဖြစ်နိုင်၏။


ချီယွိကျီးက အရင်ပြောလိုက်သည်။ 

"ရှောင်ကျင်း... ဦးလေးလျန်နဲ့ အန်တီတို့က စစ်ဆေးဖို့ ထွက်သွားကြတယ်... သူတို့က မင်းကို လာကြိုခိုင်းတာ... မင်း ပင်ပန်းနေပြီလား"


ယာဉ်မောင်းက လျန်ကျင်း၏ ခရီးဆောင်အိတ်ကို ယူသွားခဲ့သည်။လျန်ကျင်းက ယာဥ်မောင်းကို ကျေးဇူးတင်ပြီး ပြုံးပြလိုက်သည်။ 

"အဆင်ပြေပါတယ်... မပင်ပန်းပါဘူး"


ထို့နောက် သူက ချီရှင်းချန်ဘက်သို့ လှည့်လိုက်သည်။ချီရှင်းချန် ဆွံ့အချင်ယောင်ဆောင်နေ၍ မရပေ။ သူက ဝတ်ကျေတန်းကျေပြောလိုက်၏။


"မင်းဘာစားချင်တာလဲ... ငါမင်းကိုကြိုဆိုဖို့ စားသောက်ဆိုင်တစ်ခုကြိုတင်မှာထားလိုက်မယ်" 



"မလိုပါဘူး... မင်းငါ့ကို လာကြိုဖို့ ဆန္ဒရှိတာနဲ့တင် ငါ အရမ်းပျော်နေပြီ"


လျန်ကျင်းက ချီရှင်းချန်၏ဆံပင်တွေကို ထိချင်သလိုလိုနှင့် သူ့လက်ကို မြှောက်လိုက်သည်။ချီရှင်းချန် စဥ်းပင်မစဉ်းစားဘဲ သူ့ကိုရှောင်လိုက်သည်။လျန်ကျင်း၏လက် ခဏရပ်သွားပြီး သူ့လက်မောင်းကို ပုတ်လိုက်သည်။


"ရှင်းရှင်း မတွေ့တာကြာပြီ"


.


လျန်ကျင်းက သူ့ကို ကြိုဆိုရန် စားသောက်ဆိုင်မှာ ဘွတ်ကင်လုပ်စရာ မလိုဘူးဟု ပြော၏ချီရှင်းချန်ကလည်း တကယ် ကြိုတင်မှာမထားပေ။သို့သော် လျန်ကျင်းဗိုက်ဆာလျက်ကြီး အိမ်ပြန်ရမှာကို ချီယွီကျီးက ကြောက်နေခဲ့သည်။ စိတ်အားထက်သန်စွာဖြင့်၊ သူမက သူ့ကိုချီမိသားစုထံ ပြန်ခေါ်လာကာ သူ့အတွက် ဟင်းအနည်းငယ် ချက်ပြုတ်ပေးရန် အားသန်နေသည်။


လျန်မိသားစုနှင့် ချီမိသားစုတို့သည် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သူမ ကျောင်းတက်တုန်းက မူလပိုင်ရှင်က ချန်မိသားစုဆီ မကြာခဏ စားသောက်၊ တည်းခိုရန် သွားခဲ့သည်။ သူမ၏ကျေးဇူးတင်ကြောင်းဖော်ပြရန်အတွက် ချီယွီကျီးက လျန်ကျင်းကို မောင်ငယ်အဖြစ် အမြဲဆက်ဆံခဲ့သည်။ မူလပိုင်ရှင်နှင့်ချီကျားကျစ်မှလွဲ၍ ချီယွီကျီးက လျန်ကျင်းကို အချစ်ဆုံးဟု ဆိုနိုင်သည်။


သူမ ဟင်းချက်ချင်သည်ဟုကြားသောအခါ ကားပေါ်က တခြားခရီးသည်နှစ်ယောက်က တစ်ချိန်တည်းမှာ မျက်မှောင်ကြုတ်သွား၏။ချီယွီကျီးက သူတို့၏တုံ့ပြန်မှုကို ဖမ်းမိပြီး ဒေါသထွက်သွားသည်။ 


"ဟေး မင်းတို့ရဲ့အမူအရာကဘာလဲ... ငါ့ဟင်းတွေက အရသာမကောင်းဘူးလား"


ချီရှင်းချန် အံ့အားသင့်သွားသည်။လျန်ကျင်းကအမြန်ရင်ကြားစေ့ရန်ကြိုးစားခဲ့သည်။ 

"မဟုတ်ဘူး အရသာရှိပါတယ်... ကျွန်တော် တရုတ်အစားအစာ မစားရတာကြာပြီ...အဲဒါကို စောင့်မျှော်နေတာ"


"ငါသိတယ်..." 

ချီယွီကျီး အလွယ်တကူ အလိမ်ခံလိုက်ရသည်။လျန်ကျင်းအား သူစားချင်သည့် ဟင်းလျာများကို ဝမ်းသာအားရ မေးလိုက်သည်။


ချီရှင်းချန်က သူတို့၏စကားများကို နားထောင်ရန် စိတ်မ၀င်စားပါချေ။လျန်ကျင်းနှင့် သူ၏ တိတ်တိတ်ဆိတ်ဆိတ် နားလည်မှုတွေ ဘယ်ကလာလဲဆိုသည်ကို တွေးရန်လည်း စိတ်မ၀င်စားပေ။ မျက်လွှာချပြီး အတွေးနယ်လွှင့်ပစ်လိုက်သည်။


ပိုင်ရဲ့က သူ့ရဲ့ WeChat ကို ဘာကြောင့် စာမပြန်တာလဲ... သူ အလုပ်ရှုပ်နေတာလား... ဒါမှမဟုတ်... သူ စိတ်ဆိုးသွားပြီလား...


တစ်နေကုန် စကားမမပြောဘဲမရှင်းပြဘဲ နေသည်က သူ့အတွက် လွန်လွန်းသည်။ အခုပြင်ဆင်ဖို့ အရမ်းနောက်ကျသွားပြီလား...


နောက်ကျလွန်းလျှင်လည်း နောက်ကျနေပါစေ၊ သူအရင်ကြိုးစားမည်ပင်။သူ့ဖုန်းကို ထုတ်လိုက်သည်...


ထိုအချိန်မှာ လျန်ကျင်းက သူ့ကိုခေါ်လာသည်။ "ရှင်းရှင်း"


"အင်း" 

သူ သူ့ဖုန်းကို ပြန်ချလိုက်သည်။


"အစ်မယွီကျီးက ဘာစားချင်လဲ မေးနေတယ်"


"ဪ... ငါကဘာမဆိုအဆင်ပြေတယ်" 

ချီရှင်းချန်က ခဏရပ်လိုက်သည်။ 

"ဒါပေမဲ ဟင်းချိုတော့ မသောက်ချင်ဘူး"


ပြီးခဲ့သောအချိန်က ငါးဟင်းရည်ကို သူမှတ်မိနေသေးသည်။


ချီမိသားစုအိမ်သို့ရောက်သောအခါ၊ချိယွီကျီးက ခါးစည်းကိုဝတ်ကာ မီးဖိုချောင်သို့ ပြေးသွားခဲ့သည်။လျန်ကျင်းကို ဧည့်ခံရန်တာဝန်ကို ချီရှင်းချန်အား သူမက ပေးအပ်ခဲ့သည်။



သူမက တမင်စီစဉ်ခဲ့ခြင်းဖြစ်သည်။ ပထမအချက်က သူတို့နှစ်ယောက်က လေးလေးနက်နက် ချစ်ခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် သေချာပေါက် လွမ်းဆွတ်နေရမည်။ ဒုတိယအချက်မှာ သူတို့သည် အဆင်မပြေသည့် အခြေအနေတွင် ရှိနေပြီး ဖြေရှင်းရန် လိုအပ်သည်။


သို့သော် အဖြစ်မှန်မှာ ချီရှင်းချန် နှင့် လျန်ကျင်း တို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြပြီး ထို့ထက်ပို၍ အဆင်မပြေဖြစ်သည်ကားမရှိတော့ပေ။


သူက မူလပိုင်ရှင်မဟုတ်သောကြောင့် မည်သည့်နေရာက စတင်ရမည်ကို မသိခဲ့ပေ။ အဆုံးမှာ လျန်ကျင်းက အရင်ပြောခဲ့၏။


"ရှင်းရှင်း မင်း ကိုယ်အလေးချိန်ကျသွားပြီ" 

လျန်ကျင်းက သူ့အင်္ကျီကို ချွတ်လိုက်ပြီး ကုလားထိုင်နောက်ဘက်ပေါ် တင်လိုက်သည်။ "လွန်ခဲ့တဲ့ ခြောက်လလောက်က ကောင်းကောင်းမစားရဘူးလား"


"မကြာသေးခင်ကမှ ရိုက်ကူးရေးတွေ ရှုပ်နေခဲ့လို့ ဖြစ်နိုင်တယ်" 

ချီရှင်းချန် သူစကားများများပြောလေ အမှားတွေများလေလေမှန်းသိသည်။ထို့ကြောင့် သူ့အဖြေက ချို့ယွင်းချက်ကင်းမဲ့နေသည်။


"နောက်ထပ် အလုပ်အစီအစဉ်တွေ ရှိလား"


"ငါ့မှာ အစီအစဉ်မရှိသေးပေမဲ့..." 

ချီရှင်းချန် ခဏလောက်စဉ်းစားလိုက်သည်။

"ငါ အားပြန်ဖြည့်ရမယ်...အနုပညာဆိုတာ သေသေချာချာ လေ့လာထားရမဲ့ ဘာသာရပ်တစ်ခုလေ"


သူထိုသို့ပြောရသည် လျန်ကျင်း မကြာခဏ သူ့ဆီ လာမှာကို ကြောက်သောကြောင့်ပင်။


နောက်ဆုံးတွင် သူပြန်လာသည့်အခါ "ချော့မယ်" ဆိုပြီး ဖုန်းနှင့်ပြောခဲ့သည်မဟုတ်ပါလော။


လျန်ကျင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ချီရှင်စချန်၏ ဖုန်း ရုတ်တရက် မြည်လာသည်။


သူ့ဖုန်းကိုထုတ်လိုက်ပြီးနောက် ပိုင်ရဲ့ဟုမြင်လိုက်ရသည်။


"တောင်းပန်ပါတယ်...ငါ ဖုန်းပြောလိုက်ဦးမယ်"


လျန်ကျင်းကို နှုတ်ဆက်ပြီးနောက်၊ ချီရှင်းချန် မှ ပြေးထွက်သွားခဲ့ပြီး လမ်းတစ်လျှောက် စိမ်းလန်းသော အပင်များ၏ အရွက်များသည် သူ့ကြောင့် လှုပ်ခါသွားခဲ့သည်။


"ဟဲလို"


"ငါပါ... ဒီမနက် အစည်းအဝေးမှာ ငါ့ဖုန်းက အသံတိတ်လုပ်ထားတော့ မင်းရဲ့ မက်ဆေ့ချ်ကို ငါမတွေ့ဘူး" 

ပိုင်ရဲ့က ပြောသည်။


လက်စသတ်တော့ အစည်းအဝေးလုပ်နေတာကိုး...

ချီရှင်းချန်၏နှလုံးသားသည် ချက်ချင်းပင် မူလအနေအထားသို့ ပြန်ရောက်သွားခဲ့သည်။


 "အလုပ်များနေတာဖြစ်မယ်လို့ ကျွန်တော်ထင်သားပဲ... အယ်လ်ဘမ်သစ်အတွက် အစည်းအဝေးလား"


ပိုင်ရဲ့ကဖြေသည်။

 "ဟုတ်တယ်...မနက်ပိုင်းမှာ အယ်လ်ဘမ်အသစ်ရဲ့ မျက်နှာဖုံးဓာတ်ပုံနဲ့ အရောင်အယူအဆကို ရွေးလိုက်တာလေ... နမူနာကောင်းရင် နောက်အပတ်မှာ အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်မှာ"


ပိုင်ရဲ့၏ အယ်လ်ဘမ်ထွက်တော့မည့်အကြောင်း သိလိုက်ရသောအခါ ချီရှင်းချန် သူ့ကိုယ်ပိုင်အယ်လ်ဘမ်ထွက်ရှိတုန်းကထက် ပိုစိတ်လှုပ်ရှားနေခဲ့သည်။


သူ ခြံဝင်းထဲမှာ ချာချာလှည့်နေခဲ့သည်။ "ကျေးဇူးပြုပြီး ပိုကောင်း ပိုမြန်အောင်လုပ်ပါဗျ...ကျွန်တော် စောင့်နေတာ ကြာလှပြီ"


"ကောင်းပြီ ငါ တတ်နိုင်သမျှ မြန်မြန်လုပ်မယ်" ပိုင်ရဲ့က မရယ်ဘဲမနေနိုင်။ 

"စကားမစပ် မင်းပြောခဲ့တာကို မှတ်မိလား"


"ဘာပြောခဲ့တာလဲ" 

ချီရှင်းချန် အံ့ဩသွားသည်။


"ပြီးသွားရင် မင်းရဲ့ Ocean World ကို ဖိတ်မယ်ဆိုတာလေ"



ချီရှင်းချန် ၎င်းကို ဘယ်တုန်းကမှ မမေ့ပါချေ။ပိုင်ရဲ့က အခုတလော အလုပ်များနေသည်တွေ့သဖြင့် သူ၎င်းကိုထည့်ပြောမခဲ့ခြင်းသာဖြစ်၏။


ပိုင်ရဲ့က ယခုထည့်ပြောလာပြီဖြစ်ရာ သူမေးလိုက်သည်။ 

"ကောဘယ်အချိန်အားလဲ...ကျွန်တော့်ကတိကို ဖြည့်ဆည်းပေးမယ်"


"နမူနာထွက်ရင် ကြိုဖုန်းဆက်လိုက်မယ်လေ"


"ကောင်းပြီ" 

ချီရှင်းချန် ဝမ်းသာအားရ သဘောတူပြီးနောက် အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။


သူ့မှာလည်း ပိုင်ရဲ့ကို မေးရန် မေးခွန်းတစ်ခုရှိပေမဲ့ မေးရမလားဆိုသည်ကို အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။


တစ်ဖက်မှာ တိတ်တိတ်ဆိတ်ဆိတ် ရှိနေသည်ကို ကြားသောအခါ ပိုင်ရဲ့ကမေးသည်။

 "ရှင်းရှင်း... မင်းဘာပြောချင်လဲ ပြောလေ"


သူ အကြားအမြင်များရနေတာလား...


ချီရှင်းချန် ခဏလောက် ထိတ်လန့်သွားပြီး အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။


"ဟိုဟာ...ကောအရင်လက ပြောတာလေ...ကျွန်တော်ပြီးသွားရင် ကျွန်တော့်ကို လက်ဆောင်ပေးမယ်ဆိုတဲ့ဟာ..."


ဤအလူက အကြာကြီး စကားထစ်နေသည်။ပိုင်ရဲ့ သူ့အတွက် အရေးကြီးသည့်အရာကို ပြောမည်ဟု တွေးထားပေမဲ့ လက်ဆောင်အကြောင်းပဲ တွေးနေပုံပေါ်၏။


သူ ခေါင်းကို အသာအယာ ခါလိုက်သည်။ 

"ငါတို့ ငါးပြတိုက်သွားမဲ့နေ့မှာ မင်းကို ငါပေးမယ်... စိတ်မပူပါနဲ့ ငါမှတ်မိတယ်"


ရေး ရေး ရေး ...

ချီရှင်းချန် အလွန်ဝမ်းသာသွားပြီး ငှက်ပျောရွက်ကို ဆက်တွန်းလိုက်သည်။


လျန်ကျင်းင ကြမ်းပြင်မှ မျက်နှာကြက်အထိရှိသော ဖန်ပြတင်းရှေ့တွင် ရပ်ကာ သူ့လုပ်ရပ်များကို ကြည့်နေမိသည်။ထို့နောက် သူ့မျက်မှန်ကို တွန်းတင်လိုက်သည်။


.


မျှော်လင့်ထားသလိုပဲ ချီယွီကျီး၏ ဟင်းပွဲတွေက အတော်ဆိုးသည်။


လျန်ကျင်းက ဘာတွေတွေးနေမှန်းမသိ။မည်သို့ပင်ဖြစ်စေ ချီရှင်းချန် ဒုက္ခရောက်နေသည်။ ထမင်းတစ်ပန်းကန်ကို မျက်ရည်စက်လက်ဖြင့် ထိုးသိပ်ထည့်ပြီးနောက် တစ်ရေးတစ်မောအိပ်မည့ဟုအမည်ခံကာ ရေသန့်ဘူးကြီးတစ်လုံးကို ယူ၍ အခန်းထဲသို့ အမြန်ထွက်ပြေးခဲ့သည်။


မူလပိုင်ရှင်ခဗျာ ယခုအချိန်အထိ အသကရ်ှင့နေထိုင်ရန် မလွယ်ကူရှာခဲ့။ ဖောင်းနေသည့် ဗိုက်ကို ဖုံးပြီး အစာကြေအောင် အိပ်ရာဝင်ရန် ကြံစည်ခဲ့သည်။


"ရှင်းရှင်း မင်း အိပ်နေပြီလား"


သူအိပ်ရာဝင်သည်နှင့်တပြိုင်နက် လျန်ကျင်း၏အသံနှင့် တံခါးခေါက်သံကိုကြားလိုက်ရသည်။


သူ့အခန်းထဲရောက်သည်က ငါးမိနစ်လောက်သာရှိသေးသည်။ ယခုအချိန်အိပ်ချင်ယောင်ဆောင်နေသည်က မသင့်တော်ပါချေ။ အိပ်ယာမှထကာ တံခါးကို တွန်းဖွင့်လိုက်သည်။


လျန်ကျင်းက အင်္ကျီလက်များကို တံတောင်ဆစ်အထိ လိပ်ထားပြီး သူ့လက်ထဲတွင် ဖိုင်တွဲတစ်ခုကို ကိုင်ထားသည်။

"မင်းအခန်းထဲကို မရောက်တာကြာပြီ...ငါဝင်ကြည့်လို့ရမလား"


ချီရှင်းချန် ငြင်းရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ပေ။ သူ့ဘက်လှည့်ပြီး ဝင်ခွင့်ပြုလိုက်သည်။


လျန်ကျင်းက ဝင်လာပြီး အခန်း၏ အပြင်အဆင်ကို ကြည့်လိုက်သည်။ ကွန်ပြူတာစားပွဲပေါ်ရှိ ရေသန့်ဘူးအလွတ်ကို မြင်သောအခါ သူကပြောသည်။

"အယ်ကာလိုင်းရေရဲ့အရသာကို မင်းမုန်းတာ မှတ်မိပါတယ်" 



"... အခုတလော အကြိုက်ပြောင်းချင်လို့"


"မင်း သွားတိုက်ဆေးလည်း ပြောင်းထားသလား... ချယ်ရီအရသာကို မကြိုက်ဘူးလား"


"...ဒီအတိုင်းပဲ ဝယ်လိုက်တာ"


လျန်ကျင်း ဆက်မေးနေပါက သူသေချာပေါက် ဖော်ထုတ်ခံရမည်ဟု ချီရှင်းချန် သံသယမရှိပေ။


"ပြီးခဲ့တဲ့ ရိုက်ကွင်းတုန်းက ငါ ကောင်းကောင်း မအနားယူခဲ့ရဘူး...အခုတလော အိပ်ငိုက်ပြီး လူကပန်းနေတာ... မင်းမှာ အရေးကြီးတာ ဘာမှမရှိရင် နောက်ကျမှ ငါ မင်းနဲ့အရင်အချိန်အတွေအကြောင်းပြောနိုင်တဲ့စောင့်ပေးပါလား အိုကေ"


"ကောင်းပြီ" 

လျန်ကျင်းက သဘောတူလိုက်သည်။ 

"ဒါဆို ငါ မင်းကို လက်ဆောင် အရင်ပေးမယ်"


ထို့နောက် သူက ဖိုင်တွဲကို ဖွင့်လိုက်၏။ အထဲမှာ အင်္ဂလိပ်စကားလုံးတွေပါတဲ့ A4 စာရွက် စာမျက်နှာအနည်းငယ်ပါသည်။


"ပြီးခဲ့တဲ့နှစ်အကုန်မှာ နက္ခတ္တဗေဒလေ့လာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စခန်းချသွားခဲ့တယ်... မတော်တဆ အရမ်းလှတဲ့ ဂြိုဟ်တစ်လုံးကို တွေ့ခဲ့ရပြီး...မင်းအကြောင်းကို ချက်ချင်းတွေးမိသွားတယ်...အဲဒါနဲ့ ဆွီဒင်ကို ပြန်ရောက်ပြီးတဲ့နောက် ဒီဂြိုဟ်ရဲ့ အမည်ပေးပိုင်ခွင့်

ကို ဝယ်ပြီး Fluophor — Luminous Body လို့ နာမည်ပေးလိုက်တယ်"


"မင်းနဲ့တူတယ်လို့ ငါထင်တယ်"


(T/N—1.Fluphore=အလင်းရောင်လှုံဆော်မှုတွင် အလင်းပြန်ထုတ်လွှင့်နိုင်သော အလင်းထွက်ဓာတုဓာတ်ပေါင်း

2.Luminous Body=ကိုယ်ပိုင်အလင်းထုတ်လွှင့်နိုင်သောအရာဝတ္ထု )