အပိုင်း ၇၂
Viewers 28k

Chapter 72




"ဒီဂြိုဟ်ရဲ့ အမည်ပေးပိုင်ခွင့်ကို ဝယ်ပြီး Fluophor—Luminous Body လို့ နာမည်ပေးလိုက်တယ်"


"မင်းနဲ့ တော်တော်တူတယ်လို့ ငါထင်တယ်"


ဤစာကြောင်းနှစ်ကြောင်းကိုကြားသောအခါ ချီရှင်းချန် သူ့နှလုံးသားထဲတွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။သူ တည်ငြိမ်အောင်ကြိုးစားပြီး ဤလက်ဆောင်ကို ဘယ်လိုဖြေရှင်းရမလဲဆိုသည်ကို စဥ်းစားလိုက်သည်။


လက်ဆောင်က ချီမိသားစုမှဖြစ်လျှင် သူ မဆိုင်းမတွ လက်ခံမည်ဖြစ်သည်။ ဘာကြောင့်လဲဆိုရသော် သူ့စိတ်ထဲမှာ ချီမိသားစုက သူ့မိသားစုပင်။ သူ သူတို့အပေါ် မယဉ်ကျေးသင့်ဘဲ တူညီသော စိတ်ခံစားမှုတန်ဖိုးကို လက်ဆောင်ပေးမည့် အခွင့်အရေးကို သူရှာတွေ့နိုင်သည်။


သို့ပေမဲ့ လျန်ကျင်းက မတူပါချေ။


လျန်ကျင်း၏ လက်ဆောင်ကို လိပ်ပြာလုံလုံဖြင့်ပင် သူ လက်မခံနိုင်၊တူညီသော ခံစားချက်တန်ဖိုးရှိသော လက်ဆောင်ကို ပေးရန်ကဝေးရောပင်။


သူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှုကနေ လျန်ကျင်း အပေါ် မူလပိုင်ရှင်၏ခံစားချက်ကို သူ သတိထားမိလိုက်သည်။ယင်းက ခင်မင်ရင်းနှီးမှုလောက် မရိုးရှင်းပါချေ။


သူ သေသေချာချာ ပြန်ဖြေရမည်။


"... မင်းရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"

ချီရှင်းချန် သေချာစကားစီလိုက်သည်။

"ဒါက အဓိပ္ပာယ်ကောင်းတစ်ခု ရှိတယ်... ဒါပေမဲ့ ငါ့ရဲ့ လက်ရှိအခြေအနေက အဲဒါနဲ့ သင့်တော်မယ် မထင်ဘူး...ငါတကယ် Fluophor ဖြစ်လာတဲ့အခါ မင်းကို ပြန်တောင်းမယ် ဟုတ်ပြီလား"


"ကောင်းပြီ" 

လျန်ကျင်းက သူ့ကို စည်းရုံးရန်မကြိုးစားဘဲတည်ငြိမ်စွာဆိုသည်။


 "အဲဒီနေ့ဟာ မဝေးတော့ဘူးလို့ ငါယုံကြည်တယ်"


.


သူ့ကို လိမ္မာပါးနပ်စွာ ထွက်သွားခိုင်းပြီးနောက် လျန်ကျင်း နောက်ဆုံးတွင် လျန်မိသားစုထံ ပြန်သွားခဲ့သည်။


ချီရှင်းချန် Fluophor ကြောင့် အိပ်ချင်စိတ်တို့ရှိမနေပေ။ သူက ကွန်ပြူတာရှေ့မှာထိုင်ပြီး ကွန်ပြူတာကိုဖွင့်လိုက်သည်။


မူလပိုင်ရှင်၏ခန္ဓာကိုယ်ကို လွှဲပြောင်းယူခဲ့သော်လည်း မူလပိုင်ရှင်၏ လျှို့ဝှက်ချက်ကို သူမထိခဲ့ပေ။ဤသည်မှာ ကွယ်လွန်သွားသော "ချီရှင်းချီ" အပေါ်ပေးထားသည့် သူ၏ လေးစားမှုပင်။


ယခုမူကား မကြည့်၍မရတော့ပေ။ မူလပိုင်ရှင်နှင့် လျန်ကျင်းတို့ကြား ဘာဖြစ်သွားသည်ကို သူအသဲအသန် သိချင်နေသည်။


ကူပြောင်းလာပြီးနောက် မူလပိုင်ရှင်၏ ဖုန်းမှတ်စုတိုနှင့် ဓာတ်ပုံအယ်လ်ဘမ်များကို မလွှဲမရှောင်သာ ကြည့်ရှုခဲ့သော်လည်း လျန်ကျင်း နှင့် ပတ်သက်သည့် ခြေရာများကို မတွေ့ခဲ့ရပေ။ သူ့ဓာတ်ပုံကိုပင် မတွေ့မိပေ။


"ကွန်ပြူတာမှာ ရှိနေမယ်လို့ မျှော်လင့်ပါတယ်" 

ချီရှင်းချန် မူလပိုင်ရှင်အား တိတ်တဆိတ်တောင်းပန်ပြီး hard drive များကို တစ်ခုပြီးတစ်ခု စစ်ဆေးခဲ့သည်။


D drive ကိုရောက်သည့်အခါ ဝှက်ထားသော ဖိုဒါတစ်ခုကိုတွေ့လိုက်ရသည်။


အများအားဖြင့်၊ပို၍ကိုယ်ရေးကိုယ်တာဆန်သောကိစ္စများကိုသာ ဖိုဒါတစ်ခုတွင် ဝှက်ထားမည်ဖြစ်သည်။ချီရှင်းချန် သူလိုချင်သော အဖြေရှိမည်ဟု ခံစားမိသည်။


သူဖွင့်လိုက်၏။ ကံကောင်းထောက်မစွာ၊ ဖိုင်တွဲတွင် စကားဝှက်မထားထားပေ။ ကာဆာက အချိန်အတော်ကြာအောင် လည်ပတ်ပြီးနောက်၊ QQ နှင့် WeChat မက်ဆေ့ဂျ်များ၏ မရေမတွက်နိုင်သော ဓာတ်ပုံများနှင့် စခရင်ရှော့များကို သိမ်းဆည်းထားကိုတွေ့လိုက်ရသည်။


သူ ၎င်းတို့ကို တစ်ခုပြီးတစ်ခု ကြည့်လိုက်သည်။


သူပိုကြည့်လေ ပိုစိတ်ဆိုးလေလေပါပင်။



ဓာတ်ပုံအားလုံးနီးပါးကို ရှုထောင့်အမျိုးမျိုးမှ လျှို့ဝှက်ရိုက်ကူးထားခြင်းဖြစ်သည်။ တစ်ချို့က လျန်ကျင်း စာအုပ်ဖတ်နေပုံ၊ တစ်ချို့က လေ့ကျင့်ခန်းစာအုပ်ရေးနေသည့်ပုံ၊ တစ်ချို့က ထမင်းစားနေသည့်ပုံ၊ တစ်ချို့က ကစားနေသည့်ပုံ၊ တစ်ချို့က အိပ်နေသည့်ပုံ၊ တစ်ချို့က ပြုံးနေသည့်ပုံ။


သို့သော် သူမလုပ်ခဲ့သော တစ်ခုတည်းသော အရာမှာ ကြီးမားလွန်းသော ဓာတ်ပုံများ ရိုက်ခြင်း ဖြစ်သည်။သူက ၎င်းတို့ကို သီးသန့်သိမ်းထားသည်။


အမျိုးမျိုးသော ဆိုရှယ်မီဒီယာအက်ပ်များ၏ စခရင်ရှော့များသည် သဘာဝအတိုင်း လျန်ကျင်း နှင့် စကားပြောမှတ်တမ်းများဖြစ်သည်။


ချီရှင်းချန် ဓာတ်ပုံများစွာကို ကြည့်ရန် သည်းမခံနိုင်သောကြောင့် အနည်းငယ်ကို ကျော်သွားကာ အနည်းငယ်ကြည့်သည်။ သူတို့၏အပြောအဆို က ရင်းနှီးသည့် သူငယ်ချင်းတွေနှင့် မတူပေ။


စခရင်ရှော့အရ မူလပိုင်ရှင်၏ QQ အကောင့်သို့ သူဝင်ရောက်ခဲ့သည်။ စကားဝှက်သည် ခန့်မှန်းရလွယ်ကူသည်။ မူလပိုင်ရှင်၏ ID ကတ်ရှိ မွေးနေ့ဖြစ်သည်။


အောင်မြင်စွာဝင်ရောက်ပြီးနောက်၊ သူ လော့ခတ်ထားသော QQ space ကိုဖွင့်ခဲ့သည်။ သမိုင်းဇာတ်ခုံမှ အနားယူတော့မည့် ဤလူမှုရေးဆော့ဖ်ဝဲတွင် မူလပိုင်ရှင်၏ အတွေးအမြင်များကို မှတ်တမ်းများ ထူထပ်စွာ ထုပ်ပိုးထားသည်။


မူလပိုင်ရှင်က လျန်ကျင်းကို သဘောကျသည်။ ကျောင်းသားဘဝကတည်းက သူ့ကို ကြိုက်ခဲ့ခြင်းဖြစ်၏။


ပြီးခဲ့သည့်နှစ်ကုန်တွင်နောက်ဆုံးမှတ်ချက်ရပ်တန့်ခဲ့သည်။ မူလပိုင်ရှင်က [သူထွက်သွားပြီ... သူငါ့ကို သေချာပေါက် ရွံရှာနေမှာပဲ]


အဆုံးစွန်သောသတင်းစကား- 

[ငါ ဝန်ခံဖို့ ဆုံးဖြတ်လိုက်ပြီ...ရှင်းရှင်း မင်း အလုပ်ကြိုးစားရမယ်\ (^o^)/]


မက်ဆေ့ချ် နှစ်ခုက တစ်လခွဲပဲကွာသည်။


ဤအချိန်တွင် ချီရှင်းချန် မူလပိုင်ရှင်နှင့် လျန်ကျင်း အဘယ်ကြောင့် အဆင်မပြေဖြစ်သည်ကို နောက်ဆုံးတွင် နားလည်ခဲ့သည်။ နောက်ဆုံးတွင် သူ နှလုံးသားဝေဒနာက ဘယ်ကလာသည်ကို နားလည်ခဲ့သည်။


လျန်ကျင်းက မူလပိုင်ရှင်၏ ဝန်ခံမှုကို ငြင်းဆိုခဲ့ပြီး နိုင်ငံခြားသို့ အလျင်အမြန်ထွက်သွားခဲ့သည်။


ဆယ်နှစ်ကျော်ကြာ တိတ်တိတ်လေး ချစ်နေခဲ့တဲ့ လူတစ်ယောက်က ဘယ်လိုလုပ် စိတ်မကောင်းမဖြစ်ဘဲနေမှာလဲ...


အကြောင်းပြချက်မရှိပါဘဲ ချီရှင်းချန်နှင့် မူလပိုင်ရှင်တွင် ခိုင်မာသောမျှဝေခံစားမှုရှိနေသည်။ သူ့ရင်ဘတ်က ပေါက်ကွဲလုမတတ် ဖြစ်နေ၏။


ဂီတပွဲတော်နေ့မှာ ရိုက်ကူးထားသည့် ဗီဒီယိုကို သူရှာပြီး သူတည်ငြိမ်မသွားခင်အထိ အကြိမ်ပေါင်းများစွာ ကြည့်ရှုခဲ့သည်။


.


သူ မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါတွင် အန်းရန်၏ ဖုန်းခေါ်ဆိုမှုကြောင့် ချီရှင်းချန်နိုးလာသည်။


သူအချိန်ကိုကြည့်လိုက်၏။ သူက ဝက်တစ်ကောင်ကဲ့သို့ လေးနာရီကြာ တစ်ရေးတစ်မော အိပ်ခဲ့သည်။ ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည်။


"ရှင်းရှင်း" 

အန်းရန်က စိတ်လှုပ်ရှားနေပုံပင်။ 

"နှစ်ဆပျော်စရာနော်သိလား"


အန်းရန်၏စကားကိုကြားသောအခါ ချီရှင်းချန် သူမ နိုင်ငံခြာယရောက်နေသည့် သူအသားနှစ်ယောက်ကို ပြမ်တွေ့ခဲ့သည်ဟုပင် သံသယဖြစ်မိသည်။

"ဘာကို နှစ်ထပ်ကွမ်းပျော်စရာလဲ"


"အာ…အိုက်ရား ဖုန်းနဲ့ရှင်းပြရတာ ခက်တယ်... အပြင်ထွက်လို့ အဆင်ပြေလား...နင်တို့ရပ်ကွက်ကို ငါလာတွေ့ မယ်"


"မဟုတ်ဘူး... ကျဲ စားသောက်ဆိုင်ကို ဘွတ်ကင်လုပ်လို့ရတယ်...ကျွန်တော် လာခေါ်မယ်"



ယခုက ညစာစားချိန်ဖြစ်သည်။ချီရှင်းချန် ဗိုက်ဟောင်းလောင်နှင့် အန်းရန် အလုပ်ကိစ္စအကြောင်းပြောသည်ကို နားမထောင်နိုင်ပေ။ သူ အံဆွဲထဲမှ ခပ်လျှိုလျှိုအဖြစ်ဆုံး ကားသော့ကိုရှာကာ သော့ကိုထုတ်ကာ မောင်းသွားခဲ့သည်။


တစ်နာရီလောက်အကြာ စားသောက်ဆိုင်၏ သီးသန့်ခန်းထဲတွင်...


"ရှင်းရှင်း...နင်က ငါ့ကို နင့်ရဲ့မန်နေဂျာလုပ်ခိုင်းဖို့ဆုံးဖြတ်လိုက်ပြီဆိုတော့ ငါနင့်ကို အကြံပေးရဦးမယ်" 

အန်းရန်က ခါးခါးသီးသီး ပြော၏။ 

"'သမုဒ္ဒရာနှလုံးသား'အတွက် နင့်ရဲ့လုပ်အားခက အခွန်နှုတ်ပြီးရင် 300,000 ပဲရှိတယ်... Bentley(ဘန်တလေ) တစ်စီးအတွက် နင်ဘာလို့ ပိုက်ဆံအများကြီးသုံးတာလဲ"


ချီရှင်းချန် :"ပိုင်ရှာဆိပ်ကမ်း ရဲ့ Ocean World က ကျွန်တော့်ဟာလေ" 


အန်းရန် ပြောစရာစကားမဲ့သွား၏။


အဲဒါက အဓိပ္ပာယ်ရှိတယ်...


ဤအတောအတွင်းကို စူးစမ်းလေ့လာပြီးနောက်၊ ချီရှင်းချန်သည် အန်းရန်က စကားများတတ်သူ၊ စပ်စုသူမဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ပိုင်ရှာဆိပ်ကမ်း၏ပိုင်ရှင်အဖြစ်သူ၏အထောက်အထားကို ဖော်ထုတ်ပြီးနောက်တွင်ပင် အသေးစိတ်အချက်အလက်များကို သူမ မမေးမြန်းခဲ့ပေ။


အနာဂတ်တွင် သူက ကိစ္စအားလုံးကို အန်းရန်သို့ လွှဲထားမည်ဖြစ်သည်။ သူတို့နှစ်ယောက်က တစ်လှေထဲစီးတွေဖြစ်နေကြပြီဖြစ်၏။မတော်တဆ ဖော်ထုတ်ခံရပါက အန်းရန်က လူထုဆက်ဆံရေး အစီအစဉ်ကို အမြန်ဆောင်ရွက်နိုင်ရန် သူ၏ အထောက်အထားအစစ်အမှန်ကို သူမအား ပြောပြရန် လိုအပ်သည်။


"အစ်မအန်းရန်...တကယ်တော့ကျွန်တော် ဝန်ခံချင်တာတချို့ရှိတယ်"


"ဘာလဲ"


ချီရှင်းချန်: "ကျွန်တော်က တောင်အာဖရိကမှာ စိန်တွင်းတစ်ခုရှိတယ်"


အန်းရန် စကားမပြောနိုင်။


သင်၏အသင်းဖော် အန်းရန် အသက်သွေးဆုံးရှုံးသည့်buffဖြင့် အတိုက်ခံခဲ့ရသည်။


"နော်ရာအင်တာတိန်းမန့်ရဲ့ ရှယ်ယာအများစုကို ကျွန်တော့်မိသားစုက ပိုင်တာ"


အန်းရန် စကားမပြောနိုင်။


သွေး -30%


"ကျိုးယွီလှည့်ဖြားတာခံခဲ့ရတဲ့သူက ကျွန်တော့်အစ်မ"


အန်းရန် စကားမပြောနိုင်။


သွေး -60%


"ကျွန်တော်က ချီအုပ်စုရဲ့ ဒုတိယသခင်လေးပါ"


အန်းရန်၏အသက်သွေးသည် -100% အထိကျဆင်းသွားပြီး သူမ မြေပေါ်လဲကျသွားခဲ့သည်။


ချီရှင်းချန် သူမအား သစ်သီးသုပ်ဖြင့် ပြန်လည်ရှင်သန်ထမြောက်စေခဲ့သည်။ သူမက မျှော်လင့်ချက်မဲ့နေပုံရသည်။ 

"ဒါဆို နင်ဘာလို့ ဖျော်ဖြေရေးလောကထဲကို ဝင်ခဲ့တာလဲ...မိသားစုပိုင်ဆိုင်မှုကို အမွေဆက်ခံတာ ပိုကောင်းတယ် မဟုတ်လား"


ချီရှင်းချန်အနေဖြင့် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ လှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်လေ့လာရန် ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း သူမအား မည်သို့ပြောပြနိုင်မည်နည်း။


သူခဏစဉ်းစားလိုက်၏။

 "ဘဝအတွေ့အကြုံကိုခံစားချင်လို့"


သူ့စကားတွေက အားကောင်းလွန်းပြီး အန်းရန် လုံးဝကို အံသြသွားသည်။


ချီရှင်းချန်က သူမအသိဝင်အောင် မိနစ်အနည်းငယ်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက်ထပ်ပြောလိုက်သည်။

"ကျွန်တော့်ရဲ့အထောက်အထားကို အခုမထုတ်ဖော်ချင်ဘူး...အစ်မအန်းရန် ကျေးဇူးပြုပြီး ကျွန်တော့်အတွက် လျှို့ဝှက်ထားပေးပါ။"



ရှင်ခြင်းနှင့်သေခြင်းကြားတွင် ပျံဝဲနေသော အန်ရန် ထလာသည်။ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြပြီးနောက်၊ သူမ ချီရှင်းချန်ကိုရှာရသည့်အကြောင်းရင်းကို နောက်ဆုံးတွင် သတိရသွားသည်။


"ရှင်းရှင် နင်အလုပ်ရတော့မယ်... ပထမဆုံးအနေနဲ့ "

သူမက လက်ချောင်းတစ်ချောင်းကို ဆန့်လိုက်သည်။

" Aprèsက ဒီနေ့မွန်းလွဲပိုင်းမှာ အီးမေးလ်တစ်စောင် ပို့ခဲ့တယ်... အာရှအတွက် သူတို့ရဲ့ နွေရာသီထုတ်ကုန်သစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် နင့်ကို ရွေးချယ်လိုက်တယ်တဲ့... စာချုပ်အသေးစိတ်ကို မနက်ဖြန် မနက် ၁၀ နာရီမှာ စတူဒီယိုကို သွားဆွေးနွေးရမယ်... လုပ်ငန်းစဉ်တစ်ခုလုံးကိုလိုက်လုပ်ပေးဖို့ ရှေ့နေတစ်ဦးလွှတ်ပေးဖို့ ငါ ကုမ္ပဏီရဲ့တရားရေးဌာနကို အကြောင်းကြားထားပြီးပြီ"


သူ့ကို တကယ်ပဲ ရွေးချယ်ခဲ့တာလား...


ချီရှင်းချန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ နောက်ဆုံးတွင်၊ ထုတ်ကုန်မန်နေဂျာ Camille ၏သဘောထားသည် ထိုနေ့တုန်းက နားလည်ရခက်နေပါသည်မဟုတ်ပါလော။ အရွေးမခံရဘူးလို့ သူထင်ခဲ့တာ...


"ဒုတိယအချက်ကတော့ ဒါက တကယ့်ကို အံ့အားသင့်စရာပဲ"

အန်းရန်က ထူးထူးခြားခြား ပြောခဲ့၏။ 

"ရသစုံရှိုးတစ်ခုက နင့်ကိုရှာနေတယ်...သူက လူကြိုက်များတဲ့ ရသစုံရှိုးနော်"


ချီရှင်းချန်၏ စူးစမ်းလိုစိတ်က တုန်လှုပ်သွားသည်။ 

"ဘယ်ရသစုံရှိုးလဲ"


"My Time(ငါ့ခေတ်)"



အန်းရန် သူမ၏ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။ 


"တခြားဧည့်သည်တွေကိုကြည့်ကြည့်ဦး... ပရိုမိုတာ ပိုင်ရဲ့၊ အဆိုပိုင်းနည်းပြကျန့်ယွီယန်၊ အကနည်းပြ ဝေချင်၊ ဖျော်ဖြေရေးနည်းပြ ချန်ကျားရီ ... တကယ်မိုက်တာနော်...အဲဒါက လူကြိုက်များတဲ့ ဘွတ်ကင်ကဒ်ကြီးဟ"


"ဘယ်လိုလဲ...အံဩစရာကောင်းတယ်မလား...ဟားဟားဟား


My Timeက... သူ့ကို ရှာနေတာလား...

ဤသည်မှာ နိုင်ငံတွင်းရှိ ထိပ်တန်းရသစုံရှိုး သုံးခုအနက်မှ တစ်ခုဖြစ်သည်။ ဘာကြောင့် သူ့ကို ရွေးချယ်ခဲ့တာလဲ...


ချီရှင်းချန် ခဏတာ မှင်တက်သွားသည်။၎င်းနောက် တစ်ခုခုမှားနေပြီဆိုသည်ကို သတိထားမိလိုက်သည်။ 

"နည်းပြရာထူးတွေကအကုန်ယူထားပြီးပြီ... သူတို့က ကျွန်တော့်ကို ဘာလို့ရှာနေတာလဲ... ကျွန်တော့်ကို ပြိုင်ပွဲဝင်ဖြစ်စေချင်တယ်လို့တော့ မပြောနဲ့"


"ဟုတ်တယ်" 

အန်းရန်က ပြောသည်။ 

"နင့်ရဲ့ အခန်းကဏ္ဍက ကြယ်အလင်းတန်းအကဲဖြတ်သူ"


သူမက ကြယ်အလင်းတန်းအကဲဖြတ်သူ၏ တာဝန်များကို အသေးစိတ်ရှင်းပြခဲ့သည်။ချီရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။

"ကြယ်အလင်းတန်းအကဲဖြတ်သူရဲ့တာဝန်က ရိုးရိုးရှင်းရှင်းပဲ...ဒါပေမဲ့ ဒါက အခက်ခဲဆုံး အခန်းကဏ္ဍပဲ...ဘာကြောင့်လဲဆိုတော့ သူက ပြိုင်ပွဲဝင်တွေ ဆက်နေရမယ်၊ ထွက်ခွာရမယ်ကို ဆုံးဖြတ်ဖို့ အာဏာအများကြီးရှိတာကြောင့်... ပြိုင်ပွဲဝင်တွေရဲ့ ဖျော်ဖြေမှုတွေကို မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ်ဖို့ လိုတယ်... မဟုတ်ရင် ပရိသတ်ကို လက်ခံယုံကြည်အောင်လုပ်ဖို့ ခက်တယ်"


"ဆိုလိုတာက အပေါ်ယံမှာ၊ ပရိုဂရမ်အဖွဲ့က ကြယ်အလင်းတန်းအကဲဖြတ်သူကို ဂီတ၊ အက စတာတွေကို မကျွမ်းကျင်စေချင်ဘူး...တကယ်တမ်းကျတော့ သူ့မှာ အမျိုးအစားတိုင်းအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိရမယ်... သူက ရှင်းရှင်းလင်းလင်း ထောက်ပြနိုင်ရမယ်...ပြိုင်ပွဲဝင်တွေရဲ့ အားသာချက် အားနည်းချက်တွေကို ထောက်ပြနိုင်ရမယ်... မဟုတ်ရင် ပြိုင်ပွဲဝင်တွေနဲ့ ပရိသတ်ဆီက လှောင်ပြောင်ခံရမှာ သေချာတယ်"


"ပရိုဂရမ်အဖွဲ့က နင့်ကို အမြောက်စာအဖြစ် အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ်" 

အန်းရန်က မတတ်နိုင်ဘူးဆိုသည့်ပုံစံနှင့် သူမ၏လက်များကို ဖြန့်လိုက်သည်။ 


"ရသစုံရှိုးတွေမှာ အကြောင်းအရာတွေနဲ့ ကွဲလွဲမှုတွေ လိုအပ်တယ်...ပြိုင်ပွဲဝင်တွေက ကြယ်အလင်းတန်းအကဲဖြတ်သူကဲ့ စွမ်းရည်ကို မကျေနပ်ရင် ရသစုံရှိုးရဲ့ ပထမနှစ်ဝက်ရဲ့ ခေါင်းစဉ်ကို ပံ့ပိုးဖို့ ပဋိပက္ခအဖြစ် အသုံးပြုနိုင်တယ်... တခြားနည်းပြတွေမှာ နာမည်ကောင်းရှိကြတာမလို့ ဘယ်သူ့ကိုမျှ ဝေဖန်ဖို့ မသင့်တော်ဘူး...အဲဒီတော့နင့်ကိုဝေဖန်တာက ပိုကောင်းတယ်လေ"



ချီရှင်းချန်က ဘာမှပြန်မပြော။အန်းရန်က ဆက်ပြီးပြော၏။

"အဲဒါကြောင့် ငါ ချက်ချင်း သဘောမတူလိုက်ဘူး...နင့်ရဲ့ သဘောထားကို လေးစားတယ်... ဒီဖလင်ကွက်ကိုနင်လိုချင်တယ်ဆိုရင် ငါတို့ လုပ်မယ်...မဟုတ်ရင် နောက်အခွင့်အရေးကို စောင့်မယ်"


"ကောင်းပြီ...စဉ်းစားကြည့်ရအောင်...တုန်ချန်က ကျွန်တော့်ကို အချိန်ဘယ်လောက်ကြာကြာပေးထားလဲ"


"သုံးရက်"


"သုံးရက်အတွင်း အဖြေပေးမယ်"


.


"My Time" နှင့် နှိုင်းယှဉ်ပါက Aprèsက ပို၍ရိုးသားသည်။ စာချုပ်ချုပ်ရေး လုပ်ငန်းစဉ်သည် အလွန်ချောမွေ့ခဲ့သည်။


ချီရှင်းချန်အပေါ်ထားသည့် ၎င်းတို့၏သဘောထားကို ဖော်ပြရန်အတွက် Après သည် ၎င်းတို့၏လတ်တလောစတိုင်များအားလုံးကို စုစည်းကာ အစုံလိုက်ပေးခဲ့သည်။ Limited edition နှင့် normal edition ပုလင်း ရှစ်ဆယ်ကျော်ရှိသည်။ သူ ၎င်းတို့ကို ချီယွီကျီးအားလက်ဆောင်အဖြစ် တိုက်ရိုက်ပေးလိုက်သည်။


ပင်မရေမွှေး "Siren" အတွက် ကြော်ငြာအစီအစဉ်ကိုလည်း ချီရှင်းချန်၏ ဝိသေသလက္ခဏာများနှင့်အညီ ပြင်ဆင်ခဲ့သည်။ အတွင်းပိုင်းရှုတင်ကို ငါးရက်အတွင်း အပြီးလုပ်ရန် မျှော်လင့်ထားသည်။ အပြင်ရှုတင်က အတော်လေးရိုးရှင်း၏။ယင်းကို ပိုင်ရှာဆိပ်ကမ်း ကမ်းခြေမှာလုပ်မှာဖြစ်သည့။စီမံခန့်ခွဲမှုဌာနသို့ လျှောက်လွှာတင်ရန် မလိုအပ်ခဲ့ပေ။ချီရှင်းချန် ၎င်းကို နှစ်နာရီစောပြီး ပြီးနိုင်ခဲ့သည်။


ကြော်ငြာကို ခြောက်ရက်အတွင်း ရိုက်ကူးရန် ကနဦးစီစဉ်ထားသည်။Camilleက ချီရှင်းချန်ကို ကောင်းမွန်တဲ့ ပုံသဏ္ဍာန်နှင့် အသားအရည်ကို ထိန်းသိမ်းထားရန် တောင်းဆိုခဲ့၏။


ထို့အပြင် နောက်ထပ်သတင်းကောင်းတစ်ခုလည်း ရှိသေးသည်။ ပိုင်ရဲ့၏နမူနာအသစ်များကို တညီတညွတ်တည်း အတည်ပြုခဲ့ပြီး နောက်ဆုံးတွင် ထုတ်လုပ်ရေးသို့ ဝင်ရောက်ခဲ့သည်။


Après နှင့်စာချုပ်ချုပ်ပြီးသည့်ညမှာ ပိုင်ရဲ့က ချီရှင်းချန်ကို ဖုန်းဆက်၏။ချီရှင်းချန် ပိုင်ရဲ့၏လက်ဆောင်ကို မျှော်လင့်နေမိသည်။ သူ မနက်ဖြန်တွင် ပိုင်ရဲ့ကို Ocean Worldသို့ ဖိတ်ကြားရန် ဆုံးဖြတ်လိုက်သည်။


ပိုင်ရဲ့က သဘောတူပေမဲ့ Ocean World ၏ လုပ်ငန်းကို မထိခိုက်စေချင်ပေ။ ထို့ကြောင့်နှစ်ယောက်သား အလုပ်ပြီးလျှင် ညဘက်လည်ရန် သဘောတူလိုက်ကြသည်။


ထို့ကြောင့် ည ရှစ်နာရီတွင် ချီရှင်းချန် ကြောင်ခေါင်းတီရှပ်၊အပေါက်များပါသည့်ဂျင်းဘောင်းဘီနှင့် လျှော်ဖွပ်ထားသော ဖိနပ်အဖြူကို ၀တ်ဆင်လိုက်သည်။သိုးထိန်းခွေးလေးရေမွှေးကို သူ၏တံတောင်ဆစ်နှင့် ဒူးများကို ဖျန်းပြီး ခေါင်းပေါ်တွင် Balenciaga(ဘလန်စီရာဂါ) အဝါနုရောင်ဦးထုပ်ဆောင်းကာ ထွက်လာခဲ့သည်။


Ocean World အဝင်ဝကို ရောက်သည့်အခါ ပိုင်ရဲ့က ကားထဲမှာစောင့်နေနှင့်နေသည်။ချီရှင်းချန် ကားပြတင်းပေါက်ကို ငုံ့ကာ ခေါက်လိုက်သည်နှင့်ပိုင်ရဲ့ ထွက်လာပြီးဆို၏။


"လက်တိုအင်္ကျီနဲ့ ဘာလို့ ထွက်

လာတာလဲ...ညဘက် ကမ်းခြေမှာ အေးတယ်"


ခင်ဗျားပဲ ဒါနဲ့ဆိုကျွန်တော်ကကြည့်ကောင်းတယ်လို့ မြှောက်ခဲ့တာလေ...


ချီရှင်းချန် အမှန်တရားကို မပြောရဲပေ။ သူက ပတ်ပတ်လည်ကို လှမ်းကြည့်ရင်းပြောလိုက်သည်။


"ပါပါရာဇီတွေ ဓာတ်ပုံမရိုက်မိအောင် အရင်ဝင်ကြရအောင်"