အပိုင်း ၇၆
Viewers 26k

Chapter 76




ချီရှင်းချန် အတော်လေးကျေနပ်သွားသည်။ မျက်နှာတည်တည်ဖြင့် စတူဒီယိုထဲသို့ လျှောက်သွားလိုက်သည်။ ဆံပင်နှင့် မိတ်ကပ်ပြင်ပြီးသွားပြီဖြစ်သော ချန်ကျားရီက သူ့ကိုမြင်သောအခါ လက်မထောင်ပြလာသည်။

 

"ချီတိတိ မင်းဒီနေ့ မိုက်နေတယ်... ငါမင်းရဲ့အမာခံကျဲကျဲဖန်တစ်ယောက်ဖြစ်ပေးမယ်"


"ဒါဆို ငါလည်း မနက်ဖြန်ပြင်ဆင်လိုက်မယ်... မင်းတစ်နေ့ ငါ့ဖန် ဖြစ်လို့ရတယ်" 

ကျန့်ယွီယန်က မနာလိုဟန်ဆောင်သည်။


"ဟားဟား...ငါအခု နင့်ရဲ့ဖန်ပါဖြစ်သွားပြီ...ချီတိတိက သူ့ရုပ်ရည်ကို အားကိုးပြီး နင်က နင့်ရဲ့အသံကို အားကိုးတယ်...လုံးဝပါဖက်"


ကျန့်ယွီယန်က အပူလုံးမိဟန်ဖြင့်ဆိုသည်။

"ဘာရယ်...ငါကကြည့်မကောင်းဘူးလို့ မင်းပြောနေတာလား"


"နင်သိသားပဲ... ဟားဟားဟား"


နှစ်ယောက်သား အတိုင်အဖောက်ညီနေကြသည်။ချီရှင်းချန် ချီးကျူးစကားကြောင့် အနည်းငယ်ရှက်သွားပြီး အူတူတူ ရယ်မောလိုက်သည်။ သိပ်မကြာခင်မှာပဲ တံခါးဝမှာ ပုံရိပ်နှစ်ခုပေါ်လာ၏။ ကင်မရာများ လှိမ့်လိုက်သံနှင့်အတူ သူတို့ သုံးယောက် ခေါင်းကို လှည့်ကြည့်လိုက်သည်။


ပိုင်ရဲ့က အနက်ရောင် ပေါ့ပေါ့ပါးပါး ပိုးသားအင်္ကျီကို ဝတ်ထားသည်။ ကော်လာနှင့် လက်ပတ်များကို နက်မှောင်သောလိုင်းများဖြင့် အနားသတ်ထားပြီး အေးစက်နေပြီး ဖြူဖွေးသော အသားအရည်ကို ပို၍ လှပစေသည်။


သူ၏ရှေ့ဆံပင်များကို သုံးပုံနှင့် ခုနစ်ပုံခွဲထားသည်။သုံးပုံကို နောက်လှန်တင်ထားပြီး ခုနစ်ပုံကို နဖူးရှေ့မှာ လျော့တိလျော့ရဲချထားသည်။စတိုင်လ်သည် ရိုးရှင်းပြီး ပျင်းရိဖွယ်ကောင်းသော်လည်း ဂုဏ်သိက္ခာရှိသည်။


ဝေချင်က အလယ်ခွဲဆံပင်ရှေ့ချပုံစံနှင့် အင်္ကျီအဖြူကို ၀တ်ထားသည်။ သူ လန်းဆန်းတက်ကြွသည့်ပုံစံရှိသင့်သော်လည်း အနက်ရောင် ကတ္တီပါ လည်ကပ်တစ်စုံဖြင့် ဖြူစင်ပြီး ဆက်စီကျနေသည်။


"ဟေး" 


ချန်ကျားရီ အံ့သြသွားသည်။ 

"မင်းတို့ နှစ်ယောက် ဒီမနက် အတူတူ ပြင်ထားတာလား...တစ်ယောက်ကအနက် တစ်ယောက်အဖြူ...မင်းတို့ အဖြူအမည်းအရှင်တွေလား"


"ဒါက တိုက်ဆိုင်မှုပါပဲ"

ပိုင်ရဲ့က သူဖန်လေးကို ရှာရင်းနှင့် ပြန်ဖြေလိုက်၏။ နောက်ဆုံးမှာ စင်မြင့်၏ ညာဘက်ခြမ်းမှာ ပစ်မှတ်ကို သူတွေ့လိုက်သည်။


ပစ်မှတ်က အပြင်မှာ ဘာတွေဖြစ်နေလဲ ဂရုမစိုက်ပေ ။ သူက ပွဲလုပ်ငန်းစဥ်ဇယားကိုအာရုံစိုက်နေခဲ့သည်။


ပိုင်ရဲ့က သူ့စားပွဲဆီသို့ လျှောက်သွားပြီး ခေါက်လိုက်သည်။


ချီရှင်းချန်က ဖြည်းညှင်းစွာ မေးမော့လာသည်။ "ကောရောက်ပြီပဲ... ကျွန်တော် ကောကိုရှာနေတာ"


ပိုင်ရဲ့က မဖြေပေ။ နို့ပုလင်းကို စားပွဲပေါ်တင်လိုက်သည်။


ဝေချင်၏ မျက်လုံးများ မှိန်သွားလေသည်။


နည်းပြများ အားလုံးနှင့်အတူ စင်မြင့်ဒါရိုက်တာနှင့် နောက်ကွယ်မှ ဒါရိုက်တာတို့က လုပ်ငန်းစဥ်အကြောင်းကို ထပ်မံသတိပေးခဲ့သည်။၎င်းနောက် အသံသွင်းခြင်းကို တရားဝင်စတင်ခဲ့သည်။


ပထမဆုံး သင်တန်းသားအုပ်စု အနည်းငယ်မှာ ပျမ်းမျှဖြစ်သည်။ C နှင့် F ကြားတွင် တဝဲလည်လည် ဖြစ်နေသည်။ တိုးတက်မှုက မြန်၏။


သတ္တမမြောက် သင်တန်းသားက လူတိုင်းကို လေးနက်သွားစေသည်။နည်ပြတွေကို"ညှာတာပေး"စေချင်သည်ဟု ဒါရိုက်တာပြောဖူးသည့်သင်တန်းသားတွေထဲက တစ်ယောက်ဖြစ်၏။ 


သို့သော်လည်း ဒါရိုက်တာကဟန်ဆောင်ကြွားနေခြင်းမဟုတ်ပေ။သူ့အဆို အကတွေက ကောင်း၏။ သူ၏ တင်ဆက်မှုက တည်ငြိမ်သည်။ နှစ်မိနစ်ကြာ ဖျော်ဖြေပွဲအပြီးတွင် နည်းပြများက သူ့ကို A တန်းပေးရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။


သင်တန်းသားက ဦးညွှတ်ပြီး ထွက်သွားသည်။လက်ထောက်က သူ နောက်ကနေ လိုက်ပြီးမေးသည်။

 "မင်းရဲ့ တင်ဆက်မှုက ဘယ်လိုနေလဲ"


"သာမန်ပါပဲ... ကျွန်တော် နည်းနည်းတော့ စိတ်ပူသွားတယ်"


"ဘာလို့စိတ်ပူနေတာလဲ"


"ဒီပွဲကို စောင့်နေတာ ကြာပြီလေ... အထူးသဖြင့် ကောင်းကောင်းမစွမ်းဆောင်နိုင်မှာကို ကြောက်တယ်...ဒါ့ပြင် ပိုင်ရဲ့ရဲ့အရှိန်အဝါက အရမ်းပြင်းထန်တယ်...သူအလေးအနက်ထားတဲ့အခါ အရမ်းကြောက်စရာကောင်းတယ်... ကျွန်တော် ကခုန်နေရင်း သူ့ကို အမှတ်မထင် ကြည့်လိုက်မိတယ်... သီချင်းကို ဖျက်စီးမိမယ်လို့ ထင်သွားတာဗျ...ကျွန်တော်လန့်သွားတယ်"


"စိတ်မပူပါနဲ့... ရလဒ်က ကောင်းတယ်...မင်းက ပထမဆုံး A အတန်းကို ရခဲ့တယ်လေ" လက်ထောက်က သူ့ကို နှစ်သိမ့်ပေးပြီး "အခြား လမ်းညွှန်ဆရာတွေကရော ဘယ်လိုခံစားရလဲ" ဟု မေးသည်။


"ချန်လောင်ရှီးက ပိုနူးညံ့တယ်...ကျန့်လောင်ရှီးက ထက်မြက်တဲ့ နားရှိတယ်...ဝေချင်လောင်ရှီးက အကအတွက် လိုအပ်ချက်တွေ အရမ်းများတယ်... သူက ကျွန်တော့်ကို နည်းနည်းထောက်ပြတယ်...အကုန်လုံးက ကွက်တိအမှန်တွေချည်းပဲ...ကြယ်အလင်းတန်းအကဲဖြတ်သူက —"


ဤအချိန်တွင် သူက ပြေပြေပြစ်ပြစ်ဖြစ်အောင်ဘယ်လို ပြောရမည်ကို တွေးနေသကဲ့သို့ ရပ်တန့်သွားသည်။


အဆုံးမှာ သူကပြော၏။

 "သူက အရမ်းချောပြီး အရမ်းလေးနက်တယ်" 


သူက ကြားအောင် ဖန်တီးထားပေမဲ့ မော်နီတာနောက်ကွယ်က ဒါရိုက်တာက သူ့စကားတွေ၏နောက်ကွယ်က ပိုလေးနက်သည့် အဓိပ္ပါယ်ကို နားလည်လေသည်။


သန်မာသော သင်တန်းသားများအနေဖြင့် ကြယ်အလင်းတန်းအကဲခတ်သူကို လုံးဝ ဂရုစိုက်စရာမလိုပေ။ ဖျော်ဖြေပွဲအတွင်း သူက ချီရှင်းချန်ကို ကြည့်ပင်မကြည့်ခဲ့ပေ။ထိုကြောင့် သူ့အကဲဖြတ်မှုအတွက် အမှားမပါသောစကားလုံးများကို ရွေးထုတ်ရုံသာတတ်နိုင်ခဲ့သည်။


ဒါရိုက်တာက အယ်ဒီတာကိုအမိန့်ပေးလိုက်၏။

 "ဒီအင်တာဗျူးကို မဖြတ်နဲ့"


"သိပါပြီ ဒါရိုက်တာဝမ်"


အင်တာဗျုးသူက စက်နောက်ကို လိုက်သွားသည်။ စင်မြင့်ပေါ်ကို သင်တန်းသားများ တစ်ယောက်ပြီး တစ်ယောက် တက်လာကြသည်။


ပထမဆုံး အဖွဲ့Aပြီးနောက်၊ နော်ရာအင်တာတိန်းမန့်၏ လိုဂိုက LCD မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ချန်ကျားရီကမေးသည်။


"ရှင်းရှင်း... မင်းကုမ္ပဏီက မလား"


ပိုင်ရဲ့က နော်ရာ၏ ဖွံ့ဖြိုးတိုးတက်မှုကို လိုက်ပါဆောင်ရွက်ခဲ့သည့် အကြီးတန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူက နော်ရာ၏ရှယ်ယာတစ်စိတ်တစ်ပိုင်းကို ကိုင်ထားပြီး သူ၏စီမံခန့်ခွဲမှုစာချုပ်မှာ အလွန်လျော့ရဲသည်။ အခြေခံအားဖြင့် သူကနော်ရာ နှင့်ဆက်စပ်နေခဲ့သည်။ မဟုတ်လျှင် အားလွင်နှင့် တခြားသူတွေက သူ့ကို သူဌေးဟု ခေါ်မှာမဟုတ်ပေ။


ဤနည်းဖြင့် ချီရှင်းချန် နှင့် နော်ရာ သင်တန်းသားများသည် ပိုမိုနက်ရှိုင်းသောဆက်ဆံရေးရှိခဲ့ကြပြီး ဆွေးနွေးရန်အကြောင်းအရာများ ပိုမိုများပြားခဲ့သည်။ ထို့ကြောင့် ချန်ကျားရီက ချီရှင်းချန်ကို တိုက်ရိုက် ဦးတည်ခဲ့သည်။


ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။ဟန်ချင် စိတ်မပျက်စေရန်အတွက် သူက ဟန်ချင်၏သူငယ်ချင်းဖြစ်သည်ဟု မပြောခဲ့ပေ။


"ဒါဆို ဘက်မလိုက်နဲ့နော်"

ကျန့်ယွီယန်က နောက်ပြောင်လိုက်သည်။


ချီရှင်းချန် ပြုံးလိုက်သည်။ 

"လောင်ရှီးတို့ရှိနေတာကို ကျွန်တော်လုပ်ရဲပါဘူး"


နော်ရာက ပြင်းထန်သော စည်းချက်ဖြင့် ပုံမှန် ယောက်ျားလေးအဖွဲ့ အကသီချင်းကို ရွေးချယ်ခဲ့သည်။ သူတို့က ကုမ္ပဏီကြီးတစ်ခုမှ ဆင်းသက်လာပြီး ခိုင်မာသောအခြေခံရှိကာ အဖွဲ့အကနှင့် ကောင်းစွာပူးပေါင်းဆောင်ရွက်ခဲ့သည်။ သီချင်းအပြီးမှာ နည်းပြတွေက ကျေနပ်သည့်အမူအရာတွေကို ပြသခဲ့၏။


သံသယများကိုရှောင်ရှားရန်အတွက် ချိရှင်းချန်အဆင့်သတ်မှတ်ရန်ဆွေးနွေးမှုတွင် ပါဝင်ရန် အစီအစဉ်မရှိပေ။သို့ပေမဲ့ လူတိုင်းက သူတို့၏ထင်မြင်ချက်တွေကို ထုတ်ပြောပြီးနောက် ဝေချင်က ခေါင်းကို လှည့်လိုက်သည်။ 


"ကြယ်အလင်းတန်းအကဲဖြတ်သူ မင်း ဘယ်လိုထင်လဲ"


သူ ရှောင်၍မရတော့ပေ။ချီရှင်းချန် သူ့မှတ်စုစာအုပ်လေးကို ကောက်ယူလိုက်သည်။ 


"တင်ဆက်မှုတစ်ခုလုံးက မဆိုးပါဘူး...နံပါတ် 1 နဲ့ 3က A ဒါမဟုတ် A- ... နံပါတ် 2 နဲ့ 5 B ကနေ C အဆင်ပြေတယ်...နံပါတ် 4 ရဲ့သီဆိုမှုက အားနည်းတဲ့အတွက် D နဲ့ သွားကြည့်ရအောင်"


နံပါတ်3က ဟန်ချင်း ဖြစ်၏။၎င်းကိုကြားသောအခါ ဟန်ချင်း အနည်းငယ်ပျော်သွားသည်။


သူ့အတွက်မူ သူ့သူငယ်ချင်းကောင်းက တခြားနည်းပြတွေထက် ပိုအရေးကြီး၏။


"နံပါတ်3က ပျမ်းမျှလို့ ငါထင်တယ်"

ဝေချင်ကဆိုသည်။


"ဖျော်ဖြေမှုတစ်ခုလုံးမှာ သူက lifting ကို တာဝန်ယူခဲ့တာ... သူကနည်းပညာပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ကောင်းကောင်းမဆုပ်ကိုင်နိုင်သေးလို့ဖြစ်မယ်...သူ့ကို B ပေးပြီး နောက်မှ စောင့်ကြည့်သင့်တယ်လို့ ထင်တယ်...ကျန်တာတွေကိုတော့ မင်းနဲ့အတူတူပါပဲ"


သင်တန်းသားအဆင့်သတ်မှတ်ခြင်းအပေါ်မှာ နည်းပြနှစ်ဦး သဘောထားကွဲလွဲမှုများရှိခဲ့သည်။ဤသည်က စိတ်ဝင်စားမှုအဓိကဆုံမှတ်ဖြစ်ခဲ့သည်။နည်းပြစင်မြင့်ပေါ်မှာ ယမ်းနံ့များထွက်နေကာ ကင်မရာနှစ်လုံးက ချီရှင်းချန် နှင့် ဝေချင် ၏မျက်နှာများကို ချိန်ရွယ်ထားသည်။


နညပြများ၏စင်မြင့်ပေါ်တွင် ဘယ်မှညာမှ ချီရှင်းချန်၊ ချန်ကျားရီ၊ ပိုင်ရဲ့၊ ကျန့်ယွီယန် နှင့်ဝေချင်တို့အစဥ်အတိုင်းဖြစ်သည်။ လူနှစ်ယောက်ကို ကင်မရာက ခွဲထားကာ ချီရှင်းချန်က သူ့အမူအရာကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။


ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ ၎င်းကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ဝေချင်၏ ထင်မြင်ချက်ကို လိုက်နာခြင်းဖြစ်သည်ကို သူသိသည်။


ပထမဦးစွာ၊ အထူးပြုမှုများရှိခဲ့သည်။ အတွေ့အကြုံ ဆယ်နှစ်ကျော်ရှိသည့် အကနည်းပြတစ်ဦးအနေဖြင့် ဝေချင်၏ ဟန်ချင်းအကပိုင်းနှင့်ပတ်သက်၍ သံသယများသည် အလွန်ယုံကြည်လောက်သည်။


ဒုတိယအနေဖြင့် သူ ပွင့်ပွင့်လင်းလင်းပြောခဲ့မည်ဆိုလျှင် ပရိသတ်က သူ့ကို ရှိုးပွဲ ထုတ်လွှင့်သည့်အချိန်မှာ သေချာပေါက် မေးခွန်းထုတ်မည်ပင်။


နော်ရာအင်တာတိန်းမန့်ကဘာလဲ...ကြယ်အလင်းတန်းအကဲဖြတ်သူ၏ ကုမ္ပဏီဖြစ်သည်။ကြယ်အလင်းတန်းအကဲဖြတ်သူက နော်ရာရာကလူများအတွက်ပြောပေးသည့်အခါတိုင်း၊ သူ့တွင်ဖုံးကွယ်စရာတစ်ခုရှိနိုင်သည်။


လူတွေအများကြီးက သူ့ကို စိုက်ကြည့်နေသော်ငြား သူက ဝေချင်၏ အကြံပေးချက်ကို မလိုက်နာချင်ပေ။


ခုနက သူ၏အဆင့်သတ်မှတ်ချက်နှင့် ပတ်သက်ပြီး သူ့မှာပြတ်ပြတ်သားသား ယုံကြည်ချက်ရှိသည်။ သူ ဖျော်ဖြေမှုကို ဘေးမှကြည့်ရှုနေခဲ့သည်။ သင်တန်းသားတစ်ဦးစီ၏ အားသာချက် အားနည်းချက်များကိုပင် မှတ်တမ်းတင်ခဲ့သည်။ဟန်ချင်းက A သို့မဟုတ် A- အဆင့်နှင့် ထိုက်တန်သည်။


"ကျွန်တော် ထင်တာက…" 


ချီရှင်းချန်၏ လေသံက အလွန်ယဉ်ကျေးသည်။ "ဒါကို အခြေခံပြီး ပြိုင်ပွဲဝင်တွေရဲ့ အကအဆင့်ကို အကဲဖြတ်ရင် ပြည့်စုံလုံလောက်ရဲ့လား"


"သူတို့က အဖွဲ့တစ်ဖွဲ့...အဖွဲ့က လူတိုင်းရဲ့ အရည်အချင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး အခန်းကဏ္ဍတွေကို သတ်မှတ်ပေးလိမ့်မယ်... နံပါတ် 3 ကို သတ်မှတ်ပေးထားတဲ့အပိုင်းက အတော်လေးရိုးရှင်းတာကြောင့် သူကအကမှာအားသာချက်အများကြီးမရှိကြောင်းပြသဖို့ လုံလောက်တယ်... ပြီးတော့ 'My Time' က လုံးလုံးလျားလျား ပြီးပြည့်စုံတဲ့ idol ကို ရှာဖွေနေတာ"

ဝေချင်က အတော်လေးဘွင်းဘွင်းရှင်းရှင်းနိုင်သည်။


နည်းပြများက ၎င်းတို့၏မိုက်ခရိုဖုန်းကို ပိတ်ပြီးနောက် စင်မြင့်အောက်ရှိ သင်တန်းသားများသည် သူတို့ပြောနေသည်ကို မကြားနိုင်သော်လည်း ၎င်းတို့နှစ်ဦးကြားရှိ လေထုသည် အလွန်သဟဇာတမဖြစ်သည်ကို သိမြင်လာရသည်။ဟန်ချင်း ချွေးတွေထွက်နေ၏။


ထိုအချိန်မှာ ပိုင်ရဲ့ကဝင်ပြောသည်။

 "ကန့်ကွက်တာတွေရှိတာမလို့ နံပါတ် 3 ကို ထပ်ပြီး ကခိုင်းစို့...ပိုခက်ခဲတဲ့ အကွက်ကို ရွေးခိုင်းတာပေါ့ ဟုတ်ပြီလား"


"ဟုတ်တယ် နောက်တစ်ခါ ထပ်ပြီး ကခိုင်းမယ်" 

ကျန့်ယွီယန် ဝင်ကြားစေ့ပေးသည်။


ချီရှင်းချန် နှင့် ဝေချင် ခေါင်းညိတ်သဘောတူလိုက်သည်။သို့သော်လည်း ချီရှင်းချန် လုံးဝမကြောက်ပေ။


ဟန်ချင်း၏ အကစွမ်းရည်ကို သူကောင်းကောင်းသိသည်။ ထို့အပြင် သူတို့က သည်မရောက်မီတွင် ပြင်းထန်သောလေ့ကျင့်ရေးမှာ တစ်လကြာ အတူတကွ လေ့ကျင့်ခဲ့ကြသည်။ သူ အများကြီး တိုးတက်လာခဲ့၏။


ဟန်ချင်းက ကောင်းကောင်းလုပ်ခဲ့သည်။ ဂီတဆရာ၏ ကျပန်းဂီတအတိုင်း လိုက်ပါကာ သူကျွမ်းကျင်သော အကဖြင့် ဖျော်ဖြေခဲ့သည်။



တစ်ကိုယ်တော် ဖျော်ဖြေရန်အတွက် ခေါ်ထုတ်ခံရသည်ကို အနည်းငယ် ကြောက်ရွံ့ခဲ့သော်လည်း ပေါ်လာပြီးသော သင်တန်းသားများကြားတွင် သူသည် ရှေ့ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။


နောက်ဆုံးတွင် နော်ရာက Aနှစ်ခု၊ B တစ်ခု၊ C တစ်ခုနှင့် D တစ်ခုရရှိခဲ့သည်။


လိုက်လာသော သင်တန်းသားများ၏ ခွန်အားမှာ မညီမညာ ဖြစ်နေသည်။ လူတိုင်းမှာ မတူညီသည့်အမြင်တွေ ရှိခဲ့ဖူးသည့် အချိန်တွေ ရှိခဲ့သည်။ ဥပမာအားဖြင့်၊ အသံအားကောင်းသော်လည်း ပျမ်းမျှအကစွမ်းရည်ရှိသော ပြိုင်ပွဲဝင်တစ်ဦး သို့မဟုတ် အကစွမ်းရည်သန်မာသော်လည်း ကျန်အပိုင်းများတွင် အားနည်းသည့် ပြိုင်ပွဲဝင်တစ်ဦးတို့ပါသည်။ကြယ်အလင်းတန်းအကဲဖြတ်သူတစ်ယောက်အနေဖြင့် ချီရှင်းချန် ၎င်းတို့အား သတိကြီးကြီးထားပြီး A အဆင့်ပေးကာ ကျန်သည်ကို B အဆင့်ပေးခဲ့သည်။


ဇာတ်ဝင်သီချင်းကို သင်ယူပြီးပါက ဒုတိယအဆင့်အကဲဖြတ်မည်ဖြစ်သည်။ ထိုအချိန်တွင် ပြိုင်ပွဲဝင်၏ ဇာတ်ဝင်သီချင်းမှာဖျော်ဖြေမှုနှင့်အညီ အဆင့်နှင့်အတန်းကိုချိန်ညှိနိုင်မည်ဖြစ်သည်။


တဖြည်းဖြည်းနှင့် ကောင်းကင်ကြီးက မှောင်မဲလာခဲ့သည်။ တင်းမာသောအခြေအနေတွင်ရှိခဲ့သော နည်းပြများ ပို၍ပို၍ပင်ပန်းလာသည်။


ချီရှင်းချန် ကျောအောင့်လာသောကြောင့် ကောင်းကောင်း မထိုင်နိုင်ဘဲ နှစ်ကြိမ်တိုင်တိုင် တိတ်တိတ်လေး ဘယ်ညာလှည့်ခါးချိုးလိုက်သော်လည်း ပိုင်ရဲ့က မတ်တတ်ထိုင်နေဆဲဖြစ်သည်ကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရသောအခါတွင် သူ ပြန်၍ မတ်သွားသည်။


တတိယနောက်ဆုံးအုပ်စု နှင့် ဒုတိယနောက်ဆုံးအုပ်စုတွင် ကျန်ရှိသော သင်တန်းသားနှစ်ဦးက စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်တက်လာကြသည်။


တတိယအုပ်စုက တစ်ယောက်က အဆင့်Aသီးသန့်သင်တန်းသားတစ်ဦးစီတိုင်းကဲ့သို့ တော်သည်။ သူက သန်မာပြီး သူ့ဘာသာသူ A တန်းအောင်သွား၏။


သို့သော် ဒုတိယနောက်ဆုံးအုပ်စုရှိတစ်ယောက်ကို ချီရှင်းချန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။


သူ့အမည်မှာ Kevin ဖြစ်ပြီး CEntertainment၏ တရုတ် ဌာနခွဲလက်အောက်မှ သင်တန်းသားဖြစ်သည်။


C Entertainment ၏ ရုံးချုပ်သည် တောင်ကိုရီးယားတွင် တည်ရှိသည်။ Kevin က အမေရိကန်ရှိ C Entertainment ၏ ရုံးချုပ်မှ ရွေးချယ်ခံထားရသော တရုတ်-အမေရိကန်လူမျိုးဖြစ်သည်။ သူ၏ကောင်းမွန်သညံ ရုပ်ရည်နှင့် အရည်အချင်းတွေကြောင့် ပွဲမစခင်ကတည်းက ဖန်များစွာကို ရရှိထားသူဖြစ်၏။


တိုတိုပြောရလျှင် Kevinက အမေရိကန်မှာ ကြီးပြင်းခဲ့ပြီး တောင်ကိုးရီးယားမှာ လေ့ကျင့်သင်ကြားခဲ့ကာ ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံကို စေလွှတ်ခံခဲ့ရသည်။ C Entertainment က တရုတ်နိုင်ငံ၏ idol စျေးကွက်တွင် ကွာဟချက်တစ်ခုကို မြင်တွေ့ခဲ့ရပြီး သူ၏ တရုတ်-အမေရိကန်ကပြားဟူသောအထောက်အထားနှင့် သူ၏ ဖန်အုပ်စုကို အခွင့်ကောင်းယူပြီး ပိုင်မုန့်တစ်ပိုင်း ရယူလိုခဲ့သည်(အကျိုးအမြတ်ဝေစုတစ်ခု ရယူလိုခဲ့သည်)။


C Entertainment သည် ယခုတစ်ကြိမ်တွင် စုစုပေါင်း သင်တန်းသား သုံးဦးကို ရွေးချယ်ခဲ့သည်။ ကျန် နှစ်ယောက်က တရုတ်တွေဖြစ်ပြီး ခုနကသူတို့၏ဖျော်ဖြေမှုက သိပ်မထူးခြားပါချေ။


Kevin ၏ ထူးချွန်ပြောင်မြောက်သော "ဘရိတ်ဒန့်" နှင့် မူရင်းအမေရိကန်မြေအောက်ရက်ပ်သီချင်းများကပဲ သူတို့၏ဖျော်ဖြေမှုကို ပံ့ပိုးပေးခဲ့သည်။


မျက်လုံးရှိသူတိုင်းက သူက နောက်ခံမှာ ထင်းခနဲပေါ်နေသော အနီရောင်ပန်းပွင့်တစ်ပွင့်မှန်း ပြောနိုင်ပေလိမ့်မည်။


သို့ပေမဲ့ ချီရှင်းချန်ကို သဘောထားကွဲလွဲစေသည့်အရာက...


"Kevin" 

ချီရှင်းချန်က မိုက်ခရိုဖုန်းကို ဖွင့်လိုက်သည်။ "မင်းနောက်ထပ်သီချင်းဆိုလို့ရမလား ဒါမှမဟုတ် မင်းရဲ့တရုတ်ရက်ပ်ကို ငါတို့ကိုပြပေးနိုင်မလား"


သူ့ဘေးနားက အသင်းဖော်တွေက Kevin၏ နားထဲမှာ တိုးတိုးလေး ပြောကြသည်။ မကြာခင်မှာဘဲ Kevin ကပြောလေသည်။

"တောင်းပန်ပါတယ်...ကျွန်တော်က ရိုးရိုးတရုတ်စကားနည်းနည်းပဲ သိတယ်"



"မင်း အရင်က တရုတ်သီချင်းတွေ မလေ့ကျင့်ဖူးဘူးလား" 

ချီရှင်းချန်က မေးသည်။


တရုတ်စကား မသိလျှင်ပင် ဘာသာပြန်ဖြင့် သီချင်းတစ်ပုဒ် သို့မဟုတ် နှစ်ပုဒ် ဆိုနိုင်သေးသည်မဟုတ်ပါလော။


Kevinက တုန်လှုပ်သွားသည်။ သူက တရုတ်သီချင်းတွေကို တကယ်မသိဘူးဟုဆိုပြီး အင်္ဂလိပ်လိုသီချင်းတစ်ပုဒ်ဆို၏။


သူ့အသံဩဇာနှင့်အသံအနိမ့်အမြင့်က ပျမ်းမျှဖြစ်သော်လည်း သူ့အသံထွက်က အဆင်ပြေသည်။ ကုမ္ပဏီက သူ့ကို ရက်ပ်ပါ နှင့်အဓိက အကသမားအဖြစ် သတ်မှတ်ခဲ့မှန်း ထင်ရှား၏။


ပိုင်ရဲ့က မိုက်ခရိုဖုန်းကို ပိတ်လိုက်ပြီး "လူတိုင်း ဘယ်အတန်းလို့ ထင်လဲ" ဟု မေးသည်။


ချန်ကျားရီ- "ရုပ်နဲ့ အမူအရာက အရမ်းကောင်းတယ်...ငါ သူ့ကို A ပေးချင်တယ်"


ကျန့်ယွီယန်: "သူ့ရဲ့ ရက်ပ်က ပေါက်ကွဲအားကြီးတယ်... ရစ်သမ်က အရမ်းကောင်းတယ်... ငါက ရက်ပ်မဆိုတတ်ပေမဲ့ ငါပြောနိုင်တယ်...ငါလည်း A ပေးချင်တယ်"


ဝေချင်: "Aပဲ...သူ့အကက သင်တန်းသားအားလုံးရဲ့ ထိပ်တန်းငါးယောက်ထဲမှာ ရှိတယ်"


"ဒါပေမဲ့ သူက တရုတ်လို မသိဘူး...အဲဒါက ပြဿနာကြီးပဲ"


ချီရှင်းချန်က ခဏလောက် စဉ်းစားလိုက်သည်။ 

"My Timeက ကျွန်တော်တို့နိုင်ငံကို idolခေတ်ကို ပို့ဆောင်ပေးနိုင်တဲ့ သင်တန်းသားတစ်ဦးကို ရှာဖွေနေတာ... သူက တရုတ်လို မသိရင် နောက်အပိုင်းအတွက် သီချင်းတွေအားလုံးက အင်္ဂလိပ်ရက်ပ်တွေချည်း ဖြစ်မလာနိုင်ဘူးလေ... ဒါဆို ကျွန်တော်တို့ဘာလုပ်သင့်လဲ"


ချီရှင်းချန် ပြောမထားသည့်အချက်တစ်ခုရှိ၏။


ပြိုင်ပွဲဝင်ရမည်ဆိုသည်ကို သူသိပေမဲ့ တရုတ်သီချင်းတစ်ပုဒ်မှ သူ မပြင်ဆင်ခဲ့ပေ။ ရိုးရှင်းသော တရုတ်စကားပင် နားမလည်နိုင်ခဲ့ပေ။


ထင်ရှားသည်မှာ သူ၏သဘောထားသည် အလွန်ပေါ့ပေါ့တန်တန်ဖြစ်ပြီး ဤပြိုင်ပွဲကို ဂရုမစိုက်ပေ။


"ဆိုတော့" 

ချီရှင်းချန်ကဆက်ပြောသည်။ 

"ကျွန်တော် သူ့ကို B အရင်ပေးစေချင်တယ်... သူ့စွမ်းဆောင်ရည်ကိုကြည့်ပြီး၊ အဆင့်ကို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိပေးမယ်"


ချန်ကျားရီ နှင့် ကျန့်ယွီယန်တို့ ၎င်းကို ကြားသောအခါ အကျပ်ရိုက်သွားကြသည်။ဝေချင်က သူတို့အားလုံး နှုတ်ဆိတ်ဆိတ်နေကြသည်ကိုတွေ့သောအခါ ပြန်ပက်လိုက်၏။


 "ပဓာနတေးက တရုတ်ဘာသာနဲ့ ဆိုမှာ... Kevin အဲဒါကို သင်ယူရမှာပဲ... ရလဒ်က အတူတူပဲကို Aပေးရဖို့ နောက်တစ်ကြိမ်ထိ ဘာလို့စောင့်နေရမှာလဲ"


"အင်းလေ...အဲဒါကြောင့် ကျွန်တော့်လိုအပ်ချက်တွေကလည်း မပြင်းထန်ပါဘူး... သူက တရုတ်ပဓာနတေးသွကို လေးလေးနက်နက် သင်ယူနိုင်သရွေ့ သူက Aအတန်းကို ပြန်သွားနိုင်တယ်" 

ချီရှင်းချန်က လုံးဝလက်မလျှော့။


ထိုနေ့တွင် သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ဒုတိယအကြိမ် ဆန့်ကျင်ကြပြန်သည်။ ဒါရိုက်တာကြီးသည် ပေါက်ကွဲလုမတတ် ဝမ်းသာသွားသည်။


ဒီလောက်ကောင်းတဲ့

ပစ္စည်းနဲ့ ဒီလိုပွဲကောင်းမျိုးကို ဘယ်မှာ ရှာတွေ့နိုင်မလဲ...


စတူဒီယိုက ရှေ့မတိုးနောက်မဆုတ်အခြေအနေ ဖြစ်သွားသည်။ စက်သံ "ဒွီဒွီ" မှလွဲ၍ အခြားဘာအသံမှ မကြားရပေ။


မိနစ်ဝက်အကြာတွင် ပိုင်ရဲ့က တိတ်ဆိတ်မှုကို ပထမဆုံးချိုးဖျက်နိုင်ခဲ့သည်။