အပိုင်း ၇၇
Viewers 26k

Chapter 77




"အကုန်လုံးပြောတာက အဓိပ္ပါယ်ရှိပါတယ်...ဒါပေမဲ့ ကျွန်တော် Kevin ရဲ့ သဘောထားကို စောင့်ကြည့်ချင်ပါတယ်" 


ပိုင်ရဲ့က တည်ငြိမ်စွာပြောလိုက်သည်။ 

"ကြယ်အလင်းတန်းအကဲဖြတ်သူရဲ့ သဘောထားကို ကျွန်တော် သဘောတူပါတယ်"


ချန်ကျားရီနှင့် ကျန့်ယွီယန် နှစ်ယောက်စလုံးက "OK" ဆိုသည့် အမူအရာ လုပ်ပြသည်။


ဝေချင်က ခေါင်းညိမ့်လိုက်သည်။ သူ့မျက်နှာက မည်းမှောင်နေ၏။

.....


ပိုင်ရဲ့က Kevin ၏အဆင့်ကို Bဟု ကြေညာလိုက်သည်။


ရလဒ်ကိုကြားသောအခါ Kevin မယုံနိုင်ဖြစ်သွားသည်။ ဦးညွှတ်ရန် မေ့သွားပြီး လှည့်ကာ စင်နောက်ကိုပြန်သွား၏။


သူ့နောက်မှာကျန်ခဲ့သည့် အသင်းဖော်တွေက ဦးညွှတ်ပြီး ကျေးဇူးတင်စကားဆိုကာ သူ့နောက်ကို အလျင်စလို လိုက်ကြရတော့သည်။


နောက်ဆုံး သင်တန်းသားအုပ်စုက ဘာပြဿနာမှ မဖြစ်ပေ။ နည်းပြများ၏အပိုင်းက ဤနေ့မှာ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ ဒါရိုက်တာက နည်းပြတွေနှင့် ထုံးစံအတိုင်း အစည်းအဝေးလေးတစ်ခု လုပ်သည်။ ထို့နောက် ပိုင်ရဲ့နှင့် အခြားသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။


သင်တန်းသားတွေက ထွက်ခွင့်မရပေ။၎င်းတို့သည် ၎င်းတို့၏ အတန်းနှင့် သက်ဆိုင်သည့် ယူနီဖောင်းများအဖြစ် ပြောင်းလဲကာ ၎င်းတို့၏ ပထမဆုံး ဇာတ်ကြောင်းပြန်အင်တာဗျူးကို ပြုလုပ်ခဲ့သည်။


အင်တာဗျူး၏ အကြောင်းအရာသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ကျေနပ်မှု ရှိမရှိ၊ နည်းပြများ၏ အဆင့်သတ်မှတ်မှုကို ကျေနပ်၏မကျေနပ်၏၊ ဘယ်ပြိုင်ဘက်များကို ပိုစိုးရိမ်သည် ၊ မည်မျှအထိ သွားနိုင်မည်ဟု ခံစားရသည် စသည်တို့ ဖြစ်သည်။


ပထမဆုံးAရသူကို အင်တာဗျူးသောအခါ သူက ပြုံးပြီး ဆိုသည်။

"ကျွန်တော် Kevinရဲ့ အတန်းကို အအံ့ဩမိဆုံးပါပဲ... မကြာသေးခင်က သူ့ရဲ့ Rap ဗီဒီယိုကို ဖေ့စ်ဘုတ်မှာ တွေ့ဖူးပါတယ်...သူတကယ်တော်တယ်...ပြိုင်ပွဲမစခင် သူလာမယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော် ငါတော့ သေပြီလို့တွေးခဲ့တာ"


လက်ထောက်ဒါရိုက်နာ:"ဒါဆို သူနဲ့ Aအဆင့် ကြားမှာ ဘယ်လိုကွာခြားချက်ရှိလဲလို့ ထင်လဲ"


ပထမဆုံးAရသူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 

"ကျွန်တော် မခန့်မှန်းနိုင်ပါဘူး...သူ့မှာ အပြစ်အနာအဆာ မရှိဘူးဗျ"


ဟန်ချင်း၏ အလှည့်ရောက်သောအခါတွင် သူက သူ၏သွားစွယ်လေးများကို ပြသခဲ့သည်။ 

"ကျွန်တော့်ရဲ့ စီနီယာတွေနဲ့ ဂျူနီယာတွေ အပါအဝင် လူတိုင်းက အရမ်းသန်မာတယ်လို့ ကျွန်တော်ထင်ပါတယ်...ကျွန်တော်ကတော့ နောက်ထပ် အချီအနည်းငယ် ဆက်နေနိုင်ဖို့ပဲ မျှော်လင့်ပါတယ်...တခြားဘာကိုမှ မလိုချင်ပါဘူး"


လက်ထောက်ဒါရိုက်တ: "မင်းရဲ့အဖွဲ့မှာ အခန်းကဏ္ဍခွဲဝေမှုနဲ့ပတ်သက်ပြီး ငါအရမ်းသိချင်နေတယ်... မြှောက်ရတိုင်း အောက်ခြေမှာ မင်းကဘာလို့ ရောက်နေတာလဲ"


ဟန်ချင်းက ပေါ့ပိုင်ပို့စ်( Popeye pose)ပြုလုပ်ခဲ့သည်။ 

"ကျွန်တော်က သန်မာပြီး မြှောက်နိုင်လို့လေ"

(T/N–လက်မောင်းနှစ်ဖက်ကွေးပြီးဗလပြသည့်ပုံစံ)


လက်ထောက် ဒါရိုက်တာက ဟက်ဟက်ပက်ပက် ရယ်သည်။ ရယ်မောပြီးနောက် ဟန်ချင်းကရှင်းပြသည်။


"တကယ်တော့ ရှောင်ဝူကြောင့်ပါ... မကြာသေးခင်က သူလည်ချောင်း နာနေတော့ high notes တွေ မဆိုနိုင်ဘူးဖြစ်နေတယ်... အဲဒါနဲ့အကရဲ့ အပြောင်မြောက်ဆုံးအပိုင်းကို သူ့ကိုပေးမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်...ကျွန်တော်တို့ ဘယ်သူ့ကိုမှ နောက်ကျကျန်စေလို့မဖြစ်ဘူးလေ"


Kevin ၏အလှည့်ရောက်သောအခါတွင် သူက တော်တော်လေး စိတ်ငြိမ်သွားပုံရသည်။ သူက ကင်မရာကို ကြည့်ပြီးပြောသည်။


"ဒီနေ့ စိတ်တအားမြန်လွန်းသွားပြီး နည်းပြတွေကို ကျေးဇူးတင်ဖို့ မေ့သွားတယ်... တောင်းပန်ပါတယ်"


"ကောင်းပြီ...နည်းပြတွေက မင်းရဲ့တောင်းပန်မှုကို လက်ခံလိမ့်မယ်လို့ ငါယုံကြည်တယ်"


ပရိုဂရမ်အဖွဲ့က သူနှင့်စကားပြောရန် အင်္ဂလိပ်စကားပြောတတ်သည့်အယ်ဒီတာ နှင့်လူလဲလိုက်သည်။ 

"အခု အဆင့်ကိုလက်ခံလား"


"မလက်ခံဘူး...လူတွေက စစ်မှန်ရမယ်လို့ ကျွန်တော်ထင်တယ်...အဲဒါကို လက်ခံဖို့ ကိုယ့်ကိုယ်ကို အတင်းအကြပ် မလုပ်ချင်ဘူး" 


Kevinက ပခုံးတွန့်လိုက်သည်။ 

"ကျွန်တော့်ရဲ့ဖန်တွေက ကျွန်တော့်ရဲ့ အရည်အချင်းကို သိပါတယ်...နောက်အဆင့်မှာ ခင်ဗျားလည်း သိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"


အယ်ဒီတာ:"ဒါဆို နည်းပြတွေကို ဘာက မကျေမနပ်ဖြစ်စေသလဲလို့ ထင်လဲ"


Kevin: "ယဉ်ကျေးမှု ကွဲပြားမှု...ချီလောင်ရှီးရဲ့ အချက်အလက်ကို ကျွန်တော် အခုပဲ စစ်ကြည့်လိုက်တယ်...သူကတက္ကသိုလ်မတက်ခဲ့တော့ အမေရိကက နောက်ဆုံးပေါ်အန်ဒါဂရောင်းယဉ်ကျေးမှုကို လက်ခံနိုင်မှာမဟုတ်ဘူး"


သူ့တင်ဆက်မှုပြီးသွားသောအခါတွင် ချီရှင်းချန်က သူနှင့် ဆက်သွယ်ပြောဆိုခဲ့ပြီး ချီရှင်းချန်က သူ့ကိုအဆင့်မှ ဖယ်ရှားခဲ့သည်ဟု ခန့်မှန်းနိုင်ခဲ့သည်။


ဤဝါကျသည် အလွန်ရှင်းလင်းပြတ်သားပြီး ချီရှင်းချန်၏ ပညာရေးချို့တဲ့မှုနှင့် အင်္ဂလိပ်စာကို နားလည်နိုင်စွမ်းမရှိခြင်းကို လှောင်ပြောင်ခဲ့သည်။


အယ်ဒီတာက အံ့ဩသွားသည်။


သူတကယ်ပြောရဲတာပဲ...


သို့ပေမဲ့ သူယခုလိုပိုနေလေလေ၊ "မင်းကောင်းတယ်၊ ငါကောင်းတယ်၊ လူတိုင်းကောင်းတယ်" ဆိုသည့် သဘောတရားကို လိုက်နာသည့် လူတစ်စုကြားမှာ အာရုံစိုက်ခံရရန် ပိုလွယ်လေလေပါပင်။


ဤအင်တာဗျူးကို ထုတ်လွှင့်ပြီးနောက်၊ ချီရှင်းချန်အနေဖြင့် Kevin ကို ထပ်မံအကဲဖြတ်သည့်အခါ ၎င်းကို သေချာစွာ စဉ်းစားရမည်ဖြစ်ပါသည်။ မဟုတ်လျှင် သူအနည်းငယ် အမှားလုပ်မိပါက ကလဲ့စားချေရန် ဝေဖန်ခံရပေလိမ့်မည်။


၎င်းက ခံစားရကောင်းပြီး သူ၏ပြိုင်ဘက်ကို ဖိအားဖြစ်စေသည်။ သူ့တုံ့ပြန်မှုက အတော်လေးကောင်း၏။


.....


ဒုတိယရိုက်ကူးမှုမှာ လေ့ကျင့်ရေးအခန်းထဲဝင်ရမည်ဖြစ်သောကြောင့် ပုံစံကျစတိုင်အတွက် မသင့်တော်ပါချေ။ စတိုင်လစ်ကျန်းကျန်းက ချီရှင်းချန်၏ဆံပင်ကို ခပ်ဖွာဖွာပုံစံပြင်ပေးကာ အနက်ရောင် Louis Vuitton(လူဝီ ဗွီတွန်)အားကစားဝတ်စုံအဖြစ်သို့ ပြောင်းဆင်ပေးခဲ့သည်။ သူ၏ရှည်လျားသော ခြေတံမိုက်မိုက်တွေနှင့် သူ့ခန္ဓာကိုယ်အချိုးအစားကို အပြည့်အဝပေါ်လွင်စေသည်။


အခြားနည်းပြများ၏ ၀တ်စားဆင်ယင်ပုံမှာလည်း ဆင်တူသည်။ သင်တန်းသားအားလုံး ရောက်ရှိလာသောအခါ၊ အဖွဲ့လိုက် စာသင်ခန်းကြီးထဲသို့ ဝင်သွားကြသည်။


ပိုင်ရဲ့က သဲလွန်စကတ်ကို ထုတ်လိုက်၏။

"မင်းတို့ရဲ့ နောက်တာဝန်က မတူညီတဲ့ အတန်းတွေမှာ ပဓာနတေးသွားကို သင်ယူဖို့ပဲ... အချိန်ကန့်သတ်ချက်က သုံးရက်ဖြစ်တယ်...သုံးရက်ကြာပြီးတဲ့နောက်...မင်းတို့ရဲ့ရလဒ်တွေကို တစ်ခုပြီးတစ်ခု စစ်ဆေးပါမယ်


"ဘာ...သုံးရက်...သီချင်းတစ်ပုဒ်လုံး၊ အကတစ်ခုလုံးကို လေ့လာမှာလား"


"အချိန်က အရမ်းတိုတယ်မဟုတ်လား"


သင်တန်းသားတွေထဲတွင် ပွက်လောရိုက်ကုန်သည်။


ပိုင်ရဲ့က ၎င်းကို မျှော်လင့်ထားပြီးသားဖြစ်သည်။သူက ကတ်ပြားကို ချလိုက်ပြီး သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။ 

"သုံးရက်က တိုသလား"


"… တိုတိုလေး"

သင်တန်းသား လေးငါးယောက်က အသံတိုးတိုးဖြင့် ဖြေသည်။


"ကောင်းပြီ...ရှင်းရှင်း ငါ့အဝတ်အစားတွေကို ကူကိုင်ထားပေး"


ပိုင်ရဲ့က သူ၏ အားကစားဝတ်စုံအကျီကို ချွတ်လိုက်ပြီး ချီရှင်းချန်ထံသို့ ပစ်ချလိုက်သည်။၎င်းနေုက် သူက ပဓာနတေးသွားကို သူ၏ဖုန်းထဲမှာရှာပြီး အမြင့်ဆုံးအသံဖြင့် ဖွင့်သည်။


ထို့နောက် သူကသီချင်းသံအတိုင်းလိုက်၍ ပဓာနတေးသွားကို အပြည့်အ၀ ဖျော်ဖြေခဲ့သည်။


သီချင်းစာသား၊ အသံထွက်၊ စည်းချက်၊ ကကွက်များ၊ နေရာချထားမှုတို့ ... ချို့ယွင်းချက် လုံးဝ မရှိပေ။


စာသင်ခန်းကြီးသည် လက်ခုပ်သံများ ရုတ်တရက် ပြည့်သွားသည်။


ပိုင်ရဲ့က အနည်းငယ်ဟောဟဲလိုက်သွားသည့် အသက်ရှုမှုကိုချိန်ညှိပြီးနောက် သူကပြောလိုက်၏။

"မနေ့ညက ရှိူးကို အသံသွင်းပြီး အိမ်ပြန်ရောက်တဲ့အချိန် သုံးနာရီကြာ လေ့ကျင့်မှုရဲ့ ရလဒ်ပဲ...မင်းတို့က ဒါကို သုံးရက် 72 နာရီအထိ တိုးရထားတယ်... ပြီးအောင်မလုပ်နိုင်ဘူးလား"


သင်တန်းသားတွေ ကိုယ့်ကိုကိုယ် အားတင်းပြီးပြောလိုက်ကြရသည်။

"ကျွန်တော်တို့ ပြီးအောင်လုပ်နိုင်ပါတယ်"


လုပ်ငန်းစဉ်များကို နားထောင်ပြီးနောက် သင်တန်းသားများက ၎င်းတို့၏ အဆင့်အလိုက် လေ့ကျင့်ရေးအခန်းများသို့ ပြန်သွားကြသည်။


AကနေFအထိတွင် အဖွဲ့ငါးဖွဲ့နှင့် လေ့ကျင့်ရေးအခန်းငါးခန်းရှိသည်။ ပရိုဂရမ်အဖွဲ့က နည်းပြတစ်ဦးစီအား လေ့ကျင့်ခန်းတစ်ခုတွင် တာဝန်ယူခိုင်းရန် လိုအပ်သည်။


အကနှင့် အဆိုအထူးပြု ဆရာများ ရှိသောကြောင့် ၎င်းတို့ ကိုယ်တိုင် ပြုလုပ်ရန် မလိုအပ်ပေ။ဟန်ပြသက်သက်အတွက်သာဖြစ်သည်။


ပိုင်ရဲ့က ခဏစဉ်းစားသည်။

"ချန်လောင်ရှီးက A အတန်းကို သွားမယ်...ကျန့်လောင်ရှီး Bအတန်းကို သွားမယ်...ကျန်တဲ့ အတန်း သုံးခုကို အုပ်စု သုံးစု ခွဲမယ်"


 Aအတန်း နှင့် Bအတန်းကသင်တန်းသားများ၏ ပျမ်းမျှအဆင့်က မြင့်မားပြီး ပိုမိုအဆင်ပြေသည်။ သူတို့က ဘာမှမသိသည့် ချန်ကျားရှီနှင့် ဆိုပဲဆိုတတ်သည့် ကျန့်ယွိယန်တို့အတွက် သင့်လျော်၏။


နှစ်ယောက်သား ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်။ပိုင်ရဲ့က ချီရှင်းချန်ကို လှည့်ကြည့်လိုက်သည်။


သူတို့၏ဦးနှောက်လှိုင်းတွေ တိုက်မိသွားသလိုမျိုး ချီရှင်းချန် သူဘာကိုဆိုလိုသလဲဆိုသည်ကို ချက်ချင်းနားလည်သွား၏။


သူ့ကို Cအတန်း သွားစေချင်နေသည်။


အခုပဲ ပိုင်ရဲ့က သူ့ကို အင်္ကျီကိုင်ခိုင်းခဲ့သည်။ ပြိုင်ပွဲဝင်တွေနှင့် ပရိသတ်တွေကို သူတို့ ပေါင်းသင်းဆက်ဆံရေးကောင်းကြောင်း ကြေငြာလုနီးပါးပါပင်။ပိုင်ရဲ့က သူ့ကို ယခု Cအတန်းမှာ ထားလိုက်ပါက ဘက်လိုက်မှုဟု မလွဲမသွေ ဝေဖန်ခံရလိမ့်မည်။


"ကျွန်တော် Fအတန်းကိုသွားချင်ပါတယ်"


"…"

ပိုင်ရဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "သေချာလား"


"သေချာပါတယ်...ကျွန်တော်သွားတော့မယ်"


ပိုင်ရဲ့ကို နောင်တရရန် အခွင့်အရေး မပေးဘဲ ချီရှင်းချန် ထွက်ပြေးသွားခဲ့သည်။


ပိုင်ရဲ့က ဝေချင်ကို Cအတန်းပေးပြီး Dအတန်းကိုသူသွားခဲ့၏။


Fအတန်း၏လေ့ကျင့်ရေးအခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ အကဆရာမက ကျောင်းသားတွေနှင့် သွေးပူလေ့ကျင့်ခန်း လုပ်နေသည်။ Fအတန်းတွင် လူအများဆုံးရှိပြီး အပူလှိုင်းက သူ့မျက်နှာကို ရိုက်ခတ်သွားသည်။


ချီရှင်းချန်က အန်းရန်ဆီသို့ မက်ဆေ့ချ် ပို့ခဲ့သည်။

[ရေခဲမုန့်ဆိုင်သွားပြီး ရေခဲမုန့်ဘူး 60 ပါဆယ်ဆွဲခဲ့ပါဦး]


အန်းရန်: [အိုကေပါ]


သွေးပူလေ့ကျင့်ခန်းလုပ်ပြီးနောက် စာသင်ရန် အချိန်တန်ပါပြီ။ချီရှင်းချန်ု ငယ်ရွယ်ပြီး နူးညံ့သိမ်မွေ့သောကြောင့် ကျောင်းသားများသက သူ့ကို မကြောက်ကြပေ။တကွဲတပြားစီရပ်ပြီး စကားပြောရယ်မောနေကြသည်။


ရှေ့တန်းက ကျောင်းသားတွေ အဆင်ပြေပေမဲ့ နောက်တန်းက ကျောင်းသားတွေက ဆရာ့အသံကို မကြားရပါချေ။ချီရှင်းချန် သည်းမခံနိုင်တော့ဘဲ လက်ခုပ်တီးလိုက်သည်။ 

"တိတ်တိတ်နေပါ...အတန်းကို အာရုံစိုက်ပါ"


"…အိုး" 

လူအနည်းငယ်က ပြန်ဖြေသည်။ စာသင်ခန်းက ခဏတာ တိတ်ဆိတ်သွားသည်။


ချီရှင်းချန် ထို "အိုး" တွင် မကျေနပ်မှုအချို့ရှိနေသည်ကို ခံစားနိုင်သည်။


ကင်မရာသမားက ကင်မရာကို ချီရှင်းချန်ဆီကို ချိန်လိုက်သည်။


နှစ်နာရီကြာပြီးနောက် အန်းရန် နှင့် ရေခဲဆိုင်က လူငယ်က ပါဆယ်များနှင့်အတူ ဝင်လာခဲ့သည်။ အချို့ကို Fအတန်းမှ ဆရာများနှင့် ကျောင်းသားများအား ဖြန့်ဝေခဲ့ပြီး အချို့ကို ပရိုဂရမ်၏ ဝန်ထမ်းများထံ ဖြန့်ဝေခဲ့ပြီး သုံးဘူးကို ဝေချင် ၊ ချန်ကျားရီ နှင့် ကျန့်ယွိယန်တို့ထံ ပို့ပေးခဲ့သည်။


ချီရှင်းချန်က တစ်ခုယူပြီး မတ်တပ်ထရပ်ကာ ပိုင်ရဲ့ဆီကိုယ်တိုင်ဆီ ပို့ပေးရန် ပြင်ဆင်နေသည်။


သူမထွက်သွားခင်မှာ ပိုင်ရဲ့က တစ်ယောက်တည်းရောက်လာ၏။


"ကောက အချိန်ကိုက်ရောက်လာတာပဲ...ကျွန်တော့်မှာ ကောအတွက် တစ်ခုခု ရှိတယ်"

ချီရှင်းချန်က ရေခဲမုန့်ဘူးကို ကမ်းပေးလိုက်သည် ။


ပိုင်ရဲ့ ခေတ္တရပ်သွားပြီး အနေနိုင်ဘဲ ရယ်လိုက်သည်။ 

"ငါ့မှာလည်း မင်းအတွက် တစ်ခုခု ရှိတယ်"


နောက်တစက္ကန့်မှာ ချီရှင်းလက်ထဲမှာ နို့ပုလင်းပေါ်လာသည်။


မနေ့က တစ်ပုလင်းနဲ့ ဒီနေ့ တစ်ပုလင်း...

ချီရှင်းချန် နားမလည်သည်က ပိုင်ရဲ့က သူ့ကို နို့တိုက်ရသည်အားဤမျှကြိုက်နေလဲဆိုသည်ပင်။သူ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်နို့သောက်ရတာကြိုက်တယ်လို့ ကောထင်လား"


"အင်း" 

ပိုင်ရဲ့က အမှန်အတိုင်းပြောလိုက်သည်။ 

"မင်း အရင်တစ်ခေါက်က 250ml သောက်တာ... ဝမ်းလျှောမှာတောင် ငါကြောက်မိတယ်"


ချီရှင်းချန်: "... ကောင်းပြီ"


ပိုင်ရဲ့က သူ့ကိုယ်ပိုင် အတန်းလည်းရှိသေးသဖြင့် နို့တိုက်ပြီး ပြန်သွားခဲ့၏။ Fအတန်းက မုန့်စားပြီးသည့်အခါ မိနစ် ၄၀ လောက် သင်ခန်းစာပြန်လေ့လာသည်။ ခေါင်းလောင်းသံက မြည်လာပြီး နေ့လည်စာစားချိန်ရောက်ပြီဖြစ်၏။


"My Time" ပရိုဂရမ်အဖွဲ့မှ သင်တန်းသားများအား နေ့လည်စာ ကျွေးမွေးခဲ့သည်။ ဆရာတွေကလည်း သည်မှာ စားချင်လျှင် စား၍ရ၏။ မဟုတ်လျှင်လည်း အပြင်မှာစား၍ရသည်။ မွန်းလွဲပိုင်းရိုက်ကူးရေးမစမီ ကိုယ့်ထိုင်ခုံများကိုယ် ပြန်သွားနိုင်သည်။


ဆရာငါးဦးတို့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြသည်။ သင်တန်းသားတွေ ကောင်းကောင်းစားလားဆိုသည်ကို အားလုံးသိချင်ကြ၏။ တည်နေရာကိုမေးပြီး ကန်တင်းကိုသွားခဲ့ကြသည်။


ကန်တင်းထဲကို ဝင်လိုက်သည်နှင့် သင်တန်းသားတွေ ဝိုင်းအုံလာကြ၏။ ခဏကြာ စကားစမြည်ပြောပြီးနောက် ဒါရိုက်တာက နုနုရွရွဆရာတွေ ဗိုက်ဆာနေမှာကို စိုးသည့်အတွက် သင်တန်းသားတွေကို ပြန်စားရန် အချက်ပြလိုက်သည်။


သင်တန်းသားများက တွန့်ဆုတ်စွာ လူစုခွဲလိုက်ကြသည်။ ထိုမှသာ ချန်ကျားရီု လူတိုင်းကို ဟင်းသီး ဟင်းရွက်ကောင်တာရှေ့သို့ ဆွဲခေါ်သွားခဲ့သည်။


သူတို့မှာ ပန်းကန်တစ်ချပ်စီရှိ၍ နှစ်သက်ရာဟင်းလျာများကို ယူဆောင်သွားနိုင်သည်။ ဟင်းအမယ်မျိုးစုံရှိပြီး အာဟာရလည်း သင့်လျော်သည်။


သူတို့ငါးယောက် ဟင်းတွေယူပြီးနောက် အချိုပွဲတွေက နောက်ဆုံးစင်ပေါ်မှာရှိနေသည်။


[ယနေ့အတွက်ရိက္ခါ:ပဲနီလေးနှစ်လွှာနို့၊ဂျင်းနို့]


ချီရှင်းချန်၏ ဦးရေပြား ထုံကျင်သွားသည်... ဘာကြောင့် နို့ဖြစ်နေပြန်တာလဲ...


ချန်ကျားရီက နှစ်လွှာနို့ကို ရွေးချယ်ခဲ့သည်။ပိုင်ရဲ့က အချိုပွဲမကြိုက်သောကြောင့် မစားခဲ့ပေ။


ကျန့်ယွီယန်က သူ့ညီတွေကို ခေါ်လိုက်သည်။ 

"ရှောင်ချီ၊ဝေချင် မင်းတို့ဘာလိုချင်လို့လဲ"


"ဂျင်းနို့လိုချင်တယ်"


"ရှင်းရှင်းက ဂျင်းနို့မသောက်ဘူး"


ဝေချင် နှင့် ပိုင်ရဲ့တို့၏ အသံများက တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ချီရှင်းချန်က သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူဘာမှမပြောခင်မှာပင် နင်သွားသည်။


ကျန့်ယွီယန် စက္ကန့်အနည်းငယ်မျှ ကြောင်သွားသည်။ သူက ဂျင်းနို့ပန်းကန်ကို ကောက်ယူပြီး ဝေချင်ကို ပေးလိုက်၏။


ပိုင်ရဲ့က ကျန့်ယွီယန်၏သိချင်နေသော မျက်နှာကို ကြည့်ပြီးရှင်းပြလိုက်သည်။ 

"ရှင်းရှင်းက ဂျင်းနို့ မသောက်ဘူး...နှာခေါင်းသွေးလျှံလိမ့်မယ်"


ချီရှင်းချန်: "…"


...တဆိတ်လောက် ဘာလို့ ကျွန်တော့်လျှို့ဝှက်ချက်ကိုပဲဖော်နေရတာလဲဗျ...


နေ့လယ်စာကို ခက်ခဲကြမ်းတမ်းစွာစားပြီးနောက် နှာခေါင်းသွေးယိုခြင်းကို နှစ်သက်သောရှင်းရှင်းတစ်ယောက် လေ့ကျင့်ရေးအခန်းသို့ အမြန်ပြန်ပြေးသွားခဲ့လေသည်။


အစာစားပြီးပြီးချင်း လေ့ကျင့်ရေးလုပ်မရပေ။ယင်းက ဗိုက်အောင့်လွယ်သည်။ 


ပရိုဂရမ်အဖွဲ့မှ ပထမဆုံးအတန်းကို နေ့လယ် ၁း၃၀ နာရီတွင် စီစဉ်ထားသည်။Fအတန်းမှ သင်တန်းသား ၂၉ ဦးအနက် အများစုက အနားယူရန် အဆောင်သို့ ပြန်ခဲ့ကြသည်။ လေ့ကျင့်ရေးအခန်းထဲတွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးသာရှိပြီး မှန်ရှေ့တွင် ကကွက်များကို ထပ်ခါတလဲလဲ ကျက်မှတ်နေသည်။


ချီရှင်းချန် လှည့်၍ လေ့ကျင့်ရေးအခန်းမှ ထွက်လာခဲ့ပြီး ဘေးခန်းက Aအတန်းကို သွားကြည့်လိုက်၏။


 Aအတန်းတွင် သင်တန်းသား ခြောက်ယောက်ရှိပြီး အားလုံးတက်ရောက်ကြသည်။


ထို့ကြောင့် အချို့သော သင်တန်းသားများ F အတန်းတွင်တက်ရသည့် အကြောင်းရင်းမှာ အရည်အချင်းနှင့် ဝင်ခွင့်နောက်ကျခြင်းမျှသာ မဟုတ်ပေ။


သူ အခြားအတန်းများသို့ သွားပြီးနော် Fအတန်း ၏ လေ့ကျင့်ရေးအခန်းသို့ ပြန်လာခဲ့သည်။ အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် သင်တန်းသားများ၏ အလယ်သို့ လျှောက်သွားပြီး "ဆရာသင်တာကို ဗီဒီယိုရိုက်ထားလား" ဟု မေးလိုက်သည်။


သင်တန်းသား ရှစ်ဦးက သူ စကားပြောမည်ဟု မမျှော်လင့်ထားပေ။ "ဟုတ်ကဲ့" ဟုမဖြေခင် ခဏလောက် အံ့ဩသွားကြ၏။


"ဖွင့်လိုက်" 

ချိရှင်းချန်ပ ပြောသည်။

"ငါမင်းတို့နဲ့အတူတူ သင်မယ်"


လူတိုင်းက ဖုန်းကို ထုတ်လိုက်ကြသည်။ချီရှင်းချန် သူ့လက်ထဲ ပထမဆုံးရောက်လာသည့်ဖုန်းကို ယူပြီး ကြည့်လိုက်၏။


ဆရာ၏သရုပ်ပြဗီဒီယိုများသာရှိပြီး ရှင်းပြချက်မရှိပါချေ။


တခြားသူတွေလည်း အတူတူပါပင်။ ဆရာမက ရှင်းပြသောအခါတွင် သူတို့အားလုံးက သင်ယူရန် အာရုံစိုက်ခဲ့ကြပြီး ဗီဒီယိုရိုက်ကူးရန် အချိန်မရှိခဲ့ကြပေ။


"... ထားလိုက်ပါကွာ...သိမ်းလိုက်တော့..

."


ချီရှင်းချန် ခေါင်းကိုက်သွား၏။ 

"ဗီဒီယိုကို မကြည့်နဲ့... မင်းတို့အတွက် ကကွက်တွေကို ခွဲခြမ်းစိတ်ဖြာပေးမယ်"


သူ ယခုလိုပြောသည်ကိုကြားသောအခါ သင်တန်းသားတွေက ပိုအံ့သြသွားသည်။


ချီရှင်းချန်...ကြယ်အလင်းလန်းအကဲဖြတ်သူက...ကကွက်တွေကို ရှင်းပေးမယ်တဲ့လား...