အပိုင်း ၇၈
Viewers 28k

Chapter 78




ပွဲဦးထွက်ကတည်းက သူ၏ကိုယ်ရေးအကျဉ်းကိုကြည့်လိုက်လျှင် ဝဘ်ဒရာမာတွေမှာ ဇာတ်ပို့ဇာတ်ဆောင် နှစ်ခုသုံးခုလောက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူကြိုက်များသည့် ရသစုံရှိုးတစ်ခုမှာ ပါဝင်ခဲ့သည်။ ထုတ်လွှင့်ခြင်းမပြုရသေးသည့် ဒရာမာတစ်ကားကို တရားဝင်ကြေငြာထားပြီး ရေမွှေးဘရန်တစ်ခု၏ ထောက်ခံမှုကို လက်ခံရရှိခဲ့သည်...


ထို့နောက် "My Time" သို့ရောက်လာသည်။


သီချင်းဆိုခြင်း သို့မဟုတ် ကခြင်း နှင့် သက်ဆိုင်သော လှုပ်ရှားမှုများ မရှိပါချေ။


ဒါဖြင့်... သူ ဘယ်လို ကရတယ်ဆိုတာ သိလို့လား...


ကင်မရာရှေ့မှာ ကြွားဖို့ မျက်စိစုံမှိတ် ကမှာများ ဖြစ်နိုင်သလား...


သူတို့ ရှစ်ယောက်မှာ အခြေခံအုတ်မြစ်ကောင်း မရှိခဲ့ပါချေ။ သုံးရက်က သူတို့အတွက် မလောက်ပေ။


ကြယ်အလင်းတန်း အကဲဖြတ်သူနှင့် လိုက်ပြီး တစ်စက္ကန့်ပင် မဖြုန်းချင်ပေ။


သင်တန်းသား ရှစ်ဦးက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်လုံးချင်း စကားပြော၍ သူ့ကို ငြင်းပယ်ဖို့ ကိုယ်စားလှယ် စေလွှတ်ရန် ပြင်ဆင်နေကြသည်။


ကံမကောင်းစွာနှင့် ချီရှင်းချန်က သူတို့ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူ့အဝတ်တွေကို ချွတ်ပြီး လက်ခုပ်တီးလိုက်သည်။ 


"ကောင်းပြီ...အာရုံစိုက်ပါ...ပထမဆုံးစည်းချက်ရှစ်ချက်ကို ခွဲကြည့်ရအောင်...တစ်၊ နှစ်၊ သုံး၊ လေး ပထမလေးချက်က အလွတ်ရိုက်ချက်... ပဉ္စမမြောက် ရိုက်ချက်က ခေါင်းစောင်းပြီး ကင်မရာကို လက်ညှိုးထိုးပြပါ…"


သူပြောပြီးသည်နှင့် ပထမဆုံး လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။


ငြင်းရန် အခွင့်အလမ်းမရှိသည်ကို မြင်သဖြင့် သင်တန်းသားများသည် ၎င်းတို့၏ ယခင် အတွေးများကို စွန့်လွှတ်ကာ သူ၏ လှုပ်ရှားမှုများအတိုင်း လိုက်လုပ်ရန် ကျည်ဆန်ကို ကိုက်လိုက်ကြသည်။


အစပိုင်းရှိ လှုပ်ရှားမှုများက ရိုးရှင်းပြီး ပထမ အသံတွဲလေးခုကို လျင်မြန်စွာ သင်ယူနိုင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သင်တန်းသားများ၏အမူအရာက ပိုပို၍ တုန်လှုပ်လာသည်။


ဤအကြောင်းကို သူတို့ ပိုတွေးလေလေ၊ ဤကြယ်အလင်းတန်း အကဲဖြတ်သူက ဟန်ပြကြွားရုံတင်မဟုတ်ဘဲ သူတို့ကို တကယ်ကို သင်ပေးနေပုံရသည်ကို ပိုသိလာလေလေပါပင်။


ဆရာ့ဗီဒီယိုကို မကြည့်ဘဲ လှုပ်ရှားမှုများကို အလွန်ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ပိုင်ရဲ့ကဲ့သို့ပင်၊ သူက အကတစ်ခုလုံးကို ကြိုတင်လေ့လာထားပြီးဖြစ်သည်မှာ ထင်ရှားသည်။


ထို့အပြင်၊ ခွန်အား၊ တိကျမှုနှင့် လက်မောင်းကို မြှောက်လိုက်သည့် ထောင့်သည် ပရော်ဖက်ရှင်နယ် ဆရာတစ်ဦးနှင့် အတူတူပင်။ သန့်ရှင်းသပ်ရပ်နေသည်။လှုပ်ရှားမှုများမှာ သိသာထင်ရှားပြီး ကိုယ်ကိုတွန့်ပုံ နှင့် အတေအထားထိန်းချုပ်မှုတို့က ၎င်းကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ဤသည်က အသစ်လေးတွေ လုပ်နိုင်သည့် အရာမဟုတ်သည်က သေချာ၏။


သူတို့ထက် အများကြီး ပိုသန်မာသည် ပြောရပေမည်။


အကမှာအားနည်းသော Aအတန်းမှ ကျောင်းသားများနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။


သင်တန်းသား ရှစ်ဦး ယုံကြည်လက်ခံသွားခဲ့သည်။ ထိုမှသာ သူတို့သည် မှန်ထဲတွင် ချီရှင်းချန်ကို စတင်ကြည့်ရှုပြီး သူ၏ လှုပ်ရှားမှုများကို အလေးအနက်ထားကာ တစ်ခုပြီးတစ်ခု ကျက်မှတ်လိုက်ကြသည်။


လေ့ကျင့်နေချိန်ဆိုလျှင် အချိန်က အမြဲတမ်း မြန်လေသည်။ပဓာနတေးသွား၏ ပထမအပိုင်းကို သင်ယူပြီးချိန်မှာမွန်းလွဲ ၁ နာရီ ၂၀ လောက်ရှိနေပြီဖြစ်၏။Fအတန်းမှ အခြားသင်တန်းသား များ လေ့ကျင့်ရေးခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာကြသည်။


သူတို့က အုပ်စုကိုယ်စီဖြင့် တစ်ချို့က တဟားဟားရယ်နေသည်၊ တစ်ချို့က သူတို့၏ WeChat Moments ကို ကြည့်နေကြသည်၊ သူငယ်ချင်းတစ်ယောက်နှင့် အသံချတ်ကတစ်ဆင့် စကားပြောနေသည့်သူပင် ရှိသေး၏။ ကင်မရာကိုမြင်သောအခါတွင် ဖုန်းကို အမြန်သိမ်းထားလိုက်ကြသည်။


ချီရှင်းချန် ဘေးသို့ ဆုတ်သွားပြီး မျက်မှောင်ကြုတ်သော်လည်း ဘာမှ မပြောပေ။ ကင်မရာရှိနေသဖြင့် သူ သူတို့ကိုမျက်နှာတချို့ပေးရန် လျှော်ပေးလိုက်ရသည်။


အကဆရာမက စာသင်ခန်းထဲကို အချိန်မီဝင်လာပြီး သင်တန်းသားတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ခိုင်း၏။ သူမက ပြုံးပြီးဆိုသည်။

"လာ...မနက်က အပိုင်းနှစ်ပိုင်း ပြန်လုပ်ကြည့်ရအောင်" 


ပြန်နွှေးသည်က စလုပ်သည်များနှင့် မတူပေ။ လှုပ်ရှားမှုတစ်ခုစီတိုင်းကို သေသေချာချာလေ့လာရန်မလိုအပ်သောကြောင့် သူမက စည်းချက်များကို အလွန်လျင်မြန်စွာ ရေတွက်ခဲ့သည်။ ၎င်းသည် ပဓာနတေးသွား၏ စည်းချက်ထက် ၀.၅ ဆခန့် နှေးကွေးသည်။


စိတ်မသက်မသာဖြစ်ရသည့်အချက်မှာ ပြန်နွှေးပြီးနောက် လူအများက သူမကို လိုက်မမီနိုင်ခြင်းကြောင့်ဖြစ်သည်။


"ပထမတန်းရဲ့ အလယ်က သုံးယောက်၊ ဒုတိယတန်းရဲ့ ညာဘက်က နှစ်ယောက်၊ တတိယတန်းရဲ့ ညာဘက်က နှစ်ယောက်က မဆိုးဘူး...ကျန်တာတွေက လုံလောက်အောင် မကျွမ်းကျင်ဘူး" ဆရာမက ပြောသည်။ 

"အချိန်က အရမ်းကြပ်တယ်...အဲဒီတော့ ငါ အစကနေ ပြန်ပြရုံပဲတတ်နိုင်တယ်... ဒီတစ်ခါ ဘယ်နည်းကို သုံးနေပါစေ မှတ်မိဖို့တော့ လိုမယ်နော်"


"အို- ကေ -"


သင်တန်းသားတွေက သံရှည်ဆွဲကာဆိုသည်။

သူတို့၏အာမခံမှုကိုပြီးနောက် ဆရာမက သူတို့ကို အစကနေ ပြန်ပြသည်။


သို့သော် အခြေအနေက သူမ စိတ်ကူးနှင့် မတူ။ အများစုက လှုပ်ရှားမှုများကို ဂရုတစိုက် ကျက်မှတ်ရန် ဂရုမစိုက်ကြပေ။ ဒုတိယတန်းမှာ တခြားသင်တန်းသားတွေ၏ နောက်ကျောဘက်မှာ ခေါင်းပြူနေသည့် သင်တန်းသား အနည်းငယ်ပင် ရှိခဲ့သည်။


"မင်းက တတ်တာ အရမ်းမြန်တယ်နော်... မှတ်ဉာဏ်က ကောင်းလိုက်တာ"


"ကျေးဇူးတင်တယ်...ငါ့မှတ်ဉာဏ်က သာမန်ပါပဲ...ချီလောင်ရှီးက ငါတို့ကို နေ့လည်တုန်း လေ့ကျင့်ပေးခဲ့တာ"


"ကြယ်အလင်းတန်းအကဲဖြတ်သူလား... သူက ကတတ်လို့လား"


"ဝူချန်" 

ဆရာမက သည်းမခ့နိုင်တော့ဘဲအော်လိုက်၏။ "သခင်ခန်းစာကို အာရုံစိုက်ပါ...မင်းစကားပြောချင်ရင် အတန်းပြီးတဲ့အထိစောင့်"


ဝူချန်က သူ့အမှားကို ချက်ချင်းဝန်ခံလိုက်သည်။ ဆရာမက ဆက်သင်ပေးသည်ကိုမြင်သောအခါ တစ်စုံတစ်ခုကို တိုးတိုးလေးပြောလိုက်သည်။


ဤပေါက်ကွဲသံက Fအတန်းကို ခဏတာ အထိတ်တလန့် ဖြစ်စေသည်။ မနက်ခင်းက လှုပ်ရှားမှုများကို ပြန်လည်နွှေးပြီးနောက် လှုပ်ရှားမှုအသစ်များကို သင်ကြားပို့ချပေးသည်။


လေ့ကျင့်ခန်းထဲမှာ အသံတိုးတိုးတစ်ခု ထပ်ထွက်လာသည်။


ချီရှင်းချန် ဘယ်ဘက် ကင်မရာမင်း၏ ဘေးတွင် ထိုင်နေသည်။ ဆရာမမျက်နှာမှာ နာကျည်းမှု နှင့် သည်းမခံနိုင်သော ခံစားချက်များ ဖြည်းညှင်းစွာ ပေါ်လာသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


သင်တန်းသားတွေကို အလွန်ကြီး အပြစ်တင်ရန် သူမ မဝံ့ရဲပေ။ သင်တန်းသားတစ်ယောက်ယောက်မှာဖန်တွေရှိနေပြီး အစီအစဉ် ထုတ်လွှင့်ပြီးတဲ့နောက်မှာ ဖန်တွေက သူမကို ကြိမ်းမောင်းရင် ဘယ်လိုလုပ်မလဲ...


သူမ သည်းခံရုံတာတတ်နိုင်သည်။


"အနှောင့်အယှက်ပေးရလို့ တောင်းပန်ပါတယ်"


ထိုအချိန်တွင် ဘယ်ဘက်မှ ယောက်ျားအသံ ထွက်ပေါ်လာသည်။ ဆရာမ လှည့်ကြည့်လိုက်သောအခါ ချီရှင်းချန် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ တောင်းပန်သည့်အနေဖြင့် သူမကို ဦးစွာ ခေါင်းညိတ်ပြပြီး "ငါးမိနစ်လောက် အချိန်ပေးနိုင်မလား" ဟု မေးသည်။


"ဟုတ်ကဲ့"


"ကျေးဇူးတင်ပါတယ်" 

ချီရှင်းချန်က သူမကို ကျေးဇူးတင်စကား ပြောပြီး ဆရာမအနားကို လျှောက်သွား၏။


ကင်မရာသမားက သူ့လေသံ မကောင်းမှန်း ပြောနိုင်၏။ သူက ကင်မရာဆုံချက်ကို လျင်မြန်စွာ ချိန်ညှိပြီး ချီရှင်းချန်၏အပေါ်ပိုင်းကို ချဲ့ရိုက်လိုက်သည်။ ချွေးပေါက်မရှိသော ချီရှင်းချန်၏ လှပသောမျက်နှာက ကင်မရာထဲတွင် ချက်ချင်းပေါ်လာသည်။


"ဒီနေ့ နေ့လည်စာစားပြီးတာနဲ့ အတန်းတိုင်းကို သွားကြည့်တယ်... Aအတန်းမှာ လူ၆ ယောက်ရှိတာ၊လေ့ကျင့်ရေးခန်းထဲမှာအကုန်ရှိတယ်... Bအတန်းက လူ ၁၅ ယောက်ရှိတာ၊လေ့ကျင့်ရေးချန်းထဲမှာ ၁၃ ယောက်ရှိတယ်...Cအတန်းက လူ ၁၈ ယောက်ရှိတာ၊ လေ့ကျင့်ရေးအခန်းထဲမှာ ၁၄ ယောက်ရှိတယ်... Dအတန်းက လူ ၂၀ ရှိပြီး လေ့ကျင့်ရေးအခန်းထဲမှာ ၁၃ယောက်ရှိတယ်... ငါတို့ အတန်းက လူ၂၉ ယောက် ရှိတယ်…"



ချီရှင်းချန်၏ အသံက နိမ့်သွားသည်။ 

"လေ့ကျင့်ရေးအခန်းထဲမှာ လူဘယ်လောက်ရှိလဲ ခန့်မှန်းကြည့်"


ပရိသတ်က အသံတိတ်သွားသည်။ ဘယ်သူမှ အသံမထွက်ပေ။


"လူ ၈ ယောက်၊ ၈ ယောက်ပဲ" 

ချီရှင်းချန်ဆီက ရုတ်တရက် အသံထွက်လာသည်။ 

"လူ ၂၉ ယောက်ရဲ့ တစ်ဝက်တောင် မဟုတ်ဘူး"


သူက ငယ်ရွယ်ပြီး ဆရာတစ်ဦးမဟုတ်ပေ။Fအတန်းမှ ကျောင်းသားများသည် သူ့ကို မကြောက်ကြဘဲ သိပ်ဂရုမစိုက်ကြပေ။


သူ၏ဒေါသသံကို ကြားလိုက်ရသောအခါ အံ့ဩသွားပြီး မျက်လုံးတွေ ပြူးကျယ်လျက် သူ့ကို စိုက်ကြည့်နေကြသည်။


ချီရှင်းချန်က သူတို့ကို ပြန်ကြည့်လိုက်၏။ 

"ဟုတ်ပါတယ်...ပထမဆုံးအကြိမ်မှာ F အတန်းအဖြစ် အဆင့်သတ်မှတ်ခံရတာက အဆိုးဆုံးအစပဲ...ဆိုလိုချင်တာက မင်းတို့ ဖယ်ထုတ်ခံရဖို့ အခွင့်အလမ်း အရမ်းများတယ်... မင်းတို့ရဲ့အတွေးကို ငါနားလည်တယ်... ဒါပေမဲ့ မင်းတို့ဒီလိုပဲ ထွက်သွားဖို့ ဆန္ဒရှိလား"


"မင်းတို့က မင်းတို့ကုမ္ပဏီနဲ့ မိသားစုရဲ့မျှော်လင့်ချက်တွေနဲ့ အဖွဲ့ထဲကိုဝင်ခဲ့ပြီး ကင်မရာကို လူ 88 ယောက်နဲ့ မျှဝေခဲ့တယ်...နောက်ဆုံးကျတော့ တည်းဖြတ်ပြီးတဲ့နောက်မှာ မျက်နှာနှစ်ခါသုံးခါ ပြခွင့်ရတယ်..."


"တစ်လလောက်ကြာရင် မင်းတို့ဒီမှာရှိနေတာကို ပရိသတ်က မေ့သွားလိမ့်မယ်... အဲဒါကို လက်ခံဖို့ ဆန္ဒရှိလား"


ဤစကားတွေက နားဝင်မချိုပေ။သို့ပေမဲ့ သူတို့၏ နှလုံးသားများကို အပြည့်အ၀နီးပါး ထိုးဖောက်သွားကြသည်။ သူနှင့် အနီးဆုံး သင်တန်းသားက ခေါင်းညိမ့်လိုက်သည်။ နောက်တန်းရှိလူ၏မျက်နှာက တဖြည်းဖြည်းနီရဲလာသည်။


"ပထမနှစ်ကျော့မှာ ပြိုင်ပွဲဝင်တွေကို ပရိုဂရမ်အဖွဲ့က မဖယ်ထုတ်ရတဲ့ အကြောင်းရင်းက ပရိသတ်ကို မင်းတို့ကို သိခွင့်ရဖို့ အခွင့်အရေးတွေ ပိုပေးချင်လို့ပဲ... သူတို့က မင်းတို့ကို တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးတွေ ပေးချင်တာ၊ ကိုယ့်အတွက် မဲဆွယ်ပြီး ပြိုင်ပွဲအတွက် တိုက်ပွဲဝင်စေချင်တာ...နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးအတွက်ကြိုးပမ်းစေချင်တာ"

ချီရှင်းချန်က ခဏရပ်လိုက်သည်။

"ကံမကောင်းစွာနဲ့ပဲ ဒီနေ့ အခွင့်အရေးကို ဆုပ်ကိုင်ထားတဲ့သူ ရှစ်ယောက်ပဲ တွေ့ခဲ့တယ်... သူတို့အားလုံး တော်ကြပါတယ်"


"ကျန်တာတော့ မင်းတို့ဘာလုပ်ဖို့စီစဉ်ထားလဲ ငါမသိဘူး... ငါ့မှာ ပြောစရာတစ်ခုပဲရှိတယ်"


သူ အသက်ပြင်းပြင်းရှူပြီး အတန်းလေးတန်းရှိ သင်တန်းသားများကို တစ်ယောက်ချင်းကြည့်လိုက်သည်။ 

"စင်ပေါ်မှာရှိချင်တဲ့ ဆန္ဒနဲ့ စွမ်းရည်စစ်ရှိုးမှာ ပါဝင်ဖို့ မင်းတို့တစ်ယောက်ချင်းစီက ဒီကိုလာကြတာလို့ ငါယုံကြည်တယ်...စင်မြင့်က ကြီးတယ်၊ လှတယ်၊ တောက်ပတယ်...နေ့တစ်ဝက်ပဲ ကုန်ဆုံးသွားသေးတာကို အခွင့်ကောင်းယူပါ...အလုပ်ကြိုးစားရင် အချိန်မီ ရပ်တည်နိုင်မှာပါ"


"ဒီည ၈ နာရီမှာ အတန်းပြီးမယ်...ငါ မင်းတို့နဲ့ အတူတူ လေ့ကျင့်မယ်...အဆောင်ကိုပြန်ချင်သူတွေလည်း ပြန်လို့ရပါတယ်...လေ့ကျင့်ချင်သူတွေ မေးသမျှ ဖြေနိုင်အောင် ကြိုးစားပါ့မယ်"


"ဒါပါပဲ...နှောက်ယှက်မိလို့ တောင်းပန်ပါတယ် ဆရာမ...အတန်းကိုဆက်ပါ"


သူစကားပြောပြီးသောအခါ၊ ချီရှင်းချန် သင်တန်းသားများ၏ တုံ့ပြန်မှုကို မကြည့်ဘဲ လေ့ကျင့်ရေးအခန်းမှ တိုက်ရိုက်ထွက်လာခဲ့သည်။


ရေချိုးခန်းထဲဝင်သွားပြီး လက်ကို ဘေစင်ပေါ်တင်လိုက်သည်။ ထိုမှသာ သူအသက်ရှုတွေမြန်ပြီး နှလုံးခုန်မြန်နေမှန်း သိလိုက်ရသည်။


ဆက်ကပ်အဖွဲ့၏ မှောင်မိုက်သောနေ့ရက်များနှင့် နှိုင်းယှဉ်ပါက မည်သူက တောက်ပသောနေရာသို့သွားရန် အခွင့်အရေးကို မည်သို့စွန့်လွှတ်နိုင်မည်နည်း။


အလင်းရောင်က သူ့ရှေ့၊ လက်လှမ်းမီသောနေရာမှာ ဖြစ်သည်။အဘယ်ကြောင့် မကြိုးစားရမည်နည်း။


သူ ပိုက်ခေါင်းကိုဖွင့်ပြီး ရေလက်ခုပ်အနည်းငယ်သောက်လိုက်သည်။ ဗိုက်ထဲက အေးစက်သည့်ခံစားချက်က သူ့ကို ငြိမ်သက်သွားစေသည်။ ပါးစပ်ထောင့်တွေကို သုတ်လိုက်ပြီး Fအတန်းဆီကို ဖြည်းညှင်းစွာ ပြန်လျှောက်သွားခဲ့၏။


သင်တန်းသားများ သူဆီက အခြောက်ခံရခြင်းဖြစ်ကောင်းဖြစ်နိုင်သည်၊ နေ့ခင်းတစ်ခုလုံးတွင် စည်းမဲ့ကမ်းမဲ့ ဖြစ်ခြင်း သို့မဟုတ် အချင်းချင်း တီးတိုးပြောဆိုခြင်း လက္ခဏာမတွေ့ရပေ။


မျက်စိတစ်မှိတ်အတွင်းမှာ နာရီလက်တံက ၈ နာရီ ထိုးနေလေပြီ။ ဆရာမက အတန်းပြီးဆုံးကြောင်း ကြေညာသည်။ မထွက်ခင်မှာ သူမက "မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"ဟု တိုးတိုးလေးပြောခဲ့သည်။


"ဆရာမက ပိုပြီး အလုပ်ကြိုးစားခဲ့ပါတယ်"

ချီရှင်းချန် ခေါင်းခါပြီး ဆရာမထွက်သွားသည်ကို ကြည့်နေလိုက်၏။ သင်တန်းသားတွေကို သူပြောလိုက်၏။


"မင်းတို့ ထမင်းသွားစားကြ...ငါ ၉ နာရီအထိ ဒီမှာစောင့်နေမယ်...၉ နာရီအထိ ဘယ်သူမှ မရှိရင် ငါလည်း ထွက်သွားမှာပါ" 


သူစကားပြောပြီးသည့်အခါ WeChat ကိုဖွင့်ပြီး အန်းရန်ထံ စာတိုတစ်စောင်ပို့လိုက်သည်။ [ကျွန်တော် ခဏနေလိုက်ဦးမယ်... ကျဲနဲ့ဦးလေးချင်း ကျွန်တော့်ကိုမစောင့်နဲ့တော့...ဟိုတယ်ကို အရင်ပြန်သွားနှင့်]


သူ့ဖုန်းကို သိမ်းလိုက်ပြီး မော့ကြည့်လိုက်သောအခါ သင်တန်းသားအားလုံး အရင်ပုံစံအတိုင်းပဲ ရှိနေသည်ကို တွေ့လိုက်ရ၏။ သူတို့က မလှုပ်မယှက်နှင့် သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။


"ချီ...ချီလောင်ရှီး…"

ဝေချန်က အထစ်ထစ်အငေါ့ငေါ့ဆိုသည်။ 

"နေ့ခင်းပိုင်း သံပြိုင်အပိုဒ်မှာ လှုပ်ရှားမှုတွေက အရမ်းခက်ခဲတယ်... အဲဒါကို မလေ့လာနိုင်ခဲ့ဘူး... နောက်ထပ် အကြိမ်နည်းနည်းလောက် လေ့ကျင့်ပေးလို့ရမလား"


ချီရှင်းချန် အံ့အားသင့်သွားသည်။


"လောင်ရှီးရဲ့အချိန်တွေကို အများကြီးယူမှာမဟုတ်ပါဘူး...အဓိကအချက်တွေကို ပြောပြပြီးရင် ကျန်တာကို ကျွန်တော်တို့ဘာသာလုပ်ပါ့မယ်"


"....."


ချီရှင်းချန်က သူ့နှာခေါင်းဖျားကို ပွတ်လိုက်ပြီး သူ့အကျီကို ချွတ်လိုက်သည်။ 

"ဘာလို့ ငါ့ကိုကြည့်နေတာလဲ သီချင်းဖွင့်"


D အတန်း၏တိုးတက်မှုက F အတန်းထက်မြန်သည်။ ယနေ့ သူတို့ ကကွက် အားလုံးကို သင်ယူပြီးသွားပြီဖြစ်၏။ မနက်ဖြန် နေ့တစ်ပိုင်းအခြေခိုင်အောင် တစ်စုတစ်စည်းထဲ ပေါင်းပြီးပါက အဆိုသင်တန်းကို ပြောင်းနိုင်ပြီဖြစ်သည်။


8:30 တွင် ပိုင်ရဲ့က သင်တန်းသားများ၏ လေ့ကျင့်မှုတွင် ဦးဆောင်ရန် အဖွဲ့ခေါင်းဆောင် စီစဉ်ပေးခဲ့သည်။ သူ မထွက်သွားခင် ချီရှင်းချန် ထွက်သွားပြီလားဆိုသည် ကိုသူသိချင်သောကြောင့် Fအတန်း၏ လေ့ကျင့်ရေးအခန်းကို သူသွားလိုက်သည်။


တံခါးဖွင့်လိုက်သောအခါ အခန်းထဲမှာ တအီအီညည်းရင်း လက်ဆန့်လိုက် ခြေကန်လိုက်လုပ်နေသည့်လူငယ်လေးတွေ ပြည့်နေသည်ကို တွေ့လိုက်ရသည်။ အကျိုးသက်ရောက်မှုသည် နတ်ဆိုးအုပ်စုတစ်စု၏ အရိုင်းဆန်စွာ ကခုန်ခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။


ကခုန်နေသည့် နတ်ဆိုးတွေထဲမှာ သူရှာနေသည့်လူက လက်ပိုက်ကာ သူ၏ အားကစားဝတ်စုံကို ခါးမှာ ချည်ထားသည်။ သူက သင်တန်းသားများကြားတွင် လမ်းလျှောက်နေပြီး သူ့အသံမှာ မထွက်လုနီးပါး ဖြစ်နေသည်။


"မင်းတို့ရဲ့လက်ဝှေ့ယမ်းတဲ့အခါ မင်းတို့ရဲ့လက်မောင်းကိုသုံးပြီး လက်ဖျံကို ရွှေ့ခိုင်းတာလေ... လက်တွေကိုဘာလို့လှုပ်နေတာလဲ... မင်းက ငန်းမဟုတ်ဘူးလေကွာ"


"ခါးကို နှိမ့်၊ နှိမ့်... ဟုတ်တယ်၊ ဒါပဲ၊ နာကျင်မှုကို မကြောက်နဲ့...မင်း ကျင့်သားရလာလိမ့်မယ်"


"အရင်တစ်ခုကို မပြီးဘဲ နောက်တစ်ခုလုပ်ဖို့ အလျင်စလိုမလုပ်နဲ့... အလျင်စလိုလုပ်၍မရဘူး... လှုပ်ရှားမှုနှစ်ခုကို အရင်လေ့ကျင့်ပြီးမှ ဆက်စပ်မှုကို စဉ်းစားပါ...မင်း ရေသာခိုနေတာကို ပရိသတ်က မမြင်ဘူးထင်လား"


"အင်း...ခွဲတာတွေက တော်တော်ကောင်းတယ်... ဘာ...ခွဲတာမဟုတ်ဘူးလို့ မင်းပြောတာလား...ဒါဆို မင်းခြေထောက်တွေ ဘာလို့ ဒီလောက် ကားနေတာလဲ...ပြန်စေ့"


သူထောက်ပြခဲ့သည့် သင်တန်းသားများက စိတ်မဆိုးပါချေ။ထိုအစား သူက ကျေနပ်စွာ ပြုံးပြသည်။ သူတို့က ချီရှင်းချန်ကို မျက်နှာချိုသွေးပြီး သူ့ညွှန်ကြားချက်အတိုင်း သူ့ကိုယ်ဟန်အနေအထားကို ချိန်ညှိလိုက်သည်။


အခန်းက ပျော်ရွှင်မှုနှင့် သဟဇာတရှိသော မြင်ကွင်းတစ်ခုဖြစ်သည်… ချွေးနံ့နည်းသွားလျှင် ပိုကောင်းမည်ပင်။


ပိုင်ရဲ့ ၏မျက်လုံးများက ချီရှင်းချန်၏နောက်သို့ လိုက်သွားခဲ့သည်။ ငါးမိနစ်လောက်ကြာသေယအခါ အမြင်စူးရှသည့် သင်တန်းသားတစ်ယောက်ကအော်လိုက်၏။


 "ပိုင်လောင်ရှီး"


"...ဟမ်" 

ချီရှင်းချန် မသိစိတ်ဖြင့် ခေါင်းလှည့်လိုက်သည်။


တံခါးဝမှာ ရပ်နေသည့် အရပ်ရှည်ရှည် လူတစ်ယောက်ကို မြင်လိုက်ရသောအခါ သူ ချက်ချင်း လက်နှစ်ဖက်ကို ချလိုက်ပြီး သေချာ ရပ်လိုက်သည်။ သူက သူ၏ "အစွယ်တကားကား လက်သည်းတတပြပြ" မျက်နှာကို ဖယ်ရှားလိုက်သည်။


"D အတန်းပြီးပြီလား" 

သူက ပိုင်ရဲ့ကို လိမ်လိမ်မာမာမေးလိုက်သည်။


"မဟုတ်ဘူး...ငါ သူတို့ကို လေ့ကျင့်ပေးဖို့ မော်နီတာကို ခိုင်းခဲ့တာ" 

ပိုင်ရဲ့က မျက်ခုံးပင့်လိုက်သည်။ 

"ဘယ်လောက်ကြာမှာလဲ"


"သေချာမပြောနိုင်ဘူး...သူတို့မှာ အခြေခံတွေ အားနည်းနေတယ်...ကျွန်တော် သူတို့ကို အသေးစိတ်လိုက်ပြပေးရမှာ"


"ကောင်းပြီ" 

ပိုင်ရဲ့ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ဒါဆို ငါ မင်းနဲ့အတူတူ သူတို့ကိုသင်ပေးမယ်"


၎င်းကိုကြားသောအခါ F အတန်းကလူတွေအားလုံး ပျော်လွန်း၍ ရေးခနဲအော်ဟစ်မိကြပြီး ခေါင်မိုးလန်အောင်လုပ်မိလုနီးပါးပါပင်။


ပိုင်ရဲ့က ချီရှင်းချန်အတွက် ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်ပေးရန် သူတို့ မမျှော်လင့်ထားပါချေ။


အခန်းတွင်းရှိ လူတစ်ဝက်လောက်သည် ညဥ့်ကောင်းကင်နှင့် ဖြတ်သွားဖြတ်လာဖန်များဟုဆိုလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။


သူတို့ အကြိုက်ဆုံး ကြယ်ပွင့်နဲ့ အနီးကပ် ထိတွေ့ခွင့်ရလို့ အရမ်းပျော်တယ်...


ပိုင်ရဲ့က အမြဲတမ်း တက်ကြွသည့်သူတစ်ယောက်ဖြစ်၏။ သူပြောသည့်အတိုင်းလုပ်ခဲ့ပြီး ပထမတန်းကနေစပြီး ချက်ချင်းပဲ သူတို့ကို တစ်ယောက်ချင်း လမ်းညွှန်ပေးခဲ့သည်။


ချီရှင်းချန်က မစားလည်းရပေမဲ့ သူပိုင်ရဲ့ကို ဗိုက်မဆာစေချင်ပေ။ ကံကောင်းစွာနှင့် အန်းရန်က ခေါင်းမာပြီး ဆက်နေခဲ့သည်။ သူ အန်းရန်ကိုခေါ်ပြီး D အတန်းနှင့် F အတန်းအတွက် ထမင်းဘူးသွားဝယ်ခဲ့သည်။


F အတန်း၏လေ့ကျင့်ရေးအခန်းက အကြီးဆုံးဖြစ်၏။ အစားအသောက်တွေပြန်ယူလာပြီးနောက် ပိုင်ရဲ့င D အတန်းထဲက ကျောင်းသားတွေကို F အတန်းကိုခေါ်ပြီး အဝိုင်းကြီးကြီးထဲမှာ ဝိုင်းထိုင်ကြသည်။


ထမင်းဘူးများကို ဝေငှပြီးနောက် ပိုင်ရဲ့၏ဘေးတွင်ထိုင်နေသော ဝေချန် ပိုင်ရဲ့၏ထမင်းဘူးကိုကြည့်ပြီးနောက် သူ့ဟာသူကြည့်လိုက်သည်။ သူက နောက်စေ့ကို ကုတ်လိုက်ပြီးဆိုသည်။ "ဟေး ပိုင်လောင်ရှီးရဲ့ ထမင်းဘူးက ထိပ်တန်းပဲ... ငါတို့နဲ့ မတူဘူး" 


သူ့ဘေးနားက လူတွေက သူ့ကို အမြန် တံတောင်နှင့်တွက်ကြသည်။ 

"ဆရာ့ညစာက ငါတို့နဲ့ ဘယ်လိုတူလဲ..ပါးစပ်ပိတ်ပြီး စားစရာရှိတာစား"


"ဒါပေမဲ့ ချီလောင်ရှီးရဲ့ဟာက ငါတို့နဲ့အတူတူပဲလေ... ဟင်းပွဲတွေလည်း အတူတူပဲ...ပန်းဂေါ်ဖီ ၊ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူဆော့စ်နဲ့ ဝက်သားလွှာ...ပိုင်လောင်ရှီးကကျ ခမ်းဝါနဲ့စတိတ်ခ်လေ... ကျန်တာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး... ပုဇွန်တွေလည်းပါတယ်"


"ကျစ်... မင်းပြောတာ မှန်တယ်...တကယ်ကြီးအဲလိုဟ"


သူတို့၏ စကားဝိုင်းက တိုးတိုးတိတ်တိတ်မဟုတ်သဖြင့် အရာအားလုံးက ပိုင်ရဲ့၏ နားထဲသို့ တိုးဝင်သွားသည်။ပိုင်ရဲ့က ဖန်လေးကို ဘေးတိုက်ကြည့်လိုက်သည်။


ဖန်လေးက ထမင်းဘူးကို ကိုင်ထားရင်း သူ့ဖင်ကို ဝင်ရိုးအဖြစ် အသုံးပြုကာ ခြေထောက်တို့ကို ကြမ်းပြင်၌ ထောက်၍ လှည့်ပြီး ချက်ချင်း

သူ့ကိုကျောပေးလိုက်သည်။


ပိုင်ရဲ့ မရယ်ဘဲမနေနိုင်။


သုံးမိနစ်အကြာတွင် လက်တစ်ဖက်က ချီရှင်းချန်၏ခါးဆီသို့ ရောက်ရှိလာသည်။ ထိုလက်ထဲမှာရှိသည့်အရာတွေကို သူမမြင်ခင်မှာ သူ့ထမင်းဘူးထဲမှာ ပုစွန်နှစ်ကောင်ပေါ်လာသည်။


Dအတန်းနှင့်Fအတန်း:"အယ် အယ် အယ်"