အပိုင်း ၇၉
Viewers 26k

Chapter 79




မျိုးရိုးအမည်ပိုင်နှင့် ထိပ်တန်းကျောင်းသားက ပုစွန်အခွံခွာခြင်းတွင် အလွန်ဆိုးရွားလေသည်။


သနားစရာပုစွန်များမှာ သူ၏ ကိုယ်တစ်ပိုင်းပြတ်အောင် အခွံခွာခြင်းခံလိုက်ရသည်။ ပုစွန်၏ကိုယ်များတွင် အပေါက်များနှင့် ပြည့်နေပြီး ကျန်တစ်ဝက်မှာ မည်သည့်နေရာမှ မတွေ့ရတော့ပေ။


ချီရှင်းချန် သင်တန်းသားငါးဆယ်ကျော်ရှေ့တွင် အခွံခွာကျွေးခံနေရသည်။ သူ့နားရွက်တွေ ချက်ချင်း အရောင်ပြောင်းသွား၏။ သူ့နားရွက်ကိုပွတ်ပြီး ပထမပုဇွန်ကို မျိုချလိုက်သည်။


သူတို့၏ နည်းပြတွေက အတော်လေး ရင်းနှီးသည်ကိုတွေ့သောအခါ Dအတန်းနှင့် Fအတန်းကလူတွေက တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီး အပေါင်းအသင်းလုပ်ကုန်ကြသည်။


ချီရှင်းချန် ဒုတိယပုဇွန်ကို စားလိုက်သည်။ သူ့မျက်နှာက အတော်လေး ပူရှိန်းနေသဖြင့် ကြမ်းပြင်ပေါ်ကနေ ထပြီး မျက်နှာသစ်ရန် ပြင်လိုက်၏။


သူသည် ထောင့်ကို လှည့်လိုက်ပြီး ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ တစ်စုံတစ်ယောက် ထွက်လာသည်။ အရပ်မြင့်မြင့် ကပြားရုပ်နှင့်လူတစ်ယောက်။


ယင်းက Kevin ပါပင်။


Kevin က ချီရှင်းချန်ကို ကြည့်လိုက်ပြီး သူ့ကို မတွေ့သလို ထွက်သွားသည်။ချီရှင်းချန်က သဘာဝအတိုင်း သူနှင့် စကားမပြောချင်ပေ။ နှစ်ယောက်သား အချင်းချင်းဖြတ်လျှောက်သွားကြသည်။


ရေချိုးခန်းထဲဝင်ပြီး သူ့မျက်နှာကို ဆေးကြောပြီးနောက် ချီရှင်းချန် ရေချိုးခန်းတံခါးနောက်ဘက်ထောင့်တွင် စုတ်ပြဲနေသော စာအုပ်နှစ်အုပ်ကို မတော်တဆတွေ့ရှိခဲ့သည်။


သူ အနီးသို့ လျှောက်သွားကာ အပေါ်ကို ကုန်းကြည့်လိုက်သည်။


တစ်ခုမှာ လေ့ကျင့်ရေးတရုတ်သင်ရိုးညွှန်းတမ်းအသစ်ဖြစ်ပြီး နောက်တစ်ခုမှာ တရုတ်အဘိဓာန်ဖြစ်သည်။


သင်တန်းသား ရှစ်ဆယ့်ရှစ်ယောက်ရှိပြီး ABCသုံးသူက Kevinတစ်ဦးတည်းသာဖြစ်သည်။ စာအုပ်တွေကို ဘယ်သူက ဆုတ်ဖြဲသွားသည်ဟု ပြောစရာပင်မလိုပေ။


Kevinတစ်ယောက် တရုတ်လူမျိုးများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပုံရသည်။ချီရှင်းချန် ခဏလောက်စဉ်းစားပြီး ဓာတ်ပုံရိုက်ရမ် သူ့ဖုန်းကို ထုတ်လိုက်၏။


အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်များသည် ပေါင်းသင်းဆက်ဆံရန် အလွယ်ကူဆုံးဖြစ်သည်။ချီရှင်းချန် လေ့ကျင့်ရေးအခန်းသို့ ပြန်ရောက်သောအခါ Dအတန်း နှင့် Fအတန်းတို့သည် စိတ်ပါလက်ပါ စကားစမြည်ပြောနေကြပြီဖြစ်သည်။


"ဟေ့ ငါတို့နည်းပြတွေက စုံတွဲတွေလို့ မင်းထင်လား"


"အိုးမိုင်းဂေါ့...မင်းက အများကြီးသိတာပဲ...မင်းရဲ့ဖန်လိုက်ဖ်နဲ့ ဝေးဝေးနေပါအိုကေ"


"ဘာမသိစရာရှိလဲ့...ငါတို့ရွာက အင်တာနက်နဲ့ ချိတ်ပြီးနေတာ ကြာပြီကွ"


"နည်းပြတွေ ရှိနေတယ်...မဟုတ်တရုတ်တွေပြောမနေနဲ့...ပြောချင်ရင် တိတ်တိတ်လေးပြော... တစ်ခုခုတော့ရှိမယ်ထင်တယ်... ဟားဟားဟားဟား"


"မဟုတ်သေးဘူး...ဘာလို့ အတွဲတွေအကြောင်း ရုတ်တရတ်မေးနေတာလဲ... ငါပြောမယ်...မဂေးစမ်းနဲ့"


"ထွက်သွား...ငါ့ကိုမထိနဲ့...မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ်"


လေ့ကျင့်ရေးအခန်းထဲသို့ ပုစဉ်းရင်ကွဲ တစ်ထောင်ကျော် ပျံသွားသလိုမျိုး ဆူညံနေ၏။ထမင်းစားပြီးသောအခါတွင် အတန်းနှစ်တန်းက တစ်တန်းတည်းအဖြစ် ပေါင်းစည်းသွားသည်ကို ပိုင်ရဲ့မြင်လိုက်ရသည်။ သူ အတူတကွ လေ့ကျင့်ရန် ဆုံးဖြတ်ပြီး တစ်အုပ်စုတည်းမူဝါဒကို ချမှတ်ခဲ့သည်။ နောက်ဆုံးမှာ ပိုအဆင်ပြေလာ၏။


သန်းခေါင်ယံအချိန်နီးလာသောအခါတွင် သင်တန်းသားများ၏ ခံနိုင်ရည်အားနည်းလာသည်။ မနက်ဖြန် အတန်းတွေကို စဉ်းစားရင်း ချီရှင်းချန် လူတိုင်းကို အိပ်ဆောင်ကို ပြန်အိပ်ခိုင်းလိုက်၏။ ထို့နောက် ကောင်လေးတွေက သူတို့နှစ်ယောက်ကို ဂိတ်ပေါက်ဆီသို့ ခေါ်သွားခဲ့သည်။



တုန်ချန်ဂိတပွဲတော်ကဲ့သို့ပင် 'My Time' ကိုလည်း တုန်ချန်တီဗွီ၏ City S တွင် ရိုက်ကူးခဲ့သည်။ပရိုဂရမ်အဖွဲ့က စတူဒီယိုမှ မိနစ် ၂၀ ခန့်အကွာတွင် နည်းပြငါးဦးအတွက် ဟိုတယ်တစ်လုံးကို ကြိုတင်ဘွတ်ကင်ယူပေးခဲ့သည်။


ပိုင်ရဲ့က ချီရှင်းချန်ကိုမေးလိုက်၏။ 

"အားလွင်အပြင်မှာရှိတယ်...မင်း ငါ့ကားနဲ့လိုက်ချင်လား"


အတန်း D&F:"အယ် အယ် အယ်"


"ကဲ...ဘာဖြစ်ပြန်တာတုန်း" 

ချီရှင်းချန် သူတို့၏ အပြုအမူကြောင့် စိတ်ဆိုးသွားသည်။ 

"မြန်မြန် အိပ်ဆောင်ကို ပြန်ကြတော့"


ဝူချန်က စပ်ဖြဲဖြဲပြုံးလိုက်သည်။ 

"ကောင်းပါပြီဗျ... ဒါဆို သွားကြရအောင်...ပိုင်လောင်ရှီး...ရှောင်ချီလောင်ရှီးကို လောင်ရှီးဆီ ထားခဲ့လိုက်မယ်နော"


ချီရှင်းချန် ပြောစရာစကားမဲ့သွားသည့်။


ဘာလို့ သူ့သမီးကို လက်ထပ်ပြီးထည့်ပေးလိုက်တဲ့ပုံနဲ့တူနေရတာလဲ...


"ကောင်းပြီ" 

ပိုင်ရဲ့ မရယ်ဘဲမနေနိုင်။ 

"စိတ်မပူပါနဲ့"


နောက်ဆုံးတွင် သင်တန်းသားများ ဆူညံပွက်လောရိုက်ရင်း လူစုခွဲသွားကြသည်။


သို့သော် ချီရှင်းချန် ပိုင်ရဲ့အား သူ့ကို ပြန်ပို့ခိုင်းရန် မလိုအပ်ခဲ့ပေ။အန်းရန် နှင့် လောင်ချင်တို့က အပြင်တွင် စောင့်နေကြသည်။ အဆုံးမှာတော့ သူတို့နှစ်ယောက် သက်ဆိုင်ရာကားပေါ်တက်ပြီး ဟိုတယ်ကို တစ်ယောက်ပြီးတစ့ယောက် ရောက်ရှိလာကြသည်။


တုန်ချန်က ကောင်းကောင်းလုပ်ခဲ့သည်။ နည်းပြငါးဦးစလုံးကို တူညီစွာဆက်ဆံခဲ့ပြီး အားလုံးကို ပထမတန်းစားအခန်းများတွင် ကြိုတင်စာရင်းသွင်းပေးခဲ့သည်။ချီရှင်းချန် ၏ အခန်းနံပါတ်မှာ 2202 ဖြစ်ပြီး ပိုင်ရဲ့၏ အခန်းနံပါတ်မှာ 2209 ဖြစ်သည်။ တိုက်ဆိုင်စွာပင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်စောင်းထိုးမှာနေထိုင်ရသည်။



ချီရှင်းချန်က သူ့ကတ်ကို ပွတ်ဆွဲပြီး အခန်းထဲ ဝင်သွားသည်။ တံခါးကိုမှီကာ အီလက်ထရွန်းနစ်သော့ဖွင့်သံကို နားထောင်လိုက်သည်။ပိုင်ရဲ့ဘေးကင်းစွာ ပြန်ရောက်နေပြီဆိုသာ်ကို သိလိုက်ရသောအခါ ရေချိုးပြီး အိပ်ပျော်သွားခဲ့၏။


ပထမနေ့တွင် ချီရှင်းချန်ချမှတ်ခဲ့သော အခြေခံအုတ်မြစ်ဖြင့် Fအတန်းသည် သဘောထားပိုင်းဆိုင်ရာတွင် အနည်းဆုံး Aအတန်းနှင့် တန်းတူဖြစ်သည်။


နှစ်ရက်အကြာတွင် နံနက်ပိုင်း လူစာရင်းခေါ်ဆိုရာအတွင်း D အတန်းနှင့် Fအတန်းအဖွဲ့ဝင်များအားလုံး အချိန်မှန်ရောက်ရှိခဲ့သည်။သို့ပေမဲ Bအတန်းနှင့် C အတန်းက နောက်ကျသည့်လူနှစ်ယောက်ရှိ၏။ Kevin၏နာမည်ကို ကြားသောအခါ ချီရှင်းချန် မအံ့သြခဲ့ပါချေ။


အတန်း B နှင့် အတန်းတက်ရန် "အတင်းအကြပ်" ခံရသည်ကို Kevin လက်မခံနိုင်သည်က ပုံမှန်ပါပင်။


နှစ်ရက်တာ လေ့ကျင့်မှုဟာ မြန်မြန်ဆန်ဆန် ပြီးဆုံးသွား၏။ နောက်ဆုံးတွင်၊ ပဓာနတေးသွား၏ရလဒ်များကိုစစ်ဆေးရန်အချိန်ရောက်ပြီဖြစ်သည်။


ဤအကျော့တွင် လူဖယ်ထုတ်မည်မဟုတ်သော်လည်း သင်တန်းသားများ၏ ပဓာနတေးသွားတင်ဆက်မှုအပေါ် မူတည်၍ အဆင့်ချိန်ညှိမှု ရှိပေလိမ့်မည်။


ဤချိန်ညှိမှုအပြီးနောက်၊ အဆင့်ကိုသတ်မှတ်ပေလိမ့်မည်။ တစ်နည်းဆိုရသော် ယနေ့နည်းပြများသတ်မှတ်ထားသော အဆင့်သည် အနာဂတ်တွင်လည်း အလားတူပင်ဖြစ်သည်။ အပြောင်းအလဲမရှိနိုင်ပါချေ။



ထို့ကြောင့် စင်နောက်ဘက် စောင့်ဆိုင်းရာ နေရာရှိ သင်တန်းသားများမှာ အလွန် ရင်တထိတ်ထတ်ဖြစ်နေကြသည်။ သူတို့ ပိုနိမ့်သည့် အဆင့်သို့ မတော်တဆ ကျသွားမည်ကို စိုးရိမ်ကြသည်။


များမကြာမီတွင် လက်ထောက်က အနက်ရောင်ဘူးတစ်ဘူးဖြင့် ဝင်လာပြီး ဖျော်ဖြေပွဲအစီအစဉ်ကို ဆုံးဖြတ်ရန် သင်တန်းသားများအား မဲနှိုက်ခိုင်းသည်။


လက်ထောက်က Kevin ဆီကို လျှောက်လာပြီး စပ်စပ်စုစုမေးလေသည်။

"Kevin...ဒီသီချင်းရဲ့ တရုတ်စကားကို သင်ယူပြီးပြီလား" 


သူ့အသင်းဖော်က သူ့အတွက် ဘာသာပြန်ပေးသည်။ Kevinက ဝတ်ကျေတမ်းကျေ ခေါင်းညိတ်လိုက်သည်။


"ကောင်းပြီ... မင်းရဲ့ဖျော်ဖြေမှုကို ငါစောင့်မျှော်နေပါ့မယ်" 

လက်ထောက်က သူ မဲနှိုက်သည်ကိုကြည့်ပြီး ချီးကျူး၏။ ထို့နောက် သူသည် နောက်သင်တန်းသားတစ်ယောက်ဆီသို့ လျှောက်သွားသည်။


နာရီဝက်လောက်ကြာသောအခါ စတူဒီယိုက အဆင်သင့်ဖြစ်နေပြီဖြစ်၏။ ဇာတ်ညွှန်းစာရေးက ပထမသင်တန်းသားကို စင်ပေါ်တက်ရန် စီစဉ်ပေးသည်။


စစ်ဆေးမှုက တရားဝင် စတင်နေပြီဖြစ်၏။


ချီရှင်းချန်က ယခင်အချိန်ကဲ့သို့ အနေအထားအတိုင်း ထိုင်နေဆဲဖြစ်သည်။ မော့ကြည့်လိုက်သောအခါ ရင်းနှီးနေသည့် မျက်နှာကို တွေ့လိုက်ရ၏။


ဟန်ချင်းက ကံမကောင်းခဲ့ပေ။ သူ ပထမနေရာကို မဲကျခဲ့သည်။


သို့ပေမဲ့ ကံကောင်းထောက်မစွာဖြင့် ဟန်ချင်းက အပြင်းအထန် လေ့ကျင့်ခဲ့။ပဏာမတီးလုံး မြည်လာသည်နှင့် တပြိုင်နက် သူမက ပဓာနတေးတစ်ခုလုံးကို လိုက်လျော ညီထွေစွာ ဖျော်ဖြေခဲ့သည်။ကျန့်ယွီယန်က သူ့ကို ချီးကျူးသည်။ 

"ချီတိတိရဲ့ ကုမ္ပဏီက ပါရမီရှင်တွေနဲ့ ပြည့်နေတာပဲ... မင်းတို့မှာ ကန့်ကွက်စရာ မရှိဘူးမလား"


ကျန်သည့် ဆရာတွေက ခေါင်းညိတ်ကြသည်။ ဝေချင်က နှာမှုတ်လိုက်သည်။


ဟန်ချင်း စင်မြင့်မှ ပျော်ရွှင်စွာ ဆင်းသွားလေသည်။


ပထမအကျော့ရှိ ကိုယ်တိုင်ရွေးချယ်ထားသော ဖျော်ဖြေမှုများနှင့်မတူဘဲ၊ ဤအကျော့သည် သုတေသနစာတမ်းတစ်ခုနှင့် ညီမျှသည်။ စီရင်ချက်က အလွန်ရိုးရှင်းလေသည်။ သင်တန်းသားများသည် စင်မြင့်ပေါ် အမြန်တက်ကြဆင်းကြရသည်။ ဒွါဒသမနေရာတွင်၊ ချီရှင်းချန် Fအတန်းမှ ချာတိတ်လေးကို တွေ့လိုက်ဂသည်။


မိုက်ခရိုဖုန်းကို ကိုင်ထားသည့် ကောင်လေး၏လက်က တုန်နေသည်။ စိတ်လှုပ်ရှားနေသလား မသိ။ သူက မိုက်ခရိုဖုန်းကနေ အော်လိုက်သည်။


"ရှောင်ချီလောင်ရှီး ...ကျွန်တော် လောင်ရှီးကို ဆွဲချမှာမဟုတ်ဘူး"


အသံက ပဲ့တင်ထပ်ပြီး အခန်းထဲမှာတဝေ့ဝေ့လည်နေသည်။ရှောင်ချီလောင်ရှီ သူ့ကြောင့် လန့်သွား၏။


"ဟားဟားဟား..." 

ချန်ကျားရီက ခွက်ထိုးခွက်လန် ရယ်လိုက်ပြီး မျက်ရည်များကျလုမတတ်။ 

"ငါတို့မင်းကိုယုံတယ်... လာ...မင်းရဲ့ဖျော်ဖြေမှူကိုစလိုက်ပါ"


ပဓာနတေး၏ ပဏာမတေးသံ ထပ်ထွက်ပေါ်လာပြန်သည်။


လေးမိနစ်အကြာတွင် ချန်ကျားရီ၏အမူအရာမှာ ဖော်ပြရန်ခက်လေသည်။ 

"ရှောင်ချီ...သူက Idol ဖြစ်ဖို့ မသင့်တော်ဘူးလို့ငါထင်တယ်...သူFအတန်းမှာနေသင့်တယ်"


"သူ့မှာ အခြေခံ အားနည်းတယ်...ကျွန်တော် သူကို စကားနည်းနည်းပါးပါရစေ"


ထို့နောက် ချီရှင်းချန်ု စင်မြင့်ဆီသို့ လှည့်ကာ ဖြည်းညှင်းစွာပြောလိုက်၏။

"ခယ့်ခယ့် ဂုဏ်ယူပါတယ်" 

"သုံးရက်အတွင်းမှာ မင်း ဘယ်လိုဆိုရ ကရမယ်ဆိုတာ မသိတဲ့အဆင့်ကနေ အကတစ်ခုလုံးကို ဖျော်ဖြေနိုင်တဲ့အထိ ရောက်သွားတယ်... တကယ်ကို အံ့သြစရာကောင်းတယ်...ဘာရလဒ်ပဲ ဖြစ်ဖြစ် ဒီနေ့ မင်းရဲ့ဖျော်ဖြေမှု အတွက် ငါ ဂုဏ်ယူတယ်... မင်းက ငါ့ရဲ့ idol ပဲ... မင်း မင်းကိုယ်တိုင်ရဲ့ idol ဖြစ်လာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်... ဆက်ပြီး ကြိုးစားပါ အိုကေ..."


"ကောင်းပါပြီ ကျွန်တော်ကြိုးစားပါ့မယ်" 

ခယ့်ခယ့်က သက်ပြင်းရှိုက်ရင်း ခေါင်းညိတ်လိုက်သည်။ 

"ကျေးဇူးတင်ပါတယ် ချီလောင်ရှီး...ကျွန်တော် F အတန်းကို ပြန်တော့မယ်"


သူက ရလဒ်ကြေညာသည်ကို မစောင့်ဆိုင်းဘဲ လှည့်ပြန်သွားခဲ့သည်။


ချန်ကျားရီ မျက်ရည်မကျအောင် မထိန်းနိုင်ခဲ့ပေ။


အလုပ်ကြိုးစားသည့် ဆယ်ကျော်သက်တစ်ယောက်က ရင်ထဲလှုပ်ခတ်ရဆုံးပါပင်။


သုံးဆယ့်သုံးယောက်မြောက်က Kevin ဖျော်ဖြေရမည့်အလှည့်ဖြစ်၏။


သူက ဟန်ချင်းကဲ့သို့ ကြောင်တောင်တောင်ဖြစ်မနေသလို ခယ့်ခယ့်ကဲ့သို့လည်း စိတ်လှုပ်ရှားမနေခဲ့ပေ။ထို့အစား ခေါင်းမော့ရင်ကော့ပြီး စင်ပေါ်မှာ ရပ်လိုက်၏။ ဖျော်ဖြေရန် အဆင်သင့်ဖြစ်ကြောင်း အမူအရာပြရန် အသံပိုင်းအင်ဂျင်နီယာအား ခေါင်းညိတ်ပြလိုက်သည်။


စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုယ်ပိုင် စင်မြင့်ကို ထိန်းချုပ်လိုက်သည်။ဤသည်က သူ၏ အရည်အချင်းအပေါ် ခိုင်မာသည့် ယုံကြည်ချက်ကြောင့် ဖြစ်လာခြင်းဖြစ်၏။


အသံပိုင်းအင်ဂျင်နီယာက သူအလိုရှိသည့်အတိုင်း ဖွင့်သည့်ခလုတ်ကို နှိပ်လိုက်သည်။မဏာမတေး ဆယ့်ငါးစက္ကန့်အပြီးတွင် နည်းပြများ၏ နားကြပ်များတွင် စံမမီသော်လည်း ယေဘူယျ အယူအဆကိုနားလည်နိုင်သည့် တရုတ်စာသားများကို ကြားရသည်။


ပထမသံပြိုင်အပိုဒ်ပြီးနောက်၊ ရက်ပ်အပိုင်းအတွက် အချိန်တန်ပြီဖြစ်၏။ လူများစွာ အတူတကွသီဆိုရန် သင့်လျော်စေရန်အတွက် ရက်ပ်စာသားများက အလွန်ရိုးရှင်းအောင်လုပ်ထားသည်။ အင်္ဂလိပ် စာကြောင်းလေးကြောင်းကို နှစ်ကြိမ် ထပ်ခါထပ်ခါ ပြန်ဆိုသည်။


ပိုရိုးရှင်းလေလေ၊ အဆိုတော်၏ အခြေခံအရည်အချင်းတွေကို ပိုထင်ဟပ်လာလေလေပါပင်။ Kevin၏သီဆိုမှုက ယခင်သင်တန်းသားများထက် ပိုမိုအဆင့်မြင့်သည်။ ထို့အပြင် သူက သူ၏မိခင်ဘာသာစကားကို အသုံးပြုထားသောကြောင့် အချိန်နှင့်ခေတ္တရပ်ချိန်များသည် အလွန်တိကျသည်။


စစ်မှန်သော အမေရိကန် လေယူလေသိမ်းက စင်မြင့်တစ်ခုလုံးကို ချက်ချင်းလက်ငင်း လင်းထိန်သွားစေသည်။


ကြီးမားသော LCD ဖန်သားပြင်က စင်နောက်တွင် ရှိနေသောကြောင့် သင်တန်းသားများက စင်မြင့်ပေါ်ရှိအရာအားလုံးကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်သည်။


သင်တန်းသားလေးတစ်ယောက်က သက်ပြင်းချလိုက်၏။ 

" Kevinက မျှော်လင့်ထားတဲ့အတိုင်း ဂျွတ်ဆင်ကြီးပဲ...သူ ဒီတခေါက် Aတန်းကို သေချာပေါက် ပြန်နိုင်မှာ"


"ဟုတ်တယ်...ဝေလောင်ရှီးနဲ့ကျန့်လောင်ရှီတို့ရဲ့ အမူအရာတွေကို မတွေ့ဘူးလား... တစ်ခွန်းတည်းသော စကားက ကျေနပ်တယ်ပဲ"


"Kevin က အစကတည်းက Aအတန်းက ဆိုတော့ Bအတန်းကို လာတယ်ဆိုတာ ရုပ်ဖျက်ပြီး လည်ပတ်မှုလို့ ယူဆရမယ် မဟုတ်လား"


"ဟားဟားဟား...စောက်ကျိုးနဲ ရုပ်ဖျက်ပြီးအလည်လာ... အခုလေးတင် ဆဲမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ...ဒီအပိုင်းကို ဖြတ်ဖို့ အယ်ဒီတာကို ဒုက္ခပေးရပါဦးမယ်...ကျေးဇူးတင်ပါတယ်"


စင်နောက်ကွယ်က သင်တန်းသားတွေတင်မကဘဲချီရှင်းချန်လည်း အတော်လေးကျေနပ်၏။ ဘယ်သင်တန်းသားမဆို ထူးချွန်သည်ကို တွေ့လျှင် သူပျော်၏။


သို့သော် ဒုတိယသံပြိုင်အပိုဒ်သို့ရောက်သောအခါ သူတစ်ခုခုမှားနေပြီဟု ခံစားရသည်။


ဒုတိယသံပြိုင်အပိုဒ်တွင် ပထမသံပြိုင်အပိုဒ်နှင့် သံစဥ်တူညီသော်လည်း သီချင်းစာသား ကွဲပြားသည်။ Kevin ၏ တရုတ်စကားသည် ပို၍ပင် မရေရာသော်လည်း ချီရှင်းချန်က ပြောနိုင်သည်။


သူက ပထမသံပြိုင်အပိုဒ်၏ သီချင်းစာသားကို သီဆိုနေဆဲဖြစ်သည်။


ဒုတိယသံပြိုင်အပိုဒ်၏ စာသားကို သူ မလေ့လာခဲ့ပေ။


နောက်ထပ်သံပြိုင်ပိုင်ဒ်နှစ်ခုကို ပြန်ဆိုသည်ကလည်း အတူတူပါပင်။ မသဲကွဲသော အသံထွက်ဖြင့် ရှုပ်ယှက်ခတ်အောင် ကြိုးစားသည်။ သီချင်းအပြီးမှာ ချီရှင်းချန်နှင့် ပိုင်ရဲ့တို့ တစ်ယောက်ကိုတစ်ယောက် တစ်ပြိုင်တည်းကြည့်လိုက်မိကြသည်။



ပိုင်ရဲ့၏ မျက်လုံးတွေက အေးစက်နေသည်။ သူအတော်လေးမကျေမနပ်ဖြစ်နေမှန်း သိသာ၏။


"သူ့ရဲ့ တရုတ်စကားမှာ ချို့ယွင်းချက်လေးတစ်ခုရှိတယ်...ဘာပဲပြောပြော သုံးရက်ပဲရှိသေးတာလေ... ဒီလောက်ရတာကကို အတော်လေးကောင်းနေပါပြီ" 

ဝေချင်က သူ၏ထင်မြင်ချက်ကို ပထမဆုံးဖော်ပြခဲ့သည်။

"သူ့ကို Aအတန်းကို တင်ပေးလို့ရတယ်လို့ ငါထင်တယ်...ကြယ်အလင်းတန်းအကဲဖြတ်သူ မင်း ဘယ်လိုထင်လဲ"


ရုတ်တရက်မေးလာသောအခါ ချီရှင်းချန်က ပြန် မဖြေပေ။သူက မိုက်ခရိုဖုန်းကို စင်ဘက်ကို ပြောင်းဖွင့်လိုက်၏။

 "Kevin ဒုတိယသံပြိုင်အပိုဒ် ထပ်ဆိုပါဦး"


သင်တန်းသားများက အသင်းဖော်များမပါဘဲ တစ်ယောက်တည်း တက်လာရခြင်းဖြစ်သည်။ပိုင်ရဲ့က သူဘာသူ ဘာသာပြန်တာဝန်ယူပေးပြီး ဤစာကြောင်းကို Kevin ကို ဘာသာပြန်ပေးလိုက်၏။


Kevin ၏လက်မောင်းသည် တစ်ခဏမျှ တောင့်တင်းသွားပြီး မိုက်ခရိုဖုန်းကို မြှောက်ကာ သီချင်းဆိုသည်။


နောက်ခံအသံမပါသောကြောင့် လူတိုင်းပိုမိုရှင်းလင်းစွာကြားနိုင်သည်။


"ဒါက ပထမသံပြိုင်အပိုဒ်ရဲ့ စာသားပါ...ဒုတိယအပိုဒ်ကရော"

ချီရှင်းချန်က မေးလိုက်သည်။


Kevin က ခေါင်းကုတ်လိုက်သည်။

 "ဒီအပိုဒ်ကိုပဲ ကျွန်တော်သိတယ်"


"မင်း ဒုတိယအပိုဒ်ကို မလေ့လာဘူးလား"

ချီရှင်းချန်က သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။


"မလေ့လာခဲ့ဘူး... အတူတူပဲလို့ ထင်ခဲ့တာ"

 (မလေ့လာခဲ့ဘူး၊ ဒီအပိုဒ်နှစ်က အတူတူပဲလို့ ထင်ခဲ့တာ)


ပိုင်ရဲ့ မျက်မှောင်ကြုတ်ပြီး ကျန့်ယွီယန်ကို အသံတိုးတိုးနှင့် မေးလိုက်သည်။

 "အပိုဒ်နှစ်ပိုဒ်က မတူဘူးလို့ သူ့ကို ဘယ်သူမှ မပြောဘူးလား"


"အမ်" 

ကျန့်ယွီယန် အံ့ဩသွားသည်။ 


"အဆိုပိုင်းဆရာက အတန်းထဲမှာ ဝါကျတစ်ကြောင်းချင်း သင်ပေးတယ်... သူ့မှာ ဒီလောက်ကောင်းတဲ့ ဘာသာစကားစွမ်းရည်ရှိတာ... ခြားနားချက်ကို သေချာပေါက် ပြောနိုင်ရမယ်... နောက်ပြီး ကုမ္ပဏီမှာရှိတဲ့ သူ့အသင်းဖော်တွေနဲ့ ဆက်ဆံရေးလည်းကောင်းတယ်...သူတို့က သူ့ကို တစ်ယောက်တည်း မျက်စိစုံမှိတ် လေ့လာခိုင်းမှာမဟုတ်ဘူး"


ပိုင်ရဲ့က ခေါင်းညိတ်လိုက်၏။ Kevinက မသင်ယူလိုဘဲ သူ၏ မသိနားမလည်မှုကို ဆင်ခြေအဖြစ် အသုံးပြုခဲ့သည်။


သို့ပေမဲ့ သူမသိကြောင်း အခိုင်အမာပြောနေပါက နည်းပြတွေက ဘာမှ၍လို့မရပေ။မည်သို့ပင်ဖြစ်စေ သူတို့အနေဖြင့် ၎င်းကို အတည်ပြုရန် နည်းလမ်းရှာမတွေ့ပေ။


သူ့အသင်းဖော်တွေကို မေးကြည့်ရန်အတွက်မူ ဤသည်က သူ့အသင်းဖော်တွေအတွက် ခက်ခဲစေလိမ့်မည်။ သူ့အသင်းဖော်တွေက ကူညီပေးသည်ဟု ပြောလျှင် Kevin လိမ်နေသည်ဟု ကြေငြာသည်နှင့် ညီမျှ၏။ ကုမ္ပဏီက သူတို့ကို ဆူလိမ့်မည်။


သူ့အသင်းဖော်တွေက သူတို့မကူညီဘူးဟုပြောလျှင်မူ Kevin၏ဖန်တွေဆီကနေ တိုက်ခိုက်ခံရပေ လိမ့်မည်။


အကျပ်ရိုက်နေခဲ့သည်။


ပိုင်ရဲ့က ခဏရပ်လိုက်သည်။ သူစကားပြောခါနီးမှာ ချီရှင်းချန်က ခေါင်းငုံ့ပြီး သူ့မှတ်စုစာအုပ်ထဲမှာ ဒေါသတကြီးရေးနေသည်ကို တွေ့လိုက်ရသည်။


ချီရှင်းချန်က ရေးပြီးသွားသည်နှင့် စာမျက်နှာကိုဖြဲပြီး မြှောက်ပြလိုက်သည်။


“ဒါက အင်္ဂလိပ်စကားနဲ့ ဒုတိယသံပြိုင်အပိုဒ်ရဲ့ တရုတ်အသံထွက်...ငါတို့ရဲ့ ပရိုဂရမ်မှာ ဘာသာစကားနှစ်မျိုး ဆရာမရှိတဲ့အတွက် စိတ်မကောင်းပါဘူး"


"ဒါပေမယ့် ပဓာနတေးမှာ အမှားပါရင် B-grade ပဲပေးနိုင်တယ်"

(ဒါက အင်္ဂလိပ်စကားမှတ်ချက်နဲ့ ဒုတိယ သံပြိုင်အပိုဒ် တရုတ် အသံထွက်...ငါတို့ အဲဒါကို မစဉ်းစား မိဘဲ မင်းအတွက် ဘာသာစကား နှစ်မျိုးဆရာကို ရှာမပေးခဲ့မိလို့ စိတ်မကောင်းပါဘူး...ဒါပေမဲ့ အခု ပဓာနတေးကအတည်ပြုပြီးနေပြီ.။အမှားလုပ်မိရင် မင်းရဲ့ဖျော်ဖြေမှုက မှားတယ်လို့ ဆိုလိုတယ်... ငါ မင်းကို B အဆင့်ပဲ ပေးနိုင်တယ်..စိတ်မကောင်းပါဘူး)


ရှည်လျားသော အင်္ဂလိပ်အသံထွက်က ပြီးပြည့်စုံပြီး အလွန်ကျွမ်းကျင်သည်။ပိုင်ရဲ့၏အကြည့်က သူ့လက်ထဲက စာရွက်ဆီကို ရွေ့သွားသည်။


၎င်းပေါ်ရှိ မှတ်

ချက်များသည် ကျက်သရေရှိလှသည်။ကြည့်လိုက်သည်နှင့် သဒ္ဒါအမှား သို့မဟုတ် စာလုံးပေါင်းအမှားများကို ရှာမတွေ့ပေ။


... ဆိုတော့ ဖန်လေးက သူ့ကို အခမဲ့ ဘာသာပြန်အဖြစ် သုံးနေတာလား...


ပိုင်ရဲ့ ရယ်ရမလား ငိုရမလားမသိ။


စင်မြင့်အလယ်တွင်၊ Kevinကြက်သေသေသွားသည်။