အပိုင်း ၈၂
Viewers 26k

Chapter 82



ထမင်းစားပြီးနောက်၊ ချီရှင်းချန် သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက ရှင်းရှင်းလင်းလင်းဖြစ်သွားသောကြောင့် စိတ်အေးလက်အေးဖြစ်သွားသည်။လျန်ကျင်းကို S City ကစျေးကို လိုက်ပို့ရန် သူစီစဉ်ခဲ့သည်။


လျန်ကျင်းက အလုပ်ကိစ္စနှင့်ခရီးထွက်စရာရှိသည်ဟုဆိုရာ ငြင်းဆိုသောကြောင့် လျန်ကျင်းကို ဟိုတယ်ကိုပဲ ပြန်ပို့ပေးခဲ့သည်။


ကားထဲက မထွက်ခင် ချီရှင်းချန် ခဏလောက် စဉ်းစားပြီးပြောလိုက်၏။

"ငါတို့က သူငယ်ချင်းတွေပြန်ဖြစ်နေပြီဆိုတော့ မင်းအနာဂတ်မှာ ကြီးကြီးမားမား ဆုံးဖြတ်ချက်တွေမချခင် ငါ့ကိုပြောပြရမယ်"


ဥပမာ- ကျောက်ကပ်လှူတာမျိုး


လျန်ကျင်းက နိုင်ငံခြားသွားခြင်းကို ရည်ညွှန်းသည်ဟု ထင်သောကြောင့် ပြုံးကာ သဘောတူလိုက်သည်။ 

"ကောင်းပြီ ငါပြောမယ်"


ရာသီဥတုက ပိုပူလာနေသည်။လျန်ကျင်းက ရိုးရှင်းသော အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ရေချိုးဆပ်ပြာရနံ့ သင်းပျံ့နေသည်။ သူ့အပြုံးက သန့်ရှင်းပြီး နူးညံ့၏။


ချီရှင်းချန် မူလပိုင်ရှင်က သူ့ကို ဘာကြောင့် သဘောကျသည်ကို ရုတ်တရက် နားလည်သွားသည်။


ငယ်ရွယ်စဉ်မှာ ဒီလိုလူတစ်ယောက် ပေါ်လာခဲ့ရင် ဘယ်သူမဆို သူ့ကို သဘောကျမိမှာပဲလေ...


ဒီလိုလူက အချစ်ကြောင့် ဝမ်းနည်းမှုတွေနဲ့ သေဆုံးသွားတာမျိုး မဖြစ်သင့်ဘူး...


ချီရှင်းချန်က ထပ်ပြောလိုက်၏။

"မင်း တစ်နေ့မှာ မင်းကြိုက်တဲ့ မိန်းကလေးကို တွေ့ရင်လည်း ငါ့ကိုပြောလို့ရတယ်...ငါမင်းကို အကြံဉာဏ်ကူပေးမယ်"


"… ပညာရေး ပိုအရေးကြီးတယ်...အခုအချိန်မှာ ငါချိန်းတွေ့ဖို့ အစီအစဉ်မရှိဘူး" 

လျန်ကျင်းက မျက်လွှာချရင်းဆိုပြီး ကားပေါ်မှဆင်းကာ ချီရှင်းချန်အတွက် တံခါးဖွင့်ပေးသည်။


"ကျေးဇူးပဲ"


သူ (ထောင်ထောင်ဆီက) သွေးဆောင်မခံရဘူးဆိုလျှင် ပိုကောင်းမည်။ချီရှင်းချန် ကားထဲက ဆင်းလာပြီး ယဥ်ယဥ်ကျေးကျေးပြောလိုက်၏။

 "ဒီတစ်ခါ မင်းကို ကောင်းကောင်း မဧည့်ခံရဘူး ... ငါတို့ H City ပြန်ရောက်ရင် မင်းကို ကောင်းကောင်းဒကာခံပါ့မယ်"


သူစကားပြောနေစဉ်တွင် လမ်းတစ်ဖက်မှ ဖြည်းညှင်းစွာ ဝင်လာသော နာနီဗင်ကားကို မြင်လိုက်ရသည်။ လိုင်စင်နံပါတ်ပြားက အတော်လေးရင်းနှီးနေသည်။ သူထိုထဲမှာ နှစ်ကြိမ်စီးဖူး၏။


အဲဒါ ပိုင်ရဲ့ရဲ့ကားပဲ...


ပိုင်ရဲ့ ဒီနေ့ အစောကြီး အလုပ်ပြီးတာလား...သူ နေ့လည်စာ စားပြီးပြီလား ...သူဘယ်လိုပုံစံဝတ်ထားလဲ...ရှုတင်က ဘယ်လောက်ဝေးလဲ... နေ့ခင်းဘက် စတူဒီယိုကို သွားသင့်သလား...

ချီရှင်းချန်၏ စိတ်ထဲမှာ မရေမတွက်နိုင်သည့် မေးခွန်းတွေ တောက်လျှောက်ပေါ်လာသည်။ သူမနေနိုင်ဘဲ ခြေဖျားထောက်ကာ နာနီကားကို ချောင်းကြည့်လိုက်သည်။


လျန်ကျင်းက သူ့ရှေ့တွင်ရှိနေပြီး သူ့မျက်လုံးများရှိ မီးတောက်လေးများနှင့် နှုတ်ခမ်းပေါ်မှ ဖုံးကွယ်မရနိုင်သော အပြုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူ့နှလုံးသား နစ်မြုပ်သွား၏။


သူ့အကြည့်နောက်ကို လိုက်ကာ ဘယ်ဘက်ကို ကြည့်လိုက်သည်။


လျန်ကျင်း၏ ဘေးတွင် နာနီဗင်ကားက ရပ်ထားသည်။ပိုင်ရဲ့ ကားထဲက ဆင်းလာပြီး သူ မော့ကြည့်လိုက်သောအခါ သူ့အကြည့်က လျန်ကျင်းကို မလွှဲမရှောင်သာ တွေ့လိုက်ရသည်။


နှစ်ယောက်စလုံး အံဩသွားသည်။


"ပြန်လာပြီလား"


ဤအခိုက်အတန့်တွင် ချီရှင်းချန်၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူ့အသံ အဆုံးသတ်က အနည်းငယ် ကျယ်သွားပြီး သူ့အသံထဲရှိ စိတ်လှုပ်ရှားမှုကို လျစ်လျူရှုရန် ခက်ခဲသည်။


ပိုင်ရဲ့ မူလက မနက်ခင်းရိုက်ကူးရေးတွင် အလွန်ပင်ပင်ပန်းနွမ်းနယ်နေသော်လည်း သူ့ဖန်ငယ်လေး၏ အသံကိုကြားလိုက်ရသောအခါတွင်မူ အများကြီးပို၍ အပန်းပြေသွားသလို ခံစားခဲ့ရသည်။ သူက ခေါင်းညိတ်ပြပြီး ချီရှင်းချန်၏နံဘေးကို လျှောက်သွားလိုက်၏။


"...တောင်းပန်ပါတယ် ... မိတ်ဆက်ပေးဖို့ မေ့သွားတာ...ဒါက ကျွန်တော်နဲ့အတူတူ ကြီးပြင်းလာတဲ့ ကျွန်တော့်ရဲ့ညီအကို လျန်ကျင်းပါ"


ချီရှင်းချန်က လျန်ကျင်း ဘက်ကိုလည်းလှည့်ပြီးပြောလိုက်၏။

"ဒါက ငါ့ရဲ့ idol နဲ့ သူငယ်ချင်းကောင်းပိုင်ရဲ့... မင်းနိုင်ငံခြားမှာနေတာကြာနေပြီမို့ မင်းသူ့ကိုသိမှာမဟုတ်ဘူး... သူက စူပါ စူပါ စူပါ

မိုက်တယ်"


အချိန်ကန့်သတ်ချက်များကြောင့်မဟုတ်ပါက ချီရှင်းချန် "စူပါ" ထရီလီယံတစ်ရာကို တစ်ခါတည်းပြောနိုင်သည်။လျန်ကျင်း၏ မျက်လုံးများ မှိန်သွားသည်။ သူက ချီရှင်းချန်၏ ပခုံးပေါ် ဘယ်လက်ကို တင်လိုက်ပြီး ညာလက်ကို ဆန့်လိုက်သည်။ 

"နိဟောင်...ကျွန်တော် ခင်ဗျားအကြောင်းတွေ အများကြီးကြားဖူးပါတယ်"


"နိဟောင်"

ပိုင်ရဲ့က ချီရှင်းချန်၏ပခုံးကို တစ်ချက်ကြည့်လိုက်ပြီး လျန်ကျင်းနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။


ဟိုတယ်ကို ကောင်းစွာ ကာရံထားသော်လည်း ပိုင်ရဲ့နားမှာ ယင်ကောင်များကဲ့သို့ တဝီဝီ လှည့်ပတ်နေသော ပါပါရာဇီများကို မတားဆီးနိုင်ပေ။ထို့အပြင် ပိုင်ရဲ့နှင့် လျန်ကျင်းတို့က တစ်ယောက်နှင့်တစ်ယောက် မသိကြသည့်အတွက် ဘာမှပြောစရာမရှိပေ။ချီရှင်းချန် သူ့ပခုံးကို နိမ့်ချလိုက်ပြီး လျန်ကျင်း၏လက်မှ ခွာလိုက်သည်။ 

"ဒါဆို ငါ ဟိုတယ်ကို အရင်ပြန်လိုက်မယ်...ဂရုစိုက်ပြီး မောင်းပါ"


လျန်ကျင်းကဆိုသည်။

 "ငါ မင်းကို လိုက်ပို့ပေးမယ်"


"မလိုဘူး…"


"စိတ်မပူပါနဲ့" 

ချီရှင်းချန် မငြင်းခင်မှာ ပိုင်ရဲ့က အရင်ပြောလေသည်။ 

"ရှင်းရှင်းက ငါနဲ့မျက်နှာချင်းဆိုင်မှာ နေတာ... ငါ သူ့ကို သူ့အခန်းထဲ ပြန်ပို့လိုက်မယ်"


လျန်ကျင်း စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။ 

"ကောင်းပါပြီ... ဒီအတောအတွင် ရှင်းရှင်းကို ဂရုစိုက်ဖို့ ခင်ဗျားကို ဒုက္ခပေးရဦးမှာပဲဗျာ"


"ဘာဒုက္ခမှ မဖြစ်ပါဘူး...ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ဂရုစိုက်ရမှာပဲလေ"


ထို့နောက် ပိုင်ရဲ့က လှည့်၍ ဟိုတယ်၏ ဆုံလည်ဂိတ်ဆီသို့ လျှောက်သွားလေသည်။ချီရှင်းချန်ကလည်း

လျန်ကျင်းကို တာ့တာပြပြီး သူ့နောက်ကို လိုက်သွားသည်။


လျန်ကျင်း နောက်ဆုံးတွင် ကားထဲသို့ဝင်လိုက်ကာ အရိပ်နှစ်ခု ပျောက်ကွယ်သွားသောအခါမှ ထွက်သွားလေသည်။


ပိုင်ရဲ့က အတော်လေးမြန်၏။ချီရှင်းချန်၏ ခြေထောက်တွေက သူ့လောက်မရှည်သောကြောင့် မှီအောင် ပြေးလိုက်ရလေသည်။


ဓာတ်လှေကားထဲသို့ ရောက်သောအခါ ပိုင်ရဲ့က ညာဘက်တွင် ရပ်နေ၏။ချီရှင်းချန် ညာဘက်သို့ ခြေတစ်လှမ်းလှမ်းပြီးမေးလိုက်သည်။

"ထမင်းစားပြီးပြီလား"


"အင်း" 

ပိုင်ရဲ့က တည်ငြိမ်စွာပြောသည်။ 

"ငါ ကန်တင်းမှာ စားခဲ့တယ်"


"အိုး စားပြီးပြီပေါ့"


စကားပြောနေစဉ်တွင် ချီရှင်းချန် ပိုင်ရဲ့ကို တိတ်တဆိတ်ကြည့်နေသည်။ပိုင်ရဲ့က ယနေ့ပဓာနတေး MV ရိုက်ကူးခဲ့သည်။ သူ၏ အသွင်အပြင်က ပို၍ ရိုးစင်းနေသဖြင့် အနည်းငယ် ပိုအေးစက်ပုံပေါ်သွားစေသည်။


မဟုတ်ဘူး၊ သူက အေးစက်နေတာ မဟုတ်ဘူး... သူကြည့်ရတာ… စိတ်မချမ်းသာဘူး...


"မနက်က ရိုက်ရတာ ပင်ပန်းလို့လား" 

ချီရှင်းချန် မှန်းဆလိုက်သည်။ 

"မနက် ဘယ်အချိန်ကသွားတာလဲ"


"မပင်ပန်းပါဘူး...ငါ ခုနစ်နာရီလောက် ရောက်တာ"


"ဒါဆို အစောကြီးပဲ... နေ့ခင်းဘက် စတူဒီယိုကို မသွားရင် ခဏလောက် အိပ်ပါလား"


ပိုင်ရဲ့က"အွန်း"ဟု ပြန်ဖြေ၏။ ဓာတ်လှေကားတံခါးပွင့်လာသည်။ပိုင်ရဲ့က သူ့အိတ်ကပ်ထဲက ယနေ့အတွက်နို့ကို ထုတ်လိုက်သည်။


စတော်ဘယ်ရီ အရသာဖြစ်၏။ဖန်ငယ်လေးက အရသာတစ်မျိုးတည်းသောက်ရလျှင် မုန်းသွားမှာကို စိုးသည့်အတွက် အားလွင်ကို တခြားအရသာရွေးခိုင်းခဲ့သည်။


ချီရှင်းချန် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး နို့ကိုယူလိုက်သည်။ နှစ်ယောက်သား နှုတ်ဆက်ကြပြီး အခန်းအသီးသီးသို့ ပြန်သွားကြသည်။


တံခါးကိုပိတ်ပြီးနောက် ပိုင်ရဲ့ သူ၏ဝတ်စုံကိုချွတ်ကာ ဆိုဖာပေါ်ပစ်ချလိုက်သည်။ ရေအနည်းငယ်ငှဲ့ပြီး ပါးစပ်နားတေ့၍အနည်းငယ်သောက်သည်။ ထို့နောက် မက်ဆေ့ချ်များကို စစ်ဆေးရန် ဖုန်းကို ထုတ်လိုက်သည်။


WeChat တွင် မဖတ်ရသေးသော စာများ ဒါဇင်များစွာ ရှိခဲ့သည်။ ဤအချိန်နှင့် ဤနေရာတွင် သူ၏ "မိသားစု" မှ စိုးရိမ်မှုများ၊ နောက်နေ့အတွက် အလုပ်အကြံဥာဏ်များ၊ သူ၏ "သူငယ်ချင်းများ" နှင့် လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များထံမှ နှုတ်ခွန်းဆက်စကားများ ၊အုပ်စုဖွဲ့စကားပြောမှုများမှစသဖြင့်ဖြစ်သည်။


သူ ၎င်းတို့ကို တစ်ချက်ပဲကြည့်လိုက်ပြီး စာပြန်ရန် စိတ်မပါပေ။


ဖန်ငယ်လေး၏ပခုံးပေါ်၌တင်ထားသော လျန်ကျင်း၏လက်နှင့် "ကျေးဇူးပြု၍ ရှင်းရှင်းကိုဂရုစိုက်ပေးပါဦး" ဟူသော စကားလုံးများက သူ့မျက်လုံးများရှေ့တွင် ဆက်တိုက်ပေါ်နေသည်။


ထိုသူက ဖန်ငယ်လေးနှင့် အလွန်ရင်းနှီးပုံရပြီး သူက အပြင်လူတစ်ယောက်ဖြစ်နေသလိုပင်။


သိပ်အဆင်မပြေဘူး...


ပိုင်ရဲ့ သူ့ဖုန်းကို ဘေးသို့ပစ်ချလိုက်ပြီး ဆိုဖာကျောမှီကို မှီကာ လက်ရန်းကို တဒေါက်ဒေါက် ခေါက်နေမိသည်။


ဤနေရာသို့ သူ ပထမဆုံး ကူပြောင်းလာစဥ်က သူ ဘာဖြစ်သွားမှန်းမသိခဲ့ပေ။


မေးခွန်းပေါင်းများစွာနှင့် စမ်းသပ်မှုများပြီးသည့်နောက် ဤနေရာရှိလူတိုင်းမှာ လျှောက်ရမည့်လမ်းရှိသည်ကို သူတွေ့ရှိခဲ့သည်။ အဖြစ်အပျက်တွေက သူ့ကို တိကျသည့်ဦးတည်ရာကို တွန်းပို့နေခဲ့၏။ယင်းကသူ့ကို သူ၏အစစ်အမှန်ဘဝတွင် ရှောင်မန် မကြာခဏပြောလေ့ရှိသော "စာအုပ်ထဲကိုကူးပြောင်းခြင်း"ကို အမှတ်ရစေသည်။


ထိုမှသာ သူ "စာအုပ်ထဲကိုကူပြောင်းခြင်း" ၏ ဇာတ်ဆောင်ကဲ့သို့ စာအုပ်ထဲသို့ ကူးပြောင်းသွားသည်ကို သူသဘောပေါက်ခဲ့သည်။


သူ မည်သည့်အရာက သူ့ကို ဤစာအုပ်ထဲသို့ ရောက်သွားစေသည်ကို မသိသလို တိကျသည့် ဇာတ်ကြောင်းကိုလည်း သူမသိခဲ့ပေ။ သူ ရှေ့သို့ တစ်လှမ်းခြင်းလှမ်းကာ စာအုပ်ထဲက ပုံသေကားကျ ဇာတ်ကောင်များနှင့် သတိကြီးစွာ ဆက်ဆံနေခဲ့သည်...


ဖန်ငယ်လေးကသာ သူ့ကို လန်းဆန်းတက်ကြွစေသည်။သူနှင့် ဆက်ဆံရသည်က လွယ်ကူပြီး အပန်းပြေ၏။


နည်းနည်းလေးပင်... ချစ်ဖို့ကောင်းသည်။


ချစ်ဖို့ကောင်းလွန်း၍ ဖန်ငယ်လေး၏ တောင်းဆိုချက်အားလုံးကို ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းပေးချင်နေသည်အထိပါပင်။သူ ဖန်ငယ်လေးအပေါ်ကို ပိုပြီးကောင်းပေးချင်သည်၊အနည်းငယ်မျှဖြစ်ပါစေပင်။


သို့သော် ယနေ့ လျန်ကျင်း၏ထွက်ပေါ်လာမှုက မည်မျှချစ်ဖို့ကောင်းသည်ဖြစ်စေ ဖန်ငယ်လေးသည် ဇာတ်ကောင်တစ်ကောင်သာဖြစ်ကြောင်း သူ့ကိုသတိရသွားစေသည်။


တိကျသောအခန်းကဏ္ဍမှပါဝင်ရန် စာရေးသူမှ ဖန်တီးထားသော စက္ကူလူသားဖြစ်၏။


လျန်ကျင်းက ဖန်ငယ်လေး၏ ငယ်သူငယ်ချင်းဖြစ်သည်။ နှစ်ယောက်သား အတူကြီးပြင်းလာကြပြီး သူတို့သွားရာလမ်းမှာ တစ်ယောက် ခြေရာတွေနှင့်တစ်ယောက်ပြည့်နေ၏။


သူက နောက်ကျသွားခဲ့သည်။


ဟုတ်သည်၊ သူက တကယ်ကို အပြင်လူပါပင်...


၎င်းကိုတွေးပြီး ပိုင်ရဲ့ ပို၍ပင် ဒေါသထွက်လာမိ၏။


.......

လေးရက်တာ အားလပ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ကျန့်ယွီယန်၊ ဝေချင် နှင့် ချန်ကျားရီ တို့သည်လည်း ၎င်းတို့၏ နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။


ပဓာနသီချင်းရိုက်ကူးမှု ပြီးဆုံးသွားပြီးနောက် ပြိုင်ပွဲစတင်တော့မည်ဖြစ်သည်။ တစ်နည်းဆိုရသော်၊ လာမည့်အချီမှစတင်၍ "My Time" သည် ရက်စက်ကြမ်းကြုတ်သော ဖယ်ရှားရေးယန္တရားကို စတင်မည်ဖြစ်သည်။ ကောင်းစွာမစွမ်းဆောင်နိုင်သော သင်တန်းသားများသည် စင်ပေါ်မှ ထွက်ခွာသွားရပေလိမ့်မည်။


ရိုက်ကူးရေးအကြိုတွင် ဒါရိုက်တာက ပုံမှန်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။ချီရှင်းချန် နှင့် ချန်ကျားရီတို့ စကားစမြည်ပြောရင်း အစည်းအဝေးခန်းထဲသို့ ဝင်လိုက်ကြသည်။ ဝှိုက်ဘုတ်ရှေ့တွင် ရပ်နေသောလူကို တွေ့သောအခါ တစ်စက္ကန့်မျှ အံ့ဩသွားကြသည်။


"မင်္ဂလာပါ လောင်ရှီးတို့... ကျွန်တော့်နာမည် လဲ့ဇီပါ...ကျွန်တော်က အစားထိုး ဒါရိုက်တာပါ... ဒီနေ့လုပ်ငန်းစဥ်က ကျွန်တော်နဲ့စ ပါမယ်"


"မူရင်း ဒါရိုက်တုက ဘယ်မှာလဲ" 

ကျန့်ယွီယန်က စပ်စုသည်။

 "သူနေမကောင်းဘူးလား"


"… သူ့မှာ သေးငယ်တဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုအတွက် ဆိုင်းငံ့ထားပါတယ်"

လဲ့ဇီက ဆို၏။ 

"ဒါပေမဲ့ ပရောဂျက်က ကျွန်တော်တို့အတူတူလုပ်ထားတာပါ... ကျွန်တော်က လုပ်ငန်းစဥ်တိုးတက်မှုကို အနှောင့်အယှက် မဖြစ်စေရပါဘူး... စိတ်မပူပါနဲ့"


သူတို့ငါးယောက်က အဆင်ပြေသည်ဟု ပြောပြီး ထိုင်လိုက်သည်။ နောက်ဆုံးတွင် လဲ့ဇီ နောက်ဆက်တွဲပြောခဲ့သော စကားများက သိမ်မွေ့နက်နဲသောသဲလွန်စကို ရှာဖွေတွေ့ရှိစေခဲ့သည်။


"ပြီးခဲ့တဲ့ အချိန်က ဒါရိုက်တာစွန်းက လောင်ရှီးကို အထူးသတိထားရမဲ့ ပြိုင်ပွဲဝင် ၃ ယောက်ရှိတယ်လို့ ပြောဖူးတယ်မလား...လောင်ရှီးတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ နောက်တစ်ဆင့်ကနေစပြီး သူတို့ကို ဂရုစိုက်ဖို့ မလိုတော့ပါဘူး... ချမှတ်ထားတဲ့ စံနှုန်းတွေအတိုင်းပဲ သူတို့ကိုဆုံးဖြတ်လိုက်ပါ"


ကျန့်ယွီယန်: "အိုကေ"


"အခု ပထမအကျော့ စည်းမျဉ်းတွေကို မိတ်ဆက်ပေးပါရစေ...ပထမအကျော့ကို PK အုပ်စုပုံစံနဲ့ပြုလုပ်မှာ ဖြစ်တယ်...သင်တန်းသား ၈၈ ဦးကို အဖွဲ့ ၁၂ ဖွဲ့ ခွဲမယ်...ဖွဲ့တစ်ဖွဲ့စီက တူညီတဲ့သီချင်းကို သီဆိုရပါမယ်... အနိုင်ရတဲ့အဖွဲ့ကို ပရိသတ်က မဲပေးရွေးချယ်မှာ ဖြစ်ပါတယ်... အနိုင်ရတဲ့အဖွဲ့က အဖွဲ့ဝင်တစ်ဦးစီက အားပေးမှုအမှတ် 30,000 ရရှိမှာဖြစ်တယ်"


"အဖွဲ့အားလုံး ပြီးသွားရင်တော့ အသားတင်မဲနဲ့ အားပေးမှုအမှတ်တွေက သင်တန်းသားတွေရဲ့ စုစုပေါင်းရမှတ်တွေပါ... စုစုပေါင်းရမှတ် ၆၇ဒါမှဟုတ်၆၇အောက်ရတဲ့ သင်တန်းသားတွေကို ဖယ်ထုတ်ပါမယ်... ကျန်တဲ့ ပြိုင်ပွဲဝင် ၆၆ယောက်က နောက်တစ်ဆင့်ကို အလိုအလျောက် ဝင်ရောက်သွားမှာဖြစ်ပါတယ်"


"ဖယ်ထုတ်မည်" ဟူသော စကားလုံးကို သူကြားသောအခါ ချီရှင်းချန်၏ ခေါင်းထဲတွင် တဝီဝီမြည်သွားသည်။လက်ရှိမှာ Fအတန်းမှာ လူ ၂၄ဦးရှိပြီး ဤတစ်ခေါက်မှာ လူ ၂၂ဦးကို ဖယ်ထုတ်မှာဖြစ်သည်။Fအတန်းက အများစု အဓိကပါမည်မှန်း ထည့်ပြောစရာမလိုပါချေ။


ထို့အပြင် F အတန်းမှာ စုစုပေါင်း လူ၂၄ ယောက်ရှိသည်... ယင်းက စုစုပေါင်း တစ်ဖွဲ့လုံးပြုတ်သည်နှင့် ညီမျှ၏။


သူက ဤဆယ်ကျော်သက်များနှင့် အချိန်များစွာမကုန်ဆုံးခဲ့ရသော်လည်း သူတို့ကို ထားခဲ့ရန် အလွန်ဝန်လေးနေဆဲဖြစ်သည်။


သူ လေ့ကျင့်ရေးအစီအစဥ်တစ်ခုပြုလုပ်ပြီး ၎င်းတို့ကို တတ်နိုင်သမျှ ထိန်းထားရန် ကြိုးစားရမည်ဖြစ်သည်။


ထို့နောက် လဲ့ဇီက မှတ်သားထားရမည့်အချက်များအပြင် ပရိုဂရမ်၏ သီချင်းရွေးချယ်မှုကိုလည်း ဆွေးနွေးခဲ့သည်။ချီရှင်းချန် အရေးကြီးသောအချက်များကို နားထောင်ပြီး Fအတန်းတွင်ရှိသော ကျောင်းသားများ၏ အရည်အချင်းများကို အချိန်တိုအတွင်း မည်ကဲ့သို့ လျင်မြန်စွာ မြှင့်တင်ရမည်ကို အသေအချာ စဉ်းစားခဲ့သည်။


မိနစ်နှစ်ဆယ်ကြာပြီးနောက် အစည်းအဝေး ပြီးဆုံးခဲ့သည်။ချီရှင်းချန် လေ့ကျင့်ရေးအခန်းတွင် Fအတန်းရှိလူတိုင်းကို စုရုံးရန် ဝူချန်ဆီသို့ မက်ဆေ့ချ်ပို့ခဲ့သည်။ ထို့နောက် သူက ချီယွမ်ရှောင်၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။


ယခုအစည်းအဝေးတွင် ကျန့်ယွီယန် နှင့် အခြားသူများသည် တုန်ချန်က အဘယ်ကြောင့် လျှို့ဝှက်စွာကြိုးကိုင်မှု ရုတ်တရက် စွန့်လွှတ်လိုက်ရသည်ကို သိချင်နေကြသည်။သူ ၎င်းကိုမှန်းဆနိုင်၏။


သူ့အစ်ကိုကြီး လုပ်နေခြင်း ဖြစ်နိုင်သည်။


"တီတီ …"


ဖုန်းဝင်သံနှစ်ချက် မြည်ပြီးနောက်၊ ချီယွမ်ရှောင်က ကောက်ကိုင်လိုက်သည်။ 

"ရှင်းရှင်း...တုန်ချန် အကြောင်းမေးချင်လို့လား"


ချီရှင်းချန် ဝန်ခံလိုက်၏။ 

"အွန်း" 

သူထင်သည့်အတိုင်းမှန်နေသည်။


"တုန်ချန် ရဲ့ CEO က ငါ့သူငယ်ချင်း... ပရိုဂရမ်တစ်ခုလုံးကို သေချာစုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တယ်... မတော်တဆမှုမျိုးမရှိရင် တစ်လခွဲအတွင်းမှာ ရလဒ်ထွက်လာလိမ့်မယ်...အခုကစပြီး ကြိုက်သလို အကဲဖြတ်လို့ရတယ်...မင်းရဲ့အကဲဖြတ်ချက်ကို ဘယ်သူမှ မေးခွန်းထုတ်ရဲမှာမဟုတ်ဘူး...ဒါပေမဲ့ကိုယ်ရေးကိုယ်တာခံစားချက်မပါဖို့ သတိရပါ...တရားမျှတရမယ်...ဒီကလေးတွေအတွက် ကြိုးစားခဲ့ရတာ မလွယ်ကူဘူး"


ချီယွမ်ရှောင်က ယခုလိုမျိုးပြောလာသည်ကို ချီရှင်းချန် မအံ့သြပါချေ။ သူ့မိသားစုက အလွမ်ကြင်နာတတ်သည်။


"နားလည်ပါတယ်ကော...ကျွန်တော်လည်း သင်တန်းသားပါ... သူတို့ရဲ့ အနာဂတ်ကို တမင်ဖျက်စီးမှာ မဟုတ်ပါဘူး"


"မင်းဒီလိုမလုပ်ဘူးဆိုတာငါသိတယ်...အဲဒါကသတိပေးချက်တစ်ခုသက်သက်ပဲ...အဲဒါကိုစိတ်ထဲမထားပါနဲ့... ဟုတ်ပြီလား"


ချီယွမ်ရှောင် ရုတ်တရက် သတိရသွားသည်။ "နောက်တပတ်မှာ စိန်တွင်းမန်နေဂျာက ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖြေရှင်းဖို့ တရုတ်နိုင်ငံကို ပြန်လာမယ်...သူက မင်းကို သတင်းပို့ချင်နေတယ်... ပြီးခဲ့တဲ့ ခြောက်လအတွင်း တူးဖော်ခဲ့တဲ့စိန်တွေရင် မင်းအတွက် ထူးရှယ်စိန်စီမိုက်ခရိုဖုန်းတစ်ခု ပြုလုပ်ဖို့ မိုက်ခရိုဖုန်းထုတ်လုပ်သူတစ်ယောက် သူ့ကို ရှာခိုင်းထားတယ်...ရပြီးရင် စမ်းကြည့်...အဆင်မပြေရင် ပြန်လုပ်ခိုင်းလို့ရတယ်


စိန်...လွန်ခဲ့တဲ့ ခြောက်လအတွင်း တူးဖော်ခဲ့တဲ့ စိန်တွေ...စိန်စီမိုက်...


ချီရှင်းချန်၏ ခေါင်းသည် ပို၍ ကျယ်လောင်လာမြည်ဟီးလာသည်။ သူ ချက်ချင်းမေးလိုက်၏။

"ကော စုစုပေါင်း စိန်ဘယ်နှစ်လုံးရှိတယ်ဆိုတာ ပြောပြပေးလို့ရမလား"


"အများကြီးမဟုတ်ပါဘူး... သုံးကာရက်အထက် စိန် ၂၀ လောက်ရှိတယ်...နှစ်ကာရက်အထက် စိန် ၃၀ လောက်ရှိတယ်... ကျန်တဲ့စိန်သေးသေးတွေက ရေလို့မရဘူး...၂၀၀ လောက်တော့ရှိတယ်...မင်း သူတို့နဲ့ ကစားလို့ရတယ်... သူတို့ကို ငြီးငွေ့လာပြီဆိုရင် စိန်တွေ ရောင်စုံတွေ ရှိနေတုန်းပဲ...ပြောင်းဆော့လို့ရတယ်"


ချီရှင်းချန် စကားမပြောနိုင်။


မိုက်ခရိုဖုန်းတစ်ခုလုပ်ဖို့ စိန် 200 ကျော်ကိုသုံးခဲ့ပြီး အဲဒါနဲ့ကစားစေချင်တယ်ပေါ့လေ...


အဲဒီအခါမှာ ပရိသတ်ကရော ဘယ်လိုထင်မလဲ... စိန်စီမိုက်နဲ့ တောက်ပနေတဲ့ကောင်လေးလို့လား...


ချီရှင်းချန် အောက်ဆီဂျင်ကို အသည်းအသန်ရှူရှိုက်ရင်း အသက်ရှူကျပ်သည့် ခံစားချက်ကို ထပ်မံခံစားခဲ့ရပြန်သည်။