အပိုင်း ၈၃
Viewers 26k

Chapter 83




Fအတန်း က အတော်မြန်၏။ မိနစ် 20 လောက်ကြာသောအခါ အားလုံးစုပြီးသွားသည်။


ချီရှင်းချန်: "မနက်ဖြန်မှာ ဘာရိုက်မယ်ဆိုတာ အားလုံးသိတယ်မဟုတ်လား"


"သိပါတယ်"


ချီရှင်းချန်: "မင်းတို့ဘယ်လိုထင်လဲ"


ဝူချန်က ခဏလောက် မှန်းဆလိုက်သည်။

"ရုတ်တရတ် အစောကြီး ဖယ်ထုတ်ခံရဖို့ စိတ်ကို ပြင်ဆင်ထားဖို့လား"


"..." 

ချီရှင်းချန် ယခု သူ့ကို အိမ်ပြန်ပို့ချင်နေပြီဖြစ်၏။


"မနက်ဖြန် ငါတို့အဖွဲ့တွေခွဲပြီး အသင်းဖော်တွေနဲ့ လေ့ကျင့်ကြမယ်...ပြီးရင် အားလုံးက ဒီလေ့ကျင့်ရေးအခန်းမှာ စုကြမယ်" 

ချီရှင်းချန်ကပြောလိုက်သည်။ 

"လူတိုင်းက အတူတူလေ့လာပြီး တစ်ယောက်ကိုတစ်ယောက် ကူညီကြရမယ်...အဲဒီလိုဆိုပိုထိရောက်လိမ့်မယ်"


"ဒါပေမဲ့..." 

ဝူချန်က အားမပါစွာဆိုသည်။

"ဒီတစ်ခါမှာ ထိပ်တန်းသင်တန်းသား ၁၂ ယောက်က သူတို့အဖွဲ့သားတွေကို သူတို့ကိုယ်တိုင်ရွေးချယ်မှာလေ... Fအတန်းက အဖွဲ့တစ်ဖွဲ့တည်းမှာ ရှိနေဖို့က အရမ်းခက်ခဲတယ်...ကျွန်တော်တို့ဘယ်လိုအဖွဲ့ခေါင်းဆောင်နဲ့တွေ့မလဲဆိုတာ မသိဘူး... အဖွဲ့ခေါင်းဆောင်က ပိုကြိုးစားပြီး ညသန်းခေါင်အထိ အတူတူ လေ့ကျင့်ခိုင်းရင် ဘယ်လိုလုပ်မလဲ…"


"ဒါဆို မင်း သူတို့ထက်နောက်ကျတဲ့အထိ လေ့ကျင့်ရလိမ့်မယ်"


ထိုသို့ပြောရသည်က အဆင်မပြေပေမဲ့ ချီရှင်းချန်ပြောလိုက်ရ၏။

"မင်းတို့ ဘယ်အသင်းမှာပဲရောက်နေပါစေ၊ မင်းတို့က တိုးတက်မှုကို နှောင့်နှေးစေတဲ့သူပဲ ဖြစ်လိမ့်မယ်... တိုက်ရိုက် တင်ဆက်မှု လုပ်တဲ့ အခါမှာ ပရိသတ်က ရှင်းရှင်းလင်းလင်း မြင်ရမှာ...ဒါကြောင့် အသင်းနဲ့ ကိုယ်ကိုယ်တိုင်အတွက် ငါတို့လို အစမှတ်နိမ့်တဲ့ သင်တန်းသားတွေက စတင်မှတ်မြင့်တဲ့သူတွေထက် ပိုကြိုးစားရမယ်"


"မနက်ဖြန်ညကစပြီး မင်းတို့ရဲ့လေ့ကျင့်ရေးတစ်ခုလုံး ငါလိုက်လုပ်မယ်...မနက်တစ်နာရီအထိပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါးနာရီအထိ လေ့ကျင့်တာပဲဖြစ်ဖြစ်၊ နောက်ဆုံးလူ ထွက်သွားတဲ့အချိန်မှ ငါထွက်သွားမယ်"


"ကောင်းပြီ...ဒီနေ့တော့ ကောင်းကောင်းပြန်အိပ်ကြပါ"

ချီရှင်းချန် အသက်ပြင်းပြင်းရှူပြီးမေးလိုက်သည်။

 ယ"မင်းတို့ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား"


"အဆင်သင့်ပါပဲ"


"ပိုကျယ်" 

သူထပ်မေးလိုက်သည်။

"တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား"


"အဆင်သင့်ပါပဲ"


"ကောင်းပြီ" 

ချီရှင်းချန် ကျေနပ်သွားပြီး ထိုသနားစရာကောင်းသော ကလေးတွေကို လွှတ်ပေးလိုက်သည်။


တကယ်တမ်းတွင်၊ တိုက်ပွဲပုံစံက ချီရှင်းချန်အတွက် ပို၍ပင် ရက်စက်၏။ သင်တန်းသားများသည် မိမိတို့ဘာသာ သီချင်းတစ်ပုဒ်တည်း လေ့ကျင့်ရန် လိုအပ်သော်လည်း သူကမူ သင်တန်းသားများ မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိသောအခါတွင် လမ်းညွှန်နိုင်ရန် သီချင်းခြောက်ပုဒ်လုံးကို သင်ယူရန် လိုအပ်လေသည်။


နှစ်ရက်သာကျန်တော့သည်ဖြစ်သဖြင့် အစားထိုးဒါရိုက်တာ လဲ့ဇီကို အမြန်ရှာပြီး သီချင်းခြောက်ပုဒ်၏ ဗီဒီယိုနှင့် အသံအားလုံးကို ကူးယူကာ ဟိုတယ်သို့ အမြန်ပြန်လာခဲ့သည်။


ကံကောင်းထောက်မစွာ၊ သူ<My Time> သို့မရောက်မီတွင် ပြင်းထန်ရက်စက်သော လေ့ကျင့်ရေး အခြေခံရှိခဲ့ပြီးဖြစ်၏။ထို့ကြောင့် သူ၏ သင်ယူနိုင်စွမ်းသည် အမြဲတမ်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သုံးနာရီခန့်ကြာသောအခါတွင် သူ အကတစ်ခုလုံးကို ပြီးမြောက်နိုင်ပြီး အဆိုပိုင်းနှင့် ဂီတနုတ်များကို သီဆိုနိုင်မည်ဖြစ်သည်။ ခုနစ်နာရီကြာသောအခါ သီချင်းနှစ်ပုဒ် ပြီးသွား၏။


ချွေးတွေ တသွင်သွင် စီးကျနေရင်း အချိန်ကို သူကြည့်လိုက်သည်။ ညဆယ်နာရီထိုးနေပြီဖြစ်၏။


ဘာလို့နောက်ကျနေတာလဲ... ပိုင်ရဲ့က ငါ့ဆီ နို့လာမပို့သေးဘူးလား...


သူDအတန်းမှာ နေခဲ့တာ ဖြစ်နိုင်လား...


သို့သော် နေ့ခင်းဘက်တွင် မျက်နှာချင်းဆိုင်အခန်းမှ တံခါးဖွင့်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။


သူ ရေချိုးခန်းထဲသို့ ဝင်သွားပြီး ရေချိုးလိုက်သည်။ သူထွက်လာသောအခါ မနေနိုင်ဘဲ ရေငတ်သလိုခံစားလိုက်ရသည်။


သူတကယ်ပဲ နို့သောက်ချင်လိုက်တာ...


 ပိုင်ရဲ့သူ့ကိုပေးတဲ့ဟာမျိုး...


အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် အခြေအနေအကြောင်းမေးရန် တစ်ဖက်ခန်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ မျက်နှာသုတ်ပုဝါကို ချလိုက်ပြီး သူ တံခါးကိုဖွင့်လိုက်သည်။


တိုက်ဆိုင်စွာပင် မျက်နှာချင်းဆိုင်မှတံခါးလည်း ပွင့်သွားသော်လည်း ထွက်လာသူမှာ အခန်းပိုင်ရှင်မဟုတ်ပေ။


ဝေချင်က ခဏ ရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးဆို၏။

 "မင်း မအိပ်သေးဘူးလား"


ချီရှင်းချန်က "အွန်း" ဟု ပြန်ဖြေလိုက်သည်။ 

"ကျွန်တော်... အေးဂျင့်နဲ့ တစ်ခုခုပြောဖို့ အောက်ထပ်သွားမလို့... ခင်ဗျားနဲ့ စကားမပြောနိုင်တော့ဘူး...သွားဦးမယ်ခဗျ"


ထိုသို့ဖြင့် ဓာတ်လှေကားဆီကို တည့်တည့်လျှောက်သွားလိုက်သည်။ ဓါတ်လှေကားထဲသို့ ဝင်သွားပြီးသောအခါမှ တင်းမာနေသော ပုခုံးများ ပြေလျော့သွားသည်။


... အရမ်း နောက်ကျနေပြီ၊ဝေချင်က ပိုင်ရဲ့ရဲ့အခန်းထဲက ဘာလို့ထွက်လာတာလဲ...


သူတို့ဘာလုပ်ခဲ့ကြတာလဲ...စကားပြောတာလား... ညလည်စာ စားတာလား ဒါမှမဟုတ်… ပိုရင်းနှီးတဲ့အရာတစ်ခုလား...


မဟုတ်ဘူး...


ထိုအတွေးများပေါ်လာသည်နှင့် တပြိုင်နက် ချီရှင်းချန် ၎င်းတို့အား ချက်ချင်း ဖိနှိပ်လိုက်ပြီး သူ့ကိုယ်သူ အလွန်တွန့်တိုလွန်းသဖြင့် ကြိမ်းမောင်းလိုက်သည်။


ဝေချင်ကလည်း ပိုင်ရဲ့ရဲ့ဖန်ပဲလေ... သူတောင် ပိုင်ရဲ့အခန်းကို သွားနိုင်ရင် ဝေချင်က ဘာလို့ မသွားနိုင်ရမှာလဲ...


သူတို့က သူငယ်ချင်းဟောင်းများဖြစ်ပုံရသောကြောင့် အတူဆုံရန်အချိန်ရှာရသည်မှာ ပုံမှန်ဖြစ်သည်။ သူဘာလို့ဒီမှာ ဒီလောက် မနာလိုဖြစ်နေတာလဲ...


ချီရှင်းချန် ဓာတ်လှေကားမှ ဆင်းလာရင်း သူ့ကိုယ်သူ ညည်းညူလိုက်သည်။ ဓာတ်လှေကားက ပထမထပ်တွင် ရပ်သွားပြီး ပန်းတိုင်မဲ့စွာ လှည့်ပတ်လျှောက်သွားနေပြီးမှ သူ့အခန်းရှိရာ အပေါ်ထပ်သို့ ပြန်တက်ခဲ့သည်။


ထိုညက သူပိုင်ရဲ့ဆီက နို့တစ်ဘူးမှ မရခဲ့ပေ။


သူ ကောင်းကောင်းအိပ်ပျော်ရန် နို့မရှိ၍ ဖြစ်ကောင်းဖြစ်နိုင်သည်။အခုတလောအတွင်း သူအိပ်ခဲ့သမျှထဲမှာ အဆိုးဆုံးညပါပင်။


.......


နံနက်ပိုင်းတွင် သင်တန်းသားများ၏အဖွဲ့ဖွဲ့မှုများကို မှတ်တမ်းတင်ပြီးနောက်၊ ချီရှင်းချန် အချိန်ကုန်သက်သာရန်အတွက် စိန်တွင်းမန်နေဂျာအား နေ့လည်စာစားရန် ဖိတ်ကြားလိုက်သည်။


မန်နေဂျာက အသက်ငါးဆယ်ကျော်၊ ဝူမျိုးရိုးဖြစ်ပြီး ဇနီးနှင့် သားသမီးများရှိသည်။ သူ့ကို အနုပညာ သတင်းထောက်တွေက ဘယ်တော့မှ အထင်လွဲမှာ မဟုတ်ပေ။ ထို့ကြောင့် သူ နေရာကို ပေါ့ပေါ့ပါးပါး ရွေးချယ်ခဲ့ပြီး စတူဒီယိုဘေးရှိ တရုတ်စားသောက်ဆိုင်ကို တွေ့ခဲ့သည်။


မန်နေဂျာဝူက ယမန်နေ့က တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် S City သို့ အမြန်ရထားဖြင့် လိုက်ပါခဲ့သည်။ သူ၏အလုပ်ကြိုးစားမှုက သူ့ခေါင်းပေါ်မှာ ဆံပင်အနည်းငယ်သာ ကျန်စေခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုကင်းသော ချီရှင်းချန်က ဆံပင်ကြီးထွားမှုကို အထောက်အကူဖြစ်စေသော အစားအစာအနည်းငယ်ကို မှာယူခဲ့ပြီး "အာဖရိကမှာ နေတာကျင့်သားရရဲ့လား" ဟု စိုးရိမ်စိတ်ဖြင့် မေးခဲ့သည်။


"အစကတော့ ပုံမှန်ပါပဲ... ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျင့်သားရလာခဲ့တယ်... မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌရှောင်ချီ" 

မန်နေဂျာဝူ ခဏရပ်လိုက်သည်။ 

"အခု ဒုတိယသုံးလပတ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုအကြောင်း မင်းကို ကျွန်တော်တင်ပြပါမယ်"


ချီမိသားစုသည် ဒုတိယသုံးလပတ်မှ စိန်တွင်းကိုလွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏အစီရင်ခံစာသည် တွင်းပမာဏ၊ ထုတ်လုပ်မှုစွမ်းရည်နှင့်အခြားကဏ္ဍများအကြောင်းတွင် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ထားသည်က အဓိကဖြစ်သည်။ ရလဒ်မှာ ဒုတိယသုံးလပတ်၏ လုပ်ငန်းဆောင်ရွက်မှုသည် ပထမအကြိမ်ထက် ပိုကောင်းခဲ့သော်လည်း ၎င်းတို့သည် ငွေမရှာနိုင်ခဲ့ပေ။


အကြောင်းအရင်းမှာ သေးလွန်းသော စိန်များမှလွဲ၍ တူးဖော်ရရှိသော စိန်များသည် ဥက္ကဌရှောင်ချီအတွက် မိုက်ခရိုဖုန်းတစ်လုံးကို စိတ်ကြိုက်ပြုလုပ်ရန် အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။


ချီရှင်းချန်ပြောစရာစကားမဲ့နေသည်။


အစီရင်ခံစာတင်ပြပြီးနောက် မန်နေဂျာဝူက ဘူးတစ်ခုကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ပေးလာသည်။ 

"ဒါက ဒီနှစ် ပထမနှစ်ဝက်အတွက် ကျွန်တော်တို့စိန်တွင်းရဲ့ထွက်ရှိမှုပမာဏပါပဲ"


အတွင်းမှ အကြောင်းအရာများ မည်မျှ တင်းကြပ်ပြီး စွဲမက်ဖွယ်ကောင်းမည်ကို လုံးဝ စိတ်ကူးကြည့်နိုင်သည်။ချီရှင်းချန် သဘောမတွေ့စိတ်အနည်းငယ်ဖြင့် ဘူကိုဖွင့်လိုက်သည်။


သို့သော် သူ့ကို အံ့သြစေသည်က မိုက်ခရိုဖုန်းက အလွန်လှ၏။


၎င်းကို ငွေသွပ်သတ္ထုစပ်ဖြင့် ပြုလုပ်ထားပြီး ကြည်လင်ပြတ်သားမှုမြင့်မားသော တူညီသော စိန်တုံးများ မြှုပ်နှံထားသည်။ ကြည်လင်ပြတ်သားသော နွေဦးကဲ့သို့ စိန်များကို ဖြန့်ကျက်ထားမှုက ထူးခြားပြီး ပြေပြစ် ချောမွေ့နေသည်။တောက်ပဝင်းလက်သော အလှရှိလေသည်။


အူတိုင်နှင့် ဝါယာကြိုးများကို ကမ္ဘာ့အကောင်းဆုံးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး စမတ်ကွန်ပြူတာဗားရှင်းကို အတွင်းတွင် ထည့်သွင်းထားသည်။ အသံဖမလးယူခြင်းနှင့် ဆူညံသံလျှော့ချခြင်းဆိုင်ရာ သက်ရောက်မှုများသည် ကမ္ဘာ့အဆင့်မီသည်။


မိုက်ခရိုဖုန်းခလုတ်ကို ကြယ်ပုံသဏ္ဍာန်ဖြင့် အပြာရောင်စိန်တုံးကိုဖြတ်၍ ပြုလုပ်ထားသည်။ ပြောစရာမလိုအောင်ပင် တစ်ချက်ကြည့်လိုက်သည်နှင့် မိုက်ခရိုဖုန်းက ဘယ်သူ့ဟာလဲဆိုသည်ကို ပြောနိုင်၏။


မန်နေဂျာဝူက မနေနိုင်ဘဲကျစ်ခနဲစုပ်သတ့်မိသည်။တခြားသူတွေက ၎င်းကို ဘယ်လောက်တန်ဖိုးကြီးမှန်း မသိပေမဲ့ သူက ကောင်းကောင်းသိ၏။


တခြားဘာမှ မပြောလိုပါချေ၊ အပြာရောင်ကြယ်သဏ္ဍာန် စိန်တစ်လုံးတည်းကို လေလံပွဲတစ်ခုမှာ ယွမ်သန်းပေါင်းများစွာနှင့် အလွယ်တကူ ရောင်းချနိုင်သည်။


ချီရှင်းချန်က စိန်များအကြောင်းကို အမှန်တကယ် မသိခဲ့ပေ။ သူက ၎င်းကို ပျော်ရွှင်စွာဖြင့် အကြိမ်ကြိမ် ကြည့်ရှုလိုက်၏။


 မန်နေဂျာဝူက သူသဘောကျနေသည်ကို မြင်ပြီး ပြုံးလိုက်၏။ 


"မိုက်ခရိုဖုန်းရဲ့ အပြင်ဘက်အခွံကို ကျွန်တော့်ဇနီက ဒီဇိုင်းထုတ်ထားတာ...မင်းမကြိုက်မှာကို စိုးနေတာ... အခုတော့ ကျွန်တော် စိတ်အေးသွားပြီ"


"ခင်ဗျားရဲ့ဇနီး"


"ဟုတ်တယ်...သူက လက်ဝတ်ရတနာ ဒီဇိုင်နာတစ်ယောက်ပါ... သူက စိန်လည်ဆွဲနဲ့ လက်စွပ်အများကြီးကို ဒီဇိုင်းဆွဲဖူးပေမဲ့ မိုက်ခရိုဖုန်းအတွက် အသေးစိတ်ပုံစံကို ဒါ သူ ပထမဆုံးအကြိမ် ဆွဲတာပါ... ဒီတစ်ခါ ကျွန်တော်အိမ်ပြန်လာတာက သူ့ကို ပြင်သစ်သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီပွဲအတွက်အဖော်ပြုလိုက်ပို့ပေးဖို့ပါ"


"ပြင်သစ်ကသူငယ်ချင်း"ဟုထည့်ပြောလာသောအခါ ချီရှင်းချန် နှုတ်ကထွက်မိသွား၏။ "Après ရဲ့မန်နေဂျာCamilleများလား"


မန်နေဂျာဝူ အံ့သြသွားသည်။ 


"သူပဲဗျ"


ထိုသို့ဆိုလျှင် သူတို့ မကြာခင် ဆုံတွေ့ရန်အခွင့်အရေးရမည်ပင်။ချီရှင်းချန် မကြာသေးမီက Camilleထံမှ ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့သည်။ သို့သော် သူ မန်နေဂျာဝူကိုစချင်သောကြောင့် ထည့်မပြောခဲ့ပေ။


နေ့လည်စာစားပြီးနောက် ချီရှင်းချန် နှင့် မန်နေဂျာဝူ အတူတူထွက်လာခဲ့သည်။ လှေကားထောင့်ကိုအကွေ့မှာ ရင်းနှီးနေသည့် မျက်နှာကို ရုတ်တရက် တွေ့လိုက်ရ၏။


ဝေချင်လည်း ထိုစားသောက်ဆိုင်မှာပဲ နေ့လည်စာ စားခဲ့သည်။


မနေ့ညက တံခါးမှာ စကားအနည်းငယ်ပြောပြီးနောက် သူ ထွက်လာခဲ့သည်။ နောက်ပိုင်းတွင် သူ မယဉ်ကျေးရာကျခဲ့သည်ဟု ထင်ခဲ့သည်။ချီရှင်းချန် ဝေချင်နှင့် ကောင်းကောင်းစကားပြောချင်သော်လည်း မန်နေဂျာဝူက အရင်ပြောလိုက်သည်။ 

"မစ္စတာဝေ...မင်းကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး...တိုက်ဆိုင်လိုက်တာပဲ"


"ဟုတ်ကဲ့ ဦလေးဝူ" 

ဝေချင်က သီးသန့်ဆန်စွာပြုံးလိုက်သည်။


"ခင်ဗျား တရုတ်ပြည်ကို ပြန်ရောက်နေပြီလို့ အဖေ့ဆီက ကြားတယ်...သူက ခင်ဗျားကို ကြိုဆိုတဲ့ ညစာစားပွဲ လုပ်ပေးမလိုပြင်နေတယ်... ဘယ်အချိန် အားလဲဗျ"


"အခုတလော ငါ မတတ်နိုင်မှာစိုးမိတယ်..."


မန်နေဂျာဝူ သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူ့သူဌေးရှေ့တွင် သူ အခြားကုမ္ပဏီများနှင့် အလွန်ကြီးနီးကပ်စွာ မနေရဲပေ။


"ကောင်းပြီ... ဒါဆို ခင်ဗျားနဲ့ နောက်တစ်ကြိမ်ချိန်းဖို့ ကျွန်တော့်လက်ထောက်ကို ခိုင်းလိုက်ပါ့မယ်" 

ဝေချင်က ချီရှင်းချန်ကို တစ်ချက်ကြည့်လိုက်သည်။ 

"ခင်ဗျား အလုပ်များနေမှတော့ ကျွန်တော် ခင်ဗျားကိုမနှောင့်ယှက်တော့ဘူး... နှုတ်ဆက်ပါတယ် ဦးလေးဝူ"


"ကောင်းပြီ... နှုတ်ဆက်ပါတယ်"


မန်နေဂျာဝူက ဝေချင်ကို နှုတ်ဆက်လိုက်သည်။ သူတို့နှစ်ယောက်က ချီရှင်းချန်ကို အစကနေအဆုံး ထည့်မပြောခဲ့ကြပါချေ။ချီရှင်းချန်က စိတ်ဝင်တစား နားထောင်နေခဲ့ပြီး လူသားပုံသဏ္ဍာန် တိုင်တစ်ခုလိုပင်။


ဝေချင် ထွက်သွားပြီးနောက် ချီရှင်းချန်ကမေးလိုက်သည်။

 "ဦးလေးဝူတို့ အချင်းချင်း သိကြတာလား"


"... မင်း ကျွန်တော့်ကို ဦးလေးဝူလို့ ဘာလို့ခေါ်တာလဲ...လောင်ဝူလို့ပဲခေါ်ပါ"


မန်နေဂျာဝူက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီးဆိုသည်။


"သူက ရှန်းရွယ်ကျောက်မျက်ရတနာရဲ့ သားပါ... ကျွန်တော့်ဇနီးက သူ့မိသားစုအတွက် လက်ဝတ်ရတနာပေါင်းများစွာကို ဒီဇိုင်းထုတ်ပေးခဲ့တယ်... မကြာသေးမီနှစ်များအတွင်းမှာ ရှန်းရွယ်က တန်ဖိုးကြီးစိန်ကုန်ကြမ်းတွေကို ရှာဖွေနေခဲ့တယ်... ကျွန်တော်တို့ရဲ့ ချီကော်ပိုရေးရှင်းက စိန်တွင်းကို ရယူခဲ့တယ်လို့ ကြားတော့ ဥက္ကဌဝေက ဥက္ကဌဆီကို ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ လာရောက်ခဲ့ပေမဲ့ ဥက္ကဌချီက ငြင်းပယ်ခဲ့တယ်... နောက်ပိုင်းမှာ သူတို့က ကျွန်တော့်ဇနီးနဲ့တွေ့ပြီး ဥက္ကဋ္ဌချီကိုကောင်းစကားနည်းနည်းပြောပေးစေချင်ကြတယ်… ကျွန်တော်ဘယ်တုန်းကမှသဘောမတူခဲ့ဘူး... နားလည်မှုမလွဲလိုက်ပါနဲ့ ဥက္ကဌရှောင်ချီ..."


တွင်းထွက်သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကြောင့် စိန်ဈေးက တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခဲ့သည်။ အရည်အသွေးမြင့် စိန်ကုန်ကြမ်းများရရှိရန် ပိုမိုခက်ခဲလာသည်။ ယေဘုယျအားဖြင့် စိန်တွင်းများကကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးထားကြသည်။ ယခု စိန်တွင်းပိုင်ရှင်အသစ်တစ်ယောက်ရှိလာသဖြင့် ဝေချင်၏ဖခင်က ချီကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်စိတ်အားထက်သန်နေသည်က ပုံမှန်ပါပင်။


ကံမကောင်းစွာပဲ၊ ဥက္ကဌချီက သူ့အလုပ်သူကောင်းကောင်းမလုပ်ဘဲ ထောင်ပေါင်းများစွာသော မိန်းကလေးများ၏ အိပ်မက်များထဲကစိန်များအားလုံးကို သူ့သား၏မိုက်ကရိုဖုန်းထဲသို့ထည့်ပစ်ခဲ့သည်။ချီရှင်းချန် သူ့အဖေ၏ ငွေရေးကြေးရေးအတွက် အနည်းငယ် စိတ်ပူပန်နေခဲ့သည်။ထိုကြောင့် ယာဉ်မောင်းဖြစ်သူလောင်ချင်ကို မန်နေဂျာဝူကို မြန်နှုန်းမြင့် မီးရထားဘူတာသို့ ခေါ်ဆောင်သွားရန် စေလွှတ်ခဲ့သည်။၎င်းနောက် ရင်ဘတ်ကို လက်ဖြင့်ဖိကာ သူ စတူဒီယိုသို့ ပြန်သွားခဲ့သည်။


မွန်းလွဲပိုင်း အသံသွင်းခြင်းမစတင်မီတွင် မိုက်ကရိုဖုန်းကို ထုတ်ယူရန် အလွန်ချီတုံချတုံ ဖြစ်နေခဲ့သည်။


ဒုတိယအကြိမ် တွေးကြည့်သောအခါ ဤသည်က သူ့အစ်ကို၏ စေတနာဖြစ်၏။ သူ့အစ်ကိုသာ သူက လက်ခံပေမဲ့ မသုံးဘူးဆိုသည်ကို သိလျှင် သူမကြိုက်ဘူးဟု နားလည်မှုလွဲသွားနိုင်သည်။


သူ့အစ်ကို ဘယ်လောက်ဝမ်းနည်းနေလိမ့်မလဲ...


ချီရှင်းချန် သက်ပြင်းချကာ အံကြိတ်၍ မိုက်ခရိုဖုန်းကို ထုတ်ပြီး ကိုယ်ပိုင်မိုက်ခရိုဖုန်းသို့ ပြောင်းလဲခြင်းအကြောင်း အသံအင်ဂျင်နီယာနှင့် စကားပြောရန် သွားခဲ့သည်။


အသံအင်ဂျင်နီယာဖြစ်သူ မီးချောင်း၏ပတ်လမ်းကို ချိန်ညှိနေချိန်တွင် သူ့မျက်လုံးထဲသို့ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်။ သူကအော်လိုက်၏။


"ဓာတ်မီးကို ဘယ်သူဖွင့်တာလဲ...အဲဒါကိုပိတ်လိုက်စမ်း"


ချီရှင်းချန် မိုက်ခရိုဖုန်းကို လျင်မြန်စွာဖုံးအုပ်ကာ ထပ်ခါတလဲလဲ တောင်းပန်လိုက်သည်။


အသံအင်ဂျင်နီယာ သူ့မျက်လုံးများကို ပွတ်သပ်ကာကြည့်လိုက်ရာတွင် တစ်ယောက်ယောက် ဓာတ်မီးဖွင့်ထားခြင်းမဟုတ်ပါဘဲ ကြယ်အလင်းတန်းအကဲဖြတ်သူ၏ လက်ထဲရှိ တောက်ပနေသည့်အရာက အလင်းပြန်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူက နှုတ်ခမ်းကိုအသံမြည်အောင်စုပ်လိုက်၏။


"ကိုယ်ပိုင် မိုက်ခရိုဖုန်းကို ပြောင်းတာက ပြဿနာ မဟုတ်ပါဘူး...အဲဒါကို မင်းရဲ့ ဘလူးတုနဲ့ ချိတ်လိုက်ပါ... စကားဝှက်က ခြောက်ရှစ်လုံး...မင်းမိုက်ခရိုဖုန်းမှာဘာပါတာလဲ...ဘာလို့ ဒီလောက်လင်းနေတာလဲ"


"... ခရစ်စတယ်...ခရစ်စတယ်အတု" 

ချီရှင်းချန် သူ့ကို အရူးလုပ်လိုက်သည်။


ကံမကောင်းစွာပဲ၊ သူ့အနေဖြင့် ကြမ်းကြမ်းတမ်းတမ်းယောက်ျားသားများကို လှည့်စားနိုင်သော်လည်း မိန်းမသားများကို မလှည့်စားနိုင်ပေ။ချန်ကျားရီက သူ့မိုက်ခရိုဖုန်းကို မြင်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားသည်။


 "အိုးမိုင်ဂေါ့...ရှင်းရှင်း မင်း ဘာလုပ်နေတာလဲ... ဒါက သိပ်ကို ကြီးကျယ်လွန်းသွားပြီမဟုတ်ဘူးလား"


ချီရှင်းချန်: "ဟင်"


"ကျစ်ကျစ်ကျစ် ...ကြည်တောက်နေတာကိုကြည့်... ဖြတ်သားကိုကြည့်…" 


သူမက မိုက်ခရိုဖုန်းပေါ်ရှိ သုံးကာရက်စိန်ကြီးများကို ညွှန်ပြလာသည်။ 

"မင်း အဲဒါတွေကို မိုက်ကရိုဖုန်းထဲမှာ ထည့်ထားဖို့ ဆန္ဒရှိတယ်ပေါ့လေ... တစ်လုံးရဲ့ စျေးကွက်ပေါက်ဈေးက ယွမ် ၂၀၀,၀၀၀ လောက်ရှိတယ်... ဖြုန်းတီးလိုက်တာနော်"


ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းထောက်မစွာ၊ သူမက စိန်ကြီးများ၏ ဆွဲဆောင်မှုကို ခံခဲ့ရပြီး အပြာရောင်စိန်နှင့် သေးငယ်သော စိန်များကို သတိမထားမိခဲ့ပေ။


မဟုတ်လျှင် သေအောင် ကြိမ်းမောင်းခံရလိမ့်မည်။


နေ့ခင်းဘက်မှာ အပြန်အလှန်ဆက်ဆံသည့်အပိုင်းလေးကို မှတ်တမ်းတင်ကြသည်။ ထို့နောက် သင်တန်းသားများက ၎င်းတို့၏ဖျော်ဖြေမှုအတွက် စတင်လေ့ကျင့်ကြသည်။


အတန်းအားလုံးက အုပ်စုဖွဲ့

စဉ်တွင် တကွဲတပြားစီဖြစ်သွားသည်။နည်းပြများအနေဖြငွ သီးခြားအတန်းများနောက် လိုကအရန် မလိုအပ်တော့ပေ။ သူတို့ငါးယောက်သည် လေ့ကျင့်ရေးအခန်းများကို တစ်ခန်းပြီးတစ်ခန်း စစ်ဆေးကြပြီး လှုပ်ရှားမှုအခန်းဆီသို့ လမ်းလျှောက်သွားလိုက်ကြသည်။