Chapter 84
အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် လှုပ်ရှားမှုခန်းအလယ်တွင် အော်တိုမာကျောက်စက်တစ်လုံးကို တွေ့ရှိခဲ့သည်။ သင်တန်းသားများ၏ အားလပ်ချိန်အတွက် ပြင်ဆင်ထားသည်ဟု ယူဆရသည်။ မာကျောက်၊ ချစ်ပ်များ၊ အန်စာတုံးများ... အားလုံး ရနိုင်၏။
ချန်ကျားရီက စီချွမ်မှဖြစ်သည်။ မာကျောက်စက်ကို သူမမြင်လိုက်သောအခါတွင် သူမ၏ ခြေဖဝါးလက်ဖဝါးများယားလာသည်။ သူမလက်တွေကို ပွတ်သပ်ပြီးပြောလိုက်၏။
"ငါတို့ဘာမှလုပ်စရာမရှိတဲ့အတူတူ ဘာလို့ အကြိမ်နည်းနည်းလောက် မကစားရမှာလဲ"
သူတို့နောက်ကလိုက်နေသည့် လက်ထောက်က ပစ္စည်းကောင်းတွေရှာတွေ့ပြီး ချန်ကျားရီကို ကူတွေးပေးခဲ့သည်။
ကျန်သည့်သူတွေ ဘာလုပ်နိုင်ပါမည်နည်း။ သူတို့သဘောတူရုံပဲရှိတော့သည်။
ပရိုမိုတာတစ်ယောက်အနေဖြင့် ပိုင်ရဲ့က သင်တန်းသားများ၏ လေ့ကျင့်မှုကို အခါအားလျော်စွာ ကြီးကြပ်ရန် လိုအပ်သောကြောင့် စားပွဲမှာ ထိုင်နေ၍မဖြစ်ပေ။ ထို့ကြောင့်၊ ကျန့်ယွီယန်၊ ချီရှင်းချန်၊ ဝေချင် နှင့် ချန်ကျားရီတို့သည် လေးဘက်လေးတန်တွင် ထိုင်လိုက်ကြသည်။ သူတို့သည် အောင်နိုင်သူအတွက် လောင်းကြေးများကို သတ်မှတ်ပြီး အရှုံးသမား၏ မျက်နှာပေါ်မှာ ပုံဆွဲရန်ဆုံးဖြတ်သည်။
ချီရှင်းချန် ချက်ချင်းပင် ရှက်လာသည်။သူ ယခင်က အတန်းတွေ့ဆုံပွဲတွေမှာ မာကျောက်ကစားခဲ့ဖူး၏။ယင်းကလွဲ၍ သူ့မှာ အတွေ့အကြုံမရှိပေ။ သူက ဘယ်လိုအနိုင်ယူရမှန်းပင် မသိပေ။
... သူသရဲရပ်ပေါက်အောင် အဆွဲမခံရချင်ဘူး...
ချီရှင်းချန် တုံ့ဆိုင်းသွားသည်။
"ရဲ့ကော ကစားလိုက်ပါလား... အစီအစဉ်ကိုထုတ်လွှင့်တဲ့အခါ ကျွန်တော့်မျက်နှာက ပရိသတ်အပေါ် အရိပ်တစ်ခုချန်ပြီး အစီအစဉ်ရဲ့ပုံရိပ်ကို ထိခိုက်မှာကို ကြောက်တယ်"
"…"
ပိုင်ရဲ့ သူ၏ကြောက်လန့်တကြားဖြစ်နေသောလေသံမှာ မရယ်ဘဲမနေနိုင်ခဲ့။
"အဆင်ပြေပါတယ်...ကောင်းကောင်းကစားပါ... မင်းရှုံးရင် ငါ့ခံမယ်... မင်းနိုင်ရင် မင်းယူ"
"အိုက်ယိုး...မင်း ဒီထက်ပိုပြီး တရားမျှတပေးလို့ရမလား"
ကျန့်ယွီယန်ု မနာလိုဟန်ဆောင်ပြီးပြောလိုက်သည်။
"မင်းတို့နှစ်ယောက်က တစ်မိသားစုထဲဖြစ်ရမယ်...နှစ်ယောက်ပေါင်းတောင် လုပ်လိုက်သေးတယ်"
သူတို့လုပ်သည်က တကယ်မတရားပေ။ပိုင်ရဲ့ စိတ်ပြောင်းသွားသည်။
"ဒါဆို ကျွန်တော် သူ့အတွက် ပြစ်ဒဏ်ပဲ ခံမယ်
.. ဘာမှဝင်မပြောဘူး အိုကေလား"
"အိုကေ အိုကေ"
ချန်ကျားရီက စိတ်လောနေသည်။
"လာ လာ လာ...ဆော့မယ်ဟေ့"
ထွက်လာသည့်ရလဒ်မှာ ရှောင်ချီက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော မာကျောက် ကစားသမားဖြစ်သည်။
ပထမအချီတွင် သူ ချန်ကျားရီအပေါ် တစ်ကွက်ရွှေ့ခဲ့သည်။ပိုင်ရဲ့၏ မျက်နှာဘယ်ဘက်ခြမ်းမှာ ကြောင်ပါးသိုင်းမွှေးသုံးခု ပေါ်လာ၏။
ဒုတိယအချီတွင် သူ ကျန့်ယွီယန်အပေါ် တစ်ကွက်ရွှေ့ခဲ့သည်။ပိုင်ရဲ့၏ မျက်နှာညာဘက်ခြမ်း ချက်ချင်းပင် ဘယ်ဘက်နှင့် အချိုးကျသွားသည်။
တတိယအချီမှာ သူက...
ပိုင်ရဲ့ ၏နှာတံပေါ်တွင် မျက်မှန်တစ်စုံပေါ်လာသည်။
ပိုင်ရဲ့၏ မျက်နှာ တဖြည်းဖြည်း ကွဲပြားလာသည်ကို မြင်လိုက်ရသောအခါ ချီရှင်းချန်၏ နှလုံးသား သူ့အတွက် နာကျင်ခဲ့ရသော်လည်း အနည်းငယ် လည်း ဝမ်းသာသွားသည်။
သူ့အတွက် ပြစ်ဒဏ်ကို ခံယူသောအခါ၊ ပိုင်ရဲ့က တွန့်ဆုတ်မှု မပြခဲ့ပေ။ သူ့ကို စိတ်လျော့ထားရန်ပြောပြီး ပျော်အောင် အားပေးစကားပင် ပြောခဲ့၏။
ပိုင်ရဲ့က သူ့အပေါ် တကယ်ကောင်းသည်။
သို့ပေမဲ့ သူ ဆက်ပြီး ရှုံး၍မဖြစ်ပါချေ။ ဗျူဟာပြောင်းရန် သူ ဆုံးဖြတ်လိုက်၏။ သူအနိုင်ရမှာမဟုတ်ပေမဲ့ အနိုင်ရသူနှင့်တွဲကစားမှာဖြစ်သည်။ သူအနိုင်ရရန်မကြိုးစားပေမဲ့ ရှုံးမှာမဟုတ်ပေ။
နောက်ဆုံးမှာ စတုတ္ထအချီတွင် ဝေချင်ရွှေ့ရမည့်အလှည့်ရောက်လာသည်။ချီရှင်းချန် ပြုံးလိုက်သည်။ သူက လှည့်ပြီး ပိုင်ရဲ့နှင့် လက်သီးချင်းတိုက်အောင်ပွဲခံရန် လက်သီးကို ဆန့်လိုက်၏။
သို့သော် ဝေချင်၏ အသံက သူ့ဘေးမှ ထွက်ပေါ်လာသည်။
"ရဲ့ကော...ကျွန်တော့်အသားအရေက ဓါတ်မတည့်ဘူး...ကျွန်တော့်အစားရော အပြစ်ဒဏ်ခံပေးလို့ရမလား"
ကင်မရာက ပိုင်ရဲ့ဘက်လှည့်သွား၏။ လူတိုင်းကလည်း သူ့ကိုကြည့်လိုက်သည်။ပိုင်ရဲ့က အံ့သြသွားသည်။
"...ကောင်းပြီ ...ငါမင်းအစား အပြစ်ဒဏ်ခံပေးလို့ရတယ်..."
ချီရှင်းချန် သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့လေသည်။
"ကျွန်တော်...ကျွန်တော်ရေချိုးခန်းသွားလိုက်ဦးမယ်...ခင်ဗျားတို့ဆော့နှင့်ပါ...ကျွန်တော့်ကိုမစောင့်နဲ့"
ချီရှင်းချန်က ရုတ်တရက် ထရပ်ပြီး ခေါင်းငုံ့ကာ လှုပ်ရှားမှုအခန်းမှ ထွက်သွားလိုက်သည်။
ပိုင်ရဲ့က သူ့နောက်ကျောကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"ဒါပေမဲ့ ကျွန်တော့်မျက်နှာက ရှင်းရှင်းရဲ့ နေရာ...ယန်ကော ကျွန်တော့်လက်ပေါ်မှာ ဆွဲလို့ရတယ်"
ကျန့်ယွီယန်က ဘောပင်အဖုံးကိုဖွင့်လိုက်သည်။ပိုင်ရဲ့က သူဆွဲပြီးသည်အထိ စောင့်ပြီးနောက်ပြောလိုက်၏။
"ဝေချင်ရဲ့ မျက်နှာက ဓါတ်မတည့်ဘူးဆိုတော့ကောင်းကောင်း အနားယူတာကောင်းမယ်...မကစားနဲတော့... သင်တန်းသားတွေကို သွားကြည့်ရအောင်"
ထို့နောက် ပိုင်ရဲ့က လှုပ်ရှားမှုအခန်းမှ ထွက်လာပြီး ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။
ပိန်းပါးပါးလူငယ်လေးက လေ့ကျင့်ရေးခန်းထဲသို့ လှည့်ဝင်ကာ တံခါးကို လော့ချလိုက်သည်ကိုသူမြင်လိုက်ရသည်။
......
မျှော်လင့်ထားသည့်အတိုင်း Fအတန်းက အတော်ဘေး ပြန့်ကျဲသွားသည်။ ဆယ့်နှစ်အုပ်စုမှာ အုပ်စုတိုင်းလိုလိုမှာ Fအတန်းကသင်တန်းသားတွေရှိသည်။ ကံကောင်းထောက်မစွာ၊ ချီရှင်းချန်က ကျန်သီချင်းလေးပုဒ်ကို သင်ယူပြီးသည့်နောက် အချိန်ယူခဲ့သည်။ မဟုတ်လျှင် သူတို့ကို ညွှန်ကြားပေးနိုင်မှာ မဟုတ်ပေ။
ည ၁၀း၃၀ တွင် သင်တန်းသားများက Fအတန်းကို တစ်ယောက်ပြီး တစ်ယောက် ပြန်လာကြသည်။ချီရှင်းချန်က နောက်ကျသည်အထိ လေ့ကျင့်နေပါက ၎င်းတို့ မမီနိုင်တော့မည်ကို စိုးရိမ်နေသည်။ထို့ကြောင့် သူဆန်ပြုတ်နှင့် အရံဟင်းလျာများကို စောစောပြင်ဆင်ပြီး တံခါးဝတွင် စောင့်နေပြီး ဝင်လာသူတိုင်းအား တစ်ပွဲစီ ပေးခဲ့သည်။
ရိုက်ကူးရေးလက်ထောက်က သူပေးသည့် ပုဇွန်ဘီစကစ်ကို ယူရင်းဝေ့ဝေ့ဝါးဝါးဆိုသည်။
"အတော်လေးနောက်ကျနေပြီ...တခြားနည်းပြတွေက ပြန်ကုန်ကြပုံရတယ်... မင်းဘယ်လောက်ကြာကြာနေမှာလဲ"
ချီရှင်းချန်က ရှိူးအဆုံးအထိ ဆက်နေရန်စီစဥ်ထားကြောင်း မပြောခဲ့ပါချေ။မဟုတ်လျှင် ရုပ်သံလွှင့်သည့်အခါ သူရှိူးလုပ်ပြနေသည်ဟု လူတွေက သေချာပေါက်ထင်ကြလိမ့်မည်။
"ဘယ်လိုဖြစ်မလဲ ကြည့်ရအောင်လေ"
သူက ပြောလိုက်သည်။
"လူတိုင်း ပြဿနာမရှိရင် ကျွန်တော်ပြန်အိပ်မယ်"
သို့သော် Fအတန်းတွင် မည်သို့မျှ ပြဿနာမရှိဘဲမနေပေ။
ဆန်ပြုတ်ကိုရရှိပြီးနောက် မည်သူမျှ အလျင်စလိုမစားခဲ့ကြပါချေ။ တစ်ယောက်ပြီး တစ်ယောက် နံရံကိုမှီကာ တင်ပျဉ်ခွေ ထိုင်နေကြသည်။ ဆယ်နှစ်ကြာအောင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်အောင်မဖြေနိုင်သည့် အတိုင်း သူတို့၏ မျက်နှာများ ညှိုးငယ်နေကြသည်။
ချီရှင်းချန်က စပ်စုလိုက်၏။
"ဘာဖြစ်နေတာလဲ ပြောပါဦး"
"... ပြောစရာကို မရှိပါဘူးဗျာ"
ဝူချန်က ခေါင်းငုံ့ကာဆိုသည်။
"ရှောင်ချီလောင်ရှီး... လောင်ရှီးမှန်တယ်...ကျွန်တော်တို့က အဖွဲ့ကို ဆွဲချနေကြတာပဲ"
ချီရှင်းချန် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။ သူတို့ကို အားပေးခြင်းဖြင့် စိတ်ဓာတ်ကျမှု နည်းပါးသွားစေလိမ့်မည်ဟု သူထင်ခဲ့သည်။ ကံမကောင်းစွာပဲ ကလေးတွေကခုလို ကြောက်ရွံ့နေကြတုန်းပါပင်။
"လက်ရှိအခြေအနေအပေါ် အခြေခံရရင် ဝမ်းနည်းခြင်းဆိုတာ အသုံးမဝင်ဆုံး စိတ်ခံစားမှုပဲ..."
ချီရှင်းချန်က ပြောလိုက်သည်။
"မင်း ဝမ်းနည်းနေတဲ့ စက္ကန့်တိုင်းက မင်း လေ့ကျင့်ဖို့နဲ့ကျန်တဲ့အသင်းဖော်တွေနဲ့ အမီလိုက်ဖို့ တစ်စက္ကန့်စီကို ဖြုန်းတီးရာကျတယ်... မင်းရဲ့အချိန်တွေကို မျက်စိစုံမှိတ်ဖြုန်းချင်သလား"
"မဖြုန်းချင်ဘူး"
"မဖြုန်းချင်ရင် မြန်မြန်စားလိုက်"
ချီရှင်းချန်က လက်ခုပ်တီးပြီးအော်လိုက်သည်။ "မြန်မြန်စားပါ... စားပြီးရင် ထပြီး လေ့ကျင့်"
"....."
သင်တန်းသားများ သူ့ကြောင့် အားတက်သွားကြသည်။စိတ်အားတက်ကြွစွာဖြင့် စားစရာတွေကို ချလိုက်ပြီး မှန်ရှေ့မှာ တန်းစီပြီးစားကြသည်။
သီချင်းခြောက်ပုဒ်၊ ကွဲပြားသော အက ခြောက်ခု။ ဂီတပုံစံများ၏ ကွဲပြားမှုကိုပြသရန်အတွက် ဂီတစီစဉ်သူက လက်ရှိသီချင်းများ၏ အစိတ်အပိုင်းအားလုံးနီးပါးကို လွှမ်းခြုံထားသည်။ ထရပ်၊ R&B၊ ဘလူး၊ ဂျက်ဇ်စသဖြင့်
ဂီတ၏ အစီအစဉ်နှင့် လိုက်ဖက်စေရန်အတွက် ကကွက်သည် ပို၍ပင် ကွဲပြားခဲ့သည်။လေ့ကျင့်ရေးမစခင် Fအတန်းက သင်တန်းသားတွေ အနည်းငယ် စိတ်ပူနေကြသည်။
သူတို့ မလိုက်နိုင်မှာကိုလည်းကြောက်သလို မေးခွန်းတစ်ခုမေးလိုက်၍ ချီလောင်ရှီးက ကြောင်သွားပြီးပြန်မဖြေနိုင်ဖြစ်ကာ လေ့ကျင့်ရေးအခန်းထဲရှိ ကင်မရာဖြင့် မှတ်တမ်းတင်ခံလိုက်ရပါက ချီလောင်ရှီးအပေါ် ဆိုးရွားသည့် သက်ရောက်မှုရှိမှာကိုလည်း စိုးရိမ်ကြသည်။
"My Time" ၏ပထမအပိုင်းကိုထွက်ရှိပြီးနောက် ချီရှင်းချန် Kevin ကြောင့်အပြစ်တင်ခံခဲ့ရသည်။ သူတို့အားလုံးမြင်ကြ၏။တစ်ယောက်နဲ့တစ်ယောက် သိသည်ကမကြာသေး ပေမဲ့ စိတ်ထဲမှာ သူက သူတို့၏ဆရာရော သူငယ်ချင်းပါဖြစ်နေပြီဖြစ်၏။သူတို့ သူ့ကို လေးစား သဘောကျကြသည်။
သူ ထပ်ပြီးကြိမ်းမောင်းခံရသည်ကို မတွေ့ချင်ကြသည့်အတွက် သူတို့ သေသေချာချာဂရုစိုက်ပြီး မေးခွန်းများမေးခဲ့ကြသည်။
သူတို့ကို ပျော်စေသည်က ဝူချန်က သူ့ကို သံပြိုင်အပိုဒ်သီဆိုနည်းကို မေးသောအခါတွင် သူကကောင်းကောင်းဖြေနိုင်လေသည်။သင်တန်းသားတွေက သူ့ကို အမြင့်သံတွေကိုဘယ်လို သီဆိုရမလဲဟု မေးသည့်အခါ သူက သူတို့ကို ဘယ်လို သီဆိုရမလဲဆိုသည်ကို ပြ၏။ ကကွက်နှစ်ခုကို မချိတ်ဆက်နိုင်သောအခါတွင် သူက သူတို့အား တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်ခဲ့သည်။
Fအတန်းမှ သင်တန်းသားများ၏အတွေးများမှာ: အိုး ချီလောင်ရှီးက အပြောတင် မဟုတ်ဘူးပဲ...ချီလောင်ရှီးက သူတို့အတွက် လေ့ကျင့်ခဲ့တယ်...ချီလောင်ရှီးက အကောင်းဆုံးပဲ...
လေ့ကျင့်ရေးအတွက် လူတိုင်း၏ စိတ်အားထက်သန်မှု မြင့်တက်လာသည်။ သူတို့သည် သူတို့၏ကိုယ့်ကိုကိုယ်ထိန်းနေမှုအားလုံးကို စွန့်လွှတ်ခဲ့ပြီး သူတို့၏ ခွန်အားနှင့် ချွေးများကို အားစိုက်ထုတ်ခဲ့ကာ သူတို့ရှေ့တွင် ပန်းတိုင်တစ်ခုသာ ရှိခဲ့သည်။
မနက်တစ်နာရီလောက်မှာ ဝူချန်က သူ့မျက်နှာပေါ်က ချွေးရေတံခွန်ကို သုတ်လိုက်ပြီးအကြံပြုလာသည်။
"ချီလောင်ရှီး ကျွန်တော်တို့လည်း သင်ပြီးခါနီးပြီ... လောင်ရှီးအရင်ဆုံး ပြန်သွားအိပ်ပါလား"
"အဆင်ပြေပါတယ်... ငါမအိပ်ချင်ပါဘူး"
မနက်နှစ်နာရီမှာ ဝူချန်တစ်ယောက် မနေနိုင်ဘဲထပ်ပြောလိုက်ပြန်၏။
"ချီလောင်ရှီး... ကျွန်တော်တို့အားလုံး သင်ပြီးပြီ... လေ့ကျင့်ဖို့ပဲလိုတော့တယ်...ခဏနေပြီးတော့ အိပ်ဆောင်ကို ပြန်သွားတော့မှာ...ကျွန်တော်တို့အတွက် စိတ်မပူပါနဲ့...ပြန်အိပ်ပါ"
"ပါးစပ်ပိတ်ထား"
ချီရှင်းချန်က မျက်နှာသုတ်ပုဝါတစ်ထည်ကို အပေါ်မှ ပစ်ချလိုက်သည်။
"နောက်ထပ် နာရီဝက်လောက် လေ့ကျင့်...ပြီးရင် အကုန်လုံးပြန်ပြီး အနားယူကြမယ်"
ဝူချန် အစွန့်ပစ်ခံလိုက်ရ၍ ငိုသွားသည်။ လူတိုင်းက သူ့ကို ရယ်မောနေကြသော်လည်း သူတို့၏ လုပ်ရပ်များက မရပ်တန့်သွားပေ။
ချီရှင်းချန် ဤကောင်လေးတွေကို ကြည့်ပြီး အတော်လေး စိတ်ငြိမ်သွား၏။ သူ့ကိုယ်သူ ပျင်းရိမနေဝံ့ဘဲ နံရံကိုမှီကာ စည်းချက်တွေကို ကူရေတွက်လိုက်သည်။
သူ ဘာမှမလုပ်ဘဲနေချိန်မှာ၊ ဝေချင်အတွက် အပြစ်ပေးခံရရန် သဘောတူလိုက်သည့် ပိုင်ရဲ့၏ မြင်ကွင်းက သူ့စိတ်ထဲမှာ မသိစိတ်က ပြန်ပေါ်လာသည်။
ဝေချင်က လူရှေ့သူရှေ့နှင့် ကင်မရာရှေ့တွင် မျက်နှာဓာတ်မတည့်မှုအတွက် အကူအညီလိုအပ်နေသည့်အတွက် ပိုင်ရဲ့အနေဖြင့် စာနာစိတ်အရဖြစ်စေ ခင်မင်မှုအရဖြစ်စေ သဘောတူရန်သာ ရွေးချယ်နိုင်ခဲ့ကြောင်းသူသိသည်။
သို့ပေမဲ့ သူက ပိုင်ရဲ့ကို သူ့အပေါ်မှာ အနည်းငယ်ထူးခြားစေချင်သည်။သူက ပိုင်ရဲ့အတွက် အနည်းငယ်ပင်ဖြစ်ပါစေ သူများတွေထက်ထူးခြားချင်မိသည်။
ဖြစ်နိုင်သည်က သူ... ပိုင်ရဲ့ကို တကယ်သဘောကျမိသွားခြင်းပင်။
.....
Fအတန်းကို ရက်အနည်းငယ်ကြာ မောင်းပြီးနောက် "My Time" ၏ ဒုတိယအပိုင်းကို ထုတ်လွှင့်ခဲ့သည်။
အဓိကအခန်းသည် ပဓာနတေးသီချင်းကို လေ့လာခြင်းမှ ပထမအကျော့ ပြိုင်ပွဲတာဝန်များကို ထုတ်လွှင့်ချိန်အထိ သုံးနာရီခွဲကြာမြင့်သည်။ ယခင်အပိုင်းကဲ့သို့ပင်၊ ၎င်းသည် အင်တာနက်ပေါ်တွင် အပတ်စဉ်ကြည့်ရှုမှုအရေအတွက်ကို လွှမ်းမိုးထားသည်။
Kevinကို လွန်ခဲ့သည့်တစ်ခေါက် စော်ကားခဲ့သည့်အချိန်မှစ၍၊ Kဖန်များက "My Time" ခေါင်းစဉ်ပေါ်သို့မဟုတ် ချီရှင်းချန်၏ ပင်မစာမျက်နှာသို့ လာရောက်၍ မကြာခဏ ကဲ့ရဲ့ပြစ်တင်ကြသည်။
သို့ပေမဲ့ နှစ်မိနစ်၊ သုံးမိနစ်အကြာမှာမူ ဖြတ်သွားဖြတ်လာတွေက မမြင်လိုက်ခင်မှာ Weibo ပို့စ်က ထူးထူးခြားခြား ပျောက်ကွယ်သွားပြီး အကောင့်ကိုပင်ခုနစ်ရက်ကြာ ပိတ်ပင်ခံခဲ့ရသေည်။
အချိန်ကြာလာသည်နှင့်အမျှ Kဖန်များ ဒေါသဖြစ်ခဲ့ကြသည်။ "My Time" ၏ဒုတိယအပိုင်းထွက်ရှိလာမည့်အချိန်ကိုစောင့်မျှော်လျက် ၎င်းတို့၏ဓားများကို လျှို့ဝှက်စွားသွေးရင်း ကျည်ဆန်စခရင်ကိုသိမ်းပိုက်ကာ ချီရှင်းချန်တစ်ချက်လောက်သတိလွတ်သွားမည့်အချိန်ကိုစောင့်နေကြသည်။
တစ်ချိန်တည်းမှာပင်၊ ကြယ်အလင်းတန်းများကလည်း ထိုသို့ဖြစ်လာရန် မျှော်လင့်ထားပြီးဖြစ်သောကြောင့် အသရေဖျက်မှုတိုက်ဖျက်ရေးအဖွဲ့ကို ငါးသင်းမှ ဆယ်သင်းအထိ တိုးချဲ့ခဲ့သည်။ အသရေဖျက်မှု ဆန့်ကျင်ရေးနည်းလမ်းများကို ကူးယူရန် ထုတ်လွှင့်မှု မစတင်မီ မိနစ် 20 တွင် စုရုံးခဲ့ကြသည်။
ထို့ကြောင့်၊ ဒုတိယအပိုင်းကိုထွက်ရှိသောအခါ၊ ညဥ့်ကောင်းကင်များ၏မှတ်ချက်များစွာအပြင်၊ ကျည်ဆံမျက်နှာပြင်သည် ကြယ်အလင်းတန်းနှင့် Kevin၏ဖန်များကြားတွင် ချက်ချင်းပင် စစ်မြေပြင်ဖြစ်လာခဲ့သည်။
[မှော်မှန်ကြီး မှော်မှန်ကြီး ငါ့ကိုပြောပါ...ရဲ့ကောက ငါ့ယောကျာ်း ဖြစ်လာမှာလား]
[ကျဲ...အိပ်မက်မက်နေတာလား...ရဲ့ကောနဲ့ ကျွန်မက လက်ထပ် မှတ်ပုံတင်ပြီးပြီ ဟီးဟီး...ဒါပေမဲ အခုတလောရှောင်ချီက မဆိုးဘူးဆိုတာ သိလိုက်ရတယ်...ကျွန်မ တစ်လင်တစ်မယားစနစ်အတွက်အပြစ်ရှိသလိုခံစားရတယ်"
[ကြယ်အလင်းတန်း အကဲဖြတ်သူက တရားမျှတမှု မရှိဘူး...နော်ရာအင်တာတိန်းမန့်ကို ဘက်လိုက်နေတယ်... Kevinရဲ့ စွမ်းရည်က အားလုံးအတွက် သိသာထင်ရှားနေတာကို ချီရှင်းချန်က Bအဆင့်ပေးလိုက်တယ်(အော့)(အော့)(အော့)...ချီရှင်းချန်က ပြိုင်ပွဲစိတ်ဓာတ်မရှိဘူး... "My Time" ကနေ ထွက်သွားပါ]
[ချီရှင်းချန်က ပြိုင်ပွဲစိတ်ဓာတ်မရှိဘူး... "My Time" ကနေထွက်သွားပါ]
[ချီရှင်းချန်က ပြိုင်ပွဲစိတ်ဓာတ်မရှိဘူး... "My Time" ကနေထွက်သွားပါ]
Kevin၏ ဖန်အများအပြား ဖန်သားပြင်ပေါ်တွင် ပြည့်လျှံသွားပြီးနောက်၊ကြယ်အလင်းတန်းများ၏ ရှင်းလင်းချက်များက နောက်က လိုက်ပါလာခဲ့သည်။
ရံဖန်ရံခါ၊ ချီရှင်းချန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကနေ အကျိုးကျေးဇူးများ ခံစားခဲ့ရသော ညဥ့်ကောင်းကင်များက စကားအနည်းငယ်ကူပြောပေးခဲ့သည်။ဖန်များနှင့် ဖြတ်သွားဖြတ်လာ အများစုသည် နှစ်ဖက်တိုက်ပွဲကို ကြည့်ရှုနေရင် ရှိုးကို စောင့်ဆိုင်းကြည့်ရှုလျက် ရှိသည်။
မကြာမီတွင် သင်တန်းသားများ၏ ကြိုးစားအားထုတ်ပုံ အကြောင်းအရာများ ပြီးဆုံးသွားကာ ပဓာနသီချင်းတင်ဆက်မှုအပိုင်းသို့ ရောက်သွားသည်။
ဟန်ချင်းက ပထမဆုံး ပေါ်လာသည်။ ကြည့်ပြီးနောက် ဖြတ်သွားဖြတ်လာများက ပြောကြသည်။
[ကြယ်အလင်းတန်းအကဲဖြတ်သူရဲ့ အကဲဖြတ်မှုက ကောင်းတယ်... ဒီတိတိက အရမ်းတော်တယ်]
[သူက တုံးတုံးအအနဲ့ ချစ်ဖို့ကောင်းတယ်...ငါသူ့ဖန်ဖြစ်သွားပြီဟေ့]
၎င်းနောက် Fအတန်းမှ ခယ့်ခယ့်ပေါ်လာပြီး ရှောင်ချီလောင်ရှီးကို သူ့ရင်တွင်းခံစားချက်များ ဝန်ခံခဲ့သည်။ကြည့်ပြီးနောက် ဖြတ်သွားဖြတ်လာများက ပြောကြသည်။
[Fအတန်းက ချီရှင်းချန်အတွက် လေးနက်တဲ့ ခံစားချက်တွေ ရှိနေမှန်း ငါ ခံစားလို့ရတယ်]
[ရှောင်ချီက အဲဒီစကားတွေပြောတုန်းက ငိုခဲ့တယ်... သူက အရမ်းနွေးထွေးတာပဲ နတ်သားလေး]
[လေ့ကျင့်မှုမလုပ်ခင်မှာ သူတို့ကို ပြင်းပြင်းထန်ထန် ဆူပြီးတော့ တင်ဆက်မှုပြီးသွားတဲ့အခါကျ ဂရုတစိုက် နှစ်သိမ့်ပေးတယ်...ကြယ်အလင်းတန်းအကဲဖြတ်သူက အများကြီး ကြိုးစားခဲ့တာပဲ]
[Fအတန်းက ဒီလို နည်းပြတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတာ ကောင်းချီးတစ်ခုပဲနော် :)]
Kevin ပေါ်လာချိန်ရောက်သောအခါ Kဖန်များက အပြင်းထန်ဆုံးတိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြသည်။ကြယ်အလင်းတန်းများကမူ အဆိုးရွားဆုံးသော ဝေဖန်မှုများကို ပြန်လည်တွန်းလှန်ရန် အဆင်သင့်ဖြစ်နေကြသည်။ဖြတ်သွားဖြတ်လာတွေနှင့် တခြားဖန့တွေကလည်း အချိုဆုံး ဖရဲသီးကို စားရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်၏။ ကြည့်ရှုသူ သန်းပေါင်းများစွာ အဆင်သင့်ဖြစ်နေကြလေပြီ။
Kevin က ရှုပ်ယှက်ခတ်နေသော တရုတ်ပဓာနသီချင်းကို သီဆိုခဲ့သည်။
Kဖန်များ : [ သူက တရုတ်လို ပြောတတ်ဖို့ အရမ်းကြိုးစားထားတာပဲ... Rapကလည်းလန်ပြန်နေတာပဲ...အဲဒီကောလိပ်ကျောင်းသားချီရှင်းချန် နားမလည်ရှာဘူးလေ အိုး!]
ကြယ်အလင်းတန်များ: [လူတွေကို တိုက်ခိုက်ဖို့ မင်းရဲ့ ဒီပလိုမာကို မသုံးနဲ့]
ဖြတ်သွားဖြတ်လာများ: [ဖရဲသီးမှည့်ပြီပဲ]
Kevinက သံပြိုင်အပိုဒ်ကပြောင်းသွားသည်ကို သူမသိကြောင်း အခိုင်အမာပြောခဲ့သည်။
K ဖန်များ:[သူက ဒီမှာ အသစ်ဖြစ်ပြီး သူ့ကို ကူညီမယ့်သူ မရှိဘူး...သူက အရမ်းသနားစရာကော
င်းတယ်...အဲဒီကောလိပ်ကျောင်းသားချီရှင်းချန်က သူရဲ့တရုတ်စကားကို ဘယ်လိုအခွင့်ကောင်းယူရမလဲပဲ သိတယ် အိုး]
ကြယ်အလင်းတန်းများ: [လူတွေကို တိုက်ခိုက်ဖို့ မင်းရဲ့ ဒီပလိုမာကို မသုံးနဲ့]
ဖြတ်သွားဖြတ်လာများ: [အခု ဆွတ်လို့ရပါပြီ]